← Chapters

ဖရိုဖရဲခန္ဓာကိုယ်ကျင့်စဉ်

Vol. 3 Ch. 30

ဖရိုဖရဲခန္ဓာကိုယ်ကျင့်စဉ်

Vol. 3 Ch. 30

‘ဆေးဘုရင် ရွှမ်ဟော့ ပါလား။’

ချူဖုန်းသည် ထိုအသံကို ကြားလိုက်ရသည့်အခါ ခဏမျှရပ်တန့်သွား၏။ထို့နောက် တံခါးဖွင့်ကာ လူအိုကြီးကို အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

“စီနီယာ ထိုင်ပါဦး။”

“မထိုင်တော့ဘူး။” ဆေးဘုရင် ရွှမ်ဟော့က မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

၎င်းက ချူဖုန်းကို ဇဝေဇဝါ ဖြစ်သွားစေသည့်အတွက် လက်သီးဆုပ်ကာ မေးလိုက်၏။ “ညသန်းခေါင်ကြီး စီနီယာ ဘာကိစ္စများ ရှိလို့လဲ။”

“ဖုန်းလေး... ငါ ရို့ချန်ကို မင်းလက်ထဲ အပ်ခဲ့တုန်းကမင်း သူ့ကို သေသေချာချာ လမ်းညွှန်ပေးလိမ့်မယ်လို့ ထင်ထားတာ။ မင်း သူ့ကို ဆူတာပဲဖြစ်ဖြစ်၊ ရိုက်တာပဲဖြစ်ဖြစ် ငါ ဘာမှမပြောဘူး။ ဒါပေမဲ့ အခုတော့ မင်းက သူ့ကို အရက်တွေသောက်ပြီး မူးရူးနေအောင် သူများတွေရဲ့ အနိုင်ကျင့်တာ ခံနေရအောင် လွှတ်ထားတယ်ပေါ့။ မင်းက ဘယ်လို ဆရာမျိုးလဲကွ။” ဆေးဘုရင် ရွှမ်ဟော့သည် ပြောရင်းပြောရင်းနှင့် ပို၍ ဒေါသထွက်လာကာ ထိုကလေးကို အခုချက်ချင်း ပြန်ခေါ်သွားချင်စိတ်တောင် ပေါက်နေမိသည်။

ချူဖုန်းသည် ၎င်းကို ကြားလိုက်ရသည့်အခါ ရယ်မောလိုက်သည် “စီနီယာက ရို့ချန်ကို ဂရုမစိုက်တော့ဘူးလို့ ထင်နေတာ။သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာပဲ။ ဒါဆို အရင်တုန်းက ဘာလို့ သူ့ကို ရှောင်နေခဲ့တာလဲ။”

ဆေးဘုရင် ရွှမ်ဟော့က ဆိုသည်။ “မင်း သူ့ကို လေ့ကျင့်ခိုင်းတဲ့ ဒဏ်ကို မခံနိုင်လို့ ငါ့ဆီလာပြီး ငိုပြရင် ငါက စိတ်ပျော့သွားမှာ စိုးလို့ကွ။ အဲဒါကြောင့် သူ့ကို ရှောင်နေခဲ့တာ။”

ချူဖုန်းက ပြုံးလျက် ပြောသည် “စီနီယာက ကလေးထိန်းတာ တကယ် တော်တာပဲ။”

“.....” ဆေးဘုရင် ရွှမ်ဟော့က ဇဝေဇဝါဖြင့် ကြည့်လာသည်။ “မင်းက ငါ မေးတာကို မဖြေဘဲ မြှောက်နေတာလား။”

ချူဖုန်းက တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။ “စီနီယာ... ရှေးလူကြီးတွေပြောတာ ရှိတယ်လေ။ ကောင်းကင်ဘုံက လူတစ်ယောက်ကို ကြီးမြတ်တဲ့ တာဝန်တွေ ပေးတော့မယ်ဆိုရင် အရင်ဆုံး အဲဒီလူရဲ့ စိတ်ကို ဒုက္ခပေးမယ်၊ ခန္ဓာကိုယ်ကို နွမ်းနယ်စေမယ်၊ ဆာလောင်စေမယ်၊ ပြီးရင် ဆင်းရဲတွင်းထဲကို ပစ်ချလိမ့်မယ် တဲ့။ ရို့ချန်က သူများနောက် ရောက်နေတာ ကြာလှပြီ။ သူ့ရဲ့ စိတ်ဓာတ်ကလည်း မရင့်ကျက်သေးဘူး။ တကယ်လို့ ကျွန်တော်က သူ့ကို အကောင်းဆုံး ကျင့်စဉ်တွေ ပေးပြီး စစ်မှန်ကံကြမ္မာအဆင့်အထိ ရောက်အောင် လုပ်ပေးလိုက်ရင်တောင် သူက သိပ်ပြီး ဝေးဝေးရောက်မှာ မဟုတ်ဘူး။”

“သူက ဘဝရဲ့ လောကဓံတွေကို ကိုယ်တိုင်ကြုံတွေ့ရရင် ခွန်အားကပဲ တစ်ခုတည်းသော အဖြေဆိုတာကို နားလည်သွားမှာ။ အဲဒါမှ သူက တကယ် ရင့်ကျက်မှာ။ အဲဒါကပဲ အောင်မြင်မှုဆီကို သွားနိုင်မယ့် တစ်ခုတည်းသော လမ်းပဲ။ အမှန်အတိုင်း ပြောရရင် ဒီနေ့ပဲ ရို့ချန်က ကျွန်တော့်ဆီကို သူ့ဘာသာသူ လာပြီး ကျင့်ကြံချင်တယ်လို့ ပြောခဲ့တယ်။”

ဆေးဘုရင် ရွှမ်ဟော့သည် အမှန်တကယ်တွင် မြေးကိုအလိုလိုက်တတ်သော အဘိုးကြီးတစ်ဦးသာ ဖြစ်ပြီး အကျိုးအကြောင်းမသိတတ်သူ မဟုတ်ပေ။ ထိုစကားကို ကြားပြီးနောက် သူသည် စဉ်းစားဟန်ဖြင့် ငြိမ်ကျသွားသည်။

“ဒါဆို မင်းပြောပုံအရ အခု ရို့ချန်က ကျင့်ကြံဖို့ စိတ်အားထက်သန်နေပြီဆိုတော့ သူက အောင်မြင်မှုဆီသွားတဲ့လမ်းပေါ်ကို ရောက်နေပြီပေါ့။”

“ဒါပေါ့။” ချူဖုန်းက ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ ကျွန်တော့်ဆီမှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ လိုနေသေးတယ်။ စီနီယာက နည်းနည်းလောက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

‘ရို့ချန်အတွက် ကျင့်ကြံဖို့နေရာကို ဘယ်လိုရှာရမလဲဆိုတာ ခုနလေးတင် စဉ်းစားနေတာ။ အခု ဆေးဘုရင် ရွှမ်ဟော့က အိမ်အထိ လာပို့ပေးတာပဲ။ အလကားရမဲ့ အရင်းအမြစ်တွေကိုတော့ လက်လွှတ်စရာ အကြောင်းမရှိဘူး။’

“ပြော။ ငါ့ရဲ့ လုပ်ပိုင်ခွင့်ထဲက ဆိုရင်တော့ လုပ်ပေးမယ်။” ဆေးဘုရင် ရွှမ်ဟော့က လောလောဆယ်တွင် ချူဖုန်းကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပြီး သဘောတူလိုက်သည်။

“ကျွန်တော် မြေကမ္ဘာမီးလျှံ လိုချင်တယ်။ ဆေးပညာဌာနရဲ့ ဌာနမှူးအနေနဲ့ဆိုရင် မီးသွေးကြောတစ်ခု ရှာပေးဖို့က စီနီယာအတွက် မခက်ခဲဘူး မဟုတ်လား။” ချူဖုန်းက ပြောသည်။

ဆေးဘုရင် ရွှမ်ဟော့က ဆိုသည်။ “အဲဒါ ပြဿနာ မဟုတ်ဘူး။ မင်းရဲ့ သောင်းပြောင်းပညာရပ်ဌာနအောက်မှာ ရှိတဲ့ မီးသွေးကြောကို ငါ နှိုးပေးမယ်။ဒါဆို သုံးရက်အတွင်း မြေကမ္ဘာမီးလျှံကို ဆွဲထုတ်လ်ို့ရပြီ။”

“ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ။” ချူဖုန်းသည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်နေစရာ မလိုဘူး။ နောက်တစ်ခါ အပြင်စည်းဂိုဏ်း ပြိုင်ပွဲမှာ ရို့ချန်ကို ပထမ ရစေချင်တယ်။” ဆေးဘုရင် ရွှမ်ဟော့က သူ၏ ကိုယ်ပိုင် သတ်မှတ်ချက်ကို ထည့်ပြောလိုက်သည်။

ချူဖုန်းက ပြောလိုက်သည်။”ဘာလို့ အဲဒီလောက်အထိ စောင့်နေမှာလဲ။ ရို့ချန်ကို တစ်နှစ်အတွင်းမှာ စစ်မှန်ကံကြမ္မာအဆင့် ရောက်အောင် ကျွန်တော် လုပ်ပေးမယ်။ သူ နောက်လာမဲ့ အတွင်းစည်းဂိုဏ်း ပြိုင်ပွဲကိုတောင် မီဦးမှာ။”

“မင်း တကယ် ပြောနေတာလား။” ဆေးဘုရင် ရွှမ်ဟော့၏ လေသံမှာ သိသိသာသာပင် စိတ်လှုပ်ရှားသွားသည်။

ချောင်ရို့ချန်မှာ ဘယ်လိုမျိုး ခန္ဓာကိုယ်မျိုး ရှိလဲဆိုတာ သူ့ထက် ပိုသိတဲ့သူ မရှိပေ။ သုံးနှစ်အတွင်း စစ်မှန်ကံကြမ္မာအဆင့် ရောက်သွားရင်တောင် တော်တော်လေး ကောင်းမွန်တယ်လို့ သတ်မှတ်ရမှာ ဖြစ်သည်။

ချူဖုန်းက ယုံကြည်ချက်အပြည့်ဖြင့် ဖြေသည်။ “အမျိုးကောင်းသားတစ်ယောက်ရဲ့စကားက ရွှေတစ်ထောင်ထက်ပိုတန်ဖိုးရှိတယ်။”

“ကောင်းပြီလေ။ တကယ်လို့ မင်းသာ ရို့ချန်ကို တစ်နှစ်အတွင်း စစ်မှန်ကံကြမ္မာအဆင့် ရောက်အောင် လုပ်ပေးနိုင်ရင် သောင်းပြောင်းပညာရပ်ဌာနအတွက် အတွင်းစည်းတပည့် နေရာခွဲတမ်းတချို့ရအောင် စီစဉ်ပေးမယ်။”

“သဘောတူတယ်။” ချူဖုန်းက ကျေနပ်အားရစွာ ပြုံးလျက် ပြောလိုက်သည်။ သောင်းပြောင်းပညာရပ်ဌာနတွင် အတွင်းစည်း အဆင့်အတန်းသာ ရှိလာလျှင် တပည့်များပိုပြီး ဆွဲဆောင်နိုင်ပေမည်။

“စကားပြောတာ တော်ပြီ။ ငါ အကြာကြီး မနေတော့ဘူး။ သွားတော့မယ်။” ထိုသို့ပြောပြီးနောက် ဆေးဘုရင် ရွှမ်ဟော့သည် လှည့်ထွက်သွားသည်။

ချူဖုန်းသည် ထိုသူ၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် တံခါးကို ပေါ့ပေါ့ပါးပါးပင် ပိတ်လိုက်၏။ ထို့နောက် သူ၏ စာရေးစားပွဲသို့ ပြန်သွားပြီး နောက်တစ်ကြိမ် စတင် ရေးသားတော့သည်။

ဖယောင်းတိုင်မီးအောက်တွင် စာရွက်ပေါ်၌ စာလုံးငါးလုံး ပေါ်လာခဲ့သည်။

ဖရိုဖရဲခန္ဓာကိုယ်ကျမ်း။

၎င်းကျင့်စဉ်က ချူဖုန်း ယခင်ဘဝက ဖတ်ခဲ့ဖူးသည့် စိတ်ကူးယဉ် ဝတ္ထုများထဲက ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းလမ်းများကို ပေါင်းစပ်ပြီး ဖန်တီးထားသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။

ဖရိုဖရဲခန္ဓာကျမ်းကို အထက်ပိုင်းနှင့် အောက်ပိုင်းဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။

အထက်ပိုင်းမှာ ဓာတ်ကြီးငါးပါးခန္ဓာကိုယ်ကျင့်ကြံခြင်း ဖြစ်ပြီး၊ အောက်ပိုင်းမှာတော့ ယင်ယန်ခန္ဓာကိုယ်ကျင့်ကြံခြင်း ဖြစ်သည်။

ဓာတ်ကြီးငါးပါးခန္ဓာကိုယ်ကျင့်ကြံခြင်းက မိုးမြေ၏ ဓာတ်ကြီးငါးပါး စွမ်းအားကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်ခြင်း ဖြစ်သည်။

ယင်ယန်ခန္ဓာကိုယ်ကျင့်ကြံခြင်းကတော့ လောကကြီး၏ အန္တိမယင်ယန် စွမ်းအားများကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်ခြင်း ဖြစ်သည်။

ထိုညမှာပဲ ချူဖုန်းသည် အချိန်အတော်ကြာအောင် ပြင်ဆင်မွမ်းမံပြီး ဖရိုဖရဲခန္ဓာကျမ်း၏ ပုံစံအသစ်ကို အပြီးသတ်နိုင်ခဲ့သည်။

သူသည် ပြတင်းပေါက်မှ တိုးဝင်လာသော နေရောင်ခြည်ကို တစ်ချက်ကြည့်ပြီး ကိုယ်လက်ဆန့်လိုက်သည်။ ထို့နောက် လျင်မြန်စွာ ဆေးကြောသန့်စင်ပြီး အနားယူရန်အတွက် ကုတင်ပေါ်သို့ လှဲချလိုက်သည်။

နှစ်ရက်အကြာ၊ သန်းခေါင်ကျော် အချိန်တွင်။

သောင်းပြောင်းပညာရပ်ဌာန၏ တောင်အနောက်ဘက်မှ ရုတ်တရက် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။

ဌာနတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည့်အတွက် အိပ်ပျော်ကာစ ရှိသေးသော ချူဖုန်းမှာ လန့်နိုးသွားသည်။

“ဘာတွေ ဖြစ်ကုန်တာလဲဟ။”

‘ငလျင်လှုပ်တာလား။’

သူသည် အဝတ်အစားများကို အမြန်ဝတ်ဆင်ကာ ဘာဖြစ်သွားလဲဆိုသည်ကို စစ်ဆေးရန် ပြေးထွက်လာလိုက်သည်။

သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်သည့်အခါ တောင်အနောက်ဘက်မှ ပြင်းထန်သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။

‘ဆေးဘုရင် ရွှမ်ဟော့က မြေကမ္ဘာမီးလျှံကို ဆွဲထုတ်ပြီးသွားပြီလား။’

သူသည် ထိုနေရာသို့ အပြေးသွားကြည့်လိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ဆေးဘုရင် ရွှမ်ဟော့သည် ထိုနေရာတွင် ရပ်နေသည်။

“စီနီယာ။” ချူဖုန်းက နှုတ်ဆက်လိုက်သည်။

“မြေကမ္ဘာမီးလျှံကို ဆွဲထုတ်ပေးပြီးပြီ။” ဆေးဘုရင် ရွှမ်ဟော့က ဆိုသည်။” သောင်းပြောင်းပညာရပ်ဌာနအောက်က မီးသွေးကြောက ပထမတန်းစား မီးသွေးကြောပဲ။ ဆေးပညာဌာန၊ လက်နက်သွန်းလုပ်ခြင်းဌာနအောက်က အထွတ်အထိပ် မီးသွေးကြောတွေကိုတော့ မယှဉ်နိုင်ပေမဲ့ အတော်လေးကို ရှားပါးတဲ့ အရာပဲ။ လက်နက်သွန်းလုပ်ဖို့အတွက်တော့ လုံလောက်တာထက် ပိုသေးတယ်။ မင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာ ကြည့်လိုက်ဦး။”

ချူဖုန်းသည် သူ၏ နတ်ဘုရားအာရုံဖြင့် ဂူအတွင်းသို့ စစ်ဆေးလိုက်သည်။ ရွှေဝါရောင် မီးတောက်တစ်ခုမှာ အတွင်း၌ ပြင်းထန်စွာ တောက်လောင်နေသည်။

“လုံလောက်တာထက်တောင် ပိုပါသေးတယ်။တကယ်တော့ ဒါထက် နည်းနည်းလောက် ပိုအားနည်းသွားရင် ပြည့်စုံသွားမှာ။”

ဆေးဘုရင် ရွှမ်ဟော့က သူ့ထံသို့ ကျောက်စိမ်းပြားတစ်ခု လှမ်းပစ်ပေးလိုက်သည်။ “ဒါနဲ့ဆိုရင် မင်း မီး သွေးကြောထဲက မီးကို စိတ်ကြိုက် ဆွဲထုတ်နိုင်သလို ထိန်းချုပ်လို့လည်း ရလိမ့်မယ်။ သေသေချာချာ သိမ်းထား။”

“ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ။” ကျောက်စိမ်းပြားကို ဖမ်းယူရင်း ချူဖုန်းက ပြောလိုက်သည်။

“တစ်ယောက်ယောက် လာနေပြီ။ ငါ အရင် သွားတော့မယ်။” ဆေးဘုရင် ရွှမ်ဟော့က ပြောပြီးနောက် ညအမှောင်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

သူ ထွက်သွားပြီးမကြာမီမှာပင် လူရိပ်နှစ်ဦးမှာ ချူဖုန်း၏ အာရုံအတွင်းသို့ ပေါ်လာခဲ့သည်။

“တပည့်က ဆရာသခင်ကို ဂါရဝပြုပါတယ်။”

၎င်းတို့မှာ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ပင် ဖြစ်သည်။

ချူဖုန်းက ပြုံးလျက် မေးလိုက်သည်။ “ငါ တစ်ယောက်ယောက်ကို အကူအညီတောင်းထားတဲ့ အသံကြောင့် မင်းတို့ အိပ်ရေးပျက်သွားကြတာလား။”

၎င်းမှာ ချူဖုန်း၏လုပ်ရပ်ဖြစ်သည်ကို သိလိုက်ရသည့်အခါမှ နှစ်ယောက်စလုံးမှာ သက်ပြင်းချနိုင်တော့သည်။

ရှောင်ချန်းသည် ဂူအတွင်းသို့ လှမ်းကြည့်လိုက်ပြီး အတွင်းမှ ပြင်းထန်သော မီးတောက်များကို မြင်သည့်အခါ မေးလိုက်သည်။ “ဆရာ... ဒါက ဂျူနီယာညီလေးချောင် ကျင့်ကြံဖို့အတွက်လား။”

“...” ချောင်ရို့ချန်သည် နားမလည်ဖြစ်သွား၏။

ချူဖုန်းက ခေါင်းညိတ်လိုက်သည်။ “မနက်ဖြန်ကစပြီး ချောင်ရို့ချန်က မြေကမ္ဘာမီးလျှံကို သုံးပြီး ကျင့်ကြံရမယ်။”

ချောင်ရို့ချန်သည် မှင်တက်သွားခဲ့သည်။ “ဆရာ... ဆရာ နောက်နေတာမလား။ ပထမတန်းစားမြေကမ္ဘာမီးလျှံက အနှစ်တစ်ထောင် သံအေးတုံးတွေကိုတောင် အရည်ပျော်စေနိုင်တာလေ။ ကျွန်တော်သာ အထဲဝင်သွားရင် တစ်နာရီတောင် မခံဘူး။ချက်ချင်း ပြာကျသွားလောက်တယ်။”

ဘေးနားမှ ရှောင်ချန်းက ပြောသည်။ “ဆရာ ဂျူနီယာညီ‌လေးချောင်ရဲ့ လက်ရှိ ကျင့်ကြံခြင်းနဲ့ဆိုရင် ပထမတန်းစား မြေကမ္ဘာမီးလျှံကို မခံနိုင်လောက်ဘူး။”

ချူဖုန်းသည် စဉ်းစားဟန်ဖြင့် သူ၏ မေးစေ့ကို ပုတ်လိုက်သည်။ “ဒါဆိုရင် ဒုတိယတန်းစား မြေကမ္ဘာမီးလျှံ အထိ လျှော့လိုက်ကြတာပေါ့။”

ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။ “ဂျူနီယာညီလေးချောင်သာ အစွမ်းကုန် ကြိုးစားရင် ဒုတိယတန်းစား မြေကမ္ဘာမီးလျှံကို တစ်ရက်တိတိ ခုခံနိုင်လိမ့်မယ်။”

“ဗျာ။” ချောင်ရို့ချန်သည် သူ၏ စီနီယာအစ်ကိုက သူ့ဘက်က ကူပြောပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း အခုတော့ ရန်သူ့ဘက် ပါသွားတော့သည်။

ချူဖုန်းသည် သူ့ထံသို့ ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။ “ရို့ချန်... ဒီကျောက်စိမ်းပြားနဲ့ဆိုရင် မီးလျှံအဆင့်ကို မင်းကိုယ်တိုင် ထိန်းချုပ်လို့ ရလိမ့်မယ်။ ဒုတိယတန်းစားအထိ ချိန်ညှိဖို့က ပြဿနာ မဟုတ်ဘူး။”

ချောင်ရို့ချန်က အားနည်းစွာ မေးလိုက်သည်။ “ဆရာ... အဲဒီအစား တခြားတစ်နေရာမှာ သွားပြီး လေ့ကျင့်လို့ မရဘူးလား။”

All Chapters