← Chapters

အခန်း (၆၅၆-၆၅၇)

Vol. 40 Ch. 656-657

အခန်း (၆၅၆-၆၅၇)

Vol. 40 Ch. 656-657

Chapter 656

ရှင်းဂျီ မာဆာရှီ ၁

“အနီရောင်ကမ္ဘာက ထိတ်လန့်ဖွယ်သတ္တဝါလား”

“မဟုတ်ဘူး… သူတို့က လူတွေပဲ”

ဆံပင်တိုနှင့် အမျိုးသမီးသည် လေထဲတွင် ဝဲပျံကာ သူမ၏ စွမ်းအားဝတ်စုံ လက်မောင်းနှင့် ခြေထောက်ရှိ အသေးစားတွန်းကန်အင်ဂျင်များကို အသက်သွင်းလိုက်သည်။ သူမသည် လျင်မြန်စွာပင် အပျက်အစီးများအောက် ပိမိတော့မည့် ဂရေ့စ်ထံသို့ ဦးတည်ပျံသန်းသွားလေသည်။

“ဒါကို ငါကိုင်တွယ်လိုက်မယ်… ရူဂျိ သူတို့ကို တားထားလိုက်”

သူမက အော်ပြောသည်။

“ရပြီ”

ကိုယ်လုံးပြည့်စွမ်းအားဝတ်စုံဖြင့် အမျိုးသားက ခပ်သြသြအသံဖြင့် တုံ့ပြန်သည်။ သူသည် လေထဲတွင် တစ်ပတ်လှည့်ရင်း လက်နှစ်ဖက်ကို မြှောက်လိုက်ရာ ပတ်ဝန်းကျင် လမ်းမများပေါ်ရှိ အုတ်ခဲများ၊ သံထည်များ၊ ကားများနှင့် လမ်းမီးတိုင်များသည် အစုလိုက်အပြုံလိုက် လွင့်တက်လာကြသည်။ ထိုအရာများသည် လေထဲတွင် ထက်ရှသော ပုံသဏ္ဌာန်အမျိုးမျိုးအဖြစ် လည်ပတ်နေပြီး သူ၏ ရှေ့တွင် ကာကွယ်ရေးတံတိုင်းသဖွယ် ဝဲပျံနေကြသည်၊၊ ၎င်းသည် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုပင် ဖြစ်သည်။

“သတိမလွတ်စေနဲ့။ ဝိညာဉ်လှိုင်းတန်ဖိုး ပိုမြင့်တက်လာတာကို ကျွန်မအာရုံခံမိနေတယ်”

အလယ်တွင် ရပ်နေသော ရှီဇီဆိုသည့် မိန်းကလေးက ပြောသည်။ သူမသည် လက်နှစ်ဖက်အား ဆန့်ထုတ်လိုက်ရာ နူးညံ့သော အစိမ်းရောင် စွမ်းအင်လှိုင်းနှစ်ခု ထွက်ပေါ်လာပြီး ရူဂျိနှင့် တိုင်ရီလန်တို့ထံ ချိတ်ဆက်သွားကာ သူတို့၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။ ထိုစွမ်းအင်သည် အမှောင်ဒီရေများကိုပင် ပြန်လည်တွန်းလှန်နိုင်စွမ်း ရှိပုံရသည်။

ရုတ်တရက် ရူဂျိသည် အဝေးတစ်နေရာမှ အလွန်ပြင်းထန်ပြီး မရင်းနှီးသောစွမ်းအားတစ်ခု တဟုန်ထိုး ဝင်ရောက်လာသည်ကို အာရုံခံမိလိုက်သည်။ သူ၏ မျက်လုံးများ ထက်ရှသွားပြီး ခါးတွင် ချိတ်ထားသော အနီရောင် ဆာမူရိုင်းဓားသည် အလိုအလျောက် ဓားအိမ်မှ ထွက်ပေါ်လာကာ ဘေးတွင် ဝဲပျံနေသည်။

ထိုစဉ် အထက်ကောင်းကင်မှ တောက်ပသော အနီရောင် အလင်းတန်းတစ်ခုပေါ်ထွက်လာသည်။ အစက်အပြောက်ကလေးတစ်ခုအဖြစ်မှ မီတာ ၁၀၀ ကျော် ကျယ်ဝန်းသော ဧရာမ မီးလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို လင်းထိန်စေကာ ရူဂျိထံသို့ ဥက္ကာခဲတစ်ခုကဲ့သို့ ကျဆင်းလာသည်။

“မီးလက်သီး”

“မီးစွမ်းအားရှင်လား”

ရူဂျိသည် သူထိန်းချုပ်ထားသော ချွန်ထက်သည့် အရာဝတ္ထုအားလုံးကို ရှေ့သို့ ပစ်လွှတ်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် မမြင်နိုင်သော တုန်ခါလှိုင်းတစ်ခုကို အထက်သို့ ထုတ်လွှတ်လိုက်သည်။

ဝုန်း

မီးလျှံများနှင့် တုန်ခါလှိုင်းတို့သည် လေထဲတွင် ထိပ်တိုက်တွေ့ကာ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး အလင်းတန်းများဖြာထွက်သွားသည်။ အောက်ဘက်ရှိ ရင်ပြင်တစ်ခုလုံးတွင် အပူလှိုင်းများ ရိုက်ခတ်သွားလေသည်။

ရူဂျိသည် ပြင်းထန်သည့် ရိုက်ခတ်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမီးလျှံများသည် မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းနေသည်။ သို့သော် သူ၏ ထိန်းချုပ်မှုအောက်ရှိ အရာဝတ္ထုများသည် သူ၏ စွမ်းအားဖြင့် ကာကွယ်ထားသောကြောင့် အရည်ပျော်မသွားပေ၊၊ ထို့နောက် မီးလုံးထဲမှ ဖောက်ထွက်ကာ လေထဲမှ တိုက်ခိုက်သူထံသို့ တဟုန်ထိုးပြေးဝင်သွားသည်။

တိုက်ခိုက်မှု ထိမှန်ခြင်း ရှိမရှိ မစစ်ဆေးနိုင်မီမှာပင် ရူဂျိသည် တစ်စုံတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်ဟု ခံစားလိုက်ရသည်။

ဘန်း

စနိုက်ပါ သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။ ရူဂျိ၏ ရှေ့တွင် ကာကွယ်ထားသော ကွန်ကရစ်နှင့် သံပြားများသည် တံတိုင်းတစ်ခုအဖြစ် ပေါင်းစည်းသွားသော်လည်း ၁၂.၇ မီလီမီတာ တင့်ဖျက်ကျည်သည် ထိုတံတိုင်းကို ချက်ချင်း ဖောက်ထွက်သွားပြီး သူ၏ မျက်နှာနှင့် လက်မအနည်းငယ်အကွာသို့ ရောက်ရှိလာသည်။

ရူဂျိ၏ မျက်လုံးများသည် စွမ်းအင်များဖြင့် တောက်ပလာပြီး ပြင်းထန်သောအားကို အသုံးပြုကာ ပုံပျက်သွားသော ကျည်ဆန်ကို သူ၏ နဖူးရှေ့ စင်တီမီတာ အနည်းငယ်အကွာတွင် ရပ်တန့်လိုက်နိုင်သည်။

ထိုအချိန်တွင်း သူ့နောက်ဘက်တွင် အမျိုးသမီးနှစ်ဦး ပေါ်လာသည်။ တစ်ဦးမှာ ရူဂျိထံသို့ ပြေးဝင်လာပြီး ကျန်တစ်ဦးမှာ ရှီဇီအမည်ရှိ မိန်းကလေးထံသို့ ဦးတည်သွားသည်။

သူတို့မှာ နန်ကျင်းနှင့် ရှောင်ချင်းတို့ပင်ဖြစ်သည်။

“ရွှန်း.. ရှီဇီကို ကူလိုက်ဦး”

တိုင်ရီလန်က အေးစက်စွာ အမိန့်ပေးရင်း ဝင်ရောက်လာသော နန်ကျင်းကို ရင်ဆိုင်ရန် လှည့်လိုက်သည်။ သူမ၏ လက်သီးနှင့် နန်ကျင်း၏ လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ဝုန်း

တုန်ခါလှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ တိုင်ရီလန်၏ ခြေထောက်အောက်ရှိ မြေပြင်သည် ပြိုကျသွားပြီး အပျက်အစီးများ လွင့်စင်သွားသည်။ ပြိုင်ဘက်၏ ပြင်းထန်သော ခွန်အားကြောင့် သူမ အံ့အားသင့်သွားရသည်။ သူမ၏ စွမ်းအားဝတ်စုံ အထူးသဖြင့် လျှပ်စစ်သံလိုက်အားသွင်းထားသော အဆစ်များသာ မပါဝင်ပါက သူမ နောက်သို့ လွင့်စဉ်သွားပေလိမ့်မည်။ တစ်ဖက်တွင်မူ နန်ကျင်း၏ လက်သီးချက်သည် သူမ၏ လက်အိတ်ပေါ်ရှိ အကာအကွယ်ကို ချေဖျက်သွားသည်။ ၎င်းသည် စစ်မှန်သော ခွန်အားပင်ဖြစ်သည်။ သူနှင့် ခွန်အားချင်းယှဉ်နိုင်သူ ရှိလိမ့်မည်ဟု တိုင်ရီလန်မျှော်လင့်မထားခဲ့ပေ။

အခြားတစ်ဖက်တွင် ရှောင်ချင်းသည် ချိတ်ကြိုးကို အသုံးပြု၍ ရှီဇီထံသို့ တိုးဝင်သွားစဉ် မြေကြီးထဲမှ ငွေနက်ရောင် အကြီးစား စက်ရုပ်တစ်ရုပ် ထွက်ပေါ်လာပြီး ကြိမ်နှုန်းမြင့် လျှပ်စစ်ပုဆိန်ဖြင့် သူမကို ခုတ်ပိုင်းလိုက်သည်။

ထိုစက်ရုပ်သည် အရပ် ၂ မီတာကျော် မြင့်မားပြီး ထူထဲသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးမှ စွမ်းအားများ ဖြာထွက်နေသည်။

ရှောင်ချင်းသည် သူမ၏ ဓားဖြင့် ပြန်လည် ခုခံလိုက်သည်။ သူမ၏ သေနတ်ဓားဖြင့် နှစ်ချက်ပစ်ခတ်လိုက်သဖြင့် စက်ရုပ်သည် နောက်ဆုတ်သွားရသော်လည်း သူမကို ဖမ်းဆီးရန် တစ်ဖန်ပြေးဝင်လာသည်။ ထိုစဉ် ရှောင်ချင်း၏ ဘေးဘက်မှ အနီရောင်လေဆာတန်းတစ်ခုထွက်ပေါ်လာပြီး စက်ရုပ်၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားသည်။ ၎င်းသည် ကြိမ်နှုန်းနိမ့် တုန်ခါလှိုင်းကို ထုတ်လွှတ်လိုက်သဖြင့် စက်ရုပ်သည် ခဏတာ ရပ်တန့်သွားရသည်။ စက်ရုပ်သည် ဘေးသို့ ရှောင်တိမ်းလိုက်သော်လည်း အနီရောင်လေဆာတန်းကြောင့် လက်မောင်းတွင် လောင်ကျွမ်းသွားလေသည်။

အခြားတစ်ဘက်တွင် ဂရေ့စ်သည် ထိန်းချုပ်မှုနယ်ပယ်မှ လွတ်မြောက်လာပြီးနောက် တိုင်ရီလန်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမ မလှုပ်ရှားနိုင်မီမှာပင် သူမ၏ ရေဒါတွင် ရှေ့ဘက် အရိပ်များထဲ၌ ထူးခြားမှုတစ်ခုကို ဖမ်းယူရရှိလိုက်သည်။

ဘုန်း

နောက်ထပ် အကြီးစား စက်ရုပ်တစ်ရုပ်သည် မှောင်ရိပ်ထဲမှ ပေါက်ကွဲထွက်လာပြီး သူမ၏ ခေါင်းကို ဖမ်းကိုင်ကာ အဆောက်အဦး နံရံတစ်ခုနှင့် ပစ်ဆောင့်သည်။ ထို့နောက် သူမကို နံရံအတိုင်း ဆွဲခေါ်သွားရာ မီးပွင့်များ တဖွားဖွားလွင့်စင်နေလေသည်။

သို့သော် ဂရေ့စ်သည် ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ သူမသည် ခါးကို လိမ်ကာ စက်ရုပ်၏ လက်မောင်းကို ခြေထောက်ဖြင့် ညှပ်ပြီး အားကုန်ဆွဲလိမ်လိုက်ရာ စက်ရုပ်၏ ဘယ်ဘက်လက်မောင်းရှိ အဆစ်များ ကျိုးပျက်သွားသည်။

စက်ရုပ်သည် ချက်ချင်း တုံ့ပြန်သည့်အနေဖြင့် ပခုံးရှိ လျှပ်စစ်တူကို အသက်သွင်းလိုက်သည်။

ဖြတ် ဖြတ်

အပြာရောင် လျှပ်စစ်မီးပွင့်များ ပေါက်ကွဲထွက်လာပြီး ဂရေ့စ်က လွင့်ထွက်သွားလေသည်။

အနီးရှိ ဝရံတာတစ်ခုပေါ်တွင် လက်ကောက်ဝတ်ထိန်းချုပ်ရေးကိရိယာဖြင့် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးသည် အကြီးစား စက်ရုပ်နှစ်ရုပ်ကို ထိန်းချုပ်နေသည်။ သူ၏ ဘေးတွင် ပို၍ကြီးမားသော တတိယမြောက် စက်ရုပ်တစ်ရုပ်က ငြိမ်သက်စွာ ရပ်နေသည်။

“အထင်ကြီးစရာပဲ... သူတို့က အနီရောင်ကမ္ဘာက မဟုတ်ဘူး”

သူက စူးရှသော မျက်လုံးများဖြင့် ကြည့်ရင်း ရေရွတ်လိုက်သည်။

တိုက်ပွဲအတွင်း တိုင်ရီလန်သည် အခြေအနေ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူမသည် နန်ကျင်းနှင့် တိုက်ခိုက်နေသည်ကို ရပ်တန့်ကာ လှည့်ထွက်လိုက်ပြီး ဂရေ့စ်ကို အမြန်ဆုံး အဆုံးသတ်ရန် စီစဉ်လိုက်သည်။

“ရွှန်း… ရှီဇီကို ကာကွယ်ထား။ ငါ အဲ့ဒီ Ai ကို အရင် ကိုင်တွယ်လိုက်မယ်”

ထူးဆန်းသည်မှာ တိုင်ရီလန်အပါအဝင် လူတိုင်းသည် ဂရေ့စ်ကိုသာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ သူမသည် နန်ကျင်း၏ လက်သီးကို ရှောင်တိမ်းကာ အကြီးစားစက်ရုပ်နှင့်အတူ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားပြီး နှစ််ဖက်ညှပ်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ရွှေရောင်အရိပ်တစ်ခုဝင်ရောက် တိုက်ခိုက်လာသည်။

ထိုသူမှာ ချီလီပင် ဖြစ်သည်။

ချီလီသည် အဆုံးအဖြတ်ပေးနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သော်လည်း တိုင်ရီလန်က လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့ပြီး သူ၏ ခြေကန်ချက်ကို လက်မောင်းဖြင့် ကာကွယ်လိုက်သည်။ သူမသည် နောက်သို့ တစ်ပတ်လှည့်ကာ ဆုတ်ခွာရင်း ချီလီ၏ မျက်နှာထံသို့ ဓားတိုတစ်စင်းကို ပစ်လွှတ်လိုက်သည်။

Chapter 657

ရှင်းဂျီ မာဆာရှီ ၂

ချီလီသည် ငြိမ်သက်စွာ ရပ်နေပြီး နှေးကွေးစွာ လာနေသော ဓားတို၏ လမ်းကြောင်းကို စိတ်ဝင်တစားကြည့်နေသည်။

ထိုအမျိုးသမီးသည် အလွန်ကောင်းမွန်သော တုံ့ပြန်မှုနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှိသည်။ သူ၏ ကန်ချက်ကို လက်တစ်ဖက်တည်းဖြင့် တားဆီးနိုင်ခြင်းမှာ သူမတွင် အံ့အားသင့်ဖွယ် ခွန်အားနှင့် အဆင့်မြင့်စွမ်းအားဝတ်စုံရှိနေကြောင်း ပြသနေသည်။

ချီလီသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ ဓားတိုမှာ သူ၏ မျက်နှာဘေးမှ ဖြတ်သွားသည်။

“Tanto လား”

ဂျပန်တိုက်ကြီးမှ ကိုဒါချီဟုလည်းခေါ်သော ဓားတိုလက်နက်ဖြစ်သည်။ တိတ်ဆိတ်မြို့တော်နှင့် ဝမ်ယွဲ့လုပ်ငန်းစုတို့မှာ ထိုနေရာမှ အခြေတည်လာခြင်းဖြစ်သည်။

“ဒီလူတွေက... တိတ်ဆိတ်မြို့တော်က ဖြစ်နိုင်တယ်”

ချီလီသည် ချက်ချင်းပင် ထိုအချက်ကို အဖွဲ့ဝင်များထံ အသိပေးလိုက်သည်။

ထိုအချိန်တွင် ဆံပင်တိုနှင့် အမျိုးသမီးသည် သူ့ထံသို့ အလွန်လျင်မြန်စွာ ပြေးဝင်လာသည်။

ချီလီသည် နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း သူ၏ ခြေထောက်အောက်ရှိ မြေပြင်က သက်ရှိတစ်ခုကဲ့သို့ လိမ်တွန့်လာပြီး သူ၏ ခြေထောက်များကို ဖမ်းချုပ်ထားလိုက်သည်။

စိတ်စွမ်းအားလား…

တစ်ဖက်မှ အဖွဲ့လိုက် လုပ်ရှားမှုသည် အပြစ်ပြောစရာ မရှိပေ။ စက္ကန့်ပိုင်းအတွင်း ချီလီသည် ပိတ်ဆို့တိုက်ခိုက်မှုဇုန်အတွင်း ရောက်ရှိသွားသည်။

တိုင်ရီလန်၏ လက်သီးချက်က ချီလီ၏ မျက်နှာနားသို့ ရောက်ခါနီးတွင် သူမ ရုတ်တရက် မျက်မှောင်ကျုံ့သွားပြီး နောက်သို့ အတင်းပြန်ခုန်ဆုတ်သွားသည်။

ရွှီး

မမြင်ရသော အသံလှိုင်းဓားသွားတစ်ခုသည် ချီလီ၏ မျက်နှာရှေ့မှ ဖြတ်သွားပြီး ကားတန်းများကို အက်ကြောင်းထင်အောင် ပိုင်းဖြတ်သွားသည်။

တိုင်ရီလန်သည် ချက်ချင်းပင် အပေါ်သို့ ကြည့်လိုက်ရာ အဝေးက အဆောက်အဦးခေါင်မိုးပေါ်တွင် ခရမ်းရောင်စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ အသံဓားသွားတိုက်ခိုက်မှုကြောင့် သူမ တင်းမာသွားသည်။ သူမသည် မိုနီကာကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်သည်။

ရူဂျိဘက်တွင်မူ စနိုက်ပါသမားရှိနေသည်ကို သိရှိသဖြင့် ကွန်ကရစ်နှင့် သံတံတိုင်းများကို မြှင့်တင်လိုက်သည်။ သို့သော် မိုနီကာနှင့် ချန်ဆီရွှမ်တို့ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူသည် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ပြင်းထန်သော တုန်ခါလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူတို့ကို တိုက်ပွဲကွင်းပြင်ထဲမှ လွင့်စင်သွားစေရန် ရည်ရွယ်လိုက်သည်။

ဝုန်း

ပေါက်ကွဲမှုသည် ရင်ပြင်တစ်ခုလုံးသို့ ဖြာထွက်လာသော်လည်း ပတ်ဝန်းကျင်ရှိ အဆောက်အဦးများကို မထိမှန်မီမှာပင် ရပ်တန့်သွားသည်။

ကီကီသည် လေထဲတွင် ဝဲပျံနေပြီး သူမ၏ မျက်လုံးများက တောက်ပနေသည်။ သူမသည် လက်သီးကို ဆုပ်လိုက်ရာ ဧရာမ တုန်ခါလှိုင်းကြီးသည် အတင်းအကျပ် ဖိသိပ်ခံလိုက်ရပြီး လားရာအတိုင်း ပြန်လည်လွင့်စင်သွားသည်။

လုရှင်းချန်သည် သူမ၏ ဘေးသို့ ပျံတက်လာပြီး လက်တစ်ဖက်တွင် မီးလုံးတစ်လုံးကို ထုတ်ထားသော်လည်း တိုက်ခိုက်ခြင်းမပြုသေးဘဲ စောင့်ဆိုင်းနေသည်။

“စွမ်းအားရှင်တွေ အများကြီးပါလား...”

အစောပိုင်းက ဝရံတာပေါ်မှ လူငယ်က သူ၏ စက်ရုပ်များကို ထိန်းချုပ်ရင်း ရေရွတ်လိုက်သည်။

“ရူဂျိတောင် ဖိနှိပ်ခံနေရပြီ…ရှင်းဂျီ တစ်ခုခုတော့ မှားနေပြီ”

“မင်း ပစ်မှတ်ထားခံရပြီ”

သူ့ဘေးရှိ စက်ရုပ်က ပြောသည်။

“ဟမ်”

[သတိပေးချက်- အမည်မသိအရာတစ်ခု ချဉ်းကပ်နေသည်]

ရွှန်းသည် သူ၏ အစောင့်စက်ရုပ်မှ သတိပေးချက်များ အော်ဟစ်နေသည်ကို မြင်လိုက်ရသည်။ သို့သော် ခဏချင်း စက်ရုပ်က ငြိမ်သက်သွားသည်။

[သတိပေးချက်- လှုပ်ရှားမှုစနစ် ရပ်ဆိုင်းသွားပြီ။ လက်နက် စနစ်များ ရပ်ဆိုင်းသွားပြီ...]

ရွှန်း၏ မျက်နှာပျက်သွားသည်။ သူသည် ရင်ဘတ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ နာနို-အလင်း စွမ်းအားဝတ်စုံသည် သူ၏ တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

သို့သော် သူ၏ အဖွဲ့ကို သတိမပေးနိုင်မီမှာပင် ကောင်းကင်မှ လုံးဝန်းသော ဒရုန်းအစင်းပေါင်းများစွာ ဆင်းသက်လာသည်။ ၎င်းတို့၏ မျက်လုံးကဲ့သို့သော လျှပ်စစ်ထုတ်လွှတ်စက်များက သူ့ကို ပစ်မှတ်ထားလိုက်ကြသည်။

“ဖာ့ခ်... သေစမ်း” သူ ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။

အမြင့်ပိုင်းအဆောက်အဦး ခေါင်မိုးပေါ်တွင် လင်းရှန်သည် Black Hawk ဝတ်စုံဖြင့် ရပ်နေသည်။ လက်တစ်ဖက်က စက်ရုပ်၏ စွမ်းအင်ဗဟိုချက်ကို ထိန်းချုပ်ထားပြီး ကျန်လက်တစ်ဖက်က လျှပ်စီးသိန်းငှက် ဒရုန်းများကို အမိန့်ပေးနေကာ သူ၏ မျက်လုံးများသည် သိန်းငှက်ကဲ့သို့ စူးရှနေသည်။

ရွှန်းသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

“သူ ကျွန်တော့်ကို ပစ်မှာ မဟုတ်ပါဘူး... ခန့်မှန်းကြည့်ရမလား—”

“ခန့်မှန်းနေဖို့ မလိုပါဘူး ရွှန်း”

လင်းရှန် ထိန်းချုပ်ထားသော စက်ရုပ်ထံမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ကြည်လင်ပြီး ငယ်ရွယ်သော်လည်း တည်ငြိမ်ရင့်ကျက်သော အသံဖြစ်သည်။

“သူတို့က အနီရောင်ကမ္ဘာက မဟုတ်ဘူး။ မင်းရဲ့ ACS စနစ်က အွန်လိုင်းဖြစ်နေသေးပေမယ့် မင်းရဲ့ စနစ်တွေကို အဝေးကနေ ထိန်းချုပ်ခံလိုက်ရတာ သတိမထားမိဘူးလား။ ဝိုး... နောက်ကွယ်က လူက လင်းရှန် ဖြစ်ရမယ်။ မင်္ဂလာပါ လင်းရှန်… ဒါက နားလည်မှုလွဲတာ ဖြစ်မှာပါ။ ဘယ်သူမှ ဒဏ်ရာမရကြဘူးမလား။ ငါတို့ စကားပြောကြရင် ကောင်းမလား... လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီနဲ့ပေါ့။ ငါက ကော်ဖီအခါးတော့ သိပ်မကြိုက်ဘူး...”

လင်းရှန်သည် အသံလွှင့်နေသော စက်ရုပ်ကို ကြည့်လိုက်သည်။

“ဝမ်ယွဲ့လုပ်ငန်းစု ရှင်းဂျီ မိုဆာရှီလား”

“ဟုတ်ပါတယ် ငါပါပဲ။ တွေ့ရတာ ဝမ်းသာပါတယ်။ မင်းအကြောင်း ငါကြားဖူးတယ်—ထူးခြားတဲ့ စွမ်းရည်တွေပဲ။ ယန္တရားစွမ်းရည်ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ လွန်ခဲ့တဲ့ နာရီအနည်းငယ်က အနီရောင်ကမ္ဘာရဲ့ Ai စက်ရုပ်ကို ငါတို့ တွေ့ခဲ့တယ်။ ငါ့လူတွေက အဲ့ဒါ မင်းဟာမှန်း မသိခဲ့လို့ပါ။ အဲ့ဒီအတွက်တော့ တောင်းပန်ပါတယ်”

“တကယ်တော့ မင်းနဲ့ ဒီလိုမျိုး ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အော်... ဒါနဲ့ မင်းရဲ့ ကုန်သည်သူငယ်ချင်းဟူက မင်းအကြောင်း ငါ့ကို အများကြီး ပြောပြထားတယ်... ငါက လူလိမ်တွေကို သိပ်မကြိုက်ပေမယ့်ပေါ့”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ ရှင်းဂျီသည် အချက်အလက်ပေးပို့မှုကိုသုံးကာ အဝေးမှ စကားပြောနေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ဟူလုရှို့ကို ရှင်းဂျီ မိုဆာရှီက ကယ်တင်ထားခြင်းဖြစ်သည်။

“အားလုံးပဲ တိုက်ခိုက်တာရပ်ကြပါ”

လင်းရှန်က ဆက်သွယ်ရေးစနစ်မှတစ်ဆင့် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် နှစ်ဖက်စလုံး ရပ်တန့်သွားကြသည်။ တိုက်ပွဲနယ်မြေသည် တိတ်ဆိတ်သွားသည်။ ရှောင်ချင်း၊ ဂရေ့စ်၊ ချီလီ၊ နန်ကျင်းတို့အားလုံး နောက်ဆုတ်လိုက်ကြသည်။ တိုင်ရီလန်နှင့် အကြီးစားစက်ရုပ်နှစ်ရုပ်သည် ရှီဇီကို သတိကြီးစွာဖြင့် ကာကွယ်ထားကြသည်။

ရင်ပြင်ပေါ်ရှိ တုန်ခါလှိုင်းများ လွင့်စင်သွားသည်။ ရူဂျိသည် ဖြည်းညှင်းစွာ မြေပြင်သို့ ဆင်းသက်လာပြီး ကီကီနှင့် လုရှင်းချန်တို့ကို စူးစိုက်ကြည့်နေသည်။ သူတို့ကြားတွင် တင်းမာမှုများ ရှိနေဆဲဖြစ်သည်။

မိုနီကာ၊ ချန်ဆီရွှမ်နှင့် အားဖေးတို့သည် ဘေးဘက်မှ ထွက်လာကြသည်။

“ကီကီ... ဒီလူ့ရဲ့ စွမ်းအားက နင့်စွမ်းအားနဲ့ မတူဘူးလား” ချန်ဆီရွှမ်က တိုးတိုးလေး မေးသည်။

“နည်းနည်းတော့ တူတယ်...”

ကီကီ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူ၏ ထိန်းချုပ်စွမ်းရည်သည် သူမ၏ စွမ်းအားနှင့် ထူးဆန်းစွာ ဆင်တူနေသည်။

တိုင်ရီလန်၏ အကြည့်သည် ရှုပ်‌ထွေးနေသည်။ ရှီဇီကတော့ အံ့အားသင့်နေပုံရသည်—တစ်ဖက်လူက ရူဂျိ၏ ခွန်အားကို ယှဉ်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

ထို့နောက် အကြီးစားစက်ရုပ် နှစ်ရုပ်လုံးမှ ရှင်ဂျီ၏ အသံ ထွက်ပေါ်လာသည်။

“အာ... အကုန်လုံးတော့ မတူပါဘူး။ ရူဂျိရဲ့ စွမ်းအားက နယ်ပယ်တစ်ခုအတွင်းမှာရှိတဲ့ သက်မဲ့ဝတ္ထုတွေကို ထိန်းချုပ်တယ်။ မိန်းကလေးကီကီရဲ့ စွမ်းအားကတော့ စိတ်စွမ်းအားနဲ့ ရွှေ့လျားတယ်။ ဆင်တူပေမယ့် မတူပါဘူး။ ဘာပဲဖြစ်ဖြစ် အခု အဲ့ဒါက အရေးမကြီးတော့ပါဘူး။ အဲ့ဒီ ဆူညံသံတွေကြောင့် အနီရောင်ကမ္ဘာက ထိတ်လန့်ဖွယ်သတ္တဝါတွေ သတိထားမိသွားလောက်ပြီ။ မင်းတို့အားလုံး ပြန်ကြဖို့ ငါအကြံပေးချင်တယ်။ အော်... ပြီးတော့ ရှီဇီ—မင်း အမှတ်အသားမခံလိုက်ရဘူးမလား”

“ဟင့်အင်း...”

ရှီဇီသည် ထိုစွမ်းအားကြီးသော သူစိမ်းများကို ကြည့်ပြီး တိုးတိုးလေး ပြန်ဖြေသည်။

“ကောင်းပြီ။ သူတို့ကို ခေါ်လာခဲ့ပါ။ ငါတို့မှာ တူညီတဲ့ ပြဿနာကြီးတွေ ရှိနေပုံရတယ်”

ရှင်းဂျီ မိုဆာရှီက ဆက်ပြောသည်။

“သူတို့ကသာ လိုက်လာဖို့ ဆန္ဒရှိမယ်ဆိုရင်ပေါ့”

All Chapters