← Chapters

အခန်း (၆၆၂-၆၆၃)

Vol. 40 Ch. 662-663

အခန်း (၆၆၂-၆၆၃)

Vol. 40 Ch. 662-663

Chapter 662

ကြယ်စင်တန်းများဆီသို့ ၂

“ဒါ မဖြစ်နိုင်ဘူး။ အနီရောင်ကမ္ဘာက လူသားအဖွဲ့အစည်းပဲ မဟုတ်လား။ သူတို့က တွင်းနက်ထဲမှာ ဘယ်လိုလုပ် ဒီလောက်ကြာကြာ ရှင်သန်နိုင်မှာလဲ”

နန်ကျင်းနှင့် အခြားသူများလည်း နားမလည်နိုင်ဖြစ်နေကြသည်။

“သူတို့ဆီမှာလည်း ကပ်ဘေးပန်းတွေ ဒါမှမဟုတ် တားမြစ်ပစ္စည်းတွေ ရှိနေလို့လား”

“ကပ်ဘေးပန်းတွေနဲ့ တားမြစ်ပစ္စည်းတွေက အမှောင်ထုရဲ့ အသွင်ပြောင်းလဲမှုတွေပဲ”

ရွှန်းက ဝင်ပြောသည်။

“အဲဒါတွေက နှစ်ဖက်သွားဓားတွေပဲ။ အမှောင်ကပ်ဘေးကနေ အမှန်တကယ် မကာကွယ်ပေးနိုင်ဘူး။ ပြီးတော့ မမေ့နဲ့ဦး… ဒါက ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ အသိုက်ပဲ။ အဲဒီပစ္စည်းတွေနဲ့သာ လုံလောက်မယ်ဆိုရင် လူသားတွေက ဒီလောက်အခြေအနေမဆိုးဘူး။ ကျနော်တို့တောင် ဒီမှာ အကြာကြီး မနေနိုင်ဘူး… မကြာခင် ပြန်ဆုတ်ရမှာ”

လင်းရှန် ချက်ချင်း အဖြေမပေးနိုင်ခဲ့ပေ။ ရွှန်းပြောသည်မှာ မှန်သည်။ သူ၏ ထူးဆန်းသောကုဗတုံးသည် ယန္တရားစွမ်းရည်ဖြင့် ပြန်လည်ပြုပြင်ထားသောကြောင့်သာ အလုပ်လုပ်ခြင်းဖြစ်ပြီး အမှောင်ထု၏ စိတ်ပိုင်းဆိုင်ရာတိုက်စားမှုကိုသာ တားဆီးပေးနိုင်သည်။ ထူးဆန်းသည့် သတ္တဝါများ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကိုမူ မကာကွယ်နိုင်ပေ။

“ဒါဆို အနီရောင်ကမ္ဘာက ဒီမှာစမ်းသပ်မှုတွေကို ဘယ်လိုလုပ်နေတာလဲ”

မိုနီကာက မေးလိုက်သည်။

ရှင်းဂျီ ရှေ့သို့ လှမ်းလာသည်။ အသံတစ်ခုနှင့်အတူ ကြမ်းပြင်ပွင့်သွားပြီး ဖောက်ထွင်းမြင်ရသော အရည်ကန်နှစ်ခုမြင့်တက်လာသည်။

ထိုအထဲတွင် ရုပ်အလောင်းနှစ်ခုရှိနေသည်။ တစ်ခုမှာ အမျိုးသား၊ တစ်ခုမှာ အမျိုးသမီးဖြစ်သည်။ နှစ်ဦးစလုံးမှာ ဆိုင်ဘာနက်တစ်နည်းဖြင့် အကြီးအကျယ် ပြုပြင်ထားခြင်းခံထားရသည်။ အမျိုးသား၏ ဆိုင်ဘာခြေထောက်များမှာ ပြတ်တောက်နေပြီး ရင်ဘတ်မှာလည်း ပွင့်ထွက်နေသည်။ အမျိုးသမီး၏ ဦးခေါင်းခွံမှာမူ ထူးဆန်းသည့် သတ္တဝါတစ်ခုခု၏ ဝါးမျိုခြင်းကို ခံထားရပုံရသည်။ သို့သော် ထူးဆန်းသည်မှာ နှစ်ဦးစလုံး၏ ဦးခေါင်းနောက်ဘက်တွင် ယန္တရားအစိတ်အပိုင်းများ တပ်ဆင်ထားပြီး ကွဲအက်နေသော ဦးခေါင်းခွံများကြားမှ ဖြူဖွေးသော မှိုမျှင်ကွန်ရက်များကို မြင်နေရခြင်းပင်။

လင်းရှန်နှင့် အခြားသူများ ထိုမှိုမျှင်များကို မြင်လိုက်ရသည်နှင့် ချက်ချင်း မှတ်မိသွားကြသည်။ ၎င်းမှာ ယိကျင်းမြို့တွင် တွေ့ခဲ့ရသော မှိုမျှင်ကွန်ရက်ပင်ဖြစ်သည်။

“ဒါက ဘာကြီးလဲ။ မှိုဦးနှောက်တွေနဲ့ စက်ပစ္စည်းတွေလား” ကီကီက တုန်လှုပ်စွာ ပြောလိုက်သည်။

ချီလီကလည်း ဆက်မေးသည်။

“သူတို့က အနီရောင်ကမ္ဘာက လူတွေလား”

“ဟုတ်လည်း ဟုတ်တယ်… မဟုတ်လည်း မဟုတ်ဘူး”

ရှင်းဂျီက ခါးသီးသော အပြုံးဖြင့် ပြောသည်။

“နားထောင်ရတာ ထူးဆန်းနေမှာပဲ။ ဒီနှစ်ယောက်က အနီရင့်ရောင်အဖွဲ့အစည်းက သုတေသီတွေပဲ။ သူတို့က တွင်းနက်ထဲက သူတို့ရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းမှာ အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ နောက်တစ်မျိုး ပြောရရင် သူတို့က အနီရောင်ကမ္ဘာရဲ့ အဖွဲ့ဝင်အစစ်တွေ မဟုတ်ကြဘူး”

လူတိုင်း ရှုပ်ထွေးသွားကြသည်။ သို့သော် ရှင်းဂျီဆက်ပြောလိုက်သော စကားက လူတိုင်း၏ မျက်နှာများကို အမူယာပြောင်းလဲသွားစေသည်၊၊

“အတိအကျပြောရရင် ဒီလူတွေက ပြန်ပေးဆွဲခံထားရတဲ့ စွမ်းအားရှင်တွေပဲ။ အမှောင်မှိုမျှင်တွေနဲ့ ဒစ်ဂျစ်တယ် မှတ်ဉာဏ်တွေ သုံးပြီး ယာယီ လူသားတွေအဖြစ် ပြောင်းလဲခံထားရတာပဲ”

“ပြောင်းလဲခံထားရတာ ဟုတ်လား”

လင်းရှန် ကျောချမ်းသွားသည်။

“ခင်ဗျား ပြောတာက အနီရောင်ကမ္ဘာက သူတို့ရဲ့ မှတ်ဉာဏ်တွေကို တခြားသူရဲ့ ဦးနှောက်ထဲ ထည့်သွင်းလိုက်တာလား”

ရှင်းဂျီက လေထဲသို့ လက်ညှိုးထိုးပြရင်း ပြုံးလိုက်သည်။

“အတိအကျပဲ…”

“ရှင်းပြရရင် အနီရောင်ကမ္ဘာသုတေသီတွေက သူတို့ရဲ့ မှတ်ဉာဏ်တွေကို ကူးယူထားပြီး ပြန်ပေးဆွဲခံထားရတဲ့ စွမ်းအားရှင်တွေရဲ့ ဦးနှောက်ထဲကို အစားထိုးလိုက်တာပဲ။ အဲဒီလူတွေကို အသုံးချခံတွေအဖြစ် သုံးပြီး တွင်းနက်ထဲမှာ သုတေသနလုပ်ခိုင်းတာပဲ။ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အများဆုံး နှစ်ရက်၊ သုံးရက်ပဲ ခံနိုင်မယ်။ ဆိုင်ဘာနည်းပညာတွေနဲ့ဆိုရင် တစ်ပတ်လောက် ခံနိုင်မယ်။ ဒါက တကယ့်ကို ထိရောက်တဲ့ နည်းလမ်းပဲ”

“သူတို့က ဒီခန္ဓာကိုယ်တွေကို အမြောက်အမြားသုံးပြီး ဒီက အချိန်ကွာခြားချက်ကို အသုံးချပြီး သုတေသနအချက်အလက်တွေကို စုဆောင်းကြတယ်။ တကယ့် သုတေသီတွေကတော့ ဘာမှ မဆုံးရှုံးဘူး”

“ဘာ” ချန်ဆီရွှမ် ထိတ်လန့်သွားသည်။

“သူတို့က အသက်ရှင်နေတဲ့ စွမ်းအားရှင်တွေကို အမြောက်စာတွေအဖြစ် သုံးနေတာလား”

“ဘာလို့ စက်ရုပ်တွေကို မသုံးတာလဲ”

နန်ကျင်းက အေးစက်စွာ မေးလိုက်သည်။

ရှင်းဂျီက ပခုံးတွန့်ပြသည်။

“ဒါက မေးသင့်တဲ့ မေးခွန်းပဲ။ ကံမကောင်းတာက လက်ရှိ AI နည်းပညာနဲ့ အဲဒါက မဖြစ်နိုင်သေးဘူး။ ငါ ခုနက ပြောသလိုပဲ လူသားအသိစိတ်ကို ဖန်တီးနိုင်တဲ့ ပရိုဆက်ဆာတွေက အရမ်းကို ရှားပါးတယ်။ AI အများစုက ကောက်ချက်ချဖို့အတွက် Cloud စနစ်ကိုပဲ အားကိုးနေရတုန်းပဲ။ သီးသန့်စက်ပစ္စည်းတွေက နက်နဲတဲ့ အတွေးအခေါ်တွေနဲ့ သိပ္ပံနည်းကျ သုတေသနတွေလုပ်ဖို့ စွမ်းရည်မရှိသေးဘူး”

“ဒါကြောင့် အနီရောင်ကမ္ဘာက ဒီမှိုဦးနှောက်နည်းလမ်းကို သုံးတာပဲ။ ဒါက ပါမောက္ခအဆင့်သုတေသီတစ်ယောက်ရဲ့ အသိစိတ်ကို ယာယီဒစ်ဂျစ်တယ်သက်ရှိထဲ ကူးယူလိုက်တာပဲ။ အသက်တိုပေမဲ့ စဉ်းစားကြည့်လေ… အင်ဂျင်နီယာတစ်ထောင်၊ ဇီဝဗေဒပညာရှင် တစ်ထောင်၊ ရူပဗေဒပညာရှင် တစ်ထောင်ဆိုရင် ဒါက အဓိပ္ပာယ်ရှိသွားပြီ မဟုတ်လား”

သူ၏ စကားလုံးများမှာ လူတိုင်း၏ နားထဲတွင် နတ်ဆိုး၏ တီးတိုးရေရွတ်သံများကဲ့သို့ ပဲ့တင်ထပ်နေသည်။ လင်းရှန်၏ မျက်ခုံးများ ပို၍ ကျူံ့လာသည်။ အာခီစိုင်းမှာ ရှိစဉ်က ကန္တာရဓားပြများက စွမ်းအားရှင်များကို ဖမ်းဆီးရန် ဘာကြောင့် အသည်းအသန်ဖြစ်နေကြသည်ကို သူ အခုမှ နားလည်သွားတော့သည်။ အနီရောင်ကမ္ဘာသည် ထိုသူများကို သုတေသနအတွက်တင် မဟုတ်ဘဲ အမြောက်စာတစ်ခုအဖြစ်အသုံးချနေခြင်း ဖြစ်သည်။

“ပြီးတော့ မှိုမျှင်တွေကိုလည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး” ရှင်းဂျီက ဆက်ပြောသည်။

“ဒါကြောင့် သေဆုံးနှုန်းက အရမ်းမြင့်နေတုန်းပဲ။ တစ်ခါတလေကျရင် မူလဦးနှောက်ရဲ့ အသိစိတ်တွေ ကျန်နေတာမျိုးလည်း ရှိတတ်တယ်။ ဒါက အနီရောင်ကမ္ဘာက ဒီနည်းပညာကို အပြည့်အဝမကျွမ်းကျင်သေးဘူးဆိုတာ ပြနေတာပဲ”

သူက အကျီအိတ်ထဲ လက်ထည့်ရင်း မျက်လုံးများ မှေးသွားသည်၊၊

“ဒါကို ပြောရတာ ရှက်စရာကောင်းပေမဲ့ ဒစ်ဂျစ်တယ် သက်ရှိပရိုဂရမ်ဆိုတာ ငါ့ရဲ့ ဖန်တီးမှုပဲ။ အနီရောင်ကမ္ဘာက ဒီမှိုမျှင်တွေကို အသုံးချပြီး ဒီလို လွဲမှားတဲ့နည်းလမ်းနဲ့ သုံးလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ မှတ်ဉာဏ်တွေကို ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲတဲ့ အယူအဆတွေက ငါတို့မိသားစုကနေ ဆင်းသက်လာတာပဲ။ ဒါကြောင့် ငါ့မှာလည်း တာဝန်ရှိတယ်”

“ဒါဆို အဖြူရောင်မြို့မှာ အနီရောင်ကမ္ဘာရဲ့ ဓာတ်ခွဲခန်းရှိနေတာပေါ့… ရှင်က အဲဒါကို စောင့်ကြည့်နေတာလား” ကီကီက တိုက်ရိုက်မေးလိုက်သည်။

“အတိအကျပဲ” ရှင်းဂျီက ပြုံးလိုက်သည်။

မိုနီကာ၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။

“ဒါဆို ရှင်က ဒီလောက် စွန့်စားပြီး အမှောင်ကျူးကျော်မှုအတွက် ကုထုံးကို အမြန်ရှာနေတာက လူသားမျိုးနွယ်အတွက်လား ဒါမှမဟုတ် ရှင့်ရဲ့ အပြစ်ရှိစိတ်ကို လျှော့ချဖို့လား”

သူမ၏ မေးခွန်းက ပြင်းထန်လှသည်။

တိတ်ဆိတ်မြို့တော်သည် အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံမှုရှိပြီး နည်းပညာစွမ်းအားကို သုံးကာ နယ်မြေချဲ့ထွင်နေသည်ကို လင်းရှန် သိသည်။ ရှင်းဂျီသည် မြင့်မြတ်သော ရည်ရွယ်ချက်တစ်ခုတည်းအတွက် လုပ်ဆောင်နေသည်ဟု သူ တစ်ခါမျှ မယုံကြည်ခဲ့ပေ။

သို့သော် ရှင်းဂျီက ပြန်မဖြေဘဲ ပြုံးနေသည်။ နည်းပညာသုတေသနပိုင်းခေါင်းဆောင် ရွှန်းကသာ ဝင်ပြောလိုက်သည်။

“လူသားတစ်ယောက်အနေနဲ့ ကုထုံးကို ရှာဖွေတာက ဘုံရည်မှန်းချက် မဟုတ်ဘူးလား။ အခြားသူတွေကို ကယ်ဖို့ပဲဖြစ်ဖြစ်… ကိုယ့်ကိုယ်ကိုယ် ကယ်ဖို့ပဲဖြစ်ဖြစ် ဘာထူးလို့လဲ”

ရွှန်း၏ စကားဆုံးသွားသည်နှင့် ရှင်းဂျီက လင်းရှန်ဘက် လှည့်လာသည်။

“ကပ္ပတိန်လင်း… ခဗျားတို့ အဖွဲ့က တွင်းနက်ထဲကနေ လွတ်မြောက်ဖို့ ၄၀-၅၀ ရာခိုင်နှုန်းလောက် အခွင့်အရေး ရှိရက်နဲ့ ဘာလို့ စူပါကွန်ဒတ်တင်း သံလိုက်ကျောက်ဆူး အခင်းအကျင်းသုံးပြီး ရထားကို လွှတ်တင်ဖို့အထိ စွန့်စားနေရတာလဲ”

လင်းရှန် ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။ “ဘာလို့လဲဆိုတော့ ခင်ဗျားပြောသလိုပဲ… ကျုပ်ရဲ့ ရထားနဲ့ ကျုပ်လူတွေကို ဆုံးရှုံးလိုက်ရရင် ကျုပ်လည်း အကြာကြီးခံနိုင်ရည်ရှိမှာမဟုတ်လို့ပဲ”

သူ အတည်ပြောနေခြင်းဖြစ်သည်။ ပူးပေါင်းယာဥ်တန်းသည် ရှင်သန်မှုအတွက် အနှောင်အဖွဲ့တစ်ခုဖြစ်သည်။ ဟုလုရှို့နှင့် အခြားသူများအားလုံးသည် သေခြင်းတရားကို အတူတူရင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။ ယခုလို အချိန်မျိုးတွင် လူသားများသည် စည်းလုံးမှုကသာ သူတို့ကို ခွန်အားပေးသည်ဟု ယုံကြည်ကြသည်။ ထိုဗီဇမှာ သူတို့၏ သွေးထဲ၌ ပါလာပြီးသား ဖြစ်သည်။

“ဟုတ်တာပေါ့” ရှင်းဂျီက လေးနက်စွာ တုံ့ပြန်သည်။

“ငါတို့အားလုံး အတူတူပါပဲ။ ဒါပေမဲ့ ငါက ဒီထက်ပိုကြီးတာကို တွေးနေတာ… တိတ်ဆိတ်မြို့တော်နဲ့အတူ လွတ်မြောက်ရုံတင် မဟုတ်ဘူး”

သူက ရွှန်းကို လက်ညှိုးညွှန်ပြသည်။

“ငါ့လူတွေ… မြို့သူမြို့သားတစ်သိန်းကျော်မှာ ပိုကြီးတဲ့ ရည်မှန်းချက် ရှိတယ်။ အကယ်၍ ငါတို့သာ တွင်းနက်တွေနဲ့ အမှောင်ကျူးကျော်မှုရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ်ဆိုရင်...”

သူက လင်းရှန်ကို ကြည့်ကာ စိတ်အားထက်သန်စွာ ပြောသည်။

“...အမှောင်ထုရဲ့ အကာအကွယ်ကို ဖောက်ထွက်ပြီး လူသားတို့ရဲ့ ယဉ်ကျေးမှုကို... ကြယ်စင်တန်းတွေဆီအထိ သယ်ဆောင်သွားနိုင်လိမ့်မယ်”

Chapter 663

ဂြိုလ်အဆင့်ပြောင်းလဲခြင်း ၁

အခန်းထဲတွင် တိတ်ဆိတ်သွားသည်။ လင်းရှန်သည် ထိုလူငယ်လေးကို စိုက်ကြည့်နေမိသည်။ သူ၏ စကားလုံးများမှာ ပြင်းထန်လှသည်။

ရှင်းဂျီသည် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် တည်ငြိမ်နေသည်။

‘ဒါက ငါ့ရဲ့ လမ်းစဥ်ပဲ…ဘာလို့ ဖုံးကွယ်ထားရမှာလဲ’ဟုပြောနေသကဲ့သို့ပင် လူတိုင်းခံစားလိုက်ရသည်၊၊

ရွှန်းနှင့် အခြားသူများ ဘာကြောင့် သူ့နောက်သို့ လိုက်ကြသည်ကို အံ့သြစရာမရှိတော့ပေ။ သူတို့သည် ရှင်သန်ရုံသက်သက်အတွက် မဟုတ်ဘဲ သမိုင်းသစ်ရေးရန်အတွက် သူတို့၏ အချိန်များကို ပေးဆပ်နေကြခြင်း ဖြစ်သည်။

လင်းရှန်သည် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ စိုးရိမ်ပူပန်မှုများ လျော့ကျသွားသည်၊၊

“ခင်ဗျားရဲ့ အစီအစဉ်ကို ပြောပြပါ”

သူ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ရှင်းဂျီ မိုဆာရှီက အေးဆေးသောအမူယာဖြင့် ပြုံးလိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည်။

“ပထမပြဿနာက ငါတို့က အနီရောင်ကမ္ဘာကို ပစ်မှတ်ထားသလို သူတို့ကလည်း တိတ်ဆိတ်မြို့တော်ကို မျက်စိကျနေတာပဲ။ ငါတို့ ဒီကနေ ထွက်ခွာချင်တယ်ဆိုရင် အဖြူရောင်မြို့ထဲက သူတို့ရဲ့ ဓာတ်ခွဲခန်းကို အရင်ဖျက်ဆီးရမယ်။ မဟုတ်ရင် သူတို့က ငါတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးမှာပဲ။ ဒါပေမဲ့ အတားအဆီးသုံးခုရှိတယ်”

“အနီရောင်ကမ္ဘာရဲ့ ထိတ်လန့်ဖွယ် သတ္တဝါ၊ အတွင်းပိုင်းအမှောင်ဒီရေလှိုင်းတွေ… ပြီးတော့ မှိုမျှင်မှတ်ဉာဏ်အမြုတေတွေကို ကာကွယ်ထားတဲ့ စနစ်ပဲ”

“ဘယ်လို ကာကွယ်ရေးစနစ်မျိုးလဲ” ကီကီက မေးသည်။

ရွှန်းက ဖြေလိုက်သည်။

“ကျနော်တို့ သူတို့ရဲ့ လူတွေကို တိုက်ခိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်ခါနီးတိုင်း အဲဒီ မှိုမျှင်မှတ်ဉာဏ်အမြုတေတွေက အလိုအလျောက် ပေါက်ကွဲသွားတာပဲ။ ဘာအချက်အလက်မှ မယူနိုင်ခဲ့ဘူး”

“ရွံစရာကောင်းလိုက်တာ” အသံနှစ်ခု ထွက်လာသည်။

မီးတောက်နှင့် ရှောင်ချင်းတို့ဖြစ်သည်။ မီးတောက်က လက်ပိုက်ပြီး ဒေါသတကြီး ပြောသည်။

“သူတို့က ကိုယ့်မျိုးနွယ်ကိုတောင် ညှဉ်းပန်းနှိပ်စက်ပြီး ဒီလို ယုတ်ညံ့တဲ့ နည်းလမ်းတွေကို သုံးနေတာလား။ အဲဒီ အမှောင်သတ္တဝါတွေက သူတို့ကို သူတို့နဲ့ တန်းတူလို့ မြင်မယ်လို့ တကယ်ပဲ ထင်နေကြတာလား”

“မဟုတ်ဘူး” ရှင်းဂျီက တင်းမာစွာ ပြောသည်။

“သူတို့က ကိုယ့်ကိုယ်ကိုယ် လိမ်နေကြတာ… အနီရောင်ကမ္ဘာရဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲဆိုတာ မင်းတို သိကြလား”

လူတိုင်း သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။

“ပေါင်းစည်းခြင်းပဲ” ရှင်းဂျီ၏ မျက်လုံးအစုံကျဉ်းမြောင်းသွားပြီး ပြုံးလိုပ်သည်။

“သူတို့က မျိုးနွယ်သစ်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်နေကြတယ်။ အဲဒီမျိုးနွယ်က ထာဝရအသက်ရှင်နိုင်ပြီး အမှောင်ကမ္ဘာထဲမှာ ရှင်သန်နိုင်မယ်လို့ပေါ့”

“သူတို့က အမှောင်သတ္တဝါတွေ ဖြစ်ချင်နေတာလား”

ကီကီ ထိတ်လန့်သွားသည်။

“အော်... အခုမှပဲ နားလည်တော့တယ်...”

ချီလီက ရေရွတ်လိုက်သည်။

မိုနီကာကလည်း ဆက်ပြောသည်။

“မမေ့နဲ့ဦး… သူတို့က အဲဒီအရာတွေကို ထူးဆန်းတဲ့ သတ္တဝါတွေလို့တောင် မသတ်မှတ်ဘူးလေ”

“စွမ်းရည်တွေ၊ ဗီဇဆင့်ကဲပြောင်းလဲမှုတွေ၊ ဒိုင်မေးရှင်းကျော်ဖြတ်မှုတွေ...”

ချန်ဆီရွှမ်က လေးနက်စွာ ခေါင်းညိတ်သည်။

“သူတို့အတွက်တော့ အဲဒါက နတ်ဘုရားအဆင့်ကို တက်လှမ်းခြင်းပဲ”

“စောက်ရူးတွေပဲ”

တိုးညင်းသော်လည်း ပြတ်သားသော အသံတစ်ခုက တင်းမာမှုကို ဖြိုခွဲလိုက်သည်။

အားဖေးသည် လက်ဖက်ရည်ကို မှုတ်သောက်နေရင်း သူ၏ စကားကို လူကြားသွားသည်ကို သိလိုက်ရသောအခါ ထိုင်ခုံထဲ ကျုံ့ဝင်သွားသည်။

လင်းရှန် ရယ်မောလိုက်ပြီး ရှင်းဂျီဘက် ပြန်လှည့်လိုက်သည်။

“အတွင်းပိုင်းအမှောင်ဒီရေတွေ၊ အချိန်ကန့်သတ်ချက်တွေ၊ အန္တရာယ်ဇုန်တွေနဲ့ အလိုအလျောက် ပေါက်ကွဲတဲ့ မှတ်ဉာဏ်အမြုတေတွေကိစ္စကို ကျုပ်တို့ အခုချက်ချင်းဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် အနီရောင်ကမ္ဘာ ထိတ်လန့်ဖွယ်သတ္တဝါတွေအကြောင်း ပြောကြရအောင်”

ထိုအမည်ကို သူ အကြိမ်ကြိမ်ကြားဖူးသဖြင့် စိတ်ဝင်စားနေခြင်းဖြစ်သည်။

“မင်းက အဲဒါအားလုံးကို ဖြေရှင်းနိုင်တယ် ဟုတ်လား”

ရွှန်းက မယုံကြည်နိုင်စွာ မေးသည်။

“ကျနော်တို့ ဒါတွေကို တွေးနေရတာ လနဲ့ချီနေပြီ။ ခဗျားက ခုချက်ချင်း ဖြေရှင်းနိုင်တယ် ဟုတ်လား”

ရှင်းဂျီက ရွှန်းကို လက်ကာပြပြီး လင်းရှန်ကို တိုက်ရိုက်ပြောသည်။

“အနီရောင်ကမ္ဘာ ထိတ်လန့်ဖွယ်သတ္တဝါဆိုတာက ရိုးရှင်းပါတယ်။ အစောပိုင်းက ငါပြောခဲ့သလိုပဲ အနီရောင်ကမ္ဘာသုတေသီတွေကို စွမ်းအားရှင်တွေရဲ့ ကိုယ်ခန္ဓာထဲ ထည့်သွင်းထားတာမျိုးပဲ။ ဒါပေမဲ့ ဒီသတ္တဝါတွေကတော့ သန္ဓေပြောင်းသွားတဲ့ လူသားနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို အထူးထိန်းချုပ်ကိရိယာနဲ့ ပေါင်းစပ်ထားတာပဲ။ သူတို့လည်း ဒီလိုဖြစ်လာမယ်လို့ မရည်ရွယ်ထားပုံရပေမဲ့ အခုတော့ ဒါက သူတို့အတွက်ပါ ပြဿနာကြီးဖြစ်နေပြီ”

လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားသည်။ သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး မေးလိုက်သည်။

“အနီရောင်ကမ္ဘာက ထူးဆန်းတဲ့ သတ္တဝါတွေကို လူသားအသွေးအသားတွေထည့်ပြီး အတူယှဥ်တွဲနေထိုင်တယ်လို့ ခဗျားပြောချင်တာလား”

“ယှဥ်တွဲနေထိုင်ခြင်းလား စိတ်ဝင်စားစရာပဲ”

ရှင်းဂျီက လင်းရှန်၏ အသုံးအနှုန်းကို အတော်လေး သဘောကျသွားသည်။ သူက တိုက်ရိုက်ပင် ပြောလိုက်သည်၊၊

“အဲဒီနှစ်ခုကြားမှာ နည်းပညာကွာဟချက် ကြီးမားတယ်… ထိတ်လန့်ဖွယ်လူသားသတ္တဝါတွေဆိုတာ အခြေခံအားဖြင့် လူသားကနေ သန္ဓေပြောင်းသွားတဲ့ ဖုတ်ကောင်အမျိုးအစားတွေပဲ…ဒါပေမဲ့ သူတို့က ဒီနည်းပညာကို ပိုတိုးတက်အောင် ကြိုးစားနေကြတယ်လို့ ယုံကြည်စရာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်… အနီရောင်ကမ္ဘာတင်မကဘူး… ဖီးနစ်အပါအဝင် တခြားအဖွဲ့အစည်းတွေကလည်း ဒီလိုသုတေသနမျိုးတွေ လုပ်နေကြတာပဲ… ကွာခြားချက်ကတော့ သူတို့ရဲ့ ရည်ရွယ်ချက်တွေပဲပေါ့”

ကမ္ဘာပျက်ကပ် စတင်ခဲ့သည့်နေ့မှစ၍ လူသားတို့သည် ပထမဆုံးသော ထူးဆန်းသည့် သတ္တဝါကို ဖမ်းမိခဲ့ချိန်မှစကာ အမှောင်သတ္တဝါများအပေါ် သုတေသနပြုမှုမှာ တစ်ခါမျှ မရပ်တန့်ခဲ့ပေ။ ကမ္ဘာလုံးဆိုင်ရာ ဝင်ရိုးစွန်းည အကျပ်အတည်းကို ကျော်လွှားရန် လူသားတို့၏ ပထမဆုံး အခက်အခဲမှာ ဤအမည်မသိ သတ္တဝါများကို အနိုင်ယူရန်ပင် ဖြစ်သည်။

ဖီးနစ်သည် ဤသတ္တဝါများ၏ ဇီဝပုံစံများ၊ ဆက်သွယ်မှုပုံစံများ၊ ရှင်သန်မှု လက္ခဏာများနှင့် အားနည်းချက်များကို လေ့လာခဲ့သည်။ သို့သော် အနီရောင်ကမ္ဘာက လုပ်ဆောင်နေသည့် အသွေးအသားပေါင်းစပ်ယှဥ်တွဲနေထိုင်ခြင်းကဲ့သို့သော မိစ္ဆာနည်းပညာဖွံ့ဖြိုးမှုမျိုးကိုမူ လင်းရှန် မယုံကြည်နိုင်သေးပေ။

“မှိုမျှင်ကွန်ရက်စနစ်ပဲဖြစ်ဖြစ်… အမှောင်စွမ်းအင် ကျူးကျော်မှု တားဆီးစနစ်ပဲဖြစ်ဖြစ်၊ ဒီလိုကိရိယာမျိုးတွေကို ဖန်တီးနိုင်တာဟာ အနီရောင်ကမ္ဘာက အမှောင်ဇီဝဗေဒသုတေသနမှာ ငါတို့ထက် အများကြီး ရှေ့ရောက်နေတာကို သက်သေပြနေတာပဲ”

ရှင်းဂျီက ဆက်ပြောသည်။

နန်ကျင်း၏ မျက်နှာမည်းမှောင်သွားသည်၊၊

“ဒါဆိုရင် ဒီအနီရောင်ထိတ်လန့်ဖွယ်သတ္တဝါက လူသားရဲ့ အသိစိတ်ရှိရုံတင်မကဘဲ အမှောင်ထဲမှာလည်း ရှင်သန်နိုင်တယ်ပေါ့”

“သီအိုရီအရပဲ ဖြစ်နိုင်ပါသေးတယ်”

ရွှန်းက တည်ငြိမ်စွာ ရှင်းပြ၏။

“ကျွန်တော် သူတို့နဲ့ အကြိမ်အနည်းငယ် တွေ့ဖူးတယ်၊ ကျွန်တော် မြင်ခဲ့ရသလောက်တော့ သူတို့က သန်မာတယ်… အမှောင်ကျူးကျော်မှုဒဏ်လည်း မခံရဘူး… ဒါပေမဲ့ သူတို့ရဲ့ စိတ်ကိုတော့ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး… ပုံမှန်ထိတ်လန့်ဖွယ်လူသားသတ္တဝါတွေထက်စာရင် ကိုင်တွယ်ရတာ အများကြီး ပိုခက်ခဲတယ်”

ကီကီက သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ စဉ်းစားရင်းပြောလိုက်သည်၊၊

“ကျွန်မ နားလည်ပြီ… သူတို့က ယန္တရားအာရုံကြောစနစ်မြင်ကွင်း နည်းပညာကို သုံးပြီးတော့ ဒစ်ဂျစ်တယ် အသိစိတ် ပြောင်းရွှေ့တာမျိုး လုပ်တာနေမယ်… ဒါပေမဲ့ မှိုမျှင်ဦးနှောက်ကို ထိန်းချုပ်ဖို့က ပြဿနာရှိနေတုန်းပဲ… မဟုတ်ရင် လူသားတွေက တကယ်ပဲ ထူးဆန်းတဲ့ အမှောင်သတ္တဝါတွေနဲ့ ပေါင်းစပ်ပြီး ပြန်တိုက်ခိုက်လို့ရနေပြီလေ”

ဘေးတွင် ထိုင်နေသော လင်းရှန်သည် သူမ၏စကားကြောင့် အနည်းငယ် တုန်လှုပ်သွားသည်။ သူ၏ စိတ်ထဲတွင် အတွေးတစ်စက ထင်ရှားလာသည်။

လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲခြင်း။

ဤထွက်ပြေးလွတ်မြောက်ခြင်းခရီးတစ်လျှောက် အသက်ရှင်ကျန်ရစ်သူတိုင်း သိလာကြသည်မှာ အမှောင်ထုသည် ကမ္ဘာကြီးနှင့်အသားကျအောင် ပြောင်းလဲနေသလို လူသားများကလည်း အမှောင်ထုနှင့်အတူ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေကြခြင်းပင်။

တွင်းနက်နယ်မြေများ ပြန့်ကားလာသည့် နိယာမအကြောင်း ရှင်းဂျီ၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင် ပို၍ နားလည်သွားသည်။ အမှောင်ကမ္ဘာသည် အမှောင်ဒီရေများ၏ယန္တရားမှတစ်ဆင့် ကမ္ဘာဂြိုဟ်ကို ဂြိုဟ်အဆင့်ပြောင်းလဲခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်။

သို့သော် ထိုမိခင်အသိုက်နှင့် တွေ့ဆုံပြီးနောက်တွင် လင်းရှန်၏ အမှောင်သက်ရှိများအပေါ် နားလည်မှုမှာ ပို၍ ရှုပ်ထွေးလာခဲ့သည်။ တစ်ချိန်က သူသည် C၊ B နှင့် A အဆင့် ထူးဆန်းသည့် သတ္တဝါများ၏ အမျိုးအစားခွဲခြားမှုသည် အမှောင်ယဉ်ကျေးမှု၏ အဆင့်အတန်းခွဲခြားမှုဟု ထင်ခဲ့သည်။ သို့သော် ယခုအခါ ထိုအရာများမှာ အဓိပ္ပာယ်မရှိတော့ပေ။ လူသားတို့၏ ယဥ်ကျေးမှုများနှင့် ၎င်းတို့က လုံးဝကွဲလွဲနေသည်၊၊

သို့သော် သူသိထားသလောက် ဖီးနစ်၊ တိတ်ဆိတ်မြို့တော်နှင့် ရှင်းဂျီတို့၏ ဦးတည်ချက်မှာ မှန်ကန်နေသည်။ အဓိကပြဿနာမှာ လက်နက်စွမ်းအားတိုးမြှင့်ခြင်း သို့မဟုတ် တစ်ဦးချင်း ဆင့်ကဲပြောင်းလဲနိုင်စွမ်းမဟုတ်ပေ။ အမှောင်ထုကို နားလည်ရန်သာဖြစ်သည်။

ကျူးကျော်မှုနှင့် ရန်သူကို နားလည်မှသာလျှင် လူသားတို့သည် အမှန်တကယ် ဘယ်လိုအရာနှင့်ရင်ဆိုင်နေရသည်ကို သိနိုင်မည်ဖြစ်သည်။

ကမ္ဘာပျက်ကပ် စတင်ခဲ့သည့်နေ့မှစ၍ မည်သည့်အစီအစဉ်၊ မည်သည့်ပန်းတိုင်မျှ မရှိခဲ့ပေ။ ရက်ပေါင်း ၁၀၀ ကြာသည်အထိ အစိုးရများပင် လမ်းပျောက်နေခဲ့ကြသည်။

လူသားတို့သည် ရန်သူကိုလည်း မသိ၊ ကမ္ဘာပျက်ခြင်း၏ သဘောသဘာဝကိုလည်း နားမလည်သောကြောင့် ကမ္ဘာကြီးသည် ကစဥ့်ကလျားပြိုလဲသွားခဲ့ရကာ အာရုဏ်ဦးသို့ ထွက်ပြေးနေရခြင်းပင်၊၊

“ဒါဆို ခဗျားက ကျုပ်တို့ကို ပူးပေါင်းစေချင်တယ်… အနီရောင်ကမ္ဘာရဲ့ အဖြူရောင်မြို့ သုတေသနဌာနကို ဝင်စီးပြီး သူတို့ရဲ့ အချက်အလက်တွေကို ယူမယ်… ပြီးရင် ဒီကနေ ထွက်မယ်… ဟုတ်လား”

လင်းရှန်က ရှင်းဂျီကို ကြည့်ကာ မေးလိုက်သည်။

“အတိအကျပဲ… မှိုမျှင်နည်းပညာ၊ ယန္တရားပေါင်းစပ်ရှင်သန်မှု… ပြီးတော့ တွင်းနက်နယ်မြေတွေ၊ အမှောင်ကျူးကျော်မှု၊ သွေးကပ်ဘေးပန်းနဲ့ တားမြစ်ပစ္စည်းတွေအပေါ် သူတို့ရဲ့ သုတေသနတွေ အကုန်လုံးပဲ”

ရှင်းဂျီက ပြုံးလိုက်သည်၊၊

“အနီရောင်ကမ္ဘာက ဒါကို သုတေသနလုပ်နေတာ တစ်လကျော်ပြီလို့ ယူဆကြည့်ရင် ဒီနေရာရဲ့ အချိန်စီးဆင်းမှု ကွာခြားချက်အရဆိုရင် ဒါဟာ တစ်နှစ်ကျော်စာ အချက်အလက်တွေပဲ”

“ပြီးတော့ ထိပ်တန်းသိပ္ပံပညာရှင် ၁,၀၀၀ က အသိစိတ် မိတ္တူပွားနည်းပညာကို သုံးပြီး နေ့မနား ညမနား အစွမ်းကုန် လုပ်နေကြတယ်”

ရွှန်းက ထပ်လောင်းပြောသည်။

All Chapters