ဆုံးဖြတ်လိုက်ပြီ။ သူခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရမယ်။
Vol. 3 Ch. 29
“ခွင့်ပြုတယ်။” ချူဖုန်းသည် စဉ်းစားမနေဘဲ သဘောတူလိုက်သည်။ သူက ချောင်ရို့ချန်ကို ပြန်ပြီးကျင့်ကြံချင်လာအောင် မည်သို့လုပ်ရမည်ဆိုသည်ကို စဉ်းစားနေခဲ့ခြင်းဖြစ်သည်။
မထင်မှတ်ထားသည်က လင်းပင်အန်းဆိုသည့် သကောင့်သားက သူ့ကို ကူညီပေးသွားလေသည်။
ဗီလိန်ဇာတ်ရုပ်ဖြစ်သည့်သူကို ပျိုးထောင်ပေးပြီး ကံကြမ္မာသားတော်ကို အနိုင်ယူခိုင်းခြင်းကလည်း စိန်ခေါ်မှုတစ်ခုဖြစ်သည်။
ရှောင်ချန်းမှလွဲ၍ လွီယွဲ့အာနှင့် ချောင်ရို့ချန် နှစ်ဦးစလုံးသည် ချူဖုန်းက အလွယ်တကူ သဘောတူလိုက်ခြင်းကြောင့် မှင်တက်သွားကြသည်။
လွီယွဲ့အာသည် ချူဖုန်းကို စိတ်ဝင်တစား ကြည့်နေမိသည်။ စီနီယာအစ်ကို ချီးမွမ်းထားသည့် ဆရာက စီနီယာအစ်ကိုချောင်ကို မည်သို့ လမ်းညွှန်ပေးမည်နည်းဆိုသည်ကို သိချင်နေသည်။
ချောင်ရို့ချန်က မသေချာမရေရာစွာ မေးသည်။
“ဆရာ... ကျွန်တော် တကယ်ပဲ လုပ်နိုင်ပါ့မလား။”
ယခုတလော ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက သူ၏ယုံကြည်မှုကို ပြိုကွဲသွားစေသည်။
ချူဖုန်းက ပြုံးကာ ဆိုသည်။ “ရို့ချန်... မှတ်ထားစမ်း။ ယောက်ျားတစ်ယောက်က ငါမလုပ်နိုင်ဘူးလို့ ဘယ်တော့မှ မပြောရဘူးကွ။”
ချောင်ရို့ချန်သည် ဆွံ့အသွားခဲ့သည်။ ‘ဆရာရယ် ကျွန်တော်က ဒီမှာ အလေးအနက် ပြောနေတာကို။ ဘာလို့ ရုတ်တရက်ကြီး လမ်းချော်သွားရတာလဲဗျ။’
လွီယွဲ့အာသည် တိတ်ဆိတ်စွာပင် အကြည့်လွှဲလိုက်၏။
ချူဖုန်းက ဆက်လက်၍ ပြောသည်။ “ရို့ချန်... ငါ့ကို ပြောစမ်း၊ မင်း ဘယ်လိုလမ်းစဉ်ကို ကျင့်ကြံချင်လဲ။ ဒါမှမဟုတ် မင်း ဘယ်နေရာမှာ အားသာလဲ”
ချောင်ရို့ချန်သည် အကြာကြီး စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။ “ဆရာ... ကျွန်တော့်မှာ အားသာချက် မရှိဘူး။ ကျွန်တော့်ရဲ့ ပါရမီကလည်း နိမ့်တော့ ဘယ်အရာမဆို တခြားသူတွေထက် ပိုကြာကြာ သင်ရတယ်။ ဆေးပညာဌာနမှာတုန်းကလည်း နည်းလမ်းမျိုးစုံ လေ့ကျင့်ဖူးတယ်။ နှစ်ကိုယ်တူကျင့်စဉ်တောင် ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်က မွေးကတည်းက တခြားသူတွေထက် ဒန်ထျန်းက သေးပြီး သွေးကြောတွေက ပိုကျယ်နေတာ။ ကျွန်တော် ဘယ်လိုပဲ လေ့ကျင့်ပါစေ ဒန်ထျန်းထဲမှာ စွမ်းအင်တွေ အများကြီး မသိုလှောင်နိုင်ဘူး။”
သူက ဆက်ပြောသည်။ “ကျွန်တော် သောက်တဲ့ ဆေးလုံးတွေတောင် သွေးကြောထဲမှာ လာပိတ်နေတယ်။ ပိုဆိုးသွားတာက ကျွန်တော် ကျင့်စဉ်တွေ အများကြီး လျှောက်လေ့ကျင့်တော့ အခု သွေးကြောတွေ အကုန် ပိတ်ကုန်ပြီ။ စစ်မှန်ကံကြမ္မာအဆင့်တစ်ပိုင်းက ကျွန်တော့်ရဲ့ အကန့်အသတ်ဖြစ်နေပြီ။ အဘိုးရွှမ်ဟော့တောင် ပြောတယ်။ မြင့်မြတ်ဆေးဝါးမျိုး မတွေ့သရွေ့တော့ ကျွန်တော် ဘယ်တော့မှ အဆင့်မတက်နိုင်တော့ဘူးတဲ့။”
စကားပြောနေရင်းနှင့် သူ၏အသံသည် တဖြည်းဖြည်း တိုးဝင်သွားသည်။ လင်းပင်အန်းနှင့်သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် တိုက်ခိုက်ရန် သဘောမတူခဲ့လျှင် သူသည် ကျင့်ကြံဖို့ကိုတောင် စဉ်းစားမိမှာ မဟုတ်ပေ။
ချူဖုန်းက တီးတိုး ရေရွတ်လိုက်သည်။”မင်းရဲ့ ခန္ဓာကိုယ်က တကယ့်ကို ဆေးအိုးကြီး တစ်လုံး ဖြစ်နေတာပဲ။ ကြည့်ရတာ ခပ်ကြမ်းကြမ်း နည်းလမ်းတစ်ခုခု သုံးဖို့ အချိန်တန်ပြီ ထင်တယ်။”
ခဏအကြာတွင် သူက မေးလိုက်၏။”မင်း အပင်ပန်း ခံနိုင်လား။”
“ဒါပေါ့ဆရာ။ ကျင့်ကြံလို့ ရမယ်ဆိုရင်တော့ ကျွန်တော် အပင်ပန်းခံပါ့မယ်။” ချောင်ရို့ချန်က ပြတ်သားစွာ ပြောလိုက်သည်။ သူသည် ရေနစ်နေသူတစ်ဦး ကြိုးကို လှမ်းဆွဲလိုက်ရသကဲ့သို့ပင် ရသမျှ အခွင့်အရေးကို လုံးဝ လက်မလွှတ်ပေ။
ချူဖုန်းသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “သွားနားတော့။ ခုနစ်ရက်အတွင်းမှာ မင်းရဲ့ ခန္ဓာကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကျင့်စဉ်တစ်ခု ပေးမယ်။”
လွီယွဲ့အာသည် အံ့ဩသွားသည်။ ‘စီနီယာက တကယ်ပဲ စွမ်းအားကြီးတာလား။ အဘိုးရွှမ်ဟော့တောင် မတတ်နိုင်တဲ့ကိစ္စကို၊ သူက လုပ်နိုင်တယ်လို့ ပြောနေတာလား။’
“ဟုတ်ကဲ့ပါ ဆရာ။” ချောင်ရို့ချန်က ပြန်ဖြေပြီး ထွက်သွားခဲ့သည်။
ထို့နောက် ချူဖုန်းသည် ရှောင်ချန်းဘက်သို့ လှည့်လိုက်သည်။ “မင်း ဒီတစ်ခေါက် စောစောပြန်လာတာ ကျင့်ကြံခြင်းမှာ ပြဿနာရှိလို့ မဟုတ်လား။”
လွီယွဲ့အာသည် နောက်တစ်ကြိမ် အံ့ဩသွားပြန်သည်။ စီနီယာအစ်ကိုက စကားတစ်ခွန်းမှ မပြောရသေးသော်လည်း စီနီယာက ပြဿနာကို သိနေသည်။
ရှောင်ချန်းသည် လေးစားစွာ ဦးညွှတ်လိုက်သည်။ “ဆရာ ခန့်မှန်းတာ မှန်ပါတယ်။ ပုံမှန်အတိုင်းသာဆိုရင် ကျွန်တော့်ရဲ့ ဓားဆန္ဒက အသေးစားအဆင့်ကို ရောက်သင့်နေပြီ။ ဒါပေမဲ့ တစ်ခုခု လိုနေသလိုမျိုး ခံစားနေရတယ်။ ကျွန်တော် အတားအဆီးတစ်ခုနဲ့ တွေ့နေတယ်ထင်တယ်။”
“မင်းရဲ့ ဓားကို အားကုန်သုံးပြီး လွှဲပြစမ်း။” ချူဖုန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဟုတ်ကဲ့။” ရှောင်ချန်းက ပြန်ဖြေသည်။ သူသည် ဓားရှည်ကို ဆွဲထုတ်ကာ ကောင်းကင်ယံသို့ လွှဲယမ်းလိုက်၏။
ဓားမြည်သံထွက်ပေါ်လာပြီး မီတာလေးဆယ်ခန့် ရှည်လျားသော ဓားချီက ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ယခုအခါ ချူဖုန်းသည် ဓားဆန္ဒကို မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိထားသူဖြစ်ရာ ပြဿနာကို အကြည့်တစ်ချက်တည်းနှင့် မြင်လိုက်ရသည်။
“ကဲ... အခု ငါ့ရဲ့ ဓားကို ကြည့်။” ချူဖုန်းက ဆိုသည်။
သူသည် လက်ညှိုးနှင့် လက်ခလယ်ကို မြှောက်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။
ဓားချီတစ်ခုမှာ ကောင်းကင်ယံသို့ မြင့်တက်သွားပြီး တိမ်တိုက်များကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။
လွီယွဲ့အာသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ‘စီနီယာချူကလည်း ဓားတစ်သောင်းတို့အပြန်ကို သိတာပဲလား။ဓားက ကြောက်စရာကောင်းတဲ့ ဓားဆန္ဒတွေနဲ့ ပြည့်နှက်နေတာပဲ။’
ဓားချက်ကို ကြည့်ပြီးနောက် ရှောင်ချန်းကမေးသည်။ “ဆရာ ဆရာ့ရဲ့ဓားက လမ်းစဉ်သဘောတရားတွေ ပါဝင်နေသလိုပဲ။”
“ဒါကို တာအိုလို့တော့ မသတ်မှတ်နိုင်သေးဘူး။” ချူဖုန်းက ရှင်းပြလိုက်သည်။ “ငါ မင်းကို အရင်က ပြောဖူးတယ်။ ဓားဆန္ဒဆိုတာ ဓားလမ်းစဉ်ရဲ့ ပထမဆုံး ခြေလှမ်းပဲရှိသေးတာ။ လူတိုင်းရဲ့ ဓားလမ်းစဉ်က မတူကြဘူး။ ဥပမာ ငါ့ရဲ့ ဓားလမ်းစဉ်က ပြိုင်ဘက်ကင်းဓားတာအိုပဲ။ နတ်ဘုရားတွေကို သုတ်သင်နိုင်သလို ဗုဒ္ဓတွေကိုလည်း ခုတ်ပိုင်းနိုင်တဲ့ ဓားမျိုး။”
သူသည် ရှောင်ချန်းကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ “မင်းကော ဘယ်လိုလမ်းစဉ်မျိုးကို လိုက်ချင်လဲဆိုတာ စဉ်းစားပြီးပြီလား။”
သူ၏ လေသံသည် ပေါ့ပေါ့ပါးပါး ရှိသော်လည်း ရှောင်ချန်းနှင့် လွီယွဲ့အာ နှစ်ဦးစလုံးသည် တုန်လှုပ်သွားခဲ့ကြသည်။
ရှောင်ချန်းသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး ဆိုသည်။ “ကျွန်တော် ပြိုင်ဘက်ကင်းဓားတာအိုကိုပဲ ကျင့်ကြံချင်ပါတယ်။”
ချူဖုန်းသည် ပြုံးလိုက်၏။ “ကောင်းတယ်။ ငါရဲ့ ပထမဆုံးတပည့်ဆိုတဲ့အတိုင်းပဲ။”
“ပြိုင်ဘက်ကင်းဓားတာအိုကို လေ့ကျင့်တာက ရိုးရှင်းသလို အရမ်းလည်း ခက်ခဲတယ်။ ပထမဆုံးအနေနဲ့မင်းမှာ ပြိုင်ဘက်ကင်းဓားနှလုံးသား တစ်ခု ရှိရမယ်။ ဘယ်လိုပြိုင်ဘက်မျိုးနဲ့ပဲ တွေ့တွေ့၊ မင်း လုံးဝ တုန်လှုပ်လို့ မဖြစ်ဘူး။ ပြီးတော့ မင်း ဓားတာအိုကို နားမလည်ခင်အထိ လုံးဝ မရှုံးရဘူး။ မင်းရဲ့ မျိုးဆက်ထဲက ပါရမီရှင်တွေ အားလုံးကို အနိုင်ယူနိုင်မှ ပြိုင်ဘက်ကင်းဓားဆန္ဒကို သိပ်သည်းနိုင်မှာ။”
ရှောင်ချန်းသည် နားထောင်လေ ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ တိုက်ပွဲပေါင်း တစ်ရာကို အနိုင်ယူပြီး အားလုံး၏အထက်မှာ ရပ်တည်ရခြင်းသည် သူ အမြဲတမ်း တောင့်တခဲ့သည့်ဓားလမ်းစဉ်ပေ။
သူက ပြတ်သားစွာ ပြောလိုက်သည်။”ဒီနေ့ကစပြီး ကျွန်တော် ပြိုင်ဘက်ကင်း ဓားလမ်းစဉ်ကို လျှောက်လှမ်းပါ့မယ်။”
“ကောင်းတယ်။ အရမ်းကောင်းတယ်။” ချူဖုန်းသည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
ဘေးနားတွင်မူ လွီယွဲ့အာသည် စိတ်ကို ထိန်းချုပ်လိုက်ပြီး သတိထားကာ မေးလိုက်သည်။ “စီနီယာ... ကျွန်မကိုလည်း လမ်းညွှန်ပေးလို့ ရမလားရှင့်။”
ချူဖုန်းက သဘောတူလိုက်သည်။ “ရတာပေါ့။ မင်းရဲ့ ဓားကို အားကုန် ထိုးပြ။”
“ဟုတ်ကဲ့ပါ။” လွီယွဲ့အာသည် ချူဖုန်းကို ဦးညွှတ်လိုက်ပြီး သူမ၏ ဓားကို ဆွဲထုတ်ကာ ကောင်းကင်ယံသို့ ထိုးလိုက်သည်။
ထိုဓားချက်တွင် အားနည်းသော ဓားဆန္ဒ ပါဝင်နေသော်လည်း ရှောင်ချန်းနှင့် မတူသည်မှာ သူမ၏ ဓားချက်သည် ထူးခြားသည့် ရေခဲစွမ်းအင် အရိပ်အငွေ့များ ပါဝင်နေသည်။
ချူဖုန်းသည် စဉ်းစားဟန်ဖြင့် သူ၏ မေးစေ့ကို ပွတ်လိုက်သည်။ အတန်ကြာသောအခါ သူက ပြောလိုက်သည်။”မင်းရဲ့ ဓားဆန္ဒမှာ ရေခဲစွမ်းအင်တွေ ပါဝင်နေတယ်။ လေ့ကျင့်လို့ရမဲ့ နည်းလမ်းနှစ်ခုတော့ ရှိတယ်။ တစ်ခုက အအေးဓာတ်စမ်းချောင်းထဲမှာ ဓားဆန္ဒကို လေ့ကျင့်တာပဲ။ နောက်တစ်ခုက ယင်ဓာတ်များတဲ့ နေရာကို ရှာပြီး အဲဒီမှာ ဓားရေး လေ့ကျင့်ဖို့ပဲ။ နှစ်ခုစလုံးက မင်းရဲ့ ဓားဆန္ဒကို ပိုပြီးမြန်မြန် နားလည်အောင် ကူညီပေးလိမ့်မယ်။”
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ” လွီယွဲ့အာက ဝမ်းသာအားရ ပြောဆိုကာ နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်နေစရာ မလိုပါဘူး။ မင်းက ရှောင်ချန်းရဲ့ ဂျူနီယာညီမလေးပဲ။” ချူဖုန်းက ရှောင်ချန်းကို အဓိပ္ပာယ်ပါပါ ကြည့်ရင်း ပြန်ပြောလိုက်သည်။
‘ရှောင်ချန်း... မင်း ဘယ်တော့မှ ဒီညီမလေးကို မင်းရဲ့ တာအိုအဖော်အဖြစ် ပြောင်းပြီး သောင်းပြောင်းပညာရပ်ဌာနအတွက် နောက်ထပ် တပည့်တစ်ယောက် ခေါ်လာပေးမှာလဲ။’
လွီယွဲ့အာသည် စီနီယာ၏ အကြည့်ကို သတိထားမိသွားပြီး ပါးပြင်မှာ အနည်းငယ် နီမြန်းသွားသည်။ သူမသည် စီနီယာအစ်ကိုကို ခိုးကြည့်လိုက်မိ၏။
ကံမကောင်းစွာဖြင့် ရှောင်ချန်းသည် ဘာမှမဖြစ်သကဲ့သို့ ပြုမူနေပြီး တုံ့ပြန်မှု မရှိပေ။
‘ငါ ပိုပြီး ကြိုးစားရမယ်။ တစ်နေ့ကျရင် စီနီယာအစ်ကို့ရဲ့ နှလုံးသားထဲမှာ နေနိုင်ရမယ်။’
ရှောင်ချန်းက ဆိုသည်။ “ဆရာ... ကျွန်တော် ချက်ပြုတ်လိုက်ဦးမယ်။ ဒီတစ်ခေါက် တန်ဖိုးကြီး ပါဝင်ပစ္စည်းတွေ အများကြီး ယူလာခဲ့တယ်။”
“သွားလေ။” ချူဖုန်းသည် လက်ဝေ့ယမ်းပြလိုက်ပြီးချောင်ရို့ချန်အတွက် ကျင့်စဉ်တစ်ခု ရေးဆွဲရန် သူ၏ အခန်းသို့ ပြန်သွားသည်။
…
ညက နက်လာသည်။
သောင်းပြောင်းပညာရပ်ဌာန၏ ပင်မခြံဝင်းအတွင်း၌ မီးအလင်းရောင်များမှာ တောက်ပနေဆဲ ဖြစ်သည်။
ချူဖုန်းသည် လက်ဖက်ရည်ခွက်ကို လှည့်ပတ်နေရင်း ရို့ချန်အတွက် မည်ကဲ့သို့ ကျင့်စဉ်မျိုးကို ရေးပေးရမလဲဆိုသည်ကို အလေးအနက် စဉ်းစားနေမိသည်။
စာရေးစားပွဲပေါ်တွင် စာရွက်များစွာ ပြန့်ကျဲနေခဲ့သည်။
သူသည် ဓား၊ ဓားမကြီးနှင့် မန္တာန်အခြေပြု ကျင့်စဉ်များကို ပယ်ချပြီးသား ဖြစ်သည်။
ချောင်ရို့ချန်၏ ခန္ဓာကိုယ်အတွင်းရှိ ရှုပ်ထွေးနေသော စွမ်းအားများကို ဖယ်ရှားရန်အတွက် ရိုးတွင်းခြင်ဆီဆေးကြောခြင်းကျမ်း ကို ပြုပြင်မွမ်းမံပြီး ပေးဖို့ စဉ်းစားခဲ့သေးသည်။
သို့သော် ထိုနည်းစနစ်မှာ အလွန်မြင့်မားသော နားလည်နိုင်စွမ်း လိုအပ်သည်။ ၎င်းမှာ ချောင်ရို့ချန်တွင် မရှိသောအရာပင်။
‘ပါရမီမရှိ၊ ပျက်စီးနေတဲ့ သွေးကြောနဲ့သူအတွက် ဘယ်လို ကျင့်စဉ်မျိုးကို ဖန်တီးပေးရမလဲ။’
‘ဒီကလေးကို လူသားဆေးလုံးတစ်လုံးအဖြစ် ပြန်သန့်စင်ပေးလို့လည်း မရဘူး။’
‘နေဦး။ပြန်သန့်စင်တာ.... ဟုတ်သား...ခန္ဓာကိုယ်သန့်စင်ခြင်းပဲ။’
‘ခန္ဓာကိုယ်ကျင့်ကြံခြင်းနဲ့ဆိုင်တဲ့ ကျင့်စဉ်မျိုး ပေးလိုက်ရင်ရော။’
‘ဆုံးဖြတ်လိုက်ပြီ။ သူ ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရမယ်။’
ချူဖုန်းသည် စိတ်ကူးသစ်တစ်ခု ရရှိသွားသည်။ သူ စုတ်တံကို ကောက်ကိုင်လိုက်သည့် အချိန်မှာပင် တံခါးအပြင်ဘက်တွင် လူရိပ်တစ်ခု တိတ်ဆိတ်စွာ ပေါ်လာခဲ့သည်။
လက်ရှိ နှစ်တစ်ရာ ကျင့်ကြံခြင်းဖြင့် သောင်းပြောင်းပညာရပ်ဌာနအတွင်းရှိ မည်သည့်အရာမှ သူ၏ အာရုံမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
သူသည် ထိုလာရောက်သူကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် တံခါးအပြင်ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“သူငယ်ချင်းလေးချူ... ဒီလူအိုကြီးရွှမ်ဟော့က ညသန်းခေါင်ကြီး မဖိတ်ဘဲ ရောက်လာမိပြီ။ မင်း စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်။”