The Seven Chaos Weapons
Vol. 69 Ch. 1014
နောက်တစ်ခဏ၌ လောထျန်း မျက်လုံးများ ပြန်ဖွင့်လာသည်။
“ဟင် သခင်လေး လောထျန်း ဘယ်လိုလဲဟင်”
ယွဲ့လီက ချက်ချင်းပင် စိုးရိမ်တကြီး မေး၏။
လောထျန်း ခေါင်းကုတ်လိုက်သည်။
“ဖြေရှင်းလိုက်ပြီ”
“ရှင်... ဘယ်လို ဖြေရှင်းလိုက်တာလဲ”
ယွဲ့လီ အံ့အားသင့်သွားပါသည်။
လောထျန်းက တည်ငြိမ်စွာဖြင့်ပင် ပြန်ပြော၏။
“တကယ်တော့ တစ်ခုခုက ကျုပ်ရဲ့စွမ်းအင်ပင်လယ်ထဲ ဝင်လာခဲ့တာ၊ အခုတော့ အဲ့ဒါကို သန့်စင်လိုက်ပြီ”
ယွဲ့လီတစ်ယောက် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။
“ပြီးတော့ရော ဘာဆက်ဖြစ်လဲ ”
လောထျန်းက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးပါ၏။
“ပြီးတော့ ဖြေရှင်းပြီးသွားပြီမဟုတ်ဘူးလား”
ယွဲ့လီမှာ အခြေအနေကို ဝေခွဲမရနိုင် ဖြစ်သွားရတော့သည် ။
ထိုအရာမှာ ကောင်းကင်ဘုံသားတော်၏ အကွက်ဆင်မှု မဟုတ်ပါလား ...
ပြဿနာက ဤမျှ လွယ်လွယ်ကူကူ ပြေလည်သွားသတဲ့လား။
“ဒါဆို တစ်ခုခု နေလို့မကောင်းတာမျိုးရော ခံစားရသေးလားဟင်”
သူမက အတန်ကြာစဉ်းစားပြီးမှ ထပ်မေးလိုက်သည်။
လောထျန်းက ခေါင်းယမ်းပြပပါ၏။
“မရှိပါဘူး”
သူ ထိုသို့ ပြောပြီးစအချိန်မှာပင် ...
ဝုန်း
လောထျန်း၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်လာသည်။
“အား”
ယွဲ့လီတစ်ယောက် ၎င်းကို မြင်ပြီး ထိတ်လန့်သွားရှာ၏။
ကောင်းကင်ဘုံသားတော်၏ အကြံအစည်က ယခုမှသာ စတင်ခြင်းပေလား။
ဘေးတွင် ရပ်နေသော လောထျန်းကိုယ်တိုင်မှာလည်း အံ့အားသင့်သွားရပါသည်။
ဘယ်လို ဖြစ်ရတာပါလိမ့်။
ထိုစဉ်မှာပင် သူ့ခန္ဓာကိုယ်မှ ထွက်နေသော အလင်းတန်းများက အရောင်ပိုတောက်လာခဲ့သည်။
နောက်ဆုံးတွင် ထိုအလင်းများက အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားတော့၏။
“ဟင် .. ဒါက”
ထို အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများကို မြင်လိုက်ရသည့်အခါ ယွဲ့လီ လုံးဝပျာယာခတ်သွား၏။
ဤအရှုပ်အထွေး နတ်ဘုရားအလင်းတန်းများမှာ သူမအတွက် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ချေပြီ။
“တစ်နေရာရာက နေလို့မကောင်းတာမျိုး ရှိလား”
ဘေးမှ လုံယီရွှယ်ကလည်း လောထျန်းအား စိုးရိမ်တကြီး မေးလာသည်။
လောထျန်းက ခေါင်းကိုသာ ယမ်းပြပါ၏။
“မရှိဘူး”
သူ ထိုသို့ ပြောပြီးချိန်မှာပင် ...
ဘုန်း
လောထျန်း၏ ခန္ဓာကိုယ်အတွင်းမှ ခပ်အုပ်အုပ် မီးထစ်ချုန်းသံကြီးတစ်ခု ထွက်လာပါသည်။
ချက်ချင်းဆိုသလိုပင် သူ၏နောက်ကျောဘက်၌လည်း မထင်မရှား ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။
“ဟင် ဒါက”
လောထျန်း နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ဘာဖြစ်နေသည်ကို ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။
“ဒါက အရှုပ်အထွေးခန္ဓာကိုယ် နောက်ထပ်အဆင့်တစ်ခုကို တက်သွားတာလား”
သူက အံ့ဩတကြီး ရေရွတ်လိုက်သည်။
နောက်တစ်ခဏတွင်
ဝုန်း
လောထျန်း၏ ဦးခေါင်းထက်ရှိ အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မရေမတွက်နိုင်သော ထွင်းစာများ တစ်ခုနှင့်တစ်ခု ထပ်လျက် ပေါ်ထွက်လာသည်။
ထို့နောက်တွင် ၎င်းထွင်းစာများက အရှုပ်အထွေးမဟာတာအို တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
အရှုပ်အထွေးမဟာတာအို၏ အလယ်သို့ ရောက်နေသည့် လောထျန်းတစ်ယောက် သူ့ခန္ဓာကိုယ်က ယခင်ထက် များစွာ ပိုအစွမ်းထက်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ...
အရှုပ်အထွေးမဟာတာအိုအတွင်း၌ ပုံရိပ် ၆ ခု တဖြည်းဖြည်း ပေါ်လာပါ၏။
ထိုအရိပ် ၆ ခုမှာ လောထျန်းအား ကျောခိုင်း၍ ရပ်နေကြကာ တစ်ဦးချင်းစီတွင်လည်း လက်နက်တစ်ခုစီ ပါရှိကြ၏။
လောထျန်း ထိုအရိပ်များကို လှမ်းကြည့်လိုက်သည်နှင့် ထိုလက်နက် ၆ ခုမှာ အခြားမဟုတ်ဘဲ ‘အရှုပ်အထွေးလက်နက် ၆ မျိုး’ ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားခဲ့သည်။
သူ ယခင်ကလည်း ထိုလက်နက်များကို သုံးစွဲခဲ့ဖူးသည် မဟုတ်ပါလား။
၎င်းတို့မှာ မူလမသေမျိုးလက်နက်များထက်ပင် ပိုအစွမ်းထက်ကြပါသည်။
သို့သော် ယခု မြင်နေရသည့် လက်နက်ခြောက်ခုမှာ သူ ယခင်က သုံးခဲ့ဖူးသော အရှုပ်အထွေးလက်နက် ၆ မျိုး၏ ပုံရိပ်ယောင်များထက် သိသိသာသာ ပိုမိုအစွမ်းထက်ဟန် တူပါသည်။
ဒီထက်ပိုပြောရလျှင် အဆမတန် အစွမ်းကြီးသည်ဟု ဆိုရမလို။
“ဒါက အရှုပ်အထွေးလက်နက် ၆ မျိုးရဲ့ ပုံရိပ်အစစ်တွေလား။ ပုံရိပ်ယောင်ကနေ ပြောင်းလဲလာတာ မဟုတ်ဘူးပဲ”
လောထျန်း အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
ဝီ
ထိုအချိန်တွင် အရှုပ်အထွေးမဟာတာအိုအတွင်းမှ အလွန်သန့်စင်သော အရှုပ်အထွေးအစွမ်းများ တဖြည်းဖြည်း စီးဆင်းလာပြီး လောထျန်း၏ရှေ့မှောက်သို့ ရောက်လာကြပါသည်။
တစ်ပြိုင်နက်တည်းမှာပင် မဟာတာအိုလမ်းစဥ်ပေါ်မှ ပုံရိပ် ၆ ခုကလည်း ခေါင်းများ တဖြည်းဖြည်း လှည့်လာကြ၏။
ထိုဝေဝေဝါးဝါး ပုံရိပ်များမှာ လောထျန်းအား စိုက်ကြည့်နေသကဲ့သို့ပင်။
ဝီ
လောထျန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ထိုအရှုပ်အထွေးအစွမ်းများက သူ့ရှေ့ ဝဲပျံလာကြ၏။
နောက်တစ်ခဏ၌ မဟာတာအိုအစွမ်း စီးဆင်းလာကာ လောထျန်း၏ အသိစိတ်ပင်လယ်ထဲသို့ သတင်းအချက်လက်အချို့ တိုးဝင်လာခဲ့သည်။
“ဟင် ဒါက .... ငါ့ကို အရှုပ်အထွေးမဟာတာအိုအစွမ်း သုံးပြီး လက်နက်တစ်ခု သန့်စင်ခိုင်းနေတာလား”
လောထျန်း အံ့ဩတကြီး မေးလိုက်မိ၏။
ထို့နောက် သူ ပုံရိပ် ၆ ခုကို မော့ကြည့်ကာ ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားပါသည်။
“ဒါဆို ဟို အရှုပ်အထွေးလက်နက် ၆ ခုကလည်း ဒီနည်းလမ်းနဲ့ပဲ ဖြစ်လာခဲ့ကြတာလား”
“အရှုပ်အထွေးခန္ဓာကိုယ်ကို အထွတ်အထိပ်အထိ ကျင့်နိုင်သူတိုင်း နောက်ဆုံးမှာ အရှုပ်အထွေးမဟာတာအိုကို သုံးပြီး ကိုယ်ပိုင်လက်နက်တစ်ခု သန့်စင်နိုင်တာပေါ့”
လောထျန်း မအံ့ဩဘဲ မနေနိုင်တော့ပေ။
သို့သော် သူ အကြာကြီး မစဉ်းစားနိုင်ခင်မှာပင် အရှုပ်အထွေးမဟာတာအိုအစွမ်းက အလိုအလျောက် စတင်လည်ပတ်လာပါ၏။
၎င်းကို မြင်ပြီး လောထျန်း နားလည်သွားပါသည်။
အကယ်၍သာ သူ ယခု မလှုပ်ရှားလျှင် ထိုအရှုပ်အထွေးမဟာတာအိုများက အလိုအလျောက် ပြောင်းလဲသွားကြပေတော့မည်။
“မဖြစ်ဘူး၊ ငါ့ရဲ့လမ်းကို တခြားအရာတစ်ခုက လာပြီး ထိန်းချုပ်တာမျိုး အဖြစ်မခံနိုင်ဘူး”
လောထျန်း စိတ်ထဲမှ တွေးကာ ချက်ချင်းပင် လက်နက်ကို စတင်သန့်စင်လိုက်တော့သည်။
ဝီ
တခဏအတွင်းမှာပင် အရှုပ်အထွေးအစွမ်းများက သူ၏ စေခိုင်းမှုအောက်၌ စတင်လည်ပတ်လာကြ၏။
သို့သော် ထိုနောက်တွင်မူ လောထျန်း ပြဿနာတစ်ခုနှင့် ရုတ်တရက် ကြုံတွေ့ရတော့သည်။
“ဘယ်လိုလက်နက်မျိုး လုပ်ရင်ေကာင်းမလဲ”
လောထျန်း မျက်မှောင်ကြုံ့လိုက်၏။
ထိုအရှုပ်အထွေးလက်နက် ၆ ခုထဲတွင် ဓား၊ လှံ စသည့် လက်နက်များ ရှိနှင့်ပြီးသား ဖြစ်ပါသည်။
သို့ဖြစ်ရာ သူသာ အလားတူလက်နက် နောက်တစ်ခု ထပ်လုပ်ပါက ထပ်နေတော့မည်မဟုတ်ပါလား။
ထို့ကြောင့် သူသည် ထိုစိတ်ကူးကို ချက်ချင်း လက်လျှော့လိုက်သည်။
သို့သော် သူ ပုံမှန်သုံးစွဲနိုင်မည့် ဓားမဟုတ်သော အရာတစ်ခုကို စဉ်းစား၍လည်း မရပြန်ပေ။
သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင်
ဂွီ...
မပီမပြင် အသံတစ်ခု လောထျန်း ကြားလိုက်ရ၏။
“ဟင်”
လောထျန်း ချက်ချင်းပင် လုံယီရွှယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လုံယီရွှယ်က ရှက်ကိုးရှက်ကန်းဖြင့် ပြောရှာ၏။
“တောင်းပန်ပါတယ်။ ကျွန်မ နည်းနည်း ဗိုက်ဆာသွားလို့”
၎င်းကို မြင်လိုက်သည်နှင့် လောထျန်းမှာ ချက်ချင်းပင် အကြံတစ်ခု ရလိုက်တော့သည်။
“ရပြီ ဒါပဲ”
သူ ပြောပြောဆိုဆိုပင် သန့်စင်ခြင်းလုပ်ငန်းကို စတင်လိုက်ပါတော့သည်။
ဘုန်း
နောက်တစ်ခဏ၌ အရှုပ်အထွေးအစွမ်းများက လောထျန်း၏ ထိန်းချုပ်မှုအောက်တွင် အဆက်မပြတ် စီးဆင်းလာကာ စုစည်းသွားကြသည်။
နောက်ဆုံးတွင်ကား သေချာ ပုံပေါ်လာ၏။
ဂျိန်း
ထိုအရာ ပုံပေါ်လာသည်နှင့် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခုလည်း ၎င်းထံမှ ပေါက်ထွက်လာပါသည်။
တစ်လောကလုံးပင် တုန်ခါသွားပါ၏။
“ဒါက... တကယ့်ကို အားကြီးတဲ့ အစွမ်းပဲ”
ယွဲ့လီက ၎င်းကို တွေ့ပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ဒါ တကယ်အစစ်ကြီးလား။ မူလမသေမျိုးလက်နက်အသစ်တစ်ခု ပေါ်လာရင်တောင်မှ ဒီလို အစွမ်းမျိုး ရှိမှာမဟုတ်ဘူး”
ထိုင်ကာ စောင့်ဆိုင်းနေသော စိတ်ဝိညာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးသည်လည်း တုန်လှုပ်သွားပါ၏။
အကယ်၍သာ ထိုအရာက သူ့အား ဖိလာမည်ဆိုပါက သူ့စိတ်ဝိညာဉ်တစ်ခုလုံး အမှုန့်ဖြစ်သွားနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဤသို့ဖြင့် အချိန်အတန်ကြာသည့်နောက်တွင်မူ နတ်ဘုရားအလင်းတန်းများ တဖြည်းဖြည်း ငြိမ်ကျသွားပြီး ထိုအရာ၏ ပုံသဏ္ဌာန်က ပိုမိုထင်ရှားလာခဲ့ပါသည်။
“ဒီလောက်ကြီးကျယ်တဲ့ မြင်ကွင်းနဲ့ဆိုတော့ ဘယ်လို နတ်ဘုရားလက်နက်မျိုး ဖြစ်မလဲဆိုတာ သိချင်လိုက်တာ”
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
သို့သော် ထိုအရာကို သေသေချာချာ မြင်လိုက်ရသည့်အခါတွင်ကား သူတို့အာ
လုံး တစ်ယောက်တစ်မျိုးစီ တုံ့ပြန်လိုက်ကြပါ၏။
“ဟင်”
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးမှာ အံ့ဩတုန်လှုပ်သွားပြီး ....
“ဒါက”
ယွဲ့လီမှာမူ ဇဝေဇဝါ ဖြစ်သည့် မျက်နှာထားဖြင့် ရှိနေကာ ...
လုံယီရွှယ် တစ်ဦးတည်းသာလျှင် ...
“ဝါး ကောင်းလိုက်တာ၊ သိပ်ကောင်းတာပဲ”
ဟု စိတ်လှုပ်ရှားစွာ အော်ဟစ်နေပါသည်။
ယွဲ့လီက သူမဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် လောထျန်း သန့်စင်ခဲ့သော နတ်ဘုရားလက်နက်ကို ပြန်ကြည့်ကာ တီးတိုးလေး ရေရွတ်မိလိုက်သည်။
“ဒါက အိုး တစ်လုံးလား”
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးကလည်း ဆိုပါ၏။
“ကြည့်ရတာတော့ အဲ့လိုပဲ ၊ သိပ်တော့ မဝိုင်းပေမယ့်ပေါ့”
သူတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကိုယ်စီ မျက်လုံးများထဲ ရှိနေသော မယုံကြည်နိုင်ဖြစ်သည့် ခံစားချက်များကို တွေ့လိုက်ကြပါသည်။
ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းများဖြင့် ထုလုပ်ထားသည့် ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်မှာ တကယ်တော့ မဝိုင်းတဝိုင်း အိုးတစ်လုံး ဖြစ်နေခဲ့သတဲ့လား။
ဘာကြောင့်ပါလဲ။
သူတို့ နားမလည်နိုင် ဖြစ်နေသည်ကို သတိပြုမိဟန်ရှိသော လောထျန်းက ရယ်ကျဲကျဲဖြင့် ပြောလာပါသည်။
" ဟဲ ဟဲ ၊ ကျုပ်က တကယ် သုံးလို့ရမယ့် အရာတစ်ခုကိုပဲ လုပ်ချင်တာလေ ။ ကျုပ်မှာက ဓားတွေ ဘာတွေ ရှိပြီးသားဆိုတော့ ဟော့ပေါ့စားချင်တဲ့အခါ အချိန်မရွေး ချက်စားလို့ရအောင် အိုးတစ်လုံးပဲ လုပ်လိုက်တာ”
တဖက်လူနှစ်ဦး “.......”
ထိုအချိန်မှာပင်
ဂျိန်း
အရှုပ်အထွေးမဟာတာအိုအတွင်း၌ နတ်ဘုရားအလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။
လောထျန်း သန့်စင်ခဲ့သည့် အိုးမှာလည်း လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွား၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် မဟာတာအိုလမ်းစဥ်အတွင်း၌ သတ္တမမြောက် ပုံရိပ်တစ်ခု ဝေဝေဝါးဝါး ပေါ်လာပါသည်။
ထိုပုံရိပ်မှာ မရှင်းလင်းသေးသော်လည်း ၎င်း လောထျန်းဖြစ်ကြောင်း လုံးဝ အသေအချာပင်။
ဝှစ်
ထိုအချိန်မှာပင် အိုးက လောထျန်း၏ ပုံရိပ်ထံသို့ အလိုအလျောက် ပျံသန်းသွားကာ မဟာတာအိုနှင့် ပေါင်းစည်းသွား၏။
ဝုန်း ဝုန်း ဝုန်း
တစ်ချိန်တည်းမှာပင် အခြား အရှုပ်အထွေးလက်နက် ၆ မျိုးမှလည်း နတ်ဘုရားအလင်းများ တောက်ပလာပြီး ထိုအိုးကို ဝန်းရံလိုက်ကြသည်။
၎င်းကို မြင်သည့်အခါ လောထျန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရင်းပြော၏။
“အဲ့ဒါဆို အခုက ‘အရှုပ်အထွေးလက်နက် ၇ မျိုး’ ဖြစ်သွားတာပေါ့ ဟုတ်လား”
စာစဉ်ပြီး၏