← Chapters

ဆရာ ကျွန်တော် ကျင့်ကြံချင်တယ်။

Vol. 3 Ch. 28

ဆရာ ကျွန်တော် ကျင့်ကြံချင်တယ်။

Vol. 3 Ch. 28

“စီနီယာအစ်ကိုကြီး...”

ချောင်ရို့ချန်သည် ထိုအသံကို ကြားလိုက်ရသည့်အခိုက် ဝမ်းသာလွန်းသဖြင့် မျက်ရည်များဆို့တက်သွား၏။

တစ်ဖက်တွင်မူ ဝမ်တောက်ကျောင်းတော်မှ တပည့်များ၏ မျက်နှာများသည် ဖြူလျော်သွားသည်။ သူတို့သည် ရှောင်ချန်းကို သရဲတစ်ကောင်အား မြင်လိုက်ရသည့်ပမာ ထိတ်လန့်စွာ ကြည့်နေကြ၏။

အထူးသဖြင့် ပြဿနာ ရှာထားသည့် မာပင်းတို့ပင်။သူတို့၏ ကျောပြင်မှ ချွေးစေးများ စီးကျလာပြီး ခြေထောက်များလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်လာကြသည်။

သူတို့၏ ဦးနှောက်ထဲတွင် ပြေးဖို့ အတွေးတစ်ခုသာ ရှိတော့သည်။

သို့သော် သူတို့၏ ခြေထောက်များသည် ခဲဆွဲထားသည့်ပမာ လေးလံနေပြီး မလှုပ်ရှားနိုင်တော့ပေ။

လင်းပင်အန်း တစ်ယောက်တည်းသာ ရှောင်ချန်းကို အလျှော့မပေးလိုဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ‘တစ်နေ့ကျရင်တော့... ငါ မျိုးရိုးနာမည်ရှောင်နဲ့ကောင်ကို သေချာပေါက် အနိုင်ယူပြမယ်။’

ရှောင်ချန်းသည် ချောင်ရို့ချန်၏ အနားသို့ ဆင်းလာပြီး မေးလိုက်သည်။

“ဂျူနီယာညီလေး... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။”

ချောင်ရို့ချန်က ဖြစ်ပျက်ခဲ့သမျှ ဇာတ်လမ်းအစအဆုံးကို တတ်နိုင်သမျှ အတိုချုံးကာ ပြန်ပြောပြလိုက်သည်။

ရှောင်ချန်းသည် နားထောင်နေရင်း မျက်မှောင်ကြီးကြုတ်သွားသည်။ သူသည် မတရားမှုကို မုန်းတီးသူဖြစ်ရာ ၎င်းကို လုံးဝ သည်းမခံနိုင်ပေ။

“ဂျူနီယာညီလေးချောင်... မင်း ငါ့ကို လိမ်မပြောဘူးဆိုတာ သေချာလား။”

“ကျွန်တော်က စီနီယာအစ်ကို့ကို ဘယ်လိုလုပ် လိမ်ပြောရဲမှာလဲ”

ချောင်ရို့ချန်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။

ရှောင်ချန်းသည် ခေါင်းအသာ ညိတ်လိုက်ပြီး လင်းပင်အန်းဘက်သို့ လှည့်ကြည့်လိုက်၏။

“ဂျူနီယာညီလေးလင်း... တကယ်လို့ ငါ့ ဂျူနီယာညီလေးမှားသွားရင် မင်းက သူ့ကို ဘယ်လိုမျိုး တောင်းပန်စေချင်လဲ။”

ထိုစကားကြောင့် လင်းပင်အန်း၏ နှုတ်ခမ်းတွင် သရော်ပြုံးတစ်ခု ပေါ်လာသည်။

“အပြင်စည်းဂိုဏ်းရဲ့ ပထမရထားတဲ့သူက တကယ့်ကို တရားမျှတပါတယ်။ ဒါဆို ကျုပ်က ဒူးထောက်‌ တောင်းပန်လို့ပြောရင် အဲဒီကောင် ချောင်ရို့ချန်က တကယ်ပဲ တောင်းပန်မှာလား။”

ရှောင်ချန်းသည် လင်းပင်အန်း၏လေသံကို မကြိုက်သော်လည်း ပြန်ဖြေလိုက်သည်။

“လွန်လွန်ကျူးကျူး မဖြစ်သရွေ့တော့ ဂျူနီယာညီလေးချောင် သဘောတူအောင် ငါ လုပ်ပေးမယ်။”

“ဟက်”

လင်းပင်အန်းက နှာခေါင်းရှုံ့လိုက်သည်။

“သူတော်ကောင်းယောင်ဆောင်နေတာကို ရပ်လိုက်စမ်းပါ ရှောင်ချန်းရာ။ ကျုပ် ချောင်ရို့ချန်ကို ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ သူက ကျုပ်ခြေထောက်ကြားကနေ လေးဘက်ထောက်သွား ရမယ်။ မဟုတ်လို့ကတော့ နောက်တစ်ခါ သူ့ကို တွေ့တဲ့အချိန်ကျရင် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ပစ်မယ်။ ခင်ဗျားလည်း သူ့ကို ဒီနေ့တော့ ကာကွယ်ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ တစ်သက်လုံးတော့ မကာကွယ်နိုင်ဘူး။”

ထိုစကားများ ထွက်လာသည့်အခိုက် လင်းပင်အန်း၏ ဘေးမှ တပည့်များသည်ပင် ဆွံ့အသွားကြသည်။

‘ဒီကောင် ရူးသွားပြီလား။ သူက စီနီယာအစ်ကိုရှောင်ကို အဲဒီလိုကြီး ပြောရဲတယ်ပေါ့။ သေချင်နေတာလား။ ငါတို့တော့ မသေချင်သေးဘူးနော် ဟျောင့်ရေ။ ကျေးဇူးပဲ။’

ဝမ်တောက်ကျောင်းတော်သည် အတွင်းပဋိပက္ခများကို တားမြစ်ထားသော်လည်း အကယ်၍ ရှောင်ချန်းက သူတို့ကို ယခု ရိုက်နှက်လိုက်ပြီး နောက်မှ အကြောင်းပြချက် ပေးလာလျှင် ကျောင်းတော်၏မည်သူကမျှ သူတို့ဘက်မှ ရပ်တည်ပေးလိမ့်မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူတို့က အရင်စခဲ့တာပေ။

ရှောင်ချန်းသည် မျက်မှောင်ကြုတ်ပြီး သူ၏ အကြည့်များသည် အေးစက်သွားတော့၏။ထိုအကြည့်တစ်ချက်တည်းနှင့်တင် လူအုပ်ကြီးမှာ ဆံပင်များ ထောင်ထသွားသကဲ့သို့ ခံစားလိုက်ရသည်။

လွန်ခဲ့သည့် နှစ်ဝက်အတွင်းမှာ သူသည် မရေတွက်နိုင်သော သေရေးရှင်ရေး တိုက်ပွဲများကို ဖြတ်သန်းခဲ့သည်။

သူ၏ ဓားသည် အသက်ပေါင်းများစွာကို ခြွေယူခဲဲ့ပေသည်။

ထိုကြောင့်ပင် သတ်ဖြတ်ခြင်းနတ်ဘုရားဝတ်ရုံနက် ဟူသော အမည်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“မင်း ငါ့ကို စိန်ခေါ်နေတာလား။”

လင်းပင်အန်းက မထီမဲ့မြင် ပြန်ပြောသည်။”ကျုပ်က အမှန်တရားကို ပြောနေတာ။ တကယ်လို့ စီနီယာအစ်ကိုရှောင်က အားနည်းတဲ့သူတွေကို အနိုင်ကျင့်ချင်တယ်ဆိုရင်လည်း ခံရမှာပေါ့။”

သူသည် ယခုအချိန်တွင် ရှောင်ချန်းကို မနိုင်နိုင်သေးသော်လည်း သူ့တွင် ကိုယ်ပိုင် ဝှက်ဖဲ ရှိသည်။ လွန်ခဲ့သော သုံးလခန့်က လေ့ကျင့်ရေးခရီးတစ်ခုအတွင်း လက်စွပ်တစ်ကွင်းကို ရရှိခဲ့သည်။

ထိုလက်စွပ်အတွင်း၌ အထွတ်အထိပ်တည်ရှိမှုတစ်ခုက ရှိနေသည်။ ထိုပုဂ္ဂိုလ်၏ လမ်းညွှန်မှုကို ရရှိပြီးနောက် သူ၏ ကျင့်ကြံခြင်းသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ထိုကဲ့သို့ ဆရာသမားတစ်ဦး နောက်ကွယ်မှာ ရှိနေသဖြင့် ရှောင်ချန်းက တိုက်ခိုက်လာလျှင်ပင် ဘေးကင်းစွာ ထွက်ပြေးနိုင်မည်ဟု ယုံကြည်ပေသည်။

ဝမ်တောက်ကျောင်းတော်သို့ ပြန်ရောက်သွားလျှင် ရှောင်ချန်းသည် သူ့ကို တိုက်ခိုက်ရဲ‌တော့မည် မဟုတ်ပေ။

‘သူနဲ့အတူ လိုက်လာတဲ့ အဖွဲ့ကိုတော့ ဂရုစိုက်စရာမလိုဘူး။’

လင်းပင်အန်းသည် ငတုံး မဟုတ်ပေ။ ထိုကောင်များသည် မီးလောင်ရာ လေပင့်နေကြသူများသာ ဖြစ်ကြောင်း သိပါသည်။

အကယ်၍ သူတို့ အရိုက်ခံရလျှင် ၎င်းမှာ သူတို့၏ အပြစ်သာ ဖြစ်ပေလိမ့်မည်။

“ဟက်။”

ရှောင်ချန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ငါ ရှောင်ချန်းက အားနည်းတဲ့သူတွေအပေါ် ဘယ်တော့မှ ဓားမတင်ဘူး။ ဒီနေ့ မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ မင်းရဲ့ ဓားကို ယူပြီး ဒီကနေ ထွက်သွားမလား ဒါမှမဟုတ် ငါ့ကို အနိုင်ယူပြီး ချောင်ရို့ချန်ကို စိတ်ကြိုက် လုပ်မလား။”

‘ငါ လောင်းကြေးထပ်တာ မှန်သွားပြီ။’

လင်းပင်အန်းသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ရှောင်ချန်းမှာ ကောလာဟလများအတိုင်းပင် ဂုဏ်သိက္ခာကို အလွန်အလေးထားသော လူတစ်ဦး ဖြစ်သည်။

“စီနီယာအစ်ကိုရှောင်... ကျုပ် စီနီယာ့ကို မယှဉ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ ဒီနေ့တော့ ကျုပ် အရှုံးပေးပါတယ်။ ဒါပေမဲ့ စီနီယာ ကျုပ်ကို အချိန်(၂)နှစ်ပေးရဲလား။ နောက်နှစ်နှစ်နေရင် ကျုပ် စီနီယာ့ကို စိန်ခေါ်မယ်။”

“မင်းက စီနီယာအစ်ကိုရှောင်ကို စိန်ခေါ်ဖို့ အရည်အချင်း မရှိဘူး။ တစ်နှစ်ပဲ။ နောက်တစ်နှစ်နေရင် ငါတို့ နှစ်ယောက် တိုက်ခိုက်ကြမယ်။ ငါတို့ရဲ့ရန်ကြွေးကို အဲဒီမှာပဲ အဆုံးသတ်ကြ‌တာပေါ့။”

ချောင်ရို့ချန်သည် ရှောင်ချန်း၏ အနောက်က ထွက်လာပြီး ပြတ်သားစွာ ပြောလိုက်သည်။

ဆိုရိုးတစ်ခု ရှိပါသည်။ ‘ဒီဟာလေးကိုတောင်သည်းခံနိုင်ရင် တခြား ဘယ်ဟာကို သည်းမခံနိုင်ရမှာလဲ။’

သူသည် ဖိအားမရှိဘဲ ပေါ့ပျက်ပျက်နေတတ်သည့် လူပျင်း တစ်ယောက်အဖြစ်သာ ရှင်သန်ချင်ခဲ့သည်။

သို့သော် အကြောင်းအရာများစွာ ဖြစ်ပျက်ပြီးနောက် သူ နားလည်သွားခဲ့၏။ အင်အားမရှိလျှင် ဘယ်ကိုသွားသွား အနိုင်ကျင့်ခံရပေမည်။

လူတွေက သူ့ကို စော်ကားတာကို ဂရုမစိုက်ပေ။ သို့သော် သူ၏ စီနီယာအစ်ကိုနှင့်ဆရာတို့ကို စော်ကားခြင်းကို လုံးဝ လက်မခံနိုင်ပေ။

ယနေ့တွင်လည်း သူ့ကြောင့်သာ သူ၏ စီနီယာအစ်ကိုမှာ မောက်မာသည့် ငတုံးကောင်၏ စော်ကားမှုကို ထပ်ခါထပ်ခါ ခံနေရသည်။

အရာအားလုံးမှာ သူ အားနည်းနေသောကြောင့် ဖြစ်သည်။

အကယ်၍ သူသာ လုံလုံလောက်လောက် သန်မာခဲ့လျှင် ထိုလူများသည် သူ့ကို စိန်ခေါ်ရဲကြမည် မဟုတ်ပေ။

၎င်းကို ကြားလိုက်ရသည့်အခါ ရှောင်ချန်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ပြုံးယောင်သန်းသွားခဲ့သည်။ ထိုရလဒ်ကို သူ အလွန် ကျေနပ်မိသည်။

လွီယွဲ့အာသည် ရှောင်ချန်း၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသည့်အခါ အမှန်တရားကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဝတ်ရုံနက်ဟု အမည်တွင်ထားသည့်သူက သာမန် အပြင်စည်းတပည့်လေး တစ်ယောက်အတွက်ဖြင့် ထိုမျှလောက်အထိ သည်းခံနေစရာ အကြောင်းမရှိပေ။

စီနီယာအစ်ကိုက ချောင်ရို့ချန်၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးပြီး သူ့ကိုယ်သူ ပြန်လည် တည့်မတ်နိုင်အောင် စီစဉ်ထားခြင်းပေ။

ချောင်ရို့ချန်၏ စကားများကြောင့် တစ်ဖက်မှ တပည့်များသည် မှင်တက်သွားကြသည်။

လင်းပင်အန်းပင်လျှင် အငိုက်မိသွားခဲ့သည်။ သူ၏ မူလရည်ရွယ်ချက်မှာ ချောင်ရို့ချန်ကို နင်းခြေပြီး နာမည်ဂုဏ်သတင်းကို မြှင့်တင်ရန်နှင့် ရှောင်ချန်းကို စိန်ခေါ်ပြီး အတွင်းစည်းဌာနတွင် နေရာတစ်ခု ရရှိရန်သာ ဖြစ်သည်။

“ကောင်းပြီလေ။ မင်း ပြောတာနော်။ နောက်တစ်နှစ်နေရင် သေခြင်းရှင်ခြင်းစင်မြင့် ပေါ်မှာ တွေ့ကြတာပေါ့။”

“သဘောတူတယ်။”

ချောင်ရို့ချန်သည် သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

“ငါတို့ သွားကြစို့။”

ယခုအခါ ချောင်ရို့ချန်က စိန်ခေါ်မှုကို လက်ခံလိုက်ပြီဖြစ်ရာ လင်းပင်အန်းသည် ထပ်မံ၍ ဖိအားမပေးနိုင်တော့သလို ရှောင်ချန်းကိုလည်း စိန်မခေါ်ရဲတော့ပေ။

သူ့နောက်မှ အပြင်စည်းတပည့်များသည်လည်း အမြန် လိုက်ပါသွားကြတော့သည်။

သူတို့ ရှောင်ချန်း၏ အမြင်မှ ပျောက်ကွယ်သွားသည်နှင့်။

မာပင်းက စကားဆိုလာသည်။ “ဂျူနီယာညီလေးလင်း... ဒီနေ့တော့ မင်းက ငါတို့ရဲ့ အမြင်ကို ဖွင့်ပေးလိုက်တာပဲ။ မင်းက စီနီယာအစ်ကိုရှောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့တောင် သတ္တိရှိတယ်။”

လင်းပင်အန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။ “ကျွန်တော်က တရားမျှတမှုအတွက် ရပ်တည်ခဲ့တာပါ။ စီနီယာအစ်ကိုရှောင်ကလည်း အကျိုးအကြောင်းမသိတဲ့သူ မဟုတ်ပါဘူး။”

၎င်းကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ အမူအရာများမှာ ပြောင်းလဲသွားသည်။ သူတို့၏ စိတ်ထဲတွင်မူ ယနေ့ ဖြစ်ပျက်ခဲ့သမျှကို နေရာအနှံ့ သို့ ပျံ့သွားအောင် မည်သို့ လုပ်ရမလဲ ဆိုသည်ကို စဉ်းစားနေကြတော့သည်။

“စီနီယာအစ်ကို... တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ကြောင့် အပြင်လူတွေရှေ့မှာ စီနီယာအစ်ကို မျက်နှာပျက်ရပြီ။”

ချောင်ရို့ချန်သည် အလွန်အမင်း ရှက်ရွံ့နေသည်။

ရှောင်ချန်းက သူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ “စိတ်ထဲ မထည့်နဲ့။ မင်း သတိပြန်ဝင်လာသရွေ့တော့ အဲဒါတွေကို ဂရုမစိုက်ဘူး။ အခု ပြန်ရောက်တာနဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တော့။”

ကျင့်ကြံခြင်းဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ချောင်ရို့ချန်သည် အံကြိတ်လိုက်သည်။

“ဒါဆိုရင် စီနီယာအစ်ကို၊ကိုပဲ အားကိုးရတော့မယ်။”

ရှောင်ချန်းက ခေါင်းယမ်းလိုက်သည်။ “ဟင့်အင်း။ ငါက မင်းကို သင်ပေးနိုင်တဲ့အထိ မသန်မာသေးဘူး။ ဆရာ့ဆီကိုပဲ သွား။ ဆရာက မင်းနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကျင့်စဉ်ကို ဖန်တီးပေးလိမ့်မယ်။”

၎င်းကို ကြားလိုက်ရသည့်အခါ ချောင်ရို့ချန်နှင့် လွီယွဲ့အာ နှစ်ဦးစလုံးသည် ရှောင်ချန်းကို အံ့ဩစွာ ကြည့်လိုက်ကြသည်။

ရှောင်ချန်းက ပြုံးလိုက်သည်။ “ဂျူနီယာညီလေးချောင်... မင်း ဆရာ့ရဲ့ ခွန်အားကို ကိုယ်တိုင် တွေ့လိုက်ရတဲ့အခါကျရင် ငါ ဘာကို ဆိုလိုတယ်ဆိုတာ နားလည်သွားလိမ့်မယ်။”

“ကောင်းပြီ။ ပြန်ကြတာပေါ့။”

ချောင်ရို့ချန်သည် ရှောင်ချန်း၏ နောက်သို့ လိုက်ကာ ဝမ်တောက်ကျောင်းတော်သို့ ပြန်လာခဲ့သည်။

“မင်းတို့ အားလုံး အတူတူ ပြန်လာကြတာလား။”

သောင်းပြောင်းပညာရပ်ဌာနအတွင်း၌

ချူဖုန်းသည် ထိုသုံးဦးကို အံ့ဩစွာ ကြည့်လိုက်သည်။

“ဆရာ့ကို တင်ပြရရင်...”

ရှောင်ချန်းသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ချူဖုန်းအား ပြောပြလိုက်သည်။

ဇာတ်လမ်းကို နားထောင်ပြီးနောက် ချူဖုန်းသည် တီးတိုး ရေရွတ်လိုက်သည်။

“ဘာလို့ မင်းတို့ နှစ်ယောက်က ရုတ်တရက်ကြီး ဗီလိန်တွေနဲ့ တူသွားရတာလဲ။”

‘စေ့စပ်ထားတဲ့သူ အလုခံရတယ်၊ အရှက်ရမှုတွေကို အောင့်အီးသည်းခံရတယ်၊ ကလဲ့စားချေဖို့ ပြန်လာ‌ ပေမဲ့ အင်အားကြီးတဲ့ စီနီယာအစ်ကိုကြီးက လမ်းပိတ်ထားတယ်၊ နောက်ပိုင်းမှာ ယှဉ်ပြိုင်ဖို့ သဘောတူလိုက်ကြတယ်။’

‘ဒီဇာတ်ကွက်က တကယ်ကို ရင်းနှီးလွန်းနေပြီ။’

‘ကြည့်ရတာ အခုကစပြီး အရာအားလုံးက ပိုပြီးတော့ ပျော်စရာ ကောင်းလာတော့မှာပဲ။’

သို့သော်ငြားလည်း ချူဖုန်းသည် မစိုးရိမ်ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်ချန်းသည် ဇာတ်လိုက် ပုံစံခွက်မျိုး ရှိနေသည့် လူတစ်ဦးပေ။

ရှောင်ချန်းနှင့် တခြားသူများသည်မူ ဇဝေဇဝါ ဖြစ်နေကြသည်။

လွီယွဲ့အာက ပြောလိုက်သည်။”စီနီယာ... ကျွန်မတို့ကို ရှင်းပြပေးပါဦး။”

ချူဖုန်းက ပြုံးလိုက်၏။ “ငါ ခန့်မှန်းကြည့်မယ်။ လင်းပင်အန်းက မကြာသေးခင်အထိတော့ ဘယ်သူမှ ဂရုစိုက်စရာမလိုတဲ့ လူတစ်ယောက်မလား။”

“ဆရာ ဘယ်လို သိတာလဲ။”

လွီယွဲ့အာသည် အံ့ဩသွားခဲ့သည်။ လင်းပင်အန်းသည် အမှန်တကယ်ပင် ဓားပညာဌာနတွင် အရေးမပါသည့်သူတစ်ဦးသာ ဖြစ်ခဲ့သည်။

လူအများက သူ့ကို သူ၏ စေ့စပ်ထားသူနှင့် ပတ်သက်ပြီး လှောင်ပြောင်ခဲ့ကြသေးသည်။

သို့သော် မကြာသေးခင်က အပြင်စည်းဂိုဏ်းပြိုင်ပွဲတွင် လင်းပင်အန်းသည် လူတိုင်းကို အံ့အားသင့်စေပြီး နောင်သုံးနှစ်အတွင်း ဓားပညာဌာန၏ ဌာနမှူး ဖြစ်လာနိုင်မည့် အလားအလာအရှိဆုံး တပည့်တစ်ဦး ဖြစ်လာခဲ့သည်။

ချူဖုန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။”ကြည့်ရတာ ငါ ခန့်မှန်းတာ မှန်ပုံရတယ်။ အဲဒီကောင်က ရှောင်ချန်းနဲ့ အမျိုးအစားတူပဲ။ ကံကြမ္မာရဲ့သားတော် တစ်ယောက်ပေါ့။ ရှောင်ချန်း... ကြည့်ရတာ မင်းရဲ့ အနာဂတ် ခြေနင်းကျောက်ကို တွေ့ပြီထင်တယ်။”

“ဒါကတော့ မဖြစ်နိုင်တာ။”

လွီယွဲ့အာသည် အံ့ဩနေဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးထဲတွင်မူ ရှောင်ချန်းသည် အသန်မာဆုံး ဖြစ်သည်။ လင်းပင်အန်းက ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။

ရှောင်ချန်းက မေးလိုက်သည်။ “ဆရာ... ဒါဆို ကျွန်တော်တို့ လင်းပင်အန်းကို ဘယ်လို ကိုင်တွယ်ရမလဲ။”

“အခွင့်အရေး ရရင်တော့ သတ်လိုက်။ သတိတော့ထားဦး။ ကံကြမ္မာရဲ့သားတော်တွေဆိုတာ သတ်ဖို့ တကယ်ကို ခက်ခဲတဲ့ လူစားမျိုးတွေ။ မင်း တကယ် လုပ်ချင်တယ်ဆိုရင် အရာအားလုံးကို အဆင်သင့် ပြင်ထားဖို့ လိုလိမ့်မယ်။ အကောင်းဆုံးကတော့သူ့ရဲ့ ကံကြမ္မာကို အပြီးတိုင် ဖြတ်တောက်ပစ်လိုက်တာပဲ။”

ချူဖုန်းသည် ကံကြမ္မာ၏သားတော် တစ်ဦးကို သတ်ရတာ သူ၏ ပုခုံးပေါ်မှ ဖုန်မှုန့်တွေကို ခါချသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောနေသည်။

ရှောင်ချန်းသည် သူ၏ ဆရာက လင်းပင်အန်းအပေါ် ရန်လိုနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ဆရာက ပြောလိုက်ပြီဖြစ်ရာ သူက လိုက်နာရမည်။

ယခုအခါ သူသည် သောင်းပြောင်းပညာရပ်ဌာန၏ စီနီယာအစ်ကိုကြီး ဖြစ်သည်။ဂျူနီယာညီလေးညီမ‌လေးများကို ကာကွယ်ပေးဖို့က သူ၏တာဝန်ပေ။

ထိုစဉ်မှာပင် ချောင်ရို့ချန်သည် ရုတ်တရက် ရှေ့သို့ တိုးလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ဆရာ... ကျွန်တော် ကျင့်ကြံချင်ပါတယ်။ ကျွန်တော့်ကို ကျင့်စဉ်တစ်ခုလောက်ပေးပါဗျ။”

All Chapters