← Chapters

ရှေးဟောင်းဓား

Vol. 9 Ch. 89

ရှေးဟောင်းဓား

Vol. 9 Ch. 89

"အို... သူ ဘာဖြစ်သွားလို့လဲ..."

လီချင်းချိုးက မျက်နှာထား မပျက်ဘဲ မေးလိုက်သည်။လီစစ်ဖုန်း၏ ကံကြမ္မာကို မြင်ရတိုင်း သူ လမ်းမှားရောက်သွားမည်ကို စိုးရိမ်ပူပန်နေမိသည်။ ထို့ကြောင့် ရွှယ်ကျင်းက လီစစ်ဖုန်းအကြောင်း ပြောလိုက်သောအခါ ရင်ထိတ်သွားရသည်။

ရွှယ်ကျင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ….

"သူက တုန်းလင်းစီရင်စုမှာ နတ်ဘုရားဓားတစ်လက်ကို လိုက်ရှာနေပါတယ်... အဲဒီဓားကို တီရွှမ်းဓားလို့ခေါ်ပြီး နှစ်တစ်ထောင် သမိုင်းကြောင်းရှိတဲ့ ရှေးဟောင်းဓားပါ... အဲဒီဓားကို ပိုင်ဆိုင်တဲ့သူက သိုင်းလောကကို လွှမ်းမိုးနိုင်တဲ့ အင်အားရရှိမယ်လို့ဆိုကြတယ်... ဒါ့ကြောင့် သူက ကြီးမားတဲ့ ရန်ငြိုးရန်စတွေထဲ ဝင်ပါဖို့လည်း ဝန်မလေးပါဘူး... ကျွန်တော် သူ့ကို ဖျောင်းဖျဖို့ ကြိုးစားပေမဲ့ သူက ကျွန်တော့်ကို ဆူငေါက်ပြီး ပြန်လာခိုင်းတယ်... တာဝန်အကြောင်းပဲ ပြန်ပြောပြပြီး သူ့ကို စိတ်မပူဖို့ မှာလိုက်ပါတယ်..."

"တီရွှမ်းဓား... ဘယ်လို ရန်ငြိုးရန်စကြီးလဲ ဆိုတာ မင်း သိလား..."

စီရင်စုမြို့တော် တိုက်ပွဲပြီးနောက် လီစစ်ဖုန်းက ရွှီနင လျှပ်စီးဆင့်ခေါ်သည့် အလံကို မျက်စိကျနေခဲ့သော်လည်း လီချင်းချိုးက သဘောမတူခဲ့ကြောင်း ပြန်ပြောင်းသတိရလိုက်မိသည်။

လီချင်းချိုးအနေနှင့် သိုင်းလောကမှ ထက်မြက်သော လက်နက်များနှင့် နတ်ဘုရားလက်နက်များကို လုံးဝ ယုံကြည်မှု မမဲ့ပေ။ နတ်ဆိုးဂိုဏ်း အစောင့်အရှောက်၏ ရေခဲချောက်နက်ဓားသည်ပင် အတော်လေး ထူးခြားသည်။ထိုဓားက မှော်ရတနာ မဟုတ်သော်လည်း အထူးသီးသန့် ရေခဲစွမ်းအင် ပါဝင်နေပြီး ဒါဟာလည်း ပြုလုပ်ထားသည့် ပစ္စည်းနှင့် သက်ဆိုင်ပေလိမ့်မည်။

ရေခဲချောက်နက်ဓားကို နတ်ဆိုးဓားဟု သိထားကြသည်။ လီချင်းချိုးက ၎င်းကို တပည့်များအား မပေးဘဲ ကံပါသူကို စောင့်ဆိုင်းရန် သူ့အိမ်တွင် သိမ်းဆည်းထားသည်။

"အဲဒီကိစ္စမှာ မျိုးနွယ်ကြီးနှစ်ခု ပါဝင်ပတ်သက်နေပါတယ်... တစ်ခုက လက်ရှိ အာဏာထိန်းသိမ်းရေးအမတ်ရဲ့ မိသားစုဖြစ်တဲ့ ဖေမိသားစုပါ... နောက်တစ်ခုက နှစ်ရာပေါင်းများစွာ အမွေအနှစ်ရှိတဲ့ ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုပါ... သူတို့ရဲ့ မျိုးရိုးနာမည်က တီ ဖြစ်ပြီး ဧကရာဇ်ရဲ့ မျိုးရိုးနာမည်နဲ့ အတူတူပါပဲ... တီရွှမ်းဓားကို သူတို့ရဲ့ ဘိုးဘေးတွေက ဖန်တီးခဲ့တာလို့ ဆိုကြတယ်... အခု တီရွှမ်းဓား ကျန်းဟူမှာ ပြန်ပေါ်လာတော့ တီမိသားစုက စုံစမ်းနေကြတယ်... ဖေမိသားစုထဲက တချို့ကလည်း တီရွှမ်းဓားကို စိတ်ဝင်စားနေကြတယ်... နှစ်ဖက်စလုံးက ဒီဓားအကြောင်း စုံစမ်းနေကြပြီး ပဋိပက္ခတွေ အများကြီး ဖြစ်နေကြပါတယ်... ခန်းမသခင်လီက သူတို့ထဲက တစ်ဖက်နဲ့ အနီးကပ် ဆက်သွယ်မှု ရှိပုံရတယ်... အသေးစိတ်ကိုတော့ ကျွန်တော် မသိပေမဲ့ သူက လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်နဲ့ စကားပြောနေတာကို ကျွန်တော် တွေ့ခဲ့ရပါတယ်..."

ရွှယ်ကျင်းက သူ သိသမျှ အကုန် ပြောပြလိုက်ပြီးနောက်…

"ကျွန်တော် ထင်တာကတော့ နတ်ဘုရားလက်နက်ဆိုတာတွေက ပြင်ပအရာတွေပါ... ချင်းရှောင်ဂိုဏ်းထဲမှာ သိုင်းကျင့်ကြံရင်းနဲ့ပဲ သိုင်းလောကရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တာပဲလေ... တီရွှမ်းဓားက မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ်လို့ ကောလဟာလတွေ ထွက်နေတယ်...ဒီအချက်ကြောင့် တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေသလို ခံစားရတယ်..."

နားထောင်ပြီးနောက် လီချင်းချိုး သက်ပြင်းချလိုက်မိသည်။

ဒါပါပဲလား...

ဒါ Side misson တခု သက်သက်ပါပဲ... သူ့ဘာသာ ပြဿနာရှာပါစေ...

လီစစ်ဖုန်း၏ ကျင့်ကြံခြင်းအဆင့်က မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ မရောက်သေးသော်လည်း နီးစပ်နေပြီ ဖြစ်သည်။ သူသည် ပါရမီပိုင်းတွင် မနိမ့်ကျသော်လည်း တည်ငြိမ်စွာဖြင့် ကြိုးစားကျင့်ကြံခြင်း မရှိပေ။

လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး….

"မင်း ငါ့ကို ဒီအကြောင်း ပြောပြလို့ ငါ အရမ်း ကျေနပ်တယ်... မင်း သွားနားလို့ ရပြီ..." ဟု ပြောလိုက်လေသည်။

ထိုအခါ ရွှယ်ကျင်းက ခေါင်းညိတ်၍ လီချင်းချိုးကို ဦးညွှတ်ကာ ထွက်ခွာသွားသည်။

လီချင်းချိုးက မတ်တတ်ရပ်လိုက်ပြီး ခြံဝင်းထဲတွင် လမ်းလျှောက်နေရင်း အခြားအရာတစ်ခုကို စဉ်းစားလိုက်မိသည်။

ကုကျိုးစီရင်စု မြို့စားမင်းအသစ်...

ဤလူက ချင်းရှောင်ဂိုဏ်းကို လုပ်ကြံရန် ကြံစည်နေသည်။ သူ မသိချင်ယောင်ဆောင်နေ၍ မရသလို ဤကိစ္စကို ဒီအတိုင်း ထားလိုက်၍လည်း မဖြစ်ပေ။

အခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားရန် လိုချေပြီ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သတ်ပစ်လိုက်ရုံပင်။ သို့သော် မြို့စားမင်းအသစ် တစ်ယောက် ထပ်ရောက်လာလိမ့်မည်။ မြို့စားမင်းအသစ်က ချင်းရှောင်ဂိုဏ်းကို လုပ်ကြံရန် ကြံစည်နေခြင်းက တစ်စုံတစ်ယောက်၏ ခိုင်းစေမှုကြောင့် ဖြစ်မည်ဟု သူ့ပင်ကိုယ်သိစိတ်က ပြောပြနေသည်။

သို့မဟုတ်ပါက ကျာယီကို လုပ်ခဲ့သလိုမျိုး ဝိညာဉ်ချုပ်ကျိန်စာကို အသုံးပြု၍ အကျပ်ကိုင်နိုင်သည်။

သို့သော် ဤလူက သေသည်အထိ ငြင်းဆန်နေလျှင် သတ်ပစ်ရမည်သာ ဖြစ်သည်။ ထို့ပြင် မြို့စားမင်းဆိုသူက ကျာယီလို အညတရ မဟုတ်ပေ။ ကျာယီ၏ စိတ်နေသဘောထား ပြောင်းလဲသွားခြင်းကို မည်သူမျှ ဂရုမစိုက်ကြသော်လည်း မြို့စားမင်းမှာမူ ကွာခြားသည်။ လီချင်းချိုးထံ အညံ့ခံလိုက်လျှင်ပင် နောက်ကွယ်မှ လူများရှေ့တွင် အမှားလုပ်မိနိုင်ပြီး ဝိညာဉ်ချုပ်ကျိန်စာ ရှိနေကြောင်း ပေါက်ကြားသွားနိုင်သည်။

လီချင်းချိုးအတွက် ဝိညာဉ်ချုပ်ကျိန်စာဆိုသည်က ခက်ခဲသော ပြဿနာများကို ဖြေရှင်းရန် အသုံးပြုသည့် ဝှက်ဖဲဖြစ်သဖြင့် ဤဂါထာကို လက်ဆင့်ကမ်း သင်ကြားပေးခြင်း မရှိခဲ့ပေ။

လီချင်းချိုးက ဒုက္ခများကို တစ်ယောက်တည်း တွေးတောမနေတော့ဘဲ ညနေပိုင်းတွင် ခန်းမသခင်များကို ထပ်မံ ဆင့်ခေါ်၍ ဤကိစ္စကို တင်ပြလိုက်သည်။

"မြို့စားမင်းကို တန်းပြီး သတ်ပစ်လိုက်လို့ မရဘူး... နန်းတွင်းက သိုင်းလောက ရန်ငြိုးတွေကို ဝင်မစွက်ဖက်ဘူးဆိုပေမဲ့ မြို့စားမင်းက ရာထူးမြင့်ပြီး အာဏာရှိတယ်... သူသာ ချင်းရှောင်ဂိုဏ်းလက်ချက်နဲ့ သေသွားရင် နန်းတွင်းက ချင်းရှောင်တောင်ကို မြေလှန်ပစ်ဖို့ စစ်တပ်ကြီး လွှတ်လိုက်လိမ့်မယ်..."

လီချင်းချိုးက "မျိုးဖြုတ်ပစ်မယ်" ဟု ထပ်ပြောမည်ကို စိုးရိမ်သဖြင့် ကျန်းယွီချွန်းက အလျင်အမြန် ပြောစရာရှိတာ ပြောလိုက်ရသည်။

လီချင်းချိုးခင်မျာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး … "ငါက သတ်မယ်လို့ မပြောပါဘူး..."

ယန်ကျွယ်တိန်က …

"မြို့စားမင်းက ဂိုဏ်းချုပ်ကို လုပ်ကြံဖို့ ဒီလောက်ထိ ကြိုးစားနေတာကို ကြည့်ရင် တိုက်ရိုက် မရင်ဆိုင်ချင်တဲ့သဘော ရှိတယ်... ဒီကိစ္စကို သေချာ စုံစမ်းဖို့ လိုတယ်..."

လီချင်းချိုးက ရယ်မောလိုက်ပြီး….

"မင်းတို့ဘာသာ ကိုင်တွယ်လို့ရအောင် ပြောပြနေတာ... မင်းတို့ မကိုင်တွယ်နိုင်ရင် ငါ ဝင်ပါမယ်..."

နေ့လယ်ခင်းက သူ တခု စဉ်းစားမိထားသည်။ ပိုကောင်းတဲ့ နည်းလမ်း မစဉ်းစားနိုင်ရင် တခြားလူကို ပေးလုပ်ခိုင်းလိုက်တာ ပိုကောင်းမယ်...

အကယ်၍ အခြေအနေတွေ တကယ် ဆိုးရွားသွားရင် မြို့စားမင်းကို တခြားတစ်ယောက်နဲ့ လဲပစ်လိုက်ရုံပင်..

သူက စစ်သည်တစ်ထောင်ကို အနိုင်မတိုက်နိုင်လျှင်ပင် စစ်သည်တစ်ထောင်ကြားမှ ရန်သူစစ်ဗိုလ်ချုပ်၏ ခေါင်းကို ယူခြင်းပ ကလေးလက်ထဲမှ သကြားလုံးကို ယူသကဲ့သို့ လွယ်ကူသည်။ ချင်းရှောင်ဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ မင်းဆက်အပေါ် ကြောက်ရွံ့မှုများလည်း လျော့နည်းလာသည်။

"ကျွန်တော် တာဝန်ယူပါ့မယ်... နောက်ကျရင် ခန်းမသခင်ကျူးကို ဒုက္ခပေးရလိမ့်မယ်..."

ကျန်းယွီချွန်းက ချက်ချင်း သဘောတူလိုက်ပြီး ကျူးယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ကျူးယန်ကလည်း ခေါင်းအနည်းငယ် ညိတ်ပြပြီး …

"ခန်းမသခင်ကျန်းရယ်... ဂိုဏ်းအတွက် လုပ်ပေးရတာပဲ... ဘယ်လိုလုပ် ဒုက္ခဖြစ်ရမှာလဲ..."

"ဒုတိယကိစ္စကတော့ တီရွှမ်းဓားအကြောင်း မင်းတို့ ဘာသိလဲ..."ဟု လီချင်းချိုးက တုံးတိတ် မေးချလိုက်သည်။

လီစစ်ဖုန်း၏ အရည်အချင်းကို ယုံကြည်သော်လည်း လီစစ်ဖုန်းက သူ့ဂျူနီယာညီလေး ဖြစ်နေသဖြင့် အတိုင်းအတာတစ်ခုအထိ ဂရုစိုက်ရမည် ဖြစ်သည်။

အားလုံး ခေါင်းခါလိုက်ကြပြီး ယန်ကျွယ်တိန်ပင် တစ်ခါမှ မကြားဖူးပေ။

"တီရွှမ်းဓားဆိုတာ တီမျိုးနွယ်က ဖန်တီးခဲ့တဲ့ ရှေးဟောင်းဓားပါ... နတ်ဆိုးဓား ဒါမှမဟုတ် နတ်ဘုရားဓား လို့လည်း ခေါ်ကြတယ်... သူ့မှာ မယုံကြည်နိုင်စရာကောင်းတဲ့ စွမ်းအားတွေ ပါဝင်ပြီး သူတို့ရဲ့ ဘိုးဘေးကို ထီးနန်းရအောင်နဲ့ မင်းဆက်တည်ထောင်နိုင်အောင် ကူညီပေးခဲ့ဖူးတယ်... ကျွန်မလည်း အများကြီး မသိပါဘူး... ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာပါ..." ဟု ကျူးယန်က ပြောလိုက်သည်။

လီစစ်ကျင်က အံ့သြစွာဖြင့်…

"နတ်ဆိုးဓားရော နတ်ဘုရားဓားရော ဖြစ်နေတာလား..."

"ဟုတ်တယ်…တချို့က တိုင်းပြည်ကို ကယ်တင်ဖို့ တီရွှမ်းဓားကို အားကိုးကြတယ်... တချို့က သတ်ဖြတ်ဖို့ အားကိုးကြတယ်... ဒါကြောင့် နာမည်ကောင်းရော နာမည်ဆိုးရော ရှိနေတာပါ... ဂိုဏ်းချုပ်က ဘာလို့ ဒီအကြောင်း ပြောတာလဲ... တီရွှမ်းဓား ပြန်ပေါ်လာလို့လား..."

လီချင်းချိုးက ဘာမှ ဖုံးကွယ်မထားဘဲ လီစစ်ဖုန်း တီရွှမ်းဓားကို ရှာဖွေနေကြောင်း၊ တီမိသားစုနှင့် ဖေမိသားစုအကြောင်းတို့ကို ပြောပြလိုက်သည်။

"ဒီကောင်က မကျင့်ကြံဘဲ သိုင်းလောကမှာ နံပါတ်တစ် ဖြစ်ချင်လို့ လမ်းဖြတ်လိုက်ဖို့ စဉ်းစားနေတာ..."

ကျန်းကျောက်ရှားက မကျေနပ်သော လေသံဖြင့် မျက်မှောင်ကြုတ်ရင်းပြောချလိုက်သည်။

သို့သော် ယန်ကျွယ်တိန်ကတော့ တီမိသားစုကို စိတ်ဝင်စားနေပြီး အံ့သြစွာ ရေရွတ်လိုက်သည်။

"သူတို့က တားမြစ်ချက်တွေကို ချိုးဖောက်မိမှာ မကြောက်ကြဘူးလား... တီဆိုတဲ့ မျိုးရိုးနာမည်ကိုတောင် သုံးရဲကြတယ်..."

ကျန်းယွီချွန်းက ခဏမျှ စဉ်းစားပြီးနောက်…

"ဒီကိစ္စက ကြီးရင်လည်း ကြီးနိုင်တယ်... သေးရင်လည်း သေးနိုင်တယ်... ဂိုဏ်းချုပ် စိတ်ပူနေရင် ရှီးလျန့်ခန်းမမှာ တီရွှမ်းဓားကို စုံစမ်းဖို့ တာဝန်တစ်ခု သတ်မှတ်ပေးလို့ ရပါတယ်... သူတို့တွေ ဂျူနီယာညီလေးနဲ့ တွေ့ပြီး အပြန်အလှန် ကူညီပေးလို့ ရတာပေါ့... ဂိုဏ်းထဲမှာ ကျန်းဟူထဲ ထွက်ပြီး အတွေ့အကြုံ ရှာချင်နေတဲ့ တပည့်တွေ အများကြီး ရှိပါတယ်..."

"အရမ်းကောင်းတဲ့ အကြံပဲ..."

တပည့်အများအပြားက သူတို့တွင် စွမ်းရည်များ ပြည့်ဝနေပြီဟု ခံစားနေကြပြီး အချို့မှာ လက်ရှိဘဝက ပျင်းစရာ ကောင်းလွန်းသည်ဟု ထင်မြင်ကာ ကျန်းဟူထဲသို့ ထွက်ခွာလိုကြသည်။

အစားအသောက် သက်သာစေခြင်း၊ တပည့်သစ်များအတွက် အရင်းအမြစ်များ နေရာလွတ်ရစေခြင်းနှင့် ချင်းရှောင်ဂိုဏ်း၏ အမည်ကို မြှင့်တင်ပေးခြင်းတို့ကြောင့် ဤအရာက ကောင်းမွန်သည်ဟု လီချင်းချိုး ထင်မြင်မိသည်။

တပည့်အရေအတွက် အဆက်မပြတ် တိုးတက်နေသော်လည်း စစ်မှန်သော ပါရမီရှင်ကို မတွေ့ရသေးပေ။

တပည့်များလေလေ ပါရမီရှင် ပေါ်ထွက်လာနိုင်ခြေ များလေလေ ဖြစ်သည်။

ထို့ပြင် တပည့်များ အပြင်ထွက်ပါက တာအိုမျိုးဆက် အသိပေးချက်ကို ဖြစ်ပေါ်စေနိုင်ပြီး သူသည်လည်း ကံကောင်းခြင်းနှင့် အမွေအနှစ် ဆုလာဘ်များကို ပိုမို လိုချင်နေပြီ ဖြစ်သည်။

တပည့်များမှတဆင့် ကံကောင်းခြင်းအချို့ကို ရှာဖွေတွေ့ရှိနိုင်ပေမည်။

ထို့ကြောင့် လီချင်းချိုးက အတွေ့အကြုံရှာဖွေရေးခန်းမ စီမံကိန်းကို လူတိုင်းနှင့် အသေးစိတ် ဆွေးနွေးလိုက်သည်။ လီစစ်ဖုန်း မရှိသဖြင့် အတွေ့အကြုံရှာဖွေရေးခန်းမကို မည်သို့ တည်ဆောက်ရမည်ကို သူတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ရပေမည်။

...

နှစ်ဝက်ကျော် ပြုပြင်မွမ်းမံမှုများနှင့် လူများ ရွှေ့ပြောင်းမှုများ ပြုလုပ်ပြီးနောက် ကုကျိုးစီရင်စု၏ စီရင်စုမြို့တော်က ယိုယွင်းပျက်စီးနေခြင်း မရှိတော့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကလောက် စည်ကားခြင်း မရှိတော့ပေ။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်အတွင်း၌…...

မြို့စားမင်းအသစ် ဖန်ရှီးက ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးကို ဧည့်ခံကျွေးမွေးနေပြီး လက်ဖက်ရည်ကို စိုးရိမ်တကြီး ငှဲ့ပေးနေသည်။

သူ့ရှေ့တွင် ထိုင်နေသောသူသည် အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသည်။ နေရောင်အောက်တွင် ထိုသူရဲ့ပုံစံက ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်နှင့် တူနေသဖြင့် ဖန်ရှီး ချွေးစေးများ ပြန်လာရသည်။

ဖန်ရှီးသည် အနည်းငယ် ဝဖြိုးပြီး အသက် ၅၀ ကျော်ပြီ ဖြစ်ကာ ဆံပင်နှင့် မုတ်ဆိတ်များ ဖြူနေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူသည် မြို့စားမင်းတစ်ပါးနှင့် လုံးဝ မတူတော့ပေ။

"လျှို့ဝှက်မြို့စားမင်း... ဘာလို့ ကိုယ်တိုင် ကြွလာရတာလဲ..."ဟု ဖန်ရှီးက သတိကြီးစွာ မေးလိုက်သည်။

သူက ကျန်းယန်မြို့တော်မှ လာခြင်း ဖြစ်ပြီး မြို့စားမင်း မဖြစ်လာမီက လျှို့ဝှက်မြို့စားမင်းအကြောင်း သူ သိထားသည်။ လျှို့ဝှက်မြို့စားမင်း၏ လုပ်နည်းလုပ်ဟန်များကိုပင် သူ မြင်တွေ့ဖူးသည်။ သူ့အမြင်တွင် လျှို့ဝှက်မြို့စားမင်းဆိုသူက လက်ရှိ ဧကရာဇ်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။

လျှို့ဝှက်မြို့စားမင်းက သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး သဘောကျစွာ ကြည့်လိုက်ပြီး…

"ချင်းရှောင်ဂိုဏ်းမှာ ကျွမ်းကျင်သူတွေ အပြည့်ရှိပြီး ကိုင်တွယ်ရ မလွယ်ကူဘူးလို့ မြို့စားမင်းဖန် ပြန်ပြောလိုက်တယ် မဟုတ်လား... ဒါကြောင့် ကျုပ်တို့အဖွဲ့က ခင်ဗျားကို ကိုယ်တိုင် လာကူညီတာပေါ့..."

ထိုအခါ ဖန်ရှီး ကြောက်လန့်တကြား တုန်ယင်သွားပြီး အလျင်အမြန် ရှင်းပြလိုက်လေသည်။

"လျှို့ဝှက်မြို့စားမင်း... ကျွန်တော် ငြင်းဆန်တာ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော်က အသစ် ဖြစ်နေပြီး ကိုယ်ပိုင်အင်အားစုကို မွေးမြူရဦးမယ်... ပထမဆုံးနေ့မှာတင် မြို့ထဲက စစ်ဗိုလ်ချုပ်က ကျွန်တော့်ကို အခက်တွေ့အောင် လုပ်ခဲ့တယ်... သူ့နောက်မှာ အိမ်ရှေ့စံမင်းသား ရှိနေတော့ ကျွန်တော် သူနဲ့ ပြဿနာ မဖြစ်ရဲပါဘူး... ကျွန်တော် သတိထားပြီး ဆက်လုပ်ရမှာပါ... ဒီအခြေအနေအောက်မှာ ချင်းရှောင်ဂိုဏ်းကို ကိုင်တွယ်ဖို့ ကျွန်တော့်မှာ လူအင်အား တကယ် မရှိပါဘူး..."

"ဒါပေမဲ့ ကျွန်တော် ဘာမှ မလုပ်ဘဲ နေခဲ့တာ မဟုတ်ပါဘူး... တုန်းလင်းစီရင်စု မြို့စားမင်းရဲ့ အကူအညီကို ရယူပြီး ကိုးပါးအကြွင်းမဲ့ဂိုဏ်းက ကျွမ်းကျင်သူတွေကို စေလွှတ်ပြီး ချင်းရှောင်ဂိုဏ်းချုပ်ကို လုပ်ကြံခိုင်းခဲ့ပါတယ်... မအောင်မြင်ခဲ့ရုံသာမက အခု ကိုးပါးအကြွင်းမဲ့ဂိုဏ်းလည်း ချင်းရှောင်ဂိုဏ်းလက်ချက်နဲ့ ပျက်စီးသွားပြီ..."

ထိုကိစ္စကို ပြောလိုက်သောအခါ ဖန်ရှီးမှာ ကြောက်ရွံ့နေဆဲ ဖြစ်သည်။

ထိုအချိန်အတွင်း ချင်းရှောင်ဂိုဏ်းမှ ကျွမ်းကျင်သူများက ညဘက်တွင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ဖောက်ဝင်ပြီး သူ့ကို သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် ညတိုင်း ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ သိုင်းလောက ကျွမ်းကျင်သူ အများအပြားကို ငှားရမ်းထားသော်လည်း စိတ်မလုံခြုံသလို ခံစားနေရဆဲပင်။

လျှို့ဝှက်မြို့စားမင်းက အေးစက်သောလေသံဖြင့်….

"ချင်းရှောင်ဂိုဏ်းက ကိုင်တွယ်ရခက်တာတော့ အမှန်ပဲ... ချင်းရှောင်ဂိုဏ်းချုပ်ကို လုပ်ကြံဖို့ လူလွှတ်တာက ပိုတောင် မိုက်မဲရာ ရောက်သေးတယ်... တခြားလူတွေ မသိရင်တောင် နတ်ဆိုးဧကရာဇ်ရဲ့ သိုင်းပညာ ဘယ်လောက် မြင့်မားလဲ ဆိုတာ ခင်ဗျား သိသင့်တယ်... နတ်ဆိုးဧကရာဇ်ကို သတ်နိုင်တယ် ဆိုတော့ ချင်းရှောင်ဂိုဏ်းချုပ်ရဲ့ သိုင်းပညာက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲ ပါနေပြီ..."

ဖန်ရှီးက ခါးသီးစွာ ပြုံးလိုက်ပြီး…

"တုန်းလင်းစီရင်စု မြို့စားမင်းက ဒီလောက် မိုက်မဲမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..."

"ကျုပ်တို့က နတ်ဆိုးဧကရာဇ်ထက် သိုင်းပညာ မနိမ့်ကျတဲ့ လူနှစ်ယောက်ကို ခေါ်လာခဲ့တယ်... မသေမျိုးဆေးလုံးရဲ့ အကူအညီနဲ့ သူတို့ရဲ့ စွမ်းရည်တွေက ပိုတောင် အားကောင်သေးတယ်.... ချင်းရှောင်ဂိုဏ်းချုပ်ကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီ ဖိတ်ခေါ်ဖို့ နည်းလမ်း ရှာနိုင်သရွေ့ သူတို့က သူ့ကို သတ်ပေးနိုင်တယ်... ချင်းရှောင်ဂိုဏ်းချုပ် သေဆုံးပြီးနောက် ချင်းရှောင်ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ဘယ်လို အကြောင်းပြချက်မဆို ရှာလို့ရတယ်..."

လျှို့ဝှက်မြို့စားမင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ လက်ချောင်းဖြင့် တောက်လိုက်သည်။ထိုအခါ ချက်ချင်းပင် လူရိပ်နှစ်ခုက ခြံဝင်းတံတိုင်းကို ကျော်၍ ခုန်ဝင်လာပြီး ပုံရိပ်တစ်ခုတည်းအဖြစ် ပြောင်းလဲကာ သူတို့အနားသို့ ရောက်ရှိလာသည်ကို ဖန်ရှီး တွေ့လိုက်ရသည်။

အသစ် ရောက်လာသူများမှာ အမည်းရောင် ဝတ်စုံကိုယ်စီ ဝတ်ဆင်ထားပြီး နတ်ဆိုးမျက်နှာဖုံးများနှင့် ကောက်ရိုးခမောက်များ ဆောင်းထားကြသည်။ သူတို့၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် သူတို့တွေက လူတစ်ယောက်တည်း ဖြစ်ပုံရသည်။

ဝိုး... မြန်လိုက်တာ...

ဖန်ရှီး ထိုလူနှစ်ယောက်၏ လျင်မြန်ဖျတ်လတ်မှုကြောင့် ထိတ်လန့်သွားသည်။

သူက လျှို့ဝှက်မြို့စားမင်းကို အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ပြီး …

"ကျွန်တော်တို့ကို ကူညီဖို့ ပြိုင်ဘက်ကင်း သိုင်းသမားနှစ်ယောက် ရှိနေမှတော့ ဘာလို့ လျှို့ဝှက်မြို့စားမင်း ကိုယ်တိုင် လာရတာလဲ... သူတို့သာ သခင်ကြီးရဲ့ အမှတ်အသားကို ယူလာရင် ကျွန်တော် သေချာပေါက် ကောင်းကောင်းမွန်မွန် ဧည့်ခံမှာပါ..."

လျှို့ဝှက်မြို့စားမင်းက မတ်တတ်ရပ်လိုက်ပြီး …

"ကျုပ်တို့ဌာနမှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးတယ်... ချင်းရှောင်ဂိုဏ်းကို ကိုင်တွယ်တာက ခင်ဗျားအတွက် စမ်းသပ်မှုပဲ... ခင်ဗျားက မြို့စားမင်းဖြစ်ဖို့ အရည်အချင်း ရှိကြောင်း သက်သေပြရမယ်... အရှင်မင်းကြီးကလည်း ခင်ဗျားကို စောင့်ကြည့်နေတယ်... သူ့ကို စိတ်ပျက်အောင် မလုပ်နဲ့..."

"ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်... အရှင်မင်းကြီးကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး..."

ဖန်ရှီးက လက်ကာပြ၍ နှုတ်ဆက်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

လျှို့ဝှက်မြို့စားမင်းက လက်ကို နောက်ပစ်၍ မျှော်စင်အသေးလေးထဲမှ ထွက်ခွာသွားချေပြီ။ ဖန်ရှီးက လိုက်ပို့ချင်သော်လည်း လျှို့ဝှက်မြို့စားမင်းက သူ့ကို တားဆီးရန် လက်ကာပြလိုက်သဖြင့် လက်လျှော့လိုက်ရပြီး လျှို့ဝှက်မြို့စားမင်း ထွက်ခွာသွားသည်ကိုသာ ရပ်၍ ကြည့်နေလိုက်သည်။

ဖန်ရှီးစိတ်ထဲတွင် သံသယအချို့ ရှိနေသည်။

လျှို့ဝှက်မြို့စားမင်းဆိုသူက ကျန်းယန်မြို့တော်မှ မထွက်ခွာဘဲ အရှင်မင်းကြီးအတွက် နှစ်ပေါင်း ၃၀ ကြာ အလုပ်လုပ်ပေးခဲ့သည်။ ဒီတစ်ခါ ကိုယ်တိုင်လာရောက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ...

အကြောင်းတစ်ခုခုကြောင့် လျှို့ဝှက်မြို့စားမင်းက လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားသလို၊ အရှင်မင်းကြီး စေလွှတ်လိုက်တာ မဟုတ်သလို သူ ခံစားနေရသည်။

All Chapters