← Chapters

ကောင်းကင်ကွန်ရက် မြေကမ္ဘာအပြစ်ဒဏ်

Vol. 9 Ch. 88

ကောင်းကင်ကွန်ရက် မြေကမ္ဘာအပြစ်ဒဏ်

Vol. 9 Ch. 88

ထျန်းကုန်းခန်းမဝင်းအတွင်းရှိ ဒုတိယခန်းမသခင်၏ နေအိမ်၌...

ဆုရှီးလင်က စားပွဲတွင် ထိုင်၍ ကျူးယန်ကို ကြည့်ကာ အာမေဋိတ် သံပြုလိုက်သည်။

"ရွှယ်ကျင်းဆိုတဲ့ တပည့်က သာမန်မဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ ကျန်းဟူမှာ ဒီလောက်မြန်မြန် ကျော်ကြားလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ချင်းရှောင်ဂိုဏ်းက ကျန်းကျောက်ရှားနဲ့ ရွှီနင်းအပြင်နောက်ထပ် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက် မွေးထုတ်ပေးလိုက်ပြန်ပြီ... ဒါ မယုံနိုင်စရာပဲ... ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာက အရမ်းများ ချဲ့ကားလွန်းရာ မရောက်ဘူးလား..."

တပည့်တစ်ဦးတလေ ပါရမီကြောင့် ကျော်ကြားလာနိုင်သော်လည်း တပည့်များ ဆက်တိုက် ကျော်ကြားလာပါက ချင်းရှောင်ဂိုဏ်း၏ သိုင်းပညာအမွေအနှစ်ကသာ ထူးခြားနေ၍သာ ဖြစ်ပေမည်။

ကျူးယန်က ….

"ဟွမ်ယွမ်ကျမ်းစာက တကယ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင် အစွမ်းထက်တယ်... ကျွန်မတောင် ချင်းရှောင်ဂိုဏ်းက သိုင်းဒဏ္ဍာရီရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေကို ရရှိထားတယ်လို့ သံသယဖြစ်မိတယ်... ဒါပေမဲ့ ယန်ကျွယ်တိန်ကိုကြည့်ရတာတော့ အဲ့လိုမဟုတ်သလိုပဲ….. သူက ကိုယ်တိုင် မကျင့်ကြံဘဲ တခြားသူတွေကို ပေးကျင့်ခိုင်းရလောက်အောင် အဲဒီလောက်လည်း ကိုယ်ကျိုးမစွန့်နိုင်မယ့်သူမဟုတ်ဘူး..."

"သူ့သိုင်းပညာစွမ်းရည်ကလည်း မညံ့ပါဘူး... သူ ကျင့်ကြံကောင်း ကျင့်ကြံထားနိုင်ပါတယ်... သဘာဝပါရမီ မရှိတာပဲ ဖြစ်မှာပါ..."

"ဖြစ်နိုင်ပါတယ်..."

သိုင်းပညာကို စိတ်မဝင်စားသော ကျူးယန်သည်ပင် မကြာသေးမီက လီချင်းချိုး ပေးအပ်ခဲ့သော အစီအရင်အခြေခံမှတ်တမ်းများကို လေ့လာနေပြီး အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆနေသည်။

သူမသည် စစ်မြေပြင် အစီအရင်များနှင့် သိုင်းလောက အစီအရင်များကိုပါ ထိတွေ့ဖူးသည်။ ဂိုဏ်း၏ သိုင်းပညာပုံစံက အဖွဲ့လိုက် လုပ်ဆောင်မှုကို အလေးပေးပြီး တစ်သီးပုဂ္ဂလကို အာရုံစိုက်သည်။

လီချင်းချိုး၏ အစီအရင်မှာမူ လုံးဝ ကွဲပြားခြားနားသည်။ အစီအရင်ကိုသာ အဓိကထားပြီး လူပင် မလိုအပ်သဖြင့် သူမကို အလွန် အံ့အားသင့်စေကာ စိတ်ဝင်စားသွားစေသည်။

"သခင်မလေး... ဂိုဏ်းချုပ်ကို ဘယ်လိုမြင်လဲ..."

ကျူးယန်က လက်ထဲမှ စာအုပ်ကို ချ၍ စဉ်းစားလိုက်ပြီးမှ…

"သူက ဖြောင့်မတ်သလိုလိုနဲ့ ယုတ်မာသလိုလိုပဲ... ဆုံးဖြတ်ရ ခက်တယ်... ပြည်သူတွေအပေါ်ထားတဲ့ ချင်းရှောင်ဂိုဏ်းရဲ့ သဘောထားကို ကြည့်ရင် သူ့ကို ကြင်နာတတ်ပြီး ဖြောင့်မတ်တယ်လို့ ပြောလို့ရတယ်... ဒါပေမဲ့ အာဏာလုပွဲမှာတော့ သူက ရက်စက်တယ်... သူလုပ်ခဲ့တာတွေ မှန်လား မှားလားဆိုတာ ကျွန်မ မဆုံးဖြတ်နိုင်ပေမဲ့ သူရှိနေလို့ ချင်းရှောင်ဂိုဏ်းက ပိုပြီး ခရီးရောက်နိုင်တယ် ဆိုတာတော့ ဝန်ခံရမယ်..."

"ဟုတ်ပါတယ်... စီရင်စုမြို့တော် တိုက်ပွဲပြီးတဲ့နောက် ချင်းရှောင်ဂိုဏ်းက နံပါတ်တစ်အဖွဲ့အစည်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ချည်နှောင်ခံရလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ... ဂိုဏ်းချုပ်လီက ဒီလောက် ရက်စက်ပြီး ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်ဘဲနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... သူက တစ်ဖက်ဂိုဏ်းကို လုံးဝ မညှာတာဘဲ တိုက်ရိုက် ဖျက်ဆီးချင်နေတာ..."

ချင်းရှောင်ဂိုဏ်း၏ အာဏာရှင်ဆန်သော အပြုအမူက သံသယများနှင့် ပြစ်တင်ရှုတ်ချမှုများကို ဖြစ်ပေါ်စေခဲ့သော်လည်း လီချင်းချိုးကတော့ ဆက်လက် လုပ်ဆောင်ခဲ့သည်။ ဤအချက်ကို ဆုရှီးလင် အလေးစားဆုံး ဖြစ်သည်။

"ကောင်းတာပေါ့... ကျန်းဟူက ကျန်းဟူပဲ... သာမန်ပြည်သူက သာမန်ပြည်သူပဲ... သမိုင်းတစ်လျှောက် ကျန်းဟူထဲ ရောနှောဖို့ ရွေးချယ်ခဲ့တဲ့သူတွေထဲမှာ ဘယ်နှစ်ယောက်က တကယ် သန့်ရှင်းလို့လဲ..."

ကျူးယန်က ကျန်းဟူသားများ သေဆုံးခြင်းအပေါ် နောင်တမရကြောင်း ဂရုမစိုက်သလို ပြောလိုက်သည်။

"သခင်မလေး... ဟွမ်ယွမ်ကျမ်းစာကို ကျွန်မ လေ့လာလို့ရအောင် ပြောပေးလို့ ရမလား..."

ကျူးယန်က မော့ကြည့်ပြီး…

"ရှင့်ရဲ့သိုင်းပညာက ဒီဘဝမှာ ကန့်သတ်ချက် ရောက်နေပြီ... ဒီထက် ပိုမတိုးတက်နိုင်တော့ဘူးလို့ ပြောဖူးတယ် မဟုတ်လား..."

"ဒါက အရင်တုန်းကလေ... ချင်းရှောင်ဂိုဏ်းရဲ့ ထူးခြားတဲ့ စွမ်းရည်တွေက ကျွန်မကို ပိုမြင့်တဲ့အဆင့် ရောက်အောင် ကူညီပေးနိုင်မလားလို့ တွေးမိလို့ပါ..."

"နောက်မှ ဂိုဏ်းချုပ်ကို မေးကြည့်ပေးမယ်... ရှင့်အလုပ်ကို အရင် အာရုံစိုက်လုပ်ဦး..."

"ကျေးဇူးတင်ပါတယ် သခင်မလေး..."

...

ရွှယ်ကျင်းနှင့် အခြားသူများ ကျော်ကြားလာသည်နှင့်အမျှ ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင်များ ရှိရုံသက်သက် မဟုတ်ကြောင်း လူအများ နားလည်လာကြသည်။ ချင်းရှောင်ဂိုဏ်း၏ ထူးခြားသော စွမ်းရည်များနှင့် အမွေအနှစ်များက သေချာပေါက် ထူးကဲနေပေမည်။

ထို့ကြောင့် ချင်းရှောင်ဂိုဏ်းတွင် လာရောက် သင်ယူလိုသူများ များပြားလာပြီး ဟွမ်ယွမ်ကျမ်းစာအပေါ် တပည့်များ၏ လိုလားတောင့်တမှုမှာလည်း ပိုမို ပြင်းထန်လာသည်။

ထို့ကြောင့် ချင်းရှောင်ဂိုဏ်းက စနစ်သစ်တစ်ခုကို တရားဝင် စတင်လိုက်ပြီး တပည့်များကို အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အမည်ခံတပည့်၊ အပြင်စည်းတပည့်နှင့် အတွင်းစည်းတပည့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားလိုက်သည်။

ချင်းရှောင်ဂိုဏ်းသို့ စတင်ဝင်ရောက်သောအခါ အမည်ခံတပည့်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး နာမည်စာရင်းပေးသွင်းပြီးနောက် အခြေခံ ပြင်ပသိုင်းကွက်များကို လေ့ကျင့်နိုင်သည်။ လုပ်အားပေးခြင်းဖြင့် အမှတ်များ စုဆောင်းနိုင်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် စစ်ဆေးမှု ပြုလုပ်မည်။ အကယ်၍ အပြင်စည်းတပည့် ဖြစ်မလာပါက ဂိုဏ်းမှ ထွက်ခွာခိုင်းမည် ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်း ရှိတော့မည် မဟုတ်ချေ။

အပြင်စည်းတပည့်များက ချင်းရှောင်ဂိုဏ်း၏ အတွင်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ပြီး ချင်းရှောင်ဂိုဏ်း၏ ကာကွယ်မှုကို ရရှိကာ ကျန်းဟူတွင် သွားလာသောအခါ ချင်းရှောင်ဂိုဏ်း၏ အမည်ကို အသုံးပြုနိုင်သည်။

အတွင်းစည်းတပည့်ဖြစ်လာပါက ပါရမီရှင်တပည့်တစ်ဦး၏ တပည့် ဖြစ်လာနိုင်ပြီး ဂိုဏ်း၏ ထူးခြားသော ဟွမ်ယွမ်ကျမ်းစာကို လေ့ကျင့်နိုင်သည်။ ကျွမ်းကျင်အဆင့်ထိ မရောက်လျှင်ပင် ချင်းရှောင်ဂိုဏ်း၌ တစ်သက်လုံး နေထိုင်နိုင်သည်။

ဤအဆင့်သုံးဆင့် ကြေညာချက်က ချင်းရှောင်ဂိုဏ်းအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ တပည့်များသည်လည်း မိမိတို့၏ အဆင့်အတန်းကို ပြန်လည် သတ်မှတ်ရန် ကုန့်လင်ခန်းမသို့ တစ်ယောက်ပြီး တစ်ယောက် သွားရောက်ကြသည်။ ယခုလအတွင်း ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာသော တပည့်သစ်များမှလွဲ၍ ကျန်သူအားလုံး အနည်းဆုံး အပြင်စည်းတပည့်များ ဖြစ်လာကြသည်။

အဆင့်နိမ့် တပည့်များက နောက်ခံအဖြစ် ရှိနေပြီး အဆင့်မြင့် တပည့်များက ပစ်မှတ်အဖြစ် ရှိနေသဖြင့် ချင်းရှောင်ဂိုဏ်းအတွင်း တိုက်ခိုက်လိုစိတ်များ မြင့်တက်လာပြန်သည်။

ရှင်းလင်းသော အဆင့်အတန်းခွဲခြားမှုကြောင့် ခန်းမကြီး ၇ ခုသည်လည်း ကိစ္စရပ်များကို ကိုင်တွယ်ရ ပိုမို လွယ်ကူလာသည်။

ရက် ၂၀ ကြာပြီးနောက် ချင်းရှောင်ဂိုဏ်းသား ၆၀၀ ကျော်အထိ အရေအတွက် တိုးတက်လာသည့်အထဲတွင် သင့်တင့်လျောက်ပတ်သော ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းရှိသည့် တပည့်အချို့ကို လီချင်းချိုး တွေ့ရှိခဲ့သည်။ သူသည် ထိုတပည့်များ၏ အမည်များကို ချရေးပြီး သက်ဆိုင်ရာ ခန်းမသခင်များထံ ပေးအပ်ကာ အနီးကပ် စောင့်ကြည့်ခိုင်းလိုက်သည်။

ဤနေ့တွင် ကျန်းယွီချွန်းက လီချင်းချိုးကို ထပ်မံလာရောက် ရှာဖွေပြန်သည်။

"လုပ်သားတပည့်..."

လီချင်းချိုးက မျက်ခုံးပင့်၍ မေးလိုက်သည်။ထိုအချိန်တွင် လီချင်းချိုးက တောအုပ်ထဲ၌ ရွှီနင်းကို ဂါထာလေ့ကျင့်ရန် သင်ကြားပေးနေချိန်ဖြစ်သည်။

ကျန်းယွီချွန်း ရောက်လာသောအခါ ရွှီနင်း မိုးကြိုးဆင့်ခေါ်အလံကို ကိုင်၍ ဘေးသို့ လမ်းလျှောက်သွားပြီး သူတို့ကို မနှောင့်ယှက်ဘဲ နေလိုက်သည်။

ကျန်းယွီချွန်းက ခေါင်းညိတ်ပြီး…

"ဟုတ်ပါတယ်... သူတို့က စာရင်းထဲမှာ ပါမှာ မဟုတ်ဘူး... ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာ ဘာတစ်ခုမှလည်း လေ့ကျင့်ခွင့် မရှိဘူး... နေ့စဉ် အလုပ်ကြမ်းတွေကိုပဲ တာဝန်ယူရမယ်... ရက်စက်တယ်လို့ ထင်ရပေမဲ့ လာလျှောက်မယ့်သူတွေ သေချာပေါက် ရှိမှာပါ... အနည်းဆုံးတော့ ကျွန်တော်တို့က သူတို့ကို အစားအသောက်နဲ့ နေရာထိုင်ခင်း ပေးထားနိုင်တယ်... ချင်းရှောင်ဂိုဏ်းထဲမှာ နေရင် သူတို့အတွက် အထက်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိလာနိုင်တယ်လေ..."

လီချင်းချိုးက လုပ်သားတပည့် ဆိုသည်မှာ ဘာလဲဆိုတာ ကောင်းစွာ နားလည်သော်လည်း နည်းနည်း မြန်လွန်းသည်ဟု ထင်မိသည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ချင်းရှောင်ဂိုဏ်းက လက်သမားဆရာများနှင့် အလုပ်သမားများစွာကို ငှားရမ်းထားသဖြင့် ငွေကုန်ကြေးကျ များလှသည်။ အကယ်၍ လုပ်သားတပည့်များ ထားရှိလိုက်လျှင် ငွေကုန်သက်သာနိုင်ပြီး ဤတပည့်များက အလုပ်ကို ပိုမို အလေးထား လုပ်ဆောင်ကြပေမည်။

ဤလုပ်ရပ်က ခေါင်းပုံဖြတ်ခြင်းဟု ထင်ရသော်လည်း အမှန်တကယ်တွင် လူ့အဖွဲ့အစည်း၏ အောက်ခြေလူတန်းစားများစွာကို အခွင့်အလမ်း ပေးလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီလေ... မင်း ကြည့်လုပ်လိုက်... ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ ကုန့်လင်ခန်းမအတွက် အလုပ်ပိုတိုးလာတာပဲ..."

ခန်းမကြီး ၇ ခု ဖွဲ့စည်းပြီးနောက် သူ့အတွက် ဝန်ထုပ်ဝန်ပိုးများစွာ လျော့ကျသွားပြီး နေရာအနှံ့ သွားလာစရာ မလိုတော့သဖြင့် ကျင့်ကြံရန် အချိန်ပို ရလာသည်။

ကျန်းယွီချွန်းကလည်း လီချင်းချိုး၏ သဘောတူညီချက်ကို ရရှိသဖြင့် ဝမ်းသာအားရ ဖြစ်သွားပြီး အချိန်မဆွဲဘဲ ထွက်ခွာသွားတော့သည်။

ထိုအခါ ရွှီနင်း ပြန်ရောက်လာပြီး…

"ဆရာ... ကျွန်မက စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ခန်းမသခင် ဖြစ်ပေမဲ့ ဘာမှ ဝင်မပါဘူးနော်... အဲဒါ မကောင်းဘူးလား... ခန်းမသခင် ရာထူးကို တခြားလူ လွှဲပေးလိုက်ရမလား..."

လီချင်းချိုးက ရယ်မောလိုက်ပြီး…

"ကိစ္စမရှိပါဘူး... မင်း ဘာမှ မလုပ်ရင်တောင် စည်းကမ်းထိန်းသိမ်းရေးခန်းမအတွက် အလုပ်လုပ်ပေးပြီးသား ဖြစ်နေတာပါ..."

ခန်းမကြီး ၇ ခုအနက် စည်းကမ်းထိန်းသိမ်းရေးခန်းမက ၎င်း၏ အာဏာကြောင့်သာမက ခန်းမသခင်မှာ ရွှီနင်း ဖြစ်နေသောကြောင့် အင်အားအတောင့်တင်းဆုံး ဖြစ်သည်။

ရွှီနင်းသည် ဂိုဏ်းအတွင်း ထိပ်ဆုံး သုံးယောက်စာရင်းဝင် ဖြစ်ပြီး ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့်လည်း ဖြစ်သည်။ ထို့ကြောင့် ဂုဏ်သတင်း အလွန် ကြီးမားလှသည်။ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်တစ်ဦး ကိစ္စရပ်များကို စစ်ဆေးရန် အခြားခန်းမများသို့ သွားရောက်သောအခါ မည်သည့်တပည့်ကမျှ ပြစ်မှားရဲခြင်း မရှိပေ။

နားထောင်ပြီးနောက် ရွှီနင်းကလည်း ဆရာသခင်၏ ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်သွားပုံ ရသည်။

"ဆရာ... မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်က ရောက်ဖို့ အရမ်းခက်တာပဲ... ဆရာတုန်းက ဆဋ္ဌမအဆင့်ကနေ သတ္တမအဆင့် ရောက်ဖို့ ဘယ်လောက်ကြာလဲ..."

ရွှီနင်းက အာဏာလုပွဲကို စိတ်မဝင်စားသဖြင့် စကားလမ်းကြောင်း လွှဲကာ မေးလိုက်သည်။

"နှစ်နှစ်အတွင်း သတ္တမအဆင့် ရောက်ရင် မင်းက ငါ့ထက် မြန်တာပဲ..."

"ကောင်းပြီ..."

ရွှီနင်းကတော့ လီချင်းချိုး ပေါက်ကရ ပြောလိုက်မှန်း မသိရှာဘဲ စိတ်အားတက်ကြွနေရှာသည်။

ထို့နောက် လီချင်းချိုးက ရွှီနင်းကို သူကိုယ်တိုင် ဖန်တီးထားသော ဂါထာကို သရုပ်ပြခိုင်းလိုက်သည်။

ရွှီနင်းကလည်း ဝေတာအိုဆရာ၏ မိုးကြိုးဆင့်ခေါ်အလံကို ကိုင်၍ နှင်းပြင်ပေါ်သို့ လျှောက်သွားပြီး စွမ်းအင်များစတင် စုစည်းလိုက်သည်။

ထိုအလံက ကန့်သတ်ချက်ကို ချိုးဖျက်စရာမလိုဘဲ၊ မူလချီ ထည့်သွင်းစရာ မလိုဘဲ လျှပ်စီးကို ဆွဲဆောင်နိုင်သော အထူးမှော်ရတနာ တစ်ခု ဖြစ်သည်။

သို့သော် မူလချီ မပါဝင်ပါက မိုးကြိုးမုန်တိုင်း ကျရောက်ချိန်တွင်သာ လျှပ်စီးကို ဆင့်ခေါ်နိုင်သည်။ အခြားအချိန်များတွင် ကောင်းကင်၌ လျှပ်စီးမရှိပါက မူလချီကို မှီခိုရမည်။

ရွှီနင်းက ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ် ပိုင်ဆိုင်ထားသဖြင့် ဤအလံက သူမအတွက် ပြီးပြည့်စုံနေပြီး ပိုမိုကြီးမားသော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်။

ရွှီနင်း လျှပ်စီးဆင့်ခေါ်သည့် အလံကို လက်တစ်ဖက်ဖြင့် မြင့်မြင့်မြှောက်လိုက်ရာ သူမ၏ လက်ကောက်ဝတ်မှာ ရှည်လျားသော ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။ ထိုအခါ အလံမှ လျှပ်စီးများ ထွက်ပေါ်လာပြီး အဝေးသို့ လျှပ်စစ်ကွန်ရက်တစ်ခုသဖွယ် ပျံ့နှံ့သွားပြီး ဆယ်ပေကျော် အကွာအဝေးထိ ကြီးမားသော ရိုက်ခတ်မှု ဖြစ်ပေါ်စေသည်။ ဤအရာက သူမ၏ ရှေ့တွင် နှင်းမြူများကို လှိုင်းထစေပြီး ယပ်တောင်ပုံစံ ကွင်းပြင်တစ်ခု ဖြစ်ပေါ်လာစေသည်။

"ဒီသိုင်းကွက်ကို ကောင်းကင်ကွန်ရက် မြေကမ္ဘာအပြစ်ဒဏ်လို့နာမည်ပေးထားတယ်... အဲဒါနဲ့ ထိမှန်တဲ့သူတွေ ချက်ချင်း သေသွားမယ်... ဒါမှမဟုတ် တစ်ကိုယ်လုံး ထုံကျင်သွားပြီး တိုက်ခိုက်နိုင်စွမ်း ပျောက်ဆုံးသွားလိမ့်မယ်... မြေပြင်က ချုပ်နှောင်ထားပြီး ကောင်းကင်ကွန်ရက်က လွှမ်းခြုံထားသလိုမျိုးပေါ့..."

အရမ်းကောင်းတဲ့ ဂါထာပဲ...

"ငါ အရမ်း သဘောကျတယ်... အချိန်ရရင် ချရေးထားပြီး ကျမ်းစာကြည့်တိုက်ထဲ ထည့်ထားလိုက်..."

ရွှီနင်း ခေါင်းညိတ်ပြီး ခဏမျှ တုံ့ဆိုင်းနေကာ….

"ဆရာ... ကျွန််မက ဆရာ့ပုံစံအတိုင်း နာမည်ပေးလိုက်တာပါ... ဒါပေမဲ့ တကယ် မေးချင်လို့ပါ... ကျွန်မတို့က တကယ်ပဲ သိုင်းကျင့်နေတာ ဟုတ်ရဲ့လား..."

ပြင်ပလူများ၏ တုန်လှုပ်မှုကို မဆိုထားနှင့်၊ သူမကိုယ်တိုင်ပင် အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးနောက် တုန်လှုပ်လာသည်။ ဟွမ်ယွမ်ကျမ်းစာက သိုင်းပညာကျင့်စဉ်တစ်ခုနှင့်ဘယ်နေရာမှ မတူပေ။

လီချင်းချိုးက ခေါင်းခါပြီး….

"သိုင်းမကျင့်ရင် မသေမျိုးလမ်းစဉ် ကျင့်ကြံနေတာလား..."

"ဖြစ်နိုင်တယ်လို့ ထင်ပါတယ်..."

"ဒါဆို မင်း အရင်ဆုံး နှစ်ရာချီ နေကြည့်လိုက်လေ..."

"ဒါလည်း ဟုတ်တာပဲ... သက်တမ်း မတိုးဘူးဆိုရင် သိုင်းပညာနဲ့ ဘာမှ မကွာခြားတော့ဘူး..."

စကားအနည်းငယ် ပြောပြီးနောက် ဆရာတပည့်နှစ်ယောက် လက်ရည်စမ်းကြတော့သည်။ လီချင်းချိုးက ရွှီနင်းကို သူမ ပိုင်ဆိုင်သော ထူးခြားသည့် စွမ်းရည်များ အားလုံးကို ထုတ်သုံးပြီး အစွမ်းကုန် တိုက်ခိုက်ရန် ညွှန်ကြားလိုက်ရာ သူမ အလွန် စိတ်လှုပ်ရှားသွားသည်။

အစပိုင်းတွင် လီချင်းချိုးက ပန်းခြံထဲ လမ်းလျှောက်နေသကဲ့သို့ အလွန် သက်တောင့်သက်သာ ရှိနေသော်လည်း နောက်ပိုင်းတွင် အလေးအနက်ထား လာရသည်။

ဒီကောင်မလေး တစ်ခုခု မှားနေပြီ...

အရမ်း သန်မာလွန်းတယ်...

အကြိမ်တစ်ရာ သန့်စင်ခြင်း နတ်ဆိုးခန္ဓာ မပါဘဲနှင့် လီချင်းချိုး သူမကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။

မိတ္တူက မူရင်းလောက် မကောင်းတာလား...

ဆရာတစ်ယောက်အနေနဲ့ သူ အရှုံးပေးလို့ မဖြစ်ဘူး...

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန် ကြာပြီးနောက် လီချင်းချိုးက ရွှီနင်းကို တောင်အောက် ခေါ်သွားခဲ့သည်။

ဆံပင်များ ဖရိုဖရဲ ဖြစ်နေသော ရွှီနင်းက သူ့နောက်မှ လိုက်ပါလာပြီး မိန်းမောတွေဝေနေပုံ ရသည်။ လျှပ်စီးဆင့်ခေါ်သည့် အလံကို ကိုင်ထားသော သူမ၏ လက်များ တုန်ယင်နေသည်။

...

နှစ်ကုန်ခါနီးအချိန်တွင် ရွှယ်ကျင်းနှင့် အခြားသူများ ပြန်ရောက်လာကြပြီး တစ်ယောက်စီတွင် ကြီးမားသော အထုပ်တစ်ထုပ်စီ ပါလာကြသည်။ လီချင်းချိုးက ရွှယ်ကျင်းနှင့် သီးသန့် စကားပြောနေစဉ် အခြားသူများကို အနားယူခိုင်းလိုက်သည်။

ကိုးပါးအကြွင်းမဲ့ဂိုဏ်းသို့ သွားသော ခရီးစဉ်တွင် ရွှယ်ကျင်းနှင့် သူ့အဖွဲ့သားများ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး ကိုးပါးအကြွင်းမဲ့ဂိုဏ်းသားများကို ဖယ်ရှားနိုင်ခဲ့သည်။ ဂိုဏ်းချုပ်ကို သတ်ဖြတ်ပြီး ကိုးပါးအကြွင်းမဲ့ဂိုဏ်းသားများကို တောင်အောက် မောင်းထုတ်ခဲ့သည်။ ထို့နောက် ကိုးပါးအကြွင်းမဲ့ဂိုဏ်း၏ သိုင်းကျမ်းများကို စုဆောင်းကာ ဂိုဏ်းတံခါးနှင့် အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ထိုအချိန်အတွင်း သူတို့တွေ တုန်းလင်းစီရင်စုရှိ အခြားဂိုဏ်းများမှ ကျွမ်းကျင်သူများနှင့်လည်း ကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် မရှုံးနိမ့်ခဲ့ကြပေ။

"ဂိုဏ်းချုပ်... တုန်းလင်းစီရင်စု မြို့စားမင်းဆီကနေ ကိုးပါးအကြွင်းမဲ့ဂိုဏ်းဆီပို့တဲ့ စာတစ်စောင် တွေ့ခဲ့ပါတယ်... ကုကျိုးစီရင်စု မြို့စားမင်းအသစ်က ကျွန်တော်တို့ကို ရှင်းပစ်ချင်နေတာ... ဒါကြောင့် တုန်းလင်းစီရင်စု မြို့စားမင်းကို ကူညီပေးပြီး ကိုးပါးအကြွင်းမဲ့ဂိုဏ်းက ရာထူးအာဏာကို အသုံးပြုပြီး အရောင်းအဝယ် လုပ်နေကြတာ..."

ရွှယ်ကျင်းက သူ့အိတ်ထဲမှ စာတစ်စောင်ကို ထုတ်၍ လီချင်းချိုးအား ပေးလိုက်သည်။

လီချင်းချိုး စာကို ဖွင့်ဖတ်ကြည့်ရာ ရွှယ်ကျင်း မလိမ်ညာကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူက ရွှယ်ကျင်းကို မော့ကြည့်ပြီး….

"ကောင်းတယ်... ငါ အရမ်း ကျေနပ်တယ်... ဝိညာဉ်ကျောက်တုံး ဆုလာဘ်အပြင် ကျမ်းစာကြည့်တိုက် တတိယထပ်ကို သွားပြီး ထူးခြားတဲ့ သိုင်းကျမ်းတစ်အုပ်ကို ဆယ်ရက် ငှားခွင့်ပေးမယ်..."

ကျမ်းစာကြည့်တိုက်၏ တတိယထပ်က ဂါထာများ သီးသန့်ထားရှိသော နေရာဖြစ်သည်။

ချင်းရှောင်ဂိုဏ်း၏ ဂါထာများကို တပည့်များ စိတ်ကြိုက် လေ့လာခွင့် မရှိဘဲ လီချင်းချိူး၏ခွင့်ပြုချက် လိုအပ်သည်။

ရွှယ်ကျင်းက အံ့သြပုံမပြဘဲ တည်ငြိမ်နေသည်။ ဤအတွေ့အကြုံက သူ့ကို သတ်ဖြတ်လိုစိတ် ပိုမို ပြင်းထန်စေပြီး ရိုးသားဖြူစင်မှုများကို လုံးဝ ဖယ်ရှားပေးလိုက်သည်။

သူက လီချင်းချိုးကို ကြည့်ပြီး တစ်စုံတစ်ခု ပြောချင်သော်လည်း ရပ်တန့်လိုက်သည်။

"မင်း ဘာပြောစရာ ရှိသေးလို့လား..."

ရွှယ်ကျင်းက အသက်ပြင်းပြင်း ရှူသွင်းပြီး အံကြိတ်ကာ …

"ဟုတ်ကဲ့... ခန်းမသခင် လီစစ်ဖုန်း အကြောင်းပါ..."

All Chapters