← Chapters

Frenzied Absorption

Vol. 69 Ch. 1008

Frenzied Absorption

Vol. 69 Ch. 1008

"ဟင် .. သခင်လေးလောထျန်း... လွတ်မယ့်နည်း ရှာတွေ့ပြီလား"

ယွဲ့လီ အံ့ဩတကြီး မေးလိုက်သည်။

ထို အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများက လောထျန်းအား ရစ်ပတ်ထားခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူ မည်သို့မှ ရုန်းမထွက်နိုင်ခဲ့ပါချ။

ယခု လွတ်မည့်နည်းကို ရှာတွေ့ပြီဆိုလျှင် သူတို့ ထိုဒုက္ခမှ လွတ်မြာက်ပေတော့မည်။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောပါသည်။

"ဟင့်အင်း...မဟုတ်ဘူး"

"အင် .. "

ယွဲ့လီ ဆွံ့အသွား၏။

လွတ်လမ်းမရှိဘူးဆိုလျှင် အခြေအနေ မကောင်းဘူး မဟုတ်ပါလား။

သို့သော် လောထျန်းက တည်ငြိမ်စွာဖြင့် ဆက်ပြောပါ၏။

"လွတ်ဖို့နည်း ရှာမတွေ့ရင် ဒီတိုင်း မရုန်းဘဲ နေလိုက်ရုံပဲလေ"

"ဒါ... ဒါ ဘယ်လိုအဓိပ္ပါယ်လဲ"

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးသည်ပင် အူကြောင်ကြောင် ဖြစ်သွားတော့သည်။

လောထျန်းက အေးဆေးပင် ဆက်ပြော၏။

"သူက ငါ့အစွမ်းတွေကို စုပ်ယူနိုင်တယ်ဆိုရင်၊ ငါကရော ဘာလို့ သူ့အစွမ်းတွေကို ပြန်မစုပ်နိုင်ရမှာလဲ"

သူ့စကားကြောင့် အားလုံး အံ့ဩမှင်သက်ကုန်ကြပါသည်။

ထိုစဉ်မှာပင် လောထျန်းက မျက်လုံးကို အသာမှိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြော၏။

"ကောင်းကင်ဘုံ အသက်ရှူကျင့်စဉ် ... ရှူသွင်း "

လောထျန်းကို ပတ်နှောင်ထားသော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ တုန့်ခနဲ ရပ်သွားကြပြီးနောက်...

ဝုန်း!

အလင်းတန်းများအတွင်းမှ စွမ်းအင်များက ကျိုးပေါက်သွားသော တာတမံတစ်ခုသဖွယ် လောထျန်းဆီသို့ အလုံးအရင်းနှင့် ပြန်လည် စီးဝင်လာတော့သည်။

ဝုန်း

ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်စီးဆင်းမှုကြောင့် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများသည်ပင်လျှင် ပြိုကွဲလုနီးပါး ဖြစ်သွားရပါသည်။

ထိုအချိန်တွင် အရှုပ်အထွေး ဓားရေကန်၌...

ဝုန်း!

ကောင်းကင်ဘုံသားတော်ထံမှ ထွက်ပေါ်နေသော ဧကရာဇ်အရောင်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

သူ့ခေါင်းထက်ရှိ မသေမျိုးဧကရာဇ် အမှတ်အသားမှာလည်း အတော်အတန် ပီပြင်နေပြီဖြစ်ကာ သူ မသေမျိုးဧကရာဇ်အဆင့်သို့ တက်ရန်အတွက် ခြေတစ်လှမ်းစာမျှသာ လိုပါတော့၏။

ကောင်းကင်နှင့် မြေကြီးသည်လည်း ဧကရာဇ်အသစ်တစ်ပါး မွေးဖွားလာမှုကို ကြိုဆိုရန် အင်အားများ စုစည်းနေကြလေပြီ။

အကြီးအကဲနှစ်ဦးမှာလည်း အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် မျက်လုံးအပြူးသား ကြည့်နေကြသည်။

အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများဖြင့် ချုပ်နှောင်ခံထားရသူများမှာမူ အမျိုးမျိုးသော မျက်နှာထားကိုယ်စီ ဖြစ်နေကြပါသည်။

သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် နာကျည်းမှုများ ရောပြွမ်းနေပါ၏။

သို့သော်လည်း လူတိုင်း၏ မျက်ဝန်းထဲတွင် တူညီသော ခံစားချက်တစ်ခု ရှိနေပါသည်။ ၎င်းမှာ သူတို့ဘာမှ မတတ်နိုင်တော့သည့် ခံစားချက်ပင်။

သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရသည်မှာလည်း ကောင်းကင်ဘုံသားတော်အား မည်သူမျှ တားဆီးနိုင်တော့မည်မဟုတ်သည့်ပုံပါပင်။

သို့သော် ထိုခဏ၌...

ဝီ ...

ကောင်းကင်ဘုံသားတော်၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားကာ သူ့အရောင်အဝါကလည်း အလွန်လျင်မြန်သည့်နှုန်းဖြင့် စတင်ကျဆင်းလာတော့သည်။.

"ဘာဖြစ်နေတာလဲ"

မီးခိုးရောင်ဝတ် အကြီးအကဲ လန့်သွားပြီး သေချာ စိုက်ကြည့်လိုက်သည်။

ထိုအခါမှသာ ကောင်းကင်ဘုံသားတော်၏ ခေါင်းထက်၌ ပေါ်လာပြီးသား ဧကရာဇ်အမှတ်အသားမှာလည်း အလွန်လျင်မြန်စွာ ပျောက်ကွယ်နေသည်ကို သူသတိထားမိလိုက်ပါတော့သည်။

"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ မသေမျိုးဧကရာဇ်အဆင့်ကို တက်ဖို့ ကျရှုံးသွားတာလား။ အဲ့လိုမဖြစ်သင့်ဘူးလေ ။ သူ ဘာလို့ အဲ့လိုဖြစ်သွားရတာလဲ "

အနက်ရောင်ဝတ် အကြီးအကဲမှာလည်း မှင်သက်သွား၏။

"ဟုတ်တယ်၊ အားလုံးကို အသင့်ဖြစ်နေမှ ဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားရတာလဲ"

သူတို့နှစ်ဦးလုံး ဆွံ့အမှင်သက်နေကြတော့၏။

ထို့နောက်တွင် မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲ အော်ပြောလိုက်သည်။

"သခင်ကြီး၊ ဘာတွေဖြစ်နေတာလဲ"

လက်ရှိတွင် ကောင်းကင်ဘုံသားတော်ကိုယ်တိုင်မှာလည်း ထိတ်လန့်တုန်လှုပ်နေဟန်တူပြီး မီးခိုးရောင်ဝတ် အကြီးအကဲကို လှည့်ကြည့်ကာ ပြန်ပြော၏။

"ငါလည်း မသိဘူး။ ကြည့်ရတာ ... တစ်ယောက်ယောက်က ငါ့အစွမ်းတွေကို စုပ်ယူနေသလိုပဲ"

"ဘယ်လို"

အဘိုးအိုနှစ်ယောက်လုံး ဆွံ့အသွားကြပြန်သည်။

တစ်ယောက်ယောက်က သူ့အစွမ်းတွေကို ပြန်စုပ်နေတယ်တဲ့လား ..

ထိုသူက ဘယ်သူပါလဲ...

၎င်းမှာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါသလဲ

"တစ်ယောက်ယောက်က ငါတို့ရဲ့ အစီအစဉ်ကို ကြိုသိပြီးတော့ ငါတို့ကို တိတ်တဆိတ် ပြန်လုပ်ကြံနေတာလား"

မီးခိုးရောင်ဝတ် အဘိုးအို ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုမှာလည်း သူ့စကားကိုကြားပြီး တုန်လှုပ်သွားကာ ကြောက်စိတ်ဝင်လာပါ၏။

အကယ်၍ ထိုခန့်မှန်းချက်သာ မှန်နေခဲ့ပါက .....

သူတို့ ဤကမ္ဘာကြီးကို သိမ်းပိုက်စိုးမိုးရန် ကြံစည်နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။

ထိုကာလတလျှောက်လုံးတွင် သူတို့၏ အစီအစဉ်အားလုံးကို တိတ်တဆိတ် ချောင်းနေခဲ့သော မျက်လုံးတစ်စုံ ရှိနေခဲ့တာလား။

ထိုသူက ချောင်းမြောင်းကြည့်နေခဲ့ရုံတင် မကဘဲ သူတို့ကိုပါ ပြန်လုပ်ကြံရန်ပင် ကြံစည်နေခဲ့ပါသေး၏။

ယခု သူတို့ အောင်မြင်ခါနီးအချိန်ကျမှ အရာအားလုံးကို လုယူသွားတော့မှာလား။

ထို့ထက်ပိုဆိုးသည်မှာ ဤနှစ်ပေါင်းများစွာအတွင်း တစ်ဖက်လူ၏ အစီအစဉ်များကို သူတို့ လုံးဝသတိမထားမိခဲ့ခြင်းပင်။

အမှောင်ထဲတွင် ပုန်းကွယ်ချောင်းမြောင်းနေခဲ့သော ထိုလူ၏ အစွမ်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းနေပါမည်နည်း။

ထိုသို့ တွေးမိသည်နှင့် သူ့ ကျောရိုးထဲမှပင် အေးစိမ့်သွားပါသည်။

"ကောင်းကင်ဘုံသားတော်... ဧကရာဇ်အစီအမံကို အသက်သွင်းလိုက်တော့ဗျ"

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက အော်ပြောလိုက်သည်။

အနက်ရောင်ဝတ် အဘိုးအိုကလည်း ဘာဖြစ်နေသည်ကို ရိပ်စားမိကာ ပြော၏။

"ဟုတ်တယ်ဗျ .. ဧကရာဇ်အစီအမံကို အသက်သွင်းလိုက်ရင် အဲ့လူကို တားနိုင်လိမ့်မယ်။ ကျုပ်တို့ နှစ်ယောက်လဲ သခင်ကြီးကို ကူညီပါ့မယ်"

ကောင်းကင်ဘုံသားတော် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ"

စကားဆုံးသည်နှင့် သူ့လက်ဝါး တစ်ဖက်တစ်ချက်တွင် ထွင်းစာတစ်ခုစီ ပေါ်လာ၏။

တစ်ဖက်မှ အဘိုးအိုနှစ်ယောက်သည်လည်း တစ်ပြိုင်နက်တည်း လက်မြှောက်လိုက်ကြရာ သူတို့၏ လက်ဝါးများတွင် အလားတူထွင်းစာများ ပေါ်လာသည်။

ဝီ!

ထို့နောက်တွင် ၎င်းထွင်းစာများ လင်းလက်လာပြီးနောက် သူတို့သုံးယောက်လုံး ကောင်းကင်ယံသို့ လက်ဝါးများဖြင့် ပြိုင်တူရိုက်လိုက်ကြ၏။

တခဏအတွင်းမှာပင် မရေမတွက်နိုင်သော ထွင်းစာများ တစ်ခုနှင့်တစ်ခု ရောယှက်သွားကာ မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ အရိပ် မှေးမှိန်စွာ စုစည်းလာတော့သည်။

ဝီ...

ထိုရှေးဟောင်းသစ်ပင်ကြီး၏ အရိပ် ပေါ်လာပြီးသည်နှင့် သူ့ကိုယ်ထဲမှ စွမ်းအင်များ စုပ်ယူခံနေရသည့်နှုန်းမှာ သိသိသာသာ နှေးသွားကြောင်း ကောင်းကင်ဘုံသားတော် သေချာခံစားလိုက်ရ၏။

"နောက်ဆုံးတော့ ငါတို့ တားနိုင်ခဲ့ပြီ!"

ကောင်းကင်ဘုံသားတော် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော် နောက်တစ်ခဏ၌ သူ့မျက်လုံးထဲ ဒေါသရိပ်တို့ ပေါ်လာပါ၏။

"ငါ့ကို တားရဲတဲ့သူ ဘယ်သူပဲဖြစ်ဖြစ်၊ သတ်ပစ်မယ်!"

သူ ဒေါသတကြီး အော်လိုက်သည်။

အခြားတစ်ဖက် အရှုပ်အထွေး စိတ်ဝိညာဉ်သင်္ချိုင်း တွင် ...

"ဟင် .."

ကောင်းကင်ဘုံ အသက်ရှူကျင့်စဉ်ကို ကျင့်ကြံနေသော လောထျန်းတစ်ယောက် ရုတ်တရက် ရပ်သွားသည်။

"သခင်လေးလောထျန်း... ဘာဖြစ်လို့လဲ"

ယွဲ့လီက လောထျန်း၏ ပုံမှန်မဟုတ်သော မျက်နှာထားကိုမြင်ပြီး စိုးရိမ်တကြီး မေး၏။

လောထျန်းက မျက်မှောင်ကြုံ့ရင်း ပြန်ဖြေသည်။

" တဖက်က ခုခံမှုတဲ့အစွမ်းက သိသိသာသာကို များလာသလိုပဲ..."

"အင် ... ဒါဆို ဘာလုပ်ကြမလဲ"

ယွဲ့လီ ထိတ်လန့်တုန်လှုပ်သွားသည်။

လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြောပါ၏။

"ဘာမှလုပ်စရာ မလိုပါဘူးကွာ ၊ နည်းနည်းလေး ပိုအားစိုက်လိုက်ရုံပါပဲ။ ကောင်းကင်ဘုံအသက်ရှူကျင့်စဉ်... ရှူသွင်း .. ရှူသွင်း .. ရှူသွင်း .."

လောထျန်း ချက်ချင်းပင် အရှိန်တင်လိုက်ပါတော့သည်။

တစ်ဖက်ရှိ အရှုပ်အထွေး ဓားရေကန်တွင် ....

အစောကလေးမှ အခြေအနေတည်ငြိမ်သွားခဲ့သော ကောင်းကင်ဘုံသားတော်မှာ စိတ်သက်သာရာရပြီး သက်ပြင်းချရုံလေးသာ ရှိပါသေး၏။

သို့သော် ထိုခဏ၌...

ဝုန်း!

သူ့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ တစ်ကျော့ပြန် ပေါက်ကွဲထွက်လာကာ ပြန်လည်စုပ်ယူခြင်း ခံလိုက်ရပါတော့သည်။

ဤတစ်ကြိမ်တွင် စုပ်ယူသည့် နှုန်းမှာလည်း အရင်ထက်ပင် ပိုကြောက်စရာ ကောင်းနေပါ၏။

သူသည် မသေမျိုးဧကရာဇ်အဆင့် အစွမ်းကိုရရန် အလွန် နီးကပ်နေခဲ့သော်လည်း ယခုတွင်ကား အလွန်လျင်မြန်သည့်နှုန်းဖြင့် ပြန်လည်ထိုးကျနေပြီ ဖြစ်သည်။

ဤမျှမကသေးဘဲ...

ဝီ!

သူခေါင်းထက်တွင် ရှိနေသော အရှုပ်အထွေး မဟာတာအိုသစ်သီးမှာလည်း ထိုစုပ်အား၏ တိုက်ရိုက်စုပ်ယူခြင်းကို ခံနေရပါ၏ ။

"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ တားလို့မရတာလဲ။ မင်းတို့ အသုံးမကျတဲ့ အကောင်တွေ... တစ်ခုခုလုပ်ကြဦးလေ!"

ကောင်းကင်ဘုံသားတော် ထိတ်လန့်တုန်လှုပ်ကာ အကြီးအကဲနှစ်ယောက်ဘက်လှည့်၍ အော်လိုက်တော့သည်။

မီးခိုးရောင်ဝတ် အကြီးအကဲက မျက်မှောင်ကြုံ့သွားပြီး အံကြိတ်ရင်း ပြော၏။

"တောက်! ဒီဧကရာဇ်အစီအမံက ပြိုင်ဘက်ကင်း ဖြစ်ရမှာလေ ၊ ဘယ်လိုဖြစ်ပြီးတော့ ..."

အနက်ရောင်ဝတ် အဘိုးအိုက ရုတ်တရက် ဝင်ပြောသည်။

" ဧကရာဇ်အစီအမံရဲ့ အစွမ်းကုန်ကို သုံးရင်တော့ ပြိုင်ဘက်ကင်းပါပဲ ။ ဒါပေမဲ့ အခုက အစီအမံအစွမ်းရဲ့ ၇၀ ရာခိုင်နှုန်းကို ဟိုအာဟာရ (လူအုပ်ကြီး) တွေကို ချုပ်ထားဖို့ သုံးနေရတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ သုံးလို့ရနေတာ။ ဒါကြောင့် ပြိုင်ဘက်ကင်း မဖြစ်နေတာ "

သူ့စကားကို ကြားသောအခါ ကောင်းကင်ဘုံသားတော်က ဒေါသတကြီး ထပ်အော်ပြော၏။

" ဒါဆို အဲ့ဒီ ၇၀ ရာခိုင်နှုန်းကိုပါ ပြန်ရုပ်သိမ်းလိုက်လေကွာ။ ငါ့ကို ကာကွယ်ဖို့အတွက်ပဲ အကုန်သုံးစမ်း"

"ဒါပေမဲ့ အဲ့ဒီအစွမ်းတွေကို ပြန်ရုပ်လိုက်ရင် ဟိုလူတွေကို လွှတ်ပေးလိုက်ရမှာဗျ..."

မီးခိုးရောင်ဝတ် အဘိုးအိုက တွန့်ဆုတ်စွာ ဆိုလိုက်သည်။

သူ ထိုသို့ပြောပြီး ချုပ်နှောင်ခံထားရသော လူအုပ်ကို တစ်ချက်ကြည့်လိုက်၏။

ထိုသူများမှာ သူတို့အတွက် အရေးကြီးသော အာဟာရဓာတ်များပင်။

၎င်းကို ကြားသော ကောင်းကင်ဘုံသားတော် ဒေါသချောင်းချောင်း ထွက်သွားပါတော့သည်။

"ခုချိန်မှာ ဒါတွေ စဉ်းစားနေလို့ ဘာထူးမှာလဲ။ အရှုပ်အထွေး မဟာတာအိုသစ်သီးက ပါသွားပြီကွ။ အဲဒါကို ပြန်မရရင် ငါ ဘယ်လိုလုပ်ပြီးတော့ မဟာတာအိုလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်တော့မှာလဲ။ မသေမျိုးဧကရာဇ်ရော ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲကွ"

သူ့စကားကို ကြားမှ မီးခိုးရောင်ဝတ် အကြီးအကဲ အခြေအနေကို ချက်ချင်းသဘောပေါက်သွားကာ ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ကျုပ် နားလည်ပါပြီ သခင်ကြီး"

ထို့နောက် သူ အနက်ရောင်ဝတ် အကြီးအကဲနှင့် အကြည့်ချင်းဖလှယ်ကာ နှစ်ဦးသား ခေါင်းပြိုင်တူ ညိတ်လိုက်ကြသည်။

ထို့နောက် သူတို့နှစ်ဦးလုံး လက်ကွက်များ ပြိုင်တူပြုလုပ်လိုက်ကြ၏။

ဝီ ...

ချက်ချင်းဆိုသလိုပင် အားလုံးကို ချုပ်နှောင်ထားသော အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများ ပြိုကွဲသွားကာ ကောင်းကင်ဘုံသားတော်၏ ဘေးသို့ ပြန်လည်စုစည်းသွားကြသည်။

ဝုန်း!

ကောင်းကင်ဘုံသားတော်၏ ဘေးပတ်လည်တွင် ထွင်းစာများ ရုတ်ချည်း တိုးလာပြီး သူ့အရောင်အဝါလည်း အဆများစွာ ပိုမြင့်လာတော့၏။

သူ့အစွမ်းများ စုပ်ယူခံနေရသည့်နှုန်းမှာလည်း နှေးသွားခဲ့ပြန်သည်။

All Chapters