အခန်း (၆၅၈-၆၅၉)
Vol. 40 Ch. 658-659
Chapter 658
ရှင်းဂျီ မာဆာရှီ ၃
လင်းရှန်သည် ဒရုန်းဖြင့် ဆင်းသက်လာပြီး ရွှန်းသည်လည်း သူ၏ စက်ရုပ်နှင့်အတူ ရင်ပြင်သို့ ချဉ်းကပ်လာသည်။
“ကပ္ပတိန်လင်း” နန်ကျင်းက ဆက်သွယ်ရေးမှ ပြောသည်။
“သူတို့က တိတ်ဆိတ်မြို့တော်ကပဲ။ စက်ရုပ်တွေကို ထိန်းချုပ်နေတဲ့သူက ဆန်ဂျူးရွှန်းပဲ။ နဂါးတောင် ၁ အဆင့်မြှင့်တင်တုန်းက သူ့ကို တွေ့ခဲ့ဖူးတယ်။ သူက အဲ့ဒီမှာ နည်းပညာသုတေသနခေါင်းဆောင်ပဲ”
နန်ကျင်းတင်မကဘဲ အခြားသူများလည်း ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားနေကြသည်။ အသိုက်ကြီး ပျောက်ကွယ်သွားပြီးနောက် ဂရေ့စ် တိုက်ခိုက်ခံခဲ့ရသည်၊၊ တိုက်ခိုက်သူများသည် လူသားများဖြစ်ကြောင်း စကင်ဖတ်ချက်များအရ သိရှိရသောအခါ လင်းရှန်က အဖွဲ့ကို ဦးဆောင်ကာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
သူတို့၏ ခွန်အားအရ ကင်းထောက်အဖွဲ့သည် သူတို့ကို အနီရောင်ကမ္ဘာမှ အခြားအဖွဲ့တစ်ခုဟု ထင်မှတ်ခဲ့ကြသည်။
“လင်းရှန်”
ချန်ဆီရွှမ်သည် သူ၏ သဘောထားကို သိလိုသဖြင့် သူ့ကို ကြည့်လိုက်သည်။
လင်းရှန် အသက်ပြင်းပြင်း ရှူလိုက်သည်။ တိတ်ဆိတ်မြို့တော်မှ လူများကို မြင်လိုက်ရခြင်းက သူ၏ အစီအစဉ်ကို ပြန်လည်စဉ်းစားစေသည်။
“သွားကြစို့… သူဌေးဟူကို သူတို့ ကယ်ထားတာပဲ”
“တိတ်ဆိတ်မြို့တော်လား”
“မဟုတ်ဘူး... တခြားနေရာတစ်ခု”
တိတ်ဆိတ်မြို့တော်မှ ရွှန်းက အဖွဲ့ကို ဦးဆောင်သွားသည်။ မြို့တွင် အချက်အလက်လွှဲပြောင်းသည့် စနစ်များနှင့် စောင့်ကြည့်ရေး ကိရိယာများ ရှိနေသည်ကို လင်းရှန် သတိပြုမိသည်—၎င်းမှာ သေချာပေါက် ဝမ်ယွဲ့ ရှင်းဂျီ၏ လက်ရာပင် ဖြစ်သည်။
ရွှန်းက လူတိုင်းကို ကြည့်လိုက်သည်။
“အချိန်သိပ်မရှိဘူး… အနီရောင်ကမ္ဘာက သတ္တဝါတွေ ကျနော်တို့အကြောင်း မသိခင် မြန်မြန်ရွှေ့ဖို့ ကျနော်အကြံပေးချင်တယ်”
ထို့နောက် သူက ရှီဇီဘက် လှည့်လိုက်သည်။
“ရှီဇီ သူတို့ကို တစ်ချက်လောက် စစ်ဆေးပေးလိုက်ဦး”
ရှီအိုရီ ခေါင်းညိတ်ကာ ရှေ့သို့ တက်လာသည်။
“ကျွန်... ကျွန်မရဲ့ စွမ်းရည်က ရှင်တို့ဆီက အမှောင်ဒီရေ အာနိသင်တချို့ကို ဖယ်ရှားပေးနိုင်ပါတယ်။ စွမ်းအားတွေ ပြန်ပြည့်လာပါလိမ့်မယ်… နားမလည်မလွဲပါနဲ့”
ထိုကြောက်တတ်သော မိန်းကလေးသည် စကားဆုံးသည်နှင့် လက်ကို ဆန့်ထုတ်လိုက်သည်။ နူးညံ့သော အစိမ်းရောင် အလင်းတန်းတစ်ခုသည် သူမထံမှ နွယ်ပင်တစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး လင်းရှန်နှင့် အခြားသူများကို ခဏချင်းအတွင်း ဖြတ်သန်းသွားသည်။
ထိုအချိန်တွင် ရင်းနှီးသော ခံစားချက်တစ်ခု သူတို့ထံ စီးဝင်လာသည်။ လင်းရှန်၏ ခန္ဓာကိုယ်တွင် ကပ်ငြိနေသော အေးစက်သော ကြောက်ရွံ့မှုစွမ်းအင်များသည် ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ စိတ်အခြေနေမှာ ပြန်လည်လန်းဆန်းလာသည်။ ၎င်းသည် ထူးဆန်းသောကုဗတုံး၏ အာနိသင်နှင့် တူညီနေသည်ကို သူ ချက်ချင်း သိလိုက်ရသည်။
၎င်းသည် သွေးကပ်ဘေးပန်း၏ စွမ်းအင်ပြန်လည်ဖြည့်တင်းမှု အာနိသင်ပင် ပါဝင်နေပုံရသည်။ ၎င်းသည် တကယ့်ကို အံ့အားသင့်ဖွယ် ပံ့ပိုးမှုစွမ်းရည်ပင်ဖြစ်သည်။
ထိုမိန်းကလေးသည် တိုင်ရီလန်နှင့် ရူဂျိတို့ ကီကီတို့အဖွဲ့နှင့် တိုက်ခိုက်နေစဉ်အတွင်း သူတို့ကို အဘယ်ကြောင့် တစ်ပြိုင်နက်တည်း ထောက်ပံ့ပေးနိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ သူမသည် အမှောင်ထဲမှ အစွမ်းထက်သော ထောက်ပံ့ရေးသမားဖြစ်နေခြင်းပင်။
တွင်းနက်ဇုန်ထဲတွင် ကီကီ၊ မီးတောက်၊ ချီလီ၊ မိုနီကာတို့အားလုံး၏ စွမ်းရည်များမှာ တစိတ်တပိုင်း ဖိနှိပ်ခံထားရသည်။ ၎င်းမှာ အဓိကအားဖြင့် အမှောင်ကျူးကျော်မှုကို ခုခံကာကွယ်ရန်နှင့် စိတ်ဓာတ်မကျဆင်းစေရန် အာရုံစိုက်နေရသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် လင်းရှန်၏ အဖွဲ့ဝင်အားလုံးမှာ သိသိသာသာ အံ့အားသင့်သွားကြသည်။
“အမှောင်ကျုးကျော်မှုစွမ်းအင်ကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းရည်လား...”
နန်ကျင်းက မနေနိုင်ဘဲ မှတ်ချက်ပေးသည်။
“အမှောင်အမှတ်အသားကိုရော ဖယ်ရှားပေးနိုင်လား” တစ်စုံတစ်ယောက်က မေးသည်။
“အဲ့ဒါကတော့... ကျွန်မ မလုပ်နိုင်ဘူး”
ရှီဇီက တိုးညင်းစွာ ပြောသည်။
ထိုအချိန်တွင် ရွှန်းက သူ၏ အဖွဲ့ကို ဦးဆောင်ကာ ထွက်ခွာသွားသည်။
မကြာမီ လင်းရှန်နှင့် သူ၏အဖွဲ့သည် ရွှန်းနောက်သို့ လိုက်ပါသွားကြပြီး မြို့၏ တောင်ဘက်ပိုင်းသို့ လျင်မြန်စွာ ဦးတည်သွားကြသည်။ သူတို့သည် လူနေရပ်ကွက်တစ်ခုကို ဖြတ်ကျော်ကာ မြေအောက်ကားပါကင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။
“ရှင်တို့က မြေအောက်ထဲမှာ ပုန်းနေတာလား”
ကီကီက သူတို့သွားနေသော ထူးဆန်းသည့် လမ်းကြောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“လုံးဝကြီးတော့ မဟုတ်ပါဘူး”
ရွှန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
“ဒါက အဲ့ဒီထက်... နည်းနည်း ပိုကြီးတယ်”
ထိုစဉ် အဖွဲ့သည် ကားပါကင်မှ ဥမင်တစ်ခုသို့ ဦးတည်နေသော လမ်းတစ်ခုသို့ ရုတ်တရက် ကွေ့လိုက်ကြသည်။ သူတို့သည် အရှိန်အပြည့်ဖြင့် ရှေ့သို့ ပြေးထွက်သွားကြပြီး နောက်သို့ ပြန်ကြည့်လိုက်သောအခါ သူတို့သည် အဖြူရောင်မြို့မှ ထွက်လာခဲ့ပြီဖြစ်ကာ မြူများဖုံးလွှမ်းနေသော လိမ်ကောက်နေသည့် တောင်ပတ်လမ်းတစ်ခုအတိုင်း ပြေးလွှားနေကြသည်။ သူတို့၏ စွမ်းအားဝတ်စုံများကြောင့် သူတို့သည် လျင်မြန်စွာ လှုပ်ရှားနိုင်ကြပြီး တောင်ခြေသို့ ခဏချင်းအတွင်း ရောက်ရှိသွားကြသည်။
ထိုနေရာတွင် ဟောင်းနွမ်းပြီး ဧရာမ မြေအောက်နူကလီးယားဒဏ်ခံ ဘန်ကာကြီးတစ်ခုရှိနေသည်။
လင်းရှန်သည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။ တိတ်ဆိတ်မြို့တော်သည် အရှေ့ဘက်တောင်တန်းများတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သော်လည်း ရှင်းဂျီသည် အနောက်ဘက် တောင်ကုန်းများအောက်ရှိ နူကလီးယားစက်ရုံတစ်ခုတွင် ပုန်းအောင်းနေခြင်းမှာ မည်သို့သော အစီအမံနည်း….
“အဖြူရောင်မြို့ရဲ့ နူကလီးယားစက်ရုံနေရာဟောင်းပဲ...”
“ရှင်တို့အားလုံး ဒီမှာနေကြတာလား”
ကီကီက အံ့အားသင့်စွာ မေးသည်။
“ဒါဆို တိတ်ဆိတ်မြို့တော်ကရော”
“ခနပါပဲ” တိုင်ရီလန်က ပြန်ဖြေသည်။
“မကြာခင် အားလုံးကို နားလည်သွားပါလိမ့်မယ်”
လင်းရှန် ဘာမှပြန်မပြောပေ။ အကွာအဝေးအရ ကြည့်လျှင် ဤနေရာသည် အဖြူရောင်မြို့မှ ကားဖြင့် သွားနိုင်သော အကွာအဝေးတွင် ရှိသည်။ သူဌေးဟူ၊ လုကျောက်နှင့် ကျန်သူများသည် ကားဖြင့် ဤနေရာသို့ ထွက်ပြေးလာခဲ့ကြပုံရသည်။
ထိုအချိန်တွင် ရွှန်းသည် အကြီးစားစက်ရုပ် နှစ်ရုပ်ကို အမိန့်ပေးကာ သံချေးတက်ပြီး ပျက်စီးနေသော ဘန်ကာတံခါးကြီးများကို တွန်းဖွင့်လိုက်သည်။ သူတို့၏ ဓာတ်မီးများ ထိုးလိုက်သောအခါ အတွင်းပိုင်းမှာ စိုစွတ်ပြီး ပျက်စီးနေပုံရသည်—တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့နောက် ရွှန်းသည် သူ၏ စွမ်းအားဝတ်စုံလက်မောင်းရှိ ကွန်ပျူတာတွင် ပရိုဂရမ်တစ်ခုကို နှိပ်လိုက်သည်။ ထိုအခါ ထူးခြားသော အရာတစ်ခုဖြစ်ပေါ်လာသည်။
ဟိုလိုဂရပ်ဖစ်ဖုံးကွယ်မှုတစ်ခုသည် လွင့်ပြယ်သွားသည်။ ညစ်ပတ်နေသော ဂူနှင့် စုပုံနေသော အပျက်အစီးများ ပျောက်ကွယ်သွားပြီး ၎င်း၏အောက်တွင် သန့်ရှင်းတောက်ပသော သံမဏိ ပေါက်ကွဲမှုဒဏ်ခံ တံခါးကြီးတစ်ခု ပေါ်ထွက်လာသည်။
တံခါးသည် အလယ်မှ ပွင့်သွားပြီး အတွင်းဘက်ရှိ လင်းထိန်နေသော စင်္ကြံလမ်းကို မြင်လိုက်ရသည်။
“အမြန်လေး”
ရွှန်းက ပြောကာ အတွင်းသို့ လှမ်းဝင်လိုက်သည်။
လင်းရှန်နှင့် အခြားသူများ သူ၏နောက်သို့ လိုက်ဝင်သွားကြသောအခါ ထိုစင်္ကြံလမ်းတွင် အကာအကွယ်များစွာ ရှိနေသည်ကို တွေ့ရသည်။ ပျက်စီးနေသော ဝင်ပေါက်၏ နောက်ကွယ်တွင် အနည်းဆုံး သီးခြားဇုန်သုံးခုရှိနေသည်။ နောက်ဆုံးတံခါးကို ဖြတ်ကျော်ပြီးနောက် တောင်အတွင်းသို့ မီတာရာဂဏန်းခန့် ရှည်လျားနက်ရှိုင်းသည့် ဥမင်လမ်းကြောင်းတစ်ခုရှိသည်။ မီးရောင်များမှာ လင်းထိန်နေပြီး နံရံများမှာ သန့်ရှင်းနေသည်—၎င်းမှာ သေချာပေါက် အသစ်ပြန်လည်ပြင်ဆင်ထားသော လမ်းတစ်ခုပင်ဖြစ်သည်။
ဥမင်လမ်းကို ဖြတ်ပြီးနောက် စောင်းနေသော ပင်မဝင်ရိုးလမ်းတစ်ခု ရှိသည်။ မြေအောက်ခံတပ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ရွှန်းသည် သူ၏ ဦးထုပ်ကို ချွတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
“အရင်ဒီနေရာက ဧရာမ မြေအောက်နူကလီးယား စက်ရုံတစ်ခုပဲ။ နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိနေပြီ။ ကျနော်တို့က နည်းနည်းပြန်ပြင်ထားတာပါ။ အခုတော့ ဒါက ကျနော်တို့ရဲ့ ယာယီခိုလှုံရာပေါ့”
“နည်းနည်းပြန်ပြင်ထားတာ ဟုတ်လား”
လင်းရှန်က မယုံနိုင်စွာ မေးလိုက်မိသည်။
ဥမင်လမ်း၏ နောက်ကွယ်ရှိ အခန်းအတွင်းသို့ လှမ်းဝင်လိုက်သောအခါ သူတို့ အံ့အားသင့်သွားကြသည်။ မြင့်မားသော ခန်းမကြီးတစ်ခု ရှိနေပြီး မီတာများစွာ မြင့်သော ငွေဖြူရောင် သတ္တုအမိုးခုံးကြီး ရှိသည်။ အထက်ရှိ အပြာရောင် ဟိုလိုဂရပ်ဖစ်များက အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူများကို ပုံဖော်ထားသည်။
လေထဲတွင် ဒရုန်းအစင်းပေါင်းရာနှင့်ချီ၍ ဝဲပျံနေကြသည်—ဆောက်လုပ်ရေး စက်ရုပ်များ၊ သယ်ယူပို့ဆောင်ရေး ဒရုန်းများ၊ 3D-ပုံနှိပ် ထုတ်လုပ်စက်များနှင့် ပြုပြင်ထိန်းချုပ်ရေး ယူနစ်များအားလုံးသည် အစီအစဉ်တကျ လှုပ်ရှားနေကြသည်။
ဒရုန်းတချို့သည် မြေအောက်ခံတပ်၏ အခြေခံအဆောက်အအုံများကို ပြုပြင်နေကြသည်။ အချို့မှာ လေသန့်စင်စနစ်များကို ထိန်းသိမ်းနေကြသည်။ တောင်၏ ဗဟိုချက်ကို အထပ်ပေါင်းများစွာပါသော ဧရာမ ဒေါင်လိုက်အဆောက်အအုံကြီးတစ်ခုအဖြစ် ထွင်းထုထားခြင်း ဖြစ်သည်။ ဆောက်လုပ်ရေးဒရုန်းများသည် စက္ကန့်ပိုင်းအတွင်း မာကျောသွားနိုင်သော သတ္တုရည်များကို ဖြန်းကာ စင်များကို ပုံနှိပ်ထုတ်လုပ်နေကြသည်—မီးပွင့်များ မရှိ၊ ဆူညံသံများ မရှိဘဲ တိုးညှင်းသော စက်သံများသာရှိသည်။
Chapter 659
ရှင်းဂျီ မာဆာရှီ ၄
ပထမအထပ်၏ အောက်တွင် ယာယီလူနေရပ်ကွက်များကို တည်ဆောက်ထားသည်။ လက်ရန်းပေါ်မှ ငုံ့ကြည့်လိုက်သောအခါ လူအများအပြား လှုပ်ရှားနေသည်ကို လင်းရှန် မြင်လိုက်ရသည်။
“ဒီလို နေရာမျိုးမှာတောင် အမှောင်ကျူးကျော်မှုကို တားဆီးနိုင်ဖို့ မဖြစ်နိုင်ဘူး”
မိုနီကာက လင်းရှန်၏ နောက်တွင် လက်ပိုက်ရပ်ရင်း ပြောသည်။
“အထူးသဖြင့် တွင်းနက်ထဲမှာပေါ့။ ဒီခိုလှုံနေရာကို တည်ဆောက်ဖို့ ဒရုန်းတွေနဲ့ ဆိုရင်တောင် အချိန်အတော်ယူရမှာပဲ”
အမှန်ပင် လင်းရှန်၏ အဖွဲ့သည် ဤစက်ရုံ၏ အစိတ်အပိုင်း အများစုမှာ အသစ်စက်စက်ပြုပြင်ထားခြင်း ဖြစ်ကြောင်း သိနိုင်သည်။ သို့သော် ဒရုန်းများ၏ အရေအတွက်နှင့် တိကျမှုကြောင့်သာ ဤမျှ ကြီးမားသော စီမံကိန်းကို လုပ်ဆောင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ လင်းရှန် အထင်ကြီးသွားရသည်။ ဤနေရာရှိ အခြေအနေများသည် အပြင်ဘက်ထက် သိသိသာသာ ပိုမိုကောင်းမွန်သည်။ အနန္တရထား၏ ကုဗတုံးဖြင့် ကာကွယ်ထားသော စခန်းလောက် မကောင်းသော်လည်း သူတို့တွင် အမှောင်ကျူးကျော်မှု၏ အာနိသင်ကို လျှော့ချပေးနိုင်သော နည်းပညာအချို့ရှိနေသည်မှာ သေချာသည်။
ထိုသို့ စဉ်းစားရင်း လင်းရှန်သည် သူ၏ Black Hwak ဝတ်စုံ၏ မျက်နှာဖုံးကို ဖွင့်ကာ ရွှန်းကို မေးလိုက်သည်။
“တိတ်ဆိတ်မြို့တော်က လူအားလုံး ဒီမှာ ရှိနေတာလား”
ရွှန်းသည် သူ၏ နာနိုဝတ်စုံကို ချွတ်လိုက်ရာ အနည်းငယ် ရှုပ်ပွနေသော ဆံပင်အလိပ်များနှင့် ငယ်ရွယ်သောမျက်နှာတစ်ခု ပေါ်လာသည်။ သူက လင်းရှန်ကို ကြည့်ကာ ပခုံးတွန့်ပြသည်။
“အခုတော့ ရာဂဏန်းလောက်ပဲ ရှိပါသေးတယ်။ မနေ့က ရောက်လာတဲ့ လူသစ်တွေနဲ့ ပေါင်းရင်တော့ တစ်ထောင်ကျော်တာပေါ့”
“ဘယ်လို” နန်ကျင်း ထိတ်လန့်သွားသည်၊၊
“သောင်းနဲ့ချီတဲ့ လူတွေက ရာဂဏန်းပဲ ရှိတော့တာလား”
“အတိအကျကြီးတော့ မဟုတ်ပါဘူး”
ရွှန်းက ကူကယ်ရာမဲ့စွာ ပြောသည်။
“ကျနော်တို့ ဒီထဲကို ဆွဲသွင်းမခံရခင်မှာ ရှင်းဂျီက ထွက်ပြေးလွတ်မြောက်ခြင်းလုပ်ထုံးလုပ်နည်း ၂ ကို အသက်သွင်းလိုက်တယ်။ တိတ်ဆိတ်မြို့တော်က လူအများစုက ရွှေ့ပြောင်းသွားနိုင်ခဲ့ပြီး အခုတော့ လုလင်မြို့ပတ်ဝန်းကျင်မှာ ရှိနေကြပါပြီ။ ဒါပေမယ့် ကျနော်တို့ရဲ့ အဓိကမြို့တော်ကြီးကတော့... အကြောင်းအမျိုးမျိုးကြောင့် ဒီမှာ ပိတ်မိနေခဲ့တာပါ”
သူက လင်းရှန်ဘက် လှည့်လိုက်သည်။
“ခဗျားတို့လည်း ခြေင်္သငါးရုပ်ထုကြောင့် ဒီကိုရောက်လာကြတာ မဟုတ်လား”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“အချိန်သိပ်မရှိဘူး။ အချက်အလက်တွေကို အမြန်ဖလှယ်ကြရအောင်”
“ကပ္ပတိန်လင်း”
ရင်းနှီးသော အသံတစ်ခုထွက်ပေါ်လာသည်။ လင်းရှန် လှည့်ကြည့်လိုက်ရာ ဟူလုရှို့သည် အဖွဲ့တစ်ခုနှင့်အတူ သူတို့ထံ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများမှာ မယုံနိုင်အောင် ပြူးကျယ်နေပြီး အိပ်မက်မဟုတ်ကြောင်း အတည်ပြုရန် သူ၏ မျက်နှာကို ပွတ်သပ်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် အပြေးရောက်လာသည်။
“ငါ မျက်စိမှားတာမဟုတ်ဘူး—တကယ်ပဲ ကပ္ပတိန်လင်းပါလား။ ဖာ့ခ်... မင်းတို့ အားလုံး လွတ်သွားပြီလို့ ငါထင်နေတာ… မင်းတို့လည်း ဒီထဲကို ဆွဲသွင်းခံလိုက်ရလိမ့်မယ်လို့ မထင်ထားဘူး”
သူ၏နောက်တွင် လုကျောက်၊ ရှဲ့ကွမ်းနှင့် ဆန်းချန်တို့သည် ကပ်လျက် ပါလာကြသည်။
“သူဌေးဟူ... မနေ့ကပဲ ရထားယာဥ်တန်းက အမြန်ထွက်ပြေးသွားကြတယ်လို့ မင်းပဲ ကျိန်ဆဲနေတာ မဟုတ်လား။ အခုတော့ ဘယ်လိုလဲ”
လုကျောက်က နောက်ပြောင်လိုက်သည်။
ဟူလုရှို့ မျက်နှာပျက်သွားသည်။ သူသည် လုကျောက်ကို စိုက်ကြည့်ကာ
“အိုက်ယိုး... ငါက အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ငါက မင်းတို့အားလုံး လွတ်သွားပါစေလို့ ဆုတောင်းနေတာပါ—တကယ်ပြောတာ”
ထို့နောက် သူသည် လင်းရှန်ဘက်သို့ ပြန်လှည့်ကာ တောင်းပန်သော မျက်လုံးများဖြင့်
“ကပ္ပတိန်လင်း... မင်းကို တွေ့ရတာ တကယ်ဝမ်းသာပါတယ်။ မင်း ဒီမှာ ရှိနေပြီဆိုတော့ ငါတို့အားလုံး အတူတူ ပူးပေါင်းပြီး ဒီငရဲတွင်းထဲကနေ ထွက်ပေါက်ရှာနိုင်မယ်ဆိုတာ ငါသိပါတယ်”
လင်းရှန် သူတို့အဖွဲ့ကို စစ်ဆေးလိုက်သည်။ သူတို့သည် သူ၏အဖွဲ့ထက် ပိုကောင်းသော အခြေအနေတွင် မရှိကြပေ—ညစ်ပတ်နေကြပြီး သွေးစွန်းနေကာ လူအတော်များများလည်း ပျောက်ဆုံးနေကြသည်။ လော့ပုမြို့တွင် သူတို့ ကယ်ဆယ်ခဲ့သော လေပြင်းယာဉ်တန်းမှ လူအနည်းငယ်သာ ကျန်တော့သည်။ ထိုသားအဖနှစ်ဦးလည်း မရှိတော့ပေ။
ရွှန်းက နောက်လှည့်ကြည့်ကာ ပခုံးတွန့်ပြသည်။
“အခုတော့ ခဗျားတို့ ဘယ်လိုကြောင့် ဒီထဲကို အဆွဲခံရလဲဆိုတာ ကျနော်သိပြီ—ခြေင်္သ့ငါးရုပ်ထုကြီးကြောင့် ဖြစ်ပေါ်လာတဲ့ တွင်းနက် ဆွဲအားလှိုင်းကြောင့် ဖြစ်ရမယ် မဟုတ်လား”
“ဟုတ်တယ်” လင်းရှန်က ပြန်ဖြေသည်။
“မင်းတို့ ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ”
သူက မေးလိုက်သည်။
ရွှန်းက ထိုမေးခွန်း၏ နောက်ကွယ်ရှိအဓိပ္ပာယ်ကို နားလည်ပြီး ပြန်ဖြေသည်၊၊
“သိပ်မကြာသေးပါဘူး။ နှစ်လလောက် ရှိပြီ။ ခဗျားတို့ရဲ့ အချိန်အာရုံခံစားမှုနဲ့တော့ ကိုက်ညီမှာ မဟုတ်ဘူး”
“ကျနော်တို့မှာ ထွက်ပြေးဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်”
သူက ဆက်ပြောသည်။
“ဒါပေမယ့် အဲ့ဒီအတွက် တန်ကြေးအများကြီးပေးရမှာမို့လို့ပဲ”
“တိတ်ဆိတ်မြို့တော်ကြောင့်လား” လင်းရှန်က ခန့်မှန်းလိုက်သည်။
“ဟုတ်တယ်” ရွှန်းက ခေါင်းညိတ်သည်။
“ကျနော်တို့ မြို့ကို စွန့်ပစ်ဖို့ အသင့်မဖြစ်သေးဘူး။ ပြီးတော့... တခြားအကြောင်းရာတွေလည်း ရှိပါသေးတယ်”
ထိုစဉ် ရွှန်းက ခဏရပ်တန့်သွားပြီး သူ၏ နားကြပ်ထဲမှ တစ်စုံတစ်ခုကို နားထောင်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
“ရှင်းဂျီဆီကို တိုက်ရိုက်ခေါ်သွားပေးမယ်။ သူက အားလုံးကို ရှင်းပြပါလိမ့်မယ်။ သူက ခဗျားကို အတော်လေး စိတ်ဝင်စားနေပုံပဲ”
“ကပ္ပတိန်လင်း သတင်းကောင်းကို ငါစောင့်နေမယ်”
ဟူလုရှို့က မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
“ငါတို့က ဒီကပ်ဘေးထဲမှာ ညီအစ်ကိုတွေပဲ မဟုတ်လား”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“ငါတို့ အားလုံး တူညီတဲ့ အရာကိုပဲ လိုချင်ကြတာပါ—အဲ့ဒါက ထွက်ပြေးဖို့ပဲ”
“ဟဲဟဲ... ဒါပေါ့ ဒါပေါ့”
ဟူလုရှို့က ခေါင်းကို တရစပ်ညိတ်ပြလိုက်သည်။
ရွှန်းသည် လင်းရှန်၏ အဖွဲ့ကို ဓာတ်လှေကားအတွင်းသို့ ခေါ်ဆောင်သွားပြီး အောက်ဆုံးထပ်သို့ ပို့ဆောင်ပေးသည်။ ထိုနေရာတွင် ဒရုန်းများမှအပ အခြားနေရာများမှာ ဗလာဖြစ်နေသည်။
လင်းထိန်နေသော စင်္ကြံလမ်း၏ အဆုံးတွင် ဧရာမ အအေးပေးခန်းတံခါးကြီးတစ်ခု ရှိသည်။ သူတို့ ချဉ်းကပ်သွားသောအခါ တံခါးက အလိုအလျောက်ပွင့်သွားသည်။
အတွင်းဘက်တွင် ကျယ်ဝန်းပြီး သီးခြားအခန်းတစ်ခုရှိကာ ၎င်းမှာ ကွပ်ကဲရေးစင်တာနှင့် တူညီနေသည်။ နံရံသုံးဖက်ကို ဟိုလိုဂရပ်ဖစ်ဖန်သားပြင်များဖြင့် ဖုံးလွှမ်းထားသည်။ ထူထဲသော အနက်ရောင်ကေဘယ်ကြိုးများစွာသည် အလယ်ရှိ ဆလင်ဒါပုံစံစက်တစ်ခုထံသို့ ဆက်သွယ်ထားသည်။
ထိုစက်၏ ရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးလျက် ရပ်နေသော လူငယ်တစ်ဦး ရှိသည်။
လှပသော အမျိုးသမီးပုံစံ စက်ရုပ်အချို့သည် ဘေးတွင် ရပ်နေကြပြီး အငွေ့ထောင်းထောင်းထနေသော လက်ဖက်ရည်များကို လင်ဗန်းဖြင့် အသင့်ရှိနေကြသည်။
လင်းရှန် မယုံနိုင်အောင် စိုက်ကြည့်နေမိသည်။ ထိုသူသည် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်ခန့်သာ ရှိပုံရပြီး အသားဖြူကာ တာအိုဝတ်စုံနှင့် တူညီသော အပြာရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ထုံးထားသည်။
ရှင်းဂျီ မိုဆာရှီသည် သူ့ကို ရင်းနှီးစွာ ပြုံးပြီး ကြည့်နေသည်။
“အာ... မင်းက လင်းရှန် ဖြစ်ရမယ်။ ငါ့ရဲ့ အတွေးညွှန်းကိန်းမှာ မင်းရဲ့ နာမည်က ရှာဖွေမှုအများဆုံး နံပါတ်ကိုးနေရာမှာ ရှိနေတယ်။ ဆောရီး... ငါက မင်းကို စိတ်ဝင်စားသွားလို့ပါ”
“စကားပုံတစ်ခု ရှိတယ် မဟုတ်လား။ ‘ကမ္ဘာ့အစွန်းမှာ အတူတူ ပြည်နှင်ခံရသူတွေချင်း... တူညီတဲ့ ကံကြမ္မာကို မျှဝေခံစားဖို့ ဘာလို့ အရင်က ဆုံဖူးဖို့ လိုမှာလဲ’ ငါတို့ ဒီလိုမျိုး ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ တကယ်ကို တိုက်ဆိုင်တာပဲ။ ဒါမှမဟုတ် သင်္ချာနည်းအရ ပြောရရင်... တခြားကိန်းရှင်တွေ ပါဝင်နေတာလည်း ဖြစ်နိုင်တာပေါ့”
“ရှင်က ရှင်းဂျီ မိုဆာရှီလား”
ကီကီ အော်လိုက်မိသည်။
“ရှင်က... အသက် ၅၀ ကျော်နေပြီ မဟုတ်ဘူးလား”
ထိုပါရမီရှင်ကို လူချင်းတွေ့ဖူးသူ နည်းပါးသော်လည်း သူ၏ နာမည်မှာ ကီကီ မမွေးမီကပင် ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ သူသည် ယခုကဲ့သို့ နုပျိုနေရန်မှာ မဖြစ်နိုင်ပေ။
“သူက လူမဟုတ်ဘူး” လင်းရှန်က တီးတိုးပြောလိုက်သည်။
ရှင်းဂျီ၏ မျက်လုံးများကို ကြည့်လိုက်သောအခါ နာနို-မှန်ဘီလူးများ၏ အလင်းပြန်မှုကို သူ သတိပြုမိလိုက်သည်။ သူ၏ ယန္တရားနှလုံးသားက ထိုသူကို စကင်ဖတ်လိုက်ပြီး အတည်ပြုလိုက်နိုင်သည်—ဂရေ့စ်ကဲ့သို့ပင် ဤသူမှာလည်း စက်ရုပ်တစ်ရုပ်သာဖြစ်သည်။