Chaotic Body vs Chaotic Body
Vol. 69 Ch. 1004
“ဘယ်လို... အရှင်မင်းသားရဲ့စကားက ဘာအဓိပ္ပာယ်လဲ”
သူ့စကားကို ကြားလိုက်ရချိန်၌ လူများစွာပင် အံ့အားသင့်သွားကြသည်။
ထိုစဉ် လီချန်းလုံက ဒေါသတကြီး ပြော၏။
“မင်းတို့အားလုံး မျက်စိကန်းနေကြတာလား။ ဒီ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတွေက ငါတို့အားလုံးကို တိုက်ခိုက်နေပေမဲ့ သူ့ကိုကျတော့ အနားတောင် မကပ်ဘူးလေ ”
“ဒါ... ဒါက...”
လူအုပ်ကြီးမှာ လီချန်လုံပြောမှ အလင်းတန်းများအား ထပ်ကြည့်မိလိုက်ပြီး ၊ အမှန်တကယ်လည်း ၎င်းအလင်းတန်းများမှာ ကောင်းကင်ဘုံသားတော်အား ရှောင်ကွင်းသွားကြသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ဘုံသားတော်က လှောင်ပြုံးတစ်ခု ပြုံး၍ဆိုပါသည်။
“အရူးကောင်တွေပဲကွ .. ဒီအရှုပ်အထွေး နတ်ဘုရားမြို့တော်ဆိုတာ ထိပ်တန်းလျှို့ဝှက်ေဒသတစ်ခုပဲ။ မင်းတို့လို အမှိုက်ကောင်တွေကို ငါက ဘာကြောင့်မို့ ဒီထဲကို အလကား ပေးဝင်တယ် ထင်နေတာလဲ”
လူတစ်ယောက်က အသံတုန်တုန်ဖြင့် မေးလိုက်သည်။
“မင်းသားကိုယ်တိုင် ပြောခဲ့တာလေ ... အရှုပ်အထွေး မဟာတာအိုကို ပြည့်စုံစေဖို့ ဒီကမ္ဘာမှာရှိတဲ့ ပါရမီရှင်တွေအားလုံးကို အရှုပ်အထွေးခန္ဓာကိုယ် ရအောင် ကျင့်ကြံခိုင်းပြီးမှ တစ်ယောက်ချင်းစီကို အနိုင်ယူသွားမယ်ဆိုတာလေ ”
ကောင်းကင်ဘုံသားတော်က လှောင်ပြုံးဖြင့်ပင် ပြန်ပြော၏။
“ငါ အရှုပ်အထွေး မဟာတာအိုလမ်းစဉ်ကို ပြည့်စုံစေဖို့ ရည်ရွယ်တာကတော့ အမှန်ပဲ။ ဒါပေမယ့် မင်းတို့လို အမှိုက်တွေက ငါ အနိုင်ယူတာကို ခံရဖို့တောင် အရည်အချင်း ရှိလို့လားကွာ။ မင်းတို့အားလုံးက ငါ့အတွက် ယဇ်ပူဇော်ဖို့ပစ္စည်းတွေသက်သက်ပဲ ”
“ဘာပြောလိုက်တယ်!”
တဖက်လူ လွန်စွာ တုန်လှုပ်သွားတော့သည်။
ကောင်းကင်ဘုံသားတော်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်ပြော၏။
“ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ အရှုပ်အထွေးစွမ်းအင်တွေ အများကြီး ရှိတယ်ကွ။ ဒီကိုဝင်လာတဲ့သူတိုင်းကလဲ ကိုယ်တိုင် မသိထားမိဘဲ အဲ့ဒီစွမ်းအင်တွေကို စုပ်ယူနေကြတာ ”
“ဒါပေမယ့် လူတစ်ယောက်ချင်းစီ စုပ်ယူမိတဲ့ ပမာဏကတော့နည်းလွန်းတယ်။ ဒါပေမယ့် လူပေါင်း သန်းရာနဲ့ချီပြီး စုပ်ယူထားတဲ့ စွမ်းအင်တွေ အားလုံးကို ပေါင်းလိုက်ရင်တော့ ပမာဏက များသွားတာပေါ့”
“ဒါကြောင့်မို့ ငါ့ရဲ့ အစီစဉ်က မင်းတို့အားလုံးကို မြို့တော်ထဲ အရင် ခေါ်သွင်းမယ်။ ပြီးမှ ယဇ်ပူဇော်ပွဲကတစ်ဆင့် မင်းတို့ကိုယ်ထဲက အရှုပ်အထွေးစွမ်းအင်နဲ့ မသေမျိုးစွမ်းအင်တွေ အားလုံးကို အကုန်စုပ်ယူပြီးတော့ ငါ့ကိုယ်ပိုင်ဖြစ်အောင် ပြန်သန့်စင်ဖို့ပဲ”
“အဲ့အချိန်ကျရင် စုဆောင်းလို့ရထားတဲ့ အရှုပ်အထွေးစွမ်းအင်တွေနဲ့ ငါ အရှုပ်အထွေး မဟာတာအိုလမ်းစဉ်ထဲကို အပြည့်အဝ ရောက်သွားနိုင်မှာ”
“အဲ့ကျ အရှုပ်အထွေးခန္ဓာကိုယ်ကို ရရုံတင်မကဘူး၊ မသေမျိုးဧကရာဇ်အဆင့်ကိုပါ တိုက်ရိုက် ရောက်သွားမှာကွ ”
“ငါ တတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ် ဖြစ်လာတော့မှာ”
ကောင်းကင်ဘုံသားတော်မှာ ရူးသွပ်နေသူတစ်ဦးလိုပင် ပြောနေတော့သည်။
လူများမှာလည်း သူ့စကားကိုကြားပြီး မျက်နှာကိုယ်စီ ပျက်ကုန်ကြတော့၏။
“အရှင်မင်းသား... ဆိုလိုတာက... ကျုပ်တို့ရဲ့ အရှုပ်အထွေးစွမ်းအင်တွေနဲ့ အသက်စွမ်းအားတွေကို စုပ်ယူပစ်မယ်ပေါ့။ ဒါဆိုရင်... ကျုပ်တို့က ဘာဖြစ်သွားမှာလဲ”
တစ်ယောက်က တုန်တုန်ယင်ယင် မေးလိုက်သည်။
ကောင်းကင်ဘုံသားတော် အော်ရယ်လိုက်၏။
“မင်းတို့ကတော့ အခေါင်းထဲက အရိုးခြောက်တွေ ဖြစ်သွားမှာပေါ့ကွာ။ ဒါပေမဲ့ မင်းတို့ရဲ့ သေခြင်းတရားက ငါ့ကို မမသေမျိုးဧကရာဇ်အဆင့်ရောက်အောင် လုပ်ပေးမှာဆိုတော့၊ ဒါဟာ မင်းတို့အတွက် ဘဝပေါင်း သောင်းချီပြီး ဆုတောင်းခဲ့မှ ရနိုင်တဲ့ ကောင်းချီးတစ်ခုပဲကွ ။ မင်းတို့က ငါ့ကို ကျေးဇူးတောင် တင်သင့်သေးတယ်”
ကြားလိုက်ရသော စကားကြောင့် မိုရှန့် မနေနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ရမယ် ဟုတ်လား .. မင်း ဘိုးအေကိုပဲ သွားပြီး ကျေးဇူးတင်လိုက် ”
“ဟင်...”
ကောင်းကင်ဘုံသားတော်က အသံလာရာသို့ ချက်ချင်းလှည့်ကြည့်သည်။
လက်ရှိတွင် မိုရှန့်မှာ အရှုပ်အထွေး အလင်းတန်းတစ်ခု၏ ရစ်ပတ်ခြင်းကို ခံထားရေသာ်လည်း ၊ သူကိုယ်တိုင်က အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံထားသဖြင့် ထိုအလင်းတန်းနှင့် ယှဉ်၍ တောင့်ခံနိုင်နေသေးပါသည်။
၎င်းကို မြင်သော ကောင်းကင်ဘုံသားတော် မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
“မင်းက အရှုပ်အထွေးခန္ဓာကိုယ်ကို တကယ် ကျင့်ကြံထားနိုင်တာလား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ”
သူ ပြောပြောဆိုဆိုပင် မိုရှန့်ရှေ့သို့ ဖျတ်ခနဲ ရောက်လာသည်။
မိုရှန်ံမှာ ၎င်းကိုမြင်ပြီး အနည်းငယ်လန့်သွားသော်လည်း ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးထဲ၌ လူသတ် အရိပ်အငွေ့တို့ ဖျတ်ခနဲ လက်သွားပါ၏။
“ဓားတစ်လက်၊ လောကသုံးထောင်!”
ထို့နောက်တွင် မိုရှန့် အော်ကာ ကောင်းကင်ဘုံသားတော်အား ဓားဖြင့် ခုတ်ချလိုက်သည်။
ချွှင် ...
ဓားကမ္ဘာတစ်ခု တမဟုတ်ချင်း စုစည်းလာကာ ကောင်းကင်ဘုံသားတော်ကို လွှမ်းခြုံလာသည်။
သို့သော် မိုရှန့်မှာ ထိုမျှနှင့် အားမရသေးဘဲ သူ့ အရှုပ်အထွေး ဓားစိတ်ဆန္ဒကိုပါ ထပ်ထုတ်လိုက်၏။
ဝုန်း!
တခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးထိတိုင် ဖြန့်ကျက်နေသော ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခု သူ့အား လွှမ်းခြုံလာပါတော့သည်။
“အရှုပ်အထွေးဓား!”
မိုရှန့် ထပ်အော်လိုက်ပြီး လောကသုံးထောင် ဓားကမ္ဘာဆီသို့ နောက်ထပ် ဓားချက်တစ်ခုကို ထပ်မံထုတ်လွှတ်လိုက်၏။
ထိုဓားချက်၏ အစွမ်းမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပါသည်။
၎င်းအစွမ်းက သူ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်ထက်ပင် ကျော်လွန်နေသည်မှာလည်း သိသာလှပါ၏။
“အိုး... အဘိုးကြီးပိုင်၊ ခင်ဗျားရဲ့ တပည့်ကတော့ ဆရာထက် လက်စွမ်းသာနေပြီပဲ”
လီချန်းလုံတစ်ယောက် ထိုသိုင်းကွက်ကို ကြည့်ပြီး မနေနိုင်ဘဲ တအံ့တသြချီးကျူးလိုက်မိသည်။
မိုရှန့်က ထုတ်ပြလိုက်သည့် အစွမ်းက သူ့အား တုန်လှုပ်အောင် လုပ်နိုင်ခဲ့သည်မှာ အမှန်ပါပင်။
အကယ်၍သာ ထိုဓားချက်က သူ့ကို ဦးတည်ထားခဲ့မည်ဆိုလျှင်... သူ ၎င်းကို တားနိုင်လိမ့်မည် မထင်ပါချေ။
၎င်းမှာ အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ အစွမ်းအားပေလား...
သို့သော်... ထိုစဉ်တွင် ..
မိုရှန့်၏ ဓားချက်က တစ်စုံတစ်ခုနှင့် တိုက်မိသွားသည့်အလား ရုတ်တရက် ရပ်တန့်သွား၏။
ထိုစဉ်မှာပင် ဓားလောကသုံးထောင် ဓားကမ္ဘာအတွင်းထဲမှ အေးစက်စက် လှောင်ရယ်သံတစ်ခု ထွက်လာပါသည်။
“ဓားသိုင်းကနေတစ်ဆင့် မဟာတာအိုကို ရောက်ထားတာ တကယ် မဆိုးပါဘူး။ တခြားခေတ်တွေမှာဆိုရင်တော့ မင်း အောင်မြင်မှုတစ်ခု ရနိုင်မှာ ဆိုပေမဲ့၊ ကံဆိုးတာက ဒီခေတ်မှာတော့ မင်းဟာ သဲတစ်ပွင့်ထက် ဘာမှ ပိုမဖြစ်နိုင်တာပဲ”
စကားအဆုံးတွင်...
ဂွပ်... ဂွပ်...
တဖက်မှ ဓားလောကသုံးထောင် ဓားကမ္ဘာ တဖြည်းဖြည်း စတင်အက်ကွဲလာကာ ... မျက်စိတစ်မှိတ်အတွင်းမှာပင် ဘာမှမကျန်တော့သည်အထိ ပျက်စီးသွားပါတော့သည်။
ကောင်းကင်ဘုံသားတော်လည်း ပြန်ပေါ်လာ၏။
လက်ရှိတွင် သူ့ကိုယ်ကို အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများစွာ ရစ်ပတ်နေကာ လက်နှစ်ဖက် နောက်ပစ်၍ မျက်နှာကြီး မော်ချီနေ၏။
မိုရှန့်၏ ဓားမှာလည်း သူ့ရှေ့ သုံးပေအကွာတွင် ရပ်တန့်နေပြီး ရှေ့ဆက်တိုးနိုင်ဟန် မတူပေ။
“ဘယ်လိုဖြစ်ပြီး ...”
မိုရှန့် တုန်လှုပ်လွန်း၍ မျက်လုံးများ ပြူးသွားရသည်။
သူ၏ အပြင်းထန်ဆုံး ဓားချက်မှာ ရန်သူ့ခန္ဓာကိုယ်ကိုတောင် မထိနိုင်ခဲ့ဘူးတဲ့လား...
သူနဲ့ ကောင်းကင်ဘုံသားတော်ကြားမှ ကွာဟချက်က ဒီလောက်တောင် ကြီးနေတာလား
ထိုစဉ် ကောင်းကင်ဘုံသားတော်က မျက်မှောင်အနည်းငယ် ကြုံ့လိုက်ရာ ...
ဝုန်း!
မိုရှန့်၏ ဓား အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့၏။
ဝှစ်!
ထို့နောက် ကောင်းကင်ဘုံသားတော် လှစ်ခနဲ ပျောက်ကွယ်သွားကာ ...
တခဏအကြာမှာပင် မိုရှန့် ဘေး၌ မိုရှန့်အား လက်ညှိုးတစ်ချောင်းဖြင့် ချိန်၍ ပြန်ပေါ်လာသည်။
“မြန်လိုက်တာ!”
မိုရှန့် ၎င်းကို မြင်ကာ တုန်လှုပ်သွားပြီး အမြန်ကာကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် ... နတ်ဘုရားသားတော်၏ လက်ညှိုးရွေ့လျားပုံက အလွန်ပင် နှေးကွေးနေပုံရသည့်တိုင် ... မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ထိုတိုက်ကွက်ကို သူ မည်သို့မျှ ရှောင်တိမ်း၍ မရနိုင်သလို မိုရှန့် ခံစားလိုက်ရသည်။
မိုရှန့် မည်သို့မှ မတတ်နိုင်တော့ဘဲ ဓားကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်ကာ၍သာ ရန်သူ့တိုက်ကွက်ကို ကာကွယ်ရန် လုပ်လိုက်ရတော့၏။
ချွှင် ... ချွှင် ... ချွှင်...
မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် မိုရှန့်တစ်ယောက် သူ့ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သော ဓားကမ္ဘာအကာအကွယ်များ စုစည်းလိုက်သည်။
သို့သော် ကောင်းကင်ဘုံသားတော်၏ လက်ညှိုးနှင့် တွေ့ချိန်တွင်မူ ထိုဓားကမ္ဘာများအားလုံးမှာ ပူဖောင်းများသဖွယ် တဖျတ်ဖျတ် ပေါက်ကွဲပျက်စီးသွားပါတော့သည်။
သူ မည်သို့မှ မခုခံနိုင်လိုက်ပါချေ!
ကောင်းကင်ဘုံသားတော်၏ လက်ညှိုးက သူ့ရင်ဘတ်ဆီသို့ တိုးဝင်လာသည်ကိုသာ မိုရှန့်တစ်ယောက် ဘာမှမတတ်နိုင်ဘဲ မျက်လုံးပြူး ကြည့်နေရပါတော့၏။
ဇွပ်
တခဏအတွင်းမှာပင် မိုရှန်း၏ ရင်ဘတ် ချိုင့်ဝင်သွားကာ သူ့ နံရိုးများလည်း အကုန်နီးပါး ကြေမွသွားတော့သည်။ သူ့ကိုယ်ကို ရစ်ပတ်ထားသော အရှုပ်အထွေးနတ်ဘုရားအလင်းတန်းမှာလည်း ထိုးဖောက်ခံလိုက်ရ၏။
မိုရှန့် သွေးတစ်ချက် အန်လိုက်ပြီးနောက် ကောင်းကင်ထက်မှ အရှိန်ဖြင့် ပြုတ်ကျလာတော့သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း မှင်သက်သွားကြ၏။
နှစ်ဦးစလုံးမှာ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်များ ဖြစ်ကြသည့်တိုင် မိုရှန့်မှာ ကောင်းကင်ဘုံသားတော်၏ လက်ညှိုးတစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားရလေပြီ။
ကောင်းကင်ဘုံသားတော်မှာ အမှန်တကယ် ကောင်းကင်ဘုံက ရွေးချယ်ထားသူပေလား ...
“မိုရှန့်!”
အဝေးမှ ပိုင်ယွမ်လီမှာ သူ ချစ်လှစွာသော တပည့်ကျော် ဒဏ်ရာအပြင်းအထန် ရသွားသည်ကို မြင်ပြီး ရူးမတတ်ပင် ဖြစ်သွားသည်။
ထိုစဉ်မှာပင် အစောက မိုရှန့်အား တိုက်ခိုက်နေခဲ့သည့် သစ်မြစ်များက သူ့ကို ရစ်ပတ်ကာ လေထဲတွင် ဆွဲထားလိုက်သည်။ မိုရှန့်မှာ မျက်လုံးများ မှိတ်နေပြီး အသက်ရှင်၊ မရှင်ပင် မသေချာပါချေ။
ကောင်းကင်ဘုံသားတော်က သူ့ကို အေးစက်စက် ကြည့်ရင်း ပြော၏။
“မစိုးရိမ်ပါနဲ့၊ သူက အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံထားတဲ့သူဆိုတော့ ယဇ်ပူဇော်တဲ့နေရာမှာ အသုံးဝင်သေးတယ်။ သူ့ကို အခု အသေမခံသေးပါဘူး”
ပိုင်ယွမ်လီမှာ သူ့တပည့် အသက်ရှိသေးကြောင်း သိလိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားပံုေပါ်၏။
သို့သော် ထိုစဉ်မှာပင်...
ဝှစ်!
ကောင်းကင်ဘုံသားတော် နေရာမှ လှစ်ခနဲပျောက်သွားကာ ပိုင်ယွမ်လီရှေ့သို့ ရောက်လာပြန်သည်။
“ဒါ...”
ပိုင်ယွမ်လီ မျက်လုံးပြူးသွားပြီး ဘာမှစဉ်းစားမနေဘဲ ဓားဖြင့် ခုတ်ချလိုက်၏။
သို့သော်... ကောင်းကင်ဘုံသားတော်က သူ့ဓားချက်အား လက်ညှိုးတစ်ချောင်းတည်းဖြင့် တားလိုက်ပြန်ပါသည်။
ကျွတ်ဆတ်ဆတ် အသံတစ်ခုနှင့်အတူ သူ့ လက်မောင်းတစ်ခြမ်း ထုံကျဉ်သွားသည်ကို ပိုင်ယွမ်လီ ခံစားလိုက်ရပြီး လက်ထဲမှ ဓားမှာလည်း လွတ်ကျလုနီးပါး ဖြစ်သွား၏။
“ဘယ်လိုဖြစ်ပြီးတော့ ... ဒီလိုအစွမ်းမျိုး ရှိနေရတာလဲ”
ပိုင်ယွမ်လီမှာ ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်မိလိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်ဘုံသားတော်က လက်ဆန့်၍ သူ့အား ဖမ်းဆုပ်လိုက်ပြန်သည်။