ဒီမြေခွေးအိုကြီးကတော့လူလည်ကျလွန်းတယ်
Vol. 3 Ch. 22
ညကနက်လာသည်။
ညလေညင်းက မြေပြင်ထက်သို့ ညင်သာစွာ တိုက်ခတ်လာပြီး အေးစိမ့်စိမ့် အချမ်းဓာတ်ကို သယ်ဆောင်လာ၏။
သောင်းပြောင်းပညာရပ်ဌာနအတွင်း၌။
ချောင်ရို့ချန်သည် စိတ်မသက်မသာ ထိုင်နေပြီး သူ၏ဘေးမှ ဆေးဘုရင် ရွှမ်ဟော့ကို ခဏခဏ ခိုးကြည့်နေမိသည်။
“အဘိုး... ဒီည သောင်းပြောင်းပညာရပ်ဌာနကို လာတာ လောင်းကြေးကိစ္စကို ဖြေရှင်းဖို့ မလား။”
“ဘာလို့ ဒီမှာ ဘယ်သူမှ မရှိရတာလဲ။ သူတို့တွေ သတင်းကြိုရပြီး ထွက်ပြေးသွားတာများလား။”
ဆေးဘုရင် ရွှမ်ဟော့က ထိုအခါမှ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏မြေးကို မကျေနပ်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ။”
“ပိုက်ဆံပေးဖို့ ရှိတာက မင်းလေ။ ရှောင်ဖုန်းတို့က ဘာလို့ ထွက်ပြေးရမှာလဲ။”
ချောင်ရို့ချန် “...”
သောင်းပြောင်းပညာရပ်ဌာနအတွင်း၌ ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
အတန်ကြာသောအခါ အပြင်ဘက်ခြံဝင်းထဲမှ ခြေသံများကို ကြားလိုက်ရသည်။
ချူဖုန်းနှင့် ရှောင်ချန်းတို့သည် လရောင်အောက်တွင် လျှောက်လှမ်းရင်း ဝင်ရောက်လာကြသည်။
“စီနီယာရွှမ်ဟော့ပါလား။ ဘာကိစ္စများ ရှိလို့ပါလဲ။”
ချူဖုန်းသည် အောင်ပွဲအတွက် ဝမ်းသာအားရဖြစ်ပြီး သောက်ထားသဖြင့် အနည်းငယ် အရှိန်တက်နေသော်လည်း မူးနေခြင်းတော့ မဟုတ်ပေ။ ခြံဝင်းထဲတွင် စောင့်နေသူများမှာ ဆေးဘုရင် ရွှမ်ဟော့နှင့် ချောင်ရို့ချန်တို့ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
‘ဆေးဘုရင်က အကြွေး မပေးချင်လို့ ရောက်လာတာလား။’
ဆေးဘုရင် ရွှမ်ဟော့က သူတို့နှစ်ဦးကို ကြည့်ကာ ပြောလာ၏။ “အမှန်အတိုင်း ပြောရရင် ဒီလူအိုကြီး ဒီည လာတာက ကိစ္စနှစ်ခုအတွက်ပဲ။”
“ပြောပါ စီနီယာ။”
ချူဖုန်းက သူ၏ရှေ့တွင် ဝင်ထိုင်လိုက်သည်။
ရှောင်ချန်သည် ချူဖုန်း၏ နောက်ကွယ်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။
“ပထမကိစ္စက ရှောင်ချန်းနဲ့ ငါ့ရဲ့ အသုံးမကျတဲ့ မြေးအကြောင်းပါ။ ရှောင်ချန်းက ရို့ချန်ရဲ့ လောင်းကစားဝိုင်းမှာ ကြေးကြီးကြီး လောင်းထားတယ်လို့ ကြားထားတယ်။”
ဆေးဘုရင် ရွှမ်ဟော့က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
၎င်းကို ကြားလိုက်ရသည့်အခါ ချူဖုန်းက သူ၏ မေးစေ့ကို ပွတ်လိုက်ပြီး မျက်လုံးများကို အနည်းငယ် မှေးကျဉ်းကာ မေးလိုက်သည်။”စီနီယာ... ခင်ဗျားက လောင်းကြေးကို မပေးချင်လို့လား။”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ဆေးဘုရင် ရွှမ်ဟော့က ပြန်ဖြေသည်။ “ငါက အဲဒီလို လုပ်မဲ့ လူမျိုးနဲ့ တူနေလို့လား။”
သူ ထိုသို့ ပြောရင်း ချောင်ရို့ချန်ဘက်သို့ လှည့်လိုက်သည်။ “ရို့ချန် မင်းဆီမှာ ပါသမျှ စိတ်ဝိညာဉ်ကျောက်တုံးတွေ အကုန်ထုတ်ပေးလိုက်စမ်း။”
ချောင်ရို့ချန်သည် သူ၏ အဘိုးက ပိုင်ဆိုင်မှု အားလုံးကို ထုတ်ပေးခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အဘို... အဘိုး ဒီမြေးမှာ အဲဒီလောက် ပိုက်ဆံ မရှိဘူးလေ။”
“ဘယ်လောက် ရှိလဲ။”
ဆေးဘုရင် ရွှမ်ဟော့က မေးလိုက်သည်။
“ငါးသန်းပဲ ရှိတာပါ။ မြေးကို ရောင်းလိုက်ရင်တောင် ကျန်တဲ့ အကြွေးတွေက ကျေဦးမှာ မဟုတ်ဘူး။”
ချောင်ရို့ချန်က စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ဤနေရာသို့ မလာမီ သူ၏ ဘိုးဘေးက သူ့ကို ကူညီဖြေရှင်းပေးမည်ဟု ကြားထားသဖြင့် အလွန် ဝမ်းသာနေခဲ့သည်။ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်ကျောက်တုံးများကိုလည်း ဖုံးကွယ်မထားဘဲ သူ၏ သိုလှောင်လက်စွပ်များနှင့် အိတ်များထဲတွင် ထည့်ထားခဲ့သည်။
“အကုန် ထုတ်ပေးလိုက်စမ်း။”
ဆေးဘုရင် ရွှမ်ဟော့၏ လေသံမှာ ပြတ်သားလွန်းလှပြီး ငြင်းဆန်ရန် အခွင့်အရေး မပေးပေ။
“ဟုတ်ကဲ့ပါ...”
ချောင်ရို့ချန်သည် သူ၏ သိုလှောင်လက်စွပ်များနှင့် အိတ်များကို တစ်ခုပြီး တစ်ခု ဖယ်ကာ စားပွဲပေါ်သို့ တင်လိုက်ရတော့သည်။
ဆေးဘုရင် ရွှမ်ဟော့က ပြောလိုက်သည်။ “ဖုန်းလေး၊ပြည့်ရဲ့လားလို့ စစ်ကြည့်ဦး”
ချူဖုန်းက ခေါင်းအသာ ညိတ်လိုက်၏။ “တပည့် ဆရာ့ကို ကူပြီး စစ်ပေးပါဦး”
“ဟုတ်ကဲ့။”
ရှောင်ချန်းသည် စားပွဲပေါ်မှ သိုလှောင်အိတ်များနှင့် လက်စွပ်များကို စတင် စစ်ဆေးလေသည်။
ခဏအကြာတွင် သူက ပြောလိုက်သည်။”ဆရာသခင် ဒီထဲမှာ အခြေခံအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်း ပါပါတယ်။ ဒါ့အပြင် ဆေးလုံးတွေ၊ မှော်ကိရိယာတွေလည်း ပါသေးတယ်။ ဒါပေမဲ့ အားလုံး ပေါင်းလိုက်ရင်တော့ ဆယ်သန်း မပြည့်ပါဘူး။”
ချူဖုန်းက ထိုစကားကို ကြားသော် ဆေးဘုရင်ရွှမ်ဟော့ကို မေးလိုက်သည်။” စီနီယာ ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာ မေးလို့ရမလား”
ဆေးဘုရင် ရွှမ်ဟော့က ပြုံးလိုက်၏။ “အဲဒါက ငါ ဒီကို လာရတဲ့ ဒုတိယ အကြောင်းအရင်းပဲ။ ပြိုင်ပွဲ မစခင်က ငါတို့ လောင်းခဲ့ကြတဲ့ အလောင်းအစားကို မင်း မှတ်မိသေးတယ် မလား”
“မှတ်မိတာပေါ့။ ရှောင်ချန်းသာ အပြင်စည်းဂိုဏ်း ပြိုင်ပွဲမှာ ပထမ ရခဲ့ရင် စီနီယာရဲ့ ဆေးပညာဌာနက တပည့်တစ်ယောက်ကို ကျွန်တော်တို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနကို လေ့ကျင့်ဖို့ လွှတ်ပေးရမယ် ဆိုတာလေ။”
ချူဖုန်းက ရိုးရှင်းစွာ ပြန်ရွတ်ပြလိုက်သည်။
“မှန်တယ်။ ဒီနေ့ ငါ ဒီကို လာတာက စိတ်ဝိညာဉ်ကျောက်တုံးတွေ အတွက်တင် မဟုတ်ဘဲ လေ့ကျင့်ဖို့စေလွှတ်မဲ့ တပည့်ကိုပါ လာပို့တာပဲ”
ဆေးဘုရင် ရွှမ်ဟော့၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွား၏။ “ရို့ချန်၊ ဆရာ့ကို ဒူးထောက်ပြီးဂါရဝပြုလိုက်စမ်း”
သူ ထိုသို့ ပြောလိုက်သည့် အခိုက်တွင် ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ကူးပြောင်းလာသူဖြစ်သည့် ချူဖုန်းပင်လျှင် ကြောင်အသွားသည်။
ချောင်ရို့ချန်မှာမူ လုံးဝ ဆွံ့အသွားခဲ့သည်။
သူသည် သဘာဝတရားကြီး၏ ဖြစ်တည်မှုသဘောတရားကိုပင် မေးခွန်းထုတ်ချင်လာမိ၏။
‘ငါ ဘယ်သူလဲ’
‘ဘယ်ရောက်နေတာလဲ’
‘ဒါက ဘာတွေ ဖြစ်နေတာလဲ’
ရှောင်ချန်းသည်ပင် အံ့ဩသွား၏။ သူသည် တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာစကားမျှ ထွက်မလာခဲ့ပေ။
ဗုန်း။
ဆေးဘုရင် ရွှမ်ဟော့သည် သူ၏ မြေးမှာတောင့်တင်းစွာ ရပ်နေသည်ကို မြင်ရသည့်အခါ ထိုကောင်လေးကို ဒူးထောက်သွားအောင် တစ်ချက် ကန်လိုက်သည်။
“မင်း အဘိုး ပြောနေတာကို မကြားဘူးလား”
ထိုအခါမှသာ ချောင်ရို့ချန်က သတိပြန်ဝင်လာသည်။ သူသည် သူ၏ ချစ်လှစွာသော အဘိုးကို ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်မိ၏။
‘အဘိုးက ကျွန်တော့်ကို ကူညီပေးမလို့ မဟုတ်ဘူးလား’
‘ဘာလို့ ကျွန်တော့်ကို ရောင်းစားလိုက်သလိုမျိုးကြီး ဖြစ်နေရတာလဲ’
“ဟမ်”
ဆေးဘုရင် ရွှမ်ဟော့၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ လက်ခနဲ ပေါ်လာသဖြင့် ချောင်ရို့ချန်မှာ ထိပ်လန့်သွားတော့သည်။
သူသည် အဘိုးဘေးတွင် နေလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ရာ ယခုတစ်ကြိမ်တွင် ထိုလူအိုကြီး အမှန်တကယ် ဒေါသထွက်နေသည်ကို ရိပ်မိလိုက်သည်။
အကယ်၍ သူသာ အဘိုး၏ မျက်နှာသာပေးမှုကို ဆုံးရှုံးလိုက်ရလျှင် သူ၏ အနာဂတ်မှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
‘ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ တပည့်ဖြစ်သွားလည်း တပည့်ပေါ့’
“တပည့် ချောင်ရို့ချန်က ဆရာသခင်ကို အရိုအသေပြုပါတယ်”
သူ၏စကားအဆုံးတွင် ဆေးဘုရင် ရွှမ်ဟော့သည်သိုလှောင်လက်စွပ်ထဲမှ လက်ဖက်ရည်အခမ်းအနားပစ္စည်းအစုံလိုက်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်ပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။
ချူဖုန်းသည် နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ ဆေးဘုရင် ရွှမ်ဟော့၏ ကျွမ်းကျင်လှသော လှုပ်ရှားမှုများကို ကြည့်ရင်း သူ၏စိတ်ထဲတွင် ရေရွတ်မိသည်။
‘ဒီလူအိုကြီးက တကယ့်ကို လည်လွန်းတာပဲ’
သူသည် ရှေ့သို့ တိုးကာ ချောင်ရို့ချန်ကို ထူပေးလိုက်သည်။
“ထလိုက်ပါ”
“ချန်အာ၊ ဆရာ့ကို လက်ဖက်ရည် ဆက်လိုက်ဦး”
ဆေးဘုရင် ရွှမ်ဟော့က လက်ဖက်ရည်ခွက်ကို ချောင်ရို့ချန်ထံသို့ ကမ်းပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ချောင်ရို့ချန်မှာ အထွန့်မတက်ရဲတော့ပေ။ သူသည် လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ချူဖုန်းထံသို့ ဆက်သလိုက်သည်။
“ဆရာသခင်၊ ကျေးဇူးပြုပြီး လက်ဖက်ရည် သောက်ပါဦး”
ချူဖုန်းက ၎င်းကို လက်ခံကာ တစ်ငုံ သောက်လိုက်သည်။
“ဂါရဝပြုပွဲ ပြီးဆုံးပြီ” ဆေးဘုရင် ရွှမ်ဟော့က စပ်ဖြီးဖြီး ပြုံးပြီး ကြေညာလိုက်သည်။
‘တကယ်ကို ကောင်းမွန်တဲ့ လှုပ်ရှားမှုပဲ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ ဆေးပညာဌာနနဲ့ ပတ်သက်တဲ့ ကိစ္စရော၊ ပြဿနာကောင် ရို့ချန်ကိုရော ငါ ဖြေရှင်းနိုင်ခဲ့ပြီ’
‘ပြီးတော့ အခု ရို့ချန်က ဖုန်းလေးရဲ့ တပည့် ဖြစ်သွားပြီဆိုတော့ အကြွေးကိုတော့ သူတို့အချင်းချင်း ဖြေရှင်းကြပေါ့၊ ငါနဲ့ မဆိုင်တော့ဘူး’
ချူဖုန်းသည် တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားသော်လည်း သူ၏ စိတ်ထဲတွင် ရင်းနှီးနေသော စက်ရုပ်သံတစ်သံ ထွက်ပေါ်လာခဲ့၏။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် တပည့်တစ်ဦးကို အောင်မြင်စွာ လက်ခံနိုင်ခဲ့ပြီး ဆယ်နှစ်စာကျင့်ကြံခြင်း ကို ရရှိခဲ့ပါပြီ”
‘စုစုပေါင်း အနှစ်သုံးဆယ် ရှိသွားပြီ... ငါ အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး’
‘ဟီးဟီး... မြေခွေးအိုကြီး ရွှမ်ဟော့ရဲ့ အသုံးချတာ ခံလိုက်ရတယ် ဆိုရင်တောင် ငါကတော့ အမြတ်ထွက်နေတုန်းပဲကွ’
ချူဖုန်း ငေးငိုင်နေသည်ကို မြင်ရသည့်အခါ ဆေးဘုရင် ရွှမ်ဟော့က ရယ်မောလိုက်၏။ “ဖုန်းလေး၊ ငါ မနက်ဖြန် မနက်ကျရင် လုပ်စရာ ကိစ္စတွေ ရှိသေးတယ်ကွ၊ ဒါကြောင့် မင်းကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ဘူးနော်။”
ချူဖုန်း မတ်တပ်ရပ်လိုက်သည်။ “စီနီယာ၊ ကျွန်တော် လိုက်ပို့ပေးပါရစေ”
“ကောင်းပါပြီ။”
ဆေးဘုရင် ရွှမ်ဟော့သည် တံခါးဝဆီသို့ လျှောက်သွားခဲ့သည်။ တံခါးဝသို့ ရောက်သည့်အခါ သူက တစ်ခုခုကို သတိရသွားပုံရပြီး ခြေလှမ်းများကို ရပ်လိုက်သည်။
“ဖုန်းလေး၊ ဒီနေ့ကစပြီး ရို့ချန်က မင်းရဲ့ တပည့် ဖြစ်သွားပြီ။ မင်း သင့်တော်သလိုပဲ သင်ကြားပေးပါ။ ဒီကလေး သေမသွားသရွေ့ ဒါမှမဟုတ် မသန်မစွမ်း မဖြစ်သွားသရွေ့ ငါကတော့ ဘာမှ ကြားဝင်ကန့်ကွက်စရာ မရှိဘူး”
ချူဖုန်းက ပြန်ဖြေလိုက်၏။ “စီနီယာက ဒီလို အာမခံချက် ပေးတယ်ဆိုတော့ ကျွန်တော် တော်တော်လေး စိတ်အေးသွားပါပြီ။ စိတ်မပူပါနဲ့၊ ကျွန်တော် ရို့ချန်လေးကို သေသေချာချာ သင်ကြားပေးပါ့မယ်”
ချောင်ရို့ချန်သည် ၎င်းကို ကြားလိုက်ရသည့်အခါ မသိစိတ်က တုန်ယင်သွားခဲ့သည်။
သူသည် ငတုံး မဟုတ်ပေ။ သူ၏ အဘိုးက ယခုလေးတင် လုပ်သွားသည့် ကိစ္စကို ကြည့်ပြီးနောက် သောင်းပြောင်းပညာရပ်ဌာနမှ သူ၏ ဘဝမှာ ခက်ခဲတော့မည်ကို သိလိုက်ပါ၏။
“နှုတ်ဆက်ပါတယ်”
“ဂရုစိုက်ပါ စီနီယာ”
ချူဖုန်းသည် ဆေးဘုရင် ရွှမ်ဟော့ကို လိုက်ပို့ပြီးနောက် နောက်ပြန်လှည့်လာပြီး ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ထံသို့ လျှောက်လာခဲ့သည်။
ချူဖုန်းမှာ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်ရသည့်အခါ ချောင်ရို့ချန်မှာ မသိစိတ်ဖြင့် ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
ချူဖုန်းက ၎င်းကို သတိထားမိသွားပြီး ကြိမ်းမောင်းလိုက်၏။ “ရို့ချန်လေး မင်းက နောက်ဆုတ်ဖို့ ကြိုးစားနေတာလား”
ထိုအခိုက် ရှောင်ချန်းသည် ချောင်ရို့ချန်၏ လမ်းကို ပိတ်ဆို့လိုက်သည်။
‘ငါတော့ သွားပြီ’
ချောင်ရို့ချန်သည် သူ၏ စိတ်ထဲမှ အော်ဟစ်လိုက်မိပြီး ချက်ချင်းပင် ငိုယိုကာ ပြောလိုက်၏။ “ဆရာသခင် တပည့် မှားသွားပါပြီ... ကျေးဇူးပြုပြီး သက်ညှာပေးပါ”