လွီယွဲ့အာ၏ သံသယ
Vol. 3 Ch. 24
“မင်း ကြားပြီးပြီလား။ ရှောင်ချန်းက အတွင်းစည်းဌာနကို ဝင်ဖို့ ငြင်းလိုက်ပြီး သောင်းပြောင်းပညာရပ်ဌာနမှာပဲ ဆက်နေဖို့ ရွေးချယ်လိုက်တယ်တဲ့။”
“မင်း မျက်ခွက်ပြောင်နေတာလား။ သောင်းပြောင်းပညာရပ်ဌာနမှာ ဆက်နေရအောင် သူက ရူးနေလို့လား။”
“ငါ မျက်ခွက်ပြောင်နေတာ မဟုတ်ဘူး။ ဒီသတင်းက ကုသိုလ်ခန်းမကနေ တိုက်ရိုက် ထွက်လာတာ။ ရှောင်ချန်းက ဌာနမှူး ရှစ်ဦးကို ငြင်းလိုက်တော့ သူတို့အားလုံးရဲ့ မျက်နှာတွေ ပျက်သွားတယ်လို့ ပြောကြ သေးတယ်။”
ဟူးလားလား။
“ရှောင်ချန်းက တကယ့်ကို မာနကြီးလွန်းတာပဲ။”
“……”
ဝမ်တောက်ကျောင်းတော်၏ အတွင်းစည်းရော အပြင်စည်း၌ပါ ရှောင်ချန်း၏အတွင်းစည်းဌာနသို့ ဝင်ရန် ငြင်းပယ်လိုက်သည့် သတင်းသည် ပျံ့နှံ့သွားတော့သည်။
အထူးသဖြင့် ဓားပညာဌာနမှ တပည့်များပင်။ သူတို့သည် ၎င်းကို လုံးဝ မယုံကြည်နိုင်ကြပေ။
သို့သော် မကြာမီမှာပင် လူတိုင်းသည် ကြိတ်၍ ဝမ်းသာသွားကြသည်။ ရှောင်ချန်းကဲ့သို့ ပါရမီရှင်တစ်ဦးနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် ပြိုင်ဆိုင်ရန်မလိုတော့သည့်အတွက် ယင်းက သတင်းကောင်းတစ်ခုပါပေ။
လွီယွဲ့အာသည် ထိုသတင်းကို ကြားလိုက်ရသည့်အခါ လုံးဝ မှင်တက်သွား၏။
သူမသည် စီနီယာအစ်ကိုရှောင်က အဘယ်ကြောင့် ထိုဆုံးဖြတ်ချက်မျိုးကို ချရသည်အား နားမလည် ပေ။
‘သူက ဓားပညာဌာနမှူးကို မကျေမနပ်ဖြစ်နေသေးတာလား’
သို့သော် စီနီယာအစ်ကိုရှောင်သည် ထိုကဲ့သို့ စိတ်မျိုးမထားတက်ပေ။ သူသည် အငြိုးအတေး ထားမည့် လူမျိုးမဟုတ်ပေ။
သူမသည် အကြိမ်ကြိမ် စဉ်းစားပြီးနောက် နောက်ဆုံးတွင် စီနီယာအစ်ကိုရှောင်ထံ အဘယ်ကြောင့် ထိုသို့ ရွေးချယ်ခဲ့သည်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြစ်၍ သူမသည် သောင်းပြောင်းပညာရပ်ဌာနာသို့ ဦးတည်လိုက်၏။
ခဏအကြာတွင် လွီယွဲ့အာသည် ဓားပျံစီးနင်းလျက် သောင်းပြောင်းပညာရပ်ဌာန၏ အဝင်ဝသို့ ရောက်ရှိလာသည်။
ထိုအခိုက် သူမသည် စီနီယာအစ်ကိုရှောင်၏ အသံကို ကြားလိုက်ရသည်။
“တာ့ချန် အရေခွံကို အဲဒီလို မခွာရဘူးလေ။ မင်းက အသားအရည်သွေးကို ပျက်အောင်လုပ် နေတာပဲ။ အသားအရသာ ပျက်သွားရင် ပြီးပြည့်စုံတဲ့ ဟင်းပွဲတစ်ပွဲကို ဘယ်လိုလုပ် ဖန်တီးနိုင်တော့မှာလဲ”
“…”
လွီယွဲ့အာသည် အံ့ဩသွား၏။
‘စီနီယာအစ်ကိုက ဟင်းချက်နေတာလား။ အမျိုးကောင်းသားတစ်ဦးက စားဖိုဆောင်နဲ့ ဝေးဝေးနေရမှာ ကို မသိဘူးလား။’
သူမသည် ဌာနအတွင်းသို့ လျှောက်ဝင်သွားစဉ် စီနီယာအစ်ကိုရှောင်နှင့် ချောင်ရို့ချန်တို့ သမင်တစ်ကောင်ကို အရေခွံခွာနေသည်အား တွေ့လိုက်ရသည်။
“စီနီယာအစ်ကို။”
ရှောင်ချန်းသည် လွီယွဲ့အာ၏ အသံကို ကြားလိုက်ရသည့်အခါ မသိစိတ်ဖြင့် မော့ကြည့်ကာ ပြုံးပြလိုက်သည်။ “ဂျူနီယာညီမလေးလွီ၊ အချိန်ကိုက် ရောက်လာတာပဲ။ အစ်ကိုတို့ ဒီနေ့ လေဝိညာဉ်သမင်တစ်ကောင် ဝယ်ထားတယ်။ ဂျူနီယာညီမလေးတော့ ဟင်းကောင်း စားရတော့မှာပဲ။”
လေဝိညာဉ်သမင်မှာ အရသာရှိသောကြောင့် နာမည်ကြီးသည့် မိစ္ဆာသားရဲ ဖြစ်သည်။ ၎င်းသည် တာအိုတည်ဆောက်ခြင်းအဆင့်သာ ဖြစ်သော်လည်း အလွန်မြန်ဆန်ပြီး အန္တရာယ်ကို ခံစားနိုင်စွမ်းက အတော်လေးထက်ရှသည်။
လေဝိညာဉ်သမင်တစ်ကောင်ကို အရှင်ဖမ်းမိရန်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် ၎င်းတို့မှာ အခြားအဆင့်တူသားရဲများထက် အဆပေါင်းများစွာ ပို၍ ဈေးကြီးလှသည်။
“စီနီယာအစ်ကို... ခဏလောက် ရပ်ပေးလို့ ရမလား။ ကျွန်မ ပြောစရာ ကိစ္စလေး ရှိလို့ပါ” လွီယွဲ့အာက အသံကို နှိမ့်ကာ ပြောလိုက်သည်။
“ရတာပေါ့။”
ရှောင်ချန်းသည် လုပ်လက်စများကို ချလိုက်ပြီး ချောင်ရို့ချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။”ရို့ချန် ငါ အခုလေးတင် သင်ပေးလိုက်တာတွေကို မှတ်မိလား”
“နည်းနည်းပါ။”
ချောင်ရို့ချန်သည် သောင်းပြောင်းပညာရပ်ဌာနသို့ ရောက်ရှိနေသည်မှာ ငါးရက် ရှိပြီ ဖြစ်သည်။ အစပိုင်းတွင် သူသည် အလွန်အမင်း သတိထားနေခဲ့ရသည်။
သူသည် အစောပိုင်းငါးရက်အတွင်း ထွက်ပြေးရန် ကြံစည်နေတက်သည်။ ထိုသို့မကြံစည်လျှင်လည်း ဆရာနှင့် စီနီယာအစ်ကိုကို ရှောင်နေတက်၏။
သို့သော် သူတို့နှင့် အချိန်အတန်ကြာ နေထိုင်ပြီးနောက်တွင် ဆရာဖြစ်စေ၊ စီနီယာအစ်ကိုဖြစ်စေ စိတ်ဝိညာဉ်ကျောက်တုံး ကိစ္စကို တစ်ခါမျှ ထုတ်မပြောခဲ့ကြပေ။
ထမင်းစားချိန် ကူညီပေးရသည်မှလွဲ၍ သူ့ကို တခြား မည်သည့်အရာမှ ခိုင်းစေခြင်း မရှိပေ။
သူ့ကို ကျင့်ကြံရန်လည်း မည်သူမျှ အတင်းအကြပ် ဖိအားမပေးချေ။
ချောင်ရို့ချန်သည် မွေးရာပါ ပျင်းရိသူဖြစ်ရာ ကျင့်ကြံရမည်ကို အကြောက်ဆုံး ဖြစ်သည်။ သောင်းပြောင်းပညာရပ်ဌာနက သူ့ကို ကျင့်ကြံခိုင်းခြင်း မရှိသည်က သူနှင့်အံက်ိုက်ဖြစ်သွားသည်။ ထို့အပြင် အချိန်ဖြုန်းရန်အတွက် စိတ်ဝင်စားစရာကောင်းသော စာအုပ်များစွာလည်း ရှိနေသည်။
ဆရာနှင့် အဆင်ပြေသွားသည့်အခါကျမှ သူသည် ဌာနမှ ထွက်ခွာခွင့် တောင်းပြီး ယခင် အေးအေးလူလူ ဘဝသို့ ပြန်သွားပေမည်။
ဤသို့ တွေးကြည့်သည့်အခါ၊ သောင်းပြောင်းပညာရပ်ဌာနသို့ လာခဲ့ခြင်းမှာ ထင်ထားသလောက် ဆိုးရွားသော ရွေးချယ်မှု မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ်၊ ဆေးဘုရင်သည် သူ၏ အဘိုး ဖြစ်သလို၊ အပြင်စည်းဂိုဏ်း၏ နံပါတ်တစ် ပုဂ္ဂိုလ်မှာလည်း သူ၏ စီနီယာအစ်ကို ပေ။ သူ့ကို မည်သူက ပြဿနာရှာရဲမည်နည်း။
ရှောင်ချန်းသည် လွီယွဲ့အာကို ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားသည်။
“ဂျူနီယာညီမလေးလွီ... အစ်ကို့ဆီကို ဘာကိစ္စနဲ့ လာတာလဲ။”
“စီနီယာအစ်ကို... ကျွန်မ တစ်ခုလောက် မေးချင်လို့ပါ” လွီယွဲ့အာသည် စကားပြောနေစဉ် ရှောင်ချန်းကို ဂရုတစိုက် အကဲခတ်နေမိသည်။ သူ၏ တောက်ပပြီး တက်ကြွနေသော အမူအရာကို မြင်လိုက်ရသည့်အခါ သူမက ဆက်ပြော၏။
“ဘာလို့ အတွင်းစည်းဌာနကို မဝင်ခဲ့တာလဲ။”
ရှောင်ချန်းက ပြုံးလျက် ပြန်ဖြေသည်။ “ဪ... အဲဒါလား။ သောင်းပြောင်းပညာရပ်ဌာနမှာ ဆက်နေတာက အစ်ကို့ကို ပိုပြီး သန်မာလာစေမယ်လို့ ထင်လို့ပါ။ ဒါကြောင့် ဌာနမှူးတွေရဲ့ ဖိတ်ခေါ်မှုကို ငြင်းလိုက်တာ။”
“တကယ်ပဲလား။”
လွီယွဲ့အာက ၎င်းကို မယုံကြည်ပေ။ “ဒါပေမဲ့ အကြီးအကဲချူက မကျင့်ကြံနိုင်ဘူးလို့ ကျွန်မ ကြားထားတယ်။”
ရှောင်ချန်းသည် ထိုစကားကြောင့် မျက်မှောင် အသာ ကြုတ်သွားခဲ့သည်။ လူတွေက သူ၏ ဆရာအပေါ် အထင်မှားနေကြသည်ကို သူ သိပါ၏။
“ဂျူနီယာညီမလေးလွီ... အဲဒါကတော့ အပြင်လူတွေက ဆရာ ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ မမြင်ဖူးကြလို့ပါ။ မယုံရင် သောင်းပြောင်းပညာရပ်ဌာနကို ဂျူနီယာညီမလေးလည်း ဝင်လို့ရတာပဲ။ ဆရာ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင်၊ တစ်နှစ်အတွင်း စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်စေရမယ်လို့ ဒီက စီနီယာအစ်ကိုက အာမခံတယ်။”
“…”
လွီယွဲ့အာသည် တိတ်ဆိတ်သွားသည်။ သူမသည် ရှောင်ချန်းကို ဖျောင်းဖျရန် လာခဲ့ခြင်းဖြစ်သော်လည်း ယခုမူ ရှောင်ချန်းက သူမကို ပြန်၍ စည်းရုံးနေသည်။
“စီနီယာအစ်ကို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ ဓားပညာဌာနကနေ ထွက်ခွာဖို့ အဆင်သင့် မဖြစ်သေးဘူး။”
“ကောင်းပြီ။ မင်း အဆင်သင့်ဖြစ်တဲ့အခါပြောပေါ့။ ဆရာ့ကို အစ်ကိုက တောင်းဆိုပေးပါ့မယ်။”
ရှောင်ချန်းသည် ၎င်းကို အလေးအနက် ပြောလိုက်ခြင်း ဖြစ်သည်။
သူ၏ မျက်လုံးထဲတွင်မူ၊ ဆရာသည် တပည့်လက်ခံသည့် နေရာတွင် ကိုယ်ပိုင် စံနှုန်းများ ရှိသည်ဟု မြင်နေမိသည်။ မည်သူမဆို ဝင်ချင်တိုင်း ဝင်၍ ရသည် မဟုတ်ပေ။
ချောင်ရို့ချန်ကို လမ်းလျှောက်နေသည့် ဆေးအိုးကြီးဟုသာ တွေးပြီး အထင်မမှားသင့်ပေ။ သူ့ကို ဆေးဘုရင်ကိုယ်တိုင်က လွှတ်လိုက်ခြင်းပေ။
“ကောင်းပါပြီရှင့်။”
လွီယွဲ့အာသည် စီနီယာအစ်ကိုက ယခုအချိန်တွင် မည်သည့် အကြံဉာဏ်ကိုမျှ နားထောင်မည် မဟုတ်သည်ကို သိလိုက်သည်။ သူမသည် ထိုစိတ်ကို ပြောင်းလဲစေရန် တခြား နည်းလမ်းကို စမ်းကြည့်ရမည့်ဟန်ပင်။
“သွားကြစို့။ စီနီယာအစ်ကို့ကို ဟင်းချက်တာ ကူဦး။ ဒီနေ့ မင်းအတွက် အရသာရှိတာတစ်ခု ချက်ပေးတာပေါ့။”
ရှောင်ချန်းသည် လွီယွဲ့အာနှင့် ဖြစ်ပျက်ခဲ့သော ကိစ္စအသေးအမွှားလေးကို စိတ်ထဲ ထည့်မထားပေ။
ဆရာ ပြောသကဲ့သို့ပင်။ လူဆိုသည်မှာ သံဖြစ်ပြီး အစားအစာက သမဏိဖြစ်သည်။ စားသောက်ခြင်းထက် အရေးကြီးသောအရာဟူ၍မရှိပေ။
“ဟုတ်ကဲ့ပါ။”
လွီယွဲ့အာသည်လည်း စီနီယာအစ်ကို၏ နေ့စဉ်ဘဝ မည်သို့ရှိသည်ကို သိချင်သွားသည်။
ခဏအကြာတွင်။
သူမသည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
သောင်းပြောင်းပညာရပ်ဌာနမှ အဖွဲ့ဝင် သုံးဦးစလုံး ဆရာနှင့် တပည့်တို့မှာ စားဖိုဆောင်ထဲတွင် ဟင်းချက်နေကြသည်။
အကယ်၍ ၎င်းသာ ပြင်ပသို့ ပျံ့နှံ့သွားလျှင် လှောင်ပြောင်စရာကြီး ဖြစ်နေပေလိမ့်မည်။
‘ဒီလျှို့ဝှက်ချက်ကို ငါ စီနီယာအစ်ကိုအတွက် သေချာပေါက် ထိန်းသိမ်းပေးထားရမယ်။’
အတန်ကြာသောအခါ။
ခြံဝင်းတစ်ခုလုံးတွင် မွှေးကြိုင်သော အနံ့များ ဖုံးလွှမ်းသွားခဲ့သည်။
လွီယွဲ့အာကဲ့သို့ တည်ငြိမ်စွာ နေတတ်သူပင်လျှင် ထိုအနံ့ကို ရသည့်အခါ မသိစိတ်ဖြင့် တံတွေးမျိုချမိသည်။
ရှောင်ချန်းနှင့် ချောင်ရို့ချန်သည် ဟင်းပွဲများကို စားပွဲပေါ်သို့ တစ်ခုပြီး တစ်ခု တင်လိုက်ကြသည်။
မကြာမီမှာပင် သမင်သား ဟင်းပွဲများမှာ စားပွဲပေါ်တွင် ပြည့်နှက်သွားခဲ့သည်။
ချောင်ရို့ချန်က လက်နှစ်ဖက်ကို ပွတ်သပ်ရင်းဆိုလိုက်သည်။ “ဆရာ... ဆရာ့ရဲ့ လက်ရာက ဝမ်တောက်မြို့က နတ်သက်ကြွေ စားသောက်ဆိုင်က စိတ်ဝိညာဉ်စားဖိုမှူးတွေထက်တောင် ပိုကောင်းနေဦးမယ်လို့ ကျွန်တော် မထင်ထားဘူးဗျ။”
ရှောင်ချန်းက ထပ်လောင်း၍ ပြော၏။”သေချာတာပေါ့။ ဆရာ့ရဲ့ ဟင်းချက်လက်ရာက ငါ့ဘဝမှာ မြင်ဖူးသမျှထဲ အကောင်းဆုံးပဲ။”
ချူဖုန်းသည် ရယ်မောလိုက်၏။ “မင်းတို့ နှစ်ယောက် အပြင်လူရှေ့မှာ ငါ့ကို မြှောက်ပင့်မနေကြနဲ့ဦး။ ဒါက ငါ အားတဲ့အချိန်မှာ လျှောက်လုပ်ကြည့်တာလေးကို။”
သူ စကားပြောနေစဉ် စားပွဲတွင် ထိုင်နေသော လွီယွဲ့အာကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
သူ ခန့်မှန်းနေစရာကို မလိုပေ။ ထိုမိန်းကလေးမှာ သူ၏ တပည့်ကြီး ရှောင်ချန်းအပေါ် စိတ်ဝင်စားနေသည်မှာ သိသာလှသည်။
သို့သော် သူ၏ တပည့်မှာမူ သူမ၏ ခံစားချက်ကို သတိမထားမိသေးပုံရသည်။
ဆရာတစ်ယောက်အနေနှင့် သူသည် အောင်သွယ်တော် မလုပ်လိုပေ။ သူတို့နှစ်ဦး ပေါင်းဖက်ရမည် မဖက်ရမည်မှာ သူတို့၏ ကိုယ်ပိုင် ကံကြမ္မာအပေါ်တွင်သာ မူတည်သည်။
လွီယွဲ့အာသည် ချူဖုန်းက သူမကို ကြည့်လိုက်သည့်အခါ အလျင်အမြန်ပင် ခေါင်းငုံ့လိုက်သည်။
ချူဖုန်းက ထိုင်ပြီး ပြောလိုက်သည်။ “ကဲ... စားကြစို့။”
“ဟုတ်ကဲ့ပါ။”
ရှောင်ချန်းနှင့် ချောင်ရို့ချန်က ပြန်ဖြေပြီး စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။
ထိုသုံးဦး စားနေကြသည်ကို မြင်ရသည့်အခါ လွီယွဲ့အာသည် သမင်သား တစ်ဖတ်ကို ယဉ်ကျေးစွာ ကောက်ယူလိုက်သည်။ ၎င်းမှာ သူမ၏ ပါးစပ်ထဲသို့ ရောက်သွားသည့် အခိုက် သူမ၏ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
အရသာက အင်မတန် စားကောင်းလို့နေသည်။
သာမန်လူတစ်ယောက်က ဤမျှ အရသာရှိသည့်အရာကို မည်သို့ ချက်နိုင်ပါမည်နည်း။
၎င်းမှာ သာမန်အစားအစာ မဟုတ်ပေ။ နတ်သက်ကြွေ စားသောက်ဆိုင်မှ ဝိညာဉ်အစားအစာများကိုပင် ယှဉ်နိုင်နေသည်။
အကြီးအကဲချူမှာ ပြင်ပက ပြောဆိုနေကြသကဲ့သို့ အသုံးမကျသူတစ်ဦး ဟုတ်ပုံမရပေ။
သူတို့လေးဦး တစ်နာရီကြာမျှ စားသောက်လိုက်ကြ၏။
ထို့နောက် လွီယွဲ့အာက သတိထားကာ မေးလိုက်သည်။”စီနီယာအစ်ကိုရှောင်... စီနီယာအစ်ကိုက ကျင့်ကြံဖို့အတွက် တောင်အောက်ကို ဆင်းဖို့ စီစဉ်နေတာလား။”
ရှောင်ချန်းက ပြုံးကာ ပြန်ဖြေသည်။”အဲဒီလို စီစဉ်ထားတယ်။ နောက်ထပ် သုံးရက်ကနေ ငါးရက်အတွင်း တောင်အောက်ဆင်းမှာ။”
လွီယွဲ့အာက ပြောသည်။ “စီနီယာအစ်ကိုရှောင်... ကျွန်မပါ လိုက်လို့ရမလား။”
ရှောင်ချန်းက ခေါင်းညိတ်ပြလိုက်သည်။ “ရတာပေါ့၊ ဒါပေမဲ့ မင်းက ကိုယ့်ရဲ့ စီစဉ်မှုတွေ အကုန်လုံးကို လိုက်နာရမယ်နော်”
“ဟုတ်ကဲ့ပါ။”
လွီယွဲ့အာသည် နောက်ထပ် စဉ်းစားမနေဘဲ သဘောတူလိုက်သည်။
အတန်ကြာ စကားပြောဆိုပြီးနောက် ရှောင်ချန်းသည် လွီယွဲ့အာကို ဓားပညာဌာနသို့ ကိုယ်တိုင် လိုက်ပို့ပေးလိုက်သည်။
သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်သည့်အခါ ရှောင်ချန်းသည် ချူဖုန်းကို တွေ့လိုက်ရသည်။
ထိုအခိုက်တွင် ချူဖုန်းနှင့် ချောင်ရို့ချန်သည် နွေဦးဆောင်းဦး မှတ်တမ်း ကို အတူတကွ ဖတ်ရှုနေကြသည်။
“မင်း ပြန်လာတာ မြန်လှချည်လား။”
ချူဖုန်းသည် စာအုပ်ကို ချလိုက်ပြီး မေးလိုက်သည်။
ရှောင်ချန်းက လေးစားစွာ ပြန်ဖြေသည်။ “ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် ဒီတစ်ခေါက် တောင်အောက်ဆင်းရင် စစ်မှန်ကံကြမ္မာအဆင့်ကို မချိုးဖောက်မချင်း ပြန်မလာတော့ပါဘူး။”
ချူဖုန်းသည် ရယ်မောလိုက်၏။”ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ ဖိအားတွေ ပေးမနေပါနဲ့။ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး တစ်ခုခု အခက်အခဲ ရှိရင် ငါ့ဆီကို ချက်ချင်း ပြန်လာခဲ့။”
“ဟုတ်ကဲ့ပါဆရာ။”
ပြန်လည် ဖြေကြားပြီးနောက် ရှောင်ချန်းသည် လှည့်ထွက်သွားခဲ့သည်။
ချောင်ရို့ချန်သည် ရှောင်ချန်း၏ ကျောပြင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ “ဆရာ... စီနီယာအစ်ကိုသာ တောင်အောက်ကို ဆင်းသွားရင် ကျွန်တော်တို့ သူ့ကို နှစ်အတော်ကြာကြာ မမြင်ရတော့ဘူးမလား။”
ချူဖုန်းက ပြောလိုက်သည်။”အဲဒီလောက်အထိတော့ ကြာမှာ မဟုတ်ဘူး။ သူက တစ်နှစ်အတွင်းမှာ စစ်မှန်ကံကြမ္မာအဆင့်ကို သေချာပေါက် ရောက်လိမ့်မယ်”
“အဲဒီလောက်တောင် မြန်မှာလား။”
ချောင်ရို့ချန်သည် အံ့ဩသွားသည်။ ရှောင်ချန်းသည် ယခုတွင် တာအိုတည်ဆောက်ခြင်း ဒုတိယအဆင့်၌ ရှိနေသေးသည်။
“သေချာတာပေါ့။ မင်းကော သူ့ဆီကနေ သင်ယူချင်လား။”
ချူဖုန်းက ပြန်၍ မေးခွန်းထုတ်လိုက်သည်။
ချောင်ရို့ချန်က အလျင်အမြန်ပင် ခေါင်းယမ်းလိုက်သည်။ “ဟင့်အင်း၊ မလုပ်ချင်ပါဘူး။ ကျင့်ကြံရတာက အရမ်း ပင်ပန်းလွန်းတယ်။ နောက်ပြီး ကျွန်တော်က အဲဒီလောက်အထိ ဉာဏ်မကောင်းတော့ စီနီယာအစ်ကိုလိုမျိုး လုံးဝဖြစ်မလာနိုင်ဘူး။ ကျွန်တော်တော့ အခုလက်ရှိ ဘဝလေးကိုပဲ ကျေနပ်နေပါပြီ။”
“ကောင်းပါပြီ။”
ချူဖုန်းသည် ရယ်မောလိုက်၏။ “တကယ်လို့ မင်း တစ်ချိန်ချိန်မှာ ကျင့်ကြံချင်စိတ် ပေါက်လာရင် ငါ့ဆီကို လာခဲ့။”
“ဟုတ်ကဲ့ပါ ဆရာ။”
ဆရာဖြစ်သူက အလွန် ပျော်ရွှင်နေသည်ကို မြင်ရသည့်အခါ ချောင်ရို့ချန်က သတိထားကာ မေးလိုက်သည်။ “ဆရာ... ကျွန်တော် အပျော်ခရီးလေး ထွက်ဖို့ တောင်အောက်ကို ဆင်းလို့ ရမလားခင်ဗျ။”