အခန်း (၆၆၆-၆၆၇)
Vol. 40 Ch. 666-667
Chapter 666
မျက်တောင်တစ်ခတ်ကျည်ဆန် ၁
“ငွေရောင်ကျည်ဆန်လား”
ရှင်းဂျီ၏ စကားကြောင့် လင်းရှန် အံ့အားသင့်သွားရသည်။ သို့သော် ထိုသူ၏ မျက်နှာအမူအရာကို ကြည့်ပြီး ၎င်းသည် တိတ်ဆိတ်မြို့တော်နှင့် ပတ်သက်နေနိုင်သည်ဟု ခန့်မှန်းမိသဖြင့် အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။
“ဒီပစ္စည်းက ခင်ဗျားဟာလား”
“တစ်ဝက်တစ်ပျက်တော့ဟုတ်တယ်… ဒါပေမဲ့ ငါက ဒီလိုပစ္စည်းမျိုးတွေကို သိပ်စိတ်မဝင်စားပါဘူး… အမှောင်ထုထဲမှာ ဖုံးကွယ်နေတဲ့ အမှန်တရားကို ကြည့်ဖို့အတွက်ပဲ ဒါတွေကို သုံးခဲ့တာပါ”
သူသည် လင်းရှန်ကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်နေပြီး စိုးရိမ်မနေရန် ပြောနေသကဲ့သို့ပင်။
“ဒါရဲ့ စွမ်းရည်တွေကို မင်းသိလား… ဒါမှမဟုတ် ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကော”
ကလစ်
လင်းရှန်သည် သူ၏ စွမ်းအားဝတ်စုံနောက်ကျောမှ သတ္တုသေတ္တာကို ထုတ်ယူလိုက်ပြီး ခေါင်းခါပြလိုက်သည်။
“မသိသေးဘူး”
ရှင်းဂျီက လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်လိုက်ရင်း ပြောသည်။
“ရိုးရှင်းပါတယ်… ဒါကို ကောက်ယူတဲ့သူကပဲ ဒါကို ထိန်းချုပ်နိုင်တယ်… ဆိုလိုတာက ကိုယ်တိုင်လက်နဲ့ကိုင်ပြီး ကောက်ယူတာမျိုးပေါ့”
“ဒါပေမဲ့ သူ့ရဲ့ စွမ်းရည်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်”
ရှင်းဂျီက လက်တစ်ဖက်ကို မြှောက်လိုက်သည်။ အထက်မှ ဒရုန်းတစ်စီးဆင်းသက်လာပြီး ယန္တရားလက်တံဖြင့် ကျည်ခွံအလွတ်တစ်ခုကို သူ့လက်ထဲ ထည့်ပေးသည်။ ကျည်ဆန်ထိပ်ဖူးမပါသော်လည်း ယမ်းမှုန့်များပါရှိနေသည်။ သူက ၎င်းကို လင်းရှန်ထံ ကမ်းပေးလိုက်သည်။
“ဒါမျိုးကို မင်းစမ်းကြည့်လို့ရတယ်… ဒီကျည်ဆန်ကို ပိုင်ဆိုင်တဲ့သူက ပစ်လွှတ်လိုက်တာနဲ့ ကျည်ဆန်ကျတဲ့နေရာကို ချက်ချင်း ရောက်သွားနိုင်တယ်… အတော်လေး အထင်ကြီးစရာကောင်းတယ် မဟုတ်လား… ငါတို့ကတော့ ဒါကို ‘မျက်တောင်တစ်ခတ်ကျည်ဆန်’ လို့ ခေါ်တယ်”
လင်းရှန်၏ မျက်နှာအမူအရာသည် တုန်လှုပ်မှုကြောင့် ပြောင်းလဲသွားသည်။
“တည်နေရာရွှေ့ပြောင်းတာလား”
“အမှောင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်”
ရှင်းဂျီက ထပ်ပြောသည်။
ထိုအခိုက်အတန့်တွင် လင်းရှန်၏ ရင်ထဲ၌ မြင်းရိုင်းတစ်ကောင် ပြေးလွှားနေသကဲ့သို့ ခံစားလိုက်ရသည်၊၊ ဤငွေရောင်ကျည်ဆန်တွင် ဟင်းလင်းပြင်ကို ကျော်ဖြတ်နိုင်သည့် စွမ်းအားရှိနေသည်လား။
ရှင်းဂျီသည် လင်းရှန်၏ တုံ့ပြန်မှုကြောင့် အံ့ဩမသွားဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဒီတားမြစ်ပစ္စည်းကို အရင်က ကိုင်ဆောင်ခဲ့တဲ့သူက ငါရဲ့ ရွေ့လျားတပ်ဖွဲ့က ကပ္ပတိန်တစ်ယောက်ပဲ… သူ့နာမည်က ယဲ့ရိ၊ အသက် ၂၂ နှစ်၊ နည်းနည်း ခေါင်းမာပေမဲ့ လူကောင်းတစ်ယောက်ပါ”
“သူ သေသွားပြီလား”
လင်းရှန်က လေသံကို ရိပ်မိပြီး မေးလိုက်သည်။
“တွင်းနက်ရဲ့ ဝါးမြိုမှုကို ငါတို့ခံလိုက်ရတဲ့ညမှာပဲ”
ရှင်းဂျီက ပုံပြင်တစ်ပုဒ်ကို ပြောပြနေသကဲ့သို့ လင်းရှန်ကို ကြည့်ကာ ဖြေသည်။
“သူ့မှာလည်း မင်းလိုပဲ ရဲတင်းတဲ့ အစီအစဉ်တစ်ခုရှိခဲ့ဖူးတယ်”
“သူက အမှောင်ဒီရေလှိုင်းတွေရဲ့ ဝါးမြိုခြင်းကို မခံရခင်မှာ ခြင်္သေ့ငါးရုပ်တုကြီးကို စောင့်ကြည့်ပြီး ဒီကျည်ဆန်ကို သုံးပြီး ရုပ်တုကို နေရာရွှေ့ပြောင်းချင်ခဲ့တာ...”
လင်းရှန်၏ မျက်တောင်များ လှုပ်ရှားသွားသည်၊၊ ထိုသူသည် အမှန်ပင် ရဲတင်းလွန်းလှသည်။
“ပြီးတော့ကော”
“အကွာအဝေး မလုံလောက်ဘူးလေ”
ရှင်းဂျီက ဆက်ပြောသည်။
“သူ ရုပ်တုကိုတော့ အပြင်ထုတ်နိုင်ခဲ့တယ်… ဒါပေမဲ့ ယမ်းအားနဲ့ ပစ်တဲ့ ၁၂.၇ မီလီမီတာ ကျည်ဆန်က ၈ ကီလိုမီတာလောက်ပဲ ရောက်နိုင်တယ်… ဝေးတယ်လို့ ထင်ရပေမဲ့ အမှောင်ထုထဲမှာ တွင်းနက်ဒီရေလှိုင်းတွေကို ရင်ဆိုင်ဖို့ကတော့ ဘယ်လိုမှ မလုံလောက်ဘူး”
အမှောင်ထဲမှာလား…
လင်းရှန်၏ ရင်ထဲ တင်းကျပ်သွားသည်။ သူတို့သည် တွင်းနက်ဒီရေလှိုင်းကို နေမဝင်ခင်ကပင် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်၊၊ လုံးဝအမှောင်ကျချိန်တွင်မူ ပို၍ပင် ထိတ်လန့်စရာကောင်းပေလိမ့်မည်။
ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ ရိုးရိုးယမ်းပေါက်ကွဲအားကို သုံးတာလဲ… ပစ်လွှတ်ဖို့ဆိုရင် လျှပ်စစ်သံလိုက်အားကို သုံးရင် အကွာအဝေးပိုမရဘူးလား”
ရှင်းဂျီက အံ့ဩပုံမပြဘဲ ပြုံးလိုက်သည်။
“မင်းသိပါတယ်… ပြဿနာက လက်တွေ့ဖန်တီးမှုထက် စိတ်ကူးက ပိုမြန်နေတာ”
သူပြောနေစဉ်မှာပင် နောက်ထပ် ဒရုန်းတစ်စီး ပျံသန်းလာပြီး ထူးဆန်းသော ရိုင်ဖယ်သေနတ်တစ်လက်ကို မြေပြင်မှ ကြွတက်လာသော စင်တစ်ခုပေါ် တင်ပေးလိုက်သည်။ ၎င်းမှာ အဖြူနက်ရောယှက်နေသည့် Arc+ လျှပ်စစ်ရိုင်ဖယ်နှင့် ဆင်တူသည်။ ၎င်းတွင် ပေါင်းစပ်ဘက်ထရီမပါသော်လည်း သီးသန့် အလိုအလျောက် ကျည်အိမ်တစ်ခုပါရှိသည်။
“ဒါက ငါဒီဇိုင်းထုတ်ထားတဲ့ လျှပ်စစ်သံလိုက် စနိုက်ပါရိုင်ဖယ်ပဲ… စွမ်းအင်သိပ်သည်းဆ ကန့်သတ်ချက်ကြောင့် လျှပ်စစ်သံလိုက်သေနတ်လောက်တော့ စွမ်းအားမကြီးဘူး၊၊ ဒါပေမဲ့ သူ့ရဲ့ ကျည်ထွက်နှုန်းက တစ်စက္ကန့်ကို မီတာ ၄၀၀၀ ရှိပြီး အကွာအဝေး ၅၀ ကီလိုမီတာအထက် အလွယ်တကူ ရောက်နိုင်တယ်”
လင်းရှန် ချက်ချင်းပင် ယန္တရားစကင်ဖတ်မှုကို အသုံးပြုလိုက်သည်။ ရိုင်ဖယ်၏ ဒီဇိုင်းမှာ တိကျလွန်းသော်လည်း လုံးဝန်းသည့် ကျည်ဆန်များအတွက် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ထိုမျှနည်းပါးသော စွမ်းအင်သိပ်သည်းဆဖြင့် ၁၂.၇ စံနှုန်းမီ သတ္တုစပ်ကျည်ဆန်မှာ ထိုတွန်းအားကြောင့် အရည်ပျော်ခြင်း သို့မဟုတ် ကြေမွသွားခြင်း ဖြစ်နိုင်ချေရှိသည်။
သိသာသည်မှာ ဤလက်နက်သည် တားမြစ်ကျည်ဆန်အတွက် သီးသန့်ထုတ်လုပ်ထားခြင်း မဟုတ်ပေ။
ရှင်းဂျီက ရိုင်ဖယ်အနားသို့ လျှောက်သွားကာ အနည်းငယ် နှမြောတသဟန်ဖြင့်
“ဒါကို ယဲ့ရိအတွက် လုပ်ပေးခဲ့တာ... ဒါပေမဲ့ နောက်ကျသွားခဲ့တယ်”
ထို့နောက် သူက လင်းရှန်ကို ပြန်ကြည့်သည်။
“ငါတို့ တွင်းနက်ထဲ မရောက်ခင်က ‘ဟူ’ လို့ခေါ်တဲ့ လူတစ်ယောက် တိတ်ဆိတ်မြို့တော်ကို ရောက်လာပြီး သတင်းအချက်အလက်နဲ့ ရိက္ခာကို လဲလှယ်ခဲ့တယ်… အဲဒီအချိန်ကစပြီး သူက ငါတို့နောက်ကို လိုက်လာတာပဲ”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“သူက ကျုပ်ကို ကျည်ဆန်ပေးခဲ့တာပဲ… အခုတိုင်းဆို ဒါက ခင်ဗျားဆီ ပြန်ပေးတဲ့ နည်းလမ်းလား”
“မဟုတ်ဘူး”
ရှင်းဂျီက ခေါင်းခါလိုက်သည်။
“ငါပြောခဲ့သလိုပဲ… ဒီလိုပစ္စည်းတွေကို လေ့လာဖို့ပဲ စိတ်ဝင်စားတာ… ဟူကို ငါသိပ်သဘောမကျဘူး… သူက အရမ်းပါးနပ်တယ်… ဒါပေမဲ့ ယဲ့ရိကို ကယ်တင်ပေးခဲ့တဲ့အတွက်တော့ သူ့ကို ကျေးဇူးတင်တယ်…. အဲဒီကလေးက အသက်မရှင်ခဲ့ပေမဲ့ အမှောင်ထဲမှာ ပုပ်သိုးမသွားခဲ့ဘူး… အဲဒီကလေးက အမှောင်ညကို အရမ်းမုန်းခဲ့တယ်”
လင်းရှန် အခုမှ နားလည်သွားတော့သည်။
“ဒါကြောင့်ပဲ ခင်ဗျားက ဟူလုရှို့တို့အဖွဲ့ကို ကူညီခဲ့တာလား”
“ဟုတ်တယ်” ရှင်းဂျီက တည်ငြိမ်စွာ ပြောသည်။
“ရယ်စရာကောင်းတာက သူတို့ကို ကယ်ပြီးမှ မင်းတို့ အခြေအနေကို သိရတာပဲ… အဲဒီလူကြောင့်သာ မဟုတ်ရင် ငါတို့ကြားမှာ ပဋိပက္ခတွေက ပိုကြီးလာနိုင်တယ်… အခုတော့ ဒီကျည်ဆန်က မင်းဆီ ရောက်သွားပြီဆိုမှတော့ ဒီရိုင်ဖယ်ကို အမှတ်တရလက်ဆောင်အဖြစ် ယူထားလိုက်ပါ”
လင်းရှန် အံ့အားသင့်သွားသော်လည်း ရှင်းဂျီက လက်ကာပြလိုက်သည်။
“အများကြီး မစဉ်းစားပါနဲ့… မလိုချင်တော့ရင် ပြန်ပေးပေါ့…. တားမြစ်ပစ္စည်းတွေဆိုတာ ဘယ်လောက်ပဲ စွမ်းအားကြီးပုံပေါ်ပါစေ…. အန္တရာယ်နဲ့ လျှို့ဝှက်ချက်တွေ အမြဲဒွန်တွဲနေတတ်တယ်… ထိန်းချုပ်လို့မရတဲ့ စွမ်းအားမှန်သမျှကို ငါကတော့ ဆင်ခြင်တုံတရားနဲ့ပဲ သတိထားဆက်ဆံတယ်”
“ကဲ... အခုက” ရှင်းဂျီက သူ့ကို ပြုံးပြလိုက်သည်။
“မင်းရဲ့ သံလိုက်တွန်းကန်အားလမ်းကြောင်းပစ်လွှတ်ခြင်း အစီအစဉ်အကြောင်း ပြောပြပါဦး”
သူ့မျက်နှာပေါ်တွင် အပြုံးရိပ် အနည်းငယ် ရှိနေပြီး သူ၏ နာနိုယန္တရား မျက်ဝန်းများမှာ ကြယ်ပွင့်များကဲ့သို့ တောက်ပနေသည်။ သူသည် မောက်မာမှုမရှိဘဲ အသိပညာအားလုံးကို ပိုင်စိုးထားသူနှင့် တူသည်။ သူ၏လေသံထဲတွင် ကျန်ရှိနေသည့် တစ်ခုတည်းသောခံစားချက်မှာ ယဲ့ရိကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းမှုသာ ဖြစ်သည်။
လင်းရှန်သည် ဤတိတ်ဆိတ်မြို့တော်၏ ခေါင်းဆောင်အပေါ် လေးစားမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူသည် ဖုံးကွယ်မထားဘဲ ပေါင်းစည်းယာဉ်တန်း၏ လက်ရှိအခြေအနေနှင့် သူ၏ စူပါလျှပ်ကူးသံလိုက်တွန်းကန်အစီအစဉ်ကို ရှင်းပြလိုက်သည်။
သူတို့သည် လက်ဖက်ရည်ဝိုင်းတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ရှင်းဂျီက လေးနက်သောအမူယာဖြင့် နားထောင်နေသည်။ လင်းရှန်ပြောပြီးနောက် သူက အတန်ကြာငြိမ်သက်သွားပြီးမှ ပြောလိုက်သည်၊၊
“ဒါကို အကောင်အထည်ဖော်ဖို့ဆိုရင် မင်းအနေနဲ့ တိတ်ဆိတ်မြို့တော်ရဲ့ စနစ်ခွဲတွေကို ထိန်းချုပ်ရမယ်၊၊ ပါဝါအထောက်ပံ့မရှိဘဲနဲ့ ဒီအစီအစဉ်ကို ချရမယ်… ပျံသန်းဖို့ မပြင်ဆင်ထားတဲ့ ရထားအတွက် ထောက်ကူကွိုင်တွေကို ဒီဇိုင်းဆွဲတည်ဆောက်ရမယ်၊ စွမ်းအင်ထောက်ပံ့မှုတွေ၊ ချိတ်ဆက်မှု စနစ်တွေ၊ ဆိုက်ကပ်ဆင်းသက်အစီအစဉ်တွေ...”
သူသည် နည်းပညာဆိုင်ရာ ဝေါဟာရအရှည်ကြီးကို ရွတ်ပြပြီးနောက် လင်းရှန်ကို ကြည့်လိုက်သည်။
“ရိုးရှင်းတယ်လို့ ထင်ရတဲ့ ဒီအစီအစဉ်အတွက် အင်ဂျင်နီယာ ဘယ်လောက်… တည်ဆောက်ရေးအဖွဲ့ ဘယ်လောက်… စက်ရုံတွေနဲ့ တွက်ချက်မှုဆိုင်ရာ အရင်းအမြစ်တွေ ဘယ်လောက်တောင် လိုမလဲဆိုတာ မင်းတွက်ပြီးပြီလား”
လင်းရှန်က ပြန်မပြောဘဲ နေလိုက်သည်။
ရှင်းဂျီက ရယ်မောလိုက်သည်။
“ငါက ဒီလိုပြောပေမယ့် မင်းရဲ့ စွမ်းရည်က ပုံကြမ်းတွေကို စကင်ဖတ်နိုင်တယ်၊၊ ပစ္စည်းတွေ ထုတ်လုပ်နိုင်တယ်… စက်တွေကို တည်ဆောက်ပြီး ထိန်းချုပ်နိုင်သလို စွမ်းအင်လည်း ပေးနိုင်တယ်”
Chapter 667
မျက်တောင်တစ်ခတ်ကျည်ဆန် ၂
“အဲဒီလိုသဘောပါပဲ”
လင်းရှန်က အသေးစိတ် ရှင်းမပြတော့ဘဲ ဖြေလိုက်သည်။ ရှင်းဂျီသည် သူ၏ စွမ်းရည်များကို အလွယ်တကူ ခန့်မှန်းနိုင်မှန်း သူသိထားသည်။
ရှင်းဂျီက ခေါင်းညိတ်သည်။
“ဒါဆိုရင် ငါက မင်းရဲ့ အစီအစဉ်ကို အပြည့်အဝထောက်ခံတယ်… ပစ်လွှတ်တဲ့ အစီအစဉ်တင် မဟုတ်ဘူး… မင်းရဲ့ ကမ္ဘာပျက်ရထား စိတ်ကူးကို ငါထောက်ခံတယ်… ဒါက မင်းနဲ့ လိုက်ဖက်တယ်… ကောင်းကင်က အန္တရာယ်များလွန်းသလို ယာဉ်တွေကလည်း သေးလွန်းတယ်… မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ပျံသန်းနေတဲ့ ယန္တရားမြို့တော်တွေ၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ စက်ရုပ်စစ်တပ်တွေကို တည်ဆောက်ဖို့က လက်တစ်ကမ်းမှာပဲ… ဒါက ကမ္ဘာပျက်ကပ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတောင်ဖြစ်နိုင်တယ်...”
လင်းရှန်သည် နာရီကို ကြည့်လိုက်ပြီး အချိန်ဇယားများကို တွက်ချက်ကာ နောက်ဆုံးမေးခွန်းတစ်ခု မေးလိုက်သည်။
“ကျုပ်နားမလည်တာတစ်ခု ရှိတယ်… ခင်ဗျားက ခြင်္သေ့ငါးရုပ်တုကြီးနဲ့ တွေ့တွေ့ချင်းပဲ သူ့ရဲ့ စွမ်းရည်တွေကို ဘယ်လိုသိတာလဲ… ထုတ်ပြန်ထားတဲ့ သုတေသနတွေ ရှိနေပြီလား”
ရှင်းဂျီက ပြုံးသည်။
“မရှိဘူး… လက်ရှိမှာ တားမြစ်ပစ္စည်းတွေနဲ့ သွေးကပ်ဘေးပန်းတွေကို အများဆုံး သုတေသနလုပ်နေတဲ့ အဖွဲ့ကို မြင့်မြတ်သော ဗျာဒိတ်တော်လို့ ခေါ်တယ်… အခု သူတို့က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းနေကြတယ်”
“ဒါကို ခင်ဗျား ဘယ်လိုသိလဲ”
လင်းရှန် မေးလိုက်သည်။
“အော်... ငါသိတာ ဒါထက်မကသေးဘူး”
ရှင်းဂျီက လက်ညှိုးထိုးပြလိုက်ရာ ဟိုလိုဂရမ်ဓာတ်ပုံတစ်ပုံက လေထဲတွင် ပေါ်လာသည်။
ထိုလူမှာ အသက် ၃၀ ကျော်ခန့်၊ မျက်နှာသွယ်သွယ်နှင့် သာမန်လူတစ်ယောက်ကဲ့သို့ပင်ဖြစ်သော်လည်း သူ၏ မျက်လုံးများမှာ ထက်မြက်ပြီး တောက်ပနေသည်။
“ရှန်ထောင် မြင့်မြတ်သော ဗျာဒိတ်တော်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ… သူက အရင်က နဂါးနိုင်ငံက ပြတိုက်တစ်ခုမှာ အလုပ်လုပ်ခဲ့တယ်… ကမ္ဘာပျက်ကပ်နေ့ပြီးတော့ သူက စွမ်းရည်အချို့နဲ့ တားမြစ်ပစ္စည်းတစ်ခုရခဲ့တယ်… နောက်တော့ သူက အိန်ဂျယ်စီမံကိန်းရဲ့ အထူးပစ္စည်းများဌာန ခေါင်းဆောင်ဟောင်း ချန်ယန်ရှုနဲ့ ပူးပေါင်းပြီး ဒီအဖွဲ့ကို တည်ထောင်ခဲ့တာပဲ… သူတို့က စွမ်းအားတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို ရူးသွပ်နေတဲ့ ဂိုဏ်းလိုမျိုးပဲ… လူအနည်းငယ်ပဲ ပါဝင်ပေမယ့် လျှို့ဝှက်တယ်… အနီရောင်ကမ္ဘာနဲ့ ယှဉ်ရင်တော့ သူတို့က သိမ်မွေ့ပုံရတယ်၊၊ ဒါပေမဲ့ အထင်မသေးနဲ့… သူတို့က နည်းပညာနဲ့ ပစ္စည်းတွေ လဲလှယ်ဖို့ ပူးပေါင်းနေကြတာလို့ ငါသံသယရှိတယ်”
“မြင့်မြတ်သော ဗျာဒိတ်တော်အဖွဲ့က တားမြစ်ပစ္စည်းတွေ ထိန်းချုပ်မှုနဲ့ သုတေသနကို ကူညီတယ်၊၊ အနီရောင်ကမ္ဘာကတော့ တွင်းနက်ထဲကရတဲ့ ပစ္စည်းတွေနဲ့ ကပ်ဘေးအပင်တွေကို ထောက်ပံ့ပေးတယ်ပေါ့” လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်…”
ရှင်းဂျီက လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ထားရင်း ဆက်ပြောသည်၊၊
“အကြံသမားတစ်စုပါပဲ… စွမ်းရည်တွေက သူတို့ကို လောဘတက်စေတယ်… ဒါတွေ အကုန်လုံးကို ငါဘယ်လိုသိလဲဆိုတော့...”
ရှင်းဂျီက လင်းရှန်ကို ကြည့်ကာ မျက်လုံးများ တောက်ပလာသည်။
“မင်းက သန်းနဲ့ချီတဲ့ ဒရုန်းတွေကို ထိန်းချုပ်ပြီး အဆင့်မြင့်ကွမ်တမ်တွက်ချက်မှု စွမ်းအားတွေကို ကိုင်တွယ်နိုင်ပြီဆိုရင် ဒါတွေက ကလေးကစားစရာလို ဖြစ်သွားမှာပါ”
“ခင်ဗျားက ကျွန်တော့်ကို ယန္တရား သက်ရှိပုံစံ ဖြစ်စေချင်တာလား”
လင်းရှန် အံ့အားသင့်စွာ မေးလိုက်သည်။
“မဟုတ်ဘူး”
ရှင်းဂျီက ပုခုံးတွန့်ရင်း စိတ်ဝင်တစား ပြန်ပြောသည်။
“ငါဖြစ်စေချင်တာ မဟုတ်ပါဘူး… မင်းဖြစ်ချင်တာပါ”
လင်းရှန်၏ အမူအရာ တောင့်တင်းသွားသည်။ သူ တုန်လှုပ်သွားရသည်။ အာခီစိုင်းက နှင်းဆီနက်ဘားမှာတုန်းက စက်ရုပ်တွေ အများကြီးကို ထိန်းချုပ်ရင်း ခေါင်းမူးပြီး အော့အန်ချင်သလို ဖြစ်ခဲ့တဲ့ အမှတ်တရက သူ့ကို ရိုက်ခတ်သွားသည်။
သူ စဉ်းစားခဲ့ဖူးသည် - တကယ်လို့ သန်းနဲ့ချီတဲ့ စက်တွေကို ထိန်းချုပ်ရမယ်ဆိုရင် လူသားဦးနှောက်နဲ့တင် မဖြစ်နိုင်ပေ…
ဝုန်း
ရုတ်တရက် ထိတ်လန့်ဖွယ်ကောင်းသော ဟင်းလင်းပြင်လှုပ်ခတ်မှုတစ်ခု သူတို့ကို ဖြတ်သန်းသွားသည်။ ၎င်းသည် ရာနှင့်ချီသော တောင်တန်းများနှင့် ဘန်ကာနံရံများကို လျစ်လျူရှု၍ ဝင်ရောက်လာခြင်းဖြစ်သည်။
ထိန်းချုပ်ခန်းထဲမှ လင်းရှန် တုန်ရီသွားသည်၊၊ ထိုမခံမရပ်နိုင်သော ခံစားချက်က သူ့ကို ထပ်မံ ရိုက်ခတ်လာသည်။
ရှင်းဂျီက မော့ကြည့်လိုက်သည်။
“ဒီရေလှိုင်း စတင်နေပြီ”
လင်းရှန် ထရပ်လိုက်သည်။
“သယ်ယူပို့ဆောင်ရေးသင်္ဘောတွေကို မတားဆီးခင် အဖြူရောင်မြို့ ရထားဘူတာရဲ့ ချိတ်ဆက်မှုစနစ်ကို အရင်အပြီးသတ်ရမယ်”
“ငါ့မှာ ပိုကောင်းတဲ့ အကြံရှိတယ်”
ရှင်းဂျီက လက်ချောင်းကို မြှောက်လိုက်ရာ ကွိုင်များ တပ်ဆင်ထားသည့် ယန္တရားလက်တံတစ်ခု၏ ပုံရိပ် ပေါ်လာသည်။
“လက်နဲ့ ထိန်းချုပ်မယ့်အစား ပရိုဂရမ်ကိုပဲ လုပ်ခိုင်းလိုက်ပါ၊၊ ဒါက သံလိုက်ထိန်းချုပ်အရှိန်လျှော့အစီအစဉ်ပဲ… ဒါကို မင်းအမြန်တည်ဆောက်နိုင်ရင် ဖိအားပေး ဆင်းသက်တာထက် ပိုစိတ်ချရလိမ့်မယ်”
လင်းရှန်၏ မျက်လုံးများ တောက်ပသွားသည်၊၊ ဤအရာမှာ သူအခက်တွေ့နေသည့် ပြဿနာပင်။ သူ၏ မူလအစီအစဉ်မှာ စောင်းနေသော ရထားလမ်းများနှင့် လေထဲတွင် ကီကီက ချိန်ညှိပေးရန် ဖြစ်သည် - အခြေခံအားဖြင့်တော့ စွန့်စားခန်းဆန်လွန်းသည်။ ဤအစီစဥ်သစ်က သူတို့၏ အောင်မြင်နိုင်ခြေကို အများကြီးမြှင့်တင်ပေးလိမ့်မည်။
သူတို့ ထိန်းချုပ်ရေးစင်တာမှ ထွက်လာခဲ့ကြသည်။ ရွှန်းက လင်းရှန်၏ အဖွဲ့ကို အပေါ်ထပ်ခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။ မထွက်ခွာမီ ရှီဇီဟုခေါ်သော မိန်းကလေးက အစိမ်းရောင်အလင်းတန်းဖြင့် နောက်ဆုံးအကြိမ် အမှောင်ကျူးကျော်မှု သန့်စင်ခြင်းကို လုပ်ဆောင်ပေးခဲ့သည်။
ရှီဇီ၏ ဝတ်စုံမှာ Aiစနစ်ဖြင့် ကာကွယ်မှုနှစ်ခုစလုံးတွင် အလွန်မြင့်မားသည်ကို လင်းရှန် သတိပြုမိသည်။ သိသာသည်မှာ သူမသည် တိတ်ဆိတ်မြို့တော်၏ အဓိကကြီးကြပ်ရေးအဖွဲ့တွင် ရာထူးမြင့်သူဖြစ်ရမည်။
အတွင်းပိုင်းဒီရေလှိုင်း အဆုံးမသတ်မီ ၁၀ မိနစ်ခန့်အလိုတွင် နန်ကျင်းနှင့် ချန်ဆီရွှမ်တို့သည် စစ်ဆင်ရေးအစီအစဉ်ကို ပေါင်းစည်းယာဉ်တန်းထံ ချိတ်ဆက်ပေးလိုက်သည်။ ရှီတိယွမ်သည် သူတို့ တိတ်ဆိတ်မြို့တော်နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည့်အတွက် အံ့ဩနေသော်လည်း ၎င်းမှာ သတင်းကောင်းပင် ဖြစ်သည်။ တိတ်ဆိတ်မြို့တော်၏ အကူအညီဖြင့် တွင်းနက်မှ လွတ်မြောက်ရန် အခွင့်အရေးမှာ သိသိသာသာမြင့်တက်လာသည်။
“ကျွန်မ ရွှန်းနဲ့ အသေးစိတ်စကားပြောပြီးပြီ” နန်ကျင်းက မထွက်ခွာမီ မဟာဗျူဟာ ဆွေးနွေးပွဲတွင် ပြောသည်။
“အဲဒီ အနီရောင် ထူးဆန်းတဲ့ သတ္တဝါက ကိုင်တွယ်ရမလွယ်ဘူး”
သူမက သတင်းအချက်အလက်အသစ်ကို လင်းရှန်ထံ ပြောပြသည်။
“သူတို့ အရင်က သယ်ယူပို့ဆောင်ရေး သင်္ဘောအချို့ကို တားဆီးခဲ့ဖူးတယ်… အဓိက ခြိမ်းခြောက်မှုနှစ်ခုကတော့ မြို့ထဲမှာ ပုန်းနေတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ အဲဒီအနီရောင်သတ္တဝါတွေပဲ”
“အပြင်ဘက် သယ်ယူပို့ဆောင်ရေးအုပ်စုတွေက အသုတ်လိုက်လည်ပတ်နေတယ်… တကယ်လို့ တစ်ခုခုမှားယွင်းသွားရင် အနီရောင်ကမ္ဘာက ရှင်းလင်းရေးပရိုတိုကောကို စတင်ပြီး မြို့ထဲက သတ္တဝါတွေကို အသုံးချပြီး အလုံးအရင်းနဲ့ တိုက်ခိုက်လာနိုင်တယ်”
လင်းရှန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ငါအမြဲ သိချင်နေတာ... သူတို့ ဒါကို ဘယ်လို လုပ်တာလဲ… ယုတ္တိဗေဒနည်းအရဆိုရင် ကိုယ်ပွားတွေက အမှောင်အမှတ်အသားကို မသယ်ဆောင်နိုင်သင့်ဘူး”
ချန်ဆီရွှမ်က ခေါင်းခါပြသည်။
“ရွှန်းတို့တောင် ဒါကို မသိကြဘူး… ဒါကြောင့်ပဲ သူတို့က အဖြူရောင်မြို့ပတ်ဝန်းကျင်က အရေးပေါ်ခိုလှုံနေရာအချို့ကို ရှင်းလင်းထားတယ်… အခြေအနေဆိုးလာရင် သုံးဖို့ သူတို့က အဲဒီနေရာတွေကို ကျွန်မတို့ကို ပြောပြထားတယ်”
“ဟေ့ လင်းရှန်... ဒါက ဘာလဲ… သေနတ်လား”
ကီကီက လင်းရှန်လက်ထဲက ငွေမှင်ရောင်ရိုင်ဖယ်ကြီးကို လက်ညှိုးထိုးပြသည်။
သူသည် ၎င်းကို ခံစားချက်အမျိုးမျိုးဖြင့် ကြည့်လိုက်သည်၊၊
“ရှင်းဂျီပေးတဲ့ လက်ဆောင်လေ…. လက်ကိုင် လျှပ်စစ်သံလိုက်အမြောက်လို့ပဲ သဘောထားလိုက်ပါ”
ထို့နောက် သူက ၎င်းကို သူ၏ ဝတ်စုံနောက်ကျောမှာ ကပ်ထားလိုက်သည်၊၊
ကျည်ဆန်၏ စွမ်းရည်များကို သိသွားပြီ ဖြစ်သော်လည်း လင်းရှန်သည် ၎င်းကို အလောတကြီး မစမ်းသပ်ရဲသေးပေ။ ချူယန်ဖြစ်စေ… ရှင်းဂျီဖြစ်စေ နှစ်ယောက်စလုံးသည် တားမြစ်ပစ္စည်းများနှင့် ပတ်သက်လျှင် သတိကြီးကြသည်… သူလည်း ထိုနည်းအတိုင်းပင်။
နောက်ဆုံးတော့ ထူးဆန်းသော ကုဗတုံးသည် အသွင်မပြောင်းမီ ၁၅၄၂ အမှောင်ရေဒီယိုမှတစ်ဆင့် သူ့ကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့ဖူးသည်၊၊ မီးတောက်၏ အနန္တလက်စွပ်သည်လည်း တွင်းနက်ထဲ ရောက်ကတည်းက သူ၏ စိတ်ကို ပို၍ ဖိစီးလာစေခဲ့သည်။ တိတ်ဆိတ်မြို့တော်နှင့်အတူ ကြီးမားသော စစ်ဆင်ရေးတစ်ခုလုပ်ဆောင်ရတော့မည်ဖြစ်ရာ ၎င်းကို အရေးပေါ်အခြေအနေတွင် သုံးရန်အတွက် အသင့်ထားရှိခြင်းကသာ ယုတ္တိရှိပေသည်။
“လင်း” ရွှန်းက အနားသို့ လာကာ ပြောသည်။
“ခင်ဗျား ရထားဘူတာမှာ ချိတ်ဆက်မှုစနစ်သွားတပ်မယ်ဆိုရင် နောက်တစ်ကြိမ် ဒီရေလှိုင်းကျချိန်မှာ ထွက်တာ အကောင်းဆုံးပဲ… ကျွန်တော်တို့ အဖွဲ့သုံးဖွဲ့ ခွဲမယ်…. အစ်မနန်ကျင်းရဲ့ နဂါးတောင် ၁ အဖွဲ့က ဗဟိုရင်ပြင်နဲ့ ဆေးရုံရဲ့ တောင်ဖက်၊ မြောက်ဖက်တွေမှာ နေရာယူပြီး ပို့ဆောင်ရေးယာဥ်ကို စောင့်ကြည့်မယ်… ပြီးတော့ ခင်ဗျားတို့ကို အကာအကွယ်ပေးမယ်… ခင်ဗျား အချိန်ဘယ်လောက်လိုမလဲ”