← Chapters

လူသားတစ္ဆေနတ်ဘုရား

Vol. 9 Ch. 90

လူသားတစ္ဆေနတ်ဘုရား

Vol. 9 Ch. 90

တနှစ်တာကုန်ဆုံးသွားပြီ ဖြစ်ပြီး နွေဦးပွဲတော် နီးကပ်လာပြီ ဖြစ်သည်။ ချင်းရှောင်တောင်ပေါ်တွင် မီးပုံးများနှင့် ရောင်စုံ အလှဆင်ပစ္စည်းများဖြင့် တောင်ခြေမှ တောင်ထိပ်ထိတိုင်အောင် ဆင်ယင်ထားပြီး ဖြူဖွေးနေသော ကောင်းကင်ယံကို အရောင်အသွေး စုံလင်စေသည်။

သစ်ပင်အုပ်များကြားတွင် ဆေးဖက်ဝင်ဥယျာဉ်တစ်ခု ရှိပြီး ထိုဉယျာဉ်က လီစစ်ကျင်၏ ဥယျာဉ်ဖြစ်သည်။ထိုအထဲ၌ သူမ ကိုယ်တိုင် ဖန်တီးထားသော ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးထားသည်။

ယခုအချိန်တွင် လီစစ်ကျင်က ဆေးခင်းအစွန်း၌ ထိုင်ချလိုက်ပြီး ဝိညာဉ်ဆေးပင် တစ်ပင်ကို စိုက်ကြည့်နေသည်။နွေဉီးရောက်နေပြီဖြစ်သော်လည်း အောက်ခြေရှိ မြေကြီးထဲတွင် နှင်းများကို မြင်တွေ့နေရဆဲပင်။ သူမက လူများကို နေ့တိုင်း ရှင်းလင်းခိုင်းသော်လည်း ဝိညာဉ်ဆေးပင်ကို ထိခိုက်မိမည် စိုးရိမ်သောကြောင့် လုံးဝ ပြောင်စင်ခြင်း မရှိပေ။

ဝိညာဉ်ဆေးပင် အတွင်းရှိ မှေးမှိန်သော ဝိညာဉ်ချီကို သူမ အာရုံခံမိပြီး အလွန် စိတ်လှုပ်ရှားနေသည်။

သူမ အကြိမ်များစွာ ကြိုးစားခဲ့ပြီးပြီ။ ဝိညာဉ်ဆေးပင်များစွာတ်ို့က ဝိညာဉ်ချီကို စုစည်းနိုင်လျှင်ပင် မြေကြီးထဲမှ နုတ်လိုက်သည်နှင့် ပျောက်ကွယ်သွားပြီး ထိန်းသိမ်းထား၍ မရပေ။

ဒီနေ့ သူမ ထပ်ကြိုးစားကြည့်မည်။

အချိန်ကိုက် ဖြစ်နေပြီဟု ယူဆသောအခါ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဝိညာဉ်ဆေးပင်ကို ဂရုတစိုက် ခူးယူလိုက်သည်။

သူမက ဝိညာဉ်ဆေးပင်ကို ခူးယူလိုက်ပြီး လက်ဖဝါးပေါ်တွင် တင်ကာ စိုးရိမ်တကြီး စောင့်ဆိုင်းနေလိုက်သည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူမ၏ စိုးရိမ်ပူပန်မှုများလည်း တိုးပွားလာသည်။

"ဟို... ခွင့်ပြုပါ... ချင်းရှောင်ဂိုဏ်းထဲ ဝင်ချင်ရင် ဘယ်လမ်းက သွားရမလဲ..."

လီစစ်ကျင်၏ နောက်ကျောဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသဖြင့် သူမ လန့်ဖျပ်သွားသည်။ သူမ လှည့်ကြည့်လိုက်သောအခါ စာပေပညာရှင်တစ်ဦး ဆေးဥယျာဉ်အပြင်ဘက်တွင် ရပ်နေပြီး ခြံစည်းရိုးကြားမှ သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုစာပေပညာရှင်သည် အသက် ၂၀၊ ၃၀ ဝန်းကျင်ခန့် ရှိပုံရသည်။ သူ့အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေပြီး အသားအရေကတော့ အနည်းငယ် ခြောက်သွေ့ကာ ဝါညစ်ညစ် ဖြစ်နေသည်။ ရုပ်ရည်ပိုင်းတွင် ထူးခြားမှု မရှိသော်လည်း သူ့အပြုံးကတော့ အလွန် ဖော်ရွေသည်။

လီစစ်ကျင်က စိတ်မရှည်သောလေသံဖြင့်…

"တောင်ပေါ်လမ်းအတိုင်း လိုက်သွားလိုက်... လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆိုင်းဘုတ်တွေ ရှိတယ်..."

ထိုစကားကို ကြားပြီးနောက် စာပေပညာရှင်က ချက်ချင်း ထွက်မသွားဘဲ စပ်စုချင်စိတ်ဖြင့် မေးလိုက်သေးသည်။

"မိန်းကလေး... ဘာလုပ်နေတာလဲ... ကျွန်တော် ကူညီပေးရမလား..."

"မလိုပါဘူး... ရှင် အခု သွားလို့ရပြီ..."

လီစစ်ကျင်၏ လေသံတွင် မကျေနပ်မှု အရိပ်အယောင်များ ပါဝင်နေသဖြင့် စာပေပညာရှင်က အလျင်အမြန် ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားကာ တောင်ပေါ်သို့ အမြန်တက်သွားတော့သည်။

လီစစ်ကျင် လက်ထဲမှ ဝိညာဉ်ဆေးပင်ကို စိုက်ကြည့်နေရင်း ခဏကြာသောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကြိုးစားနေရသည်။

"ခဏလေး စောင့်ဦး... အရမ်း မပျော်နဲ့ဦး..."

လီစစ်ကျင် ရင်ခုန်နေသည်။ ဝိညာဉ်ဆေးပင်များက ချင်းရှောင်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန် အရေးကြီးကြောင်း ဂိုဏ်းချုပ်က ပြောထားဖူးသည်။

သူမတွင် ကျန်းယွီချွန်း၏ စီမံခန့်ခွဲမှု စွမ်းရည်နှင့် ကျန်းကျောက်ရှား၏ သိုင်းပညာ ပါရမီမျိုး မရှိသော်လည်း ချင်းရှောင်ဂိုဏ်းအတွက် အလုပ်လုပ်ပေးချင်ပြီး ဂိုဏ်းချုပ်အတွက် ဂုဏ်ယူရသူ တစ်ယောက် ဖြစ်ချင်သည်။

နာရီဝက်တိတိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးနောက် သူမ မတ်တတ်ရပ်လိုက်ပြီး ဘေးရှိ သစ်သားစားပွဲဆီသို့ လျှောက်သွားကာ ကြိုတင်ပြင်ဆင်ထားသော သစ်သားသေတ္တာထဲသို့ ဝိညာဉ်ဆေးပင်ကို ထည့်လိုက်သည်။ ထည့်ပြီးသည်နှင့် သူမ မနေနိုင်တော့ဘဲ အော်ဟစ်ကာ နေရာတွင်ပင် ခုန်ပေါက်လိုက်မိသည်။

နောက်ဆုံးတော့ သူမ အောင်မြင်ပြီ...

အကြိမ်အနည်းငယ် ခုန်ပေါက်ပြီးနောက် သစ်သားသေတ္တာကို ကောက်ယူကာ ဆေးဥယျာဉ်ထဲမှ ထွက်ခွာလာပြီး တောင်ပေါ်သို့ အမြန် ဦးတည်လိုက်သည်။

လမ်းတစ်လျှောက်တွင် သူမ မနေနိုင်ဘဲ လေပြင်းသိုင်းကွက်ကို ထုတ်သုံးလိုက်ရာ နှင်းများနှင့် မြူများကို လွင့်ပျံ့စေပြီး တောင်ပေါ်သို့ လျင်မြန်စွာ ရောက်သွားခဲ့သည်။

လင်းရှောင်နန်းဆောင်သို့ ရောက်သောအခါ လီချင်းချိုးကို မတွေ့ရသဖြင့် စောင့်ဆိုင်းနေရပြန်သည်။

ခန်းမကြီး ၇ ခု ဖွဲ့စည်းပြီးနောက် နေ့ဘက်တွင် လင်းရှောင်နန်းဆောင်တွင် ခြောက်ကပ်နေတတ်သည်။ ယွမ်လီနှင့် ကျောက်ကျိန်းတို့ပင် ခြံဝင်းထဲတွင် ရှိမနေတတ်ပေ။ စောင့်ဆိုင်းနေစဉ် ပျင်းရိလာသဖြင့် သူမ တောင်သခင် နတ်ဘုရားမန္တန်ကို စတင် လေ့ကျင့်လိုက်သည်။

တိုက်ခိုက်ခွင့် ကြုံခဲသဖြင့် အရင်တုန်းကဆို ဤဂါထာကို စိတ်မဝင်စားခဲ့ပေ။ သို့သော် ကျိယာ အသုံးပြုသည်ကို မြင်လိုက်ရသောအခါ သူမ အံ့သြသွားပြီး ကိုယ်တိုင် စတင် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

တောင်သခင် နတ်ဘုရားမန္တန်ကို စတင် လေ့ကျင့်လိုက်သောအခါ အချိန်ကုန် မြန်လာသည်။

ညနေစောင်းတွင် လီချင်းချိုးက ယွမ်လီ၊ ကျောက်ကျိန်းတို့နှင့်အတူ လင်းရှောင်နန်းဆောင်သို့ ပြန်ရောက်လာပြီး လီရန်လည်း သူတို့နောက်မှ လိုက်ပါလာသည်။

လီရန်သည် မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ယနေ့တွင် လီချင်းချိုး၏ နောက်သို့ လိုက်ပါလာခြင်း ဖြစ်သည်။ သူသည် ကျောက်ကျိန်းနှင့်လည်း မိတ်ဆွေဖွဲ့ လက်ရည်စမ်းခဲ့သည်။

ကျောက်ကျိန်း၏ ပါရမီက သူ့ကို အလွန် တုန်လှုပ်သွားစေပြီး သဘာဝပါရမီနှင့် ပတ်သက်၍ သူ့နားလည်မှုကို ပြောင်းလဲသွားစေသည်။ သို့သော် စိတ်ဓာတ်မကျဘဲ ပို၍ စိတ်အားထက်သန်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခုအခါ လျင်မြန်စွာ တိုးတက်နေသောကြောင့် ဖြစ်သည်။

လီချင်းချိုးက သူ့ကို ကိုယ်တိုင် လမ်းညွှန်ပေးလိုခြင်းမှာ သူ့ပါရမီနှင့် ကံကြမ္မာကြောင့်သာမက သူ့သစ္စာရှိမှုက ၉၆ အထိ လျင်မြန်စွာ မြင့်တက်လာသောကြောင့် ဖြစ်သည်။

သစ္စာရှိမှုရမှတ် ၉၀ အောက်ရှိသူများက အတက်အကျ ရှိတတ်ပြီး တပည့်တစ်ဦး၏ သစ္စာရှိမှုရမှတ် ၈၉ မှ ၇၁ သို့ ကျဆင်းသွားသည်ကိုပင် သူ တွေ့ခဲ့ရဖူးသည်။ သစ္စာရှိမှုရမှတ် ၉၀ အထက်ရှိသူ မည်သူမျှ ကျဆင်းသွားခြင်း မရှိပေ။

လီရန်ကို လူယုံအဖြစ် ပျိုးထောင်ရန် အဆင်သင့် ဖြစ်နေပြီဟု ပြောလျှင် ပိုလွန်းရာ မရောက်ပေ။

လီချင်းချိုးက လီရန်၏ အခန်းကဏ္ဍကို ဆုံးဖြတ်ပြီး ဖြစ်သည်။ လီရန်သည် ချင်းရှောင်ဂိုဏ်းကို အထူးကာကွယ်ပေးမည့် အစောင့်အရှောက် ဖြစ်လာနိုင်သည်။ထိုအခါ သူ့အနေနှင့် နေ့စဉ်ဘဝတွင် ကျင့်ကြံခြင်းနှင့် ပိုမို သန်မာလာစေရန်သာ အာရုံစိုက်ရန် လိုအပ်သည်။

လီရန်၏ စိတ်နေသဘောထားက သိုင်းပညာအပေါ် ရူးသွပ်သူတစ်ဦးနှင့် တူပြီးအနာဂတ် အောင်မြင်မှုများမှာလည်း သေချာပေါက် မြင့်မားပေလိမ့်မည်။ အနည်းဆုံးတော့ လက်ရှိ ချင်းရှောင်ဂိုဏ်းအတွင်း သူသည် အသန်မာဆုံး သုံးယောက်စာရင်း ဝင်နိုင်ရန် ယှဉ်ပြိုင်ခွင့် ရှိသည်ဟု သူ ယုံကြည်သည်။

ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့ တူညီနေသောအခါ ပိုကြိုးစားသူက ခရီးပိုရောက်မည် ဖြစ်သည်။

"စီနီယာအစ်ကို... နောက်ဆုံးတော့ ရောက်လာပြီပေါ့... လာကြည့်ပါဦး..."

လီစစ်ကျင်က လုပ်လက်စကို ရပ်လိုက်ပြီး ခါးထောက်ကာ စားပွဲရှည်ဆီသို့ လျှောက်သွားရင်း ညည်းတွားလိုက်သည်။

လီချင်းချိုး စားပွဲပေါ်မှ သစ်သားသေတ္တာကို မြင်လိုက်ရသောအခါ မျက်ခုံးပင့်လိုက်ပြီး မျှော်လင့်တကြီး မေးလိုက်သည်။

"မင်း အောင်မြင်သွားပြီလား..."

လီစစ်ကျင်က စကားမပြောဘဲ မေးစေ့ကိုသာ မောက်မာစွာ မော့ပြလိုက်သည်။

လီချင်းချိုး သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်ရာ ဝိညာဉ်ဆေးပင်ကို တွေ့လိုက်ရသည်။ ဝိညာဉ်ဆေးပင် အတွင်း၌ ပါဝင်သော ဝိညာဉ်ချီကို အာရုံခံမိသဖြင့် သူ ချက်ချင်း ဝမ်းသာသွားသည်။

တကယ် အလုပ်ဖြစ်တာပဲ...

ဤဝိညာဉ်ဆေးပင်သည် အထူး ဆေးဖက်ဝင် အာနိသင်မရှိသော သာမန်မြက်ပင်တစ်မျိုး ဖြစ်သော်လည်း ကောင်းမွန်သော အစပျိုးမှု တစ်ခု ဖြစ်သည်။

အနာဂတ်တွင် လီစစ်ကျင်သာ ဆေးဖက်ဝင်အပင်များကို ဝိညာဉ်ဆေးပင်များအဖြစ် ပြုစုပျိုးထောင်နိုင်လျှင် ချန်ဟွေ့လန်က ဆေးဖော်စပ်နိုင်မည် ဖြစ်ရာ သာမန်ဆေးလုံးများကို မသေမျိုးဆေးလုံးများအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။

လီချင်းချိုးက လီစစ်ကျင်ကို ပျော်ရွှင်စွာ ချီးကျူးလိုက်ရာ ယွမ်လီနှင့် ကျန်နှစ်ယောက်မှာလည်း အလွန် သိချင်စိတ် ဖြစ်သွားကြသည်။ လီချင်းချိုးရော လီစစ်ကျင်ပါ သူတို့ကို ရှင်းမပြသဖြင့် သုံးယောက်သား ဘေးမှ ရပ်ကြည့်နေရုံသာ တတ်နိုင်ကြသည်။

ထိုညနေ ညစာစားပွဲတွင် လီချင်းချိုးက လီစစ်ကျင်ကို သူ့ဘေးတွင် ထိုင်ခိုင်းပြီး ဟင်းများ ထည့်ပေးနေသဖြင့် သူ အလွန် ပျော်ရွှင်နေကြောင်း လူတိုင်း သိနိုင်သည်။ ဝိညာဉ်ဆေးပင် အောင်မြင်စွာ စိုက်ပျိုးနိုင်မှု သတင်းကို ဂိုဏ်းအကြီးအကဲများအား ဖုံးကွယ်မထားဘဲ ပြောပြလိုက်ရာ ကျန်သူများလည်း စိတ်လှုပ်ရှားသွားကြသည်။

လီချင်းချိုးက ဝိညာဉ်ဆေးပင်များ၏ အာနိသင်ကို သူတို့အား ရှင်းပြထားပြီး ဖြစ်သဖြင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးနိုင်မည့် မည်သည့်အရာကိုမဆို သဘာဝကျကျပင် မျှော်လင့်စောင့်စားနေကြသည်။

နှစ်သစ်ကူးပွဲတော်ကို စတင်တော့မည်ဖြစ်သဖြင့် နောက်တစ်နေ့ နံနက်တွင် ထူးထူးခြားခြား ဂိုဏ်းကိစ္စများကို မဆောင်ရွက်တော့ပေ။

အလုပ်နားထားသောကြောင့် လီချင်းချိုးက လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့ကို ခေါ်၍ ဂိုဏ်းအတွင်း လမ်းလျှောက်ထွက်ခဲ့သည်။ သူသည် ဂျူနီယာညီမလေး နှစ်ယောက်နှင့်အတူ တစ်နေကုန် အချိန်ဖြုန်းရန် စီစဉ်ထားသဖြင့် ယွမ်လီနှင့် ကျောက်ကျိန်းတို့ကို မခေါ်ခဲ့ပေ။

လီစစ်ကျင်သည်လည်း ဂိုဏ်းချုပ်နှင့်အတူ ချင်းရှောင်တောင်ပေါ်တွင် လမ်းမလျှောက်ဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့် အလွန် စိတ်လှုပ်ရှားနေပြီး လီချင်းချိုး၏ လက်မောင်းကို တောက်လျှောက် ဖက်တွယ်ထားသည်။ လီတုန်းယွဲ့မှာမူ သိပ်မတက်ကြွဘဲ လီချင်းချိုး၏ အခြားတစ်ဖက်မှ သိက္ခာရှိရှိ လိုက်ပါလာသည်။

သုံးယောက်သား ငယ်ဘဝအကြောင်းများကို ပြန်ပြောင်းပြောဆိုနေကြပြီး ပြောစရာစကားများ မကုန်ဆုံးနိုင်ခဲ့ပေ။

ခြံဝင်းတစ်ခုရှေ့မှ ဖြတ်သွားစဉ် လီစစ်ကျင် ရုတ်တရက် ရပ်တန့်လိုက်ကာ ဂိတ်တံခါးဝတွင် တံမြက်စည်းလှည်းနေသော စာပေပညာရှင်ကို ကြည့်ပြီး မေးလိုက်သည်။

"မနေ့က လမ်းမေးတဲ့သူ မဟုတ်လား..."

စာပေပညာရှင်က မော့ကြည့်လိုက်ပြီး လီစစ်ကျင်ကို မြင်သောအခါ ပြုံးလိုက်ပြီး…

"ဟုတ်ပါတယ်..."

သူက လီချင်းချိုးနှင့် လီတုန်းယွဲ့ကို မြင်သောအခါ အနည်းငယ် တုံ့ဆိုင်းနေပုံရပြီး သူတို့သုံးဦး၏ အဆင့်အတန်းကို ခန့်မှန်းရန် ကြိုးစားနေသကဲ့သို့ ရှိနေသည်။

"ဝင်ခွင့်စာမေးပွဲ အောင်လား..." ဟု

လီစစ်ကျင်က ပြုံး၍ မေးလိုက်တော့

"မအောင်ပါဘူး... ကျွန်တော်က အခု လောလောဆယ် လုပ်သားတပည့်ပါ..."

"မနေ့က ရှင် ကျွန်မရဲ့ အောင်မြင်မှုကို မြင်တွေ့ခဲ့ရတယ်... ပြီးတော့ ကျွန်မလည်း စိတ်ကြည်နေတယ်... ဒါကြောင့် ရှင့်ကို အမည်ခံတပည့် ဖြစ်ခွင့်ပြုလိုက်မယ်..."

လီစစ်ကျင်က ရက်ရက်ရောရော လက်ကာပြပြီး ပြောပြီးနောက် သူမက လီချင်းချိုးဘက်သို့ လှည့်၍ ချွဲနွဲ့လိုက်လေသည်။

လီချင်းချိုးက စာပေပညာရှင်ကို ထူးဆန်းသော အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။ ထိုစာပေပညာရှင်၏ ကိုယ်ထဲတွင် အတွင်းအား ဖုံးကွယ်ထားကြောင်း သူ အာရုံခံမိသည်။ ဤလူသည် အတွင်းအားကို ဖိနှိပ်ထားနိုင်သော လျှို့ဝှက်ပညာရပ်တစ်ခုခုကို ကျင့်ကြံထားသည်မှာ ထင်ရှားနေသည်။

"ကောင်းပြီလေ... မင်းသဘောအတိုင်းပဲ..."

လီချင်းချိုး ပြုံး၍ သဘောတူလိုက်ရာ လီစစ်ကျင် ပျော်ရွှင်သွားသည်။

လီစစ်ကျင် ဘယ်တော့မှ ရင့်ကျက်လာမည် မဟုတ်ကြောင်း တွေးရင်း လီတုန်းယွဲ့က ပါးစပ်ကို အုပ်၍ ရယ်မောလိုက်သည်ယ

လီစစ်ကျင်က စာပေပညာရှင်ဘက်သို့ လှည့်ပြီး …

"ကျွန်မရဲ့ စီနီယာအစ်ကိုက သဘောတူလိုက်ပြီ... သူက အခု ဂိုဏ်းချုပ်ပဲ... ရှင့်နာမည် ဘယ်သူလဲ..."

"ဂိုဏ်းချုပ်..."

စာပေပညာရှင်က အံ့သြသွားပြီး အလျင်အမြန် ဦးညွှတ်ကာ…

"ကျွန်တော့်နာမည် ချူကျင်းပါ... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်..."

လီချင်းချိုးက ခေါင်းညိတ်ပြီး …

"ခန်းမသခင်လီက ပြောမှတော့ မင်းက အခု အမည်ခံတပည့် ဖြစ်သွားပြီ... ကြိုးစားပြီး နောက်တစ်ဆင့် ရောက်အောင် သွား..."

"ကျေးဇူးတင်ပါတယ် ခန်းမသခင်လီ..."

ထိုသူရဲ့သဘောထားကို မြင်သောအခါ လီစစ်ကျင် စိတ်ဝင်စားမှု လျော့နည်းသွားသည်။

လီစစ်ကျင် လီချင်းချိုးကို ဆွဲ၍ တောင်အောက်သို့ ဆက်လက် ထွက်ခွာသွားတော့မှ လီတုန်းယွဲ့က ချူကျင်းကိုကြည့်ပြီး…

"ကုန့်လင်ခန်းမကို သွားပြီး ခန်းမသခင်ကျန်းနဲ့ ဒီကိစ္စ ပြောလိုက်..."

"ကောင်းပါပြီ..."

ချူကျင်းက ပြန်ဖြေလိုက်ပြီး တပြိုင်နက်တည်း လီတုန်းယွဲ့ကို ဦးညွှတ်လိုက်သည်။

လီတုန်းယွဲ့က လီချင်းချိုးတို့နောက်သို့ လိုက်ပါသွားပြီး မကြာမီ သုံးယောက်သား တောင်ပေါ်လမ်းကွေ့တွင် ပျောက်ကွယ်သွားကြသည်။

ချူကျင်းက ခဏမျှ ရပ်နေပြီးနောက် ကုန့်လင်ခန်းမသို့ အလျင်စလို မသွားဘဲ တံမြက်စည်း ဆက်လှည်းနေလိုက်သည်။

လီတုန်းယွဲ့က လီစစ်ကျင်ကို ချူကျင်းနှင့် မည်သို့ တွေ့ဆုံခဲ့ကြောင်း မေးမြန်းရာ လီစစ်ကျင်ကလည်း ဘာမှ ဖုံးကွယ်မထားပေ။

"မနေ့က ကျွန်မ သူ့ကို ဆက်ဆံတာ မကောင်းခဲ့လို့ တပည့်သစ်က ကျွန်မတို့ ချင်းရှောင်ဂိုဏ်းအပေါ် အမြင်မကြည် ဖြစ်သွားမှာ စိုးရိမ်လို့ပါ... ဒါကြောင့် သူ့ကို ပြန်ပေးဆပ်လိုက်တာပါ..."

လီတုန်းယွဲ့က ခေါင်းခါလိုက်ပြီး…

"ဂျူနီယာညီမလေး... နောက်ဆို ဒီလိုကိစ္စမျိုး လျှော့လုပ်ပါ... သတင်းပျံ့သွားရင် ဂိုဏ်းရဲ့ ပုံရိပ်ကို ထိခိုက်လိမ့်မယ်..."

လီစစ်ကျင်က လျှာထုတ်ပြပြီး …

"သိပါတယ်... နောက်တစ်ခါကျရင် သေချာပေါက် အရင်စဉ်းစားပါ့မယ်..."

ထို့နောက် လီချင်းချိုးက တာအိုမျိုးဆက်စနစ်ကို ဖွင့်လိုက်ပြီး ချူကျင်း၏ ပုံကို ရှာဖွေလိုက်သည်။ တွေ့ရှိပြီးနောက် ချူကျင်း၏ အချက်အလက်များကို နှိပ်ကြည့်လိုက်သည်။

[အမည် - ချူကျင်း]

[ကျား/မ - ကျား]

[အသက် - ၁၉၂ နှစ်]

[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်) - ၂၄/၅၁ (အများဆုံး ၁၀၀)]

[ကျင့်ကြံခြင်းပါရမီ - ထူးကဲ]

[နားလည်သဘောပေါက်နိုင်စွမ်း - ထူးကဲ]

[ကံကြမ္မာ - မသေမျိုး၊ သစ္စာဖောက်၊ လူသားတစ္ဆေနတ်ဘုရား]

[ထာဝရအသက်ရှင်ခြင်း(မသေမျိုး) - ဝိညာဉ်ဆေးလုံးကို သောက်သုံးထားသဖြင့် သက်တမ်း နှစ်တစ်ထောင် ရှည်ကြာသွားပြီး ရုပ်ရည်သွင်ပြင် ပြောင်းလဲခြင်း မရှိပေ။]

[သစ္စာဖောက်အရာရှိ - သူ့နိုင်ငံဟောင်းကို ပြန်လည် ထူထောင်ရန်အတွက် ဧကရာဇ်အသစ်ကို လမ်းလွဲအောင် လုပ်ဆောင်သည်။ ပြည်သူများ ဒုက္ခရောက်ပြီး သွေးချောင်းစီးလျှင်ပင် မညှာတာပေ။ လူများ၏ စိတ်နှလုံးသားကို ကြိုးကိုင်ခြယ်လှယ်ရာတွင် ကျွမ်းကျင်သည်။]

[လူသားတစ္ဆေနတ်ဘုရား - မကောင်းဆိုးဝါး အားလုံးကို ခုခံနိုင်စွမ်းရှိသည်။ ဝိညာဉ်ကို ပစ်မှတ်ထားသော လူသားဂါထာများနှင့် နတ်ဘုရားစွမ်းရည်များ အားလုံးကို ပြီးပြည့်စုံစွာ ခုခံနိုင်သည်။ ပူးကပ်စီးနင်း၍ မရနိုင်။ ဝိညာဉ်နှင့် သက်ဆိုင်သော ကျင့်စဉ်များ၊ ဂါထာများနှင့် နတ်ဘုရားစွမ်းရည်များအပေါ် အလွန် မြင့်မားသော နားလည်သဘောပေါက်နိုင်စွမ်း ရှိသည်။]

...

လီချင်းချိုး ခြေလှမ်းရပ်တန့်လုနီးပါး ဖြစ်သွားသည်။ တာအိုမျိုးဆက်စနစ်ကို စတင် အသုံးပြုကတည်းက သူ မြင်ဖူးသမျှ အခမ်းနားဆုံးသော တပည့်မှတ်တမ်းကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။

ချူကျင်းက လက်ရှိအချိန်ထိ မည်သူနှင့်မျှ မယှဉ်နိုင်လောက်အောင် ထူးကဲနေပြီး ထူးခြားသော ကံကြမ္မာ သုံးခုကိုလည်း ပိုင်ဆိုင်ထားသည်။

ဒီကောင်က တကယ်ကြီး အသက် ၁၉၂ နှစ် ရှိနေပြီ...

နှစ်တစ်ထောင် မသေမျိုး ဖြစ်နေခြင်းက သူ့အတိတ်ကို ရှင်းပြနေပြီး ဤမသေမျိုး ဂုဏ်သတ္တိက လီချင်းချိုးကို အလွန် မနာလို ဖြစ်စေသည်။

ပုန်ကန်သော အရာရှိများနှင့် သစ္စာဖောက်များက သူတို့၏ ကိုယ်ရည်ကိုယ်သွေးများကို ထုတ်ဖော်ပြသကြရာတွင် လူများ၏ စိတ်နှလုံးသားကို ကြိုးကိုင်ခြယ်လှယ်ရာ၌ ထိုသူ၏ ကျွမ်းကျင်မှုက ထည့်သွင်းစဉ်းစားရမည့် အင်အားတစ်ခု ဖြစ်သည်။

ကြောက်စရာ အကောင်းဆုံးမှာ လူသားတစ္ဆေနတ်ဘုရားဆိုသည့်အချက်ပင် ဖြစ်သည်။

ဒါက အရမ်း များလွန်းတယ်... လီချင်းချိုး ထိုစွမ်းရည်မျိုးကို ချက်ချင်း ကူးယူချင်မိသည်။

၎င်းသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုက်ရိုက် ပြောင်းလဲပေးနိုင်ရုံသာမက သီးခြားကဏ္ဍများတွင် နားလည်သဘောပေါက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်သည်။ မွေးရာပါ ဓားရူးသွပ်မှုနှင့် ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်တို့ထက်ပင် ပိုမို စွမ်းအားကြီးမားနေသေးသည်။

ဒီလူက ဘယ်သူလဲ...

ချူကျင်းကို သာမန်တပည့်တစ်ဦးအဖြစ် သဘောထား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဤလူသည် နှစ်ပေါင်း ၂၀၀ နီးပါး နေထိုင်ခဲ့ပြီး စစ်မှန်သော ရှေးဟောင်းသတ္တဝါကြီး ဖြစ်နေသောကြောင့်ပင်။

ထိုကဲ့သို့သော လူတစ်ယောက် တောင်ပေါ်တက်လာခြင်းမှာ လျှို့ဝှက်သော ရည်ရွယ်ချက်များ ရှိရပေမည်။

"သစ္စာဖောက်အမတ်" ဟူသော စကားရပ်က ဤလူသည် နန်းတွင်း၌ ရာထူးကြီးသော အရာရှိ ဖြစ်နေပြီး ဧကရာဇ်၏ ဆန့်ကျင်ဘက်တွင် ရှိနေကြောင်း ညွှန်ပြနေသည်။

သေချာသည်မှာ ဧကရာဇ်က ထိုသူကုခ ရန်သူဖြစ်ကြောင်း မသိရှာဘဲ လူယုံအဖြစ် သတ်မှတ်ထားခြင်း ဖြစ်နိုင်သည်။

ချင်းရှောင်ဂိုဏ်းအကြောင်း စုံစမ်းဖို့ ဒီလူကို ဧကရာဇ်က လွှတ်လိုက်တာများလား...

All Chapters