အခန်း (၆၇၀-၆၇၁)
Vol. 40 Ch. 670-671
Chapter 670
စောင့်ကြည့်သူ ၂
“သွားကြမယ်”
လင်းရှန် အော်လိုက်သည်။ ဂိုဒေါင်အတွင်း၌ အဆိပ်ရှိသော အနက်ရောင်မြူများ ပြည့်နေပြီ ဖြစ်သဖြင့် သူတို့ ဆက်မနေနိုင်တော့ပေ။ သူသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲမှ ပြင်းအားကောင်းသော ပေါက်ကွဲပစ္စည်းများကို ထုတ်ယူကာ ဒရုန်းများမှတစ်ဆင့် အမိုးထောက်တိုင်များပေါ်တွင် တပ်ဆင်လိုက်သည်။
“ကျွန်မတို့ ကြီးမားတဲ့တစ်ခုခုကို နှိုးလိုက်မိပြီ ထင်တယ်”
ချန်ဆီရွှမ်က ပြောသည်။ Black Hwak စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး Meteor-3 စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်ထားသော သူမ၏ အမြင်နှင့် အကြားအာရုံမှာ အလွန်မြင့်မားနေသည်။ သူမသည် အားဖေး သို့မဟုတ် ရှီဇီကဲ့သို့ အမှောင်ထုကို မခံစားနိုင်သော်လည်း လှုပ်ရှားမှုများကိုမူ ကြိုတင် သိရှိနိုင်သည်။
ပြေးနေရင်းနှင့် လင်းရှန်သည် ထောက်လှမ်းရေးစနစ်ကို စစ်ဆေးလိုက်သည်။
“အမှတ်အသားမရှိရင် မတိုက်ခိုက်ကြနဲ့… ငါတို့မြေအောက်ကနေပဲ ဆက်သွားမယ်”
ရထားဘူတာသို့ သွားသည့် လမ်းမှာ အသုံးနည်းသဖြင့် ပို၍ အန္တရာယ်များသည်။ သို့သော် မြေအောက်တိုက်ပွဲမှာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည်။ အမှတ်အသားပျောက်ကွယ်သွားပြီဖြစ်သဖြင့် သူတို့သည် ထူးဆန်းသည့် သတ္တဝါများကဲ့သို့ပင် အမှောင်ထဲတွင် ရောယှက်သွားနိုင်သည်။
ဂျစ် ဂျစ်
မြေအောက်တွင် သူတို့၏ ဆက်သွယ်ရေးစနစ်သည် ပြင်းထန်စွာ နှောင့်ယှက်ခံနေရသည်။ လင်းရှန်သည် အခြားအဖွဲ့နှစ်ဖွဲ့နှင့် အဆက်အသွယ်ပြတ်တောက်သွားသည်။ သူသည် အဖွဲ့ကို လျင်မြန်စွာ ဦးဆောင်သွားသည်။ ဂိုဒေါင်မှထွက်ပြီး ပျက်စီးနေသော အဆောက်အအုံတစ်ခုထဲသို့ ဝင်လိုက်ရာ ဆူးကြိုးပတ်ထားသော တံခါးတစ်ခုကို တွေ့ရသည်။ လင်းရှန်က ယန္တရားဝါးမျိုမှုကို သုံးလိုက်ရာ ထိုတံခါးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
သူတို့သည် လမ်းမပေါ်သို့ ပြန်ရောက်မည့် စင်္ကြံတစ်ခုသို့ ရောက်ရန် အဆောက်အအုံပေါ်သို့တက်ရမည် ဖြစ်သည်။
“ရှေ့မှာ”
“လင်းရှန် ရှေ့မှာ”
ချန်ဆီရွှမ်နှင့် ရှီဇီတို့က တစ်ပြိုင်တည်း အော်လိုက်ကြသည်။
သူတို့၏ မီးရောင်များ လက်ခနဲ ဖြစ်သွားချိန်တွင် ပျက်စီးနေသော လှေကားထစ်များမှ တွန့်လိမ်နေသော ထူးဆန်းသည့် သတ္တဝါတစ်ကောင်ထွက်လာသည်။ ၎င်းက ပါးစပ်ဟလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ လင်းရှန်၏ ဒရုန်းများက ပတ်ပတ်လည်မှ လျှပ်စစ်တန်းများဖြင့် ပစ်ခတ်လိုက်ရာ ၎င်း၏ ခန္ဓာကိုယ် အထက်ပိုင်းက အငွေ့ပျံသွားသည်။
“C-အဆင့် ထူးဆန်းသတ္တဝါ”
လင်းရှန်သည် လောင်ကျွမ်းနေသော အလောင်းကို တစ်ချက်ကြည့်ပြီး ဆက်လှုပ်ရှားလိုက်သည်။ C-အဆင့် ခြိမ်းခြောက်မှုမှာ သူတို့အတွက် မခက်ခဲတော့ပေ။ တကယ့်အန္တရာယ်မှာ အမှတ်အသား အလုပ်ခံရခြင်းဖြစ်သည်။
တွင်းနက်၏ အမှောင်ထုထဲတွင် သေးငယ်သော အမှတ်အသားတစ်ခုရှိရုံနှင့်ပင် အနီးရှိ ထူးဆန်းသည့် သတ္တဝါအားလုံး၏ ပစ်မှတ်ဖြစ်သွားနိုင်သည်။
“ကျွန်မတို့... ခံတပ်နဲ့ အဆက်အသွယ် ပြတ်သွားပြီ” ရှီဇီက ပြေးနေရင်း စိတ်ပျက်လက်ပျက်ပြောသည်။
“မကြာခင် ပြန်ရမှာပါ”
ဟူး... ဟူး...
လင်းရှန်သည် သူ၏ အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။ စွမ်းအားဝတ်စုံကြောင့် သူ၏ လျင်မြန်မှုနှင့် ကာကွယ်ရေးမှာ များစွာတိုးတက်လာသည်။ အမှောင်ကျူးကျော်မှုမှလွဲ၍ သူ ယခုဂရုစိုက်နေသည်မှာ အမှတ်အသားထောက်လှမ်းရေးစနစ်သာဖြစ်သည်။
ဒုန်း
အမှောင်ထဲမှ ပျက်စီးနေသော လမ်းမပေါ်တွင် လေးလံသောတံခါးတစ်ခု ပွင့်ထွက်သွားသည်။ စွမ်းအားဝတ်စုံ ဝတ်ထားသောလူအချို့နှင့် ဒရုန်းများသည် လမ်းမပေါ်သို့ ရောက်လာသည်။ သူတို့သည် မြေအောက်လိုဏ်ခေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး လမ်းသုံးလမ်းကို ကျော်ဖြတ်လာခဲ့ပြီး ဖြစ်သည်။ ယခုအခါ အဖြူရောင်ရထားဘူတာသို့ ရောက်ရန် တစ်ကီလိုမီတာပင် မလိုတော့ပေ။
[ကျွန်မနောက်က လိုက်ခဲ့]
လမ်းကြောင်းအချက်အလက်များကို ပို့ပေးရင်း ဂရေ့စ်၏ တည်ငြိမ်သောအသံထွက်ပေါ်လာသည်။ သူမသည် လင်းရှန်နှင့် အခြားသူများကို လမ်းကြားများထဲမှတစ်ဆင့် ဆက်၍ဦးဆောင်သွားသည်။ မကြာမီ သူတို့ ရထားဘူတာသို့ ရောက်ရှိသွားကြသည်။
နာရီစင်ပေါ်တွင် ရပ်ရင်း လင်းရှန် အပြင်သို့ လှမ်းကြည့်လိုက်သည်။ ဘူတာရုံရှေ့ရှိ ရင်ပြင်တွင် ဟုလုရှို့၏ယာဉ်တန်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ရစ်ခဲ့သော ပျက်စီးနေသည့် ကားများ ပြည့်နှက်နေသည်။
ချန်ဆီရွှမ်သည် သူမ၏ ရိုင်ဖယ်ဖြင့် စကင်ဖတ်လိုက်သည်၊၊
“လင်းရှန်၊ ဟိုထဲမှာ တစ်ခုခုရှိနေတာ သေချာတယ်…လှုပ်ရှားသံတွေ ကြားနေရတယ်”
ဇစ်... ဇစ်...
လင်းရှန်သည် လက်ကို မြှောက်ကာ အချက်ပြလှိုင်း ထပ်ဆင့်လွှင့်စက်တစ်ခုကို နာရီစင်ပေါ်တွင် တပ်ဆင်လိုက်သည်။ အချက်ပြလှိုင်းအားကောင်းလာသည်နှင့် တိတ်ဆိတ်မြို့တော်၏ အခြေစိုက်စခန်းများနှင့် ပြန်လည် ဆက်သွယ်နိုင်သွားသည်။
“လင်း… မင်း ဘူတာကို ရောက်ပြီလား.. အားလုံး အဆင်ပြေပုံရတယ်”
“အခုထိတော့ အဆင်ပြေပါတယ်။ အထွေအထူး မရှိဘူး”
လင်းရှန်က ပြန်ပြောလိုက်သည်။
အဖြူရောင်မြို့၏ နူကလီးယားဘန်ကာအတွင်းရှိ ပင်မထိန်းချုပ်ခန်းတွင် ရိုးရှင်းသော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ရှင်းဂျီသည် အဖွဲ့သုံးဖွဲ့လုံး၏ တည်နေရာကို ပြသထားသော ဟိုလိုဂရမ်မျက်နှာပြင်ကို ကြည့်နေသည်။ သူသည် အဖွဲ့တစ်ခုချင်းစီသို့ အမိန့်ပေးနေသည်။
“နန်ကျင်း… ဆေးရုံရဲ့ မြေအောက်ထပ်မှာ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကျန်နေသေးပုံရတယ်။ ရွှန်းတို့အဖွဲ့ အရင်က တွေ့ခဲ့ပေမဲ့ အကုန်မရှင်းနိုင်ခဲ့ဘူး… သတိထားဦး”
“ရွှန်း… ရင်ပြင်ရဲ့ မြောက်ဘက် အမှတ် အေ နဲ့ ဘီ မှာ ဗုံးတွေ တပ်ထားလိုက်… ပြီးတော့ အရှေ့ဘက်က အရပ်ဘက်အဆောက်အအုံမှာလည်း တပ်ထား…စီးပွားရေးစင်တာနဲ့ တီဗီတာဝါမှာ EMP ဒရုန်းမစ်ဆိုင်းတွေကို ဖြန့်ကျက်ထား...”
လင်းရှန်သည် အနီအောက်ရောင်ခြည် အာရုံခံကိရိယာတစ်ခုကို ထုတ်လုပ်ပြီး နာရီစင်ထိပ်တွင် တပ်ဆင်လိုက်သည်။ ထို့နောက် ချန်ဆီရွှမ်ဘက်သို့ လှည့်လိုက်သည်။
“ဆရာမချန်…ဒီနေရာကို ထိန်းထားပေး… တစ်ခုခုဖြစ်ရင် ငါ့ဆီမှာ ပြန်စုကြမယ်”
ချန်ဆီရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး နာရီစင်၏ ခေါင်မိုးစောင်းမှ လျှောဆင်းကာ အဆောက်အအုံမြင့်တစ်ခု၏ ထောင့်တွင် ဝပ်လိုက်ရင်း အဖြူရောင်မြို့ရထားဘူတာတစ်ခုလုံးကို စောင့်ကြည့်နေလိုက်သည်။
“ကီကီ၊ မီးတောက် မင်းတို့နှစ်ယောက်က အပေါ်ကိုသွား… ငါတို့က အောက်ဆင်းမယ်”
“နားလည်ပြီ”
စကားဆုံးသည်နှင့် ကီကီနှင့် လုရှင်းချန်တို့သည် လေထဲသို့ ခုန်တက်သွားကြသည်။ လင်းရှန်သည် ဂရေ့စ်၏ လမ်းညွှန်မှုဖြင့် ရှီဇီနှင့်အတူ နာရီစင်ပေါ်မှ ခုန်ဆင်းပြီး ခရီးသည်ဘူတာမှတစ်ဆင့် နောက်ဘက်ရှိ ရထားလမ်းပိုင်းသို့ ဦးတည်ပြေးသွားသည်။
ပြေးနေရင်းနှင့် လင်းရှန်သည် လမ်းဘေးရှိ ကားတစ်စီးကို သူ၏ စွမ်းရည်ဖြင့် ဝါးမျိုလိုက်သည်။ ထိုစဉ် ကီကီနှင့် မီးတောက်တို့သည် ဘူတာ၏ အနောက်ဘက်သို့ ပျံသန်းသွားကြသည်။ မြေပြင်သို့ မဆင်းသက်မီမှာပင် သူတို့ စွမ်းအားဝတ်စုံရှိ အမှတ်အသားထောက်လှမ်းစနစ်က ရုတ်တရက် အချက်ပေးလာသည်။
သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို စကင်ဖတ်လိုက်ကြသည်။
“သတင်းဆိုးပဲ... ဆရာမချန်—”
“ကျွန်မ ဘာမှမတွေ့ဘူး။ အသံက ခရီးသည်တင်ဘူတာရုံဘက်က ထွက်လာတာပဲ”
ချန်ဆီရွှမ်၏ အသံ ထွက်ပေါ်လာသည်။
သို့သော် ထိုအချိန်တွင် လင်းရှန်နှင့် ရှီဇီတို့သည် ဘူတာထဲသို့ ဝင်နေပြီ ဖြစ်သည်။ သို့သော် သူတို့ပေါ်တွင် အမှောင်အမှတ်အသားများ မရှိပေ။
“လူခွဲရှာကြမယ်”
လင်းရှန်က တွေဝေခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။
ထိုသို့ ပြောလိုက်ချိန်မှာပင် နာရီစင်တွင် စောင့်နေသော ချန်ဆီရွှမ်သည် အနီးရှိ လမ်းမများမှ ထူးဆန်းသော အသံများကို သတိပြုမိလိုက်သည်။ သူမသည် စနိုက်ပါမှန်ပြောင်းကို ချိန်ညှိလိုက်သည်။ ညကြည့်ရေဒါတွင် ဖော်ပြချက်အရ အမည်မသိသတ္တဝါတစ်ကောင်သည် မှောင်မိုက်သော လမ်းကြားထဲမှ ရထားဘူတာဘက်သို့ ဖြည်းညင်းစွာ တွားသွားနေသည်။ ၎င်းမှာ ကီကီနှင့် လုရှင်းချန်တို့ အမှတ်အသားလုပ်ခံရသည့် အချိန်နှင့် အတိအကျ တိုက်ဆိုင်နေသည်။
“နင်တို့ဆီကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင် ချဥ်းကပ်လာနေပြီ။ အခုချက်ချင်း အပြတ်ရှင်းလိုက်”
Chapter 671
စောင့်ကြည့်သူ ၃
ထိုသတိပေးချက်ကြောင့် ကီကီနှင့် မီးတောက်တို့သည် အထူးသတိရှိသွားသည်။ တစ်ယောက်က ရထားလမ်းပေါ်တွင် ရပ်နေပြီး အခြားတစ်ယောက်က ခေါင်မိုးပေါ်တွင် ရှိနေသည်။ သူတို့၏ စွမ်းအားဝတ်စုံများက အဆက်မပြတ် စကင်ဖတ်နေသော်လည်း ဘာမှရှာမတွေ့ပေ။ ပျက်စီးနေသော ရထားလမ်းသည် ငရဲသို့ သွားသည့် လမ်းကဲ့သို့ပင် အမှောင်ထဲတွင် ပျောက်ကွယ်နေသည်။
ထိုခဏတွင် လင်းရှန်နှင့် ရှီဇီတို့သည် ခရီးသည်တင်ဘူတာရုံမှ ထွက်လာပြီး ရထားလမ်းပေါ်သို့ တက်လာကြသည်။
ရှီဇီသည် ဘူတာနံရံ၏ အပြင်ဘက်ရှိ လူနေအိမ်ဟောင်းတစ်ခုကို ချက်ချင်း လက်ညှိုးထိုးပြလိုက်သည်။
“ဟိုဘက်မှာ စောင့်ကြည့်သူ”
စောင့်ကြည့်သူဆိုသည်မှာ လင်းရှန်က ယခင်က တွေ့ခဲ့ဖူးသည့် လိုဏ်ခေါင်းထဲမှ ထိုကဲ့သို့ သတ္တဝါမျိုးပင်၊၊ ၎င်းသည် ရွှန်းထံမှ သိခဲ့ရသော အသုံးအနှုန်းဖြစ်သည်။ တိတ်ဆိတ်မြို့တော်၏ အချက်အလက်များအရ ၎င်းမှာ အမှောင်အမှတ်အသားများပြုလုပ်နိုင်သော်လည်း တိုက်ခိုက်လေ့မရှိသော ကင်းထောက်အမျိုးအစား ထူးဆန်းသည့် သတ္တဝါဖြစ်သည်။ လင်းရှန်သည် စီလန်မြို့မှ S-အဆင့် ပင်လယ်ဖြူကောင်ကို ချက်ချင်း သတိရသွားပြီး သာမန်ထူးဆန်းသည့် သတ္တဝါများထဲတွင်လည်း ထိုကဲ့သို့ သတ္တဝါများ ရှိနေသည်ကို အံ့အားသင့်သွားသည်။
ရှင်းဂျီက ၎င်းတို့ကို စောင့်ကြည့်သူများဟု သတ်မှတ်ထားပြီး ၎င်းတို့သည် အမှောင်ထဲတွင် ပုန်းအောင်းကာ ပစ်မှတ်များကို အမှတ်အသားလုပ်၍ အနီးရှိ ထူးဆန်းသည့် သတ္တဝါများကို လာရောက်တိုက်ခိုက်ရန် ဆွဲဆောင်တတ်ကြသည်။
ရှီဇီ၏ စကားကို ကြားသည်နှင့် ကီကီနှင့် မီးတောက်တို့သည် ထိုအဆောက်အအုံဘက်သို့ ပြေးသွားကြသည်။
“မျိုးမစစ်ကောင် ငါမင်းကို မီးရှို့ပစ်မယ်”
“မြန်မြန်…အချိန်မရှိဘူး”
ကီကီက လှမ်းအော်လိုက်သည်၊၊
သူတို့ နံရံကို ကျော်လိုက်ချိန်မှာပင် အဖြူရောင်အရိပ်တစ်ခုက အဆောက်အအုံနောက်သို့ ပြေးဝင်သွားသည်။ သို့သော် သူတို့ လိုက်ရှာသည့်အချိန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထို့နောက် လင်းရှန်နှင့် ရှီဇီတို့ ရောက်လာသည်။
“သူ ဒီနားမှာ ရှိနေတုန်းပဲ”
ရှီဇီက တင်းမာစွာ ပြောသည်။ သူမ၏ စွမ်းရည်ကို သုံး၍ အဖွဲ့သားများကို သန့်စင်ပေးလိုက်သည်၊၊
“ဂရေ့စ်…ဒီနေရာကို စကင်ဖတ်လိုက်”
ဂရေ့စ်သည် နံရံပေါ်သို့ ခုန်တက်လိုက်ပြီး ပတ်ဝန်းကျင်ကို စကင်ဖတ်လိုက်သည်။
[စကင်ဖတ်နေသည်... သံသယဖြစ်ဖွယ် နေရာများကို မှတ်သားပြီးပါပြီ]
လင်းရှန်၏ အလင်းစနစ်ပေါ်တွင် ထွက်ပြေးနိုင်သည့် လမ်းကြောင်းများစွာ ပေါ်လာသည်။
“လူခွဲပြီး လိုက်ကြမယ်”
ထိုအချိန်တွင် ရှီဇီ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် အနီးတွင် လွှမ်းခြုံနေသော အမှောင်စွမ်းအင်ကို ခံစားနေရဆဲဖြစ်သည်။ ၎င်းက ထွက်မသွားသေးပေ။ သူမ ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်ရာ လူနေအိမ်ဘေးရှိ ခြံထဲတွင် ဟောင်းနွမ်းနေသောရေတွင်းပျက်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏ ပျက်စီးနေသော အကာအရံများအကြားမှ မှောင်မည်းနေသော တွင်းနက်ကြီးကို တွေ့လိုက်ရသည်။
“ဒီနေရာမှာ ရှိနေတယ်… သူ ထွက်မသွားသေးဘူး”
အခြားသူများ ထွက်သွားရန် ပြင်နေစဉ် ရှီဇီက တားပြီး လက်ညှိုးထိုးပြလိုက်သည်။
လင်းရှန်၊ ကီကီနှင့် မီးတောက်တို့ ပြေးသွားကြသည်။ အမြန်ဆုံးဖြစ်သည့် ကီကီသည် ထိုသတ္တဝါကို စိတ်စွမ်းအားဖြင့် ချက်ချင်း ဖမ်းချုပ်ထားရမည်ကို နားလည်သည်။ သို့မှသာ လင်းရှန်က အပြတ်ရှင်းနိုင်မည် ဖြစ်သည်။ အကယ်၍ သူတို့ အမြန်မလှုပ်ရှားပါက အမှတ်အသားများကြောင့် ထူးဆန်းသည့် သတ္တဝါများ ထပ်မံရောက်ရှိလာမည်ဖြစ်ရာ ၎င်းမှာ ကပ်ဘေးတစ်ခုပင်ဖြစ်သည်။
ရေတွင်းအပေါ်တွင် ပျံသန်းရင်း သူမ၏ မီးရောင်ကို အောက်သို့ ထိုးလိုက်ရာ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို တွေ့လိုက်ရသည်။
ရေတွင်းအောက်ခြေတွင် ကပ်နေသော အဖြူရောင်တစ္ဆေတစ်ကောင်ကဲ့သို့ အရိပ်တစ်ခုသည် ထူးဆန်းသော ရယ်သံဖြင့် သူတို့ကို မော့ကြည့်လာသည်၊၊
ကရက်... ကရက်... ကရက်...
ကီကီ ကြက်သီးသွားသည်။ တစ်ခဏအတွင်းမှာပင် ထိုအဖြူရောင်အရိပ်သည် အပေါ်သို့ ခုန်တက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် ကီကီ၏ မျက်လုံးမှ စိတ်စွမ်းအားအလင်းတန်းများ ထွက်ပေါ်လာသည်။ သူမ၏ စွမ်းအားက ၎င်းကို လေထဲတွင်ပင် ဖမ်းချုပ်လိုက်သည်။
မီးတောက်နှင့် လင်းရှန်တို့ ရောက်လာပြီး ချက်ချင်းတိုက်ခိုက်လိုက်သည်။
“ကောင်းကင်မီးတောက် ပိုင်းဖြတ်ခြင်း”
“ယန္တရားစွမ်းအင်အမြောက်”
မီးတောက်သည် တစ်ချက်တည်းအသေသတ်နိုင်ရန် သူ၏ တိုက်ကွက်ကို အားကုန်သုံးလိုက်သည်။ နီရဲသော မီးတောက်ကြီးသည် လေထုကို ဖြတ်သန်းသွားပြီး ထိုအရိပ်နှင့် အဆောက်အအုံ၏ အစိတ်အပိုင်း အတော်များများကို ပိုင်းဖြတ်လိုက်သည်။ တောက်လောင်နေသော မီးများက နံရံများကို အရည်ပျော်စေပြီး မီးခိုးများက ကောင်းကင်သို့ လွင့်တက်သွားသည်။
ချက်ချင်းဆိုသလိုပင် ကီကီနှင့် မီးတောက်တို့ပေါ်ရှိ အမှတ်အသားများ ပျောက်ကွယ်သွားပြီး အဖွဲ့သားများသည် ငြိမ်သက်ခြင်းစနစ်သို့ ဝင်ရောက်နိုင်ခဲ့သည်။
ထိန်းချုပ်ခန်းတွင် အချက်ပြလှိုင်းပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ရှင်းဂျီက မက်ဆေ့ခ်ျ ပို့လိုက်သည်။
“လင်း… ဒီရေတက်တော့မယ်။ အခုချက်ချင်း ထွက်သွားပြီး… ဘူတာအောက်က မြေအောက်ခန်းမှာ ပုန်းလိုက်တော့”
“ကောင်းပြီ”
သူတို့သည် ကပ်သီလေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အမှတ်အသားများပျောက်သွားပြီ ဖြစ်သဖြင့် လင်းရှန်က လှမ်းခေါ်လိုက်သည်။
“ဆရာမချန်”
“လာပြီ”
ချန်ဆီရွှမ် ပြေးလာပြီး အဖွဲ့သားများသည် ခရီးသည်တင်ဘူတာရုံလှေကားမှတစ်ဆင့် သုံးထပ်ရှိသော မြေအောက်ခန်းထဲသို့ ဆင်းသွားကြသည်။ အနိမ့်ဆုံးအထပ်မှာ သိုလှောင်ရုံကဲ့သို့သော နေရာဖြစ်ပြီး အခြားနေရာများထက် သေးငယ်သည်။ ၎င်းမှာ အရေးပေါ် အခြေအနေများအတွက် သုံးသောနေရာဖြစ်သည်။
လင်းရှန်သည် အချိန်ကို စစ်ဆေးပြီး အဖွဲ့ကို ဦးဆောင်ကာ အခန်းထဲသို့ ဝင်လိုက်ပြီး သံမဏိတံခါးကြီးကို ဆွဲပိတ်လိုက်သည်။
ဂျိန်း
ဗလာဖြစ်နေသော အခန်းထဲတွင် ထိုအသံက ပဲ့တင်ထပ်သွားသည်။
လင်းရှန်က မီးဖွင့်လိုက်သည်။ ဤနေရာသည် အဖြူရောင်မြို့ဘူတာနှင့် အနီးဆုံး ခိုလှုံနေရာဖြစ်သည်။ ရွှန်း စစ်ဆေးခဲ့သော အခြားနေရာများနှင့် မတူဘဲ ဤမြေအောက်ခန်းမှာ အန္တရာယ်ရှိနေနိုင်သေးသည့် နေရာတစ်ခုဖြစ်သည်။
ဖုန်မှုန့်များနှင့် စင်ပေါ်ရှိ အရေးပေါ်ကိရိယာအချို့မှလွဲ၍ အခန်းမှာ အလွတ်ဖြစ်နေသည်။
အဖြူရောင်မြို့၏ အခြားနေရာများကဲ့သို့ပင် ကမ္ဘာပျက်ကပ်နှင့် ရင်ဆိုင်ခဲ့ရပုံ မပေါ်ပေ။ အရာအားလုံးမှာ အချိန်တစ်ခုတွင် ရပ်တန့်နေသကဲ့သို့ပင်။ ရိက္ခာများပင် မထိမခိုက်ဘဲ ရှိနေသည်မှာ ကမ္ဘာပျက်ကပ်မရောက်မီကပင် မြို့ကြီးမှာ ရပ်တန့်သွားခဲ့ကြောင်း ပြသနေသည်။
“ဒီရေတက်တော့မယ်။ အားလုံး သတိထားပြီး… စိတ်ကို ထိန်းထား”
ရှီဇီက လူတိုင်းကို သတိပေးသည်။
“ရှင်းဂျီက ပြောတယ်… ကြောက်စိတ်ပိုများလေ ဆင်ခြင်တုံတရားပျောက်ဆုံးပြီး ပိုအားနည်းလေပဲတဲ့။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားရင် ဒီရေတတ်လာချိန်မှာ အမှောင်ကျူးကျော်မှုကို ပိုခံနိုင်ရည်ရှိလိမ့်မယ်”
လင်းရှန် ခေါင်းညိတ်လိုက်ပြီး ကြီးမားသော မီးအိမ်ကြီးတစ်ခုကို ထုတ်လိုက်ရာ အခန်းတစ်ခုလုံး လင်းထိန်သွားပြီး လူတိုင်း၏ စိတ်ကို အနည်းငယ် တည်ငြိမ်သွားစေသည်။
[စွမ်းရည်များအပေါ် လက်ရှိ သုတေသနပြုချက်အရ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့်အတူ စိတ်စွမ်းအားလည်း တိုးတက်လာသည်… ဒါပေမယ့် သန္ဓေပြောင်းလဲခြင်းသည် စိတ်ဓာတ်ပြိုလဲမှုက စတင်ခြင်းဖြစ်ပြီး ပြန်ပြင်လို့မရဘူး… စိတ်ခွန်အားကို ထိန်းသိမ်းခြင်းက အသက်ရှင်နှုန်းကို မြှင့်တင်ပေးသည်]
ဂရေ့စ်က အချက်အလက်များကို ပြောလိုက်သည်။
လင်းရှန် သူမကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ သတ္တုအရေပြားသည် ပြောင်လက်နေပြီး အစောပိုင်းက ပင့်ကူခေါင်း ထူးဆန်းသည့် သတ္တဝါကို လက်နက်မလိုပဲ အလွယ်တကူချေမှုန်းနိုင်ခဲ့သည်၊၊ ရွှန်း၏ အကြီးစားစက်ရုပ်ပင်လျှင် သူမကို ခြစ်ရာလေးတစ်ခုမျှ မပေးနိုင်ခဲ့ပေ။ အမှန်တကယ်ပင် သူမ၏ အဆင့်-၅ သတ္တုမှာ အဆင့်မြင့်လွန်းပြီး နန်ကျင်းနှင့်ပင် ခွန်အားချင်းယှဉ်နိုင်သည်။
လင်းရှန် အချိန်ကို ကြည့်လိုက်ရာ ၁၃:၀၄ ဖြစ်သည်။
သူ့နှလုံးသား တုန်ခါသွားသည်။ အချိန်နှင့် ဟင်းလင်းပြင်ကို ပုံပျက်စေသော ထူးဆန်းသည့် ဒီရေလှိုင်းက ရောက်ရှိလာတော့မည်။ သူအသင့်ပြင်ထားလိုက်သည်။
၁၃:၀၄:၅၉... ၅၉... ၅၉... ၁၃:၀၅:၀၁၊၊
ရုတ်တရက် အလွန်အေးစိမ့်သော လှိုင်းတစ်ခု သူတို့အပေါ် ဖြတ်သန်းသွားသည်။ လူတိုင်း တုန်ယင်သွားကြသည်။ ရှီဇီသည် အံကြိတ်ရင်း အားလုံးကို အစိမ်းရောင်စွမ်းအင်ဖြင့် လွှမ်းခြုံပေးလိုက်သည်။
[မူမမှန်သည့်အခြေနေများကို ကျွန်မ တွေ့ရှိထားပါတယ်]
ဂရေ့စ်က သတိပေးလိုက်သည်။ သူမသည် ရှေ့သို့ တိုးလာပြီး လက်ကို နောက်ပစ်ကာ အရေးပေါ်ပစ္စည်းစင်ဘက်သို့ စိုက်ကြည့်နေသည်။
လင်းရှန် လှည့်ကြည့်လိုက်ရာ ထိတ်လန့်သွားသည်။
အစောပိုင်းက ဗလာဖြစ်နေသော နံရံပေါ်တွင် ဒီရေတက်လာသည်နှင့်အမျှ သွေးရောင်လွှမ်းနေသော သတ္တဝါကြီးတစ်ကောင်က ဖြည်းဖြည်းချင်းကြီးထွားလာနေသည်။