Imperial Majesty
Vol. 69 Ch. 1010
"ငါ့ကို လာပြီး အမိန့်မပေးနဲ့!"
ထိုစကားကို ကြားသောအခါ ကောင်းကင်ဘုံသားတော် အဘိုးအိုနှစ်ယောက်ဘက်လှည့်၍ ဒေါသတကြီး ဟောက်လိုက်၏။
ထို့နောက် သူ အလင်းတန်းလိုက်ကာထဲမှ လောထျန်းအား ပြန်လှည့်ကြည့်လိုက်သည်။
"အဲ့ဒါ ငါ့ရဲ့ အစွမ်းတွေ၊ ငါ အကုန်ပြန်ယူမယ်။ ငါက... မသေမျိုးဧကရာဇ် ဖြစ်လာမယ့်သူ၊ ငါက ထာဝရပြိုင်ဘက်ကင်း ဖြစ်ရမှာ"
ကောင်းကင်ဘုံသားတော်၏ အော်သံနှင့်အတူ .....
ဝီ ...
သူ့ အအရောင်အဝါများ ပြန်ထိုးကျသွားကာ ... မျက်စိတစ်မှိတ်အတွင်း၌ မသေမျိုးဘုရင်အဆင့်ကိုပင် ဆက်မထိန်းထားနိုင်တော့ဘဲ မသေမျိုးသခင်ကြီးအဆင့် သို့ တိုက်ရိုက်ကျသွားပါတော့သည်။
"ဒါက..."
၎င်းကို မြင်လိုက်ရသူတိုင်း သက်ပြင်းကိုယ်စီ ချလိုက်ကြ၏။
ထိုသူမှာ ကောင်းကင်ဘုံသားတော် ဖြစ်ပြီး ချင်းယွမ်ဒေသ၏ ရွေးချယ်ခံရသူပါပင်။
ယခု မျက်မှောက်ခေတ်၏ အတောက်ပဆုံး ပါရမီရှင်... တတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် ဖြစ်လာတော့မည့်သူလည်း ဖြစ်ပါသည်။
သို့သော် ယခုမူ မသေမျိုးဘုရင်အဆင့်ကိုပင် မထိန်းထားနိုင်တော့ချေ။
"ငါ လက်မခံနိုင်ဘူး... ငါက အရှုပ်အထွေးမသေမျိုးဧကရာဇ်ပဲ..."
ကောင်းကင်ဘုံသားတော်မှာ ရုန်းကန်နေဆဲပင်။
သို့သော်လည်း လက်ရှိတွင် စွမ်းအင်များ လျင်မြန်စွာ ဆုံးရှုံးသွားရသည့်အတွက် သူ အရိုးပေါ်အရေတင်ဖြစ်နေပြီး အလောင်းတစ်ကောင်ကဲ့သို့ ဖြစ်နေချေပြီ။
၎င်းကို မြင်သော မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို အံကိုတင်းတင်းကြိတ်ကာ ကောင်းကင်ဘုံသားတော်နောက်သို့ ခုန်ဝင်လိုက်ပြီး တစ်ချက်ကန်လိုက်၏။
ဘုန်း
သူ့ကန်ချက်ကြောင့် ကောင်းကင်ဘုံသားတော် ပေပေါင်းထောင်ချီအကွာသို့ လွင့်ထွက်သွားကာ မြေပြင်သို့ အရှိန်ဖြင့်ကျသွားတော့သည်။
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည်လည်း ထိုသို့ ကန်ပြီးသည်နှင့် ဧကရာဇ်အစီအမံထဲမှ အမြန်ပြေးထွက်လာ၏။ သို့သော် သူ အပြင်ပြန်ရောက်သည်နှင့် မျက်နှာပျက်သွားရပါသည်။
"ဟင် ... ငါ့ခြေထောက်တွေ..."
သူ လုံးဝနီးပါး ခြောက်ကပ်ညှိုးနွမ်းနေပြီ ဖြစ်သော ခြေထောက်များကို ငုံ့ကြည့်ရင်း အလွန်ထိတ်လန့်တုန်လှုပ်သွားပါ၏။
"ခဏလေး ထိမိရုံနဲ့တောင် ငါ့ရဲ့ အသက်အစွမ်းတွေ ဒီလောက်အများကြီး စုပ်ယူခံလိုက်ရတာလား"
သူ ထိုသို့တွေးပြီး အလင်းတန်းလိုက်ကာထဲမှ လောထျန်း၏ ပုံရိပ်အား ကြောက်ရွံ့တုန်လှုပ်စွာကြည့်လိုက်မိသည်။
ထိုသူမှာ ဘယ်လို မကောင်းဆိုးဝါးကြီးပါလိမ့် ...
ဝူး
ထိုအချိန်တွင် ကောင်းကင်ဘုံသားတော်နှင့် ကင်းကွာသွားသော အရှုပ်အထွေး မဟာသစ်သီးမှာလည်း မည်သည့်အတားအဆီးမှ မရှိတော့ဘဲ ချက်ချင်းပင် စုပ်ယူခြင်းခံလိုက်ရကာ အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ရင်ထုမနာ ဖြစ်သွားပါ၏။
သူတို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့သမျှမှာ ယခုကဲ့သို့ အဆုံးသတ်သွားခဲ့ရလေပြီလား။
သူ့ရင်ထဲတွင်လည်း နာကျည်းမှုတို့ဖြင့် ပြည့်နှက်လာပါ၏။
ထိုစဉ်...
ဝုန်း.
သူ့ အနောက်ဘက်တွင် အရောင်အဝါတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပါသည်။
"ဟင်?"
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည် ချက်ချင်း လှည့်ကြည့်လိုက်ရာ သွေးများဖြင့် ရွှဲနစ်နေသော လီချန်းလုံက ကောင်းကင်ဘုံသားတော်ရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားနေသည်ကို မြင်လိုက်ရသည်။
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာထား အနည်းငယ် ပြောင်းသွားပြီး လီချန်လုံ၏ ရှေ့သို့ ချက်ချင်း သွားလိုက်၏။
"မင်း ဘာလုပ်တာလဲ။ ထွက်သွားစမ်း "
သူ ခက်ထန်စွာ အော်လိုက်သည်။
လီချန်းလုံကလည်း သူ့ကို စိုက်ကြည့်ကာ ချက်ချင်းပင်ပြန်အော်ပါ၏။
"ငါ့ရှေ့ကဖယ်စမ်း!"
ဝုန်း.
ထိုအော်သံနှင့်အတူ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည့် သူ့ လက်ဝါးချက်ကလည်း ပြိုင်ဘက်ထံသို့ ဦးတည်သွားသည်။
သူ ကောင်းကင်ဘုံသားတော်အား အမှုန့်ခြေပစ်ရန် ရည်ရွယ်ထားပါ၏။
သို့သော် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက သူ့ကို အသာတကြည် တိုက်ခိုက်ခွင့်ပြုပါမည်လား။
ဝုန်း
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက သူ့ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်လှိုင်းတစ်ခု ပေါ်လာပြီး လီချန်းလုံရှေ့မှ ပိတ်တားလိုက်ပါသည်။
ထိုခဏမှာပင် လီချန်းလုံ၏ လက်ဝါးချက်က ထိုစွမ်းအင်ပေါ် ကျရောက်သွားပြီး လုံးဝပိတ်ဆို့ခြင်း ခံလိုက်ရ၏။
"ဘာ... မင်းကများ..."
လီချန်းလုံ ၎င်းကို မြင်ပြီး အံ့အားသင့်သွားရသည်။
သူ့ သိုင်းကွက်ကို ပြိုင်ဘက်က ဤမျှလွယ်လွယ်ကူကူ ပိတ်ဆို့နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ချင်းယွမ်ဒေသတွင် ထိုသို့သောသူမျိုး ဘယ်တုန်းက ပေါ်လာခဲ့ပါသနည်း။
ဘာဖြစ်နေသည်ကို သူ နားမလည်နိုင်သေးခင်မှာပင် ...
ချွင် ချွင်
ရုတ်တရက် ဓားသံနှစ်ချက် ဟိန်းထွက်လာသည်။
"ကောင်းကင်ဘုံသားတော်... သေစမ်း"
"သတ်ကြ"
မတူညီသောနှစ်ဖက်မှ ထွက်လာသည့် အေးစက်စက် အလင်းတန်းနှစ်ခုက ကောင်းကင်ဘုံသားတော်ထံသို့ ပြိုင်တူတိုးဝင်သွားကြ၏။
၎င်းဓားအလင်းတန်းများ၏ ပိုင်ရှင်မှာ ပိုင်ယွမ်လီနှင့် သူ၏တပည့် မိုရှန့်တို့ပင်။
သူတို့နှစ်ဦးမှာ ကောင်းကင်ဘုံသားတော်၏ လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာရထားခဲ့ပြီး အသက်ဆုံးလုနီး ဖြစ်ခဲ့ကြရပါ၏။
လက်ရှိ ကောင်းကင်ဘုံသားတော် အခြေအနေကို မြင်ပြီးနောက်တွင် သူတို့ အခွင့်အရေးကို လက်လွတ်မခံဘဲ တိုက်ခိုက်လိုက်ကြခြင်းပင်။
သို့သော် ထိုအချိန်တွင်
ဝီ...
ကောင်းကင်ထက်မှ အနက်ရောင် အလင်းတန်းလွှာတစ်ခု ကျဆင်းလာပြီး ပိုင်ယွမ်လီနှင့် မိုရှန့်တို့အား လွှမ်းခြုံလာပါသည်။
ရှူး...
ချက်ချင်းဆိုသလိုပင် ဆရာတပည့်နှစ်ဦးမှာ ရွှံ့ညွန်ထဲ ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရ၏။
"မင်း..."
ပိုင်ယွမ်လီတစ်ေယာက်လည်း ၎င်းကိုမြင်ပြီး ထိတ်လန့်သွားသည်။
ထိုအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတွင်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
သူ ဒဏ်ရာမရထားလျှင်ပင် ထိုသူနှင့် ယှဉ်ပြီး အနိုင်ရရန် မလွယ်ကူလှပါ။
ကောင်းကင်ဘုံသားတော်က ဤမျှ အစွမ်းထက်သည့် လက်အောက်ငယ်သားများကို မည်သည့်နေရာမှ ရှာတွေ့ခဲ့ပါသနည်း။
သို့သော် ထိုစဉ်မှာပင်
"သတ်ကြ အဲ့ဒီ ကောင်းကင်ဘုံသားတော်ကို သတ်ကြ"
"သူ့ကို သတ်ပစ်"
မရေမတွက်နိုင်သော အော်ဟစ်သံများ ထွက်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ကျရောက်လာပါ၏။
၎င်းတို့မှာ ထျန်းယွမ်ကမ္ဘာမှ လူများ၏ တိုက်ခိုက်မှုများပင် ။
"ပုရွက်ဆိတ်လေးတွေကများ ..."
ထိုစဉ် ခပ်လှမ်းလှမ်းတွင် ရှိနေသော ကောင်းကင်ဘုံသားတော်က ခက်ခက်ခဲခဲ ထရပ်ကာ လူအုပ်ကြီးထံသို့ လက်ယမ်းလိုက်သည်။
သို့သော် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသဖြင့် ထိုလက်ဝါးချက်က မည်သည့် သက်ရောက်မှုမှ မရှိသွားခဲ့ပေ။
ထိုအစား ...
ဝုန်း.. ဝုန်း..
လူအုပ်ကြီး၏ တိုက်ခိုက်မှုများကသာ သူ့အပေါ်သို့ မိုးရွာသလို ကျလာပြီး ကောင်းကင်ဘုံသားတော်တစ်ယောက် နောက်သို့ ထပ်လွင့်ထွက်သွားပါတော့၏ ။
ဝုန်း ..
သူ့ကိုယ်မှ သွေးများ ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ စီးကျသွားသည်။
"ဒါ ..."
၎င်းကို မြင်သည်နှင့် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို မျက်နှာတည်သွားတော့သည်။
ထို့ေနာက် သူ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုဘက်သို့ အမြန်လှည့်ကြည့်ကာ ပြောလိုက်၏။
"မဖြစ်ဘူးနော်၊ ငါတို့ သူ့ကို လုံးဝ အသေခံလို့ မဖြစ်ဘူး"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကလည်း ခေါင်းညိတ်ပြပါသည်။
"သွားကြစို့"
သူတို့ ပြောပြီး နှစ်ဦးသား တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
ဘုန်း ဘုန်း
သူတို့နှစ်ဦးထံမှ မှိန်ဖျော့ဖျော့ အရှုပ်အထွေးနတ်ဘုရားအလင်းတန်းနှစ်ခု ထွက်လာပါသည်။
ထို့နောက် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ကြောက်မက်ဖွယ် ဖိအားနှစ်ခုက အားလုံးပေါ်သို့ ကျလာပါ၏။
"ဘာကြီးလဲ"
အားလုံး ချက်ချင်းပင် ခုခံရန် ကြိုးစားလိုက်ကြသော်လည်း ထိုဖိအားအစွမ်းကြောင့် အဝေးသို့ လွင့်ထွက်သွားကြရပါသည်။
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ထိုအခြေအနေကို အခွင့်ကောင်းယူကာ မြေပြင်တွင် လဲကျနေသော ကောင်းကင်ဘုံသားတော်ကို ဆွဲထူ၍ အဝေးသို့ ထွက်ပြေးသွားလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည်လည်း ချက်ချင်း နောက်မှ လိုက်သွား၏။
သူတို့နှစ်ဦး ထွက်ခွာသွားသည့်အချိန်မှာပင် လီချန်းလုံနှင့် ပိုင်ယွမ်လီတို့က ဖိနှိပ်ထားသော အရောင်အဝါများကို ပြိုင်တူ ဖြိုခွဲလိုက်ကြပါသည်။
သို့သော် ကောင်းကင်ဘုံသားတော်နှင့်အဖွဲ့မှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြလေပြီ။
"အဲ့ဒါ... ဧကရာဇ်အရောင်အဝါ မဟုတ်လား။ အဲ့လူ သုံးလိုက်တဲ့အကွက်က မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ်လား"
လီချန်းလုံ ပိုင်ယွမ်လီဘက်လှည့်ကာ မေးလိုက်သည်။
ပိုင်ယွမ်လီ ခေါင်းညိတ်လိုက်၏။
"မမှားနိုင်ဘူး။ ဒီလူက ဘယ်သူလဲ။ ဒီကောင်က အံ့မခန်း အစွမ်းထက်တဲ့အပြင် မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ်ကိုပါ ပိုင်ဆိုင်ထားတာလား"
လီချန်းလုံ ဘာမှန်ပြန်မပြောနိုင်ဘဲ မျက်နှာကြီးသာ သွေးဆုတ်ဖြူရော်သွားသည်။
သို့သော် သူ့ရင်ထဲတွင်မူ အရိပ်မည်းကြီးတစ်ခု ဖုံးလွှမ်းသွားခဲ့လေပြီ။
ဤမျှ အစွမ်းထက်သော သူတစ်ယောက်က ချင်းယွမ်ဒေသအတွင်း၌ အမှန်တကယ် ပုန်းကွယ်နေခဲ့ပါသလား။
ထို့အပြင် ကောင်းကင်ဘုံသားတော်ကိုလည်း ထိုလူက ကယ်ထုတ်သွားနိုင်ခဲ့ပါသည်။
ဤကိစ္စမှာ ငြိမ်းချမ်းစွာ အဆုံးသတ်လိမ့်မည် မဟုတ်ပါချ။
အခြားတစ်ဖက်တွင်ကား ...
အဘိုးအိုနှစ်ဦးသည် ကောင်းကင်ဘုံသားတော်နှင့်အတူ ထိုလျှို့ဝှက်လေထုထဲသို့ ပြန်ရောက်သွားကြပါ၏။
သူတို့၏ မျက်နှာများမှာလည်း ပုံမှန်ထက် ပိုမိုဖြူလျော့နေပါသည်။
"ငါ့ကိုလွှတ်၊ မင်းတို့လို ကျွန်တွေကများ ငါ့ကိုလွှတ်စမ်း"
ကောင်းကင်ဘုံသားတော်က အနက်ရောင်ဝတ်စုံဝတ် အဘိုးအို တွဲထားသည့်ကြားထဲမှ ရုန်းကန်ကာ ဆဲေရးလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို သူ့ကို တစ်ချက်ကြည့်ပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ဆောင့်ချလိုက်၏။
ဒုန်း
သူ ဆောင့်ချလိုက်သည့်အားမှာ အတော်ပြင်းသဖြင့် ကောင်းကင်ဘုံသားတော်ထံမှ ခပ်အုပ်အုပ် ညည်းညူသံပင် ထွက်လာသည်။
ထိုတခဏမှာပင် ကောင်းကင်ဘုံသားတော် သတိအနည်းငယ် ပြန်ဝင်လာဟန်ရှိပြီး ဒေါသတကြီး အော်လိုက်၏။
"မင်းက ငါ့ကို ဒီလိုပစ်ချရဲတယ်ပေါ့လေ?"
ထို့နောက် သူ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ပြီး ဆက်ပြောပါသည်။
"သူ့ကို သတ်ပစ်ဖို့ ငါအမိန့်ပေးတယ်"
သို့သော် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုကမူ သူ့စကားကို နားထောင်ရမည့်အစား သူ့အား လှောင်ပြောင်လိုဟန်ဖြင့်သာ ပြန်ကြည့်နေပါ၏။
သူ့အကြည့်ကြောင့် ကောင်းကင်ဘုံသားတော် ခေတ္တမျှ မှင်သက်သွားရသည်။
"မင်းက ငါ့အမိန့်ကို ဖီဆန်တာလား။ ငါက မင်းရဲ့ သခင်၊ ငါက ရွေးချယ်ခံထားရတဲ့သူ၊ ငါက အရှုပ်အထွေးမသေမျိုးဧကရာဇ်ပဲ"
သူ ဒေါသတကြီး ထပ်အော်လိုက်၏။
သို့သော် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက နှာခေါင်းတစ်ချက်ရှုံ့ကာ အေးစက်စက် ပြောပါသည်။
"သခင် ဟုတ်လား။ မင်းလို အမှိုက်ကောင်ကများ "
"မင်း ဘာပြောလိုက်တယ်"
ကောင်းကင်ဘုံသားတော်၏ မျက်လုံးများ မီးပွင့်တော့မတတ် ရဲတောက်သွားပါ၏။
သူသည် စတင်ကျင့်ကြံစဉ်မှစ၍ အရှိန်အဟုန်ဖြင့် ထင်ရှားကျော်ကြားလာခဲ့သူ ဖြစ်ပြီး လူတိုင်းက ပါရမီရှင်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရသူ ဖြစ်ပါသည်။
ယခုတွင်မူ သူ့ ကိုယ်ပိုင်လက်အောက်ငယ်သားများက သူ့အား အမှိုက်ဟု ခေါ်နေသတဲ့လား။ သူ ၎င်းကို မည်သို့ လက်ခံနိုင်ပါမည်နည်း။
ထိုစဉ် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကလည်း အေးစက်စက် ထပ်ပြောလာပါသည်။
"ဟုတ်တယ်၊ မင်းက နဂိုကတည်းက အမှိုက်တစ်စပဲ။ ငါတို့က မင်းရဲ့ ခန္ဓာကိုယ်ကို သဘောကျလို့သာ မင်းကို တိတ်တဆိတ် ပျိုးထောင်ပေးခဲ့တာ။ အဲ့ဒါကြောင့်မို့လဲ မင်း လမ်းတစ်လျှောက်မှာ အရှုပ်အထွေးခန္ဓာကိုယ်ရော၊ မူလမသေမျိုးလက်နက်ကိုရော တွေ့ခဲ့တာပေါ့ကွ။ မင်းကိုယ်မင်း ကံကောင်းလွန်းလို့ အဲ့ဒါတွေနဲ့ ကြုံရတယ်များ တကယ်ကြီး ထင်နေတာလား"