အခန်း (၆၇၄-၆၇၅)
Vol. 40 Ch. 674-675
Chapter 674
ကောင်းကင်မှ ကြားဖြတ်ဟန့်တားခြင်း ၃
သူမက သူ၏ လှုပ်ရှားမှုများကို ရှင်းဂျီထံ ပေးပို့နေသည်ကို လင်းရှန် သိသော်လည်း ဂရုမစိုက်ပေ၊၊ သူမ၏ စွမ်းအားသည် တကယ်ပင် အထောက်အကူဖြစ်သည်၊၊ အနန္တရထားပေါ်တွင်မူ သူသည် ထူးဆန်းသောကုဗတုံးနှင့် သွေးကပ်ဘေးပန်း၏ အကာအကွယ်ကြောင့် တစ်ညလုံး အလုပ်လုပ်နိုင်ပေသည်၊၊ ယခု တွင်းနက်အတွင်း၌မူ ကီကီနှင့် မီးတောက်တို့သည့် အာရုံသိပ်မများသော်လည်း သူကတော့ အလုပ်များစွာကို တစ်ပြိုင်နက်လုပ်နေရသဖြင့် ရှီဇီ၏ အကူအညီသာမပါလျှင် ဖိအားမှာ အလွန်ကြီးမားပေလိမ့်မည်၊၊
ဝှမ်း
၅ မိနစ်ခြားတစ်ခါလောက် ရှီဇီက အစိမ်းရောင်အလင်းလွှာတစ်ခုဖြင့် သူ့ကို ဖုံးအုပ်ပေးရာ လင်းရှန်၏ စိတ်ကို ချက်ချင်း လန်းဆန်းသွားစေသည်၊၊ အဖွဲ့သားများ၏ ကျန်းမာရေးအခြေအနေကို ကြည့်လိုက်သောအခါ ရှီဇီသည် ထိုစွမ်းအားကို သုံးတိုင်း နှလုံးခုန်နှုန်းမြန်လာသည်ကို တွေ့ရသည်၊၊ သူမသည် ထိုစွမ်းအားကို သုံးပြီးတိုင်း ခဏနားရသည်၊၊ သိသာသည်မှာ ထိုစွမ်းအားသည် သူမအတွက်လည်း ဖိအားဖြစ်စေသည်၊၊
“ကျေးဇူးပဲ”
လင်းရှန်က သူမကို ပြောလိုက်သည်၊၊
“အမ်...”
ရှီဇီသည် ရုတ်တရက် ကျေးဇူးတင်ခံရသဖြင့် အံ့သြသွားသည်၊၊ သူမက ချက်ချင်း ပြန်တည်ငြိမ်အောင်လုပ်ရင်း ယဉ်ကျေးစွာပြန်ပြောသည်၊၊
“ရပါတယ်… ကျွန်မတို့က တစ်ဖွဲ့ထဲပဲလေ… ဒါက ကျွန်မလုပ်သင့်ပါတယ်”
မြေအောက်ဘန်ကာ၏ ထိန်းချုပ်ခန်းတွင် ရှင်းဂျီသည် လင်းရှန်၏ ယန္တရားတည်ဆောက်မှုများကို အာရုံစိုက်ကြည့်နေသည်၊၊ သူ၏ နာနို-ယန္တရား မျက်လုံးများသည် ကျဉ်းလိုက်၊ ကျယ်လိုက် ဖြစ်နေရင်း သူက ရေရွတ်လိုက်သည်၊၊
“ဒါဟာ ကမ္ဘာပျက်ကပ်နောက်ပိုင်း ငါ မြင်ဖူးသမျှ အထူးခြားဆုံးဖန်တီးမှုပဲ”
“ဟို စိတ်ရှုပ်စရာကောင်းတဲ့ ကုန်သည်ပြောတာ မှန်ပုံရတယ်... ဒီကမ္ဘာမှာ ငါ အာရုံစိုက်ဖို့ ထိုက်တန်တဲ့ အရာအသစ်တစ်ခု ရှိနေပြီပဲ...”
ရှင်းဂျီ၏ သတင်းအချက်အလက်နှင့် နည်းပညာအကူအညီကြောင့် လင်းရှန်၏ အလုပ်များသည် အစောပိုင်း ရထားဘူတာက အဖြစ်အပျက်မှလွဲ၍ အဆင်ပြေနေသည်၊၊ ရွှန်းနှင့် နန်ကျင်းတို့သည် ထူးဆန်းသည့် သတ္တဝါအချို့နှင့် တွေ့ခဲ့သော်လည်း ချက်ချင်း ဖြေရှင်းနိုင်ခဲ့သည်၊၊ ဤသို့ တိကျစွာလှုပ်ရှားနိုင်ခြင်းကြောင့်ပင် တိတ်ဆိတ်မြို့တော်၏ အဓိကအဖွဲ့ဝင်များမှာ ဤနေရာတွင် နှစ်လကြာအောင် ပုန်းအောင်းနေနိုင်ခြင်း ဖြစ်သည်၊၊
သို့သော် အဓိကပြဿနာမှာ အမှောင်ကျူးကျော်မှုပင် ဖြစ်သည်၊၊ ရှင်းဂျီကဲ့သို့ ဂျီးနီးယပ်စ်ပင် ဤအချိန်ထက် ပို၍ ရှင်သန်ရန်မဖြစ်နိုင်ပေ၊၊ ထို့ကြောင့် သူက နှစ်ပတ်အတွင်း ထွက်ခွာရန် စီစဉ်ထားခြင် ဖြစ်သည်၊၊ သို့သော် လင်းရှန် ရောက်လာခြင်းက ထိုအစီအစဉ်ကို ပြောင်းလဲစေရုံသာမက ရှင်းဂျီ၏ အကြီးမားဆုံးပြဿနာကိုပါ ဖြေရှင်းပေးနိုင်သည်၊၊ အနန္တရထားပေါ်မှ ထောင်နှင့်ချီသော လူများမှာ နှစ်ပတ်အထိ စောင့်ရန် မဖြစ်နိုင်ရာ ထွက်ခွာမည့် အစီအစဉ်ကို အရှိန်မြှင့်ရမည် ဖြစ်သည်၊၊
၁၉း၀၅၊၊
အတွင်းပိုင်းဒီရေများ ပြန်တက်လာသောအခါ လင်းရှန်နှင့် အဖွဲ့သားများသည် မြေအောက်ခန်းသို့ ပြန်ဆုတ်ခဲ့ကြသည်၊၊
“ချိတ်ဆက်မှုစနစ် ပြီးသွားပြီ… အခုကစပြီး အနီရောင်ကမ္ဘာရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောတွေ ပေါ်လာဖို့ပဲ စောင့်ရတော့မယ်”
အစိမ်းရောင် အလင်းတန်းတစ်ခု ကျရောက်လာပြီး အားလုံးသက်ပြင်းချလိုက်ကြသည်၊၊ ကီကီက အသက်ပြင်းပြင်းရှူရင်း ရှီဇီကို ပြောလိုက်သည်၊၊
“ဒီနေရာက တကယ်ကို ဖိအားများလွန်းတယ်… နင်တို့ ဒီမှာ ဘယ်လိုလုပ်အကြာကြီးနေနိုင်ခဲ့တာလဲ မသိဘူး”
မီးတောက်ကလည်း ထောက်ခံသည်၊၊
“ငါကတော့ နေရောင်မရတဲ့ နေ့ရက်တွေကို မခံစားနိုင်ဘူး”
ရှီဇီက ပြန်ဖြေသည်၊၊
“ကျွန်မတို့မှာ ရိက္ခာတွေ အများကြီး သိုလှောင်ထားတယ်… အချိန်အတော်များများကို မြေအောက်ဘန်ကာထဲမှာပဲ ကုန်ဆုံးတာပါ… အနက်ရောင်ခရစ္စတယ်ရဲ့ အကာအကွယ်အပြင် နေ့တိုင်း အသီးအနှံဖျော်ရည်တွေ သောက်ကြရတယ်...”
လင်းရှန်က သူမကို ကြည့်လိုက်သည်၊၊
“မြေအောက်ခန်းထဲက လူရာဂဏန်းလောက်က တိတ်ဆိတ်မြို့တော်ရဲ့ စစ်ဆင်ရေးနဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေ မဟုတ်လား”
“အဲဒါက အစိတ်အပိုင်းအနည်းငယ်လောက်ပါပဲ”
ရှီဇီက ဆက်ရှင်းပြသည်၊၊
“ကျွန်မတို့ရဲ့ အဓိကအင်အားစုတွေက မြို့တော်အမှတ် ၂ ကနေ ထွက်ခွာသွားပြီး အခု လုလင်တောအုပ်မှာ စခန်းချနေကြတယ်”
“အဲဒီမှာပဲ စောင့်နေကြတာလား”
ချန်ဆီရွှမ်က မေးလိုက်သည်၊၊
“လူတစ်သိန်းကျော်ကို ထောက်ပံ့ဖို့ဆိုတာ မလွယ်ဘူးနော်”
“ဒီလောက် လူအများကြီးကို ခေါင်းဆောင်တွေ မရှိဘဲနဲ့ သူတို့ ထိန်းထားနိုင်ပါ့မလား”
ကီကီကလည်း ဝင်မေးသည်၊၊
“အဲဒါကတော့...”
ဤမိန်းကလေးမှာ အဖြေမရှိပုံရလေသည်၊၊
လင်းရှန်က ထပ်မမေးတော့ပေ၊၊ စက်ပစ္စည်းများတပ်ဆင်ပြီးသွားသဖြင့် လင်းရှန်က လမ်းကြောင်းအချက်အလက်များကို အနန္တရထားဆီသို့ ပို့ခိုင်းလိုက်သည်၊၊ ရှင်းဂျီက လျှပ်စစ်သံလိုက်ထိန်းညှိစနစ်ကို အဝေးမှ ဖွင့်လိုက်သည်နှင့် ရထားယာဥ်တန်းတစ်ခုလုံးသည် သံလိုက်စက်ကွင်းအတွင်းသို့ အရှိန်ဖြင့် ဝင်ရောက်လာနိုင်လိမ့်မည်၊၊
ထိုသို့ လုပ်ဆောင်ရာတွင် ရထားတွဲများ ပျက်စီးခြင်း သို့မဟုတ် ယန္တရားအစိတ်အပိုင်း တပ်ဆင်ထားသူများသည် သံလိုက်စွမ်းအားကြောင့် ထိခိုက်ခြင်းစသည့် အန္တရာယ်များရှိနိုင်သည်၊၊ ဂရေ့စ်၏ တိကျသော တွက်ချက်မှုများရှိသော်လည်း ၁၅ ကီလိုမီတာရှည်သော ရထားကြီးအတွက် အန္တရာယ်မရှိဟု မပြောနိုင်ပေ၊၊ သို့သော် ရထားကို အမှောင်တောအုပ်ထဲမှ ထုတ်ယူပြီး အဖြူရောင်မြို့ရထားလမ်းပေါ်သို့ တင်ပေးနိုင်ပါက အစီအစဉ်၏ ၅၀%က အောင်မြင်ပြီဖြစ်သည်၊၊
၁၉း၂၀၊၊
ဘစ်ဇ်
ဒီရေတက်ချိန်တစ်ဝက်တွင် အားလုံး၏ ဆက်သွယ်ရေးစက်များမှာ ရုတ်တရက် အသံများ ထွက်ပေါ်လာသည်၊၊ ထိုသတင်းမှာ အဖြူရောင်မြို့ဆေးရုံရှိ နန်ကျင်း၏ အဖွဲ့ဆီမှ ဖြစ်သည်၊၊ ဟိုလိုဂရမ်မြင်ကွင်းတွင် ဒုတိယအဖွဲ့၏ အချက်ပြများ ချက်ချင်း ပျောက်ကွယ်သွားသည်၊၊
လင်းရှန်၏ မျက်နှာပျက်သွားသည်၊၊ သူ ချက်ချင်း ဆက်သွယ်ရန် ကြိုးစားလိုက်သည်၊၊
“အစ်မနန်၊ ချီလီ၊ မိုနီကာ”
ပြန်ထူးသံ မရှိပေ၊၊
ထိုအချိန်တွင် ရွှန်း၏အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်၊၊
“သူတို့ အနီရောင်ထိတ်လန့်ဖွယ်သတ္တဝါနဲ့ တွေ့သွားပုံရတယ်… ဒီရေကျတာနဲ့ ကျနော်တို့ အဲဒီကို သွားမယ်… လင်း... ခဗျားတို့ လက်ရှိနေရာမှာပဲ နေပါ… အနီရောင်ကမ္ဘာက လှုပ်ရှားလာပြီ”
အားလုံး တင်းမာသွားကြသည်၊၊
“၅ မိနစ်ပဲ ကျန်တော့တယ်”
လင်းရှန်က ပြောလိုက်သည်၊၊
ချန်ဆီရွှမ် မျက်မှောင်ကြုတ်လိုက်သည်၊၊
“အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါက တကယ်ပဲ အဲဒီလောက် သန်မာတာလား… နန်ကျင်းတို့က ပြန်တိုက်နိုင်သင့်တာပေါ့”
ကီကီက ခေါင်းခါပြသည်၊၊
“မဟုတ်ဘူး... အဲဒါက လျှပ်စစ်သံလိုက်အနှောင့်အယှက် တစ်ခုခုဖြစ်နိုင်တယ်”
ရွှန်းက ထပ်ပြောသည်၊၊
“အတိအကျပဲ… ကျနော်တို့ ဒါမျိုး အရင်က ကြုံဖူးတယ်… အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါပေါ်လာပြီဆိုရင် သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘော ထွက်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
တိတ်ဆိတ်မြို့တော်အဖွဲ့သားများအတွက် ထိုအရာက အသစ်အဆန်းမဟုတ်ပေ၊၊ ရွှန်းက အသင့်ပြင်ထားပြီးဖြစ်သည်၊၊ လင်းရှန်လည်း အတွေးများကို ရှင်းထုတ်ကာ ကီကီနှင့် မီးတောက်ကို အမိန့်ပေးလိုက်သည်၊၊
“သယ်ယူပို့ဆောင်ရေးသင်္ဘောရဲ့ အရှိန်က နှေးမှာမဟုတ်ဘူး… သူလမ်းကြောင်းပေါ် ရောက်တာနဲ့ ကောင်းကင်မှာပဲ ငါတို့ ကြားဖြတ်တိုက်ခိုက်ရမယ်… ကီကီ”
“နားလည်ပြီ”
ကီကီက ပြန်ဖြေသည်၊၊
ရှင်းဂျီ၏ အသံက ထပ်ထွက်လာသည်၊၊
“လင်း… သတိထား… အနီရောင်ကမ္ဘာက မြို့ထဲက သတင်းတွေရတာ ငါတို့ထက် ၁၂ ဆ ပိုမြန်တယ်၊၊ အရင်က ကြားဖြတ်တိုက်ခိုက်မှုတွေမှာ သူတို့က ငါတို့ကို လှည့်စားခဲ့ဖူးတယ်… အဲဒီကိုယ်ပွားကောင်တွေက အနားယူဖို့မလိုဘူး”
လင်းရှန်က နာရီကို ကြည့်လိုက်သည်၊၊
ဒီရေကျပြီးနောက် သူတို့သည် တစ်နာရီအချိန်ရမည်ဖြစ်ပြီး အနီရောင်ကမ္ဘာလည်း ထိုမျှသာ အချိန်ရမည် ဖြစ်သည်၊၊ ထိုအချိန်အတွင်း၌ အနီရောင်ကမ္ဘာသည် တွင်းနက်ထဲမှ ပျံသန်းရေးယာဥ်များဖြင့် ထွက်ပြေးနိုင်သည်၊၊
ထိုသူတို့အတွက်တော့ ဤအစီအစဉ်မှာ အကြိမ်ကြိမ်လေ့ကျင့်ထားပြီးသား ဖြစ်သည်၊၊ သူတို့၏ လုပ်ဆောင်နိုင်စွမ်းမှာ ကြောက်စရာကောင်းသည်၊၊ အချိန်ကွာခြားချက်အရ ဒီနေ့ မအောင်မြင်ပါက နောက်ထပ် ၆ ရက် သို့မဟုတ် ထိုထက်ပို၍ စောင့်ရပေလိမ့်မည်၊၊ ၎င်းမှာ ရှင်းဂျီအတွက် ပြဿနာ မဟုတ်သော်လည်း လင်းရှန်နှင့် အနန္တရထားပေါ်မှ လူများအတွက်မူ မဖြစ်နိုင်ပေ၊၊
၁၉း၃၀၊၊
ရင်ပြင်အောက်ရှိ မြေအောက်စခန်းတစ်ခုတွင် ရွှန်းနှင့် အခြားသူများသည် အချိန်ကို ကြည့်နေကြသည်၊၊ သူတို့အပေါ်မှ မိခင်အသိုက်သည် မြေပြင်တစ်ခုလုံးတုန်ခါကာ မြည်ဟည်းနေသည်၊၊ ရွှန်းက ကင်မရာများမှတစ်ဆင့် ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်၊၊
“အဖြူရောင်ဆေးရုံကနေ အလောင်းပုပ်နံ့တွေ ထွက်နေတယ်… အချက်ပြတွေလည်း ပိတ်ဆို့ခံထားရတယ်… အရင်က အနီရောင် ထိတ်လန့်ဖွယ်သတ္တဝါပဲဖြစ်ရမယ်”
“ဒီတစ်ခါတော့ အဲဒီကောင်ကို သတ်ပစ်ရမယ်”
ရူဂျိ၏အသံက ညာဘက်မှ ထွက်ပေါ်လာသည်၊၊
“အရင်ထက် ပိုဒုက္ခပေးနိုင်တယ်… အဲ့ဒါက ပိုဉာဏ်ကောင်းပြီး ပိုမြန်လာတယ်”
တိုင်ရီလန်က သူမ၏ စွမ်းအားဝတ်စုံထဲမှ စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်၊၊
သို့သော် ရွှန်းက ပြောလိုက်သည်၊၊
“မဟုတ်ဘူး… အဲဒီသတ္တဝါကို သတ်ဖို့က အဓိကမဟုတ်ဘူး”
မြေပြင်တွင် မိလ္လာသန့်စင်စက်ရုံမှ ရေများကွဲထွက်သွားပြီး မြေအောက်လွှတ်တင်ပလက်ဖောင်းတစ်ခု ပေါ်လာသည်၊၊ တောက်ပနေသော သယ်ယူပို့ဆောင်ရေးသင်္ဘောနှစ်စင်းက အောက်မှ တဖြည်းဖြည်း တက်လာသည်၊၊
Chapter 675
ကောင်းကင်မှ ကြားဖြတ်ဟန့်တားခြင်း ၄
“နှစ်စင်းတောင်လား... သူတို့ ခွဲထွက်သွားပြီ”
ရွှန်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်၊၊
“ဆိုလိုတာက မြို့ထဲမှာ အဲဒီထိတ်လန့်ဖွယ်သတ္တဝါက တစ်ကောင်ထက်မက ရှိနေတာပဲ”
အဖြူရောင်မြို့ ရထားဘူတာတွင် လင်းရှန်နှင့် အခြားသူများသည် လက်နက်အပြည့်အစုံဖြင့် ဒီရေကျသည်နှင့် တံခါးဖွင့်ရန် စောင့်နေကြသည်၊၊ ထိုအချိန်တွင် ရွှန်း၏ အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်၊၊
“လင်း... သတိထား”
ဝုန်းး
အပြင်ဘက်မှ ပြင်းထန်သော အသံကြီးထွက်ပေါ်လာပြီး ၂ မီတာထူသော သံမဏိတံခါးကြီးသည် အတွင်းသို့ ချိုင့်ဝင်သွားသည်၊၊ ကျိုးပဲ့သွားသော သံချောင်းတစ်ခုသည် လင်းရှန်ဆီသို့ တည့်တည့်လွင့်ထွက်လာသည်၊၊ သို့သော် သူမလှုပ်ရှားခဲ့ပေ၊၊ ထိုသံချောင်းသည် သူ၏ မျက်နှာရှေ့တွင် ရပ်တန့်သွားသည်၊၊
ကီကီ၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး ထိုသံချောင်းကို စိတ်စွမ်းအားဖြင့် ဘေးသို့ လွှင့်ပစ်လိုက်သည်၊၊
“အသင့်ပြင်ကြ”
ရွှန်း၏ သတိပေးချက်မရခင်ကတည်းက ချန်ဆီရွှမ်သည် တစ်ခုခုကို ခံစားနေရသည်၊၊ ထို့ကြောင့် အားလုံးက ကြိုတင်ပြင်ဆင်ထားကြသည်၊၊ လင်းရှန်သည် နောက်ထပ်တစ်ချက် တိုက်ခိုက်ခံရပါက တံခါးက ခံနိုင်မည်မဟုတ်သည်ကို သိသဖြင့် ယန္တရားနှလုံးသားကို သုံးကာ တံခါးကို အားသုံးဖွင့်လိုက်သည်၊၊
ဘုန်း
တံခါးပွင့်သွားသည်နှင့် ဟသွားသော တံခါးကြားမှ ကြီးမားသော ပုဆိန်ကြီးတစ်လက် ပြင်းထန်စွာ ခုတ်ပိုင်းလာသည်၊၊ ကီကီက ထိုပုဆိန်ကို လေထဲတွင် ဖမ်းဆီးလိုက်သည်၊၊ တစ်ချိန်တည်းမှာပင် အနက်ရောင်အရိပ်တစ်ခုက အထဲသို့ ဝင်လာသည်၊၊ ၎င်းသည် ထူးဆန်းသော အနက်ရောင်သားရေဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးထုပ်အဝိုင်းကြီး ဆောင်းထားသည်၊၊ တောက်ပနေသော အနီရောင်မျက်လုံးများမှာ ဝင်းလက်နေပြီး ခန္ဓာကိုယ်မှ အလောင်းပုပ်နံ့များ ထွက်နေသည်၊၊ ဝိညာဉ်လှိုင်းရှာဖွေစက်များသည် ပြင်းထန်သော လှိုင်းအတတ်အကျများကြောင့် အဆက်မပြတ်မြည်နေသည်၊၊
“လင်း... သယ်ယူပို့ဆောင်ရေး သင်္ဘောတစ်စင်းက မင်းတို့ လမ်းကြောင်းပေါ်မှာ…”
“ကောင်းပြီလေ”
လင်းရှန်က အေးစက်စွာ ပြန်ဖြေရင်း ဒရုန်းများကို လွှတ်တင်လိုက်သည်၊၊ ဒရုန်းများမှ ပလာစမာလျှပ်စစ်အမြောက်များက ချက်ချင်း ပစ်ခတ်လိုက်သည်၊၊
ဘစ်ဇ် ဘစ်ဇ်
ထိုထိတ်လန့်ဖွယ် သတ္တဝါကြီးက သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ငွေရောင်လှိုင်းများဖြစ်ပေါ်လာပြီး လေထုတစ်ခုလုံး ပုံပျက်သွားသည်၊၊ လျှပ်စစ်တန်းများက ပြင်းထန်စွာ ပေါက်ကွဲသွားသော်လည်း ထိုသတ္တဝါက ဘာမှမဖြစ်ဘဲ ရှေ့သို့ ဆက်တိုးလာသည်၊၊
ဦးထုပ်အောက်မှ သူ၏ မျက်နှာမှာ မီးကျွမ်းနေသော အလောင်းကဲ့သို့ ဖြစ်နေပြီး အနီရောင်မျက်လုံးများသည် ယန္တရားများဖြင့် ပေါင်းစပ်ထားပုံရသည်၊၊ သူ၏ လက်များမှ မီးခိုးရောင်အလင်းများ ထွက်ပေါ်လာပြီး လင်းရှန်တို့အဖွဲ့ထံ လက်သီးနှစ်ချက်ပစ်သွင်းလိုက်သည်၊၊
ဘုန်း ဘုန်း
ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာသော်လည်း လင်းရှန်တို့၏ ရှေ့တွင် ပေါ်လာသော ခြောက်ထောင့်ပုံစံ အကာအကွယ်ဒိုင်းကို ထိမှန်ပြီး ဘေးသို့ စီးဆင်းသွားသည်၊၊ ထိုသတ္တဝါ ခဏရပ်သွားပြီး သူတို့ကို စကင်ဖတ်လိုက်သည်၊၊
“မင်းမှာ ဒိုင်းရှိရင် ငါ့မှာလည်း ရှိတယ်”
လင်းရှန်၏ စွမ်းအားဝတ်စုံမှ လျှပ်စစ်များ ထွက်ပေါ်လာသည်၊၊ AT Field အကာကွယ်သည် အဖွဲ့တစ်ခုလုံးကို ဖုံးအုပ်သွားသည်၊၊ ထိုအချိန်တွင် ပြင်းထန်သော စွမ်းအားတစ်ခုက ထိုသတ္တဝါကို ဖမ်းဆုပ်ကာ အမြောက်ဆံကဲ့သို့ နံရံဆီသို့ လွှင့်ပစ်လိုက်ရာ နံရံတွင် အပေါက်ကြီးဖြစ်သွားပြီး ဖုန်မှုန့်များ ထောင်းခနဲ ထွက်လာသည်၊၊
ကီကီ လှုပ်ရှားလာသည်၊၊
လုရှင်းချန်လည်း ခုန်ဝင်သွားသည်၊၊
“ယုတ်ညံ့တဲ့ မိစ္ဆာကောင်… ကောင်းကင်ဘုံရဲ့ မီးတောက်ကို မြည်းကြည့်လိုက်စမ်း”
လုရှင်းချန် အပေါ်သို့ ပျံတက်သွားပြီး လက်များမှ မီးတောက်များကို ထုတ်လွှတ်ကာ ရှေ့သို့ ပစ်လွှတ်လိုက်သည်၊၊
“မဟာမီးတောက်ကွ”
ဝုန်း
ခန်းမတစ်ခုလုံး လင်းထိန်သွားပြီး မီးတောက်များသည် ထိုသတ္တဝါ၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားသည်၊၊ အားလုံးက ထိုသတ္တဝါပြာကျသွားပြီဟု ထင်လိုက်သော်လည်း ချန်ဆီရွှမ်က ထိုမီးလောင်သွားသော နေရာမှ အလောင်းပုပ်နံ့များနှင့် ငွေရောင်လှိုင်းများကို သတိထားမိလိုက်သည်၊၊
“သူ အသက်ရှင်နေတုန်းပဲ”
လင်းရှန်လည်း မြင်လိုက်သည်၊၊ ဒီရေတက်နေဆဲ ဖြစ်သဖြင့် အပေါ်မှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်၊၊
“ဂရေ့စ်... လှေကားမှာ ခံစစ်ပြင်ထား”
[နားလည်ပါပြီ]
နောက်တစ်ကြိမ် ဒီရေမတက်ခင် သူတို့ အမှတ်အသားမခံရစေရန် သတိထားရပေမည်၊၊ ရှီဇီ၏ အမှောင်သန့်စင်ခြင်းအလင်းရောင်က သူတို့ကို ဖုံးအုပ်သွားသည်၊၊ ကီကီက သူမ၏ စိတ်စွမ်းအားကို စုစည်းရင်း လုရှင်းချန်ကို သတိပေးလိုက်သည်၊၊
“သတိထား… သူက နင့်ရဲ့ မီးတောက်ကို ခံနိုင်ရည်ရှိတယ်”
“ဒါဆို ငါက ပိုပြီး အားထုတ်ပေးရမှာပေါ့”
လုရှင်းချန်က ကြိမ်းဝါးလိုက်သည်၊၊
သူ တစ်ညလုံး အမှောင်ထဲမှာ ပိတ်မိနေသဖြင့် စိတ်တိုနေခဲ့သည်၊၊ ယခု သန္ဓေပြောင်းသတ္တဝါတစ်ကောင်က သူ၏ မီးတောက်ကို ခံနိုင်ရည်ရှိနေပါက သူ့ကို မီးနတ်ဘုရားဟုခေါ်ရန် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း၊၊
ဝှစ်
သူ့စကားဆုံးသည်နှင့် ကွန်ကရစ်တုံးကြီးတစ်ခု ရုတ်တရက် ပစ်လွင့်လာပြီး လုရှင်းချန်၏ စွမ်းအားဝတ်စုံခေါင်းပိုင်းကို တိုက်ရိုက်ထိမှန်သွားသည်၊၊ သူ၏ အမြင်အာရုံမှောင်ကျသွားပြီး နောက်သို့ လွင့်စင်သွားကာ လက်မှ မီးတောက်များလည်း ချက်ချင်း ပျောက်ကွယ်သွားသည်၊၊
“မင်းလို...”
လုရှင်းချန်၏ ဆဲ၍မဆုံးခင်မှာပင် သူသည် နံရံနှင့် ဆောင့်မိသွားသည်၊၊ ကံကောင်းသည်မှာ စွမ်းအားဝတ်စုံက ထိခိုက်မှုအများစုကို ခံယူပေးလိုက်ခြင်း ဖြစ်သည်၊၊ မဟုတ်ပါက ထိုဒဏ်ရာက အလွန်ပြင်းထန်ပေလိမ့်မည်၊၊
ကီကီပင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ၊၊ ထိုသတ္တဝါက ကျောက်ခဲတွေ ပစ်နိုင်တာလား၊၊ သူမ ကြည့်လိုက်သောအခါ နံရံတစ်ခုလုံး မီးလောင်ထားပြီး အရည်ပျော်နေသော်လည်း ထိုသတ္တဝါက ပျောက်ကွယ်သွားပြီ ဖြစ်သည်၊၊
စက္ကန့်ပိုင်းအကြာတွင် ဘေးဘက်မှ လေထုလှုပ်ရှားမှုကို ခံစားလိုက်ရသဖြင့် ချန်ဆီရွှမ်က ချက်ချင်း လှည့်ကာ ကျည်ဆံတစ်တောင့် ပစ်သွင်းလိုက်သည်၊၊
ဘန်းး ဂယား
ထိမှန်သွားသည့် အသံနှင့်အတူ အော်သံတစ်ခုထွက်ပေါ်လာသည်၊၊ ကီကီက ထိုအခွင့်အရေးကိုယူကာ သူမ၏ လက်ကို မြှောက်လိုက်ရာ စိတ်စွမ်းအားများက အမှောင်ထဲသို့ ပျံ့နှံ့သွားပြီး အနီရောင်ထိတ်လန့်ဖွယ်သတ္တဝါကို လေထဲတွင် ဖမ်းဆွဲထုတ်လိုက်သည်၊၊
ခန်းမအတွင်းမှ မီးရောင်များအောက်တွင် ထိုသတ္တဝါကို သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်၊၊ သူ၏ သားရေဝတ်စုံမှာ လုရှင်းချန်၏ မီးတောက်ကြောင့် လောင်ကျွမ်းသွားပြီဖြစ်သည်၊၊ ၂.၅ မီတာခန့် မြင့်သော ထိုသတ္တဝါ၏ အရေပြားသည် မည်းနက်နေပြီး သံချေးတက်နေကဲ့သို့ဖြစ်နေသည်၊၊ သူ၏ ဝမ်းဗိုက်၊ ပခုံး၊ ကျောရိုးနှင့် ဦးခေါင်းနောက်ဘက်တို့တွင် ယန္တရားအစိတ်အပိုင်းများကို အရိုင်းဆန်စွာ တပ်ဆင်ထားသည်၊၊ အလောင်းပုပ်ငွေ့များက အဆက်မပြတ်ထွက်နေသဖြင့် လင်းရှန်၏ သတင်းအချက်အလက်စနစ်တွင် အချက်ပြများ ဆက်တိုက်ပေါ်နေသည်၊၊
“ဒီကောင်က တကယ်ကို သန်မာတာပဲ”
ကီကီက ထိုသတ္တဝါကို စိတ်စွမ်းအားဖြင့် ထိန်းထားသော်လည်း ပြင်းထန်သော ခုခံမှုကို ခံစားနေရသဖြင့် လက်နှစ်ဖက်လုံးကို သုံးနေရသည်၊၊
ထိုသတ္တဝါ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ငွေရောင်လှိုင်းများထွက်ပေါ်လာပြီး အသည်းအသန်ရုန်းကန်နေသည်၊၊ လင်းရှန်သည် သတ္တဝါ၏ အနီရောင်မျက်လုံးများကို စိုက်ကြည့်လိုက်သည်၊၊ ထိုသတ္တဝါကလည်း သူ့ကို စိုက်ကြည့်နေသည်၊၊ သူတို့အားလုံး စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားသော်လည်း ထိုသတ္တဝါက သူတို့၏ အချက်အလက်များကို စကင်ဖတ်ရန် ကြိုးစားနေပုံရသည်၊၊
“စကင်ဖတ်နေတာလား… စိတ်မကောင်းပါဘူး”
လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ ထိုသတ္တဝါ၏ ကျောရိုးတွင် တပ်ဆင်ထားသော စွမ်းအင်အရင်းမြစ်ကို ချက်ချင်း ဝါးမျိုလိုက်သည်၊၊ ထိုသတ္တဝါ၏ မျက်လုံးမှ အနီရောင်အလင်းများ ချက်ချင်း မှိန်ကျသွားပြီး ရုန်းကန်မှုများလည်း ရပ်တန့်သွားသည်၊၊
“သူ သေသွားပြီလား”
“မရသေးဘူး”
လင်းရှန်က ပြောရင်း လျှပ်စီးသိန်းငှက် ဒရုန်း ၂၅ စင်းကို လွှတ်တင်လိုက်ပြီး ထိုသတ္တဝါ၏ ဦးခေါင်းပတ်ပတ်လည်၌ ဝန်းရံစေလိုက်သည်၊၊
ထိုအချိန်တွင် ထိုသတ္တဝါ၏ မျက်လုံးများ ပြန်ပွင့်လာပြီး ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာသည်၊၊ သို့သော် သူမတုံ့ပြန်နိုင်ခင်မှာပင် ပလာစမာအမြောက်များက သူ၏ ဦးခေါင်းကို တိကျစွာ ပစ်ခတ်ဖျက်ဆီးလိုက်သည်၊၊
အမည်းရောင်မြူခိုးများ ထွက်ပေါ်လာပြီး ထိုသတ္တဝါသည် နောက်ဆုံးတွင် ငြိမ်ကျသွားသည်၊၊
“ဖာ့ခ်...”
လုရှင်းချန် ကြမ်းပြင်ပေါ်မှ ဒေါသတကြီး ပြန်ထလာသည်၊၊
“သောက်ကျိုးနည်း… အဲဒါက ဘယ်လိုစွမ်းအားလဲ…ငါ့ရဲ့ နတ်ဘုရားမီးတောက်ကိုတောင် တားနိုင်တာလား”
“ထူးဆန်းတဲ့ စွမ်းအင်အမျိုးအစားဖြစ်ရမယ်… ဒါပေမဲ့ အကြာကြီးတော့ မသုံးနိုင်လောက်ဘူး”
လင်းရှန်က ထိုသတ္တဝါ၏ ရင်ဘတ်မှ ချန်ဆီရွှမ် ပစ်ထားသော သေနတ်ဒဏ်ရာကို ကြည့်ရင်း ပြောလိုက်သည်၊၊
“အချိန်ကိုက်လှုပ်ရှားနိုင်ရင် သူ့ကို သတ်ရတာ လွယ်ပါတယ်”
ကီကီက သက်ပြင်းချရင်း ထိုအလောင်းကို လွှတ်ချလိုက်သည်၊၊
“သူတို့ပြောသလောက်တော့ မခက်ပါဘူး”
လုရှင်းချန် အနည်းငယ် အနေရခက်သွားသည်၊၊
ရှီဇီက ဝင်ပြောသည်၊၊
“ခုနက လုရှင်းချန်ကို တားဖို့ သူ့စွမ်းအင်တွေ အများကြီးသုံးလိုက်ရတာကြောင့် ဖြစ်မှာပါ”
လင်းရှန်က ခေါင်းငြိမ့်ပြသည်၊၊
“သူက ယန္တရားတစ်ပိုင်းမဟုတ်ရင် ဒီ့ထက်ပိုဒုက္ခရောက်နိုင်တယ်”
လင်းရှန် စင်္ကြံလမ်းဘက်ကို ကြည့်လိုက်သည်၊၊ တိုက်ခိုက်သံများနှင့် ဟိန်းဟောက်သံများ ထွက်ပေါ်နေသည်၊၊ ဂရေ့စ်က အခြားထူးဆန်းသည့် သတ္တဝါများနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်၊၊ ယခုပြဿနာသည် အနီရောင်ထိတ်လန့်ဖွယ်သတ္တဝါကြောင့်ဖြစ်သည်၊၊ အမှောင်ထဲမှာ လှုပ်ရှားရခြင်းက ထိုသတ္တဝါအတွက် အခွင့်သာစေခဲ့သည်၊၊
လင်းရှန်နှင့် ရှီဇီ၏ စကားကိုကြားရသဖြင့် မီးတောက် စိတ်သက်သာရာရသွားသည်၊၊
“ငါ ပေါ့ဆမိတာပါ... အစကတည်းက အားကုန်သုံးလိုက်သင့်တာ”
လုရှင်းချန်က သူ၏ စွမ်းအားအပြည့်အဝကို ချက်ချင်း ထုတ်မသုံးခဲ့ပေ၊၊ သူသည် အရင်စမ်းသပ်ကြည့်ချင်ခြင်းသာဖြစ်သည်၊၊ သို့သော် ကျောက်ခဲနဲ့ အထုခံရခြင်းကတော့ သူ့၏ မီးနတ်ဘုရားဂုဏ်ပုဒ်ကို ထိခိုက်စေလေသည်၊၊