← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 22 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 22 Ch. 424-426

အပိုင်း (၄၂၄) သတိမေ့မြောခြင်း

လော်ယွမ်သည် ချန်ကျားရီ၏ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းထဲတွင် စွမ်းအင်ချွေတာသော မီးလုံးတစ်လုံး ဖွင့်ထားသည်။ ၎င်းသည် ချန်ကျားရီ ရေညှိကပ်ပါးကောင် တွယ်ကပ်ခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော အကျင့်တစ်ခုဖြစ်သည်။

အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး အသက်ရှူသံမှာ ရှိသည်ဆိုရုံမျှသာ။

သူမသည် စောင်ခြုံမထားဘဲ မီးခိုးရောင် ညအိပ်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။ ထိုရိုးရှင်းသော ညအိပ်ဝတ်စုံသည် သူမ၏ ပုံရိပ်ကို မထိခိုက်စေဘဲ တည်ငြိမ်အေးဆေးသော သူမ၏ ပင်ကိုယ်စရိုက်နှင့် ပေါင်းစပ်လိုက်သောအခါ ပိုမိုဖြူစင်ရိုးသားဟန် ပေါ်လွင်စေသည်။

သူမသည် လက်နှစ်ဖက်ကို ခြေထောက်ပေါ်ကပ်ကာ ကုတင်ပေါ်တွင် အလွန်အေးချမ်းစွာ အိပ်ပျော်နေသည်။

လော်ယွမ်၏ မျက်မှောင်အနည်းငယ် ကြုတ်သွားစေသည်မှာ သူမ၏ အရေပြားမှ ထွက်ပေါ်နေသော စိမ်းဖန့်ဖန့် အရောင်နှင့် ခေါင်းပေါ်တွင် ထူထပ်စွာ ပေါက်ရောက်နေသော ရေညှိပင်များကြောင့်ဖြစ်သည်။ ဓာတ်ခွဲခန်းကို စိတ်မချသဖြင့် လော်ယွမ် အိမ်မပြန်သည်မှာ ရက်ပေါင်း ၄၀ ကျော်ပြီဖြစ်သည်။ ယခုအခါ သူမ၏ ခန္ဓာကိုယ်တွင်းရှိ ကပ်ပါးရေညှိများသည် ပြန်လည်ဖြစ်ပွားလာရုံသာမက ခန္ဓာကိုယ်ကိုလည်း ပိုမိုဆိုးရွားစွာ တိုက်စားနေပြီဖြစ်သည်။

"ကုလို့ ရပါဦးမလား" ကျိုးယလီသည် ထိုမိန်းကလေးကို သနားသွားပြီး တိုးတိုးလေး မေးလိုက်သည်။

"ငါ လုပ်ကြည့်ဦးမယ်... နင်တို့ အရင်ထွက်နှင့်ကြ" ဟု လော်ယွမ်က ပြောလိုက်သည်။

လူများ အလျင်အမြန် ထွက်သွားကြသည်။ တံခါးပိတ်ရန် ပြင်လိုက်စဉ် ဗီဇပြောင်းလူသားမလေး ကျန်နေသေးသည်ကို လော်ယွမ် တွေ့လိုက်ရသဖြင့် အပြင်ထွက်ရန် မောင်းထုတ်လိုက်သည်။

သို့သော် ဤဗီဇပြောင်းလူသားမလေးသည် အလွန်ခေါင်းမာပြီး သတ္တိလည်း အလွန်ကောင်းလာသည်။ ဘာပြောမှန်း မသိသော်လည်း သူ့ကို ရှူးရှူးရှားရှား အသံပြုကာ လုံးဝမထွက်ပေ။ လော်ယွမ်လည်း မတတ်နိုင်တော့ဘဲ ခဏမျှ တွန့်ဆုတ်ပြီးနောက် သူမသဘောအတိုင်း ထားလိုက်တော့သည်။

လော်ယွမ်သည် ချန်ကျားရီ၏ ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး သူမ၏ သေးသွယ်ပိန်လှီသော လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။ သူ၏ စိတ်စွမ်းအား သည် ခန္ဓာကိုယ်၏ ကာကွယ်မှုအတားအဆီးကို အလွယ်တကူ ဖောက်ထွင်းဝင်ရောက်သွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လော်ယွမ်၏ စိတ်နှလုံး လေးလံသွားတော့သည်။

သူမ၏ သွေးများမှာ အစိမ်းရောင် သန်းနေပြီး သွေးကြောများထဲတွင် အပင်ဆဲလ်များ ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည်။

သွေးနီဥများသည် အပင်ဆဲလ်အမြောက်အမြား၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသဖြင့် သွေးစီးဆင်းမှု မရှိသလောက် ဖြစ်နေသည်။ ဆိုလိုသည်မှာ သူမ၏ ပုံမှန် ဇီဝကမ္မဖြစ်စဉ်များသည် အနိမ့်ဆုံးအမှတ်သို့ ရောက်နေပြီ ဖြစ်သည်။ သာမန်လူဆိုလျှင် စောစီးစွာကပင် သေဆုံးသွားလောက်ပြီ ဖြစ်သော်လည်း သူမ ယခုအချိန်ထိ အသက်ရှင်နေနိုင်ခြင်းမှာ ကပ်ပါးရေညှိမှ ထုတ်ပေးသော အာဟာရဓာတ်များကြောင့် ဖြစ်သည်။

လော်ယွမ်သည် သူမ၏ ညညအိပ်ဝတ်စုံထဲသို့ လက်နှိုက်လိုက်ရာ ချောမွတ်နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသည်။ စိတ်လှုပ်ရှားပြီး သွေးသားဆန္ဒများ ဆူပွက်လာသဖြင့် အသက်ပြင်းပြင်းရှူကာ စိတ်ကို အတင်းထိန်းချုပ်လိုက်ရသည်။

သူမ၏ အတွင်းကလီစာများကို သေချာစစ်ဆေးကြည့်လိုက်ရာ နေရာအနှံ့ အစိမ်းရောင်များသာ မြင်တွေ့ရသဖြင့် လန့်ဖျပ်သွားသည်။ စောစောကမှ ဖြစ်ပေါ်လာသော တပ်မက်မှုများသည် နေပူထဲရောက်သွားသော ရေခဲနှင်းများအလား ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားသည်။ မြင်မြင်သမျှ အတွင်းကလီစာ အားလုံးနီးပါးကို ကပ်ပါးရေညှိများက ဖုံးလွှမ်းထားသဖြင့် အသားအရောင်ကိုပင် မမြင်ရတော့ပေ။

ဗီဇပြောင်းလူသားမလေးသည် လော်ယွမ်၏ လက်က ချန်ကျားရီ၏ ညအိပ်ဝတ်စုံထဲသို့ နှိုက်ကာ လိုက်လံစမ်းသပ်နေသည်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။ ပိုမိုသေချာမြင်ရရန်အတွက် ကုတင်ပေါ်သို့ ခုန်တက်လာပြီး လော်ယွမ်၏ လက်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။

ဗီဇပြောင်းလူသားမလေး၏ အကာအကွယ်မဲ့ စိုက်ကြည့်နေသော အကြည့်များကို ခံစားရသဖြင့် လော်ယွမ် လှမ်းကြည့်လိုက်သည်။ ဆရာဝန်က လူနာကို စစ်ဆေးနေခြင်းသာ ဖြစ်သည်ဟု သူ့ကိုယ်သူ ယူဆထားသော်လည်း သူမ၏ ဖြူစင်ပြီး စူးစမ်းလိုစိတ်ပြင်းပြနေသော အကြည့်များအောက်တွင် သူ ရှုံးနိမ့်သွားရသည်။ သူ့လို မျက်နှာပြောင်တိုက်ထားသူပင်လျှင် နေရထိုင်ရ ခက်လာသည်။

လော်ယွမ်သည် ထိုအနှောင့်အယှက်ပေးနေသော ဗီဇပြောင်းလူသားမလေးကို လုံးဝ ဂရုမစိုက်တော့ဘဲ မရှိသကဲ့သို့သာ သဘောထားလိုက်တော့သည်။

မကြာမီ လော်ယွမ် စစ်ဆေးမှု ပြီးဆုံးသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ချန်ကျားရီ၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေပြီဖြစ်ရာ အချိန်ဆွဲ၍ မရတော့ပေ။ ယခုအခါ သူမသည် တစ်နေ့လျှင် နာရီ ၂၀ ခန့် အိပ်စက်နေရပြီး ဤအတိုင်း ဆက်လွှတ်ထားပါက မကြာမီ လုံးဝ နိုးထလာတော့မည် မဟုတ်ပေ။

ထို့ကြောင့် စိတ်စွမ်းအားဖြင့် ဝင်ရောက်ကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ မည်မျှပင် ပြင်းထန်ပါစေ၊ လော်ယွမ်သည် ချန်ကျားရီ၏ ခန္ဓာကိုယ်အတွင်းရှိ ကပ်ပါးရေညှိများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရပေတော့မည်။

သူသည် သူမ၏ ညအိပ်ဘောင်းဘီကို ဂရုတစိုက် ချွတ်လိုက်ရာ သွယ်လျဖြောင့်တန်းသော ခြေထောက်တစ်စုံ ပေါ်လာသည်။ စိတ်ကယောက်ကယက် မဖြစ်စေရန် မျက်လုံးကို အလျင်အမြန် မှိတ်လိုက်ရသည်။ ဤခန္ဓာကိုယ်၏ တပ်မက်မှုဆန္ဒမှာ အလွန်ပြင်းထန်လှသည်။ ထို့အပြင် ရက်ပေါင်း ၄၀ ကျော် မိန်းမနှင့် မနေခဲ့ရသဖြင့် မီးမြှိုက်ခံရလုနီးပါး ခြောက်သွေ့နေသော ထင်းခြောက်ကဲ့သို့ ဖြစ်နေရာ အနည်းငယ် တွေးလိုက်မိရုံဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်သည်။

သူသည် သူမ၏ ခြေထောက်လေးများကို ဆုပ်ကိုင်လိုက်ပြီး စိတ်စွမ်းအားကို ချက်ချင်း စတင်အသုံးပြုလိုက်သည်။ နာနိုအဆင့် မျိုးဗီဇပြုပြင်ခြင်းနှင့် နှိုင်းယှဉ်ပါက ဤ မိုက်ခရိုအဆင့် ဆဲလ်သုတ်သင်ခြင်းသည် အဆတစ်ရာမက ပိုမိုလွယ်ကူသည်။ ခဏအတွင်းမှာပင် ခြေထောက်ပေါ်ရှိ စိမ်းဖန့်ဖန့်အရောင်များ ပျောက်ကွယ်သွားပြီး မူလအသားအရောင် ပြန်လည်ရရှိလာသည်။ သို့သော် သွေးလည်ပတ်မှု မကောင်းသေးသဖြင့် ပုံမှန်လူများကဲ့သို့ သွေးရောင်မသန်းဘဲ အဖြူရောင်ဖျော့ဖျော့ ဖြစ်နေသည်။

လော်ယွမ်သည် ခြေထောက်များကို ကိုင်လျက် တစ်လက်မချင်း အပေါ်သို့ တိုးသွားရာ မကြာမီ ချန်ကျားရီ၏ ခြေထောက်နှစ်ဖက်လုံးရှိ ရေညှိများကို ရှင်းလင်းပြီးစီးသွားသည်။

ထို့နောက် လော်ယွမ်သည် မျက်လုံးမှိတ်လျက်ပင် သူမ၏ အတွင်းခံနှင့် ညအိပ်ဝတ်စုံကို ချွတ်လိုက်သည်။ စိတ်မထိန်းနိုင်ဘဲ ဆွဲဆောင်မှုရှိသော မြင်ကွင်းကို တစ်ချက် ခိုးကြည့်လိုက်မိရာ ဦးနှောက်ထဲတွင် "အုန်း" ခနဲ ဖြစ်သွားပြီး သတိလက်လွတ် ဖြစ်လုနီးပါး ဖြစ်သွားသည်။

သူ အလျင်အမြန် မျက်လုံးပြန်မှိတ်ပြီး စိတ်ငြိမ်သက်မှုရအောင် အတင်းကြိုးစားလိုက်ရသည်။ အတော်ကြာမှ ကုသမှုကို ဆက်လက်လုပ်ဆောင်နိုင်သည်။

လက်က သူမ၏ ဝမ်းဗိုက်သားပြင်ပေါ်သို့ ရောက်ရှိသွားချိန်တွင် ချန်ကျားရီ ဖြည်းညှင်းစွာ နိုးလာသည်ကို လော်ယွမ် သတိမထားမိလိုက်ပေ။ သူမသည် မျက်လုံးကို တစ်ဝက်ဖွင့် တစ်ဝက်မှိတ်ဖြင့် အိပ်မှုန်စုံမွှား ဖြစ်နေသည်။ ခဏမျှ ကြောင်ငေးနေပြီးနောက် သူမအပေါ်မှ လော်ယွမ်ကို မြင်လိုက်ရသည်။

"ကို... ကိုကြီးယွမ်" သူမသည် ပါးစပ်ဟကာ အံ့အားသင့်စွာ ခေါ်လိုက်သည်။

အသံကြားလိုက်ရသဖြင့် လော်ယွမ်၏ လက်များ တုန်သွားပြီး သူခိုးလူမိသလို ခံစားလိုက်ရသည်။ သူ မျက်လုံးဖွင့်လိုက်ပြီး "နင် နိုးလာပြီလား" ဟု မေးလိုက်သည်။

"သမီး အိပ်မက်ဆိုး မက်ပြီး လန့်နိုးလာတာ"

သူမ ထထိုင်လိုက်သည်။ သူမ၏ ဗလာကျင်းနေသော ခန္ဓာကိုယ်ကို ကြည့်ပြီး ခဏမျှ ငေးသွားသော်လည်း ချက်ချင်းပင် စိတ်ခံစားမှု မရှိသကဲ့သို့ ဖြစ်သွားကာ "ကိုကြီးယွမ် ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

လော်ယွမ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ဤသည်မှာ သာမန်မိန်းကလေးတစ်ဦး၏ တုံ့ပြန်ပုံ လုံးဝမဟုတ်ပေ။ ယေဘုယျအားဖြင့် လူသားဆန်သော စိတ်ခံစားမှု ကျန်ရှိနေသေးလျှင် မိမိကိုယ်ကို ဗလာကျင်းနေသည်ကို မြင်ပါက အနည်းနှင့်အများ ရှက်ရွံ့ခြင်း၊ အံ့သြခြင်းများ ဖြစ်ပေါ်လာစမြဲဖြစ်သည်။

သို့သော် သူမမျက်နှာပေါ်တွင် ထိုကဲ့သို့သော အရိပ်အယောင်မျှ မတွေ့ရပေ။ သူမ၏ လက်ရှိအခြေအနေကို ဘာမှမဖြစ်သလို ခံစားနေရပုံရသည်။ မေးခွန်းမေးနေသော်လည်း လေသံမှာ အစအဆုံး အတက်အကျမရှိ ပြေပြစ်ညီညာနေသည်။

ပထမဆုံးပြောသော စကားမှလွဲ၍ သူမသည် လူတစ်ယောက်လုံး လုံးဝပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပြီး လူသားစိတ်ခံစားမှု များများစားစား မရှိတော့ပေ။

သို့သော် ယခုအချိန်တွင်မူ သူ သက်ပြင်းချလိုက်နိုင်သည်၊ အနည်းဆုံးတော့ မျက်နှာပူစရာ အခြေအနေမျိုးကို ရင်ဆိုင်စရာ မလိုတော့ပေ။

"မထနဲ့ဦး... ငါ နင့်ကို ကုပေးနေတာ"

"ကိုကြီးယွမ် ပင်ပန်းခံမနေပါနဲ့တော့... သမီး ဒီအခြေအနေကို သဘောကျပါတယ်... တကယ်တော့ အပင်တစ်ပင် ဖြစ်ရတာလည်း မဆိုးပါဘူး" ချန်ကျားရီ၏ မျက်လုံးများတွင် အစိမ်းရောင် အရိပ်အယောင်များ ပေါ်လာပြီး အသံမှာ အေးစက်စက် ဖြစ်သွားသည်။

သူမသည် ညအိပ်ဝတ်စုံကို လှမ်းယူပြီး ဝတ်ရန်ပြင်လိုက်သော်လည်း သူမ၏ ခြေထောက်များကို ထိန်းချုပ်ရန် ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။

လော်ယွမ် မျက်နှာပျက်သွားသည်။ သူမမျက်လုံးထဲမှ အစိမ်းရောင်ကို သတိထားမိလိုက်သဖြင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ စောစောက စကားပြောနေသူမှာ ချန်ကျားရီ မဟုတ်တော့ဘဲ မရေမတွက်နိုင်သော ကပ်ပါးရေညှိများ၏ စုပေါင်းအသိစိတ် သာ ဖြစ်ကြောင်း သူ ခန့်မှန်းလိုက်မိသည်။

"အဲဒါက နင်ဆုံးဖြတ်လို့ရတာမျိုး မဟုတ်ဘူး"

ချန်ကျားရီ၏ မျက်လုံးများတွင် အစိမ်းရောင် ပိုမိုရင့်လာသည်။ မျက်နှာအမူအရာ အနည်းငယ် ရုန်းကန်နေပုံရပြီးနောက် ရုတ်တရက် လက်နှစ်ဖက်ဖြင့် လော်ယွမ်ကို လှမ်းကုတ်လိုက်သည်။ ထိုတိုက်ခိုက်မှု၏ အားနှင့် အရှိန်သည် အဆင့် ၂၊ ၃ ခန့်ရှိသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲသူ များနှင့် ယှဉ်နိုင်လေသည်။

သို့သော် သူမ ရင်ဆိုင်နေရသူမှာ လော်ယွမ်ဖြစ်နေသဖြင့် ရထားကို တားဆီးနေသော ပုရစ်ကောင်ပမာ ဖြစ်နေသည်။

လော်ယွမ်သည် လက်တံခြေတံ ရှည်သူပီပီ လက်ကိုဆန့်ထုတ်၍ သူမ၏ ခေါင်းလေးကို အသာအယာ ထိန်းထားလိုက်ရာ သူမသည် လက်နှစ်ဖက်ကို ရူးသွပ်မတတ် ဝှေ့ယမ်းနေသော်လည်း လော်ယွမ်၏ ခန္ဓာကိုယ်ကို မထိနိုင်ပေ။ "ငြိမ်ငြိမ်လေး အိပ်နေစမ်းပါ... ခဏနေရင် ပြီးသွားလိမ့်မယ်"

လော်ယွမ် ပြောပြောဆိုဆိုနှင့် သူမကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်သည်။

ယခင်က သူမ၏ ဦးနှောက်ကို ကုသရန် သူ အနည်းငယ် တွန့်ဆုတ်ခဲ့ဖူးသည်။ မိမိခန္ဓာကိုယ်ကို ဗီဇပြုပြင်ခြင်းနှင့် မတူပေ။ မိမိဦးနှောက်သည် မိမိပိုင်ဖြစ်ပြီး စိတ်ဝိညာဉ်အမှတ်အသားများလည်း တူညီသဖြင့် သက်ရောက်မှု မရှိပေ။

သို့သော် ယခုအကြိမ်တွင်မူ သူတစ်ပါး၏ ဦးနှောက်ကို မိမိ၏ စိတ်စွမ်းအားဖြင့် ထိုးဖောက်ဝင်ရောက်ခြင်း ဖြစ်ရာ တစ်ဖက်လူ၏ အသိစိတ်ကို ညစ်ညမ်းသွားစေနိုင်သည်။ ချန်ကျားရီအပေါ် မည်ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို သူကိုယ်တိုင်ပင် အာမခံချက် မပေးနိုင်ပေ။

သို့သော် သူမ၏ တိုက်ခိုက်ခြင်းအပြုအမူကို ကြည့်ခြင်းအားဖြင့် သူမ၏ အသိစိတ်ကို ကပ်ပါးရေညှိက အပြည့်အဝ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ထင်ရှားသည်။ အခြေအနေမှာ ဒီထက်ပိုဆိုးစရာ မရှိတော့ပေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကပ်ပါးရေညှိများကို သုတ်သင်လိုက်လျှင်တောင် ဦးနှောက်ထဲတွင် ကျန်ရှိနေသရွေ့ အမြစ်ပြတ်မည် မဟုတ်ပေ။

ယခုတော့ "သေသေ ကြေကြေ" ဆိုပြီး စွန့်စား ကုသရုံသာ ရှိတော့သည်။

ကံကောင်းသည်မှာ ကပ်ပါးရေညှိသည် အပင်အမျိုးအစား ဖြစ်ပြီး သဘောထားမှာ နှိုင်းယှဉ်ရလျှင် နူးညံ့သိမ်မွေ့သည်။ အခြားသက်ရှိများကို ရန်လိုတိုက်ခိုက်လိုစိတ် သိပ်မရှိပေ။ သို့မဟုတ်ပါက အားလုံးအတွက် အန္တရာယ်ရှိနိုင်သည်။

...................................................................................................

လော်ယွမ် ကုသမှုအရှိန်ကို မြှင့်တင်လိုက်ရာ ကုသမှုလုပ်ငန်းစဉ်တစ်ခုလုံး တစ်နာရီခန့်သာ ကြာမြင့်သည်။

သတိမေ့မြောနေသော ချန်ကျားရီကို ညအိပ်ဝတ်စုံ ပြန်ဝတ်ပေးပြီးနောက် လော်ယွမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး လျော့ရဲသွားသည်။ တစ်နာရီခန့်သာ ကြာသော်လည်း ရက်ပေါင်းများစွာ တိုက်ပွဲဝင်ထားရသကဲ့သို့ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်နေသည်။

ဤခန္ဓာကိုယ်၏ သွေးသားဆန္ဒမှာ အလွန်ပြင်းထန်လွန်းသည်။ တိရစ္ဆာန်ထက် ဆိုးရွားသော အပြုအမူမျိုး လုပ်မိလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့သည်။ အစအဆုံး စိတ်ထိန်းနိုင်ခဲ့ခြင်းမှာ ဘေးနားမှ မျက်တောင်မခတ် စောင့်ကြည့်နေသော ဗီဇပြောင်းလူသားမလေး၏ ကျေးဇူးလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

ထို့နောက် လော်ယွမ်သည် ချန်ကျားရီ၏ အခြေအနေကို စစ်ဆေးကြည့်ရာ သွေးပြန်လည် လည်ပတ်လာပြီး သူမ၏ အရေပြားတွင် သွေးရောင်ပြန်လည် သန်းလာသည်ကို တွေ့ရသည်။

တစ်ခုတည်းသော ပြဿနာမှာ သူမ သတိမေ့မြောသွားခြင်း ဖြစ်သည်။

ချန်ကျားရီ၏ ပျော့ညံ့သော စိတ်စွမ်းအားနှင့် ယှဉ်လျှင် လော်ယွမ်၏ စိတ်စွမ်းအားမှာ အလွန်အစွမ်းထက်ပြီး ကျစ်လစ်သိပ်သည်းလွန်းသည်။ အနည်းငယ် ထိတွေ့တိုက်မိရုံဖြင့် သူမ၏ အသိစိတ်အာရုံကို ပြင်းထန်စွာ ရိုက်ခတ်သွားစေသည်။

ဦးနှောက်အတွင်းရှိ ကပ်ပါးရေညှိများကို စိတ်စွမ်းအားဖြင့် စတင်သုတ်သင်စဉ်ကတည်းက သူမ၏ အသိစိတ်များ ဝေဝါးသွားပြီး တဖြည်းဖြည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားခြင်း ဖြစ်သည်။ ယခု ပြန်နိုးလာမလာ ဆိုသည်မှာ သူမ၏ ကိုယ်ပိုင် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကံတရားအပေါ်တွင်သာ မူတည်တော့သည်။

နောက်ဆုံးတွင် သူမ ပြန်လည် နိုးထလာပါစေဟုသာ မျှော်လင့်ရတော့သည်။

လော်ယွမ်သည် ချန်ကျားရီကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ ဗီဇပြောင်းလူသားမလေးသည်လည်း ကုတင်ပေါ်မှ ခုန်ဆင်းပြီး သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာတော့သည်။

ဆက်ရန်...

အပိုင်း(၄၂၅) အာကာသ

"ကျားရီ အခြေအနေ ဘယ်လိုလဲ" လော်ယွမ် ထွက်လာသည်ကို မြင်လျှင် ကျိုးယလီက အလျင်အမြန် မေးလိုက်သည်။

လော်ယွမ်က ခေါင်းခါလိုက်ပြီး ချန်ကျားရီ၏ အခြေအနေကို ပြောပြလိုက်သည်။

လေထုသည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ချန်ကျားရီသည် စကားနည်းပြီး အိမ်တွင် ရှိသည်ဟုပင် မထင်ရသော်လည်း အမြဲတမ်း လိမ္မာရေးခြားရှိပြီး သနားစရာ ကောင်းသူဖြစ်သည်။ ယခုကဲ့သို့ ဖြစ်ပျက်သွားခြင်းအပေါ် အားလုံး စိတ်နှလုံး မသာမယာ ဖြစ်သွားကြသည်။

"ဆေးရုံ သွားပြကြည့်ရင် ကောင်းမလား" ခဏအကြာတွင် ဟွမ်ကျားဟွေက ပြောလိုက်သည်။

"အင်း... အဲဒါလည်း ကောင်းတာပဲ" လော်ယွမ် ခေါင်းညိတ်လိုက်သည်။

ဆေးရုံသွားပြခြင်းက ထူးခြားလိမ့်မည်ဟု သူ မထင်သော်လည်း (မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်း စွမ်းရည်ရှိသူ တစ်ယောက်အနေဖြင့် သူ၏ လူ့ခန္ဓာကိုယ်အပေါ် နားလည်မှုသည် လက်ရှိခေတ်ကာလထက် ကျော်လွန်နေပြီ ဖြစ်သည်) ဆေးရုံသွားခြင်းက မျှော်လင့်ချက်တစ်ခုတော့ ဖြစ်စေသည်။

လူတိုင်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ လော်ယွမ်က ချန်ကျားရီကို ကျောပိုးလိုက်ပြီး ဆေးရုံသို့ ထွက်ခွာလာကြသည်။ ဗီဇပြောင်းလူသားမလေးကလည်း အပျော်အပါးမက်သူ ပီပီ နောက်ကလိုက်ရန် ကြိုးစားသော်လည်း အိမ်ထဲတွင် ရက်စက်စွာ ပိတ်လှောင်ထားခဲ့သဖြင့် မကျေမနပ် "ရှူးရှူးရှားရှား" အော်မြည်ကျန်ရစ်ခဲ့သည်။

မကြာမီ သူတို့လူစု ဆေးရုံသို့ ရောက်ရှိသွားကြသည်။

ဆေးရုံသည် ရပ်ကွက်နှင့် သိပ်မဝေးလှပေ။ (၂) မိုင်ခန့်သာ ဝေးသည်။ သို့သော် လော်ယွမ်အတွက် ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ကမ္ဘာမပျက်ခင်က လူစည်ကားပြီး ဆူညံနေတတ်သော ဆေးရုံများနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် သိသိသာသာ ခြောက်ကပ်နေသည်။ ဆေးရုံလာသူ အများစုမှာ ဖန်ပြွန်သန္ဓေသား လာလုပ်သော ဇနီးမောင်နှံများနှင့် သုက်ပိုးလှူဒါန်းသူများသာ ဖြစ်ပြီး လူနာအစစ် ဟူ၍ မရှိသလောက် နည်းပါးသည်။ ရှိလျှင်လည်း ထိခိုက်ဒဏ်ရာ ရသူများသာ ဖြစ်သည်။

ယခုခေတ် အစားအစာများတွင် စွမ်းအင်ကြွယ်ဝသော ပါဝင်ပစ္စည်းများ ပါဝင်နေသဖြင့် လူသားများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ကမ္ဘာမပျက်ခင်ကထက် များစွာ သာလွန်နေသည်။ လေ့ကျင့်ခန်း လုံးဝမလုပ်သော သာမန်လူတစ်ယောက်ပင်လျှင် ယခင်ခေတ်က အားကစားသမားများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုး ရှိနေကြသည်။

လူသားများ ဖြစ်ပွားသော ရောဂါအများစုသည် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။ ကမ္ဘာပျက်စေသော ဗိုင်းရပ်စ်သည် ရိုးရှင်းသော တည်ဆောက်ပုံရှိသည့် ဗိုင်းရပ်စ်အမျိုးအစား ဖြစ်သဖြင့် အခြားရောဂါပိုးများနှင့် အပြန်အလှန် သက်ရောက်မှု မရှိပေ။ ကမ္ဘာပျက်ခေတ်တွင် ဗီဇပြောင်းလဲမှု မဖြစ်ပေါ်သော သက်ရှိဟူ၍ ဗိုင်းရပ်စ်ပိုးများသာ ရှိတော့သည်ဟု ဆိုနိုင်သည်။

ဘက်တီးရီးယားများအတွက်မူ လူ့ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအား စနစ်သည် ဘက်တီးရီးယား ကျူးကျော်မှု အများစုကို ခုခံကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ဆေးရုံတွင် လူနာနည်းပါးသော်လည်း စက်ကိရိယာများမှာ အတော်အတန် စုံလင်လှသည်။ တန်းစီစောင့်ဆိုင်းရန်လည်း မလိုသဖြင့် ချန်ကျားရီကို လျင်မြန်စွာ စစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

(၄) (၅) နာရီခန့် အလုပ်ရှုပ်ပြီးနောက် ဆေးစစ်ချက် အဖြေထွက်လာသည်။

ခန္ဓာကိုယ်၏ ညွှန်းကိန်းအားလုံး ပုံမှန်ဖြစ်ပြီး အချို့သော ညွှန်းကိန်းများဆိုလျှင် သာမန်လူထက်ပင် သာလွန်ကောင်းမွန်နေသည်။ ဦးနှောက်တွင်လည်း ထူးခြားသော ရောဂါလက္ခဏာ မတွေ့ရပေ။ ဦးနှောက်လှိုင်း တိုင်းတာမှုတွင်မူ အနည်းငယ် ကမောက်ကမ ဖြစ်နေသည်။ နောက်ဆုံး ရောဂါအဖြေမှာ သူမသည် အလွန်ကျန်းမာနေပြီး အဘယ်ကြောင့် သတိမေ့မြောနေရသလဲ ဆိုသည်ကိုမူ ခန့်မှန်းချက် အနည်းငယ်သာ ပေးနိုင်ပြီး အတိအကျ မဆုံးဖြတ်နိုင်ပေ။

ဆရာဝန်၏ ဆေးရုံတင်ထားပြီး စောင့်ကြည့်ရန် အကြံပြုချက်ကို ငြင်းပယ်ပြီး လော်ယွမ်သည် ချန်ကျားရီကို အိမ်သို့ ပြန်လည်သယ်ဆောင်လာခဲ့သည်။

ချန်ကျားရီ၏ ဦးနှောက်လှိုင်းများ ဘာကြောင့် ကမောက်ကမ ဖြစ်နေရသလဲ ဆိုသည်ကို သူ ကောင်းကောင်းသိသည်။ ၎င်းက သူ့စိတ်စွမ်းအား လွှမ်းမိုးမှု၏ ရလဒ်ပင် ဖြစ်သည်။ ဆေးရုံတက်ခြင်းက ဘာမှထူးခြားလာမည် မဟုတ်ပေ။ သူမ ပြန်နိုးလာချင်လျှင် အချိန်ကို အသုံးပြုပြီး သူ့စိတ်စွမ်းအား အကြွင်းအကျန်များကို တိုက်ဖျက်ပစ်ရန်နှင့် သူမ၏ မူလစိတ်ဝိညာဉ်မှ အသက်ရှင်လိုစိတ် ပြင်းပြလာရန်သာ လိုအပ်သည်။

အတိုင်းအတာ တစ်ခုထိ ပြောရလျှင် သူမ၏ ရောဂါလက္ခဏာသည် ကိုမာဝင်နေသူ နှင့် အတူတူပင် ဖြစ်သည်။

........

လော်ယွမ် ချန်ကျားရီကို ခုတင်ပေါ်သို့ ပြန်ချပေးပြီး စောင်သေချာ ခြုံပေးလိုက်သည်။ မထွက်ခွာမီ သူမ၏ မျက်နှာလေးကို တစ်ချက် ငေးကြည့်မိသည်။ မျက်လုံးလေးများ မှိတ်ထားပြီး နုနယ်သော မျက်နှာလေးနှင့် အိပ်ပျော်နေပုံမှာ လမ်းဘေးတွင် တိတ်တဆိတ် ပွင့်လန်းနေသော အဖြူရောင် ပန်းပွင့်လေး တစ်ပွင့်နှင့် တူနေသည်။ သူ သက်ပြင်းတစ်ချက်ချပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

ရုတ်တရက် ဆေးလိပ်သောက်ချင်စိတ် ပေါ်လာသော်လည်း သည်းခံလိုက်သည်။

ကမ္ဘာပျက်ကပ်ဘေးတွင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို သူ မြင်တွေ့ခဲ့ရဖူးသည်။ သေဆုံးခြင်း ဆိုသည်မှာလည်း ရိုးအီနေသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ယုတ္တိဗေဒအရ ပြောရလျှင် သူ့စိတ်နှလုံးသည် သံမဏိကဲ့သို့ မာကျောသင့်နေပြီ ဖြစ်သည်။ သို့သော် လူသားဆိုသည်မှာ သံယောဇဉ်နှင့် ခံစားချက် ရှိတတ်စမြဲပင်။

အပြင်လောကတွင် မိုးမွှန်အောင် တိုက်ခိုက်သတ်ဖြတ်ပြီး သွေးချောင်းစီးခဲ့ပါစေ၊ အိမ်ပြန်ရောက်လျှင် သူသည် သာမန်လူသား တစ်ယောက်သာ ဖြစ်သည်။ မိမိအနီးနားရှိ လူတစ်ယောက် ဤကဲ့သို့ ဖြစ်သွားသည်ကို မြင်ရသောအခါ စိတ်နှလုံး လေးလံမိသည်။

......

နောက်တစ်နေ့ မနက်စောစောတွင် လော်ယွမ် တိတ်တဆိတ် ထပြီး အဝတ်အစား လဲလိုက်သည်။

သူ့နောက်မှ လိုက်ထလာသော ဗီဇပြောင်းလူသားမလေးကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ညက အိပ်ရာဝင်တော့ သူဝင်မလာနိုင်အောင် တံခါးကို သေချာလော့ခ်ချထားခဲ့သည်။ သို့သော် သစ်သားသော့ကို အနည်းငယ် လှည့်လိုက်ရုံဖြင့် ဖျက်ဆီးပြီး ဝင်လာခဲ့ပုံရသည်။

လော်ယွမ် မျက်စောင်းထိုးလိုက်ရာ ဗီဇပြောင်းလူသားမလေးက အကြည့်လွှဲပြီး မသိချင်ယောင်ဆောင်ကာ သန်းဝေနေသည်။

ဒီရက်ပိုင်းအတွင်း သူမသည် လူစိတ်ပိုဝင်လာပြီး လော်ယွမ့်ကိုလည်း အရင်ကလောက် မကြောက်တော့ပေ။ တောထဲတွင် နေစဉ်က ရှိခဲ့သော သတိကြီးသည့် အလေ့အကျင့်များလည်း ပျောက်သလောက် ဖြစ်နေပြီ။

လော်ယွမ် ဘောင်းဘီနှင့် ဖိနပ် ဝတ်ဆင်ပြီး ဓားကို ကောက်ကိုင်ကာ အပြင်ထွက်ရန် ပြင်လိုက်သည်။ မျက်နှာသစ်ပြီး တံခါးဝသို့ ရောက်ခါနီးတွင် ခြေထောက် လေးလံသွားသည်ကို သတိပြုမိလိုက်သည်။ ကြည့်လိုက်တော့ သူ့ဘောင်းဘီစကို ဗီဇပြောင်းလူသားမလေးက ဆွဲထားခြင်း ဖြစ်သည်။ ခြေထောက်ကို ခါထုတ်လိုက်သော်လည်း လုံးဝ မလွှတ်ပေ။ လော်ယွမ်လည်း ပိုပိုဆိုးလာသော ဗီဇပြောင်းလူသားမလေးကို ဂရုမစိုက်တော့ဘဲ တံခါးဝအထိ တရွတ်တိုက် ဆွဲခေါ်သွားလိုက်သည်။

သူ တံခါးဖွင့်လိုက်ပြီး တည်တင်းသော မျက်နှာထားဖြင့် သူမ၏ အိပ်ခန်းကို လက်ညှိုးထိုးပြလိုက်သည်။

ဗီဇပြောင်းလူသားမလေးက ခေါင်းခါပြပြီး လော်ယွမ့်ကို အတုခိုးကာ တံခါးအပြင်ဘက်ကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ "ရှူးရှူးရှားရှား" အော်နေသည်။

"တော်တော်လည်တဲ့ကောင်မလေးပဲ... လက်ဟန်ခြေဟန်တောင် သုံးတတ်နေပြီ" လော်ယွမ် စိတ်ထဲက တွေးလိုက်သည်။

သူမနှင့် ဦးဆုံးရင်းနှီးခဲ့သူ ဖြစ်၍လား မသိ၊ ဝမ်ရှီရှီနှင့် အဆော့မက်သော်လည်း လော်ယွမ် ပြန်ရောက်လာသည်နှင့် တစ်ကောက်ကောက် လိုက်ကာ ခွဲခွာခြင်း မရှိတော့ပေ။

လွန်ခဲ့သော ရက်ပိုင်းက လော်ယွမ် အချိန်ကြာမြင့်စွာ ပျောက်သွားသဖြင့် သူမ စိတ်ပူခဲ့ပုံရသည်။ ဒီတစ်ခါ လော်ယွမ့်ကို အလွတ်မပေးတော့ဟု ဆုံးဖြတ်ထားသကဲ့သို့ ရှိသည်။ သို့သော် သနားပေမယ့် လော်ယွမ် သူမကို ခေါ်သွား၍ မဖြစ်ပေ။

ဒီတစ်ခါ သူသွားမည့် ခရီးစဉ်က ရည်ရွယ်ချက် ရှိသည်။ ထိုနေရာရှိ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်တွင် သူမ ရှင်သန်နိုင်မည် မဟုတ်။

သူ မျက်နှာထားတင်းလိုက်ပြီး ဘောင်းဘီစကို ဆွဲထားသော သူမလက်ကို ဖယ်ရှားလိုက်သည်။ ထို့နောက် ရိုက်မည့်ပုံစံ ရွယ်လိုက်ရာ ဗီဇပြောင်းလူသားမလေး လန့်ဖျပ်ပြီး နောက်သို့ ခုန်ဆုတ်သွားသည်။

လော်ယွမ် အခွင့်ကောင်းယူပြီး တံခါးအပြင်သို့ လျှပ်တစ်ပြက် ထွက်ကာ တံခါးပိတ်လိုက်သည်။

ပိတ်သွားသော တံခါးကို ကြည့်ပြီး ဗီဇပြောင်းလူသားမလေး ခေါင်းငိုက်စိုက်ကျသွားသည်။ နှင်းရိုက်ခံရသော ခရမ်းသီးကဲ့သို့ ညှိုးငယ်စွာဖြင့် ကိုယ့်အခန်းကိုယ် ပြန်ဝင်သွားတော့သည်။

......

လော်ယွမ် မျှော်လင့်ချက်မြို့တော်မှ ထွက်ခွာလာပြီးနောက် လူသူကင်းမဲ့သော တောရိုင်းထဲသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

မကြာမီ သူရပ်တန့်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရာ နှလုံးခုန်သံများ မြန်ဆန်လာသည်။

ဒီနေ့ သူ အာကာသထဲသို့ ဝင်ရောက်ပြီး လိုက်လျောညီထွေ ဖြစ်အောင် လေ့ကျင့်ခန်း လုပ်မည် ဖြစ်သည်။ စနစ်မှ 'အာကာသ သက်ရှိ' ဟု သတ်မှတ်ခြင်း ခံထားရသူ တစ်ယောက်အနေဖြင့် အာကာသထဲသို့ တစ်ခါမှ မရောက်ဖူးခြင်းသည် ရယ်စရာကိစ္စ တစ်ခုဖြစ်သည်။ ထို့အပြင် အာကာသထဲတွင် သူ တကယ်ရှင်သန်နိုင်သလား၊ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်သလဲ ဆိုသည်ကိုလည်း စမ်းသပ်ချင်သည်။

သူ နဖူးစည်းကို ဖြေလိုက်သည်။ ယခင်က လေးဘက်မြင် အာရုံခံစားမှု ကို ဖွင့်လိုက်သည်နှင့် ရေကာတာကျိုးသကဲ့သို့ စွမ်းအင်များ ကုန်ဆုံးသွားပြီး ခန္ဓာကိုယ် နုန်းခွေသွားလေ့ရှိသည်။ သို့သော် ယခုအချိန်တွင်မူ ထိုခံစားချက်မျိုး မရှိတော့ပေ။ စွမ်းအင် (၃၀) ရှိသော ခန္ဓာကိုယ်အတွက် ဤမျှ စွမ်းအင်ကုန်ဆုံးမှုသည် ပြောပလောက်စရာ မရှိပေ။ စွမ်းအင်ကုန်ဆုံးမှုနှုန်းသည် ပြန်လည်ဖြည့်တင်းမှုနှုန်းကိုပင် မမီတော့ဟု ဆိုနိုင်သည်။

လော်ယွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဟင်းလင်းပြင်ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း ကို စတင်လိုက်သည်။

လေထုကို အသေးစိတ် ခွဲခြားမည်ဆိုလျှင် ထရိုပိုစဖီးယား၊ စထရာတိုစဖီးယား၊ မီဆိုစဖီးယား၊ သာမိုစဖီးယား နှင့် အိတ်ဇိုစဖီးယား ဟူ၍ (၅) လွှာ ရှိသည်။

သို့သော် အရှိန်မြင့် ပျံသန်းနေသော လော်ယွမ့်အတွက် ဤလေထုအလွှာများသည် လျှပ်တစ်ပြက်အတွင်း ဖြတ်ကျော်သွားသကဲ့သို့ ဖြစ်သည်။ အရှိန်အမြင့်ဆုံး မရောက်မီမှာပင် သူသည် အိတ်ဇိုစဖီးယား (အပြင်ဘက်ဆုံးအလွှာ) သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ အရှိန်မြှင့်တင်လိုက်သည်နှင့်အမျှ ခြေအောက်မှ ကမ္ဘာမြေကြီးသည် တဖြည်းဖြည်း သေးငယ်သွားပြီး လုံးဝန်းသော ပုံသဏ္ဌာန် အပြည့်အစုံ ပေါ်လာသည်။

သူ မနေနိုင်ဘဲ နောက်လှည့်ကြည့်လိုက်သည်။ ကြီးမားသော စက်ဝိုင်းကြီးတစ်ခုသည် သူ့မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဧရာမ အလင်းရောင် ထုတ်ပေးနေသော ဓာတ်ပြားကြီး တစ်ချပ်ကဲ့သို့ ခမ်းနားထည်ဝါပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

လော်ယွမ်သည် အာကာသမှ ရိုက်ကူးထားသော ကမ္ဘာမြေပုံများကို မြင်ဖူးသော်လည်း ကိုယ်တိုင် အာကာသထဲ ရောက်ရှိပြီး မျက်စိဖြင့် တပ်အပ်မြင်ရသောအခါ ပုံရိပ်များသည် လက်တွေ့မြင်ကွင်း၏ ကြီးကျယ်ခမ်းနားမှုကို ယှဉ်နိုင်စွမ်းမရှိကြောင်း သိလိုက်ရသည်။

ဤနေရာတွင် လေထု အလွန်ပါးလွှာပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အာကာသ ဖြစ်နေပြီဖြစ်သည်။

မူလက အပြာရောင် ကောင်းကင်သည် ယခုအခါ အမှောင်ထုကြီး ဖြစ်သွားပြီး မရေမတွက်နိုင်သော ကြယ်တာရာများဖြင့် တန်ဆာဆင်ထားကာ တိတ်ဆိတ်နက်ရှိုင်းနေသည်။

ခေါင်းပေါ်တွင် ပူပြင်းသော အဖြူရောင် မီးလုံးကြီး တစ်လုံးသည် ပြင်းထန်သော အလင်းရောင်များကို ထုတ်လွှတ်နေသည်။ လေထု၏ အလင်းယိုင်ခြင်းနှင့် စစ်ထုတ်ခြင်း မရှိသောကြောင့် နေမင်းကြီးသည် ကမ္ဘာမြေပေါ်မှ မြင်ရသည်ထက် သေးငယ်သော်လည်း အလင်းရောင်မှာမူ ပိုမို စူးရှသည်။

မိနစ် (၂၀) အကြာတွင် သူ၏ အရှိန်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး တစ်စက္ကန့်လျှင် (၁၅၀) ကီလိုမီတာနှုန်းဖြင့် ပျံသန်းနေသည်။

ပထမဆုံးအကြိမ် အာကာသထဲ ရောက်ဖူးခြင်း ဖြစ်သဖြင့် စိတ်ထဲတွင် စိုးရိမ်မှု အနည်းငယ် ရှိနေသည်။ ဘေးကင်းစေရန်အတွက် ကမ္ဘာနှင့် သိပ်မဝေးကွာစေရန် သတိထားနေသည်။ ထိုအရှိန်ဖြင့် တစ်မိနစ်ခန့် ဆက်လက်ပျံသန်းပြီးနောက် လော်ယွမ်သည် ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်းကို ရပ်တန့်လိုက်သည်။

ဟင်းလင်းပြင်စက်ဝန်း အတွင်း ဖမ်းချုပ်ထားသော လေထုသည် လေဟာနယ်ထဲသို့ ချက်ချင်း လွင့်စင်သွားသည်။ အဆုတ်ထဲတွင် ကျန်ရှိနေသော လေများသည်လည်း ဖိအားကြောင့် အပြင်သို့ ညှစ်ထုတ်ခံလိုက်ရသည်။

ခံစားချက်မှာ အလွန်ဆိုးရွားလှသည်။ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ရာ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ နေမထိထိုင်မသာ ဖြစ်နေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်သည် အလွန်သန်မာကြောင်း ဝန်ခံရပေမည်။ မကြာမီမှာပင် သူ အသားကျသွားသည်။

သူ့ဆဲလ်များရှိ မိုက်တိုကွန်ဒရီယာ များသည် ရေမော်လီကျူးများကို ဖြိုခွဲနိုင်ပြီး စွမ်းအင်ထုတ်လုပ်မှုနှင့်အတူ အောက်ဆီဂျင်ကိုလည်း ထုတ်ပေးနိုင်သည်။ လေဟာနယ်သည် သူ့အတွက် အသက်ရှင်ရန် မဖြစ်နိုင်သော နေရာမဟုတ်တော့ပေ။

သူ့ခန္ဓာကိုယ်သည် ကမ္ဘာမြေ၏ အားပျော့သော ဆွဲငင်အားအောက်တွင် ဖြည်းညင်းစွာ လွင့်မျောနေသည်။

ဤနေရာတွင် ဦးတည်ချက်ဟူ၍ မရှိ၊ အထက်အောက်ဟူ၍ မရှိပေ။ ကမ္ဘာမြေ ဆွဲငင်အားနှင့် နေသားကျနေသော လော်ယွမ့်အတွက် အလေးချိန်မဲ့သော ပတ်ဝန်းကျင်ကို ချက်ချင်း အသားမကျနိုင် ဖြစ်နေသည်။ မည်သို့ရပ်ရပ် အနေခက်သလို ခံစားနေရသည်။

ထို့အပြင် ဤနေရာသည် အလွန်တိတ်ဆိတ်လွန်းသည်။ အသံတစ်စက်မှ မကြားရပေ။ နာရီဝက်ခန့် နေပြီးသောအခါ လော်ယွမ် စိတ်ထဲတွင် ထိတ်လန့်လာပြီး အတွေးများ လွင့်လာသည်။ ဤကဲ့သို့ လုံးဝတိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် တစ်ခုခု မလုပ်ဆောင်ပါက အဆုံးမဲ့ အထီးကျန်ဆန်မှုကြောင့် ရူးသွပ်သွားနိုင်သည်။

ထိုစဉ် အရာဝတ္ထုတစ်ခု သူ့ဘက်သို့ ဖြည်းညင်းစွာ လွင့်မျောလာသည်ကို တွေ့လိုက်ရသည်။ သူ့အမြင်အာရုံ ကောင်းမွန်သဖြင့် သေချာကြည့်လိုက်ရာ စွန့်ပစ်ထားသော လူလုပ်ပစ္စည်းတစ်ခု ဖြစ်နေသည်။ လော်ယွမ် စိတ်စွမ်းအားကို စုစည်းလိုက်ပြီး ထိုအရာဝတ္ထုဆီသို့ ပျံသန်းသွားလိုက်သည်။ ဆွဲငင်အား နည်းပါးသော အာကာသထဲတွင် အနည်းငယ်သော တွန်းအားသည် ဆက်တိုက် အရှိန်မြင့်တက်စေသဖြင့် သူ၏ စိတ်စွမ်းအားဖြင့် ပျံသန်းမှုနှုန်းသည် အလွန်လျင်မြန်လာသည်။

သူ အရာဝတ္ထုနားသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ၎င်းသည် ပျက်စီးနေသော ဂြိုဟ်တုတစ်ခု ဖြစ်ပြီး ဥရောပသမဂ္ဂ၏ အမှတ်တံဆိပ်ကို တွေ့ရသည်။

ဂြိုဟ်တု၏ နေရောင်ခြည်စွမ်းအင်ပြား နှစ်ဖက်စလုံး မည်းတူးနေသည်ကို ကြည့်ခြင်းအားဖြင့် လောင်ကျွမ်း ပျက်စီးသွားပြီ ဖြစ်ကြောင်း သိသာသည်။ ပြီးခဲ့သော စကြဝဠာမုန်တိုင်း တိုက်ခတ်စဉ်က ပျက်စီးသွားခြင်း ဖြစ်မည်ဟု လော်ယွမ် ခန့်မှန်းလိုက်သည်။

လော်ယွမ် ဂြိုဟ်တုကို လွှတ်ပေးလိုက်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း ဆက်လက်ပျံသန်းလိုက်သည်။ ဤဧရိယာတွင် ထိုကဲ့သို့သော လူလုပ်ပစ္စည်း အများအပြား ရှိသည်။ ကီလိုမီတာ ထောင်ဂဏန်းခန့် ပျံသန်းပြီးတိုင်း တစ်ခုတွေ့ရတတ်သည်။ အချို့မှာ အကောင်းပကတိ ရှိသေးသော်လည်း အများစုမှာ အပျက်အစီးများ ဖြစ်နေသည်။

သူ ပျံသန်းခဲ့သော အချိန်နှင့် အကွာအဝေးကို တွက်ချက်ကြည့်လိုက်ရာ မသိလိုက်မသိဘာသာဖြင့် ဂျီယိုစိုင်ခရိုနပ်စ် ဂြိုဟ်ပတ်လမ်းကြောင်း (Geosynchronous Orbit - ကမ္ဘာ့လည်ပတ်နှုန်းနှင့် တူညီသော ပတ်လမ်းကြောင်း) သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ဤနေရာသည် အလွန်အန္တရာယ်များသည်။ တစ်ခါတစ်ရံ အပျက်အစီးများ လျင်မြန်စွာ ဖြတ်သန်းသွားတတ်ပြီး မတော်တဆ ထိမှန်သွားနိုင်သည်။

လော်ယွမ်၏ ခန္ဓာကိုယ် သန်မာသော်လည်း တစ်စက္ကန့်လျှင် ကီလိုမီတာ ဆယ်ဂဏန်းခန့် အရှိန်ဖြင့် လာမှန်သော အရာဝတ္ထုများ၏ စွမ်းအင်ကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ဖောက်ထွင်းခံရနိုင်သည်။

သို့သော် ကြိုတင်သိမြင်နိုင်စွမ်း ရှိသဖြင့် လော်ယွမ် သိပ်ပူစရာ မလိုပေ။

လော်ယွမ် တစ်နာရီကျော်ကြာ ဆက်လက်ပျံသန်းပြီးနောက် စိတ်စွမ်းအား ထက်ဝက်ခန့် ကုန်ဆုံးသွားပြီဟု ခံစားရမှ ရပ်တန့်လိုက်သည်။ ဤနေရာသည် ဘေးကင်းသော နေရာမဟုတ်ပေ။ မိမိ၏ အင်အားကို အတိုင်းအတာ တစ်ခုထိ ချန်ထားရမည်။ မည်သည့်နေရာတွင် ပုန်းအောင်းနေမှန်း မသိရသော ဂြိုဟ်သားယာဉ်ပျံများကို ထားလိုက်ဦး၊ ဤကျယ်ပြောသော အာကာသထဲတွင် သူအပြင် အခြားသော သက်ရှိများလည်း ရှိနေနိုင်သည်။

ဂြိုဟ်သား၏ အိပ်မက်ထဲတွင် တစ်ချက်မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိုကြောက်မက်ဖွယ် ကောင်းသော စူပါသက်ရှိများ ရှိကြောင်း သူ ပထမဆုံးအကြိမ် သိရှိခဲ့ရသည်။

သို့သော် လမ်းတစ်လျှောက်လုံးတွင် သက်ရှိဟု ယူဆရသော အရာဝတ္ထု တစ်ခုမျှ မတွေ့ခဲ့ရပေ။

စဉ်းစားကြည့်လျှင် ထိုစူပါသက်ရှိများသည် အရေအတွက် အလွန်နည်းပါးပြီး ကျယ်ပြောလှသော အာကာသထဲတွင် နေထိုင်ကြသဖြင့် ၎င်းတို့နှင့် တွေ့ဆုံရန် ဖြစ်နိုင်ခြေသည် ထီပေါက်ရန် ဖြစ်နိုင်ခြေထက် သန်းပေါင်းများစွာ ပိုနည်းပါးပေလိမ့်မည်။

ဆက်ရန်...

အပိုင်း (၄၂၆) ဆက်သွယ်၍ မရနိုင်ခြင်း

မြို့သစ်၏ မြေအောက် တစ်နေရာတွင် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု ရှိလေသည်။

ထိုနေရာသည် စတုရန်းမီတာ ငါးသောင်းကျော် ကျယ်ဝန်းပြီး ဘောလုံးကွင်း ခြောက်ကွင်း၊ ခုနစ်ကွင်းစာ ပမာဏနှင့် ညီမျှသည်။ ခန်းမကြီး တစ်ခုလုံးတွင် ဝန်ထမ်းပေါင်း သောင်းချီကာ ရှိနေပြီး အထူးတပ်သား တစ်ပ်ရင်းလည်း စောင့်ကြပ်လျက်ရှိသည်။

သို့သော် ဤနေရာတွင် အသံဟူ၍ မရှိသလောက်ပင်။ စကားပြောသံများ မကြားရပေ။ လူတိုင်းသည် ဖန်သားပြင်များကို စိုက်ကြည့်နေကြပြီး ပုံရိပ်များနှင့် အချက်အလက် အပြောင်းအလဲများကို မျက်တောင်မခတ် တန်းနေအောင် ကြည့်နေကြသည်။ ကွန်ပျူတာ ပန်ကာသံများနှင့် ကီးဘုတ်ရိုက်သံများသာ မရပ်မနား ထွက်ပေါ်နေပြီး လေထုမှာ အလွန် တင်းမာကာ ဖိအားများနေသည်။

ဤနေရာသည် အဆင့်မြင့်ကော်မတီ လက်အောက်ခံ နိုင်ငံတော် မြေပြင်စောင့်ကြည့်ရေးနှင့် မဟာဗျူဟာ လုံခြုံရေး ဗျူရို ဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးဇုန်၏ အလျှို့ဝှက်ဆုံး ဌာနလည်း ဖြစ်သည်။

၎င်းသည် လူသားတို့၏ လက်ရှိ အင်အားအကြီးဆုံး စွမ်းအားကို ထိန်းချုပ်ထားပြီး ပြန်လည်တည်ဆောက်ရေးဇုန်၏ အခိုင်မာဆုံးနှင့် နောက်ဆုံး ခံတပ်လည်း ဖြစ်သည်။

ဂြိုဟ်တုများ၊ အဆင့်မြင့် သားရဲအရေခွံများဖြင့် မွမ်းမံထားသော ကြိုတင်သတိပေး လေသင်္ဘောများ၊ မောင်းသူမဲ့ လေယာဉ် (ဒရုန်း) ပုံရိပ်များနှင့် မြေပြင်ရေဒါများကို အသုံးပြုကာ ပြန်လည်တည်ဆောက်ရေးဇုန် တစ်ခုလုံးကို လုံခြုံရေး ကွန်ရက်တစ်ခုအဖြစ် တည်ဆောက်ထားသည်။ ပြန်လည်တည်ဆောက်ရေးဇုန်ကို သေစေလောက်သည့် အန္တရာယ် ပေးလာနိုင်သော အရာမှန်သမျှကို အနီးကပ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

ထိုအထဲတွင် အဆင့် (၈) သက်ရှိများကို စောင့်ကြည့်ခြင်းနှင့် လိုအပ်ပါက မဟာဗျူဟာမြောက် တိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ဤဌာန၏ အရေးအကြီးဆုံး တာဝန်များထဲမှ တစ်ခု ဖြစ်သည်။

ပြန်လည်တည်ဆောက်ရေးဇုန်နှင့် အကွာအဝေး ပေါ်မူတည်ပြီး ဘေးကင်းလုံခြုံမှုကို သတ်မှတ်သည်။ ဇုန်အနီးတစ်ဝိုက် လှည့်လည်သွားလာနေသော အဆင့် (၈) သက်ရှိအားလုံးကို အန္တရာယ် အဆင့် (၃) ဆင့် ခွဲခြားထားသည်။

ထိန်းချုပ်နယ်မြေ နယ်စပ်မှ ကီလိုမီတာ ၄၀၀ အကွာအဝေးထိကို "အန္တရာယ် အကြီးမားဆုံး အဆင့်" ဟု သတ်မှတ်ပြီး ချက်ချင်း တိုက်ခိုက်ရမည့် ပစ်မှတ် ဖြစ်သည်။ ကီလိုမီတာ ၄၀၀ မှ ၈၀၀ အထိကို "အလယ်အလတ် အန္တရာယ် အဆင့်" ဟု သတ်မှတ်ပြီး အထူးစောင့်ကြည့်ကာ အမြဲတမ်း သတိရှိနေရန် လိုအပ်သည်။

ကီလိုမီတာ ၈၀၀ မှ ၁၀၀၀ အထိကိုမူ "အန္တရာယ် နိမ့်ပါးသော အဆင့်" ဟု သတ်မှတ်ကာ အာရုံစိုက်မှု လျှော့ချထားပြီး ယေဘုယျ လှုပ်ရှားမှုကိုသာ အဓိကထား ကြည့်ရှုသည်။

ထို့ထက် ပိုဝေးသော နေရာများအတွက်မူ ပြန်လည်တည်ဆောက်ရေးဇုန်၏ လက်ရှိ စွမ်းရည်အရ ကန်းကွက်သဖွယ် ဖြစ်နေသည်။ ဂြိုဟ်တု ပုံရိပ်များမှတစ်ဆင့်သာ ခြေရာခံနိုင်သော်လည်း အကွာအဝေး ဝေးကွာလွန်းသဖြင့် ထိုသက်ရှိများ၏ ခြိမ်းခြောက်မှုမှာ နည်းပါးသည်။

လက်ရှိ စောင့်ကြည့်ရေး နယ်ပယ်အတွင်း အတည်ပြုထားသော အဆင့် (၈) သက်ရှိ စုစုပေါင်း (၁၂) ကောင် ရှိသည်။ (၄) ကောင်မှာ အလယ်အလတ် အန္တရာယ်ရှိ ဇုန်ထဲတွင် ရှိပြီး ကျန်ကောင်များမှာ အန္တရာယ် နိမ့်ပါးသော ဇုန်ထဲတွင် ရှိကြသည်။

...

ရုတ်တရက် ဝန်ထမ်းတစ်ဦးသည် ဖန်သားပြင်ကို ကြည့်ရင်း မျက်နှာပျက်သွားသည်။ သူသည် တွန့်ဆုတ်မနေဘဲ စားပွဲပေါ်ရှိ အချက်ပေး ခလုတ်ကို ဖိချလိုက်ရာ စူးရှကျယ်လောင်သော အချက်ပေးသံကြီးသည် ကျယ်ဝန်းသော ခန်းမကြီးထဲ၌ ထွက်ပေါ်လာသည်။

ခန်းမတစ်ခုလုံး၏ လေထုမှာ တင်းမာသွားပြီး လူတိုင်း အလုပ်လုပ်နေသည်ကို အလိုအလျောက် ရပ်တန့်လိုက်ကြသည်။

မကြာမီ လူတစ်စုသည် လမ်းကြားထဲမှ ခန်းမထဲသို့ အပြေးကလေး ဝင်ရောက်လာကြသည်။ ဗိုလ်ချုပ်အဆင့် ရှိသော အဖိုးအိုတစ်ဦးက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "အားလုံး အလုပ်ဆက်လုပ်ကြ... ထိန်းချုပ်ရေးစင်တာ... နံပါတ် A7990 မောင်းသူမဲ့ လေယာဉ်ရဲ့ ပုံရိပ်ကို ပင်မ ဖန်သားပြင်ကြီးပေါ် တင်လိုက်... မောင်းသူမဲ့ လေယာဉ်အဖွဲ့က A7 ဧရိယာမှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်အားလုံးကို ဒီကိုသြဒိနိတ် (X:Y:) ဆီ စေလွှတ်ပြီး အဲဒီအကောင်ရဲ့ လှုပ်ရှားမှုကို အဓိကထား စောင့်ကြည့်ထား"

( အမှန်တော့ မိန်းစခွင် main screen ပေါ်တင်လိုက် လို့ဖြစ်ရမှာ။ ဒါပေမဲ့ စခွင်က စာမှာ သုံးလေ့မရှိတော့ မင်မင် ဖန်သားပြင်လို့ပဲ ပြန်လိုက်တယ်။ အပြင်မှာတော့ ဖန်သားပြင်လို့ ဘယ်သူမှမပြောကြဘူးပေါ့ စခွင် Screen လို့ပဲ ပြောကြတယ် XD)

ပုံရိပ်များသည် ဖန်သားပြင်ကြီးပေါ်တွင် လျင်မြန်စွာ ပေါ်လာသည်။

ပုံရိပ်ထဲတွင် "အပြာရောင်နဂါး" ဟု ကုဒ်နာမည် ပေးထားသော အဆင့် (၈) သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် နဂါးနှင့် တကယ်တူသည်။ အနောက်တိုင်း ဒဏ္ဍာရီလာ နဂါးမျိုး မဟုတ်ဘဲ တရုတ်နဂါး တစ်ကောင် ဖြစ်သည်။

မြွေကဲ့သို့ ရှည်လျား ကွေ့ကောက်သော ကိုယ်ခန္ဓာ၊ ကြံ့ခိုင်သန်မာသော ခြေလက်လေးချောင်း၊ နဖူးပေါ်ရှိ ကြောက်မက်ဖွယ် ဦးချိုနှစ်ချောင်းနှင့် မြင်းလည်ဆံမွေးကဲ့သို့ အမွေးအမျှင်များ ရှိသည်။ အသေးစိတ် အချက်အလက် အချို့ ကွဲပြားသည်မှလွဲ၍ တရုတ် ဒဏ္ဍာရီလာ နဂါးနှင့် အလွန်တူညီသည်။ ပို၍ ခန့်ညားထည်ဝါပြီး ပို၍လည်း ကြောက်စရာကောင်းသည်။

အကယ်၍ ဝမ်ရှီရှီသာ ဒီနေရာတွင် ရှိနေပါက လော်ယွမ်နှင့်အတူ တောထဲတွင် "ဉာဏ်ပညာ နှလုံးသား" သွားရှာစဉ်က တွေ့ခဲ့ရသော ကြောက်မက်ဖွယ် သတ္တဝါကြီး ဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။

အချက်ပြ လိုင်းဆွဲအား နှောင့်ယှက်မှုကြောင့် ဖြစ်မည်၊ ဖန်သားပြင်ကြီးပေါ်မှ ပုံရိပ်များသည် အဆက်မပြတ် တုန်ခါနေပြီး အလွန် ဝါးနေသည်။ တစ်ခါတစ်ရံ အချက်ပြလိုင်း လုံးဝ ပြတ်တောက်သွားတတ်သည်။

သို့သော် ပုံရိပ်မမှန်သော်လည်း ဤ အဆင့် (၈) သက်ရှိသည် အလွန် စိတ်ကသိကအောက် ဖြစ်နေကြောင်း လူတိုင်း မြင်နိုင်သည်။ ၎င်းသည် တောင်ထိပ်ပေါ်တွင် ရပ်လျက် မကြာခဏ ခုန်ပေါက်နေပြီး ကောင်းကင်ကို မော့ကြည့်ကာ ဟိန်းဟောက်နေသည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် စွမ်းအားလှိုင်းများကြောင့် အနီးနားရှိ မိုးလေဝသ အခြေအနေများပါ ပြောင်းလဲသွားသည်။

ကောင်းကင်ရှိ တိမ်ဖြူများသည် လျင်မြန်စွာ ပြောင်းလဲကာ လှုပ်ရှားနေပြီး တစ်ခါတစ်ရံ ပေါ်လာလိုက်၊ ရုတ်တရက် ပျောက်သွားလိုက် ဖြစ်နေသည်။

ဖန်သားပြင်မှတဆင့် ကြည့်နေရသော်လည်း လူတိုင်း၏ ရင်ထဲတွင် ကြောက်စိတ်များ ဝင်ရောက်လာသည်။ အဆင့် (၈) သက်ရှိ၏ စွမ်းအားသည် လူသားတို့၏ ဇီဝဗေဒ နားလည်မှုကို ကျော်လွန်နေသည်။ ဤသို့သော သက်ရှိမျိုးသည် လက်တွေ့ဘဝတွင် မရှိသင့်ဘဲ ဒဏ္ဍာရီ ပုံပြင်များ၊ ဝတ္ထုများနှင့် ရုပ်ရှင်များထဲတွင်သာ ရှိသင့်သော အရာမျိုး ဖြစ်သည်။

"သူ တစ်ခုခုကို စိုးရိမ်နေတဲ့ပုံပဲ" ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်ဦးစီးအရာရှိ တစ်ဦးက ခဏကြည့်ပြီးနောက် တည်ငြိမ်စွာ သုံးသပ်သည်။ "သူ တစ်ခုခုကို ကြောက်နေသလိုပဲ... ထိန်းချုပ်ရေးစင်တာ... ပိုနေတဲ့ ကင်မရာတွေကို ကောင်းကင်ဘက် လှည့်ကြည့်စမ်းပါ"

မကြာမီ ဖန်သားပြင်ကြီးသည် လေးကွက် ကွဲသွားသည်။

"အဲဒါ ဘာကြီးလဲ" သူ သေချာကြည့်လိုက်ရာ ဘယ်ဘက် အပေါ်ထောင့်ရှိ ဖန်သားပြင်တွင် ကောင်းကင်၌ ဖြည်းညှင်းစွာ ရွေ့လျားနေသော အစက်လေး တစ်စက်ကို တွေ့လိုက်ရသည်။ သူ အလျင်အမြန် ပြောလိုက်သည်။ "အကြီးချဲ့လိုက်"

မူလက ကြည်လင်နေသော ပုံရိပ်သည် ချဲ့လိုက်သည်နှင့် ဝါးသွားသော်လည်း အစက်ကလေး၏ ပုံပန်းသဏ္ဌာန် ပေါ်လာသည်။ ပုံစံအရ ငှက်တစ်ကောင် ဖြစ်ပုံရသည်။ ဟို အပြာရောင်နဂါးကြီး ဂနာမငြိမ် ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် ဤငှက်သည်လည်း အဆင့် (၈) သက်ရှိ ဖြစ်လောက်သည်။

ဗိုလ်ချုပ်ကြီး၏ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။ အဆင့် (၈) သက်ရှိ တစ်ကောင် ပြန်လည်တည်ဆောက်ရေးဇုန် အနီးသို့ ရောက်နေသည်ကို ကြိုတင် မသိရှိခဲ့ခြင်းသည် တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်သည် အပြစ်တင်ရမည့်အချိန် မဟုတ်ပေ။ သူက လေးနက်သော အသံဖြင့် ပြောသည်။ "ရေဒါနဲ့ ချိန်ပြီး သူ့အမြင့်ကို ချက်ချင်း တွက်စမ်း"

"ရေဒါက ပစ်မှတ်ကို မဖမ်းနိုင်ပါဘူး... သူက ရေဒါမှာ မပေါ်အောင် ပျောက်နိုင်စွမ်း ရှိတယ်... အခု အနီးနားက ဂြိုဟ်တုတွေကို လှမ်းချိတ်နေပါတယ်"

"လေဆာ တိုင်းတာချက်အရ သူ့အမြင့်က မီတာ ၅၆,၄၀၀ လောက်မှာ ရှိပါတယ်"

...

"ဂြိုဟ်တုက ပစ်မှတ်ကို ဖမ်းမိပြီ" ခဏအကြာတွင် ဂြိုဟ်တု အဖွဲ့က သတင်းပို့သည်။

"အဆင့်မြင့်ကော်မတီရဲ့ အနုမြူ တိုက်ခိုက်မှု စီစစ်ရေးအဖွဲ့ကို အကြောင်းကြားလိုက်" ဗိုလ်ချုပ်ကြီးက လေးနက်စွာ ပြောလိုက်သည်။

ဘေးနားတွင် ရှိနေသော သာမန်ရိုးကျသာ ဝတ်ဆင်ထားသည့် ဗိုလ်မှူးအဆင့်ဝတ်စုံနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ချက်ချင်းပင် လျှို့ဝှက်ဖုန်းကို ထုတ်ကာ ဘေးသို့ သွားပြီး စကားအနည်းငယ် ပြောလိုက်သည်။ မကြာမီ ဖုန်းချပြီး အမြန်ပြန်လျှောက်လာကာ ဗိုလ်ချုပ်ကြီးကို ပြောသည်။ "အကြောင်းကြားပြီးပါပြီ... ယာယီ လုပ်ပိုင်ခွင့် ချပေးလိုက်ပါပြီ"

ယခုခေတ်တွင် အနုမြူဗုံးများကို သာမန်လက်နက်များကဲ့သို့ မကြာခဏ ပစ်ခတ်နေရသော်လည်း အနုမြူ ဆိုသည်မှာ အာဏာ၏ သင်္ကေတ တစ်ခု ဖြစ်နေဆဲပင်။ အဆင့်မြင့်ကော်မတီ၏ စိစစ်ရေးအဖွဲ့မှ ယာယီ လုပ်ပိုင်ခွင့် မချပေးလျှင် ပြန်လည်တည်ဆောက်ရေးဇုန်၏ ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်လင့်ကစား အနုမြူ လက်နက်ကို အသုံးပြုခွင့် မရှိပေ။

"ဒါဆိုရင် မဟာဗျူဟာ တပ်ဖွဲ့ကို လှမ်းချိတ်လိုက်... အဆင့် (၁) အသင့်ပြင်ထားခိုင်း... ပြီးတော့ အရှေ့တောင်ပိုင်း စစ်ဌာနချုပ်ကို အကြောင်းကြားပြီး အနုမြူ ကာကွယ်ရေး လုပ်ငန်းတွေ ပြင်ဆင်ခိုင်းလိုက်"

...

"အရှေ့တောင်ပိုင်း စစ်ဌာနချုပ်ကို အကြောင်းကြားပြီးပါပြီ... တစ်ဖက်က အတည်ပြုပါတယ်"

"လိုင်းချိတ်ဆက်ပြီးပါပြီ... ဗိုလ်ချုပ် အမိန့်ပေးနိုင်ပါပြီ"

...

ဗိုလ်ချုပ်ကြီးသည် အနုမြူလက်နတ်ဖြင့် တိုက်ခိုက်ရန် ချက်ချင်း အမိန့်မပေးသေးဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

ပြန်လည်တည်ဆောက်ရေးဇုန်၏ ဂိုဒေါင်ထဲတွင် အနုမြူဗုံး လက်ကျန် သိပ်မရှိတော့သည်ကို လူနည်းစုသာ သိကြသည်။ ရုရှားနှင့် အမေရိကန်တို့ကဲ့သို့ ကမ္ဘာမပျက်ခင်ကတည်းက အနုမြူ အမြောက်အမြား စုဆောင်းထားပြီး စိတ်ကြိုက် သုံးဖြုန်းနိုင်သည်မျိုး မဟုတ်ပေ။ တရုတ်ပြည်၏ အနုမြူဗုံး ပမာဏသည် ထိုနိုင်ငံများ၏ ဆယ်ပုံတစ်ပုံပင် မရှိခဲ့ပေ။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဆက်တိုက် သုံးစွဲခဲ့ရခြင်းနှင့် ပြန်လည်တည်ဆောက်ရေးဇုန် အနီးတစ်ဝိုက်တွင် ယူရေနီယမ် အရင်းအမြစ် ရှားပါးခြင်းတို့ကြောင့်ကြီးမားလှသော ပြန်လည်တည်ဆောက်ရေးဇုန်တွင် အနုမြူဗုံး အရေအတွက် (၁၀) လုံးပင် မပြည့်တော့ပေ။ တစ်လုံး ဖောက်ခွဲလိုက်တိုင်း တစ်လုံး လျော့နည်းသွားမည် ဖြစ်သည်။

ဤ လျှို့ဝှက်သတင်းသာ ပေါက်ကြားသွားပါက လူထုအကြား ထိတ်လန့်မှုကို ဖြစ်စေနိုင်သည်။

ထို့ကြောင့်သာ မဟုတ်လျှင် ပြန်လည်တည်ဆောက်ရေးဇုန်သည် အပြင်ဘက်တွင် လှည့်လည်သွားလာနေသော ဤမျှ အန္တရာယ်ကြီးသည့် သက်ရှိများကို သည်းခံနေမည် မဟုတ်ပေ။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အပြာရောင်နဂါး၏ ရှည်လျားပြီး ကြီးမားသော ခန္ဓာကိုယ်သည် တောင်ထိပ်တစ်ခုကို ရစ်ပတ်ထားပြီး ဂနာမငြိမ်စွာ တွားသွားနေသည်။ ၎င်းသည် ပို၍ စိတ်ဆတ်လာပြီး အနီရောင် မြူခိုးကဲ့သို့ စွမ်းအင်များသည် သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံထားသည်။

ဗီဒီယို ပုံရိပ်များမှာလည်း ပို၍ တုန်ခါလာသည်။

ငှက်တစ်ကောင်နှင့် သားရဲတစ်ကောင်သည် ဆယ်မိနစ်ကျော်ကြာအောင် အပြန်အလှန် စောင့်ကြည့်နေကြပြီးနောက် အခြေအနေ ပြောင်းလဲသွားသည်။

ကောင်းကင်ပေါ်ရှိ အစက်ကလေးသည် ရုတ်တရက် မျက်စိရှေ့မှောက်မှာပင် လျင်မြန်စွာ ကြီးထွားလာသည်။ ၎င်း၏ နောက်တွင် ရောင်စုံ မီးခိုးတန်းများ တရွတ်တိုက် ပါလာပြီး လွန်စွာ ခန့်ညားထည်ဝါလှသည်။

၎င်းသည် ဥက္ကာခဲ ပြုတ်ကျသကဲ့သို့ အမြင့်မှနေ၍ ချက်ချင်း ထိုးဆင်းလာသည်။

ဆယ်စက္ကန့်ခန့်သာ ကြာလိုက်သည်။ မြေပြင်နှင့် နီးကပ်လာပြီး မီတာ တစ်ထောင်ခန့် အမြင့်မှနေ၍ ချွန်ထက်သော ခြေသည်းကြီးများကို လျှပ်စီးလက်သကဲ့သို့ ထုတ်ကာ အပြာရောင်နဂါးကို ကုတ်ရန် ပြင်လိုက်သည်။

အပြာရောင်နဂါးသည် ပျံဆင်းလာသော ငှက်ကြီးကို ဟိန်းဟောက်လိုက်သော်လည်း ဟန်ပြ သက်သက်သာ ဖြစ်ပြီး သေမင်းတမန် တိုက်ပွဲကို မဆင်နွှဲရဲပေ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ခန္ဓာကိုယ်ကို ယိုင်နဲ့နဲ့ ခုန်လိုက်ရာ ရှည်လျားသော ခန္ဓာကိုယ်သည် ကီလိုမီတာ အတော်များများ အကွာသို့ ပေါ့ပါးစွာ ရောက်ရှိသွားပြီး အခြား တောင်ထိပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။

နောက်တစ်ခဏတွင် အပြာရောင်နဂါး ရှိနေခဲ့သော တောင်ထိပ်သည် ငှက်ကြီး၏ ခြေသည်းချက်ကြောင့် ကြေမွပျက်စီးသွားသည်။

ငှက်ကြီးသည် တောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်ရာ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး သစ်ပင်ကြီးများ လဲပြိုကာ ကျောက်တုံးများနှင့် သဲများ လွင့်စင်ကုန်သည်။ ၎င်းသည် ခန္ဓာကိုယ်ကို အမြန်ထိန်းလိုက်ပြီး လေပေါ်သို့ ပြန်တက်ကာ စက်ဝိုင်းပုံ ပျံဝဲနေသည်။ အောက်ဘက်ရှိ သားကောင်ကို စိတ်ရှည်လက်ရှည် ကြည့်ရှုပြီးနောက် အသက်လု ထွက်ပြေးနေသော အပြာရောင်နဂါးဆီသို့ နောက်တစ်ကြိမ် ထိုးဆင်းလိုက်ပြန်သည်။

ထို့နောက် ဧရာမ သားရဲကြီး နှစ်ကောင်သည် တစ်ကောင်က ထွက်ပြေး၊ တစ်ကောင်က လိုက်ဖြင့် ရှုပ်ထွေးနေကြသည်။ သို့သော် တမင်လား၊ မတော်တဆလား မသိရသော်လည်း အပြာရောင်နဂါးသည် ပြန်လည်တည်ဆောက်ရေးဇုန် ဘက်သို့ လျင်မြန်စွာ ဦးတည် လာနေသည်။

"သူတို့ အမြင့်ဆုံး အချက်ပေး စည်းနား ကပ်လာပြီ" စစ်ဦးစီးအရာရှိက တိုးတိုးလေး သတိပေးသည်။

"ခဏ စောင့်ဦး" ဗိုလ်ချုပ်ကြီးက အသံနိမ့်နိမ့်ဖြင့် ပြောသည်။ သူသည် ဖန်သားပြင်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ထားသည်။ နောက်ဆုံး အခြေအနေ ပြောင်းလဲသွားမည်ကို မျှော်လင့်နေသည်။ အဆင့် (၈) သက်ရှိ နှစ်ကောင်ကို သတ်ပစ်ရခြင်းထက် အနုမြူဗုံးသည် ပြန်လည်တည်ဆောက်ရေးဇုန် အတွက် ပို၍ တန်ဖိုးရှိသည်။

"နှစ်မိနစ် လိုတော့တယ်..." ခဏအကြာတွင် စစ်ဦးစီးက ထပ်သတိပေးသည်။

"တစ်မိနစ်..." စစ်ဦးစီး၏ နဖူးမှ ချွေးများ စီးကျလာသော်လည်း မသုတ်ရဲပေ။

"ပစ်လိုက်တော့" ဗိုလ်ချုပ်ကြီးက သက်ပြင်းချရင်း အမိန့်ပေးလိုက်သည်။

...

မြေအောက် ဒုံးကျည်ပစ်စင် တစ်ခုမှ အဖုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ နောက်တစ်ခဏတွင် ဟိုက်ဒရိုဂျင် ထိပ်ဖူးတပ်ဆင်ထားသော အလတ်စား ဒုံးကျည်တစ်စင်းသည် ပစ်စင်မှ မိုးပေါ်သို့ ထောင်တက်သွားပြီး လေထဲသို့ လျင်မြန်စွာ ပျံသန်းသွားသည်။

ထိုအချိန်တွင် အပြာရောင်နဂါး၏ အခြေအနေမှာ ပိုဆိုးရွားလာသည်။ အကြိမ်ကြိမ် ရှောင်တိမ်းနေရသည့်ကြားမှ ငှက်ကြီး၏ ခြေသည်းချက် မိသွားသည့် အကြိမ်များ ရှိလာသည်။ ရုန်းထွက်နိုင်ခဲ့သော်လည်း အရေပြားများ ပေါက်ပြဲကာ သွေးများ ရွှဲနစ်နေပြီ ဖြစ်သည်။

ဤငှက်ကြီးသည် သူ့ကို သဘာဝအရ အနိုင်ယူနိုင်သော သတ္တဝါ ဖြစ်ကြောင်း စိတ်တွင်းအာရုံက သိနေသဖြင့် ပြန်တိုက်ရန် သတ္တိ မရှိပေ။ မနက်ခင်း အစာရှာထွက်ရင်း မတော်တဆ တွေ့မိရာမှ ဤငှက်ကြီးသည် သူ့ကို တုတ်တုတ်မှ မလှုပ်ဘဲ စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

အဆင့် (၈) သက်ရှိ တစ်ကောင် အနေဖြင့် ၎င်း၏ ဉာဏ်ရည်သည် သာမန်လူထက် မနိမ့်ပေ။ အချို့ဆိုလျှင် ပို၍ပင် မြင့်မားသေးသည်။ ဤဒေသတွင် အကြိမ်ကြိမ် ပေါက်ကွဲခဲ့သော အနုမြူဗုံးများ၏ စွမ်းအင်လှိုင်းများကို အဝေးမှပင် ရှင်းလင်းစွာ ခံစားနိုင်သည်။

ထို့ကြောင့် ရှေ့ဆက်တိုးလေ အန္တရာယ်များလေ ဆိုသည်ကို သူ ကောင်းကောင်း သိသည်။ ထိုဧရိယာကို သူက 'မသွားရ နယ်မြေ' အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

သာမန်အချိန်ဆိုလျှင် သူသည် အနောက်ဘက်သို့ ခြေတစ်လှမ်းမှ တိုးမည် မဟုတ်။

သို့သော် ယနေ့တွင် သူ့အသက်အန္တရာယ် စိုးရိမ်ရပြီ ဖြစ်သည်။ ထွက်ပြေး၍လည်း မလွတ်၊ တိုက်၍လည်း မနိုင် ဖြစ်နေသဖြင့် မတတ်သာဘဲ ထိုအန္တရာယ်ရှိသော 'မသွားရ နယ်မြေ' ဘက်သို့ ပြေးကာ ငှက်ကြီးကို ခြောက်လှန့်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ကံဆိုးသည်မှာ တစ်ဖက်သားက ဘာမှ မသိသလိုပင် ထပ်ကြပ်မကွာ လိုက်နေသည်။ ထိုနေရာသည် မည်မျှ အန္တရာယ်များကြောင်း မသိသည့်အလားပင်။

ထိုစဉ် အလွန်ပြင်းထန်သော အန္တရာယ် အငွေ့အသက် တစ်ခုကို ရင်ထဲတွင် ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး တုန်သွားပြီး အမွေးအမျှင်များ ထောင်တက်လာသည်။ မျက်လုံးများ ပြူးကျယ်သွားပြီး ရှေ့သို့ ဆက်မတိုးရဲတော့ဘဲ ခြေလေးချောင်းကို အမြန်လှုပ်ရှားကာ နောက်သို့ ပြန်လှည့်ပြေးသည်။ ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ငှက်ကြီးကိုပင် မေ့သွားသည်။ ယခု ကြုံတွေ့နေရသော ပြင်းထန်သည့် အန္တရာယ်နှင့် ယှဉ်လျှင် ခေါင်းပေါ်မှ ရန်သူသည် ဘာမှ မဟုတ်တော့ပေ။

သို့သော် သူ မထင်ထားသည်မှာ ငှက်ကြီးသည် သူ့ကို လွှတ်ပေးရန် ဆန္ဒမရှိခြင်းပင်။ ပြင်းထန်သော လေဖိအားတစ်ခု ခေါင်းပေါ်သို့ ကျရောက်လာပြီး ဘာမှ မလုပ်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်၌ နာကျင်မှုကို ခံစားလိုက်ရသည်။ သစ်ဆွေးမြစ်များကဲ့သို့ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ခြေသည်းများက သူ့ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်ပြီ ဖြစ်သည်။

နောက်တစ်ခဏတွင် သူ့ခန္ဓာကိုယ် ပေါ့ပါးသွားပြီး မြေကြီးနှင့် ဝေးကွာသွားကာ လေပေါ်သို့ ပါသွားသည်။

အပြာရောင်နဂါးသည် ကြောက်လန့်တကြား ဟိန်းဟောက်လိုက်ပြီး ကိုယ်ကို ပြင်းထန်စွာ လိမ်တွန့် ရုန်းကန်သည်။ သို့သော် သံကုတ်များကဲ့သို့သော ခြေသည်းများသည် သူ့အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသဖြင့် ဒဏ်ရာများ ပိုကြီးသွားသည်မှလွဲ၍ ဘာမှ မထူးခြားပေ။ သူသည် ပိုမြင့်မြင့်သို့ ရောက်သွားပြီး 'မသွားရ နယ်မြေ' ဘက်သို့ ဦးတည် ပျံသန်းခံနေရသည်။

ဤအချက်ကို သိလိုက်ရသောအခါ အပြာရောင်နဂါးသည် ပို၍ ကြောက်ရွံ့သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

လေပြင်းများ တိုက်ခတ်နေပြီး တောင်ထိပ်များသည် လျင်မြန်စွာ နောက်သို့ ကျန်ရစ်နေခဲ့သည်။

သို့သော် နောက်တစ်ခဏတွင် မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်းတစ်ခုသည် အနောက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် ရုတ်တရက် လင်းလက်လာပြီး ချက်ချင်း ကြီးမားသွားသည်။

အဆုံးမဲ့ စွမ်းအင်များနှင့် စွမ်းအားမြင့် ရောင်ခြည်များသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။

နေမင်းကြီး၏ မျက်နှာပြင်ပေါ် ရောက်နေသကဲ့သို့ ခံစားရသည်။ စူးရှသော စွမ်းအားမြင့် ရောင်ခြည်များအောက်တွင် ဧရာမ သားရဲကြီး နှစ်ကောင်၏ ကိုယ်မှ မီးခိုးများ ထွက်လာပြီး အကြေးခွံများနှင့် အမွေးအတောင်များ အရည်ပျော်ကုန်သည်။ အရေးကြီးသော အခိုက်အတန့်တွင် ငှက်ကြီးသည် တောင်ပံကို ပြင်းထန်စွာ ခတ်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ထွက်ပြေးရန် ကြိုးစားသည်။ ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှု၏ တုန်ခါမှုလှိုင်းသည် သူ့ကို မမီနိုင်ခဲ့ပေ။

သို့သော် ကံဆိုးစွာပင် ငှက်ကြီးသည်လည်း အသည်းအသန် တောင့်ခံနေရခြင်း ဖြစ်သည်။ မိနစ်ဝက်ခန့်သာ ပျံသန်းနိုင်လိုက်သည်။ ထိုကြောက်မက်ဖွယ် ဒဏ်ရာများကြောင့် ဆက်မတောင့်ခံနိုင်တော့ဘဲ တစ်ကိုယ်လုံး မီးခိုးများ ထွက်လျက် လေထဲမှ ထိုးကျသွားတော့သည်။

...

"သေစမ်း... အောက်ဘက်မှာ မျှော်လင့်ချက်မြို့"

နိုင်ငံတော် မြေပြင်စောင့်ကြည့်ရေးနှင့် မဟာဗျူဟာ လုံခြုံရေး ဗျူရိုမှ လူများသည် ဖန်သားပြင်ကို ကြည့်ရင်း မျက်နှာများ ပျက်သွားကာ ချွေးစေးများ ပြန်လာကြသည်။ ဤသို့သော အခြေအနေ ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြပေ။ ဧရာမ သားရဲကြီး နှစ်ကောင်သည် ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း အသက်ရှင်နေသေးသည်။

ထိုနေရာသည် မြို့သစ်ပြီးလျှင် ဒုတိယ အကြီးဆုံးမြို့ ဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးဇုန်၏ အရေးအကြီးဆုံး စက်မှုဇုန် အခြေစိုက်စခန်း တစ်ခုလည်း ဖြစ်သည်။

၎င်းတို့သာ ဖျက်ဆီးလိုက်လျှင် ပြန်လည်တည်ဆောက်ရေးဇုန် တစ်ခုလုံး ကြီးမားသော ထိခိုက်မှု ဖြစ်သွားလိမ့်မည်။

"မျှော်လင့်ချက်မြို့က အစောင့်တပ်မကို အကြောင်းကြားလိုက်... ပြီးတော့ မျှော်လင့်ချက်မြို့က ဓားတရားဌာနခွဲနဲ့ အနီးနားမြို့တွေက ဓားတရားအဖွဲ့တွေကိုပါ အကြောင်းကြားပြီး ဒီ အဆင့် (၈) သက်ရှိ နှစ်ကောင်ကို အမြန်ဆုံး သတ်ခိုင်းလိုက်" ဗိုလ်ချုပ်ကြီးက လေးနက်သော မျက်နှာထားဖြင့် ပြောသည်။

မြို့သစ်ရှိ ဓားတရားဌာနချုပ်သည် မျှော်လင့်ချက်မြို့တော်နှင့် အလွန်ဝေးကွာလှသည်။ 'အဝေးက ရေက အနီးကမီးကို မငြှိမ်းနိုင်' ဆိုသလို သူတို့ ရောက်သွားသည့်အချိန်တွင် အရာအားလုံး နောက်ကျသွားလောက်ပြီ။ ဤ ဧရာမ သားရဲကြီးများ၏ အရွယ်အစားနှင့်ဆိုလျှင် လမ်းလျှောက်သွားရုံဖြင့်ပင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။

ထိုစဉ် ဗိုလ်ချုပ်ကြီးသည် လျှို့ဝှက် ဖိုင်တစ်ခုကို သတိရသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဓားတရားဌာနရဲ့ ဒုဝန်ကြီးအသစ်က မျှော်လင့်ချက်မြို့မှာ နေတာကို ငါ မှတ်မိတယ်... သူ့ကို ချက်ချင်း အကြောင်းကြားလိုက်... အခြေအနေ အပြောင်းအလဲ ဖြစ်ရင်ဖြစ်သွားနိုင်တယ်"

"ကျွန်တော် ထင်တာတော့ ဆက်သွယ်လို့ မရလောက်ဘူး" ထိုအချိန်တွင် မလှမ်းမကမ်းရှိ ဂြိုဟ်တုပုံရိပ်များကို စိစစ်သည့် အဖွဲ့မှ ဝန်ထမ်းငယ်တစ်ဦးသည် သတ္တိမွေးကာ မတ်တပ်ရပ်လိုက်ပြီး ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဘာလို့လဲ" ဗိုလ်ချုပ်ကြီးက တည်ကြည်စွာ မေးလိုက်သည်။ လူအုပ်ကြီးကလည်း သူ့ကို ဝိုင်းကြည့်နေကြပြီး သံသယ ဖြစ်နေကြသည်။

အာဏာရှိ လူကြီးများ ဝိုင်းကြည့်နေသဖြင့် ထိုဝန်ထမ်းငယ်မှာ ကြောက်ရွံ့နေပြီး အသံများ တုန်ခါနေသည်။ "သတင်းပို့ပါတယ် ဗိုလ်ချုပ်... ကျွန်တော်... ကျွန်တော် စောစောက အာကာသထဲက မပြုပြင်ရသေးတဲ့ ဂြိုဟ်တုပုံရိပ်ပေါ်မှာ ဝန်ကြီးယွမ်ရဲ့ မျက်နှာနဲ့ လုံးဝ တူတဲ့ပုံကို တွေ့လိုက်ရလို့ပါ"

စကားဆုံးသည်နှင့် လူတိုင်း အသက်ရှူမှားသွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြတော့သည်။

ဆက်ရန်...

All Chapters