အခန်း (၆၇၂-၆၇၃)
Vol. 40 Ch. 672-673
Chapter 672
ကောင်းကင်မှ ကြားဖြတ်ဟန့်တားခြင်း ၁
အဖြူရောင်မြို့ ရထားဘူတာရုံ၏ မြေအောက်ခိုလှုံရေးအခန်းအတွင်းရှိ လေထုသည် လုံးဝခဲသွားသကဲ့သို့ ခံစားရသည်၊၊
ဂျစ် ဂျစ်
လင်းရှန် တပ်ဆင်ထားသည့် မီးအိမ်သည် ထူးဆန်းစွာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ခန်းမတစ်ခုလုံးတွင် သွေးရောင်အလင်းများပျံ့နှံ့လာသည်၊၊ လင်းရှန်၊ ချန်ဆီရွှမ်၊ ကီကီ၊ မီးတောက်နှင့် ရှီဇီတို့သည် တစ်ယောက်နှင့်တစ်ယောက် ပခုံးချင်းယှဉ်ကာ သတိအပြည့်ဖြင့် တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည်၊၊
သွေးကြောများ ယှက်နွှယ်နေသည့် မှိန်ပျပျတောက်ပနေသော အမှောင်သတ္တဝါကြီးတစ်ကောင်နှင့်တူသည့် ပိုးအိမ်ကဲ့သို့ အရာတစ်ခုဆီမှ အနီရောင်အမျှင်များစွာသည် အရပ်မျက်နှာအနှံ့သို့ တဖြည်းဖြည်း ချဲ့ထွင်လာသည်၊၊ ၎င်းအတွင်း၌ ဘာမှန်းမသိသော အရည်များပြည့်နှက်နေပုံရပြီး တဖြည်းဖြည်းဖောင်းကြွလာသည်၊၊ နောက်ဆုံးတွင် ထိုအနီရောင်အစုအဝေးကြီးမှာ နံရံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ကြီးထွားလာပြီးမှ ရပ်တန့်သွားသည်၊၊ သို့သော် ချောမွတ်နေသည့် အနီရောင်အမျှင်များသည် တုန်ခါနေဆဲဖြစ်ရာ ကြောက်မက်ဖွယ်ကောင်းလှသည်၊၊
“လင်းရှန်… တိုက်ရတော့မလား”
ကီကီက တီးတိုးမေးလိုက်သည်၊၊ လုရှင်းချန်ကလည်း လက်ထဲက မီးတောက်ကို အသင့်ပြင်ရင်း အနီးကပ် စောင့်ကြည့်နေသည်၊၊ လင်းရှန်သည်လည်း အနေအထားကို ပြင်လိုက်သည်၊၊ လက်ရှိတွင် ဒီရေတက်ချိန်ဖြစ်ရာ အမှတ်အသားလုပ်ခံရပါက ဤမြေအောက်ခန်းတွင် ပိတ်မိနေခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင်ဖြစ်လိမ့်မည်၊၊ ထူးဆန်းသည့် သတ္တဝါများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို အဆက်မပြတ်ခံရပေလိမ့်မည်၊၊ ထို့ကြောင့် သူသည် ပေးဆပ်ရမှု မည်မျှပင်ကြီးပါစေ ဤထူးဆန်းသောအရာကို ဖျက်ဆီးရန် ဆွဲငင်အားမှန်ဘီလူးကို ချက်ချင်းသုံးရန် ပြင်ဆင်ထားသည်၊၊
သို့သော် ထူးဆန်းသည်မှာ ထိုအနီရောင်အရာကြီးက ပေါ်လာပြီးနောက် နောက်ထပ်လှုပ်ရှားခြင်းပင် မရှိပေ၊၊ ဝိညာဉ်လှိုင်းရှာဖွေစက်တွင်လည်း အမှောင်အမှတ်အသားများကို မတွေ့ရပေ၊၊ ကြောက်မက်ဖွယ်မြင်ကွင်းမှလွဲ၍ အခြားပုံမှန်မဟုတ်သည်ကို မတွေ့ရချေ၊၊
တိုက်ခိုက်မှုလည်း မရှိ… အသံလည်း မရှိ၊၊ အားလုံးက ထိုအမျှင်များ တဖြည်းဖြည်းလှုပ်ရှားနေသည်ကိုသာ ကြည့်နေကြသည်၊၊
လင်းရှန်၏ဘေးတွင် ရပ်နေသော ရှီဇီက ဆက်သွယ်ရေးစက်မှတစ်ဆင့် တိုးတိုးလေးပြောလိုက်သည်၊၊
“ပြင်းထန်တဲ့ အမှောင်စွမ်းအင်တွေ ခံစားနေရတယ်... အပြင်ဘက်မှာလည်း ရှိနေတယ်”
သူမပြောသည့် အပြင်ဘက်မှာ အထက်က ခရီးသည်တင်ဘူတာနှင့် ရထားလမ်းများရှိသည့် နေရာကို ဆိုလိုခြင် ဖြစ်သည်၊၊
ထပ် ထပ် ထပ်
ထူထဲသော ကွန်ကရစ်ကြမ်းပြင်များကို ဖြတ်၍ ကားပါကင်နှင့် အထက်ဘူတာရုံအတွင်း တွားသွားနေသည့် သတ္တဝါများ၏ အသံကို လင်းရှန် ကြားနေရသည်၊၊ ထိုအသံမှာ အခန်းထဲသို့ ပျံ့နှံ့နေပြီး အားလုံးကို ကျောချမ်းစေသည်၊၊ ဒီရေကြောင့် အချက်ပြစနစ်များလည်း ပြတ်တောက်နေစဉ် ချန်ဆီရွှမ်က ရုတ်တရက် ပြောလိုက်သည်၊၊
“လင်းရှန်…တစ်ခုခုဆင်းလာနေတယ်”
လင်းရှန် မျက်မှောင်ကြုတ်ရင်း အနီရောင်အရာကြီးကို ကြည့်လိုက်သည်၊၊
“ဒါပေမဲ့ ငါတို့ အမှတ်အသားမခံရသေးဘူး… ဒီအရာက သူတို့ကို ဆွဲဆောင်နေတာများလား”
“ကီကီ၊ မီးတောက်...”
“လင်း”
လင်းရှန်က ထိုအနီရောင်အရာကြီးကို ဖျက်ဆီးရန် ပြင်လိုက်စဥ် နားကြပ်ထဲမှ ရှင်းဂျီ၏ အသံ ထွက်ပေါ်လာသည်၊၊ အချက်ပြက နောက်ကျနေသောကြောင့် ရှီဇီပို့လိုက်သော ရုပ်သံမှတ်တမ်းကို သူ အခုမှ ရရှိခြင်းဖြစ်သည်၊၊ သူက လင်းရှန်ကို ပြောလိုက်သည်၊၊
“ဒါက ကပ်ဘေးအပင်ပဲ… ထူးဆန်းတဲ့ သတ္တဝါတွေကို ထပ်ပြီး မဆွဲဆောင်ခင် အမြန်ဆုံးအမြစ်ဖြတ်ပစ်လိုက်…သူ့ရဲ့ ဆွဲဆောင်မှုက အမှောင်အမှတ်အသားနဲ့ အတူတူပဲ”
အားလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်၊၊ ကပ်ဘေးပန်းပင်လား… ၎င်းမှာ အပင်တစ်ပင်နှင့် လုံးဝ မတူပေ၊၊
ရှီဇီ၏ မျက်နှာအမူယာသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောင်းလဲသွားသည်၊၊
“ဟုတ်တယ်… အဲဒါကြောင့်ကိုး… တွင်းနက်ထဲက တတိယမြောက်ညမှာ ဒါမျိုးတစ်ခုကို ကျွန်မတို့တွေ့ခဲ့ဖူးတယ်… ခိုလှုံရေးစခန်းလမ်းကြောင်းမှာ ပေါက်နေတာ… လန်က စုဆောင်းဖို့အတွက် နုတ်ယူခဲ့သေးတယ်… သူ့ရဲ့ စွမ်းရည်တွေကို သေချာမသိရသေးပေမဲ့ အဲဒါက ကပ်ဘေးအပင်ဆိုတာ သေချာတယ်”
သူမက တောက်ပနေသည့် အနီရောင်ပိုးအိမ်ကို ညွှန်ပြရင်း ပြောလိုက်သည်၊၊
“အခုပဲ ရှင်းပစ်လိုက်တော့… မဟုတ်ရင် ထူးဆန်းတဲ့ သတ္တဝါတွေ အုပ်လိုက်ကြီး ရောက်လာလိမ့်မယ်”
“ကီကီ”
သူမ စကားဆုံးသည်နှင့် လင်းရှန်က ကီကီကို လှုပ်ရှားရန် အချက်ပြလိုက်သည်၊၊
ကီကီက လေးနက်စွာ ခေါင်းငြိမ့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှေ့သို့ တိုးသွားသည်၊၊ သူမနှင့် နန်ကျင်း ပူးပေါင်းကာ နံရံတွင် ကပ်နေသည့် အနီရောင်ပိုးအိမ်ကြီးကို ဖမ်းဆုပ်၍ အားကုန်ဆွဲထုတ်လိုက်သည်၊၊
ရှပ်
နံရံအလွှာနှင့် သက်ရှိတစ်ရှူးများ ကွာကျသွားသည့် အသံက ခန်းမအတွင်း ဟိန်းထွက်သွားသည်၊၊ ကီကီ၏ စိတ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် ထိုအနီရောင်အရာကြီးမှာ တုန်ခါသွားပြီး အမျှင်များသည် ထိတ်လန့်တကြား လူးလွန့်နေကြသည်၊၊ ထို့နောက်တွင် ပြင်းထန်သော လှုပ်ရှားမှုတစ်ခုနှင့်အတူ သူမသည် တစ်ခုလုံးကို နံရံမှ ခွာထုတ်လိုက်သည်၊၊ အနီရောင်အရည်များ နေရာအနှံ့ စင်ထွက်သွားသည်၊၊ နံရံအကွဲအစများ ပြုတ်ကျလာသည်၊၊ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မီးရောင်အောက်တွင် လိမ်ယှက်နေသော အမျှင်များ၏ အရိပ်မှာ ကြောက်မက်ဖွယ်လူးလွန့်နေကြသည်၊၊
ကီကီက အားဖြင့် ဆွဲလိုက်ရာ ရေမှော်ကဲ့သို့ အရာကြီးက လုံးဝပြုတ်ထွက်လာသည်၊၊ ၎င်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးကဲ့သို့ အရည်များက ခန်းမ၏ တစ်ဝက်ခန့်သို့ ပျံ့နှံ့သွားသည်၊၊ မီးရောင်များ ချက်ချင်းငြိမ်းသွားပြီး ပြတ်တောက်သွားသော အမျှင်များသည် ငြိမ်သက်သွားကြသည်၊၊
အားလုံးမှာ အလိုလျောက် နောက်သို့ ဆုတ်လိုက်ကြသည်၊၊ အပေါ်မှ ပြေးလွှားသံများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မြေအောက်ထဲမှ တွားသွားသံများလည်း ရုတ်တရက် ရပ်တန့်သွားသည်၊၊
ချန်ဆီရွှမ် အသက်အောင့်ထားမိပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်၊၊ အမျှင်များသည် တဖြည်းဖြည်း အရောင်မှိန်သွားပြီး ညှိုးနွမ်းကာ ကြမ်းပြင်ပေါ်တွင် အညိုရောင်အရည်များအဖြစ် ပျော်ကျသွားသည်၊၊ တောက်ပနေသော ပိုးအိမ်သည် တုန်ခါလာပြီး အလင်းရောင်များ မှိန်သွားကာ နောက်ဆုံးတွင် ကွဲအက်သွားပြီး အတွင်းမှ အရာများ ထွက်ကျလာသည်၊၊ အလယ်တွင် သစ်ပင်ပေါက်လေးကဲ့သို့ အရွက်အနည်းငယ်ပါသော အနီရောင်နွယ်ပင်လေးတစ်ခု ထိုးထွက်လာသည်၊၊
“တကယ်ပဲ ကပ်ဘေးပန်းပင်ပဲ”
ချန်ဆီရွှမ် အံ့သြသွားသည်၊၊ ၎င်းကြီးထွားလာပုံကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်၊၊ သို့သော် ၎င်းမှာ အပင်နှင့် မတူဘဲ ထူးဆန်းသည့် သတ္တဝါတစ်ကောင်ဆီမှ ပေါက်ဖွားလာသော သန္ဓေပြောင်းကပ်ပါးကောင်နှင့် ပိုတူနေသည်၊၊
လင်းရှန် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်၊၊ ထို့နောက် သူသည် သွေးကပ်ဘေးပန်းအတွက် အသုံးပြုခဲ့သော အပင်စိုက်ပျိုးသည့် ဖန်အိမ်ကဲ့သို့ အရာတစ်ခုကို ထုတ်လိုက်သည်၊၊ ပို၍ စိတ်ချံစေရန်အတွက် ထိုနွယ်ပင်ကို စိတ်စွမ်းအားဖြင့် ထည့်ရန် ကီကီကို ပြောလိုက်သည်၊၊
ကီကီက လက်ချောင်းလေးကို လှုပ်လိုက်ရုံဖြင့် ၁ လက်မခန့်အထူနှင့် ၁၀ စင်တီမီတာခန့် အရှည်ရှိသော နွယ်ပင်မှာ လေထဲတွင် လိမ်ယှက်ကာ လင်းရှန်ဆီသို့ ပျံသန်းလာပြီး ဗူးအတွင်းသို့ ရောက်ရှိသွားသည်၊၊ အနီးကပ်ကြည့်လိုက်သောအခါ နွယ်ပင်၏ မျက်နှာပြင်မှာ အစောပိုင်းက အနီရောင်အမျှင်များ၏ ချောမွတ်သော အရေပြားနှင့် တူနေသည်၊၊ အရွက်များသာ မပါပါက အပင်ဟုပင် ထင်စရာမရှိပေ၊၊
မြေအောက်ခန်းတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်၊၊ သူတို့၏ စွမ်းအားဝတ်စုံများက ညစ်ညမ်းနေသော လေထုကို ခံနိုင်ရည်ရှိစေသည်၊၊ သူတို့သည် သန့်ရှင်းသောထောင့်တစ်ခုသို့ ဆုတ်ခွာကာ ဒီရေကျချိန်ကို တိတ်ဆိတ်စွာ စောင့်နေကြသည်၊၊ လင်းရှန်က ပတ်ဝန်းကျင်တွင် လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ဂရေ့စ်အား ကင်းလှည့်ခိုင်းထားသည်၊၊ တိုက်ခိုက်မှုများမရှိတော့သဖြင့် အားလုံး အနည်းငယ် စိတ်အေးသွားကြသည်၊၊
“မင်းတို့ တကယ်ကံကောင်းတာပဲ”
ရှင်းဂျီ၏ အသံက ထွက်ပေါ်လာသည်၊၊ ထိန်းချုပ်ခန်းမှနေ၍ နွယ်ပင်၏ ဗီဒီယိုမှတ်တမ်းကို ကြည့်ရင်း သူက ပြောလိုက်သည်၊၊
“ကပ်ဘေးအပင်၊ တားမြစ်ပစ္စည်းတွေနဲ့ လူသားစွမ်းအားရှင်တွေ အားလုံးမှာ တူညီတဲ့ ပုံစံရှိကြတယ်… အားလုံးက ကမ္ဘာမှာ အမှောင်စွမ်းအားကြောင့် ဖြစ်လာတဲ့ သန္ဓေပြောင်းမှုတွေပဲ… ဒါပေမဲ့ သန္ဓေပြောင်းအပင်တွေက ရှားတယ်… လူသားမဟုတ်တဲ့ သတ္တဝါအများစုကတော့ မျိုးသုဉ်းသွားပြီ… ငါ့အမြင်မှာတော့ လူသားတွေက အမှောင်ထဲမှာ ဘာတွေရှိနေလဲဆိုတာကို တကယ်မမြင်ဖူးကြသေးဘူး”
လင်းရှန်က ပြန်မေးလိုက်သည်၊၊
“ခဗျား ဆိုလိုတာက အဲဒီ S-အဆင့် ထူးဆန်းတဲ့ သတ္တဝါတွေကိုလား”
ရှင်းဂျီက အနည်းငယ် ပြုံးကာ စဉ်းစားစရာတစ်ခုကို ပြောလိုက်သည်၊၊
“ဉာဏ်ရည်ရှိတဲ့ သတ္တဝါတွေအနေနဲ့ လုံးဝ တည်ရှိခြင်းမရှိတဲ့ အရာတစ်ခုကို ငါတို့ ဖော်ပြလို့ မရဘူး… ငါတို့ ဖော်ပြနိုင်သမျှ အရာတိုင်းဟာ လူသားတွေရဲ့ သိမြင်နားလည်မှုထဲက အခြေခံပုံစံတစ်ခုခုနဲ့ ရှိနေလို့ပဲ မဟုတ်လား”
Chapter 673
ကောင်းကင်မှ ကြားဖြတ်ဟန့်တားခြင်း ၂
လင်းရှန် စဉ်းစားရင်း ငြိမ်ကျသွားသည်၊၊ ထိုစကားက သူ့စိတ်ထဲမှာ အချိန်ကြာမြင့်စွာ ရှိနေခဲ့သော သံသယတစ်ခုကို ထိမှန်သွားသည်၊၊
အဖြူရောင်သတ္တဝါကြီးများ၊ အနီရောင်ကင်းခြေများ၊ ခေါင်းသုံးလုံးပါ ပင့်ကူများ၊ လေထုထဲမှ မိုးပျံဂျယ်လီဖစ်ငါးများ၊ ပင်လယ်ဖြူကောင်... အားလုံးက သဘာဝသတ္တဝါများကို ကြောက်မက်ဖွယ်ပုံစံများအဖြစ် ပြောင်းလဲထားခြင်းနှင့် တူသည်၊၊ မိခင်အသိုက်နှင့် တွေ့လိုက်ရပြီးနောက် လင်းရှန်သည် ထူးဆန်းသည့် သတ္တဝါများအပေါ် နားလည်မှုအသစ်တစ်ခု ရရှိလာခဲ့သည်၊၊ ရှင်းဂျီ၏ စကားမှာ အမှန်ပင်ဖြစ်နိုင်သည်၊၊
ဗူးထဲမှ သွေးနွယ်ပင်ကို ကြည့်ရင်း ဒါရိုက်တာတင်းက ခွဲခြားနိုင်လိမ့်မည်ဟု လင်းရှန် တွေးလိုက်သည်၊၊ ဤအချက်က လူသားတို့၏ အမှောင်သတ္တဝါများအပေါ် နားလည်မှုမှာ အစကတည်းက မှားယွင်းနေခြင်း သို့မဟုတ် လုံးဝ နားမလည်ခြင်းပင်ဖြစ်နိုင်ကြောင်း သံသယဝင်စေသည်၊၊
“အိုး…အမှန်ပဲ”
ရှင်းဂျီက လင်းရှန်ဘက်သို့ အေးဆေးစွာ လှည့်ကြည့်ရင်း ထပ်ပြောလိုက်သည်၊၊
“ငါ့အမြင်မှာတော့ စွမ်းအားတွေ၊ တားမြစ်ပစ္စည်းတွေနဲ့ ကပ်ဘေးအပင်တွေအပါအဝင် အမှောင်စွမ်းအားတွေက ငါတို့ ကမ္ဘာကြီးကို ဖျက်ဆီးနေတာပဲ… အဲဒီ ဖျက်ဆီးခြင်းစွမ်းအားက ငါတို့ကို ဖျက်ဆီးသလို တစ်ဖက်မှာလည်း ကောင်းချီးပေးသလိုဖြစ်နေတယ်…ဒါပေမဲ့ တကယ်တော့ ငါတို့က အဲဒီကောင်းချီးတွေ မလိုအပ်ပါဘူး… ကမ္ဘာသစ်တည်ဆောက်ချင်နေတဲ့ အရူးတစ်စုကလွဲရင်ပေါ့”
“ဒါကြောင့် ဒီအရာတွေ စုစည်းမိလေ အဖျက်စွမ်းအားက ပိုကြီးလေလေပဲ…. ငါ့အတွေးက ဒဿနဆန်နေတာလည်းဖြစ်နိုင်ပေမဲ့ ငါပြောချင်တာက အမှောင်စွမ်းအားက ငါတို့နဲ့ မသက်ဆိုင်ဘူး…. ဒါက နှစ်ဖက်သွားဓားလိုပဲ…. အမှောင်စွမ်းအားနဲ့ လူသားနည်းပညာနှစ်ခုလုံးကို သုံးပြီး ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့ ဖီးနစ်နဲ့ မတူတာက ငါက အမှောင်စွမ်းအားကို လေ့လာရုံပဲ… စွမ်းအားရှင်တွေ တိုးလာတာကို ငါမထောက်ခံဘူး… လူသားဆိုတာ လူသားပဲ ဖြစ်သင့်တယ်”
“ခဗျားရဲ့ အမြင်က အရမ်းလေးနက်တယ်”
လင်းရှန်က တိုက်ရိုက်သဘောထားကို ထုတ်မပြခဲ့ပေ၊၊
ထိုအချိန်တွင် အနန္တရထားဆီမှ နောက်ကျနေသော ဒါရိုက်တာတင်း၏ သတင်းစကားတစ်ခုရောက်လာသည်၊၊
“ဂျစ်...ဒါက... ဆူးနွယ်မျိုးစိတ်က... ဖြစ်ရမယ်... သူ ကြီးထွားလာရင်... သူ့ရဲ့ စွမ်းရည်တွေကို ကျွန်မ... သိနိုင်လိမ့်မယ်...”
“လင်းရှန်… ငွေနဂါးဆယ်ဆပန်းက... ဒုတိယအကြိမ် ပွင့်နေပြီ”
ထိုသတင်းသည် တင်းကျန်းရီဆီမှဖြစ်သည်၊၊ သူမသည် အနန္တရထား၏ တွဲအမှတ် ၃ တွင် ရှိနေရင်း သူမ၏ စွမ်းအားကို အသုံးပြုကာ ငွေနဂါးဆယ်ဆပန်းနှင့် ချိတ်ဆက်နေသည်၊၊ သူမ၏ စွမ်းအားအပေါ် ထိန်းချုပ်မှုမှာ သိသိသာသာတိုးတက်လာပြီး သွေးကပ်ဘေးပန်းအပေါ် သုတေသနများတွင်လည်း အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်၊၊
တွင်းနက်အတွင်း၌ ကပ်ဘေးပန်းများ၏ ကြီးထွားမှုမှာ ပို၍မြန်ဆန်ပုံရသည်၊၊ သို့သော် ၎င်းမှာ ပုံမှန် ကြီးထွားမှုမျိုးမဟုတ်ဘဲ...
သူမ ပြောစရာတွေ အများကြီး ရှိသော်လည်း အချက်ပြက အလွန်နောက်ကျနေသဖြင့် စကားလုံးများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်၊၊
“ဂျစ်...တွေ့မှပဲ ကျွန်မ အကုန်ရှင်းပြတော့မယ်”
မြေအောက်ခန်း၌ လင်းရှန်သည် သူမ၏ သတင်းစကားထဲမှ အဓိကအချက်တစ်ချက်ကိုသာ သိလိုက်ရသည်၊၊ ငွေနဂါးဆယ်ဆပန်း ဒုတိယအကြိမ် ပပွင့်လာခြင်းပင် ဖြစ်သည်၊၊ ၎င်းမှာ သတင်းကောင်းဖြစ်သည်၊၊
ငွေနဂါးဆယ်ဆပန်းသည် စွမ်းအားကြီးသော်လည်း လင်းရှန်ကတော့ ၎င်းကို အသုံးမပြုရရန်သာ မျှော်လင့်သည်၊၊ တွင်းနက်အပြင်ဘက်တွင် ၎င်း၏ ကြီးထွားမှုမှာ နှေးကွေးသွားပြီး သိမ်းဆည်းထားခြင်းဖြင့် အရေးပေါ်အချိန်တွင် အသက်ကယ်ကူညီနိုင်သော လက်နက်တစ်ခုဖြစ်လာနိုင်သည်၊၊
သူသည် သွေးနွယ်ပင်ဗူးကို ချန်ဆီရွှမ်အား ကမ်းပေးလိုက်သည်၊၊
“ဆရာမချန်… အရင်အတိုင်းပဲ… ဒီရေကျပြီး ၅ မိနစ်အကြာမှာ ငါတို့ ထွက်ကြမယ်…. မင်းက နာရီစင်အပေါ်ကနေ နေရာယူပါ”
“နားလည်ပြီ”
“ကီကီ၊ မီးတောက်... မင်းတို့က အရှေ့နဲ့ အနောက် ကာကွယ်ရေးကို တာဝန်ယူ… ငါက ဘူတာမှာ ချိတ်ဆက်မှုစနစ်တွေကို တည်ဆောက်မယ်…. နောက်တစ်ကြိမ် ဒီရေမတက်ခင် ၅ မိနစ်အလိုမှာ ငါတို့ ဒီနေရာကို ပြန်ဆုတ်ကြမယ်”
“ရှီဇီ ငါ့အနားမှာပဲ နေပါ”
ရှီဇီက ခေါင်းငြိမ့်ပြသည်၊၊
ကီကီက မေးလိုက်သည်၊၊
“ဒီအရာက ထူးဆန်းတဲ့ သတ္တဝါတွေကို ဆွဲဆောင်တယ် မဟုတ်လား…ဒါကို သယ်သွားတာ တကယ်ပဲ အဆင်ပြေပါ့မလား”
“ဘာလဲ… မင်းက ဒါကို လွှင့်ပစ်ချင်လို့လား”
လင်းရှန်က ရယ်ရင်း ပြောလိုက်သည်၊၊
“အခု အဆင်ပြေနေပြီ မဟုတ်လား… အဲဒါက ခူးယူလိုက်ပြီးရင် သူ့ရဲ့ လွှမ်းမိုးမှုက လျော့သွားတာကို ပြနေတာပဲ… မိုးရေမြို့ကို မှတ်မိလား…. အဲဒီက အယောင်ဆောင်တွေက သွေးကပ်ဘေးပန်းကို အနန္တရထားပေါ် ရောက်မှပဲ ခံစားမိတယ်လေ… ဒါကြောင့်ပဲ ငါက ဆရာမချန်ကို ပေးထားတာပေါ့”
ချန်ဆီရွှမ်သည် သူမ၏ စွမ်းအားဝတ်စုံနှင့် ကင်းထောက်နိုင်စွမ်းကြောင့် အသင့်တော်ဆုံး ဖြစ်သည်၊၊ တစ်ခုခုချဉ်းကပ်လာပါက သူမက အရင်ဆုံး သိနိုင်လိမ့်မည်၊၊
“စိတ်မပူပါနဲ့…. ကျွန်မတာဝန်ထား”
ချန်ဆီရွှမ်က ဗူးလေးကို စစ်ဆေးရင်း ပြောလိုက်သည်၊၊
“ဒါက အရင် တွေ့ခဲ့ဖူးတဲ့ ကပ်ဘေးပန်းနှစ်ခုထက်တောင် ပိုထူးဆန်းနေသလိုပဲ… ဒါက ဘာတွေလုပ်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပဲ”
“ဘေးထွက်ဆိုးကျိုးတွေသာ မရှိပါစေနဲ့”
လင်းရှန်က အေးဆေးစွာ ပြန်ပြောလိုက်သည်၊၊
သူသည် ရှင်းဂျီ၏ စကားများကို နှလုံးသွင်းထားသည်၊၊ လက်ရှိတွင် အနန္တရထားပေါ်၌ ကပ်ဘေးပန်း ၂ ခု၊ တားမြစ်ပစ္စည်း ၃ ခုနှင့် စွမ်းအားရှင် ၁၁ ယောက် ရှိနေသည်၊၊ ချန်ဆီရွှမ်၊ ရှုချင်း၊ လုချန်၊ မြောင်လုနှင့် ရှားရှားတို့ကဲ့သို့ ထိပ်တန်းအဆင့်မြင့်သူများလည်း ပါဝင်သည်၊၊ ထို့ပြင် လင်းရှန်၏ စွမ်းအားကြီးလက်နက်များနှင့် အကန့်အသတ်မရှိ ခဲယမ်းများလည်းရှိရာ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ကြီးမားသည်၊၊
သို့သော် ရှင်းဂျီဆိုလိုသကဲ့သို့ ထိုအမှောင်စွမ်းအင်များ အားလုံးစုစည်းနေခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်သည်၊၊ သို့သော် လင်းရှန်၏ ကပ်ဘေးပန်းများနှင့် တားမြစ်ပစ္စည်းများမှာ အကာအကွယ်ပစ္စည်းများကဲ့သို့ လုပ်ဆောင်နေပြီး အမှောင်ကျူးကျော်မှု၏ ဆိုးကျိုးများကို ချေဖျက်ပေးနေသည်ကို ရှင်းဂျီ မသိသေးပေ၊၊
ထိုအချိန်တွင် လင်းရှန်သည် ဘူတာရုံတွင် ထားခဲ့သော စောင့်ကြည့်ရေးကင်မရာများကို ကြည့်ရင်း ဒီရေကျချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်၊၊
ခရီးသည်ဘူတာမှ ဘူတာရုံအပြင်ဘက်နှင့် ရင်ပြင်အထိ ကင်မရာအားလုံးတွင် အမှောင်စွမ်းအင်ကြောင့် ပုံရိပ်များ ဝေဝါးနေသည်၊၊ ထိုဝေဝါးသော ပုံရိပ်များထဲတွင် ထူးဆန်းသော သတ္တဝါများ ပုန်းအောင်းနေသည်ကို တွေ့ရသည်၊၊ လမ်းမများပေါ်တွင်လည်း ထူးဆန်းသည့် သတ္တဝါအုပ်ကြီးသည် မြို့အပြင်ဘက်သို့ ဦးတည်သွားနေကြသည်၊၊ အဖြူရောင်မြို့တစ်ခုလုံး အမှောင်ထဲတွင် ဆူပွက်နေသည်၊၊
၁၃း၃၅၊၊
အမှောင်ဒီရေများ စတင်ကျဆင်းသွားပြီး ဆူပွက်နေသော ရှုပ်ထွေးမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားသည်၊၊ ရှင်းဂျီ ခန့်မှန်းထားသကဲ့သို့ မိခင်အသိုက်မှ ဖန်တီးထားသော ထူးဆန်းသည့် သတ္တဝါများသည် ဒီရေအတက်အကျနှင့်အတူ ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ တွင်းနက်၏ အစွန်အဖျားများသို့ ဆွဲခေါ်ခြင်းခံသွားရပုံပင်၊၊
၎င်းတို့မှာ တွင်းနက် အစွန်အဖျားများ သို့မဟုတ် အခြားသော အမှောင်ထောင့်များသို့ ရောက်သွားကြပြီး ထိုနေရာများတွင် ပုန်းအောင်းကာ ထွက်ပြေးနေသည့် လူသားများကို ချောင်းမြောင်းတိုက်ခိုက်နေကြပေလိမ့်မည်၊၊
လင်းရှန်နှင့် အခြားသူများသည် သူတို့ကို ဖိနှိမ်ထားသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လွတ်သွားသကဲ့သို့ ခံစားလိုက်ရသည်၊၊ အချိန်ကို စစ်ဆေးပြီးနောက် သူတို့သည် မြေအောက်ခန်း၏ တံခါးများကို ဖွင့်ကာ တိတ်ဆိတ်နေသော အဖြူရောင်မြို့ ရထားဘူတာရုံသို့ ပြန်လာခဲ့ကြသည်၊၊
“လူခွဲကြ”
လင်းရှန်က ချက်ချင်း အမိန့်ပေးလိုက်သည်၊၊
သူအရင်က မှတ်သားထားသောနေရာတစ်ခုသို့ အပြေးသွားလိုက်သည်၊၊ ၎င်းမှာ အဖြူရောင်မြို့ အရှေ့ဘက်ထွက်ပေါက်ရှိ ဝမ်ရှန်းတောင်ကြားအနီးက ရထားလမ်းအစိတ်အပိုင်းတစ်ခုဖြစ်သည်၊၊ ဤနေရာမှာ ကျယ်ဝန်းသဖြင့် အနန္တရထားသည် ဆင်းသက်ရန် အသင့်တော်ဆုံးဖြစ်သည်၊၊
သို့သော် ထိုရထားလမ်းများမှာ အတော်လေး ပျက်စီးနေသဖြင့် လင်းရှန်အနေဖြင့် ၎င်းတို့ကို ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်၊၊ မဟုတ်ပါက လျှပ်စစ်သံလိုက်ထိန်းညှိစနစ်ပါသော်လည်း တန်ချိန်ပေါင်းများစွာ လေးလံသောရထားသည် ထိခိုက်မှုကြောင့် ရထားလမ်းများကို ပျက်စီးစေလိမ့်မည်၊၊
ဒရုန်းများက လျှပ်စစ်သံလိုက်ထိန်းညှိစနစ်များပါသော ယန္တရားလက်တံများကို သယ်ဆောင်လာပြီး တပ်ဆင်ရန် ပြင်ဆင်ကြသည်၊၊ လင်းရှန်က သူ၏ ယန္တရားနှလုံးသားကို အသုံးပြု၍ ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို စတင်လိုက်သည်၊၊ ကုန်ကြမ်းများထွက်ပေါ်လာပြီး ယန္တရားလက်တံအသစ်နှစ်ခုက စတင်ပုံပေါ်လာသည်၊၊
တိကျစွာ တပ်ဆင်နိုင်ရန် ဂရေ့စ်ကို ကူညီခိုင်းထားသည်၊၊ တစ်ဖက်တွင်လည်း ကီကီ၊ မီးတောက်နှင့် ချန်ဆီရွှမ်တို့က ကင်းစောင့်ပေးနေကြသည်၊၊ ရှီဇီက ဘေးမှနေ၍ အမှောင်စွမ်းအင်များကို သန့်စင်ပေးပြီး လင်းရှန်၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနေသည်၊၊