အခန်း (၆၆၈-၆၆၉)
Vol. 40 Ch. 668-669
Chapter 668
မျက်တောင်တစ်ခတ်ကျည်ဆန် ၃
လင်းရှန်က ချက်ချင်းဖြေလိုက်သည်။
“လေးနာရီလောက်လိုမယ်… ဒါပေမဲ့ အတွင်းပိုင်းဒီရေလှိုင်းရဲ့ သက်ရောက်မှုကြောင့် ခြောက်နာရီအထိ ကြာသွားနိုင်တယ်”
“ပြဿနာမရှိဘူး…”
“အဓိကအချက်က ထူးဆန်းတဲ့ သတ္တဝါတွေ သတိမထားမိအောင် နေဖို့ပဲ… သူတို့ သိသွားရင် အခြေနေက ချက်ချင်း ရှုပ်ထွေးသွားလိမ့်မယ်”
လင်းရှန် ခေါင်းညိတ်ပြီး ကီကီ၊ ချန်ဆီရွှမ်နှင့် အခြားသူများဖက် လှည့်လိုက်သည်။
“အနန္တရထားက လူတွေ အကုန်လုံး ငါနဲ့လိုက်ခဲ့ပြီး အကာအကွယ်ပေးပါ… အစ်မနန်က... ချီလီ၊ မိုနီကာ၊ ရှောင်ချင်းနဲ့ အားဖေးတို့ကို ခေါ်ပြီး သီးသန့်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပေးပါ”
“ခဏ”
ရွှန်းက စကားဖြတ်ပြောပြီး လက်ပြလိုက်သည်။
တိတ်ဆိတ်မြို့တော်အဖွဲ့ထဲမှ ရှီဇီဟုခေါ်သော မိန်းကလေးသည် တွန့်ဆုတ်နေသောအမူယာဖြင့် ရှေ့သို့ တိုးလာသည်။
“ဒီစစ်ဆင်ရေးက ခင်ဗျားကို အခြေခံထားတယ်…”
ရွှန်းက ပြောသည်၊၊
“ဒါကြောင့် ရှီဇီကို ခင်ဗျားကို ကူညီဖို့ အမိန့်ထားတယ်”
အားလုံး အံ့အားသင့်သွားကြသည်။ တိတ်ဆိတ်မြို့တော်က ဒီလောက်အရေးကြီးတဲ့လူကို တကယ်ပဲ လွှတ်လိုက်တာလား။ ရှီဇီသည် သိသာထင်ရှားသော အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သည်။
လင်းရှန်တို့၏ တုံ့ပြန်မှုကို ကြည့်ပြီး ရွှန်းက ပြုံးပြီး ရှင်းပြသည်။
“အစ်မနန်ကျင်းရဲ့ အဖွဲ့မှာ အမှောင်အာရုံခံစနစ်တွေ ရှိတယ်…ကျွန်တော့်အဖွဲ့ကတော့ ယန္တရားတွေပေါ် အခြေခံတယ်… ဒါကြောင့် ခင်ဗျားအတွက် အမှောင်ထုကို ဖိနှိမ်ပေးနိုင်ပြီး အကူအညီပေးနိုင်မယ့်သူ ပါတာက ပိုအကျိုးရှိမယ်လို့ ရှင်းဂျီက ပြောတယ်”
လင်းရှန်သည် ရှင်းဂျီ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူက ရှီဇီကို ခေါင်းညိတ်ပြလိုက်သည်။
“မင်းကို အားကိုးရတော့မှာပဲ”
“ပြ-ပြဿနာ မရှိပါဘူး… ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်”
သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများမှာ ခိုင်မာနေသည်။ သူမသည် ရူဂျိတို့နှင့်အတူ ပြင်းထန်သော တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ဖူးသူဖြစ်သည်။ သူမအတွက်တော့ လူစိမ်းများနှင့် စကားပြောရခြင်းထက် မွန်းစတားများကို ရင်ဆိုင်ရခြင်းက ပို၍ လွယ်ကူနေပုံရသည်။
“ယူနစ်အားလုံး”
ရှင်းဂျီ၏ အသံက ဆက်သွယ်ရေးစက်များမှ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
“ထွက်ခွာဖို့ ပြင်ဆင်ကြ… ဒီစစ်ဆင်ရေးက လင်းကို ဗဟိုပြုတယ်… ရွှန်း... လင်း အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သယ်ယူပို့ဆောင်ရေး သင်္ဘောလမ်းကြောင်းကို သီးခြားခွဲထုတ်ဖို့ EMP ကိုပြင်ဆင်ထား… မြန်မြန်ဝင်… မြန်မြန်ထွက်ကြ”
ထိုအခိုက်အတန့်တွင် အဖြူရောင်မြို့၏ အလွန်ကြည်လင်သော ဟိုလိုဂရမ်မြေပုံသည် စွမ်းအားဝတ်စုံ အားလုံး၏ မြင်ကွင်းစနစ်များထဲတွင် ပေါ်လာသည်။
၎င်းမှာ အလွန်အသေးစိတ်ကျလှသည်၊၊ အချိန်နှင့်တစ်ပြေးညီ မြင်ကွင်းများ၊ ရေဒါဖြင့် မှတ်သားထားသော အန္တရာယ်ရှိဇုန်များ၊ ကင်းစောင့်စနစ်များ၊ ဒီရေလှိုင်း အချိန်မှတ်စက်များနှင့် မြို့ထဲရှိ ခိုလှုံရာနေရာတိုင်း၏ တိကျသော တည်နေရာများ။
၎င်းမှာ အံ့မခန်းပင်… အဖွဲ့ဝင်အားလုံး၏ စိတ်ထဲတွင် စကားလုံးတစ်လုံးသာ ပေါ်လာသည်၊၊
ပရော်ဖက်ရှင်နယ်ဆန်လွန်းတယ်….
လင်းရှန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ ရှင်းဂျီနှင့် စကားပြောပြီးနောက် သူ၏ ယန္တရားစွမ်းရည်များကို မည်သို့ ချဲ့ထွင်ရမည်ကို ပို၍ကျယ်ပြန့်သော အမြင်များ ရရှိခဲ့သည်။
ပထမဆုံး လုပ်ရမည့်အရာမှာ - အကြီးစား ဒရုန်းထုတ်လုပ်မှုနှင့် သတင်းအချက်အလက် အခြေခံအဆောက်အအုံ တည်ဆောက်ရေးပင်။ ဂရေ့စ်ကို Ai ဗဟိုချက်အဖြစ် အသုံးပြုပြီး အနန္တရထား၏ တည်ဆောက်ရေးစွမ်းရည်များကို အပြည့်အဝ အလိုအလျောက်စနစ်ဖြစ်အောင် သူလုပ်ဆောင်နိုင်သည်၊၊ ၎င်းသည် သူ၏ ကောင်းကင်သို့ ပျံသန်းရေးအစီအစဉ်ကို အရှိန်အဟုန်မြှင့်တင်ပေးလိမ့်မည်။
“နားလည်ပါပြီ”
မျက်နှာပြင်ပေါ်ရှိ အချိန်ရေတွက်မှုကို ကြည့်ရင်း ရွှန်းက သူ၏ နာနိုဝတ်စုံကို စတင်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် ကြီးမားသော အလိုအလျောက် မီကာသုံးခုနှင့် ACS အပေါ့စား အစောင့်ရှောက်မီကာတစ်ခုကို ပြင်ဆင်ထားသည်။ သူသည် ရူဂျိ၊ တိုင်ရီလန်တို့နှင့်အတူ ဗဟိုရင်ပြင်ရှိ မိခင်အသိုက်ကို စောင့်ကြည့်ရန် ရှေ့တန်းမှ တာဝန်ယူမည်ဖြစ်သည်။
“သွားကြစို့”
အားလုံးသည် မြေအောက်ဘန်ကာ၏ ထွက်ပေါက်တွင် စုရုံးကာ ဒီရေလှိုင်းကျချိန်ကို စောင့်ဆိုင်းနေကြသည်။
လင်းရှန်၏ ဘေးတွင် ရှီဇီက သူမ၏ စွမ်းရည်ကို စတင်လိုက်သည်။ အစိမ်းရောင် အလင်းတန်းတစ်ခုသည် အားလုံးအပေါ် ဖြတ်သန်းသွားသည် - ၎င်းမှာ မထွက်ခွာမီ နောက်ဆုံးအကြိမ် သန့်စင်ပေးခြင်းပင်။
၁၂:၀၄၊၊
အဖြူရောင်မြို့သည် အမှောင်ထုအောက်တွင် နစ်မြုပ်နေသည်။ တွန့်လိမ်နေသော အမည်းရောင် မြူထုက လမ်းတိုင်းကို ဖုံးလွှမ်းထားသည်။
ဗဟိုရင်ပြင်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော မိခင်အသိုက်သည် ထူးဆန်းသော သတ္တဝါအမျိုးမျိုးကို ပေါင်းစပ်ထုတ်လုပ်နေသည်။ လမ်းများပေါ်တွင်မူ ရာနှင့်ချီသော လူသေအလောင်းများသည် အမည်းရောင် သွေးကြောကဲ့သို့ ကြိုးများဖြင့် ချိတ်ဆက်လျက် မတ်တပ်ရပ်နေကြသည်။
သူတို့သည် အသက်ရှင်နေသည်လား… သေဆုံးနေသည်လား… မည်သူမျှဝေခွဲမရကြပေ၊၊
သွေးကြောများသည် ထိုလူအသားများထဲမှ သတင်းအချက်အလက်များကို စုပ်ယူနေပြီး မိခင်အသိုက်ထဲတွင် ပေါင်းစပ်နေကြသည် - ၎င်းမှာ ရူးသွပ်နေသည့် ကိုယ်တိုင်မိတ္တူပွားကာ ပရိုဂရမ်ရေးဆွဲနေသည့် ဇီဝယန္တရားစနစ်တစ်ခုက ထိန်းချုပ်မရအောင် လည်ပတ်နေသကဲ့သို့ပင်။
မရေမတွက်နိုင်သော ထူးဆန်းသည့် သတ္တဝါများသည် လမ်းမများပေါ်သို့ အသစ်စက်စက် ထွက်ပေါ်လာသော ဇီဝလက်နက်စစ်သားများကဲ့သို့ အော်ဟစ်ကာ ပြေးထွက်သွားကြပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
၁၂:၀၅၊၊
ဒီရေလှိုင်း ပြန်ကျသွားသည်။ ရူးသွပ်နေသော မိခင်အသိုက်၊ အလုံးအရင်းနှင့် ထွက်လာသော သတ္တဝါများ၊ မတ်တပ်ရပ်နေသော အလောင်းများနှင့် အမည်းရောင် အမျှင်တန်းများ အားလုံး ပျောက်ကွယ်သွားသည်။
အဖြူရောင်မြို့၏ ဆူညံနေသောအသံများသည် တဖန် တိတ်ဆိတ်သွားသည်။ ထူးဆန်းသော တီးတိုးပြောသံများသာ အမှောင်ထဲတွင် ကျန်ရှိတော့သည်။ အမှောင်ထု၏ နက်ရှိုင်းသော နေရာများတွင်မူ မမြင်ရသော တွားသွားသံများ၊ ခြေသံများ…
အထပ်မြင့်တိုက်ခန်းတစ်ခု၏ ဆွေးမြေ့နေသော အခန်းထဲတွင်မူ လင်းရှန် ယာယီဂဟေဆော်ထားခဲ့သော သတ္တုစပ်တံခါးသည် လက်သည်းများဖြင့် ဆွဲဖြဲခြင်း ခံလိုက်ရသည်။
သတ္တုသံများ မြည်ဟည်းသွားကာ တံခါးပြုတ်ထွက်သွားသည်။
တံခါးဝတွင် ကြီးမားသော ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်နေသည်။ ၎င်းသည် ထူးဆန်းသော ကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ လှုပ်ရှားခြင်းမရှိဘဲ အမှောင်ထုထဲသို့ စိုက်ကြည့်နေသည်။
…
အဖြူရောင်မြို့၏ အနောက်တောင်ကြားလိုဏ်ခေါင်းတွင် အဖွဲ့သုံးဖွဲ့သည် အရိပ်ထဲမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး တစ်ဖွဲ့စီခွဲထွက်သွားကြသည်။
လင်းရှန်၏ တာဝန်မှာ အကြီးဆုံးဖြစ်သည်။ သူ၏နောက်တွင် တိတ်ဆိတ်မြို့တော်မှ အကြီးစားဒရုန်းနှစ်စင်းသည် သံလိုက်စွမ်းအင် အရှိန်လျှော့ဖွဲ့စည်းပုံ ကိရိယာနှစ်စုံကို သယ်ဆောင်လာသည်။ သူသည် သွားနေစဉ်အတွင်း စကင်ဖတ်မှုကို အပြီးသတ်ရမည်ဖြစ်သည်၊၊ ဤကိရိယာနှစ်ခုသည် ပေါင်းစည်းယာဥ်တန်းအတွက် မလုံလောက်သေးပေ။
ထို့ကြောင့် လင်းရှန်သည် ဂရေ့စ်ကို ဦးဆောင်ရန် တာဝန်ပေးထားပြီး မီးတောက်၊ ကီကီ၊ ချန်ဆီရွှမ်နှင့် ရှီဇီတို့က ဘေးတစ်ဖက်တစ်ချက်မှ ဝန်းရံလိုက်ပါလာကြသည်။
ရှေ့ရှိ မြို့ပြပုံရိပ်မှာ မည်းမှောင်နေသည်။ အဖွဲ့သားများသည် အမှောင်ထုအတွင်း သွားလာနိုင်ရန် ဟိုလိုဂရမ်လမ်းညွှန်စနစ်၊ ညကြည့်မှန်ပြောင်းနှင့် ရေဒါစနစ်များကိုသာ အပြည့်ဝအားကိုးနေရသည်။ တိတ်ဆိတ်မြို့တော်သည် မြို့အနှံ့တွင် ထောက်လှမ်းရေးကိရိယာများတပ်ဆင်ထားသော်လည်း အကွာအဝေးမှာ အကန့်အသတ်ရှိသည်။ ထူးဆန်းသည့် သတ္တဝါများနှင့် ထိပ်တိုက်မတိုးမိစေရန် လင်းရှန်သည် လမ်းမများပေါ်ရှိ အမိုးများပေါ်မှ ဖြတ်ကျော်ပြေးလွှားရန် ရွေးချယ်ခဲ့သည်။ ဤနည်းလမ်း၏ အားသာချက်မှာ ပို၍ ခရီးတွင်ခြင်းဖြစ်သည်၊၊ များသောအားဖြင့် သတ္တဝါများသည် အမိုးပေါ်တွင် မရှိတတ်ကြပေ။
အားနည်းချက်မှာမူ လူမြင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူတို့ ပို၍လျင်မြန်စွာ လှုပ်ရှားနေရသည်။
[အရှေ့ဘက် အမြင့်ပိုင်းတွင် အမည်မသိသတ္တဝါတစ်ကောင်အား တွေ့ရှိသည်]
လင်းရှန်တို့အဖွဲ့ အထပ်နိမ့်အဆောက်အအုံတစ်ခုပေါ်သို့ ဆင်းသက်လိုက်ချိန်မှာပင် ဂရေ့စ်က ရုတ်တရက် သတိပေးချက်ပို့လိုက်သည်။
အားလုံး ရပ်တန့်သွားကြသည်။ လင်းရှန်သည် အဖြူရောင်မြို့မြေပုံကို ဖွင့်ပြီး လမ်းကြောင်းကို ပြန်လည်ချိန်ညှိလိုက်သည်။
“အောက်ဆင်းမယ်”
Chapter 669
စောင့်ကြည့်သူ ၁
ပြတ်သားသော အမိန့်နှင့်အတူ လင်းရှန်သည် စွမ်းအားဝတ်စုံကို အသက်သွင်းပြီး မြေအောက်ကားပါကင်ထဲသို့ ခုန်ဆင်းလိုက်သည်။ မြေပုံလမ်းကြောင်းအရ ထိုနေရာတွင် လမ်းနှစ်လမ်းကို ဖြတ်ကျော်ကာ မြေအောက်လူသွားလမ်းသို့ ရောက်ရှိနိုင်မည့် လမ်းတစ်ခု ရှိသည်။
တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့်အလျောက် အဖြူရောင်မြို့တွင် ရှုပ်ထွေးသော လိုဏ်ခေါင်းများစွာ ရှိနေသည်။ ကားပါကင်များက မြေအောက်လမ်းများနှင့် ဆက်သွယ်နေပြီး တံတားများက လူနေအိမ်ခေါင်မိုးများပေါ်မှ ဖြတ်သန်းသွားခြင်းက မထူးဆန်းလှပေ။
ထို့ကြောင့် ထူထပ်လှသော မြို့ပြမြင်ကွင်းသည် တိတ်ဆိတ်မှောင်မိုက်နေသည့်အချိန်တွင် ကွန်ကရစ်တောအုပ်ကြီးတစ်ခုကဲ့သို့ ပို၍ ဖိစီးနေသည်၊၊
ဖျတ်…
ဂရေ့စ်သည် အပေါ်မှ ခုန်ဆင်းလာပြီး လင်းရှန်နောက်သို့ အမှီလိုက်လာသည်။
ထိုအချိန်တွင် လူတိုင်း၏ စွမ်းအားဝတ်စုံရှိ အလင်းစနစ်များ ပွင့်လာပြီး မြေအောက်ဂိုဒေါင်တစ်ခုလုံးကို အဖြူရောင်ဖျော့ဖျော့ အလင်းတန်းများ ဖြန့်ကျက်သွားသည်။ လေထုထဲတွင် ဖုန်မှုန့်များ ထူထပ်နေပြီး ရှေ့သို့ အပြင်းနှင်နေသော သတ္တုသံများသာ ပဲ့တင်ထပ်နေသည်။
ကီကီသည် ဤကဲ့သို့ ပိတ်လှောင်ထားသော နေရာမျိုးတွင် အထူးသတိထားကာ ပျံသန်းနေစဉ် စိတ်စွမ်းအင်ဒိုင်းကို ထိန်းထားသည်။
မီးတောက်သည် သတိအပြည့်နှင့် အေးစက်မှုကို ကာကွယ်ရန် သူ၏လက်ထဲတွင် မီးလုံးတစ်လုံးကို ကိုင်ထားသည်။
“လင်းရှန်”
ရုတ်တရက် ချန်ဆီရွှမ် ရပ်တန့်သွားပြီး သူမ၏ သေနက်ကို ဂိုဒေါင်၏ ညာဘက်ထောင့်စွန်းသို့ ချိန်ရွယ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
“တစ်ခုခုလာနေတယ်”
“ကျွန်မလည်း ခံစားရတယ်”
ရှီဇီက အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူမသည် အဖွဲ့၏နောက်သို့ လှမ်းလိုက်ပြီး လက်ကို မြှောက်ကာ လူတိုင်းကို ချိတ်ဆက်ပေးနိုင်သည့် သူမ၏ စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ထိုခဏ၌ အခြားသူများသည် သူတို့၏ခြေဖဝါးမှ စွမ်းအားတစ်ခု တိုးထွက်လာသည်ကို ခံစားလိုက်ရသည်။ အေးခဲ-အမှောင်ဆေးရည် တစ်ကျိုက်သောက်လိုက်ရသကဲ့သို့ပင်။
ရှီဇီ၏ စွမ်းရည်သည် အမှောင်ကျူးကျော်မှုကို ခုခံနိုင်ရုံသာမက စွမ်းအားရှင်များ၏ ခွန်အားကိုလည်း ခေတ္တမြှင့်တင်ပေးနိုင်သည်။
အစောပိုင်းက ရင်ပြင်တွင် ရူဂျိနှင့် တိုင်ရီလန်တို့သည် လင်းရှန်တို့အဖွဲ့၏ တိုက်ခိုက်မှုကို ချက်ချင်းမရှုံးနိမ့်ဘဲ တောင့်ခံနိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ ယခုမူ သူကိုယ်တိုင် ထိုထူးခြားသော စွမ်းရည်ကို ကိုယ်တိုင် ခံစားလိုက်ရပြီ ဖြစ်သည်။
တွေဝေနေရန် အချိန်မရှိပေ…
ချန်ဆီရွှမ်၏ စကားကို ကြားသည်နှင့် လင်းရှန်သည် လျှပ်စီးသိန်းငှက်ဒရုန်း ၂၅ စင်းကို ရှေ့သို့ ချက်ချင်း စေလွှတ်လိုက်သည်။
“ဂရေ့စ်”
[နားလည်ပါပြီ]
တစ်ချိန်တည်းမှာပင် ဂရေ့စ်က ရှေ့သို့ ပြေးထွက်သွားသည်။ သို့သော် ထိုအချိန်မှာပင် ချန်ဆီရွှမ် မျက်နှာပျက်သွားသည်။ သူသည် ကိုယ်ကိုလှည့်ပြီး ညာဘက်မှ အမှောင်ရိပ်ထဲသို့ ရုတ်တရက် ပစ်ခတ်လိုက်သည်။
ဘန်းးး
“ဟိုမှာ”
ထပ် ထပ် ထပ်
သေနတ်သံအပြီးတွင် တွားသွားသံတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းအောက်တွင် ကြည့်လိုက်ရာ ထောင့်စွန်းတစ်ခု၌ လူနှင့်တူသော်လည်း ပုံပျက်ပန်းပျက်ဖြစ်နေသော လူသားပုံစံသတ္တဝါတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်း၏ ကြောက်မက်ဖွယ်ရာ ချွန်ထက်သော ပါးစပ်မှ စူးရှသောအသံတစ်ခုထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ အဖြူရောင်ဓာတ်ငွေ့များ မှုတ်ထုတ်လိုက်သည်။
“နောက်ဆုတ်”
ချန်ဆီရွှမ်၏ ကျည်ဆံထိမှန်သွားသည်ကို လင်းရှန် သေချာသော်လည်း ထိုသတ္တဝါ၏ ပုံသဏ္ဌာန်မှာ ရှင်းရှင်းလင်းလင်းမရှိသေးပေ။ ၎င်း၏ စူးရှသော အော်ဟစ်သံမှာ ယခင်က တွေ့ခဲ့ဖူးသော မီးအိမ်-ခေါင်းသတ္တဝါနှင့် ဆင်တူပြီး လူတိုင်း၏ အမြင်အာရုံကို ဝေဝါးသွားစေသည်။ သွေးပျက်ဖွယ်ရာပုံရိပ်များမှာ သူတို့၏ မျက်စိရှေ့တွင် ရူးသွပ်စွာ ဝဲပျံနေသည်။
၎င်းမှာ ကြောက်ရွံ့မှုစွမ်းအင်ဖြစ်သည်၊၊
“ကျွန်မတို့ အမှတ်အသား လုပ်ခံလိုက်ရပြီ”
ရှီဇီ၏ အသံထွက်ပေါ်လာသည်။ တိတ်ဆိတ်မြို့တော်၏ အဆင့်မြင့်ဝိညာဉ်လှိုင်းထောက်လှမ်းစနစ်က လူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများကို တိကျစွာ ဖော်ထုတ်နိုင်သည်။
စခရီးးးးး
ထိုစူးရှသော အော်သံမှာ မြေအောက်မှ ပဲ့တင်ထပ်ကာ ပိုမိုကျယ်လောင်လာပြီး အထပ်တစ်ခုချင်းစီတိုင်းက ဖုန်မှုန့်များကို လွင့်စင်စေသည်။
တစ်ချိန်တည်းမှာပင် လင်းရှန်နှင့် မီးတောက်တို့က အရင်စတင်တိုက်ခိုက်လိုက်သည်။
“မီးတောက်လက်သီး”
ကြီးမားသော မီးလုံးကြီးသည် ဒရုန်းများ၏ လျှပ်စစ်အလင်းတန်းများနှင့် ပေါင်းစပ်ကာ ဂိုဒေါင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ မီးတောက်များနှင့် ပေါက်ကွဲမှုများက ထိုထူးဆန်းသော သတ္တဝါကို ဝါးမျိုသွားပြီး အမိုးကို ထောက်ထားသော တိုင်များနှင့် လေဝင်လေထွက် ပိုက်လိုင်းများ ပြိုကျကုန်သည်။
ထိုစဉ် ဂရေ့စ်ရှိရာဘက်မှလည်း အသံများ ထွက်ပေါ်လာသည်။ ပင့်ကူခြေထောက်များပါရှိသော လူခေါင်းတစ်ခုသည် လင်းရှန်၏ ခြေရင်းသို့ လိမ့်လာသည်။
အလင်းရောင်အောက်တွင် ဂရေ့စ်သည် ထိုရုပ်ပျက်ဆင်းပျက် ခေါင်းကို ကန်ပစ်ပြီးနောက် နောက်ပြန်ဂျွမ်းထိုးကာ ဆင်းသက်လိုက်သည်။ သူမသည် ထိုခေါင်းကို မြေကြီးထဲသို့ ဖိခြေလိုက်သော်လည်း ပင့်ကူခြေထောက်များမှာ တဆတ်ဆတ် လှုပ်ရှားနေဆဲ ဖြစ်သည်။
[သတိပေးချက် - လူသားသဏ္ဌာန် ထူးဆန်းသည့် သတ္တဝါများ လာနေသည်]
ဒုန်း
သူမ စကားဆုံးသည်နှင့် ဘေးရှိ နံရံတစ်ခု ပေါက်ကွဲသွားသည်။ ရိုက်ခတ်မှုကြောင့် တိုင်အချို့ ကျိုးပျက်သွားသည်။ ကီကီက သူမ၏ စိတ်စွမ်းအားကို သုံး၍ အပျက်အစီးများကို ဖယ်ရှားလိုက်သည်။
နံရံနောက်တွင် ဓာတ်ငွေ့ကာ မျက်နှာဖုံးစွပ်ထားပြီး စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ထားသည့် သားသတ်သမားနှင့်တူသော လူသားသဏ္ဌာန် ထူးဆန်းသည့် သတ္တဝါတစ်ကောင်ရပ်နေသည်။ ၎င်း၏ စိမ်းဖန့်ဖန့် သန္ဓေပြောင်းအရေပြားမှာ တုန်ခါနေသည်။
ဘန်းး
ချန်ဆီရွှမ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်ခတ်လိုက်ရာ ၎င်း၏ ဦးခေါင်းတစ်ခြမ်း ပွင့်ထွက်သွားသည်။ သို့သော် ထူးဆန်းစွာပင် ၎င်းက ဘာမှမဖြစ်သကဲ့သို့ရှိနေသည်။ ထိုအစား ၎င်း၏ ခန္ဓာကိုယ်မှ ပိုးဟပ်ကဲ့သို့အရာများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အင်းဆက်များက ၎င်း၏ ဘေးတွင် ဝဲပျံနေသည်။ အစိမ်းပုပ်ရောင် အကျိအချွဲများ စီးကျလာပြီး အဖွဲ့သားများထံသို့ ပြေးဝင်လာသည်။
“အနားမကပ်စေနဲ့… ဒါက ပေါက်ကွဲတတ်တယ်”
ရှီဇီက အော်ပြောလိုက်သည်။
“စိတ်ချ”
ကီကီက သူမ၏ လက်ကို ဆုပ်လိုက်ရာ စိတ်စွမ်းအားဖိသိပ်မှုဖြင့် ဖုန်မှုန့်နှင့် သဲများသည် လေပွေတစ်ခုလို ထိုသားသတ်သမားကို ရိုက်ချလိုက်သည်။ အခြားသတ္တဝါကို အပြတ်ရှင်းခဲ့သော လုရှင်းချန်ကလည်း မီးတောက်များဖြင့် လေပွေကို အားဖြည့်ပေးလိုက်သည်။ မီးတောက်များကြောင့် နံရံနှင့် တိုင်များမှာ နီရဲလာသည်။
အုန်း
အက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။ အနက်ရောင် အကျိအချွဲများ နေရာအနှံ့လွင့်စင်သွားသော်လည်း ကီကီ၏ စိတ်စွမ်းအားက အဖွဲ့သားများကို ကာကွယ်ပေးထားသည်။ ထို့နောက် အမှောင်ရိပ်များထဲမှ လူသားသဏ္ဌာန် ထူးဆန်းသည့်သတ္တဝါများ ထပ်မံ ထွက်ပေါ်လာသည်။
ဤအရာများသည် ဖုတ်ကောင်များ သို့မဟုတ် သာမန်ထူးဆန်းသည့် သတ္တဝါများမဟုတ်ကြောင်း လင်းရှန် တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ သူတို့၏ အဝတ်အစားများကို ကြည့်ရသည်မှာ တွင်းနက်ကြောင့် သန္ဓေပြောင်းသွားသော ဆင့်ကဲပြောင်းလဲသူအဆင့် လူသားများနှင့် တူသည်။
ဂိုဒေါင်အတွင်း၌ အနက်ရောင် မီးခိုးများနှင့် အစိမ်းရောင်မြူများ ပြည့်နှက်နေသည်။
လင်းရှန်သည် သူ၏ အမှတ်အသား ထောက်လှမ်းရေးစနစ်က တုန်ခါနေသည်ကို မြင်လိုက်သည်။ သူ အံကြိတ်လိုက်မိသည်။ လူသားသဏ္ဌာန် သတ္တဝါများသည် အာရုံလွှဲရုံသာဖြစ်ပြီး တကယ့်အန္တရာယ်မှာ အမှောင်အမှတ်အသား လုပ်ထားသည့် သတ္တဝါသာဖြစ်သည်။
“အမှတ်သားလုပ်တဲ့ သတ္တဝါကို အရင်ရှာကြ”
အဖွဲ့သည် ပြေးဝင်လာသော လူသားသဏ္ဌာန်သတ္တဝါများကို တိုက်ခိုက်ရင်း ထောင့်တစ်နေရာတွင် ငြိမ်သက်နေသော အရာတစ်ခုကို သတိထားမိသွားကြသည်၊၊
“အပေါ်ဘက်ထောင့်ကို ပစ်ကြ”
ထိုအရာသည် မြွေကဲ့သို့ ပေါင်းစပ်အစိတ်အပိုင်းများဖြင့် သတ္တဝါဖြစ်သည်၊၊
ဝါးးး ဝါးးး
ဒဏ်ရာရသွားသော သတ္တဝါသည် ကလေးငိုသံကဲ့သို့ အော်ဟစ်ရင်း အမှောင်ထဲသို့ ပြန်ဆုတ်သွားသည်။
ဝီးး
ဘစ်ဇ် ဘစ်ဇ်
ဒရုန်းများက ဝဲပျံနေပြီး အနီရောင်လျှပ်စစ်အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ မီးရောင်အောက်တွင် လင်းရှန်သည် ၁၀ မီတာကျော် ရှည်လျားသော သတ္တဝါကြီးတစ်ကောင် ဓာတ်လှေကားတွင်းထဲသို့ ဆုတ်ခွာသွားသည်ကို တွေ့လိုက်ရသည်။ သူတို့တွေ့လိုက်သော အရာသည် ၎င်း၏ ပုံရိပ်ယောင်သာဖြစ်ပြီး ခန္ဓာကိုယ်အစစ်မှာ အဆောက်အအုံတွင် ကပ်တွယ်နေခြင်း ဖြစ်သည်။
ဘစ်ဇ် ရွှီး ရွှီး
တွေဝေခြင်းမရှိဘဲ လင်းရှန်သည် ယန္တရားအမြောက်နှင့် ပုခုံးမှ ပဲ့ထိန်းဒုံးကျည်ငယ်ခြောက်ခုကို ပစ်လွှတ်လိုက်သည်။ ဒရုန်းများ၏ ပစ်ခတ်မှုနှင့်အတူ ၎င်းတို့သည် ခန္ဓာကိုယ်အစစ်ကို ထိမှန်သွားသည်။
ဝုန်း ဝုန်း
တရစပ်ပစ်ခတ်မှုအောက်တွင် မြွေကဲ့သို့ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်ထွက်သွားသည်။ ၎င်း၏ အော်ဟစ်သံက ပို၍ကျယ်လောင်လာသည်။ လုရှင်းချန် ပြေးသွားပြီး သူ၏ မီးတောက်များကို ဓားကဲ့သို့ ထုတ်ကာ ပိုင်းဖြတ်လိုက်သည်။ ကီကီကလည်း စိတ်စွမ်းအားဖြင့် ၎င်း၏ ဦးခေါင်းကို ခြေမွလိုက်သည်။
ရွှပ်... ဖောက်
၎င်း၏ ဦးခေါင်းပေါက်ကွဲသွားသည်နှင့် အဖွဲ့သားများပေါ်ရှိ အမှောင်အမှတ်အသားများ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။ သို့သော် အစောပိုင်းက တိုက်ပွဲကြောင့် အပေါ်ထပ်နှင့် ထွက်ပေါက်များမှ အသံများထွက်ပေါ်လာသည်၊၊ သူတို့သည် သတ္တဝါများ၏ အာရုံစိုက်ခြင်းကိုခံလိုက်ရပြီဖြစ်သည်။