The sacrifice begins
Vol. 69 Ch. 1003
ကောင်းကင်ဘုံသားတော်၏ သွေးစက် ကျဆင်းလာသည်နှင့် ပလ္လင်ထံမှ မရေမတွက်နိုင်သော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ ချက်ချင်းဆိုသလို ထွက်လာတော့သည်။
ထို အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများမှာ သစ်ပင်မြစ်များသဖွယ် နေရာပေါင်းစုံသို့ ကွေ့ကောက်ယှက်ဖြာထွက်သွားပြီးနောက် ပျောက်ကွယ်သွားကြ၏။
တစ်ချိန်တည်းမှာပင် အရှုပ်အထွေး နတ်ဘုရားမြို့တော်တစ်ခုလုံး၌...
ဝုန်း!
မရေမတွက်နိုင်သော လေထုများ အစိတ်စိတ်အမွှာမွှာ ပြိုကွဲလာကာ ၊ ထိုနေရာများမှတစ်ဆင့် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော သစ်မြစ်များ ထွက်ပေါ်လာသည်။
“ဟင်... ဒါက ဘာလဲ”
စမ်းချောင်းတစ်ခုအနားတွင် အရှုပ်အထွေးစွမ်းအင်ကို သန့်စင်နေသော အဘိုးအိုတစ်ဦး အံ့အားသင့်သွားကာ ထရပ်လိုက်သည်။
ထို့နောက်တွင်...
ရှူး!
သစ်မြစ်နှင့်တူသော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများက သူ့ကိုယ်ကို ရစ်နွယ်လာကြ၏။
“ဒါက ဘာကြီးလဲ။ ငါ့ကို လာမရှုပ်ကြနဲ့ !”
အဘိုးအို ဒေါသထွက်သွားကာ အော်လိုက်သည်။
ချက်ချင်းပင် သူ့ အအရောင်အဝါကို ထုတ်လွှတ်၍လည်း ၎င်း နတ်ဘုရားအလင်းတန်းကို ဖြိုခွဲရန် ကြိုးစားလိုက်ပါသည်။
သို့သော်...
ဝူး!
သူထုတ်လွှတ်လိုက်သော မသေမျိုးစွမ်းအင်များ အားလုံးမှာ ထိုသစ်မြစ်များ၏ စုပ်ယူခြင်းကို ချက်ချင်းခံလိုက်ရ၏။
“ဘယ်လိုဖြစ်ပြီး ...”
အဘိုးအို တုန်လှုပ်သွားရသည်။
သူသည် မသေမျိုးဘုရင် တစ်ယောက်ဖြစ်ပြီး သူ့သိုင်းကွက်ထဲတွင်လည်း ကမ္ဘာတုန်သွားစေနိုင်သည့် အစွမ်းပါပါသည်။
သို့သော် ထိုအစွမ်းက နတ်ဘုရားအလင်းတန်းကို မဖျက်ဆီးနိုင်သည့်အပြင် အလင်းတန်း၏ ဝါးမြိုခြင်းကိုပင် ခံလိုက်ရပါ၏။
သူ သတိပြန်မဝင်နိုင်ခင်မှာပင်...
ဝီ
သူ့ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးစွမ်းအင်များရော အစောကလေးတင် သန့်စင်ထားသည့် အရှုပ်အထွေးစွမ်းအင်များပါ အလွန်မြန်သော အရှိန်ဖြင့် စုပ်ယူခံနေရကြောင်း ချက်ချင်း ခံစားလိုက်ရပါသည်။
“ဒါက...”
အဘိုးအို ခေတ္တမျှ မှင်သက်သွားရသော်လည်း အာရုံကို အမြန်ပြန်စုစည်း၍ ရှိသမျှ အစွမ်းကုန်သုံးပြီး ခုခံလိုက်၏။ ထိုအချိန်မှသာလည်း စွမ်းအင်ဆုံးရှုံးမှုနှုန်းက အနည်းငယ် နှေးကွေးသွားပါတော့သည်။
သူနှင့် မနီးမဝေးတွင်မူ ...
“ အစ်ကိုကြီး ... ကျွန်မကို ကယ်ပါဦး...”
အမျိုးသမီးတစ်ဦးက ရုန်းကန်ရင်း အဝေးသို့ ထွက်ပြေးရန် ကြိုးစားနေရှာ၏။
သို့သော် သူမ ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးခင်မှာပင် သစ်မြစ်တစ်ခု၏ ခိုင်မြဲစွာ တုပ်နှောင်ခြင်းကို ခံလိုက်ရပါသည်။
“ညီမလေး!”
၎င်းကို မြင်သော လူငယ်ဓားသမားတစ်ယောက်က ဓားကို ဝှေ့ယမ်းကာ သစ်မြစ်ကို ခုတ်ချလိုက်၏။
သို့သော်...
ဝှစ်
သူ့ ဓားစိတ်ဆန္ဒမှာ သစ်မြစ်ပေါ် ေရာက်သွားသည်နှင့် တစ်ပြိုင်နက် စုပ်ယူခြင်း ခံလိုက်ရပြန်ပါသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လူငယ် အံ့ဩတကြီး ရေရွတ်လိုက်သည်။
သို့သော် သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင်
ဝှစ်!
နောက်သစ်မြစ်တစ်ခုက သူ့ကိုပါ တိုက်ရိုက် ရစ်နှောင်လိုက်လေပြီ။
“မင်း ဘာကောင်လဲ။ ငါ့ကို လွှတ်စမ်း!”
ထိုလူငယ် ဒေါသတကြီး အော်လိုက်သော်လည်း မည်သို့မှ မတတ်နိုင်ရှာပါ။
ထိုမျှမကသေးပါ ...
ဝုန်း!
သစ်မြစ်ပေါ်၌ အရှုပ်အထွေး အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီးနောက် သစ်မြစ်ဖြင့် ရစ်နှောင်ခံထားရသူ အားလုံး အဝေးတစ်နေရာသို့ ဆွဲခေါ်ခံလိုက်ရပါတော့သည်။
အရှုပ်အထွေးဓားရေကန် အနားတွင်လည်း...
၀ုန်း!
စုဝေးနေကြသော လူများမှာ သစ်မြစ်များဖြင့် တုပ်နှောင်ခြင်းကို ခံနေကြရပါသည်။
ထိုသစ်မြစ်များ ပေါ်ပေါ်လာချင်းတွင် ထိပ်တန်းမသေမျိုးဘုရင်နှစ်ဦးဖြစ်သော ပိုင်ယွမ်လီ နှင့် လီချန်းလုံ တို့က ဦးစွာ သတိထားမိခဲ့ကြပါ၏။
“ ဒါ ရန်သူ့တိုက်ခိုက်မှုလား”
ပိုင်ယွင်လီ ဦးစွာ တုန့်ပြန်ကာ ဓားကို ဝှေ့ယမ်း၍ သစ်မြစ်များအား ခုတ်လိုက်သည်။
ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ သစ်မြစ်အချို့ ကြေမွသွားခဲ့ပါ၏။
သို့သော်လည်း ၎င်းသစ်မြစ်များမှာ အရေအတွက်များလှကာ တမဟုတ်ချင်း မူလအတိုင်း ပြန်ဖြစ်သွားခဲ့ပါသည်။
တဖက်တွင်လည်း ပိုင်ယွမ်လီ၏ အစွမ်းကို အာရုံခံမိသွားပုံရသော သစ်မြစ် ဒါဇင်ပေါင်းများစွာက တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ တောက်ပနေသော လက်ဝါးကြီးတစ်ခုအသွင်ပြောင်းပြီး ပိုင်ယွမ်လီအား ဖမ်းဆုပ်ရန် ကြိုးစားလာသည်။
“ဘာကြီးလဲဟ ..”
ပိုင်ယွမ်လီ မျက်လုံးပြူးသွားပြီး သူ့ အစွမ်းအထက်ဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်၏။
သို့သော် .....
သူ့ ဓားချက်မှထွက်လာသည့် ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒမှာ ထိုလက်ဝါးကြီး၏ လက်ချောင်းနှစ်ချောင်းကြားဖြင့် အလွယ်တကူ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပါသည်။
“ဒါ... မသေမျိုးဧကရာဇ် အဆင့်နီးပါး အစွမ်းလား ”
ပိုင်ယွမ်လီ ချက်ချင်း သဘောပေါက်သွားကာ လီချန်းလုံဘက် လှည့်၍ပြောလိုက်သည်။
“လီချန်းလုံ... ငါ့ကို ကူဦး!”
လီချန်းလုံလည်း မပေါ့ဆရဲဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
ထို့နောက် သူ့ သွေးအစွမ်းကိုပင် လောင်မြိုက်လုနီးပါးဖြစ်အောင် အားပြင်းလှသော လက်ဝါးချက်ဖြင့် တဖက်မှ လက်ကြီးအား တိုက်ခိုက်လိုက်သည်။
“သေစမ်း”
ထို ထူးဆန်းသော လက်ဝါးကြီးထံမှ အန္တရာယ်ကို သူ အစောတည်းက အာရုံခံမိပြီးသား ဖြစ်သဖြင့် နည်းနည်းလေးမှပင် အစွမ်းကို ချန်မထားရဲပါချေ။
တဖက်မှ လက်ဝါးကြီးကလည်း သူ့လက်ဝါးချက်အား တန်ပြန်ဖိနှိပ်လာပါ၏။
ဝုန်း
ဧရာမ လက်ဝါးကြီးနှစ်ခု လေထဲတွင် ထိပ်တိုက်တွေ့သွားကြသည်။
အွတ်
လီချန်းလုံမှာ ခေတ္တမျှ တောင့်ခံလိုက်နိုင်သော်လည်း အချိန်ကြာကြာ မခံနိုင်ဘဲ သွေးအန်ပြီး နောက်သို့ လွင့်ထွက်သွားတော့၏။
လေထဲမှ လက်ဝါးကြီးကလည်း သစ်မြစ်များအဖြစ် ပြန်ဖြာထွက်သွားကာ ပိုင်ယွမ်လီနှင့် လီချန်းလုံတို့ထံ ရစ်ပတ်ရန် တိုးဝင်လာပြန်သည်။
“တောက်! ငါ့နားက ထွက်သွားကြစမ်းကွာ”
ပိုင်ယွမ်လီ ဒေါသတကြီးအော်ပြီး ဓားကို ရမ်းလိုက်သဖြင့် သစ်မြစ်များမှာ ခဏတာမျှ အနားမကပ်နိုင် ဖြစ်သွားပါသည်။
ထိုစဉ်...
ဝုန်း
သူတို့ခေါင်းထက်မှ အသံကျယ်တစ်သံ ထွက်လာသည်။
“ဘာလဲဟ”
ပိုင်ယွမ်လီတို့ နှစ်ဦးသား မော့ကြည့်လိုက်ရာ လေထုလမ်းကြောင်းတစ်ခု တဖြည်းဖြည်း ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထို့နောက်တွင် ၎င်းေလထုလမ်းေကြာင်းထဲမှ လူရိပ်တစ်ခု ထွက်လာ၏။
အားလုံးမှာ ထိုလူရိပ်ကိုကြည့်ရင်း မျက်လုံးပြူးကုန်ကြသည်။
“ဒါ... ကောင်းကင်ဘုံသားတော် မဟုတ်လား”
တစ်ယောက်က အံ့ဩတကြီး အော်လိုက်သည်။
“ကောင်းကင်ဘုံသားတော် ... ကျုပ်ကို ကယ်ပါဦးဗျာ။ ကျုပ်က သခင်ကြီးအပေါ် သစ္စာရှိတဲ့သူတစ်ေယာက်ပါ ”
အရှုပ်အထွေးဓားရေကန်ဘေးတွင် ရှိနေသော သစ်မြစ်များဖြင့် အပတ်ခံထားရသူတစ်ဦးက သူ့ကိုမြင်သည်နှင့် ဝမ်းသာအားရ အော်လိုက်သည်။
“ ကောင်းကင်ဘုံသားတော်… ကျုပ်လဲ သခင်ကြီးရဲ့ သစ္စာခံအဖြစ် ကျိန်ဆိုပါ့မယ် .. ကျေးဇူးပြုပြီးတော့ ကျုပ်အသက်ကို ကယ်ေပးပါဗျာ”
၎င်းကိုမြင်သော အခြားတစ်ယောက်ကလည်း အော်ပြောသည်။
“ကောင်းကင်ဘုံသားတော် ... ကျုပ်ရဲ့ ညီမဝမ်းကွဲက သခင်ကြီးရဲ့ ကိုယ်လုပ်တော်ပါ။ ကျေးဇူးပြုပြီး ကျုပ်ကို အရင်ကယ်ပေးပါဗျာ ”
" ကောင်းကင်ဘုံသားတော် ... ဟိုကောင်တွေအားလုံးက... ထျန်းယွမ်ကမ္ဘာက လူတွေပါ။ သူတို့က သခင်ကြီးရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ သခင်လေး နျဲ့လင်နဲ့ တခြားသူေတွကို သတ်ပစ်ခဲ့ကြပါတယ် "
အနားတဝိုက်မှ လူများစွာပင် ကောင်းကင်ဘုံသားတော်အား ကယ်တင်ရှင်အမှတ်ဖြင့် အော်ဟစ်အကူအညီတောင်းလိုက်ကြပါသည်။
အသက်ရှင်လိုဇောဖြင့် ထျန်းယွမ်ကမ္ဘာမှ လူများကိုပင် အပြစ်ပုံချစပြုလာပါ၏။
"မင်းတို့တွေ ... ရွံစရာကောင်းလိုက်ကြတာ "
တစ်ဖက်မှ ထျန်းယွမ်ကမ္ဘာသားများမှာလည်း ထိုစကားများကို ကြားသည်နှင့် ဒေါသူပုန်ထသွားကြတော့သည်။
သို့သော် လက်ရှိတွင် အားလုံးမှာ သစ်မြစ်များကိုသာ အာရုံစိုက် ခုခံနေရချိန်ဖြစ်သဖြင့် ထိုသူများအား ဘာမှ မလုပ်နိုင်ကြသေးပါချေ။
သို့သော် ကောင်းကင်ဘုံသားတော်ကမူ လူအုပ်၏စကားကိုကြားသည့်တိုင် ဘာခံစားချက်မှ မရှိသည့်မျက်နှာထားဖြင့်သာ စိုက်ကြည့်နေပါ၏။
“ဟင်... အရှင်မင်းသား ကျေးဇူးပြုပြီး တစ်ခုခု ပြောပါဦးဗျာ”
တစ်ယောက်က မေနနိုင်တော့ဘဲ ကောင်းကင်ဘုံသားတော်အား အားကိုးတကြီး ငိုယို အော်ဟစ်တောင်းပန်လိုက်သည်။
“ ဟုတ်ပါတယ် အရှင်မင်းသား ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်ပါဦးဗျာ။ အရှင်မင်းသားက ဒီချင်းယွမ်ဒေသရဲ့ အနာဂတ်အရှင်သခင်ပါ ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်တင်ပေးပါဦး”
“မှန်ပါတယ်... အရှင်မင်းသားသာ ကျုပ်တို့ကို ကယ်မယ်ဆိုရင်၊ အရှင်မင်းသားအပေါ် ရိုင်းပျစော်ကားရဲတဲ့ ထျန်းယွမ်ကမ္ဘာက လူတွေကို ကျွန်တော်တို့ကိုယ်တိုင် ရှင်းပစ်ပါ့မယ် ”
ပတ်ဝန်းကျင်ရှိ လူများမှာ အသည်းအသန် အသနားခံနေကြဆဲပင်
ထိုစဉ်မှာပင် များစွာသော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ တိမ်တိုက်ကို ဖြတ်ကျော်ထိုးဖာက်ထွက်လာပြီးနောက်၊ ကြောက်မက်ဖွယ် အေးစက်စက် အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားသည်။
“အားလုံး ပါးစပ်ပိတ်ထားကြ ၊ မင်းတို့ ခုထိတောင် မမြင်သေးဘူးလားကွ။ ဒီဟာတွေအားလုံးက မင်းတို့ ကိုးကွယ်နေတဲ့ ကောင်းကင်ဘုံသားတော် ဖန်တီးထားတာတွေ။ သူကလား မင်းတို့ကို ကယ်မှာ .. စိတ်ကူးယဉ်မနေနဲ့!”
ပိုင်ယွမ်လီ ဒေါသတကြီး အော်ငေါက်လိုက်၏။
လီချန်းလုံသည်လည်း ဘာမှမပြောသည့်တိုင် သူ့မျက်လုံးများထဲ ဒေါသအရိပ်အငွေ့တို့ လက်နေပါသည်။
ယခုကိစ္စများအားလုံးက ကောင်းကင်ဘုံသားတော်၏ လက်ချက်ဆိုသည်ကို သူသည်လည်း မသိဘဲမနေပါချေ။
“ဘာ... လျှောက်မပြောနဲ့! ကောင်းကင်ဘုံသားတော်က ကျုပ်တို့ကို ဘာလို့ တိုက်ခိုက်ရမှာလဲ”
“မှန်တယ်၊ ပိုင်ယွမ်လီ... မင်း လျှောက်မပြောနဲ့! မင်းက လောထျန်းဘက်တော်သား ဖြစ်နေပြီမို့ ကောင်းကင်ဘုံသားတော်ကို မဟုတ်မမှန် စွပ်စွဲနေတာ ”
“လောထျန်းက ဘာမို့လို့လဲ။ သူက အရှုပ်အထွေး ဓားစိတ်ဆန္ဒကို ရထားတာတောင် ငါတို့ကို ဘာမှမျှပေးခဲ့တာမဟုတ်ဘူး။ ကောင်းကင်ဘုံသားတော်ကမှ တကယ့်လူ... သူက အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို ဦးဆောင် ဖွင့်ပေးခဲ့လို့သာ ငါတို့အားလုံး ဝင်ခွင့်ရခဲ့တာ။ ကောင်းကင်ဘုံသားတော်ရဲ့ စိတ်သဘောထားကြီးမားမှုကို မင်းလိုကောင်က လာပြီး မစော်ကားနဲ့ ”
အားလုံးမှာ အသက်ဘေးမှ လွတ်ရန် ရုန်းကန်နေရသည့်တိုင် ကောင်းကင်ဘုံသားတော်ဘက်မှ ရှေ့နေလိုက်၍ အကာအကွယ်ပေးနေကြဆဲပင်။
ထိုအချိန်တွင်မှ ကောင်းကင်ဘုံသားတော်က အေးစက်စက် စကားဆိုလာသည်။
“ပိုင်ယွမ်လီ... လီချန်းလုံ... မင်းတို့နှစ်ယောက်က တကယ်ကို ပါးနပ်တာပဲ!”