ချောင်ရို့ချန်၏ ကွဲအက်သွားသော နှလုံးသား။
Vol. 3 Ch. 25
“ရတယ်လေ။”
ချူဖုန်းသည် တစ်စက္ကန့်လေးပင် စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။
“ငါ မင်းကို တောင်အောက်မဆင်းရဘူးလို့ မပြောလိုဘူး။ ဒါပေမဲ့ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အပြင်မှာ နှိမ့်ချနေထိုင်တက်ဖို့ သတိရပါ။”
“တကယ်လို့ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ဖို့ ကြိုးစားရင် မင်းရဲ့ စီနီယာအစ်ကို နာမည်ကို ထုတ်သုံး။”
ချောင်ရို့ချန်သည် ၎င်းကို ကြားလိုက်ရသည့်အခါ နွေးထွေးသွားခဲ့သည်။
သူသည် ဆေးပညာဌာန၌ ရှိစဉ်က သူ၏ဘေးနားတွင် ဖားယားနေသည့်သူများ ရှိခဲ့ဖူးသည်။
သို့သော် သူ၏စိတ်ဝိညာဉ်ကျောက်တုံးများကြောင့်သာ ထိုလူများသည် သူ့ကို သခင်လေးချောင်ဟု ခေါ်ကြခြင်းဖြစ်သည်။ သူ သောင်းပြောင်းပညာရပ်ဌာနသို့ အပို့ခံလိုက်ရပြီးနောက်တွင်မူ ထိုလူအားလုံး ပျောက်ကွယ်သွားကြသည်။ သူ၏ အဘိုးတစ်ယောက်တည်းသာ သူ့ကို ဂရုစိုက်တော့သည်။
ယခု သူ့ကို ဂရုစိုက်မည့်သူ နှစ်ဦး ထပ်တိုးလာလေသည်။
သူသည် စီနီယာအစ်ကိုတို့နှင့် ရက်အနည်းငယ်သာ အတူရှိရသေးသော်လည်း သူတို့၏ ပြောဆိုပြုမူပုံများမှာ ရင်ကို နွေးထွေးသွားစေသည်။
“နားလည်ပါပြီ ဆရာ။ ကျွန်တော် အပြင်ရောက်နေတဲ့အချိန်မှာ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်ပါဘူး။”
လဝက်အကြာတွင်။
ချောင်ရို့ချန်သည် ချူဖုန်းကို နှုတ်ဆက်ကာ ဝမ်တောက်မြို့သို့ ထွက်လာလိုက်သည်။ သူသည် ပိုက်ဆံရှိစဉ်တုန်းက ထိုမြို့တွင် စီးပွားရေးလုပ်ငန်း အသေးစားလေးအချို့ လုပ်ခဲ့ဖူးသည်။
ယခု သူ့တွင် စိတ်ဝိညာဉ်ကျောက်တုံးများ မပါလာသော်လည်း ဝမ်တောက်မြို့တော်သို့ ရောက်သည်နှင့် ထိုသည်ကနေ ထုတ်ယူလို့ရနိုင်ပါသေးသည်။
ထို့နောက် ယခင်ကဲ့သို့ လွတ်လပ်ပေါ့ပါးသည့် လူနေမှုပုံစံကို ပြန်ရနိုင်တော့ပေမည်။
မဟုတ်သေးပေ။ သူ ဆရာ့အတွက်လည်း စိတ်ဝင်စားစရာကောင်းသည့် အရာအချို့ကို ပြန်ယူသွားပေးရမည်။
၎င်းက ဆရာအပေါ် သူ၏ကျေးဇူးသိတတ်မှုကို ပြသရာ ရောက်ပေသည်။
၎င်းကို တွေးကြည့်လေ ပို၍ ပျော်ရွှင်လေပင်။ သူ မိနစ်နှစ်ဆယ်ကျော် လျှောက်ပြီးနောက် ဝမ်တောက်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက်စိတ်ဝိညာဉ်ကျောက်တုံးအချို့ ထုတ်ယူရန် ချွမ်ဖန်းနန်းတော်သို့ သွားလိုက်သည်။
တံခါးဝသို့ ရောက်သည့်အခါ ချွမ်ဖန်းနန်းတော်မှ ယွမ်ရှုရှောင်က သူ့ကို ကြိုဆိုရန် ထွက်လာသည်။
“သခင်လေးချောင်... ဘာကိစ္စများ ရှိလို့ ဒီကို ကြွလာတာလဲရှင့်။”
ချောင်ရို့ချန်သည် တည်တည်တံ့တံ့ ပုံစံဖမ်းလိုက်၏။ “ဘာလဲ၊ ငါက ဒီကို လာလို့ မရတော့ဘူးလား။”
ယွမ်ရှုရှောင်သည် လောင်းကစားလောက၌ ကျင်လည်နေသည့် ဝါရင့်တစ်ဦးဖြစ်ရာ သူမ၏အမူအရာမှာ တည်ငြိမ်ပြီး ကျော့ရှင်းလှသည်။ သူမသည် တည်ငြိမ်စွာ ပြန်ဖြေသည်။”သခင်လေး သောင်းပြောင်းပညာရပ်ဌာနကို အပို့ခံလိုက်ရတယ်လို့ ကြားထားပါတယ်။ အခုလို တောင်အောက်ကို ဆင်းလာနိုင်လိမ့်မယ် မထင်ထားလို့ပါရှင်။”
“ဘယ်သူက အဲဒီလို အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ ငါက အဲဒီမှာ ရက်နည်းနည်းလောက် သွားပြီး အနားယူနေတာ။ ဘာပဲဖြစ်ဖြစ်၊ ငါ ဒီကိုလာတာက ပြီးခဲ့တဲ့လက အမြတ်ဝေစုတွေကို လာထုတ်တာ။”
ချောင်ရို့ချန်သည် အလေးအနက် ပြောလိုက်သည်။
၎င်းကို ကြားလိုက်ရသည့်အခါ ယွမ်ရှုရှောင်သည် အခက်တွေ့နေသည့် အမူအရာ ဖြစ်သွားသည်။ “အမှန်အတိုင်း ပြောရရင် သခင်လေးချောင်... သခင်လေးရဲ့ အမြတ်ဝေစုတွေကို သခင်လေးရို့တိက လာထုတ်သွားပြီရှင့်။”
“ဘာ”
ချောင်ရို့ချန်သည် ၎င်းကို ကြားလိုက်ရသည့် အခိုက်ဒေါသ ပေါက်ကွဲသွားတော့သည်။
“ဘယ်သူက သူ့ကို ပေးခိုင်းလို့လဲ။ ချွမ်ဖန်းနန်းတော်မှာ စီးပွာရေးလုပ်နေတာက ငါလေ။”
ယွမ်ရှုရှောင်က အလျင်အမြန်ပင် ရှင်းပြသည်။ “သခင်လေးချောင် သခင်လေးရို့တိက ဆေးဘုရင်ရဲ့ အမိန့်နဲ့ လာတာလို့ ပြောတယ်။ ကျွန်မလည်း မငြင်းရဲပါဘူး။ အထူးသဖြင့် သူက အခု အတွင်းစည်းတပည့် ဖြစ်နေပြီဆိုတော့...”
ချောင်ရို့ချန်၏ မျက်နှာသည် မည်းသည်းသွားသည်။ “ကောင်းတယ်...ကောင်းတယ်... ချောင်ရို့တိ။ မင်းက ငါ့ပိုက်ဆံကိုတောင် ယူရဲတယ်ပေါ့။ ဒီနေ့ ငါ မင်းကို မရိုက်သတ်နိုင်ရင်၊ ငါ့မျိုးရိုးနာမည်ကို ချောင်လို့ မခေါ်နဲ့တော့ကွ။”
သူသည် ကျယ်လောင်စွာ ဆဲဆိုလိုက်ပြီးနောက် ယွမ်ရှုရှောင်ဘက်သို့ လှည့်ကာ ပြော၏။ “အဲဒီကောင် ဝေစု လာထုတ်ရင် ထပ်မပေးနဲ့တော့။ ကြားလား။”
“ဟုတ်ကဲ့ပါရှင့်။”
ယွမ်ရှုရှောင်သည် ထွက်ခွာသွားသော ချောင်ရို့ချန်၏ ကျောပြင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။”ဒီကောင်လေးက အခုထိ သူ့အခြေအနေသူ မသိသေးဘူးပဲ။ သူက သူ့ကိုယ်သူ ဆေးဘုရင်ရဲ့ အချစ်ဆုံး မြေးလို့ ထင်နေတုန်းပဲ။”
ချောင်ရို့ချန်သည် စဉ်းစားလေ ပို၍ ဒေါသထွက်လာလေ ဖြစ်သည်။ သူသည် ဆေးပညာဌာနသို့ အလျင်အမြန် သွားပြီး အတွင်းစည်းတပည့်များ နေထိုင်ရာ နေရာသို့ တိုက်ရိုက် ဝင်ရောက်ကာ အော်ဟစ်လိုက်သည်။
“ချောင်ရို့တိ... မင်း အရှက်မရှိတဲ့ကောင်... အပြင်ကို ထွက်ခဲ့စမ်း။”
သူ၏စကားလည်း ဆုံးရော၊ ခြံဝင်းအတွင်းမှ လူအချို့ ထွက်လာ၏။
ထိုသူတို့က ချောင်ရို့ချန်ကို မြင်လိုက်ရသည့်အခါ၊ သူတို့၏ မျက်နှာများတွင် အထင်သေးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
လူအုပ်ထဲက တစ်ယောက်က သရော်လိုက်သည်။
“ဪ... ဘယ်သူများလဲလို့။ ငါတို့ ဆေးပညာဌာနရဲ့ နံပါတ်တစ် အမှိုက်ကောင်ကြီး ပါလား။ ဒီနေ့ အတွင်းစည်းထဲကို ဘာလာလုပ်တာလဲ။”
“အဲဒီလို မပြောပါနဲ့ဟ။ သူက ငါတို့နဲ့ မဆိုင်တော့ဘူးလေ။ သူက အခု သောင်းပြောင်းပညာရပ်ဌာနရဲ့ အဖိုးတန် တပည့်ဖြစ်နေပြီလေ။”
“ဟားဟားဟား”
ချောင်ရို့ချန်ကို ဆေးဘုရင်က သောင်းပြောင်းပညာရပ်ဌာနသို့ ပို့လိုက်သည့် အကြောင်းမှာ ဆေးပညာဌာန တစ်ခုလုံးတွင် ပျံ့နှံ့နေပြီးသား ဖြစ်သည်။
ဆေးဘုရင်နှင့် ချူဖုန်းတို့ကြားမှ အလောင်းအစားအကြောင်းကိုမူ မည်သူမျှ မသိကြပေ။
ထို့ကြောင့် တခြားသူများအတွက်မူ ချောင်ရို့ချန်မှာ မျက်နှာသာပေးမှု ဆုံးရှုံးသွားပြီး အစွန့်ပစ်ခံလိုက်ရသည့် ပုံစံမျိုး ဖြစ်နေလေသည်။
သူတို့က ထိုအရှုံးသမား အမှိုက်ကောင်က မာနထောင်လွှားစွာဖြင့် ပြန်လာလိမ့်မည်ဟု မထင်ထားကြပေ။
သို့သော်လည်း မည်သူမျှ လှုပ်ရှားခြင်း မရှိကြပေ။ သူတို့အားလုံးက ချောင်ရို့တိ ထိုသကောင့်သားကို မည်သို့ ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေကြသည်။
ခဏအကြာတွင်။
ချောင်ရို့တိသည် လူအုပ်ကြီးကို ခြံရံလျက် ထွက်လာခဲ့သည်။
သူသည် တာအိုတည်ဆောက်ခြင်း အဆင့်ကိုး၏ အထွတ်အထိပ်၌သာ ရှိသေးသော်လည်း၊ ချောင်မိသားစု၏ တိုက်ရိုက်မျိုးဆက် ဖြစ်သည့်အတွက် ဆေးပညာဌာနတွင် အတော်အတန် အဆင့်အတန်း ရှိသည်။
စစ်မှန်ကံကြမ္မာအဆင့်ရှိသော အတွင်းစည်းတပည့်အချို့ပင်လျှင် သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။
ချောင်ရို့တိက မထီမဲ့မြင် ပြုံးလိုက်သည်။ “ဪ... ဘယ်သူများ ဒီလောက် သောင်းကျန်းနေတာလဲလို့ စဉ်းစားနေတာ။ မင်းလို အသုံးမကျတဲ့ အမှိုက်ကောင် ဖြစ်နေတာကိုး။ ငါ့ဆီက ဘာလိုချင်လို့လဲ။”
“ဟက်။”
ချောင်ရို့ချန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “မင်း အရှက်မရှိတဲ့ကောင် တကယ်ပဲ ချွမ်ဖန်းနန်းတော်က ငါ့ရဲ့ ဝေစုတွေကို ခိုးဖို့ လူလွှတ်ခဲ့တယ်ပေါ့။ မင်း သောက်ရှက်မရှိဘူးလား။”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ချက်ချင်းပင် အဓိကအချက်ကို သဘောပေါက်သွားကြသည်။ ၎င်းက ချောင်မိသားစု၏ ပိုင်ဆိုင်မှုအတွက် နှစ်ယောက်ကြားက အားပြိုင်မှုပင်။
“မင်းရဲ့ ဝေစုတွေလို့ ပြောချင်တာလား။ အဲဒါက ချွမ်ဖန်းနန်းတော်မှာရှိတဲ့ ချောင်မိသားစုရဲ့ ရပိုင်ခွင့်တွေလေ။ မင်းက ဆေးပညာဌာနမှာတောင် မရှိတော့တာ၊ ဘာကို အရှက်မရှိ ယူချင်သေးတာလဲ။”
ချောင်ရို့တိ၏ လေသံသည် ရုတ်တရက် ပြောင်းလဲသွားသည်။ “ဒီနေ့ ငါ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ ချွမ်ဖန်းနန်းတော်က အမြတ်ဝေစုတွေတင် မကဘူး။ ဝမ်တောက်မြို့မှာရှိတဲ့ မင်းရဲ့ ရှယ်ယာတွေ အားလုံးက အခုကစပြီး ငါ့အပိုင်ပဲ။”
ဝမ်တောက်မြို့၏ အမြတ်အစွန်းများအကြောင်း ပြောလိုက်သည့်အခါ သူ၏ မျက်လုံးများမှာ တောက်ပသွားသည်။
ချောင်ရို့ချန်မှာ သူတို့ အဘိုး၏ မျက်နှာသာပေးမှုကို ရနေစဉ်က သူသည် မိသားစု စီးပွားရေးလုပ်ငန်းများကနေ အမြတ်အစွန်း အမြောက်အမြားကို ရယူခဲ့သည်။
သူသည် ထိုအသုံးမကျသည့်ကောင်က ချောင်မျိုးနွယ်၏ ထိပ်တန်း ပါရမီရှင်များထက် ပိုပြီး ရနေခြင်းကို အမြဲတမ်း ဒေါသထွက်ခဲ့ရသည်။ ထိုပိုင်ဆိုင်မှုများသည် မူလကတည်းက သူ့အပိုင် ဖြစ်သင့်ပေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့၏ အဘိုးသည် အမြင်မှန်ရသွားပြီး ချောင်ရို့ချန်ကို သောင်းပြောင်းပညာရပ်ဌာနသို့ ပို့လိုက်သည်။
၎င်းက သူ့ကို ထိုစီးပွားရေးလုပ်ငန်းများအား တရားဝင် ဆက်ခံခွင့် ရစေလိုက်သည်။ အမြတ်အစွန်း အများစုကို မျိုးနွယ်စုထံ လွှဲပေးရသော်လည်း ကျန်ရှိသော ပမာဏမှာ သူ့အတွက် အတော်အတန် များပြားသည့် ပမာဏ ဖြစ်နေသေးသည်။
“သွားကြစို့။ ငါတို့ အဘိုးဆီ သွားပြီး သူ့ရဲ့ အဆုံးအဖြတ်ကို ခံယူကြမယ်။”
ချောင်ရို့ချန်သည် ဒေါသထွက်နေသော်လည်း ငတုံး မဟုတ်ပေ။ သူသည် ချောင်ရို့တိကို မနိုင်နိုင်ပေ။
သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတို့၏ အဘိုးပင် ဖြစ်သည်။ ယခုကိစ္စသည် ဆေးပညာဌာနတွင် ဖြစ်ရာ သူ၏ ဆရာ သို့မဟုတ် စီနီယာအစ်ကိုကို ဤကိစ္စထဲသို့ ဆွဲမသွင်းနိုင်ပေ။
ချောင်ရို့တိက ရယ်မောလိုက်သည်။ “အဘိုးကို သွားနှောင့်ယှက်နေစရာ မလိုဘူး။ သူက အခု တံခါးပိတ်ကျင့်ကြံနေတယ်။ ဒီကိစ္စကို မဟာအကြီးအကဲကပဲ စီစဉ်ပေးထားတာ။ မင်း မကြိုက်ရင် သူ့ကို သွားပြီး ပြောလို့ ရတယ်။”
ချောင်ရို့ချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။
‘ဒီကိစ္စက တအားကို အချိန်ကိုက်လွန်းနေတယ်’
သို့သော်လည်း သူသည် အဘိုးက တံခါးပိတ်ကျင့်ကြနေသည့်ကိစ္စကို ချောင်ရို့တိ လိမ်မပြောရဲမှန်းသိနေသည်။ အမှန်တရားကို စစ်ဆေးရန် သူ့အတွက် မခက်ခဲပေ။
“ကောင်းပြီလေ... ဒါဆို သွားကြတာပေါ့။”
“မင်း ရှေ့ကသွား။”
ချောင်ရို့တိသည် မကြောက်မရွံ့ ပြောလိုက်သည်။
သူတို့သည် ဆေးပညာဌာန၏ အဓိကခန်းမသို့ ရောက်ရှိလာကြသည်။
ပုံမှန်အားဖြင့် ဆေးဘုရင် ရွှမ်ဟော့သည် ဤခန်းမကို ကြီးကြပ်လေ့ ရှိသည်။ သို့သော် ယနေ့တွင် မဟာအကြီးအကဲက သူ၏ ကိုယ်စား ကိစ္စရပ်များကို ကိုင်တွယ်နေသည်။
တပည့်အုပ်စု ဝင်လာသည်ကို မြင်ရသည့်အခါ မဟာအကြီးအကဲက မေးလိုက်သည်။ “မင်းတို့ အားလုံး အဓိကခန်းမကို ဘာကိစ္စနဲ့ လာကြတာလဲ”
“မဟာအကြီးအကဲကို တင်ပြရရင်... ကိစ္စကတော့ ဒီလိုပါ။”
ချောင်ရို့တိသည် ရှေ့သို့ တိုးကာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက် မဟာအကြီးအကဲသည် ချောင်ရို့ချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ရို့ချန်... ဒီကိစ္စမှာတော့ မင်း မှားနေတယ်။ မင်းက ဆေးပညာဌာနရဲ့ တပည့် မဟုတ်တော့ဘူးလေ။ အရင်က အဖွဲ့ဝင် တစ်ယောက်အနေနဲ့ မင်း ခံစားခဲ့ရတဲ့ အရင်းအမြစ်တွေက အခုတော့ မင်းနဲ့ မဆိုင်တော့ဘူး။ ဒါက ဌာနမှူး သတ်မှတ်ထားတဲ့ စည်းကမ်းပဲ။”
ချောင်ရို့ချန်သည် ငတုံး မဟုတ်ပေ။ ဤစကားကို ကြားလိုက်ရသည့် အခိုက်တွင် သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။ သူ၏ အဘိုးက သူ့ကို လုံးဝ လက်လျှော့လိုက်ပေသည်။ မဟုတ်လျှင် သူ့ကို ရှောင်နေလိမ့်မည် မဟုတ်ပေ။
သူသည် အားကိုးရာမဲ့သော အမူအရာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “နားလည်ပါပြီ အကြီးအကဲ။”
နောက်ထပ် စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူသည် ဆေးပညာဌာနမှ လှည့်ကာ ထွက်သွားတော့သည်။
ချောင်ရို့တိနှင့် တခြားသူများသည်လည်း မကြာမီမှာပင် နောက်မှ လိုက်လာခဲ့ကြသည်။
ချောင်ရို့တိ၏ ဘေးမှ ဖော်လံဖားတစ်ယောက်က ပြောလိုက်သည်။”စီနီယာအစ်ကိုချောင်... ကျွန်တော်တို့ အဲဒီကောင့်ကို သင်ခန်းစာ တစ်ခုလောက် ပေးသင့်လား။”
“မလိုပါဘူး။ သူ့ကို ပြဿနာပေးချင်နေတဲ့ လူတွေ အများကြီး ရှိပါတယ်။ ငါတို့ လုပ်ရမှာက သတင်းဖြန့်ပေးလိုက်ဖို့ပဲ။”
ထိုအခိုက် ချောင်ရို့တိ၏ မျက်လုံးများသည် အေးစက်သွားသည်။