← Chapters

တပည့်၊ မင်းက အသုံးမကျတာ မဟုတ်ဘူး၊ လမ်းမှားကို ရောက်နေရုံပဲ။

Vol. 3 Ch. 26

တပည့်၊ မင်းက အသုံးမကျတာ မဟုတ်ဘူး၊ လမ်းမှားကို ရောက်နေရုံပဲ။

Vol. 3 Ch. 26

“ဆရာ... ကျွန်တော် သောက်ချင်တယ်ဗျာ။”

ချောင်ရို့ချန်သည် သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်သည်နှင့် ချူဖုန်းထံ တန်းတန်းမတ်မတ် သွားကာ အရက်တောင်းတော့သည်။

ချူဖုန်းသည် ဘာမှ အများကြီး မမေးပေ။ သူသည် သိုလှောင်အိတ်ထဲမှ အိုးတစ်လုံးကို ဆွဲထုတ်ကာ ပေးလိုက်သည်။

“ရော့... ဒီမှာ။”

“ကျေးဇူးတင်ပါတယ် ဆရာ။”

ချောင်ရို့ချန်သည် အရက်အိုးကို ပွေ့ပိုက်ကာ ထွက်ခွာသွားသည်။

ချူဖုန်းသည် သူ့တပည့်၏ ကျောပြင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ “ကြည့်ရတာ ငါ့တပည့်လေးမှာ စိတ်ညစ်စရာတွေရှိနေတာပဲ။”

“ထားလိုက်ပါတော့... တပည့်တိုင်းမှာ ကံကြမ္မာကိုယ်စီ ရှိကြတာပဲ။ သူ အဆင်သင့်ဖြစ်တဲ့အခါ ငါ့ကို လာပြောပါလိမ့်မယ်။”

နောက်ရက်များတွင် ချောင်ရို့ချန်သည် ချူဖုန်းထံသို့ နေ့တိုင်းနီးပါး အရက်လာတောင်းသည်။

သုံးရက်မှ တစ်အိုး သောက်ရာကနေ တစ်နေ့ကို တစ်အိုး ဖြစ်လာခဲ့သည်။

အကယ်၍ ရှောင်ချန်းသည် တောင်အောက်မဆင်းမီ ချူဖုန်းအတွက် အရက်အိုး တစ်ထောင်ခန့် မစုဆောင်းပေးခဲ့လျှင် ချူဖုန်းအတွက် ကျန်တော့မည် မဟုတ်ပေ။

လအနည်းငယ် ကုန်လွန်သွားသောအခါ ချောင်ရို့ချန်သည် သိသိသာသာပင် စိတ်ဓာတ်ကျဆင်းလာခဲ့သည်။

ချူဖုန်းသည် သူ၏တပည့် ထိုသို့ဖြစ်နေသည်ကို မြင်ရသောအခါ စကားပြောရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။

ချောင်ရို့ချန်သည် မည်မျှပင် ပျင်းရိသူဖြစ်ပါစေ၊ သူသည် ချူဖုန်း၏ တပည့်ဖြစ်နေဆဲပင်။

နှိုင်းယှဉ်ကြည့်လျှင် ရှောင်ချန်းသည် တောင်အောက်ဆင်းသွားသည်မှာ ခြောက်လသာ ရှိသေးသော်လည်း တာအိုတည်ဆောက်ခြင်း အဆင့်ရှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့်ပင် ချူဖုန်းသည် ကျင့်ကြံခြင်း နှစ်ခြောက်ဆယ် ရရှိခဲ့သည်။

ယခုအခါ ချူဖုန်း၏ ကျင့်ကြံခြင်းသည် နှစ်ကိုးဆယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“အခု ငါ ဘယ်လောက်တောင် သန်မာနေပြီလဲ မသိဘူး။”

ချူဖုန်းသည် သူ၏ ခွန်အားကို တိုက်ပွဲတစ်ခုတွင် စမ်းသပ်ကြည့်ချင်စိတ် ပေါ်လာသဖြင့် တီးတိုး ရေရွတ်လိုက်သည်။

သို့သော် သူသည် ထိုအတွေးကို ချက်ချင်းပင် ပယ်ချလိုက်သည်။ ကူးပြောင်းလာသူတစ်ဦးအနေနှင့် သတိကြီးဖို့က အရေးကြီးသည်။ သူသည် ပြိုင်ဘက်ကင်းမဖြစ်သေးပေ။

‘ငါ့မှာ နှစ်ရာဂဏန်းလောက် ဒါမှမဟုတ် နှစ်တစ်ထောင်လောက် ခွန်အားရှိလာတဲ့အခါကျမှ ဒီကမ္ဘာကြီးမှာ ဘာတွေ ရှိလဲဆိုတာ ကြည့်တော့မယ်။’

ထိုနေ့ မွန်းလွဲပိုင်း ထမင်းစားချိန်တွင်။

ချူဖုန်းသည် မှိုင်တွေကာ အရက်သောက်နေသော ချောင်ရို့ချန်ကို ကြည့်ပြီး မေးလိုက်၏။ “ရို့ချန် မင်း ဘာဖြစ်နေတာလဲ။ အရင်က ဂုဏ်ယူဝံ့ကြွားတက်တဲ့ သခင်လေးချောင်က ဘယ်ရောက်သွားပြီလဲ။”

ချောင်ရို့ချန်က ခါးသီးစွာ ပြုံးလိုက်သည်။ “ဆရာ ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ။ ကျွန်တော်က အခုတော့ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ အရှုံးသမား တစ်ယောက်ပါပဲ။ “

“ဆရာသာ ကျွန်တော့်ကို လက်မခံခဲ့ရင် ဘယ်သွားရမလဲတောင် သိမှာ မဟုတ်ဘူး။”

“မင်း ဘာဖြစ်ခဲ့လဲဆိုတာ ဆရာ့ကို ပြောပြလေ။”

ချူဖုန်းသည် မေးလိုက်သည်။

ချောင်ရို့ချန်သည် မဖုံးကွယ်ထားတော့ပေ။ ရင်ထဲတွင် သိမ်းဆည်းထားရသည်မှာ ကြာပြီဖြစ်၍ သူခံစားခဲ့ရသမျှ မကျေနပ်ချက် အားလုံးကို ဖွင့်ချလိုက်တော့သည်။

“ဒါပဲလား။”

ချူဖုန်းသည် သူ့ကို ကြည့်ပြီး ဆွံ့အသွားသည်။

“ဆရာ... ဒီကိစ္စက သနားစရာ မကောင်းသေးဘူးလားဗျာ။”

ချောင်ရို့ချန်က ဝမ်းနည်းပက်လက် ပြန်ဖြေသည်။

ချူဖုန်းသည် ရယ်မောကာ ဆိုသည်။ “မင်းက ဒါကို သနားစရာလို့ ထင်နေတာလား။ မင်းရဲ့ စီနီယာအစ်ကိုနဲ့ ယှဉ်ကြည့်ရင် ဒါက ဘာမှ မဟုတ်သေးဘူး။”

ချောင်ရို့ချန်သည် ရပ်တန့်သွားသည်။ ပြန်စဉ်းစားကြည့်သည့်အခါ ချူဖုန်း ပြောသည်မှာ မှန်နေပါသည်။ ကျင့်ကြံခြင်းများ ဆုံးရှုံးပြီး ဝမ်တောက်ကျောင်းတော်မှ နှင်ထုတ်ခံခဲ့ရသည့် ရှောင်ချန်းနှင့် နှိုင်းယှဉ်လျှင် သူသည် အခက်အခဲ အနည်းငယ်လောက်သာ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

“ဆရာ ပြောတာ မှန်ပါတယ်။ စီနီယာအစ်ကိုနဲ့ ယှဉ်ရင် ကျွန်တော် ကြုံခဲ့ရတာတွေက ဘာမှ မဟုတ်ပါဘူးဗျာ။”

ချူဖုန်းက ပြောလိုက်သည်။ “ကောင်းပြီ...မင်း နားလည်သွားရင် ရပြီ။ အခုကစပြီး အရက်အိုးထဲမှာ ခေါင်းနစ်မနေနဲ့တော့။ လုပ်စရာ တစ်ခုခု ရှာလုပ်ကြည့်။”

ချောင်ရို့ချန်သည် သူ၏ ခေါင်းကို ရှက်ကိုးရှက်ကန်းပွတ်လိုက်၏။ “ဒါပေမဲ့ ကျွန်တော် ဘာလုပ်ရမှန်း မသိဘူး။ ဘယ်နေရာမှလည်း မတော်ဘူး။”

ချူဖုန်းသည် သူ၏ပုခုံးကို ပုတ်လိုက်သည်။ “ဒီကမ္ဘာမှာ အသုံးမကျတဲ့လူဆိုတာ မရှိဘူး။ လမ်းမှား လျှောက်ခဲ့မိတဲ့လူပဲ ရှိတယ်။ ငါ မင်းကို အချိန်ပေးမယ်။ သေသေချာချာ စဉ်းစားပါ။ ပြီးရင် ငါ့ဆီ လာပြောချည်။”

“ဟုတ်ကဲ့ပါ။”

ချောင်ရို့ချန်သည် ခေါင်းညိတ်လိုက်သည်။ နေ့လယ်စာ စားပြီးနောက် သူသည် စိတ်ကို ပြန်လည် စုစည်းလိုက်၏။ထို့နောက် ခြံဝန်းသို့ ပြန်လာကာ မည်သည့်လမ်းကို လျှောက်ချင်သနည်း ဆိုသည်ကို အလေးအနက် စဉ်းစားတော့သည်။

…

ယန်မန် ရွှံ့နွံတောအတွင်း၌။

အမည်းရောင်ဝတ်စုံနှင့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူရိပ်နှစ်ခုသည် စစ်မှန်ကံကြမ္မာအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို အတူတကွ သတ်ဖြတ်နေကြသည်။

နှစ်ယောက်စလုံးသည် မျက်နှာတွင် ပဝါများ အုပ်ထားပြီး သရုပ်မှန်ကို ဖုံးကွယ်ထားကြသည်။

သို့သော် အဝေးမှ လှမ်းမြင်ရသော ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများသည် ထိုသူတို့ကို တွေ့သည်နှင့် ချက်ချင်း ရှောင်ဖယ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်သည် ယန်မန်ရွှံ့နွံတော၏ နာမည်ကျော် အဖြူအနက် မိစ္ဆာနှစ်ဖော် ဖြစ်သောကြောင့် ဖြစ်သည်။

အမည်းရောင်ဝတ်စုံနှင့် လူမှာ လပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် သတ်ဖြတ်ခြင်းနတ်ဘုရား ဝတ်ရုံနက် ဖြစ်ပြီး သူ၏ ဘေးမှ အမျိုးသမီးမှာမူ သူ၏ တာအိုအဖော် ဖြစ်သည့် ဝတ်ရုံဖြူ အသူရာ ဖြစ်သည်။

ထိုစုံတွဲသည် စစ်မှန်ကံကြမ္မာအဆင့် ငါးဦးပါသော စွန့်စားသူအဖွဲ့ကိုပင် အလွယ်တကူ ချေမှုန်းနိုင်သည်။

ယန်မန် ရွှံ့နွံတောတွင် ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူများ ဝင်မစွက်ဖက်သရွေ့ အဖြူအနက် မိစ္ဆာနှစ်ဖော်ကို မည်သူမျှ မတားဆီးနိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဇာစ်မြစ် ကျင့်ကြံသူများသည် သူတို့ နေရာသို့ အများအားဖြင့် လာလေ့မရှိကြပေ။

ထိုနှစ်ယောက်သည် အခြားသူများ မဟုတ်ဘဲ ရှောင်ချန်းနှင့် လွီယွဲ့အာတို့ပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ဝက်အတွင်း လွီယွဲ့အာ၏ ကျင့်ကြံခြင်းသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူမသည် ယခုအခါ တာအိုတည်ဆောက်ခြင်း အဆင့်ကိုးသို့ ရောက်ရှိနေပြီး၊ အထွတ်အထိပ်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။

ရှောင်ချန်းသည် မြွေမိစ္ဆာကို သတ်ဖြတ်ပြီးနောက် သူသည် သားရဲကို ကျွမ်းကျင်စွာပင် အရေဆုပ်လိုက်သည်။

လွီယွဲ့အာသည် အနီးနားတွင် တခြားသားကောင်ကို ရှာဖွေနေ၏။ မကြာမီမှာ သူမက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

“စီနီယာအစ်ကို... ဒီမှာ ရေနက်မြွေနဂါးက နက်နဲယင်မြက်ပင်တစ်ပင်ကို စောင့်နေတယ်။ အပင်က အသီးတောင် သီးနေပြီ။”

ရှောင်ချန်းသည် လှမ်းကြည့်လိုက်သည့်အခါ ကြည်လင်တောက်ပနေသော အသီးအချို့ သီးနေသည်ကို မြင်လိုက်၏။ ထိုအသီးများသည် လွန်ခဲ့သည့် ရက်အနည်းငယ်‌လောက်မှ မှည့်လာခြင်း ဖြစ်ဟန်ပင်။

“အစ်ကိုတို့ ကံကောင်းတာပဲ။ နက်နဲယင်မြက်ပင်က အနှစ်တစ်ရာမှာ တစ်ခါ ပွင့်ပြီး အနှစ်သုံးရာမှာ တစ်ခါ သီးတာ။ တာအိုတည်ဆောက်ခြင်း ကျင့်ကြံသူတွေအတွက်တော့ အသီးတစ်လုံးက အဆင့်ငယ် တစ်ဆင့်ကို ချိုးဖျက်ပေးနိုင်တယ်။”

“စစ်မှန်ကံကြမ္မာ ကျင့်ကြံသူတွေအတွက်ဆို အင်အားအများကြီး တိုးလာစေနိုင်တယ်။ စောင့်နေတဲ့ မြွေက စစ်မှန်ကံကြမ္မာ အလယ်အလတ်အဆင့်ပဲ။ အဲတော့အသီး ငါးလုံးသာ ရှိရင် သူ နှောင်းပိုင်းအဆင့်ကို ရောက်နိုင်တယ်။”

လွီယွဲ့အာက ပြုံးလိုက်သည်။ “ဒါဆို ကျွန်မတို့ အသီးကို စားရင် နှစ်ယောက်စလုံး စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်သွားမှာပေါ့”

“မင်းမှာက မွေးရာပါ အေးစက်ယင်ခန္ဓာ ရှိတာဆိုတော့ သေချာပေါက် ချိုးဖောက်နိုင်မှာ။ မြင့်မြတ် ခန္ဓာတောင် နိုးထလာနိုင်တယ်။”

ရှောင်ချန်းက ထပ်လောင်းပြောကြားသည်။ “ဒါပေမဲ့ အစ်ကိုကတော့ စစ်မှန်ကံကြမ္မာအဆင့် ရောက်ဖို့အတွက် အသီးကို မစားသေးဘူး။ တာအိုတည်ဆောက်ခြင်း အဆင့်ကိုး ရောက်တဲ့အထိပဲ စားမယ်။”

“ဘာလို့လဲဟင်။”

ရှောင်ချန်းက ပြောသည်။”အစ်ကိုက အတားအဆီးတစ်ခုနဲ့ တွေ့နေလို့လေ။ အဲဒါ ဆရာ့ကို ပြန်မေးပြီးမှ သောင်းပြောင်းပညာရပ်ဌာနမှာပဲ အဆင့်တက်ဖို့ စီစဉ်ထားတယ်။”

လွီယွဲ့အာသည် ခေါင်းညိတ်လိုက်ပြီး သူ့ကို ထပ်မမေးတော့ပေ။

ရှောင်ချန်းသည် မြွေသွေးများကို ဖြန်းလိုက်ပြီး၊ တခြားသားရဲများ မလာစေရန် မြွေခေါင်းကို သစ်ပင်တစ်ပင်ပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။

ခုနစ်ရက်အကြာတွင် နက်နဲယင်အသီးများသည် ရင့်မှည့်လာခဲ့သည်။ လွီယွဲ့အာသည် အသီး ငါးလုံးစလုံးကို ခူးယူလိုက်သော်လည်း အပင်ကိုတော့ မထိခိုက်စေဘဲ ထားခဲ့သည်။

သားရဲအချို့သည် အနံ့ကြောင့် ဆွဲဆောင်ခြင်း ခံရသော်လည်း၊ မြွေခေါင်းကို မြင်သည့်အခါ အဝေးမှသာ စောင့်ကြည့်နေကြသည်။

မဆင်မခြင် ပြုမူလာသည့် အကောင်အချို့ကိုမူ ရှောင်ချန်းက ချက်ချင်းပင် သတ်ဖြတ်လိုက်သည်။

မှောင်ရိပ်ထဲတွင် ပုန်းနေသော ကျင့်ကြံသူများသည်လည်း အဖြူအနက် စုံတွဲကို မြင်သည့်အခါ ကိုယ်ထင်မပြရဲ တော့ပေ။

အသီးများကို ခူးပြီးနောက် ထိုနှစ်ယောက်သည် ယန်မန် ရွှံ့နွံတောမှ ထွက်လာပြီး နောက်တစ်နေ့ ညနေပိုင်းတွင် ဝမ်တောက်မြို့သို့ ပြန်ရောက်လာ၏။

ရှောင်ချန်းသည် ဝမ်တောက်ကျောင်းတော်သို့ ချက်ချင်း မပြန်သေးပေ။ သူသည် ရရှိလာသော ပစ္စည်းများကို စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်ကြံခြင်း အထောက်အပံ့အတွက် ရောင်းချလိုက်ပြီးနောက် တည်းခိုခန်းတစ်ခုသို့ ပြန်လာကာ နက်နဲယင်အသီး တစ်လုံးကို စားသုံးလိုက်သည်။

လွီယွဲ့အာသည်‌ ဘေးက စောင့်ကြပ်ပေးနေသည်။

…

နောက်တစ်နေ့ မနက်။

သောင်းပြောင်းပညာရပ်ဌာနတွင် ချူဖုန်းသည် တက်ကြွနေသော ချောင်ရို့ချန်ကို တွေ့လိုက်ရသည်။

“တပည့်က ဆရာသခင်ကို ဂါရဝပြုပါတယ်။”

ချောင်ရို့ချန်သည် လေးစားစွာ ဦးညွှတ်လိုက်သည်။

ချူဖုန်းသည် သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်သည်။ “မင်း အဖြေရှာတွေ့သွားပြီလား။”

“ဟုတ်။”

ချူဖုန်းက မေးလိုက်သည်။ “ဒါဆို မင်းရဲ့ အစီအစဉ်က ဘာလဲ။”

ချောင်ရို့ချန်က ပြန်ဖြေသည်။ “ဆရာ့ကို တင်ပြရရင်၊ ကျွန်တော် ဆရာ့ဆီကနေ ချက်ပြုတ်နည်း သင်ယူချင်ပါတယ်။ ကျွန်တော်က ဘယ်နေရာမှာမှမတော်ဘူး၊ ကျင့်ကြံခြင်းမှာလည်း ပါရမီမရပါဘူး။ အဲဒါကြောင့် ကျွန်တော် ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တော့တယ်။”

ချူဖုန်းသည် ချောင်ရို့ချန်က လက်လျှော့လိုက်မည်ဟု မထင်ထားခဲ့ပေ။ သူသည် နောက်ဆုံးတစ်ကြိမ် လမ်းညွှန်ရန် ကြိုးစားလိုက်သည်။

“ငါ အမြဲ ပြောသလိုပါပဲ။ မင်းက ပါရမီ မရှိတာ မဟုတ်ဘူး။ လမ်းမှားကို လျှောက်နေမိတာပဲ ရှိတယ်။”

“ဆရာ... ကျွန်တော့်ကို အားပေးမနေပါနဲ့တော့ဗျာ။ ကျွန်တော် ဘယ်လိုလူလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ဆီမှာ ပစ္စည်းတွေ ပြတ်နေပြီဗျ။ ကျွန်တော် အပြင်ထွက်ပြီး သွားဝယ်လိုက်ဦးမယ်။”

ရက်ပေါင်းများစွာ စဉ်းစားပြီးနောက် ချောင်ရို့ချန်သည် သူ၏ ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ယခုအခါ သောင်းပြောင်းပညာရပ်ဌာနသည် သူ၏ အိမ်ပင် ဖြစ်သည်။

ဆရာနှင့် စီနီယာအစ်ကို ရှိနေသရွေ့ သူသည် ဘဝတစ်ကို အေးချမ်းစွာ ဖြတ်သန်းနိုင်ပေမည်။

“ကောင်းပြီလေ။ မင်း ဆုံးဖြတ်ပြီးမှတော့ ငါ ထပ်မပြောတော့ပါဘူး။”

ထိုကလေးကို ဖျောင်းဖျ၍ မရနိုင်သည်ကို မြင်သောအခါ ချူဖုန်းသည် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာကျော်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။

“သွားပြီးတော့ စားစရာတွေ ဝယ်လိုက်ဦး။ ဒီနေ့ကစပြီး ငါ မင်းကို ချက်ပြုတ်နည်း သင်ပေးမယ်။”

“နားလည်ပါပြီဗျ။”

ချောင်ရို့ချန်သည် ပျော်ရွှင်စွာဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ယူကာ သူ၏ စီနီယာအစ်ကို ထားခဲ့ပေးသော သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

သူ ထွက်သွားသည်နှင့် ချူဖုန်းသည် စာကြည့်ခန်းသို့ လျှောက်သွားကာ စာအုပ်တစ်အုပ်ကို ကောက်ယူပြီး ဖတ်ရှုနေတော့သည်။

သူ စာအုပ်ထဲသို့ ဈာန်ဝင်စားနေစဉ်တွင်။

[သင်၏ပထမတပည့်သည် တာအိုတည်ဆောက်ခြင်း အဆင့်ကိုးသို့ ရောက်ရှိသွားပါပြီ။ ဆယ်နှစ်ကြာကျင့်ကြံခြင်းကို ဆုလာဘ်အဖြစ်ရရှိပါတယ်။။]

All Chapters