အခန်း (၄၂၁-၄၂၃)
Vol. 22 Ch. 421-423
အပိုင်း (၄၂၁) ထိန်းချုပ်မရသော ခွန်အား
မိုက်တိုကွန်ဒရီးယားများ ပိုမိုအလုပ်လုပ်လာသည်နှင့်အမျှ သူ၏ ခွန်အားများသည်လည်း အဆုံးမရှိသည့်အလား ဆက်လက်မြင့်တက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်စွာ ပေါက်ကွဲနေသော မီးတောင်တစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး စွမ်းအင်များ ပြည့်လျှံနေပြီး အကန့်အသတ်မရှိသော ခွန်အားများကို ပိုင်ဆိုင်ထားသဖြင့် တဖြည်းဖြည်းနှင့် မတ်တပ်ရပ်ရန်ပင် ခက်ခဲလာကာ ယိမ်းထိုးလာတော့သည်။
လူ့ခန္ဓာကိုယ်သည် ကျစ်လျစ်သိပ်သည်းသော စနစ်တစ်ခုဖြစ်သည်။ နေရာဒေသမရွေး ဟန်ချက်ညီအောင် ထိန်းထားနိုင်သည်။ လူသားများ မတ်တပ်ရပ်နေသည်မှာ ငြိမ်သက်နေသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင် ခြေထောက်နှစ်ဖက်ရှိ မရေမတွက်နိုင်သော ကြွက်သားများက ဟန်ချက်ညီစေရန် အချိန်ပြည့် အနည်းငယ်စီ လိုက်လံညှိယူနေရခြင်း ဖြစ်သည်။
သို့သော် လော်ယွမ်၏ ခန္ဓာကိုယ်တွင်း ခွန်အားများ ရုတ်တရက် အဆမတန် တိုးလာမှုကြောင့် မိမိခွန်အားအပေါ် ဦးနှောက်၏ ခံစားသိရှိမှုများ လွဲမှားကုန်သည်။ သူ၏ ကြွက်သားများ အနည်းငယ် လှုပ်ရှားလိုက်တိုင်း သူ့ခန္ဓာကိုယ်ကြီး လေပေါ်သို့ ပျံတက်သွားတော့မတတ် ခံစားနေရသည်။
လော်ယွမ် ဘယ်ညာ ကြည့်လိုက်ရာ အနီးဆုံး ကျောက်နံရံသည် တစ်လှမ်းခန့်သာ ဝေးသည်ကို တွေ့လိုက်ရသဖြင့်၊ ဟန်ချက်မထိန်းနိုင်တော့သော ခန္ဓာကိုယ်ကို ထောက်ထားရန် ထိုနံရံဆီသို့ သွားရန် ကြိုးစားလိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏ ခွန်အားကို အတတ်နိုင်ဆုံး လျှော့ချပြီး ထိန်းချုပ်ရန် ကြိုးစားသော်လည်း၊ ခြေလှမ်းအနည်းငယ် လှုပ်လိုက်ရုံဖြင့် ခန္ဓာကိုယ်သည် အမြောက်ဆန်ကဲ့သို့ ပစ်ဝင်သွားပြီး ကျောက်နံရံကို ပြင်းထန်စွာ ဝင်တိုက်မိသွားသည်။
"ဝုန်း" ခနဲ ကျယ်လောင်သော အသံနှင့်အတူ သူ၏ ကိုယ်တစ်ပိုင်းသည် ကျောက်နံရံထဲသို့ တန်းတန်းမတ်မတ် စိုက်ဝင်သွားပြီး ခြေထောက်နှစ်ဖက်သာ အပြင်တွင် ကျန်ရစ်တော့သည်။
ရက်စက်သော အမှန်တရားက သူ့ခွန်အားကို သူ လျှော့တွက်မိကြောင်း လော်ယွမ် သတိပြုမိသွားစေသည်။ သူ့မျက်နှာနှင့် ကပ်နေသော ကျောက်သားများ အမှုန့်ဖြစ်သွားသည်ကို ခံစားနေရသလို၊ ခန္ဓာကိုယ်လည်း ကျပ်ညပ်နေသည်။
လော်ယွမ် မျက်နှာ မည်းမှောင်သွားသည်။ လက်နှစ်ဖက်ဖြင့် အားစိုက်လိုက်ရာ မူလက မာကျောသော ကျောက်နံရံသည် မုန့်ကြွပ်ကဲ့သို့ ဆတ်ဆတ်ကြွပ်ကြွပ် ဖြစ်နေသည်။ (၇၀-၈၀) ရာခိုင်နှုန်းခန့် အားစိုက်လိုက်ရုံဖြင့် အပေါက်ဝသည် လေးငါးလက်မခန့် ကျယ်သွားသည်။
ဆက်လက်ပြီး လော်ယွမ်သည် မသိစိတ်ဖြင့် လက်နှစ်ဖက်ကို ထောက်ကာ ကျောက်နံရံအပေါ်ဘက်မှ ခုန်ဆင်းရန် ပြင်လိုက်သည်။ လှုပ်ရှားမှု ပြီးသည်နှင့် အခြေအနေ မကောင်းမှန်း ချက်ချင်း သိလိုက်သည်။
ထင်ထားသည့်အတိုင်းပင် သူ၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ချက်ချင်း ပြုတ်ကျသွားသည်။ ကျောက်ခဲအကျိုးအပဲ့များ လွင့်စဉ်ပြီး ဖုန်မှုန့်များ ထသွားသည်။ သူသည် ကောက်စိုက်သကဲ့သို့ မြေကြီးထဲသို့ စိုက်ဝင်သွားပြန်သည်။ ခါးအောက်ပိုင်း တစ်ခုလုံး ကျောက်သားထဲ မြုပ်ဝင်သွားခြင်း ဖြစ်သည်။
လက်ရှိတွင် သူ၏ စိတ်စွမ်းအား မှာ အပြည့်အဝ ပြန်မကောင်းသေးသည့်အပြင်၊ ခန္ဓာကိုယ်တွင်းရှိ ကြမ်းတမ်းသော ခွန်အားများနှင့် သွေးသားဆူပွက်မှုများက စိတ်ကို လွှမ်းမိုးထားသဖြင့် အရာရာ အဆင်မပြေဖြစ်နေမှုများက လော်ယွမ်ကို ဒေါသထွက်လာစေသည်။
သူ့မျက်နှာမှာ ပို၍ မည်းမှောင်လာပြီး နားထင်ကြောများ တဒိန်းဒိန်း ခုန်လာကာ ဒေါသမီးများ တောက်လောင်လာသည်။
သူ့တစ်ကိုယ်လုံးမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လက်မောင်းပေါ်ရှိ သွေးကြောများမှာ သစ်စ်မြစ်များကဲ့သို့ ထောင်ထလာသည်။ ကြွက်သားများမှတစ်ဆင့် ကြီးမားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး လေထုကိုပင် တုန်ခါသွားစေသည်။ နောက်တစ်ခဏတွင် သူသည် မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
"ဝုန်း"
လော်ယွမ်၏ ဤတိုက်ခိုက်မှုကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည်။ လက်သီး မြေကြီးနှင့် မထိမီ လေထုဖိအားကြောင့်ပင် အောက်ရှိ ကျောက်သားများ လုံးဝ ချိုင့်ဝင်သွားပြီး ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။
ဤမြင်ကွင်းသည် ကမ္ဘာမြေကို ဥက္ကာခဲ ဝင်တိုက်လိုက်သကဲ့သို့ပင်။ တန်တစ်ထောင်ကျော်သော ခွန်အားများ စုစည်းထားသော လက်သီးချက် မြေကြီးနှင့် ထိတွေ့လိုက်သည့်အချိန်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်များသည် ကျောက်သားများအတွင်း တစ်စက္ကန့်လျှင် သုံးလေးမိုင်နှုန်းဖြင့် ကူးစက်သွားသည်။
ပတ်ဝန်းကျင်ရှိ ကျောက်လွှာများ ကွာကျကုန်သည်။ သေးငယ်သော ကျောက်စများသာမက တန်ဆယ်ချီ လေးသော ကျောက်တုံးကြီးများပါ ဤကြမ်းတမ်းသော ခွန်အားရှေ့တွင် ပေါ့ပါးသော အရာများကဲ့သို့ လွင့်စဉ်ကုန်ကြသည်။ ကျောက်နံရံများကို အမြောက်ဆန်များကဲ့သို့ ဝင်ဆောင့်ကြသဖြင့် တောင်တစ်ခုလုံး တုန်ခါသွားသည်။
တစ်ချိန်တည်းမှာပင် မျက်စိဖြင့် မြင်နိုင်သော လေလှိုင်းများ ချက်ချင်း ပြန့်ကားသွားပြီး အရာအားလုံးကို ရိုက်ခတ်သွားသည်။
အဆိုးရွားဆုံးမှာ ဤဂူသည် လုံးဝ ပိတ်လှောင်နေသဖြင့် ထိုလေလှိုင်းများသည် ပြန်ကန်ထွက်လာပြီး ပေါက်ကွဲအားကို အဆများစွာ မြင့်တက်သွားစေသည်။
ခဏအတွင်းမှာပင် ဤဂူသည် လေတိုက်စားခံလိုက်ရသကဲ့သို့ လျင်မြန်စွာ ကျယ်ပြန့်သွားသည်။ လေလှိုင်းများ ငြိမ်သက်သွားသောအခါ ဂူတစ်ခုလုံး၏ အကျယ်အဝန်းက နှစ်ဆခန့် ကျယ်ဝန်းသွားသည်။
ကျောက်မှုန့်များ မိုးရွာသကဲ့သို့ တဖွဲဖွဲ ကျဆင်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်လုံးကြီးများ ဖုံးလွှမ်းသွားသည်။
"အဟွတ် အဟွတ် အဟွတ်"
လော်ယွမ်သည် မျက်လုံးမှိတ်လျက် မရပ်မနား ချောင်းဆိုးနေရသည်။ ပုံစံမှာ ကြည့်ရဆိုးလှသည်။ သူသည် ကျောက်ခဲပုံများအကြား မြုပ်နေပြီး ကျောက်မှုန့်များ ဖုံးအုပ်နေသော ခေါင်းတစ်လုံးသာ အပြင်တွင် ကျန်ရစ်တော့သည်။
သူ မတတ်သာဘဲ ခေတ္တမျှ ငြိမ်နေလိုက်ရသည်။ ခုနကလို ထပ်လုပ်လိုက်လျှင် ဤဂူတစ်ခုလုံး ပြိုကျသွားနိုင်ခြေ ရှိသည်။
သူသည် ကျောက်ပုံကြားတွင် ငြိမ်သက်စွာ မြုပ်နေပြီး ခန္ဓာကိုယ် အဆင့်မြှင့်တင်မှု ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ ကံကောင်းသည်မှာ သူ၏ ခွန်အားကြီးမားသော ခန္ဓာကိုယ်ကြောင့် ဖိမိနေခြင်း၊ အသက်ရှူကျပ်ခြင်းများကို မခံစားရပေ။ အသက်ရှူ ရပ်တန့်ထားလျှင်လည်း ထူးခြားမှု မရှိပေ။
ရုတ်တရက် သူ မူးဝေလာပြီး ဦးနှောက်များ လည်ထွက်သွားကာ အရက်မူးနေသကဲ့သို့ ဖြစ်လာသည်။
သူ့စိတ်ထဲ ထိတ်လန့်သွားပြီး ရင်ဘတ်ထဲ ဟာခနဲ ဖြစ်သွားသည်။ ဦးနှောက် စတင်ပြောင်းလဲနေပြီ ဖြစ်သည်။ ဤပြုပြင်ပြောင်းလဲမှု၏ အန္တရာယ်အရှိဆုံး အချိန် ရောက်လာပြီဖြစ်ကြောင်း သူ သိလိုက်သည်။
အခြေအနေက တဖြည်းဖြည်း ဆိုးရွားလာသည်။ အစပိုင်းတွင် လော်ယွမ်သည် အတွေးများကို ရှင်းလင်းအောင် ထိန်းထားနိုင်သေးသော်လည်း တဖြည်းဖြည်းနှင့် ဝါးတားတား ဖြစ်လာသည်။
သူ အလွန်အိပ်ချင်လာသည်ကို သတိပြုမိလိုက်သည်။ စိတ်ကို ပြန်လည် နိုးကြားလာစေရန် လျှာဖျားကို ကိုက်လိုက်သော်လည်း သိပ်မထူးခြားပေ။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ၏ အတွေးများ ငြိမ်သက်သွားပြီး ဦးနှောက်လှိုင်းများ ရပ်တန့်သွားကာ ထာဝရ တိတ်ဆိတ်ငြိမ်သက်ခြင်းမျိုးကို ခံစားလိုက်ရသည်။
သို့သော် နောက်တစ်ခဏတွင် လော်ယွမ်သည် လန့်နိုးလာသကဲ့သို့ သတိဝင်လာသည်။ ခုနက အိပ်ချင်စိတ်များ ဘယ်ရောက်သွားမှန်းပင် မသိတော့၊ အိမ်မက်တစ်ခုလို ဖြစ်သွားသည်။ ယခုအခါ သူသည် နိုးကြားတက်ကြွနေရုံသာမက အတွေးအခေါ်များလည်း ကြည်လင်ပြတ်သားနေပြီး အာရုံခံစားမှု အားလုံး အဆင့်မြှင့်တင်ခံလိုက်ရသကဲ့သို့ အလွန်အမင်း အာရုံခံစားလွယ်လာသည်။
မျက်လုံးမှိတ်ထားပြီး အသက်ရှူ ရပ်ထားသဖြင့် အမြင်နှင့် အနံ့အာရုံကို မသုံးနိုင်သော်လည်း၊ အကြားအာရုံနှင့် အထိအတွေ့အာရုံမှာ အဆင်ပြေနေသည်။ သူသည် ပေသုံးလေးရာထူသော ကျောက်လွှာများကို ကျော်လွန်၍ တောင်အပြင်ဘက်မှ အသံများကိုပင် ကြားနေရသည်။
အထိအတွေ့ အာရုံသည်လည်း အဆများစွာ ပိုကောင်းလာသည်။ ယခင်က ကျောက်နံရံနှင့် ဖိမိနေသဖြင့် လစ်လျူရှုထားခဲ့သော နာကျင်မှုနှင့် မသက်မသာဖြစ်မှုများကို ယခုအခါ ဦးနှောက်ထဲသို့ ပို့လွှတ်နေပြီ ဖြစ်သည်။
သူ အံ့ဩသွားသည်။ ဤခံစားချက်မျိုးသည် ဉာဏ်ပညာ တိုးတက်လာမှသာ ဖြစ်ပေါ်တတ်သော အခြေအနေမျိုး ဖြစ်သည်။
"ဉာဏ်ရည်ပါ အဆင့်တက်သွားတာလား"
လော်ယွမ် တွေးမိလိုက်ပြီး စနစ်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။ ကံကောင်းသည်မှာ စနစ်သည် မျက်လုံးမှတစ်ဆင့် သတင်းအချက်အလက် ပေးပို့ခြင်း မဟုတ်ဘဲ ဦးနှောက်အလွှာသို့ တိုက်ရိုက် ပို့လွှတ်ခြင်း ဖြစ်သဖြင့် မျက်လုံးမှိတ်ထားလျှင်လည်း ရှင်းလင်းစွာ မြင်ရသည်။
အမည် - လော်ယွမ်
အလုပ်အကိုင် - မုဆိုး
အဆင့် - ၁၂
အတွေ့အကြုံ - ၄၇၁၂၀ / ၆၁၄၄၀၀
အရည်အသွေးများ
ခွန်အား - ၂၉ (၁၀)
လျင်မြန်မှု - ၁၆ (၁၀)
ကြံ့ခိုင်မှု - ၃၀+၁၃ (၁၀)
ဉာဏ်ရည် - ၁၆ (၁၀)
အာရုံခံနိုင်စွမ်း - ၁၆+၁ (၁၀)
စိတ်စွမ်းအား - ၁၈+၁ (၁၀)
ကျွမ်းကျင်မှုများ
------------------
သိပ္ပံ - ၂၀
သင်္ချာ - ၁၉
တရုတ်စာ - ၁၉
အင်္ဂလိပ်စာ - ၁၆
ဘဏ္ဍာရေး - ၁၇
ကွန်ပျူတာ - ၁၅
ကခုန်ခြင်း - ၁
ပန်းချီ - ၃
ဂိမ်းကစားခြင်း - ၆
စေ့စပ်ညှိနှိုင်းခြင်း - ၉
လူမှုဆက်ဆံရေး - ၇
ချက်ပြုတ်ခြင်း - ၃
ယာဉ်မောင်း - ၁
လက်နက်မဲ့တိုက်ခိုက်ခြင်း ကျွမ်းကျင်အဆင့် - ၁
ဓားပညာ ကျွမ်းကျင်အဆင့် - ၇
သေနတ်ပစ်ခတ်ခြင်းပညာ - ၁၆
ပစ်ပေါက်ခြင်း - ၁၅
အထူးကျွမ်းကျင်မှု - အမျိုးအမည်ခွဲခြားအစွမ်း၊ ပေါင်းစပ်အစွမ်း၊ ထောက်လှမ်းအစွမ်း
ပင်ကိုယ်အစွမ်းများ
မြေလှိုင်းကြိမ်နှုန်း - အဆင့် ၁၃
ပေါင်းစပ်ခန္ဓာကိုယ်ကိုယ် - အဆင့် ၂
လေးဖက်မြင်လေဟာနယ်ခရီးသွားခြင်း - အဆင့် ၉
လေးဘက်မြင် အမြင်အာရုံ - ၅%
လေးဘက်မြင် ဦးနှောက် - ၂%
တိုက်ခိုက်ရေးသားရဲ
တောရိုင်းဖွတ်ပုတတ် - အဆင့် ၃
တောင်ရွှေ့မျောက်ဝံ - အဆင့် ၂
လက်ကျန်အရေအသွေးမှတ် - ဝ
လက်ကျန်ကျွမ်းကျင်မှတ် - ၅
လက်ကျန်မစ်ရှင် - မရှိ
မျက်စိရှေ့မှ ဂုဏ်သတ္တိအမှတ်များကို ကြည့်ပြီး လော်ယွမ် မူးဝေသွားသည်။ သူ အကြိမ်ကြိမ် ပြန်ကြည့်ပြီးမှ မမှားကြောင်း သေချာသွားသည်။
ခွန်အား (၂၉) မှတ်နှင့် ကြံ့ခိုင်မှု (၃၀+၁၃) မှတ် ဆိုသည်မှာ ဘယ်လို သဘောတရားမျိုးလဲ။
လော်ယွမ် အနည်းငယ် တွက်ချက်ကြည့်လိုက်သည်နှင့် ရလဒ်ထွက်လာသည်။ သူ၏ ခွန်အားသည် တန်ချိန် (၁၅၀) ခန့်ရှိပြီး သာမန်လူထက် အဆ (၂၀၀၀) ခန့် ရှိသည်။
ကြံ့ခိုင်မှုကို ဒေတာအချက်အလက်ဖြင့် ဖော်ပြရန် ခက်ခဲသော်လည်း မူရင်းတန်ဖိုး သည်ပင် သာမန်လူထက် အဆ (၃၀၀၀) ခန့် ရှိနေသည်။ အကယ်၍ သူသာ မြေကြီးပေါ်တွင် ရပ်နေပြီး ကမ္ဘာမြေ၏ စွမ်းအားကို ရယူမည်ဆိုပါက အဆပေါင်း (၅၆၂,၅၀၀) အထိ ရှိနေမည် ဖြစ်သည်။
ဒါက နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းကြီးတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ လော်ယွမ် မြေကြီးပေါ် ရပ်နေသရွေ့ သူ၏ ခွန်အား ကုန်ခမ်းသွားမည့်အချိန် ရှိတော့မည် မဟုတ်ပေ။
ဤမျှများပြားသော တိုးတက်မှုများနှင့် ယှဉ်လျှင် ဉာဏ်ရည် (၁) မှတ် တိုးလာခြင်းမှာ ပြောပလောက်စရာ မရှိတော့ပေ။
ထို့နောက် သူသည် ပင်ကိုယ်စွမ်းရည်များကို ကြည့်လိုက်သည်။ ခွန်အားတိုးလာသဖြင့် "မြေလှိုင်းကြိမ်နှုန်း" က အဆင့် (၁၃) သို့ ရောက်ရှိသွားသည်။ ထို့အပြင် "ပေါင်းစပ်ခန္ဓာကိုယ်ကိုယ်" နှင့် "လေးဖက်မြင်လေဟာနယ်ခရီးသွားခြင်း" ဟူသော စွမ်းရည်သစ်နှစ်ခု တိုးလာသည်။
"ပေါင်းစပ်ခန္ဓာကိုယ်ကိုယ်" ကိုတော့ နားလည်ရ လွယ်ကူသည်။
လော်ယွမ် အနည်းငယ် ထူးဆန်းနေသည်မှာ မူလက "နေရာရွှေ့ပြောင်းအစွမ်း" သည် မည်သို့ "လေးဖက်မြင်လေဟာနယ်ခရီးသွားခြင်း" အဖြစ် ပြောင်းလဲသွားသနည်း ဆိုသည်ပင်။ ထို့အပြင် ထိုစွမ်းရည်က အစကတည်းက အဆင့် (၉) ဖြစ်နေပြီး "ပေါင်းစပ်ခန္ဓာကိုယ်ကိုယ်" မှာမူ အဆင့် (၂) သာ ရှိသည်။
သူသည် "လေးဖက်မြင်လေဟာနယ်ခရီးသွားခြင်း" ၏ အသေးစိတ်ကို နှိပ်ကြည့်လိုက်သည်။
လေးဖက်မြင်လေဟာနယ်ခရီးသွားခြင်း အဆင့် - ၉ (စိတ်စွမ်းအား နှင့် သက်ဆိုင်သည်)
အကျိုးသက်ရောက်မှု - သုံးဖက်မြင်အလွှာ မှ လေးဖက်မြင်အလွှာ သို့ ခုန်ပျံကျော်လွှားပြီး သုံးဖက်မြင်အလွှာသို့ ပြန်လည်ရောက်ရှိခြင်းဖြင့် နေရာတစ်ခုမှ တစ်ခုသို့ ရွေ့လျားခြင်း ဖြစ်သည်။ လေးဖက်မြင် ကမ္ဘာသည် သုံးဖက်မြင် ကမ္ဘာထက် အာကာသ အမြန်နှုန်း ကွာခြားချက် ကြီးမားသဖြင့် သုံးဖက်မြင်ကမ္ဘာတွင် ခရီးတို (အလင်းနှစ် ၁ နှစ်အတွင်း) ရွေ့လျားသောအခါ ကြာချိန် (တစ်စက္ကန့်၏ တစ်သောင်းပုံ တစ်ပုံ) ကို ထည့်သွင်းစဉ်းစားစရာ မလိုပေ။ ထို့အပြင် ရွေ့လျားနိုင်သော အကွာအဝေးနှင့် လေးဖက်မြင်အလွှာတွင် နေထိုင်နိုင်သော အချိန်သည် "စိတ်စွမ်းအား" နှင့် သက်ဆိုင်သည်။
သုံးသပ်ချက် - ဤရွေ့လျားမှုသည် ကြယ်တာရာချင်း စကြဝဠာခရီးသွား ယဉ်ကျေးမှုအဖွဲ့အစည်းများ အသုံးပြုလေ့ရှိသည့် ခရီးဝေး သွားလာနည်း တစ်ခုဖြစ်သည်။ အန္တရာယ်အတိုင်းအတာ တစ်ခု ရှိသည်။ ကူးသန်းသွားလာစဉ်အတွင်း လေးဖက်မြင် သက်ရှိများနှင့် တွေ့ဆုံနိုင်ခြေ အလွန်နည်းပါးသော ရာခိုင်နှုန်းတစ်ခု ရှိသည်။
လော်ယွမ် ငေးငိုင်သွားသည်။ "နေရာရွှေ့ပြောင်းအစွမ်း" က လေးဖက်မြင်အလွှာနှင့် ဆက်စပ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ အချက်အလက်များအရ လေးဖက်မြင် ကူးသန်းခြင်း၏ အမြန်နှုန်းသည် တစ်စက္ကန့်လျှင် အလင်းနှစ် (၁) သောင်းခန့် ရှိသည်။ စိတ်စွမ်းအား သာ လုံလောက်အောင် အဆင့်မြင့်ပြီး လေးဖက်မြင်ထဲတွင် ကြာကြာနေနိုင်ပါက စကြဝဠာတစ်ခုလုံးကို ပတ်ရန် အချိန်များစွာ လိုမည်မဟုတ်ပေ။
ထိုစဉ် ကမ္ဘာမပျက်ခင်က အင်တာနက်ပေါ်တွင် ဖတ်ခဲ့ဖူးသော သိပ္ပံဆောင်းပါးတစ်ပုဒ်ကို လော်ယွမ် သတိရသွားသည်။ "ကွမ်တမ် ယှက်နွယ်မှု" ၏ အမြန်နှုန်းအကြောင်း ဖြစ်သည်။
ယခင်က ကွမ်တမ် ယှက်နွယ်မှုသည် တစ်ပြိုင်နက်တည်း ဖြစ်ပျက်သည်ဟု ယူဆခဲ့ကြသော်လည်း၊ သုတေသန အသစ်များတွင် ၎င်း၌ အမြန်နှုန်း ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ တိုင်းတာချက် ရလဒ်မှာ တစ်စက္ကန့်လျှင် အလင်းနှစ် (၁) သောင်းနှုန်းဖြစ်ရာ လေးဖက်မြင် အမြန်နှုန်းနှင့် လုံးဝ ကိုက်ညီနေသည်။
သီအိုရီအရ ဤသုံးဖက်မြင် ကမ္ဘာ၏ အမြန်နှုန်း ကန့်သတ်ချက်သည် လေဟာနယ်ထဲသွားသော အလင်းအမြန်နှုန်း (တစ်စက္ကန့်လျှင် ကီလိုမီတာ ၃ သိန်း) ဖြစ်သည်။ ဤစည်းမျဉ်းကို ယနေ့ထိ မချိုးဖောက်နိုင်သေးပေ။ သို့သော် ကွမ်တမ် ယှက်နွယ်မှုက ဤမျှ မြန်ဆန်သောနှုန်းဖြင့် သွားနိုင်ခြင်းမှာ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သို့သော် ကွမ်တမ် ယှက်နွယ်မှုသည် လေးဖက်မြင်အလွှာမှတစ်ဆင့် သတင်းအချက်အလက် ပို့ဆောင်သည်ဆိုလျှင်တော့ ဖြစ်နိုင်ခြေ ရှိသွားပြီဖြစ်သည်။
လော်ယွမ်သည် အချိန်အတော်ကြာ တိတ်ဆိတ်စွာဖြင့် ဤအချက်အလက်များကို ပြန်လည် ဆန်းစစ်နေမိသည်။
ဤစနစ်သည် လက်ရှိ ကမ္ဘာပြင်ပတွင် ရောက်ရှိနေသော ဂြိုဟ်သား ယဉ်ကျေးမှုအဖွဲ့အစည်းထက် အဆပေါင်းများစွာ သာလွန်သော စူပါယဉ်ကျေးမှုအဖွဲ့အစည်း တစ်ခုမှ လာခြင်းဖြစ်ကြောင်း လော်ယွမ် အတည်ပြုနိုင်လိုက်သည်။ ၎င်းတို့သည် လေးဖက်မြင်အလွှာနှင့် ပတ်သက်ပြီး ကောင်းစွာ နားလည်သဘောပေါက်ထားပြီး၊ လေးဖက်မြင်လေဟာနယ်ခရီးသွားခြင်းး နည်းပညာမှာလည်း ရင့်ကျက်နေပြီ ဖြစ်သည်။
စာသားများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လေးဖက်မြင် သက်ရှိများနှင့် ကြုံတွေ့ဖူးပုံရပြီး စစ်ပွဲများပင် ဖြစ်ပွားခဲ့ဖူးပုံ ရသည်။
လော်ယွမ် ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးလိုက်ပြီး ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ စစ်မှန်သော လေးဖက်မြင် သက်ရှိပဲဖြစ်ဖြစ်၊ စူပါယဉ်ကျေးမှုပဲဖြစ်ဖြစ် သူ့အတွက်တော့ သိပ်ဝေးကွာလွန်းနေသေးသည်။ တွေ့ဆုံရန်ပင် မဖြစ်နိုင်ပေ။ ကံမကောင်းလို့ တွေ့ခဲ့ရင်တောင်မှ သူ့လို အဆင့်နဲ့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပေ။
လော်ယွမ် "ပေါင်းစပ်ခန္ဓာကိုယ်" ကို နှိပ်ကြည့်လိုက်သည်။ ဤစွမ်းရည်၏ ရှင်းလင်းချက်မှာ ရိုးရှင်းပြတ်သားသည်။
ပေါင်းစပ်ခန္ဓာကိုယ် အဆင့် - ၂ (ကာယလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် အဆင့်မြှင့်တင်နိုင်သည်)
အကျိုးသက်ရောက်မှု - အကန့်အသတ်မဲ့သော ခွန်အား၊ ခိုင်မာသော ခန္ဓာကိုယ်သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကာကွယ်မှု အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်သည်။
သုံးသပ်ချက် - သင်သည် အာကာသ သက်ရှိတစ်ဦးအဖြစ် ကနဦး အစပျိုးနေပြီ ဖြစ်ပြီး အာကာသထဲတွင် ခဏတာ ရှင်သန်နိုင်ပြီ ဖြစ်သည်။
လေ့ကျင့်ခန်းလုပ်၍ အဆင့်မြှင့်တင်နိုင်သည်ကို တွေ့သောအခါ လော်ယွမ် မျက်လုံးအရောင် တောက်သွားသည်။ စဉ်းစားကြည့်လျှင် သူ၏ မိုက်တိုကွန်ဒရီးယားများ မျိုးဗီဇပြောင်းလဲသွားပြီး သာမန်နှင့် မတူတော့သော်လည်း ခန္ဓာကိုယ်အတွက် လုပ်ဆောင်ချက်များကတော့ အတူတူပင် ဖြစ်သည်။ တစ်ပိုင်းတစ်စ လွတ်လပ်သော ဆဲလ်အင်္ဂါရပ် ဖြစ်နေဆဲပင်။ လှုပ်ရှားမှုများ၍ စွမ်းအင်လိုအပ်ချက် များလာသောအခါ မိုက်တိုကွန်ဒရီးယားများ အလိုအလျောက် ကွဲပွားပြီး စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ သူ၏ ခွန်အားသည် ကုန်ခမ်းရန် ခက်ခဲနေခြင်း ဖြစ်သည်။ ခြေထောက် မြေကြီးနှင့် မလွတ်သရွေ့ မကုန်နိုင်သလောက်ပင်။
"နေဦး" လော်ယွမ် တွေးလိုက်မိသည်။ "လေးဖက်မြင် အမြင်အာရုံ အခြေအနေမှာဆိုရင်တော့ ခွန်အားကုန်အောင် လုပ်လို့ရသားပဲ"
ဦးနှောက်ကို လေးဖက်မြင် အသွင်ပြောင်းခြင်းသည် ခွန်အား အကုန်အကျဆုံး အလုပ်ဖြစ်သည်။ ယခင်က "ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း" လုပ်တိုင်း စိတ်စွမ်းအား ကျန်နေသေးသော်လည်း ခွန်အားကုန်ခမ်းသွားသဖြင့် အမြဲ ခေါင်းကိုက်ခဲ့ရသည်။ ယခု သူ၏ ကြံ့ခိုင်မှု သည် အမှတ် (၃၀) အထိ ရှိလာပြီး၊ စိတ်စွမ်းအား (၁၉) မှတ်နှင့် ယှဉ်လျှင် အခြေအနေ ပြောင်းပြန် ဖြစ်သွားဖွယ် ရှိသည်။
ဆဲလ်များ အသစ်လဲလှယ်ခြင်း ပြီးဆုံးသွားပြီ ဖြစ်ပြီး ခွန်အား တိုးပွားမှုလည်း ရပ်တန့်သွားပြီ ဖြစ်သည်။ လော်ယွမ်သည် စိတ်အာရုံကို ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်ပြီး စစ်ဆေးကြည့်လိုက်သည်။ ဆဲလ်ဟောင်းများ ပျက်စီးပျောက်ကွယ်သွားပြီး၊ ၎င်းတို့၏ အာဟာရများကို ပိုမိုသန်မာသော ဆဲလ်အသစ်များက စုပ်ယူ အစားထိုးလိုက်ကြောင်း တွေ့ရသည်။
ဆဲလ်အသစ်များ၏ အမြှေးပါးများသည် ယခင်ကထက် လေးပုံတစ်ပုံခန့် ပိုထူလာသည်။ ပြည့်ဖြိုးပြီး ကျုံ့နိုင်ဆန့်နိုင်အား ကောင်းမွန်ကာ ပျော့ပျောင်းကြံ့ခိုင်မှု ရှိသည်။ ဆဲလ်များ စီတန်းနေမှုမှာလည်း သိပ်သည်းပြီး စနစ်ကျသည်။
ဆဲလ်အသစ်များသည် အာဟာရနှင့် အောက်ဆီဂျင် လိုအပ်ချက် နည်းပါးသဖြင့် သွေးအပေါ် မှီခိုအားထားရမှု လျော့ကျသွားရာ သွေးကြောမျှင် သိပ်သည်းဆမှာ ထက်ဝက်နီးပါး လျော့နည်းသွားသည်။
သူ အံ့ဩသွားပြီး အဓိက သွေးလွှတ်ကြောမကြီးကို ကြည့်လိုက်ရာ တစ်ပတ်လည် သေးငယ်သွားသည်ကို တွေ့ရသည်။ တစ်ကိုယ်လုံးရှိ သွေးပမာဏသည် ယခင်ကထက် သုံးပုံတစ်ပုံအောက်သာ ရှိတော့ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
"အာကာသ သက်ရှိ"ဆိုသည့် အဓိပ္ပာယ်ကို သူ အမှန်တကယ် နားလည်သွားပြီ ဖြစ်သည်။
ကျယ်ပြောလှသော ကြယ်တာရာများကြားတွင် အကွာအဝေးမှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများအတိုင်း ကြီးမားလှသည်။ အာကာသထဲတွင် ရက်ပေါင်း ဆယ်ချီ၊ နှစ်ပေါင်းများစွာ ပျံသန်းနေရလျှင် အစားအစာ ရရှိရန် မလွယ်ကူပေ။ ထိုသို့သော ပတ်ဝန်းကျင်တွင် ရှင်သန်ရန်အတွက် ပြင်ပ ရုပ်ဝတ္ထုပစ္စည်းများအပေါ် မှီခိုမှု အနည်းဆုံးဖြစ်ရန် လိုအပ်ပြီး၊ မိမိကိုယ်တိုင် ဖူလုံနိုင်သော ခန္ဓာကိုယ်မျိုး လိုအပ်သည်။
သူ၏ ခန္ဓာကိုယ်သည် အာကာသထဲသို့ ဝင်ရောက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဆက်လက်ပြီး လော်ယွမ်သည် ဆဲလ်များကို စစ်ဆေးရာ ခန္ဓာကိုယ် ဆဲလ်တစ်ခုစီတွင် မိုက်တိုကွန်ဒရီးယား နှစ်ခုစီ ပါဝင်နေသည်ကို တွေ့ရသည်။ ၎င်းသည် ယခင်ကထက် နှစ်ဆ ပိုများသည်။ အချို့ဆဲလ်များတွင် တစ်ခု (သို့မဟုတ်) သုံးခု ပါတတ်သော်လည်း နည်းပါးသည်။
ဘာကြောင့် ဤသို့ဖြစ်ရသနည်း ဆိုသည်ကိုတော့ လော်ယွမ်လည်း သေချာ မသိပေ။ ဖြစ်နိုင်သည်မှာ သူ၏ လျင်မြန်မှု မြင့်မားခြင်းကြောင့် ဖြစ်နိုင်သည်။ ပေါက်ကွဲအား ကောင်းမွန်ရန် လိုအပ်သဖြင့် စက်ပစ္စည်းတစ်ခုလို နှိုင်းယှဉ်ရလျှင် စွမ်းအင်စားသုံးမှုနှုန်းက ယခင်နှင့် မတူတော့ပေ။
လော်ယွမ်သည် ခန္ဓာကိုယ် နေရာအနှံ့ စစ်ဆေးပြီးနောက် အတွင်းစိတ်အာရုံမှ ပြန်ထွက်လာခဲ့သည်။
ကျောက်မှုန့်များ အားလုံး အနည်ထိုင်သွားပြီ ဖြစ်သော်လည်း ဖုန်မှုန့်အချို့ လွင့်မျောနေဆဲ ဖြစ်သည်။ သူ ခေါင်းကို ခါလိုက်ပြီး ခေါင်းနှင့် မျက်နှာပေါ်မှ ဖုန်များကို ခါချလိုက်သည်။ ထို့နောက် ခွန်အားကို ထိန်းချုပ်ပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို ဂရုတစိုက် ဖယ်ရှားကာ ကျောက်နံရံအတွင်းမှ ရုန်းထွက်လိုက်သည်။
သူသည် ယိမ်းထိုးစွာ ရပ်လိုက်ပြီး လမ်းမလျှောက်ရဲပေ။ ခွန်အား ထပ်မံ ထိန်းချုပ်မရ ဖြစ်ပြီး ဂူတစ်ခုလုံး ပြိုကျသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သူသည် နဖူးစည်းကို ဖြေလိုက်ပြီး "ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း" ကို စတင်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
ဆက်ရန်...
အပိုင်း (၄၂၂) အသားကျခြင်း
ဆယ်မိနစ်ကျော် ကြာပြီးနောက် လော်ယွမ်သည် တောင်အတွင်းရှိ ကျောက်ဂူမှ ထွက်ခွာလာပြီး ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း ကို ရပ်တန့်ကာ လေထဲမှ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
ခြေထောက် မြေပြင်ပေါ် ထိလိုက်သည်နှင့် ခန္ဓာကိုယ် ယိမ်းထိုးသွားကာ ချက်ချင်းပင် လဲကျသွားသည်။ ခြေလက်များကို အမှတ်တမဲ့ လှုပ်ရှားလိုက်ရာ ဘေးနားရှိ ပန်းကန်လုံးခန့် လုံးပတ်ရှိသော သစ်ပင်ငယ်တစ်ပင်ကို အမြစ်ပါကျွတ်အောင် ဆွဲမိသွားသည်။
သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်ရောခြေပါ အသုံးပြုကာ သတိထားပြီး မတ်တပ်ရပ်လိုက်သည်။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း အစွမ်းထက်သော အင်ဂျင်ပါဝါ ရှိပြီး အမိန့်ပေးချက်တိုင်းကို မယုံနိုင်လောက်အောင် တုံ့ပြန်နိုင်သော စူပါပြိုင်ကားတစ်စီးကဲ့သို့ ဖြစ်နေသည်။ ပြဿနာမှာ သူသည် ယခင်က ထော်လာဂျီကိုသာ မောင်းဖူးခြင်း ဖြစ်သည်။
သူ၏ မောင်းနှင်မှု စွမ်းရည်သည် အမြင့်ဆုံးအဆင့် ရောက်နေပြီဖြစ်ပြီး ထော်လာဂျီကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်သည်။ ထော်လာဂျီ၏ စွမ်းဆောင်ရည်တိုင်းကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အသုံးပြုနိုင်ပြီး ကားမောင်းသင်ခါစ လူသစ်များနှင့် တွေ့လျှင် ကျော်တက်နိုင်သေးသည်။ သို့သော် ယခု စူပါပြိုင်ကားကို ရုတ်တရက် မောင်းနှင်ရသောအခါ ချက်ချင်း လမ်းပေါ်တက်ရန် မဖြစ်နိုင်ပေ။ နှစ်ခုကြား ကွာခြားချက်မှာ လုံးဝ မနှိုင်းယှဉ်သာပေ။
ယခု လော်ယွမ်သည် တိကျသော ထိန်းချုပ်မှု မဆိုထားနှင့် မတ်တပ်ရပ်ရန်ပင် ခက်ခဲနေသည်။
ကြွက်သားလှုပ်ရှားမှုတိုင်းကို တိတိကျကျ ထိန်းချုပ်ရမည် ဖြစ်သည်။ ကြွက်သားကျုံ့မှု သိပ်များလို့မရ၊ မဟုတ်လျှင် ခန္ဓာကိုယ် လွင့်ထွက်သွားနိုင်သည်။ ထို့အတူ သိပ်လည်း နည်းလို့မရ၊ မဟုတ်လျှင် ဟန်ချက်မထိန်းနိုင်ဘဲ လဲကျသွားနိုင်သည်။
လမ်းစလျှောက်သော ကလေးငယ်တစ်ဦးကဲ့သို့ အခြေခံမှ စတင် လေ့ကျင့်ရမည် ဖြစ်သည်။
ဥပမာအားဖြင့် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေနိုင်ရန် လေ့ကျင့်ခြင်း ဖြစ်သည်။
အစပိုင်းတွင် ဒယိမ်းဒယိုင် ဖြစ်နေရာမှ အခြေခံအားဖြင့် ငြိမ်သက်စွာ မတ်တပ်ရပ်နိုင်သည်အထိ လော်ယွမ် ၂ နာရီတိတိ လေ့ကျင့်ခဲ့ရသည်။ ထို့နောက် လမ်းလျှောက်ရန် လေ့ကျင့်ရာတွင် အခက်အခဲသည် အဆများစွာ မြင့်တက်သွားသည်။
လော်ယွမ်ကိုယ်တိုင် ဘယ်နှစ်ကြိမ် လဲကျခဲ့သလဲ၊ သစ်ပင်ဘယ်နှစ်ပင် တိုက်ချိုးမိခဲ့သလဲ ဆိုသည်ကို မရေတွက်နိုင်တော့ပေ။ အထူးသဖြင့် စိတ်တိုလာသော အချိန်များတွင် ပေါက်ကွဲတတ်သေးသည်။
ဤနေရာတစ်ဝိုက်ရှိ သန္ဓေပြောင်းသတ္တဝါများနှင့် သစ်ပင်များ အကြီးအကျယ် ဒုက္ခရောက်ကုန်ကြသည်။ မိုင် အနည်းငယ် ပတ်လည်တွင် နေရာတိုင်း ပျက်စီးနေပြီး သစ်ပင်များ လဲပြိုနေသည်။ သစ်ပင်ကြီးအချို့သာ အကောင်းတိုင်း ကျန်ရှိသော်လည်း အပေါက်ကြီးများ ဖြစ်နေသည်။ သစ်ပင်ငယ်များကတော့ လော်ယွမ်၏ လက်ချက်မှ လွတ်ကင်းနိုင်ခြင်း မရှိကြပေ။
ဤနေရာတွင် ပြောသော သစ်ပင်ငယ် ဆိုသည်မှာ လက်ရှိ ကမ္ဘာပျက်ကပ် စံနှုန်းဖြင့် ပြောခြင်းဖြစ်သည်။ အကြီးဆုံး အပင်များသည် ၈ ပေ၊ ၉ ပေ ခန့် လုံးပတ်ရှိပြီး သစ်သားမှာ သံမဏိကဲ့သို့ မာကျောသော်လည်း လော်ယွမ်၏ လက်သီးချက်ကို ခံနိုင်ရည်မရှိပေ။
သူ၏ အားသည် ၁၅၀ တန် ခန့်သာ ရှိပုံရသော်လည်း ၎င်းသည် သာမန် အားသာ ဖြစ်သည်။ ဖျက်ဆီးနိုင်စွမ်း မဟုတ်သေးပေ။ ဖျက်ဆီးနိုင်စွမ်းသည် အမြန်နှုန်းနှင့်လည်း သက်ဆိုင်သည်။ လော်ယွမ်၏ ၁၆ မှတ်ရှိသော အမြန်နှုန်းနှင့် ပေါင်းစပ်လိုက်သောအခါ အားကုန်သုံး၍ ထိုးလိုက်သော လက်သီးတစ်ချက်သည် အနည်းဆုံး တန်ချိန် ၃၀၀၀ ကျော် ရှိသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အားဖြင့် ထိုးလိုက်ပါက စစ်သင်္ဘောကြီးများ၏ သံချပ်ကာများပင် တစ်ချက်တည်းဖြင့် ကြေမွသွားနိုင်သည်။
......................................................................................................
နေဝင်ချိန် ရောက်လာပြီး တစ်နေ့တာ ကုန်ဆုံးတော့မည် ဖြစ်သည်။
လော်ယွမ်သည် သူ ကိုယ်တိုင် ရိုက်ချိုးထားသော သစ်ပင်တစ်ပင်ပေါ်တွင် ထိုင်ပြီး ခေါင်းကုတ်နေသည်။ ဤရက်ပိုင်း တောထဲမှာပဲ နေရတော့မည်ဟု သူ ဆုံးဖြတ်လိုက်သည်။ အလွန်ကြီးမားသော အားအင်များကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်သေးပေ။ ခန္ဓာကိုယ်၏ အလိုအလျောက် တုံ့ပြန်မှု ဖြစ်လာသည်အထိ လေ့ကျင့်ရဦးမည်။
မသိစိတ်ဖြင့် လုပ်လိုက်သော လှုပ်ရှားမှုတစ်ခုကပင် ကြီးမားသော ပျက်စီးမှုကို ဖြစ်စေနိုင်သည်။
ဤအခြေအနေနှင့် အိမ်ပြန်သွားပါက ဝမ်းနည်းစရာ မြင်ကွင်းများ ဖြစ်လာနိုင်သည်ကို တွေးမိသည်။ အိပ်ပျော်နေစဉ် မသိစိတ်ဖြင့် ဖက်လိုက်မိလျှင်...
လော်ယွမ် ကျောချမ်းသွားပြီး ထိုကြောက်စရာ အတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
ဤအကြောင်း တွေးမိသည်နှင့် စိတ်ထဲတွင် ပြောမပြတတ်သော ဒေါသများ ထွက်ပေါ်လာပြီး သစ်ပင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ "ဝုန်း" ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး အောက်မှ သစ်ပင်သည် ပေါက်ကွဲသွားသကဲ့သို့ နှစ်ပိုင်းကျိုးကာ သစ်စများ လွင့်စဉ်သွားသည်။
သစ်ရွက်ခြောက်အချို့ လော်ယွမ်၏ ခေါင်းပေါ်သို့ ဖြည်းညှင်းစွာ ကျလာသည်။
လော်ယွမ် ခေါင်းခါလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ စိတ်ထဲမှ ဒေါသကို အတင်း ဖိနှိပ်လိုက်သည်။ ဂုဏ်သတ္တိများ ဟန်ချက်မညီခြင်း၏ ဘေးထွက်ဆိုးကျိုးကို သူ နားလည်သည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးသားဆူပွက်မှုနှင့် အားကောင်းသော ဟော်မုန်းများက သူ့ကို စိတ်တိုလွယ်၊ ဒေါသထွက်လွယ်စေပြီး စိတ်ခံစားချက် ထိန်းချုပ်ရ ခက်ခဲစေသည်။ ၁၉ မှတ်ရှိသော စိတ်စွမ်းအားသည် အလွန်အမင်း အစွမ်းထက်သော ဤခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ မထိန်းချုပ်နိုင်သေးပေ။
ဤ မူလအစွမ်းပိုင်ရှင် သည်လည်း စိတ်သဘောထား သိပ်ကောင်းမည် မဟုတ်ဟု သူ ခန့်မှန်းမိသည်။ ၎င်းသေဆုံးရခြင်းမှာ ဤအချက်ကြောင့်လည်း ပါဝင်နိုင်သည်။
...............................................................................................................
ညဉ့်နက်လာပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် အသားစား သန္ဓေပြောင်းသတ္တဝါများ လှုပ်ရှားသော အချိန် ဖြစ်သည်။ ဤအချိန်တွင် ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများနှင့် နေရာအနှံ့မှ ပိုးကောင်အော်သံများ ဆူညံနေတတ်သည်။
သို့သော် ဒီနေ့တော့ ဘာသံမှ မကြားရပေ။ အဝေးတစ်နေရာမှ ပေါက်ကွဲသံများသာ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။
ထိုပေါက်ကွဲသံများသည် အလွန်စိပ်ပြီး တစ်စက္ကန့်လျှင် အချက်ရေ ၁၀၀ ကျော် ကြားနေရသည်။ သာမန်လူများသာဆိုလျှင် အဆက်မပြတ် မြည်ဟိန်းနေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။
အန္တရာယ်ကင်းသော သန္ဓေပြောင်းသတ္တဝါများသည်ပင် ဤကြောက်မက်ဖွယ် အသံကို ကြားသောအခါ ဝေးရာသို့ ထွက်ပြေးကြသည်။ အဆင့် ၇ သန္ဓေပြောင်းသတ္တဝါကြီးများပင်လျှင် ဝမ်းရေးအတွက်နှင့် အမည်မသိ ရန်သူတော်ကြီးကို သွားမစလိုကြပေ။
ဆူညံတတ်သော ပိုးကောင်လေးများသည်လည်း အသံတိတ်သွားကြပြီး မြေကြီးအောက်၊ သစ်ပင်အခေါင်းပေါက်၊ သစ်ရွက်များ အနောက်တွင် ပုန်းအောင်းနေကြသည်။ သူတို့အတွက် ကပ်ဘေးကြီးတစ်ခု ကျရောက်လာသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
လော်ယွမ်သည် သစ်ပင်ကြီးတစ်ပင်ကို လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်နေသည်။ လက်သီးချက်တိုင်းတွင် လေလှိုင်းများ ဘေးပတ်လည်သို့ ဖြာထွက်သွားပြီး အရာအားလုံးကို တိုက်ခတ်သွားသည်။
ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှု မလုပ်ခင်က လော်ယွမ်၏ လက်သီးအမြန်နှုန်းသည် အသံအမြန်နှုန်းသို့ စတင် ဝင်ရောက်ခါစ ဖြစ်သည်။ ယခုအခါ ၁၂ ဆ ကျော်လွန်နေပြီ ဖြစ်ပြီး ဖျက်ဆီးနိုင်စွမ်းသည် ယခင်ကထက် အဆ ၁၅၀ နီးပါး ပိုမို ပြင်းထန်သည်။
ယခုအခါ ပေ ၉၀ ပတ်လည်ရှိ ချုံပုတ်များ၊ မြက်ခင်းများသည် အကြိမ်ကြိမ် ဖျက်ဆီးခံရသဖြင့် အစအနမကျန် ကြေမွပျက်စီးနေပြီ ဖြစ်သည်။ ထိုအကွာအဝေး အပြင်ဘက်တွင်လည်း တိုက်ခိုက်မှု အရှိန်အဟုန် ရှိနေသေးသည်။ အနည်းဆုံး ပေ ၁၅၀ အတွင်းရှိ သစ်ပင်ငယ်များသည် လဲကျကုန်ပြီး သစ်ကိုင်းများ ကျိုးပဲ့ကာ အရွက်များ ကြွေကျကုန်သည်။
လော်ယွမ် ထိုးနှက်နေသော သစ်ပင်ကြီးသည် ဤဧရိယာတွင် အကြီးဆုံး အဆင့် ၇ သစ်ပင်ကြီး ဖြစ်သည်။ လျှပ်စီးသစ်ပင် နှင့် ယှဉ်လျှင် အများကြီး ကွာခြားသော်လည်း လုံးပတ် ပေ ၁၅၀ ကျော်၊ အမြင့် ပေ ၂၁၀၀ ခန့် ရှိပြီး တောင်တစ်လုံးကဲ့သို့ ကြီးမားသည်။
သို့သော် ယခုအခါ လော်ယွမ်၏ လက်သီးချက်များကြောင့် ၎င်း၏ ကြီးမားသော ကိုယ်ထည်ကြီးသည် ပြင်းထန်စွာ တုန်ခါနေပြီး သစ်စများ လွင့်ပျံထွက်နေသည်။
အစပိုင်း လက်သီးချက်များတွင် အသားကို ထိသော်လည်း သစ်ပင်တွင် အပေါက်ကြီး ဖြစ်လာပြီးနောက် လေကိုသာ ထိုးနှက်နေရသည်။ သို့သော် ဤကဲ့သို့ မြန်ဆန်သော အမြန်နှုန်းကြောင့် ဖိသိပ်ထားသော လေထုသည် လက်သီးအားကို ကောင်းစွာ သယ်ဆောင်ပေးပြီး စွမ်းအင်ဆုံးရှုံးမှု နည်းပါးသည်။
လက်သီးချက်တိုင်းတွင် ပါဝင်သော အား ၄၀၊ ၅၀ ရာခိုင်နှုန်းသည် သစ်ပင်အခေါင်းပေါက်၏ အောက်ခြေထိ ရောက်ရှိသွားသည်။ ကျန်ရှိသော အားများသည်လည်း အလဟဿ မဖြစ်ဘဲ လေပွေမုန်တိုင်းအဖြစ် ပြောင်းလဲကာ ဓားသွားများကဲ့သို့ သစ်ပင်ကို လှီးဖြတ်နေကြသည်။
ထိုစဉ် သစ်ပင်ဆီမှ "ဂျွတ်" ခနဲ အက်ကွဲသံကြီး ထွက်ပေါ်လာပြီး မိုးချိန်းသံကဲ့သို့ ကျယ်လောင်သည်။
ထိုအသံသည် အချက်ပေးလိုက်သကဲ့သို့ပင်။ ဆုတ်ဖြဲသံများ ပိုမို ကျယ်လောင်လာပြီး နောက်ဆုံးတွင် "ဝုန်း" ခနဲ အသံကျယ်ကြီးနှင့်အတူ တန်ချိန်သောင်းချီ လေးလံသော သစ်ပင်ကြီးသည် ဖြည်းညှင်းစွာ ယိုင်လဲလာသည်။ တောင်ပြိုသကဲ့သို့ပင်။ လဲကျရာ လမ်းကြောင်းတစ်လျှောက်ရှိ သစ်ပင်ငယ်များသည် ခုခံနိုင်စွမ်းမရှိဘဲ ကျိုးပဲ့ကုန်ကြသည်။
နောက်တစ်ခဏတွင် "ဝုန်း" ခနဲ မြေကြီးတုန်ခါသွားပြီး ဖုန်မှုန့်များ ကောင်းကင်သို့ ထိုးတက်သွားသည်။
လော်ယွမ် နောက်လှည့်ပြီး အမြန် ပြေးထွက်လိုက်သော်လည်း ဖုန်မှုန့်များ ပြန့်နှံ့နှုန်းက သူ့ထက် ပိုမြန်နေသည်။ ပေ ၃၀ ကျော်ခန့်သာ ရောက်သေးသည်၊ ဖုန်မုန်တိုင်းက သူ့ကို ဝါးမြိုသွားသည်။ ပြေးလွှားခြင်းကို သူ မကျွမ်းကျင်သေးပေ။ မတတ်သာသည့်အဆုံး စိတ်စွမ်းအားကို အသုံးပြုပြီး လေပေါ်ပျံတက်ကာ အဝေးသို့ ထွက်ခွာလိုက်သည်။
လေထုနှင့် ပွတ်တိုက်မှုကြောင့် နီရဲပူနွေးနေသော လက်သီးကို စမ်းကြည့်လိုက်ပြီး လက်ခါလိုက်ရာ အပူချိန် လျင်မြန်စွာ ကျဆင်းသွားသည်။
ဤခန္ဓာကိုယ်၏ အပူလျှောက်ကူးနိုင်စွမ်းက အလွန် နည်းပါးသည်။ သတ္တုသာဆိုလျှင် ဤကဲ့သို့ လေထုနှင့် ပွတ်တိုက်မှုကြောင့် နီရဲပြီး ပျော်ကျသွားလောက်ပြီ ဖြစ်သည်။ သို့သော် လော်ယွမ်၏ လက်သီးမှာ အရေပြားသာ အနည်းငယ် ပူနွေးရုံရှိပြီး အတွင်းပိုင်း သွေးသားများ၏ အပူချိန်မှာ သိပ်မတက်လာပေ။
ဖုန်မှုန့်များနှင့် ဝေးရာသို့ ရောက်သောအခါ လော်ယွမ် ပြန်ဆင်းသက်လိုက်သည်။ တောထဲတွင် ဖြည်းဖြည်းချင်း ပြေးရင်း ခန္ဓာကိုယ်ကို အသားကျအောင် လုပ်နေပြီး ပစ်မှတ်အသစ်ကို ရှာဖွေနေသည်။
လမ်းတစ်လျှောက် တွေ့ရှိသော သန္ဓေပြောင်းသတ္တဝါများ ကံဆိုးကြသည်။ လော်ယွမ်၏ လက်သီးချက်ကြောင့် အသားအနှစ် ဘဝ ရောက်သွားကြသည်။
ခန္ဓာကိုယ် လှုပ်ရှားမှု မသွက်လက်၊ မကျွမ်းကျင်သေးသဖြင့် ယခင်ကကဲ့သို့ သရဲတစ္ဆေပမာ လျင်မြန်စွာ မလှုပ်ရှားနိုင်သေးသော်လည်း ကိုယ်ထည် ၅ တန်အောက်၊ အကွာအဝေး ပေ ၆၀ အတွင်းဆိုလျှင် လက်သီးလေဟုန်ဖြင့်ပင် လွင့်ထွက်သွားစေနိုင်သည်။
သို့သော် လမ်းခရီးတွင် လော်ယွမ် အနည်းငယ် အထိနာခဲ့သေးသည်။ ဂရုမစိုက်မိချိန်တွင် သန္ဓေပြောင်းသတ္တဝါများ၏ အမြီးရိုက်ချက်၊ လက်သည်းကုတ်ချက်များကို ခံလိုက်ရသည်။ ကြိုတင်သိမြင်နိုင်စွမ်း ဖြင့် မြင်နေရသော်လည်း ခန္ဓာကိုယ် လှုပ်ရှားမှု မကောင်းသဖြင့် မရှောင်တိမ်းနိုင်ခဲ့ပေ။
တကယ်တမ်း သူသာ လေပေါ်သို့ ခုန်တက်လိုက်လျှင် အများဆုံး အဆင့် ၆ သာ ရှိသော ဤသန္ဓေပြောင်းသတ္တဝါများ သူ့ကို ဘာမှ မလုပ်နိုင်ပေ။ အဓိကမှာ လော်ယွမ် မရှောင်ချင်သောကြောင့် ဖြစ်သည်။ ရှောင်စရာ မလိုဟု ယူဆသောကြောင့် ဖြစ်သည်။
ဤ ပေါင်းစပ်ခန္ဓာ သည် မယုံနိုင်လောက်အောင် ကြံ့ခိုင်သည်။ အသံထက်မြန်သော တိုက်ခိုက်မှုများ ခံရပြီး သစ်ပင်အများအပြားနှင့် ဝင်တိုက်မိသော်လည်း ပြန်ထလာချိန်တွင် ပွန်းပဲ့ဒဏ်ရာပင် မရရှိပေ။
သူသည် တန် ၃၀၀၀ အားဖြင့် ထိုးနိုင်သည် ဆိုကတည်းက သူ့ခန္ဓာကိုယ်သည် ထိုမျှလောက် အားကို ခံနိုင်ရည်ရှိမှသာ ဖြစ်မည်။ မဟုတ်လျှင် ခန္ဓာကိုယ် ပျက်စီးသွားပေလိမ့်မည်။
မကြာမီ မိုးလင်းလာသည်။ လော်ယွမ်သည် သွေးများ ပေကျံလျက် စမ်းချောင်းတစ်ခုသို့ ရောက်ရှိလာသည်။ အဝတ်မပါသော အရေပြားပေါ်တွင် သွေးခဲများ ဖုံးအုပ်နေပြီး အသားစများနှင့် ကလီစာ အပိုင်းအစများ ကပ်ငြိနေသည်။ ညှီစော်နံသော သွေးနံ့များ ထွက်ပေါ်နေသည်။
သူသည် အဝတ်အစားများကို ချွတ်လိုက်ပြီး စမ်းချောင်းထဲတွင် သွားများ ဖြီးကာ ကူးခတ်နေသော အသားစားငါးများကို ဂရုမစိုက်ဘဲ ရေထဲသို့ ခုန်ဆင်းလိုက်သည်။ ကိုယ်ပေါ်ရှိ သွေးများကို စင်ကြယ်အောင် ဆေးကြောလိုက်သည်။
ကျောက်ဂူထဲက ထွက်လာကတည်းက သူသည် တစ်နေ့တစ်ညလုံးနီးပါး လှုပ်ရှားနေခဲ့သည်။ အထူးသဖြင့် ညဉ့်နက်ပိုင်းတွင် ကိုယ်ပေါ်မှ သွေးနံ့ ပိုပြင်းလာသဖြင့် သန္ဓေပြောင်းသတ္တဝါများ ရောက်ရှိလာကာ ခြေလှမ်းအနည်းငယ် လှမ်းတိုင်း တိုက်ခိုက်ခံနေရသည်။
သို့သော် သူ လုံးဝ အိပ်ချင်စိတ် မရှိ၊ မောပန်းခြင်းလည်း မရှိဘဲ တက်ကြွ လန်းဆန်းနေသည်။
............................................................................................................
လော်ယွမ်သည် တောထဲတွင် တစ်ပတ်တိတိ နေထိုင်ခဲ့သည်။ နေ့စဉ် အားအင်ထိန်းချုပ်မှု လေ့ကျင့်ခြင်းအပြင် ကျန်အချိန်များတွင် တိုက်ခိုက်နေခဲ့သည်။
ကျန်းမာတောက်ဓားကို အသုံးမပြုတော့ဘဲ လက်သီးသက်သက်ဖြင့် သွေးထွက်သံယို တိုက်ခိုက်ခဲ့သည်။
အစပိုင်းတွင် အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများကို ရွေးချယ် တိုက်ခိုက်ခဲ့သည်။ အဆင့် ၇ သတ္တဝါနှင့် တွေ့လျှင် မြေလှိုင်းရေပန်း ကို အသုံးပြုသည်။ အဆ ၁၀၀ ခန့် ပိုမို အားကောင်းလာသော မြေလှိုင်းရေပန်း၏ အစွမ်းက ထင်ထားသည်ထက် ပိုမို ထိရောက်သည်။
တစ်ချက်တည်းဖြင့် အစွမ်းထက်သော အဆင့် ၇ သန္ဓေပြောင်းသတ္တဝါကြီးသည် အသားအနှစ်ဘဝ ရောက်သွားပြီး အရိုးများပါ ကြေမွသွားသည်။
၄၊ ၅ ရက် ကြာသောအခါ အားအင်ထိန်းချုပ်မှု ပိုမို ကောင်းမွန်လာပြီး အသားကျလာသဖြင့် အဆင့် ၇ သန္ဓေပြောင်းသတ္တဝါများကိုလည်း လက်သီးဖြင့် ရင်ဆိုင်နိုင်လာသည်။
သာမန် ခွန်အားသက်သက် ယှဉ်လျှင် ကြီးမားသော ကိုယ်ထည်ရှိသည့် အဆင့် ၇ သတ္တဝါက လော်ယွမ်ထက် သာလွန်သည်။ သို့သော် သံချောင်းတစ်ချောင်းသည် သစ်သားပြားထဲသို့ အလွယ်တကူ စိုက်ဝင်နိုင်သော်လည်း ပိုလေးလံသော သံတူရွင်းတုံးကြီးကို သစ်သားပြားထဲ စိုက်ဝင်အောင် လုပ်ရန် ခက်ခဲသည်။ ဧရိယာအလိုက် သက်ရောက်အား မတူညီသောကြောင့် ဖြစ်သည်။
လော်ယွမ်၏ ပေါင်းစပ်ခန္ဓာနှင့် ယှဉ်လျှင် အဆင့် ၇ သန္ဓေပြောင်းသတ္တဝါသည် သစ်သားတူရွင်းတုံးကြီးသာ ဖြစ်သည်။
သွက်လက်သော လှုပ်ရှားမှုနှင့် သရဲတစ္ဆေကဲ့သို့ အမြန်နှုန်းကို အသုံးပြုပြီး အနားကပ်ကာ လက်သီးအနည်းငယ် ထိုးလိုက်ရုံဖြင့် အဆင့် ၇ သတ္တဝါကြီးကို သတ်ဖြတ်နိုင်သည်။ အတွင်းဒဏ်ရာများသည် လျှပ်စစ်သံလိုက်အမြောက် ထိမှန်သကဲ့သို့ အသားများ ကျေမွပျက်စီးသွားသည်။
ယခုအခါ ပေါင်းစပ်ခန္ဓာ၏ ကြီးမားသော အားအင်များကို အသားကျသွားပြီဖြစ်ပြီး မွေးရာပါ ပင်ကိုအသိစိတ်ကဲ့သို့ ဖြစ်လာသည်။
ထို့အပြင် လေးဖက်မြင်လေဟာနယ်ခရီးသွားခြင်း ကိုလည်း ကျွမ်းကျင်လာသည်။ သူ၏ စိတ်စွမ်းအား ကြီးမားမှုကြောင့် ဤစွမ်းရည်ကို အသုံးပြုရသည်မှာ ထင်ထားသည်ထက် ပိုမို လွယ်ကူသည်။ စိတ်စွမ်းအား စုစည်းစရာမလိုဘဲ အတွေးတစ်ချက်ဖြင့် ပစ်မှတ်နေရာသို့ ရောက်ရှိနိုင်သည်။ သို့သော် စိတ်စွမ်းအား စုစည်းအသုံးပြုပါက ပိုမိုဝေးကွာသော နေရာသို့ ရောက်ရှိနိုင်သည်။
ဆက်ရန်...
အပိုင်း (၄၂၃) အိမ်ပြန်ခြင်း
လော်ယွမ်သည် မိမိ၏ ရုတ်တရက် တိုးပွားလာသော ခွန်အားများကို အသားကျအောင် လေ့ကျင့်နေသည်မှာ လုံလောက်စွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နောက်ဆက်တွဲ အခြေအနေများအတွက်မူ ရေရှည်အချိန်ယူ၍ နေ့စဉ် လေ့ကျင့်သွားရုံသာ ရှိတော့သည်။
မနက်စောစောတွင် လော်ယွမ်သည် ရေကန်ငယ်လေးနံဘေး၌ ရေချိုးသန့်စင်လိုက်ပြီး ကိုယ်ပေါ်ရှိ သွေးညှီနံ့များကို ပြောင်စင်အောင် ဆေးကြောလိုက်သည်။ ထို့နောက် အဝတ်အစား ဝတ်ဆင်၊ ကျန်းမာတောက်ဓားကြီးကို ကောက်ကိုင်ကာ စိတ်စွမ်းအားကို စုစည်းပြီး ပြန်လည်တည်ဆောက်ရေးဇုန်သို့ ပျံသန်းထွက်ခွာလာခဲ့သည်။
နာရီဝက်အကြာတွင် အိမ်တံခါးကို သူခေါက်လိုက်သည်။
တံခါးလာဖွင့်သူမှာ ဝမ်ရှီရှီ ဖြစ်ပြီး လော်ယွမ်ကို မြင်လိုက်သည်နှင့် အံ့ဩဝမ်းသာ ဖြစ်သွားသည်။ တံခါးဝမှာတင် လော်ယွမ်ကို ဖက်လိုက်ပြီး ချွဲနွဲ့သော အသံဖြင့် ပြောလိုက်သည်။
"ကိုကြီးယွမ်... ကိုကြီး နောက်ဆုံးတော့ ပြန်လာပြီပေါ့"
လော်ယွမ်က သူမ၏ သေးသွယ်သော ပခုံးလေးကို ပုတ်ပေးပြီး အားနာစွာဖြင့် ပြောလိုက်သည်။ "ဒီရက်ပိုင်း အလုပ်တွေ ရှုပ်နေလို့ပါ... အခုတော့ အားလုံး ပြီးသွားပါပြီ"
ဧည့်ခန်းထဲရှိ ဗီဇပြောင်းလူသားမလေးသည် ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် လက်ထဲမှ အရုပ်ကို ချကာ လျင်မြန်စွာ ပြေးထွက်လာသည်။ သူမသည် တံခါးဘောင်ကို ကိုင်လျက် ခန္ဓာကိုယ်တစ်ဝက် ပြူထွက်ကာ လော်ယွမ်ကို စိုက်ကြည့်နေသည်။ သူမ အတော်လေး စိတ်လှုပ်ရှားနေပုံရပြီး ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့် တုန်နေသည်။
လော်ယွမ် သူမကို ကြည့်လိုက်ရာ တစ်လကျော် မတွေ့ရသည့် အတွင်း သူမ အတော်လေး ဝလာသည်ကို သတိပြုမိလိုက်သည်။ မူလက ဆူးချွန်လို ချွန်နေသော မျက်နှာလေးမှာ ယခုအခါ အသားပြည့်လာပြီး ဘဲဥပုံသဏ္ဍာန် ဖြစ်လာသည်။
တည်ငြိမ်သော ဘဝနှင့် ပေါများသော အစားအစာများက သူမကို ဤကာလအတွင်း ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခဲ့ပုံ ရသည်။
မကြာမီ ဟွမ်ကျားဟွေနှင့် ကျိုးယလီ တို့လည်း ထွက်လာကြသည်။ လော်ယွမ်ကို မြင်သောအခါ ဝမ်းသာသွားကြသည်။ ဝမ်ရှကွမ် တစ်ယောက်သာ အလုပ်သွားနေသဖြင့် မတွေ့ရပေ။
"အထဲ အရင်ဝင်ရအောင်" လော်ယွမ်က ဝမ်ရှီရှီ၏ လက်ကို ဖြေလျှော့ရင်း ပြောလိုက်သည်။
ဝမ်ရှီရှီလည်း မတတ်သာဘဲ လက်လွှတ်လိုက်ရပြီး လူတစ်စု ဧည့်ခန်းထဲသို့ ဝင်လာကြသည်။
ဝမ်ရှီရှီက စောစောက ဖက်လိုက်တုန်းက ထူးခြားမှုကို ရုတ်တရက် သတိရသွားပြီး သေချာစေရန် လော်ယွမ်၏ လက်မောင်းကို အားဖြင့် ဖိနှိပ်ကြည့်လိုက်သည်။ ထို့နောက် သံသယဖြင့် မေးလိုက်သည်။ "ကိုကြီးယွမ်... ကိုကြီးခန္ဓာကိုယ်က ဘယ်လိုဖြစ်ပြီး အရမ်း မာကျောသွားတာလဲ... ကျောက်တုံးကြီးကျနေတာပဲ"
"ဟုတ်လို့လား"
"မယုံရင် ကိုယ့်ဘာသာ စမ်းကြည့်"
လော်ယွမ် အံ့ဩသွားပြီး လက်မောင်းကို စမ်းကြည့်လိုက်သော်လည်း ဘာမှ မထူးခြားဘဲ ပျော့ပျောင်းနေသည်ဟုသာ ခံစားရသည်။
သို့သော် ချက်ချင်းပင် လက်ကို ရပ်တန့်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူ့လက်ရှိ ခွန်အားနှင့် အာရုံခံစားမှုက သာမန်လူများနှင့် လုံးဝကို ကွာခြားသွားပြီ ဖြစ်ရာ သူ့အတွက် ပျော့သည်ဟု ထင်ရသော်လည်း သာမန်လူအတွက်မူ ကျောက်တုံးကဲ့သို့ မာနေပေလိမ့်မည်။
ဟွမ်ကျားဟွေနှင့် ကျိုးယလီတို့လည်း ကြားရော စပ်စုချင်စိတ်ဖြင့် လာရောက် စမ်းသပ်ကြည့်ကြသည်။ လော်ယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ပျော့ပျောင်းပုံရသော ကြွက်သားများသည် သူတို့ စမ်းကိုင်ကြည့်သောအခါ လုံးဝ ဖိမရအောင် မာကျောနေသည်။ အားကုန်သုံးပြီး ဖိညှစ်လျှင်တောင် အနည်းငယ်မျှပင် ပုံပျက်သွားခြင်း မရှိပေ။
"ဒါ ဘယ်လိုဖြစ်တာလဲ... ရှင့်ခန္ဓာကိုယ်က ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားတာလဲ" ဟွမ်ကျားဟွေက စိုးရိမ်တကြီး မေးလိုက်သည်။
လော်ယွမ်က သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
"မကြာသေးခင်က အခွင့်အရေး တစ်ခုရလို့ ငါ့ရဲ့ ခွန်အားတွေ အများကြီး တိုးသွားတယ်... အမှန်အတိုင်း ပြောရရင် ဒီရက်ပိုင်းအတွင်း ငါ တောထဲမှာပဲ နေပြီး အဲဒီ ခွန်အားတွေကို အသားကျအောင် ကြိုးစားနေတာ... ဒါပေမယ့် အခုထိ ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး... အဲဒါကြောင့် အခုကစပြီး အတော်ကြာတဲ့အထိ ငါ တစ်ယောက်တည်းပဲ အိပ်ရမယ် ထင်တယ်"
"မမဟွမ်တို့ မမကျိုးတို့က သာမန်လူတွေဆိုတော့ အန္တရာယ်များတာ ဟုတ်တယ်... သမီးကျတော့ ခန္ဓာကိုယ်က သူတို့ထက် အများကြီး သန်မာတယ်လေ... နောက်ဆို ကိုကြီးယွမ် သမီးဆီမှာ လာအိပ်လှည့်"
ဝမ်ရှီရှီက ရင်ထဲက ပျော်ရွှင်မှုကို အောင့်အီးထားပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ မိန်းမနှင့် ယောက်ျား အတူတူပင်၊ ပိုင်ဆိုင်လိုစိတ် ပြင်းပြတတ်ကြရာ ဝမ်ရှီရှီလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
''ငါလည်း ဆင့်ကဲပြောင်းလဲသူ ပဲဟာကို'' ကျိုးယလီက ဝမ်ရှီရှီကို ကြည့်ပြီး စိတ်ထဲ မကျေမနပ် ဖြစ်သွားသည်။ သို့သော် သူမက စိတ်ဆန္ဒကို ထုတ်မပြရဲဘဲ ရှက်တတ်သူမို့ စိတ်ထဲကပဲ ကျိတ်ဆဲလိုက်သည်။ ဝမ်ရှီရှီနဲ့ ယှဉ်ပြီး သဝန်တိုပြဖို့ဆိုတာ မဖြစ်နိုင်ပေ။
လော်ယွမ် သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ "မီးဖိုချောင်ထောင့်မှာ ထားထားတဲ့ ပေါင်းအိုးအစုတ်ကြီးကို ငါ့ဆီ ယူလာခဲ့"
ကျိုးယလီ အတွေးလွန်နေစဉ် ဟွမ်ကျားဟွေက မီးဖိုချောင်ထဲ ဝင်သွားပြီး ပေါင်းအိုးကို ယူကာ လော်ယွမ်လက်ထဲ ထည့်ပေးလိုက်သည်။
လော်ယွမ် ပေါင်းအိုးကို လှမ်းယူလိုက်ပြီး လက်ကိုင်ရိုးကို လိမ်ချိုးကာ လွှင့်ပစ်လိုက်သည်။ ထို့နောက် အဖုံးပိတ်ပြီး လက်နှစ်ဖက်ကို အိုးပေါ် အပေါ်အောက် တင်လိုက်သည်။ နောက်တစ်ခဏတွင် သူ သိပ်အားစိုက်လိုက်ပုံ မရသော်လည်း လက်နှစ်ဖက် ပူးကပ်သွားပြီး သွားကျိန်းစရာကောင်းသော သတ္တုပွတ်တိုက်သံနှင့်အတူ ပေါင်းအိုးတစ်ခုလုံး ပြားကပ်သွားသည်။
လူတိုင်း လန့်ပြီး နောက်သို့ ဆုတ်သွားကြသည်။ မျက်နှာတွင် ထိတ်လန့်အံ့ဩမှုများ အထင်းသား ပေါ်နေသည်။
ဒါတင် မပြီးသေး၊ လော်ယွမ်က သက်သောင့်သက်သာ မျက်နှာထားဖြင့် ဆက်လက် နယ်ဖတ်လိုက်ရာ မာကျောသော သတ္တုတုံးသည် မြေစေးခဲသဖွယ် ပုံပျက်ပန်းပျက် ဖြစ်ကုန်သည်။
လုံခြုံရေးအရ ပေါင်းအိုးနံရံများသည် အလွန်ထူထဲပြီး သတ္တုသားမှာလည်း အလွန်မာကျောရာ ပုံပျက်သွားစေရန် ခဲယဉ်းသည်။ သာမန်လူ မဆိုထားနှင့်၊ သာမန် ခွန်အားအမျိုးအစား ဆင့်ကဲပြောင်းလဲသူများပင် ၎င်းကို ပုံပျက်အောင် မလုပ်နိုင်ပေ။ ယခုကဲ့သို့ လွယ်လွယ်ကူကူ လုံးချေပစ်ရန်ဆိုသည်မှာ ဝေးစွ။
နားထဲတွင် သတ္တုပွတ်တိုက်သံများ ကျယ်လောင်စွာ ကြားနေရခြင်းနှင့် အကြိမ်ကြိမ် အချေခံနေရသဖြင့် ပေါင်းအိုးသားများ နီရဲလာသည်ကို မမြင်ရလျှင် ဤမြင်ကွင်းကို အာရုံချောက်ခြားခြင်းဟုသာ ထင်မှတ်မိကြပေလိမ့်မည်။
စက္ကန့်ပိုင်းအကြာတွင် လက်သီးဆုပ်အရွယ် သတ္တုဘောလုံးတစ်လုံး လော်ယွမ်လက်ထဲ ရောက်ရှိလာသည်။
၎င်းသည် အရောင်ရင့်ပြီး နီရဲနေသည်။ ၆ ပေခန့် ဝေးသော ဝမ်ရှီရှီပင်လျှင် အပူရှိန်ကို လှမ်းခံစားမိသည်။ အပူချိန် ၅၀၀ - ၆၀၀ ဒီဂရီလောက် ရှိမည်။ သို့သော် လော်ယွမ်က ဘာအကာအကွယ်မှ မပါဘဲ ကိုင်ထားပြီး အရေပြားနှင့် ပူပြင်းသော သတ္တုလုံး တိုက်ရိုက်ထိတွေ့နေသော်လည်း နာကျင်ပုံမရပေ။
လော်ယွမ်က မီးဖိုချောင်ထဲ ဝင်သွားပြီး ရေဘုံဘိုင်ဖွင့်ကာ သတ္တုလုံးကို ရေလောင်းချလိုက်သည်။ "ရှဲ" ခနဲ မြည်သံနှင့်အတူ ရေနွေးငွေ့များ မီးဖိုချောင်တစ်ခုလုံး ပျံ့နှံ့သွားသည်။
ထိုအခါမှ အားလုံး အိပ်မက်မက်ရာမှ နိုးလာသလို ဖြစ်သွားပြီး ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်လိုက်မိကြသည်။
ဟွမ်ကျားဟွေ စိတ်ထဲတွင် စိုးရိမ်မှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ သူမနှင့် လော်ယွမ်ကြားက ကွာဟချက်သည် ပိုမို ကြီးမားလာကြောင်း သတိထားမိလိုက်သည်။ ရာထူးဂုဏ်ရှိန် မဟုတ်၊ မျိုးစိတ်ကွာခြားချက် ဖြစ်သည်။
ပုရွက်ဆိတ်နှင့် လူသားကဲ့သို့ ကွာခြားချက် ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုကွာဟချက်က ပိုမိုကျယ်ပြန့်လာနေသည်။ တစ်နေ့နေ့ မနက်ခင်းတွင် သူ ရုတ်တရက် ထွက်ခွာသွားပြီး ဘယ်တော့မှ ပြန်မလာတော့မည်ကို စိုးရိမ်မိသည်။
ကျိုးယလီကတော့ ဟွမ်ကျားဟွေလောက် များများစားစား မတွေးပေ။ သူမ စိုးရိမ်မိတာက ဤမျှလောက်သန်မာတဲ့ ခွန်အားနှင့်ဆို နောက်ပိုင်း လင်မယားကိစ္စတွေမှာ သူမ ခံနိုင်ပါ့မလား ဆိုတာပင်။
ဝမ်ရှီရှီလည်း လန့်သွားပြီး လော်ယွမ်ကို သူမအခန်းမှာ လာအိပ်ဖို့ ထပ်မခေါ်ရဲတော့ပေ။
သို့သော် ဝမ်ရှီရှီက ကလေးစိတ် မပျောက်သေးသဖြင့် ခဏနေတော့ စိတ်ထဲက ထိတ်လန့်မှုကို ဘေးဖယ်ကာ စိတ်လှုပ်ရှားစွာဖြင့် လော်ယွမ်ကို ပူဆာသည်။ "အဲဒီ သတ္တုလုံးလေးရော... သမီးကို ပေးကြည့်"
လော်ယွမ်က ဝမ်ရှီရှီ၏ ပေါ့ပါးသော အမူအရာကို မြင်လိုက်ရသဖြင့် စိတ်ညစ်နေသည်များ သက်သာသွားပြီး မီးဖိုချောင်ထဲမှ သတ္တုလုံးကို ယူကာ ကမ်းပေးလိုက်သည်။ "သတိထားနော... နည်းနည်း ပူနေသေးတယ်"
ဝမ်ရှီရှီ လှမ်းယူလိုက်သောအခါ တကယ်ပင် ပူနေသေးကြောင်း တွေ့ရသည်။ သို့သော် သူမတွင် နည်းလမ်းရှိသည်။ စိတ်စွမ်းအင်ကို အသုံးပြုကာ သတ္တုလုံးကို လေပေါ်မြှောက်လိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် နယ်မြေအသစ် ရှာတွေ့သလို အော်ပြောလိုက်သည်။ "ဒီမှာ ကိုကြီးရဲ့ လက်ဗွေရာတွေတောင် ထင်နေတယ်ကြည့်စမ်း"
"ကိုကြီးယွမ်... အခု ကိုကြီးရဲ့ ခွန်အားက ဘယ်လောက်ရှိလဲ... ကုန်တင်ကားကြီးတွေကို မနိုင်လား" ဝမ်ရှီရှီက စပ်စုစွာ မေးသည်။
"အေးဆေးပဲ" လော်ယွမ် ပြောလိုက်သည်။ ယေဘုယျအားဖြင့် ၂၄ ဘီးတပ် ကုန်တင်ကားကြီးဆိုလျှင် တန်ချိန် ဆယ်ဂဏန်းလောက်သာ ရှိရာ သူ့လက်ရှိ ခွန်အားအတွက် ဂွမ်းစလေးလို ပေါ့ပါးနေသည်။
"တင့်ကားရော"
"တင့်ကား အမျိုးအစား အားလုံး မနိုင်တယ်" လော်ယွမ် ထပ်ပြောလိုက်သည်။
"သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးတွေရော"
ဝမ်ရှီရှီ မေးလေ စိတ်လှုပ်ရှားလေ ဖြစ်နေပြီး မျက်နှာလေးများ နီရဲကာ မျက်လုံးများ အရောင်တောက်နေသည်။ လော်ယွမ်လည်း လိုက်လျောညီထွေစွာ ပြန်ဖြေလိုက်သည်။ "အဲဒါက အခြေအနေပေါ် မူတည်တယ်... မြေကြီးပေါ်မှာ ရပ်ထားရင်တော့ မနိုင်တယ်... လေပေါ်မှာ ပျံနေရင်တော့ မရဘူးပေါ့"
"ဒါဆို ကိုကြီးက စူပါမန်း ဖြစ်နေပြီပေါ့... တကယ့် စူပါမန်းနဲ့ ယှဉ်ရင် ဘယ်သူနိုင်မလဲ" ဝမ်ရှီရှီက စိတ်လှုပ်ရှားစွာ မေးသည်။
လော်ယွမ် ဆွံ့အသွားသည်။ လက်တွေ့ဘဝနဲ့ ရုပ်ရှင်ကို ဘယ်လိုလုပ် ယှဉ်လို့ရမလဲ။
သို့သော် သေချာစဉ်းစားကြည့်လျှင် ကာတွန်းထဲက စူပါမန်းကို ဖယ်ထားပြီး ရုပ်ရှင်ထဲက စူပါမန်းနဲ့ ယှဉ်မယ်ဆိုရင်တော့ တစ်ယောက်တစ်မျိုးစီ စွမ်းဆောင်နိုင်မည် ဖြစ်သည်။ လေယာဉ်တင်သင်္ဘောကြီးကို မနိုင်သော စူပါမန်း၏ ခွန်အားနှင့် ယှဉ်လျှင် သူ့ခွန်အားက နည်းကောင်း နည်းလိမ့်မည်။ သို့သော် တကယ်တမ်း တိုက်ခိုက်ကြလျှင် ဘယ်သူနိုင်မလဲ ဆိုတာ ပြောရခက်သည်။
(၂) စက္ကန့် ကြိုတင်မြင်နိုင်စွမ်းနှင့် နေရာရွှေ့ပြောင်းခြင်း ရှိနေခြင်းက သူ့ကို အားနည်းချက် မရှိစေနိုင်ပေ။ ထို့အပြင် ဟင်းလင်းပြင်ကို ဖြတ်တောက်နိုင်သော အဆင့် (၈) ကျန်းမာတောက်ဓားကြီးလည်း ရှိနေသဖြင့် သူ အနိုင်ရဖို့ အခွင့်အလမ်း ပိုများသည်။
သူတို့နှစ်ဦး စကားပြောနေစဉ် ဟွမ်ကျားဟွေလည်း အနားရောက်လာသည်။ လော်ယွမ်က အရင်အတိုင်း ဘာမှ မပြောင်းလဲသည်ကို တွေ့ရသဖြင့် စိတ်ထဲက စိုးရိမ်မှုများ လျော့ပါးသွားသည်။ အနည်းဆုံးတော့ အခုချိန်ထိ လော်ယွမ်က ဒီအိမ်ကို သံယောဇဉ် ရှိနေသေးသည်။
ကျိုးယလီ တစ်ယောက်သာ သူ့ကို ကြောက်နေသလိုလိုဖြင့် မျက်နှာရဲကာ လှမ်းမကြည့်ရဲ ဖြစ်နေသည်။ ဘာတွေ တွေးနေလဲတော့ မသိပေ။
လော်ယွမ် စိတ်ထဲ သက်ပြင်းချလိုက်သည်။ တစ်ခါတလေ သူလည်း ခေါင်းခဲရသည်။ သူ့ခွန်အားက အရှိန်အဟုန်ဖြင့် တိုးတက်နေဆဲ ဖြစ်ပြီး လုံးဝ တည်ငြိမ်မှု မရှိသေးပေ။ ဒီ (၇) ရက် ပြင်းထန်သော လေ့ကျင့်မှုအတွင်း သူ့ခွန်အားက တရိပ်ရိပ် တက်လာနေသည်။
အစက တန်ချိန် (၁၅၀) မှ ယခု တန်ချိန် (၂၀၀) နီးပါး ဖြစ်လာပြီ။
ခွန်အား ကိန်းဂဏန်း က (၂၉) မှတ်တွင် ရှိနေသေးသော်လည်း ဒီတိုးတက်မှုနှုန်းအတိုင်းဆိုလျှင် ၁၀ ရက်၊ ၁၅ ရက် မကြာမီ (၃၀) မှတ်ကို ကျော်လွန်သွားလိမ့်မည်။ ဒါကြောင့်လည်း ယခုအချိန်ထိ သူ့ခွန်အားကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးခြင်း ဖြစ်သည်။ ခွန်အားတိုးလာသည့် နှုန်းကို ထိန်းချုပ်နိုင်စွမ်းက မလိုက်နိုင် ဖြစ်နေသည်။
ယခုအချိန်မှစပြီး ဘာလေ့ကျင့်ခန်းမှ မလုပ်တော့လျှင်သာ ရနိုင်သည်။ သို့မဟုတ်ပါက အချိန်အတော်ကြာ သူ တစ်ယောက်တည်း အထီးကျန်စွာ အိပ်စက်ရဦးမည် ဖြစ်သည်။
ထိုအချိန်အတွင်း ဗီဇပြောင်းလူသားမလေးလေးသည် လော်ယွမ်ဘေးတွင် ငြိမ်ကုပ်စွာ ထိုင်နေပြီး မျက်လုံးများက လော်ယွမ်ကို စိုက်ကြည့်နေသည်။ လော်ယွမ် စကားပြောတာကို နားထောင်ရင်း သူ ရုတ်တရက် ထွက်ပြေးသွားမှာကို စိုးရိမ်နေသည့်အလား ရှိသည်။
"ဒါနဲ့ ချန်ကျားယီရော" လော်ယွမ် ရောက်ကတည်းက သူမကို မတွေ့မိ၍ မေးလိုက်သည်။
"အိပ်နေတုန်းပဲ... ဒီရက်ပိုင်း သူ အအိပ် အရမ်းမက်နေတယ်... နှိုးလို့လည်း မရဘူး... ပုံမှန်ဆို ညနေလောက်မှ ထလာတတ်တယ်" ဟွမ်ကျားဟွေက ပြောသည်။ သူမက မိဘအရင်း မဟုတ်သဖြင့် အရမ်းကြီးလည်း မကြပ်မတ်ရဲပေ။ နှိုးမရသည့်အဆုံး လွှတ်ထားလိုက်ရသည်။
လော်ယွမ် မျက်နှာ အရောင်ပြောင်းသွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ "ငါ သွားကြည့်လိုက်မယ်"
ဆက်ရန်...