← Chapters

အခန်း (၄၂၇-၄၂၉)

Vol. 22 Ch. 427-429

အခန်း (၄၂၇-၄၂၉)

Vol. 22 Ch. 427-429

အပိုင်း (၄၂၇) အခြေအနေ ပိုမိုဆိုးရွားလာခြင်း

အမှန်တကယ်တော့ အကြောင်းကြားစာ မရရှိသေးခင်မှာပဲ မျှော်လင့်ချက်မြို့တော်၏ တိုက်ခိုက်မှုများက စတင်နေပြီ ဖြစ်သည်။

ယခုအချိန်သည် ငြိမ်းချမ်းသောကာလနှင့် မတူတော့ပေ။ ရှေ့တန်းစစ်မျက်နှာပြင်တွင် ဖြစ်စေ၊ နောက်တန်းရှိ မြို့ပြများတွင် ဖြစ်စေ အချိန်တိုင်း စစ်ရေးနိုးကြားမှု အပြည့်ရှိနေပြီး မည်သည့် ရုတ်တရက် အဖြစ်အပျက်မျိုးကိုမဆို တုံ့ပြန်နိုင်စွမ်းမှာ အံ့မခန်း မြန်ဆန်လှသည်။

အဆင့် (၈) သက်ရှိနှစ်ကောင် မြေပြင်သို့ မကျရောက်မီမှာပင် မျှော်လင့်ချက်မြို့တော်၏ နေရာအနှံ့တွင် တပ်ဆင်ထားသော လေကြောင်းရန် ကာကွယ်ရေး ကွန်ရက်သည် အချိန်မီ တုံ့ပြန်ခဲ့သည်။ တခဏအတွင်းမှာပင် မရေမတွက်နိုင်သော လေကြောင်းပစ် အမြောက်များသည် သေမင်း၏ မီးကြာပွတ်များအလား ကောင်းကင်ယံမှ ပြုတ်ကျလာသော ဘီလူးကြီးနှစ်ကောင်ကို ချက်ချင်း ထိမှန်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကြီးမားသော မီးလုံးကြီးများအဖြစ် ပြောင်းလဲသွားစေသည်။

သို့သော် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုသည် သိပ်ပြီး ထိရောက်မှု မရှိလှပေ။

အဆင့် (၈) သက်ရှိများ၏ ဆင့်ကဲပြောင်းလဲမှုသည် ဘက်စုံပြည့်စုံသည်။ သန်မာသော ခန္ဓာကိုယ်အပြင် စွမ်းအင်အသုံးပြုမှု အပိုင်းတွင်လည်း အတော်လေး မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သက်ရှိတိုင်းလိုလိုတွင် ကာကွယ်ရေး စွမ်းအင်စက်ကွင်း ကိုယ်စီ ရှိကြသည်။ အဆင့်တူ ပြိုင်ဘက်များနှင့် တိုက်ခိုက်ရာတွင် သိပ်ပြီး အရာမထင်ဘဲ ထိခိုက်ဒဏ်ရာ ရနိုင်သော်လည်း ယခုကဲ့သို့ လေကြောင်းပစ် အမြောက်ဆံများ အတွက်မူ တိုတောင်းသော အချိန်အတွင်း ထိုအတားအဆီးကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။ မီးလုံးကြီးအဖြစ် လောင်ကျွမ်းသွားသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ခြေထောက်ယားသည်ကို ဘွတ်ဖိနပ်အပြင်ဘက်မှ ကုတ်ပေးသကဲ့သို့သာ ရှိသည်။

ဤဘီလူးကြီးများ၏ ခန္ဓာကိုယ် အရွယ်အစားသည် ထိတ်လန့်ဖွယ် ကောင်းလှသည်။

အပြာရောင်နဂါး၏ ခန္ဓာကိုယ် အချင်းသည် ပေ ၆၀ ခန့်ရှိပြီး အရှည်မှာ ပေ ၆၀၀၊ ၇၀၀ ခန့် ရှိသည်။ အလေးချိန်မှာ တန်ချိန် သောင်းချီ သို့မဟုတ် တစ်သိန်းကျော်ခန့်ပင် ရှိနိုင်သည်။

ငှက်ကြီးမှာမူ ကောင်းကင်ကို ဖုံးကွယ်ထားနိုင်သော အတောင်ပံများကို ထည့်မတွက်ဘဲ မတ်တပ်ရပ်လိုက်ရုံဖြင့် ပေ ၂၄၀ ခန့် မြင့်မားသည်။ ပျံသန်းသော သက်ရှိဖြစ်သည့်အတွက် အနည်းငယ် ပေါ့ပါးမည် ဖြစ်သော်လည်း အနည်းဆုံး တန်ချိန် သုံးထောင်၊ လေးထောင်ခန့်တော့ ရှိပေလိမ့်မည်။

ထိုနှစ်ကောင်လုံး အမြင့်မှ လိမ့်ဆင်းပြုတ်ကျလာမှုသည် တောင်နှစ်လုံး ပြိုကျလာသကဲ့သို့ပင် ဖြစ်သည်။

"ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီးနှင့်အတူ မျှော်လင့်ချက်မြို့တော်ရှိ ဧကတစ်ထောင်ကျော် ကျယ်ဝန်းသော ဓာတုဗေဒ စက်ရုံကြီးတစ်ခုသည် အပျက်အစီးပုံ ဘဝရောက်သွားပြီး ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုပေါက်ကွဲမှုသည် ကြောက်မက်ဖွယ် ဘီလူးကြီးနှစ်ကောင်ကို အသေသတ်ရန် မလုံလောက်ခဲ့ပေ။

နောက်တစ်ခဏတွင် ထိုဘီလူးကြီးနှစ်ကောင်သည် မီးတောက်များနှင့် မီးခိုးငွေ့များကြားမှ ရုန်းကန်ထွက်လာပြီး တစ်ကောင်စီ ထွက်ပြေးကြတော့သည်။ မီးတောက်များသည် ၎င်းတို့ အနီးတွင် ကြီးမားသော အနှောင့်အယှက် ခံလိုက်ရပြီး ကခုန်တွန့်လိမ်ကာ ၎င်းတို့ခန္ဓာကိုယ် နီးကပ်လာသည်နှင့် အလိုအလျောက် ငြိမ်းသွားကြသည်။

ထိုအချိန်တွင် ဘီလူးကြီးနှစ်ကောင်သည် ပြုတ်ကျလာစဉ်ကတည်းက လုံးဝ လူစုကွဲသွားကြပြီ ဖြစ်သည်။

ပြင်းထန်သော ဒဏ်ရာများကြောင့် ငှက်ကြီးသည် အပြာရောင်နဂါးကို ဆက်လက် အမဲလိုက်ရန် စိတ်မကူးနိုင်တော့ပေ။ ဟိုက်ဒရိုဂျင်ဗုံး၏ ပြင်းထန်သော အလင်းရောင်ခြည်သင့်မှုကြောင့် ၎င်း၏ အမွှေးအတောင်များ လုံးဝ အငွေ့ပျံသွားပြီး အရေပြားများပါ မီးကျွမ်းကာ မည်းနက်နေသည်။ အရည်ပျော်နေသော အဆီများကဲ့သို့ ပြည်နှင့် သွေးအများအပြား ခန္ဓာကိုယ်မှ တောက်လျှောက် ကျဆင်းနေသည်။ ထို့အပြင် ၎င်း၏ မျက်လုံးများသည်လည်း နောက်ကျိနေပြီး လုံးဝ ကွယ်သွားပြီမှာ သေချာသည်။

အပြာရောင်နဂါး၏ အခြေအနေသည်လည်း သိပ်မကောင်းလှပေ။ ဟိုက်ဒရိုဂျင်ဗုံး မပေါက်ကွဲမီကတည်းက ဒဏ်ရာရထားပြီး အကြေးခွံများ ကာကွယ်မှု မရှိတော့သဖြင့် ဒဏ်ရာများက ပိုမိုပြင်းထန်ပြီး နက်ရှိုင်းသည်။ အတွင်းကလီစာ အချို့ဆိုလျှင် ကျက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

သာမန်သက်ရှိသာ ဆိုလျှင် ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုးကြောင့် အသက်ထွက်သွားလောက်ပြီ ဖြစ်သော်လည်း ၎င်းတို့သည် ရုန်းကန် လှုပ်ရှားနိုင်ဆဲ ဖြစ်သည်။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ဒဏ်ရာများက တဖြည်းဖြည်း သက်သာလာနေသည်။

အဆင့် (၈) သက်ရှိများ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်ပုံဆောင်ခဲများ ရှိကြသည်။ ကုစားမရနိုင်သော သေလောက်သည့် ဒဏ်ရာမျိုး မဟုတ်လျှင်၊ သို့မဟုတ် ဦးနှောက်ကို တိုက်ရိုက် ဖျက်ဆီးခံရခြင်း မဟုတ်လျှင် မည်မျှ ပြင်းထန်သော ဒဏ်ရာဖြစ်ပါစေ တက်ကြွစွမ်းအင်များ ၏ ပြုပြင်ပေးမှုအောက်တွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်သည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းပြီး ရုတ်တရက် ဆန်လွန်းသောကြောင့် အနီးနားရှိ စက်ရုံများသည် အသိပေးချက် မရလိုက်ကြပေ။ မတော်တဆ ထိခိုက်မှုတစ်ခု ဟုသာ ထင်မှတ်ပြီး အချို့စက်ရုံများက အလုပ်သမားများကို စုစည်းကာ ကယ်ဆယ်ရေးများပင် လုပ်ဆောင်နေကြသည်။

မိနစ်အနည်းငယ် အတွင်းမှာပင် အလုပ်သမား အများအပြားသည် ရေပုံးများ၊ မီးသတ်ဆေးဘူးများ ကိုင်ဆောင်၍သော်လည်းကောင်း၊ သဲအိတ်တင်ထားသော တွန်းလှည်းများကို တွန်း၍သော်လည်းကောင်း လမ်းမပေါ်တွင် ပြည့်နှက်နေကြသည်။

လူ့သဘောသဘာဝသည် တစ်ကိုယ်ကောင်း ဆန်တတ်သော်လည်း တစ်ခါတစ်ရံတွင် အလွန် မြင့်မြတ်တတ်သည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း ပြန်လည်ထူထောင်ရေးဇုန်သည် မရေမတွက်နိုင်သော နာကျင်မှုနှင့် အကျပ်အတည်းများကို ကြုံတွေ့ခဲ့ရသော်လည်း အကြိမ်ကြိမ် ခက်ခဲစွာ ရှင်သန်ခဲ့သည်။ ထိုသို့ ရှင်သန်နိုင်ခြင်းမှာ ရှေ့တန်းမှ အသက်ပေးတိုက်ပွဲဝင်နေသော စစ်သားများနှင့် ခေတ်မီလက်နက်များကြောင့် သာမက၊ နောက်တန်းမှ အကျိုးအမြတ်မမျှော်ကိုးဘဲ နေ့မနား ညမနား လုပ်ကိုင်နေကြသော သာမန်ပြည်သူများကြောင့်လည်း ပါဝင်သည်။ ယခုခေတ် လူများသည် ကမ္ဘာပျက်ကပ် မတိုင်ခင်ကထက် ပိုမိုစည်းလုံးပြီး စည်းကမ်းရှိကာ အသိတရား ပိုရှိကြသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့ ရင်ဆိုင်ရတော့မည့်အရာသည် မီးတောက်များ မဟုတ်သလို၊ ပေါက်ကွဲတော့မည့် ဓာတုဓာတ်ပေါင်းဖိုများလည်း မဟုတ်ဘဲ အနုမြူဗုံးဒဏ်မှ လွတ်မြောက်လာသော ကြောက်မက်ဖွယ် ဘီလူးကြီးနှစ်ကောင် ဖြစ်နေခြင်းပင်။

မြေကြီးသည် စည်းချက်ကျကျ တုန်ခါနေပြီး အဆောက်အအုံများ ပြိုကျသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ဖြည်းဖြည်းချင်း ပြောပြမတတ်သော ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ပျံ့နှံ့လာရာ လမ်းမပေါ်ရှိ အလုပ်သမားများ၏ ခြေလှမ်းများ နှေးကွေးသွားကြသည်။

အကြောင်းပြချက်မရှိသော ထိတ်လန့်မှုတစ်ခု ရင်ထဲသို့ တိုးဝင်လာသည်။

အစပိုင်းတွင် ထိုအငွေ့အသက်သည် သိပ်မသိသာလှပေ။ အလုပ်သမား တစ်သိုက်သည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသော်လည်း မတော်တဆမှု ဖြစ်ပွားရာ စက်ရုံဘက်သို့ ဆက်လက် သွားရောက်နေကြသည်။ သို့သော် ထိုအငွေ့အသက်သည် လျင်မြန်စွာ ပြင်းထန်လာပြီး လူတိုင်း ရင်ထဲတွင် ဒိန်းခနဲ ဒိန်းခနဲ ခုန်လာကာ ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

လူအုပ်ကြီးသည် လမ်းချိုးတစ်ခုကို ကွေ့လိုက်ချိန်တွင် အားလုံး အလိုအလျောက် ခြေလှမ်းများ ရပ်တန့်သွားကြသည်။ "ဝီ" ခနဲ မြည်သံနှင့်အတူ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားသည်။

ကမ္ဘာပျက်ခေတ် စက်ရုံများသည် အများအားဖြင့် ခြံစည်းရိုး ခတ်မထားကြပေ။ မီတာရာချီ မြင့်မားသော ဓာတ်ပေါင်းဖိုကြီး တစ်ခုသည် တစ်စုံတစ်ခုနှင့် ဝင်တိုက်မိပြီး ဖြည်းညှင်းစွာ ပြိုကျသွားရာ မြင်ကွင်းက ရှင်းလင်းသွားသည်။

လူတိုင်း ချက်ချင်း မြင်လိုက်ရသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော ကြီးမားသည့် ခန္ဓာကိုယ်ကြီး တစ်ခုသည် စက်ရုံအဆောက်အအုံများ ကြားမှ ဖြတ်သန်းလာနေခြင်း ဖြစ်သည်။

လုံးပတ် ပေ ၆၀ ကျော် ရှိသော အပြာရောင်နဂါးသည် မည်မျှ တုတ်ခိုင်သနည်း။ သာမန် တစ်ထပ်တိုက် တစ်လုံးသည် ၉ပေ ခန့်သာ မြင့်ရာ ပေ ၆၀ ဆိုသည်မှာ ၇ ထပ်၊ ၈ ထပ် တိုက်ခန့် မြင့်မားသည်။ သာမန် အဆင့် (၆) သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် ၎င်း၏ ရှေ့တွင် တစ်ကိုက်စာသာ ရှိပြီး အဆင့် (၇) သားရဲ ဖြစ်လျှင်တောင် နှစ်ကိုက်၊ သုံးကိုက် စာလောက်သာ ရှိမည်။

ယခုအချိန်တွင် ၎င်းသည် ၂မိုင်ခန့် အကွာတွင် ရှိနေသေးသော်လည်း ကြီးမားသော ဖိအားကို ပေးစွမ်းနေသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ၎င်းသည် ဤဘက်သို့ တွားသွား လာနေခြင်း ဖြစ်သည်။

သတ္တိ ရှိခြင်း၊ မရှိခြင်းနှင့် မဆိုင်တော့ပေ။ လူသားများသည် ကြီးမားသော သက်ရှိများအပေါ်တွင် သဘာဝအလျောက် ကြောက်ရွံ့မှု ရှိကြသည်။ ၎င်းသည် နှစ်ပေါင်းသန်းချီ သော ဗီဇရွေးချယ်မှုများက ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။ သမိုင်းထဲမှ ဤကဲ့သို့ သတ္တဝါများကို စိန်ခေါ်ရဲသော "သတ္တိခဲ" များသည် မိမိကိုယ်ကို သက်သေပြသည့်အနေဖြင့် လမ်းခရီးတွင် သေဆုံးကုန်ကြပြီ ဖြစ်ရာ ၎င်းတို့၏ မျိုးဗီဇကို လက်ဆင့်ကမ်းရန် အခွင့်အရေး မရှိတော့ပေ။

ထို့အပြင် ၎င်းသည် သာမန် သက်ရှိလည်း မဟုတ်ပေ။

ဒဏ်ရာပြင်းထန်စွာ ရထားသော အပြာရောင်နဂါး၏ ရွေ့လျားမှုသည် နှေးကွေးသည်ဟု ထင်ရသော်လည်း ကြီးမားသော ဝတ္ထုပစ္စည်းများအပေါ် လူသားတို့၏ အမြင်အာရုံ လှည့်စားမှုသာ ဖြစ်သည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ် အရွယ်အစားကြောင့် "ဖြည်းညှင်းစွာ" တွားသွားနေလျှင်ပင် အမြန်နှုန်းမှာ အံ့မခန်း ဖြစ်နေသည်။

လူအုပ်ကြီး ကြောင်အမ်းနေသော စက္ကန့်ပိုင်း အချိန်လေးအတွင်းမှာပင် ၎င်းသည် မိုက်ဝက် အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လူအုပ်ကြီး သတိပြန်ဝင်လာသောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လှည့်ပြေးနိုင်သေးသူများကို သတ္တိရှိသူဟု ခေါ်ရမလို ဖြစ်နေသည်။ လူအများစုမှာမူ ထိုကြောက်မက်ဖွယ် အငွေ့အသက်ကြောင့် တစ်ကိုယ်လုံး ပျော့ခွေကာ ခန္ဓာကိုယ်များ တောင့်တင်းနေပြီး အိပ်မက်ဆိုး မက်နေသကဲ့သို့ ဖြစ်နေသည်။ စိတ်ထဲတွင် ထွက်ပြေးချင်သော်လည်း ခန္ဓာကိုယ်က ညွှန်ကြားချက်ကို မနာခံတော့ပေ။

အကွာအဝေး ပေ ၁၅၀၀ အလိုသို့ ရောက်သောအခါ ကြောက်မက်ဖွယ် ဖိအားသည် ဒြပ်ရှိသော အရာတစ်ခုအလား ဖြစ်လာသည်။

လေထုသည် ဂနာမငြိမ် ဖြစ်လာပြီး မြေပြင်ရှိ သံလိုက်စက်ကွင်းများ ပြင်းထန်စွာ ကမောက်ကမ ဖြစ်လာသည်။ ဘေးနားရှိ မြင့်မားသော လျှပ်စစ်တာဝါတိုင် တစ်ခုတွင် လျှပ်စစ်မီးပွားများ လက်ခနဲ ဖြစ်ကာ ရှော့ခ် ဖြစ်သွားသည်။ လမ်းမပေါ်တွင် ပျော့ခွေကျနေသော လူများသည် ပါးစပ်မှ အမြှုပ်များထွက်ကာ ခန္ဓာကိုယ်များ တက်ကုန်ကြပြီး အချို့ အလုပ်သမားများဆိုလျှင် အလွန်အမင်း ကြောက်လန့်ပြီး နေရာတွင်ပင် သေဆုံးကုန်ကြသည်။

...

မျှော်လင့်ချက်မြို့တော် ကာကွယ်ရေးတပ်မ ဌာနချုပ်သည် ဖုန်းသတင်း ရရှိပြီးနောက် ခေါင်းကိုက်သွားပြီး နဖူးမှ ချွေးစေးများ ပြန်လာသည်။

ဤသည်မှာ တစ်ခါမှ မကြုံဖူးသော ကိစ္စဖြစ်သည်။ အဆင့် (၈) သက်ရှိက မျှော်လင့်ချက် မြို့တော်ထဲသို့ ဝင်ရောက်လာခြင်း၊ ဝင်လာတော့လည်း နှစ်ကောင် ဖြစ်နေခြင်း။ ကံဆိုးမိုးမှောင်ကျသည့်အထဲမှ ကံကောင်းသည်မှာ ထိုအဆင့် (၈) သက်ရှိ နှစ်ကောင်လုံး ဒဏ်ရာပြင်းထန်စွာ ရထားခြင်းပင် ဖြစ်သည်။

မျှော်လင့်ချက်မြို့တော်သည် သာမန်မြို့များနှင့် မတူပေ။ ပြန်လည်ထူထောင်ရေးဇုန်၏ အရေးပါသော စက်မှုဇုန် ဗဟိုချက်ဖြစ်သလို ဒုံးပျံလွှတ်တင်ရေး စခန်းလည်း ဖြစ်သည့်အတွက် ဤနေရာတွင် ချထားသော ကာကွယ်ရေး အင်အားသည် အလွန်တောင့်တင်းသည်။ သာမန် လက်နက်များကို ထည့်ပြောနေစရာပင် မလိုပေ။

ကမ္ဘာပျက်ပြီးနောက်ပိုင်းမှ တီထွင်ထားသော လျှပ်စစ်သံလိုက် အမြောက် အလက် ၂၀ ကျော်ကို ဤနေရာတွင် တပ်ဆင်ထားသည်။ ထို့အပြင် အနုမြူစွမ်းအင်သုံး လျှပ်စစ်သံလိုက်အမြောက်တပ် တင့်ကားတစ်စီးလည်း ရှိနေသည်။

သို့သော် မြို့ပြအနေအထား ရှုပ်ထွေးပြီး အဆောက်အအုံ အများအပြား ကာစီးနေသဖြင့် အပျက်အစီးများကို ဂရုမစိုက်ဘဲ ရမ်းသန်း ပစ်ခတ်မည် ဆိုလျှင်မှလွဲ၍ တည့်တည့်သာ ပစ်ခတ်နိုင်သော မြို့ရိုးပေါ်ရှိ ထိုလက်နက်များသည် သိပ်ပြီး အသုံးမဝင်လှပေ။

အသုံးပြု၍ ရနိုင်သည်မှာ အနုမြူစွမ်းအင်သုံး တင့်ကားနှင့် အခြား တင့်ကား၊ သံချပ်ကာ ကားများသာ ရှိသည်။

တင်းမာနေသော အခြေအနေအောက်တွင် စစ်ဆင်ရေး အမိန့်များ လျင်မြန်စွာ ချမှတ်လိုက်ပြီး မြို့တော် ကောင်းကင်ယံတွင် လေကြောင်းရန် သတိပေး ဥဩသံများ ချက်ချင်း မြည်ဟိန်းလာသည်။

အလုပ်သမား အများအပြား မြေပြင်ပေါ်မှ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး ၁၅ မိနစ် မပြည့်မီမှာပင် မြေပြင်ပေါ်ရှိ မြို့တစ်မြို့လုံး ဗလာဖြစ်သွားသည်။ မြေအောက် ပထမထပ်ရှိ အလုပ်သမားများပင် အောက်ထပ်များသို့ ဆင်းသွားကြသည်။

တစ်ချိန်တည်းမှာပင် တင့်ကားများ၊ ဒုံးကျည်တင် သံချပ်ကာကားများနှင့် အနုမြူစွမ်းအင်သုံး တင့်ကားကြီးသည် လမ်းမပေါ်သို့ လျင်မြန်စွာ မောင်းနှင်လာကြသည်။

အနုမြူစွမ်းအင်သုံး တင့်ကားကြီးသည် ကုန်းပေါ်သွား စစ်သင်္ဘောကြီး တစ်စင်းနှင့် တူလှသည်။ ကြီးမားသော ကိုယ်ထည်သည် လမ်းလေးလမ်းသွား လမ်းမကြီးတစ်ခုလုံးကို ပြည့်လုနီးပါး နေရာယူထားပြီး ၎င်းဖြတ်သန်းသွားရာ လမ်းမပေါ်ရှိ ကွန်ကရစ်ခင်းလမ်းများ အက်ကွဲကုန်သည်။

မျှော်လင့်ချက် မြို့တော်၏ လှုပ်ရှားမှုသည် မမြန်ဆန်ဟု ပြော၍ မရပေ။

သို့သော် အဆင့် (၈) သက်ရှိနှစ်ကောင်၏ ပြန်လည်သက်သာလာမှု နှုန်းက ပို၍ မြန်ဆန်နေသည်။ အစပိုင်းတွင် ၎င်းတို့သည် ဖြည်းဖြည်းချင်းသာ ရွေ့လျားနိုင်ပြီး ယိုင်တိုင်တိုင် ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မီးကျွမ်းထားသော အစိတ်အပိုင်းများ ကွာကျလာပြီး အရေပြားအသစ်များ ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်မှ ဒဏ်ရာများ လျင်မြန်စွာ ကျက်လာပြီး ရွေ့လျားနှုန်းလည်း ပိုမြန်လာကာ လှုပ်ရှားမှု ပိုမိုသွက်လက်လာသည်။

ဘီလူးကြီးနှစ်ကောင် ဖြတ်သန်းသွားရာ နေရာတိုင်းတွင် စက်ရုံအများအပြား ပြိုကျပျက်စီးကာ စက်ပစ္စည်းများ ပျက်စီးကုန်သည်။ အချို့မြေပြင်များဆိုလျှင် ဘီလူးကြီးနှစ်ကောင်၏ အလေးချိန်ကို မခံနိုင်ဘဲ ပြိုကျကာ တန်ပေါင်းသောင်းချီသော ကျောက်တုံးမြေကြီးများ မြေအောက် ပထမထပ်သို့ ပြုတ်ကျကုန်သည်။

ကံကောင်းသည်မှာ စက်ရုံအများစုမှ လူများ ဆုတ်ခွာပြီး ဖြစ်၍ လူအသေအပျောက် သိပ်မများလှပေ။

ငှက်ကြီးသည် စစ်တပ်စခန်းနှင့် နီးသောကြောင့် တင့်ကားတပ်ဖွဲ့တစ်ခုနှင့် ဦးစွာ ထိပ်တိုက်တွေ့လေသည်။

၎င်းသည် တင့်ကား ၁၂ စီး ပါဝင်သော ဝင်ရောက်စီးနင်း တိုက်ခိုက်ရေး အဖွဲ့ဖြစ်သည်။

တိုက်ပွဲ ချက်ချင်း စတင်လေသည်။ အမြောက်ဆံ ၁၀ ခုကျော်သည် လေထုကို ခွင်းလျက် ရာချီသော မီတာအကွာမှ ငှက်ကြီးဆီသို့ အရှိန်ပြင်းစွာ ပျံသန်းသွားသည်။

၎င်းသည် လုံးဝ မျက်စိကွယ်နေပြီ ဖြစ်သော်လည်း အန္တရာယ်ကို အလိုအလျောက် အာရုံခံနိုင်သည်။ ကြီးမားသော ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ ပေါ့ပါးစွာ ခုန်လိုက်ပြီး အမြောက်ဆံ အားလုံးကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် အမြောက်ဆံများ လာရာလမ်းကြောင်းသို့ ဦးတည်ပြီး ဒေါသတကြီး အော်မြည်လိုက်သည်။ အသံသည် စူးရှပြင်းထန်ပြီး ကြောက်မက်ဖွယ် ထိုးဖောက်နိုင်စွမ်း ရှိသည်။ လေထုထဲတွင် ဒြပ်ရှိသော လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာပြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဖုန်မှုန့်များ ထောင်းခနဲ ထသွားသည်။

တင့်ကား ၁၀ စီးကျော် ချက်ချင်း ထိန်းချုပ်မရ ဖြစ်သွားသည်။ အချို့က အချင်းချင်း ဝင်တိုက်မိပြီး အချို့က အနီးရှိ စက်ရုံများထဲသို့ နွားရိုင်းများသဖွယ် တည့်တည့် ဝင်တိုက်ကာ နံရံများကို ဖောက်ထွက်သွားကြသည်။ မည်သည့် တင့်ကားမှ ပြန်မလာနိုင်တော့ပေ။ မောင်းနှင်ခန်းထဲမှ စစ်သားအားလုံး တစ်ခဏချင်းမှာပင် ကျဆုံးသွားကြသည်။

အနီးနားတွင် အမြောက်ဆံများ ပေါက်ကွဲသံကြောင့် လန့်ဖျပ်နေသော ငှက်ကြီးသည် ပိုမို ထိတ်လန့် စိုးရိမ်လာသည်။ ၎င်းသည် ပြင်ပမှ လာသော အဆင့် (၈) သက်ရှိဖြစ်ပြီး လူသားများနှင့် ပြန်လည်ထူထောင်ရေးဇုန် အကြောင်းကို နားမလည်ပေ။ သို့သော် ဆက်တိုက် ကြုံတွေ့နေရသော တိုက်ခိုက်မှုများကြောင့် ဤကြောက်မက်ဖွယ် နေရာမှ အမြန်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

၎င်းသည် အမွှေးမရှိတော့သော အတောင်ပံများကို တဖျပ်ဖျပ် ခတ်လိုက်ပြီး ခေါင်းမော့ကာ စူးရှသော အော်မြည်သံများကို တစ်ခုပြီးတစ်ခု အော်လိုက်သည်။ အားကောင်းသော စွမ်းအင်လှိုင်းများသည် ၎င်း၏ ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး နေရောင်အောက်တွင် ရောင်စုံအလင်းကွင်း တစ်ခု ပေါ်လာသကဲ့သို့ ဖြစ်နေသည်။

ကြည့်ရသည်မှာ ဆန်းကြယ်ပြီး တုန်လှုပ်ဖွယ် ကောင်းလှသည်။

ဖြည်းဖြည်းချင်း ၎င်း၏ ခန္ဓာကိုယ်သည် လေပေါ်သို့ ကြွတက်လာပြီး ကောင်းကင်ယံသို့ ပျံတက်ရန် ပြင်လိုက်သည်။ သို့သော် မြေပြင်မှ မီတာအနည်းငယ်သာ ကွာသေးချိန်တွင် လေထုပွတ်တိုက်မှုကြောင့် ရဲရဲနီနေသော လျှပ်စစ်သံလိုက် အမြောက်ဆံတစ်ခု ရောက်ရှိလာပြီး ၎င်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဝင်ဆောင့်လေသည်။

သနားစဖွယ် အော်မြည်သံနှင့်အတူ ၎င်းသည် မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာသည်။ ရင်ဘတ်တွင် သွေးသံရဲရဲ ဖြစ်သွားပြီး လျှပ်စစ်သံလိုက် အမြောက်ဆံကြောင့် တစ်ပေခွဲခန့် ကျယ်သော အပေါက်ကြီး ဖြစ်သွားကာ သွေးများ စမ်းရေလို ပန်းထွက်လာသည်။ အမြောက်ဆံ၏ တွန်းကန်အားကြောင့် လိမ့်ထွက်သွားပြီး ဒေါသတကြီး ပြန်ထရပ်လိုက်သည်။

ထိုဒဏ်ရာသည် လူသားများအတွက် ကြီးမားသော်လည်း ပေ ၂၄၀၊ ၂၅၀ မြင့်သော ၎င်း၏ ခန္ဓာကိုယ်နှင့် ယှဉ်လျှင် ဒဏ်ရာအသေးစားသာ ဖြစ်သည်။ သို့သော် ပြင်းထန်သော နာကျင်မှုနှင့် ရင်ထဲမှ စိုးရိမ်မှုတို့ကြောင့် ၎င်းသည် အလွန်အမင်း ဒေါသထွက်လာသည်။

တိုက်ခိုက်မှု လာရာလမ်းကြောင်းသို့ လှည့်ကြည့်လိုက်ရာ မကြားဖူးသော ကျယ်လောင်သည့် စက်သံကြီးတစ်ခု ထိုနေရာမှ လာနေသည်ကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

၎င်းသည် ဒေါသတကြီး အော်မြည်လိုက်ပြီးနောက် ပေ ၉၀ မြင့်ကာ ပေ ၂၀ခန့် တုတ်ခိုင်သော ခြေထောက်ကြီးနှစ်ချောင်းဖြင့် တိုက်ခိုက်မှု လာရာအရပ်သို့ လျင်မြန်စွာ ပြေးသွားလေသည်။

၎င်းသည် ဧရာမမြေထိုးစက်ကြီး တစ်စီးကဲ့သို့ပင် လမ်းတစ်လျှောက်ရှိ အဆောက်အအုံများကို အလွယ်တကူ တိုက်ဖြိုသွားသည်။ အနုမြူစွမ်းအင်သုံး တင့်ကား မောင်းနှင်သူမှာ ကြောင်အမ်းသွားသည်။ အမြောက်ပြောင်းကို ဆက်တိုက် ရွှေ့နေသော်လည်း ဤမျှ မြန်ဆန်သော ပစ်မှတ်ကို ချိန်ရွယ်၍ မရနိုင် ဖြစ်နေသည်။

ပိုဆိုးသည်မှာ လျှပ်စစ်သံလိုက် အမြောက်သည် ပစ်ခတ်လိုက်တိုင်း စွမ်းအင် အများအပြား လိုအပ်ပြီး စွမ်းအင်ပြန်ဖြည့်ရန် မိနစ်အနည်းငယ် ကြာသည့်အတွက် ဆက်တိုက် ပစ်ခတ်၍ မရနိုင်ခြင်းပင်။

တစ်မိနစ် မပြည့်ခင်မှာပင် ငှက်ကြီးသည် ၂မိုင်ခွဲခန့် ခရီးကို ပေါက်ရောက်လာပြီး ကြီးမားသော ခြေသည်းကြီးတစ်ခုဖြင့် အနုမြူ တင့်ကားကြီးကို ဖိချလိုက်သည်။

တန်ချိန် သောင်းချီလေးသော အပြာရောင်နဂါးကိုပင် ကုတ်ချီနိုင်သော ငှက်ကြီးဖြစ်ရာ ၎င်း၏ အင်အားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဒေါသတကြီး ဖိချလိုက်မှုအောက်တွင် သတ္တုများ စူးရှစွာ ပွတ်တိုက်သံ ထွက်ပေါ်လာပြီး ထူထဲသော သံချပ်ကာများ တပ်ဆင်ထားသည့် ဧရာမ တင့်ကားကြီးမှာ ချိုင့်ဝင်သွားသည်။

ဒါတင် မပြီးသေးပေ။ ငှက်ကြီးသည် တင့်ကားကို သာမန်တွေ့နေကျ သားကောင်ဟု ထင်မှတ်ပုံရပြီး နှုတ်သီးဖြင့် ပြင်းထန်စွာ ဆောင့်ထိုးလိုက်သည်။ ထိုတိုက်ခိုက်မှု အရှိန်သည် လျှပ်စစ်သံလိုက် အမြောက်ဆံထက်ပင် ပိုမြန်ပြီး အသံအရှိန်ထက် ၁၀ ဆကျော် ရှိသည်။

"ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီးနှင့်အတူ အနုမြူ တင့်ကားကြီး တစ်စစီ ဖြစ်သွားပြီး အစိတ်အပိုင်းများ လွင့်စင်ကုန်သည်။ အတွင်းမှ စစ်သားများမှာမူ စောစောစီးစီးကပင် သေဆုံးသွားကြပြီ ဖြစ်သည်။

...

ကာကွယ်ရေးတပ်မ ဌာနချုပ်မှ လူများသည် စောင့်ကြည့်ကင်မရာ မြင်ကွင်းကို ကြည့်ပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကာ ချွေးစေးများ ကျလာကြသည်။

ဘေးနားရှိ ကာကွယ်ရေးတပ်မမှူး၏ လက်များ တုန်ယင်နေပြီး ဖုန်းကို တင်းကျပ်စွာ ကိုင်ထားသည်။ "... အဆင့် (၈) သားရဲ နှစ်ကောင်က အရမ်းမြန်တဲ့နှုန်းနဲ့ ပြန်ကောင်းနေတယ်... အခြေအနေက တော်တော်ဆိုးလာပြီ... အခု ကျွန်တော့်တပ်မလည်း အထိနာနေပြီ... အနုမြူ တင့်ကားလည်း ပျက်စီးသွားပြီ... အခုချက်ချင်း စစ်ကူ လိုပါတယ်... မဟုတ်ရင် မျှော်လင့်ချက်မြို့တော် သွားပြီပဲ"

တပ်မမှူး ဖုန်းချလိုက်သော်လည်း နှုတ်ခမ်းများ တုန်ယင်နေဆဲ ဖြစ်သည်။

"တပ်မမှူး... အခု ဘယ်လိုလုပ်မလဲ" စစ်ဗိုလ်တစ်ဦးက စိုးရိမ်တကြီး မေးသည်။

တပ်မမှူးက မျက်နှာထား တင်းမာသွားပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ အံကြိတ်ပြီး ပြောလိုက်သည်။ "အမြောက်စခန်းအားလုံး ချက်ချင်း ပစ်ခတ်ကြ... ကွယ်နေတဲ့ အဆောက်အအုံတွေ အကုန်လုံးကို ဖြိုချပစ်ပြီး လျှပ်စစ်သံလိုက် အမြောက် ပစ်လမ်းကြောင်း ရှင်းပေးလိုက်"

"ဒါပေမဲ့... အဲဒီလိုလုပ်ရင် မျှော်လင့်ချက် မြို့တော်ရဲ့ ဆုံးရှုံးမှုက အရမ်း များသွားလိမ့်မယ်" တစ်ယောက်က တွန့်ဆုတ်စွာ ပြောသည်။

"အဲဒါတွေ ဂရုစိုက်နေလို့ မရတော့ဘူး။ စစ်ကူရောက်လာတဲ့ အချိန်ကျရင် အကုန်လုံး သေကုန်ကြတော့မှာ"

...

အခြားတစ်ဖက်တွင် မျှော်လင့်ချက် မြို့တော်၏ "ဓားတရား" အဖွဲ့သည် အခြားတစ်နေရာသို့ ရောက်ရှိနေသည်။ သို့သော် ကြောက်မက်ဖွယ် အပြာရောင်နဂါးကြီးကို ရင်ဆိုင်ရန်အတွက် အနားသို့ပင် မကပ်နိုင်ကြပေ။ ၎င်း ထုတ်လွှတ်သော အငွေ့အသက်သည် စိတ်ဝိညာဉ် မုန်တိုင်းတစ်ခုလို ဖြစ်နေပြီး မီတာရာချီ အကွာအဝေးမှာ ရှိနေလျှင်တောင် တစ်ကိုယ်လုံး ပျော့ခွေကာ သတ္တိများ ပျောက်ဆုံးကုန်စေသည်။

အဖွဲ့သား အချို့သည် ခါးကုန်းကာ နံရံထောင့်တွင် ပုန်းလျက် လမ်းမပေါ်တွင် တွားသွားနေသော ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို လှမ်းကြည့်ပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။

"ခေါင်းဆောင်... ကျွန်တော်တို့ တကယ်ပဲ သူ့ကို သတ်ကြမလို့လား... ကျွန်တော် ထင်တာကတော့... နည်းနည်း ခက်မယ် ထင်တယ်" ရှဲ့ကျွင်းဟွေက အသံတုန်တုန်ဖြင့် ပြောသည်။

"ဟုတ်တယ်... ဒီလို သက်ရှိမျိုးက ငါတို့ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး" လီတုန်းကလည်း ဘေးကနေ ထောက်ခံသည်။

မြွေနှင့် တူသော သက်ရှိများ ဖြစ်သည့်အတွက် လင်းဖေးယန်သည် အမျိုးသမီး ပီပီ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သို့သော် ခေါင်းဆောင်တစ်ယောက် အနေဖြင့် ဆုတ်ခွာရန် မဖြစ်နိုင်ပေ။ "ခဏနေဦး... ငါတို့ အခြေအနေ စောင့်ကြည့်ရအောင်"

ခဏကြာသောအခါ အပြာရောင်နဂါး ဝေးရာသို့ ရောက်သွားပြီး ဖိနှိပ်ထားသော အငွေ့အသက်များ လျော့ပါးသွားမှ လူတိုင်း သက်ပြင်းချနိုင်ကြသည်။

"ဆရာသာ ရှိရင် ကောင်းမှာပဲ" ဖန်ဖေပင်းက တိုးတိုးလေး ပြောလိုက်သည်။

"ဆရာယွမ်က ဒုတိယဌာနမှူး ဖြစ်နေပြီလို့ ကြားတယ်... တကယ်ကို အံ့မခန်းပဲ" ရှုကျစ်ချန်ကလည်း ဝင်ပြောသည်။

"ဟုတ်တယ်... ငါ့သူငယ်ချင်းတချို့ ဓားတရား ဌာနချုပ်မှာ ရှိတယ်... အစ်ကိုယွမ်က ဌာနမှူးလင်းကိုတောင် အနိုင်ယူခဲ့တယ်လို့ ပြောကြတယ်... အစ်ကိုယွမ်က ငါတို့ မျှော်လင့်ချက်မြို့တော် အဖွဲ့က ထွက်လာတာလို့ ပြောပြတော့ သူတို့တောင် မယုံရဲကြဘူး" ဝူချင်းယုက ပြောသည်။ သူမ ပြောနေစဉ် မျက်လုံးများ အရောင်တောက်နေပြီး လေးစားအားကျမှုများ ပြည့်နှက်နေသည်။ သူမသည် ယခင်က ဓားတရား ဌာနချုပ်၏ အရန်အဖွဲ့ဝင် ဖြစ်ဖူးသဖြင့် သတင်းအချက်အလက် အတော်လေး နှံ့စပ်သည်။

လူများ တီးတိုး ပြောဆိုနေသည်ကို နားထောင်ရင်း ရှေ့ဆုံးမှ လင်းဖေးယန် နားစွင့်နေပြီး လက်သီးကို တိတ်တဆိတ် ဆုပ်ထားမိသည်။ ယခုအခါ လော်ယွမ်သည် သူမ၏ စိတ်ဒဏ်ရာ တစ်ခု ဖြစ်လာခဲ့သည်။ သူသည် မျှော်လင့်ချက် မြို့တော် ဓားတရားဌာနခွဲမှ ထွက်ခွာသွားပြီ ဖြစ်ပြီး သူမသည် ဌာနခွဲတစ်ခုလုံးကို အုပ်ချုပ်ခွင့် ရရှိထားသော်လည်း လော်ယွမ် ထားရစ်ခဲ့သော အရိပ်အယောင်များသည် ဤနေရာတွင် နက်ရှိုင်းစွာ ကျန်ရစ်နေဆဲ ဖြစ်သည်။

မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဘီလူးကြီးကို ကြည့်ရင်း လင်းဖေးယန်သည် မိမိကိုယ်ကို သက်သေပြရန် ပြေးထွက်သွားချင်သော်လည်း ပျော့ခွေနေသော ခြေထောက်များက အမြစ်တွယ်နေသကဲ့သို့ ဖြစ်နေပြီး သူမကို ထိုထောင့်တွင်သာ ဆက်ရှိနေစေသည်။

ထိုအချိန်တွင် သူမသည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အမြင့်မှ အစက်ကလေး တစ်စက် ချက်ချင်း ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ ရွေ့လျားနှုန်းသည် စိတ်ကူး၍ပင် မရနိုင်လောက်အောင် မြန်ဆန်လှသည်။ အလွန်ဝေးကွာသော နေရာတွင် ရှိနေသော်လည်း သာမန်မျက်စိဖြင့် ထိုအစက်ကလေးကို လိုက်ကြည့်ရန် မဖြစ်နိုင်ပေ။ တခဏချင်းမှာပင် သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

"အဲဒါ ဘာလဲ"

ဆက်ရန်...

အပိုင်း (၄၂၈) အပြာရောင်နဂါးကြီး

ထွက်ပြေး၍မရသလို၊ မြင်လည်း မမြင်ရသောကြောင့် ပြင်းထန်သော မလုံခြုံမှုက ဤငှက်ဧရာမကြီးကို စိတ်ဖောက်ပြန်လာစေသည်။ အနုမြူစွမ်းအင်သုံး လျှပ်စစ်သံလိုက်အမြောက်တပ်ဆင်ထားသော တင့်ကားကို အစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲပစ်ပြီးနောက်၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် လမ်းတလျှောက် ရမ်းကားတိုက်ခိုက်တော့သည်။ ၎င်းဖြတ်သန်းသွားသော နေရာများရှိ စက်ရုံများသည် အပျက်အစီးများ ဖြစ်သွားပြီး ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ ပေါက်ကွဲသံများသည် ငှက်ကြီးကို ပိုမို ရူးသွပ်လာအောင် လှုံ့ဆော်ပေးနေသကဲ့သို့ ရှိသည်။

ထိုအချိန်မှာပင် လူရိပ်တစ်ခုသည် ငှက်ကြီး၏ ခေါင်းပေါ်နားတွင် ရုတ်တရက် ပေါ်လာပြီး လေထဲတွင် ထူးဆန်းစွာ ရပ်တန့်နေသည်။

ငှက်ကြီးသည် တစ်စုံတစ်ခုကို သတိထားမိလိုက်ပုံရသည်။ ရမ်းကားစွာ ပြေးလွှားနေရင်းမှ လှုပ်ရှားမှု အနည်းငယ် ကမောက်ကမ ဖြစ်သွားပြီး ရင်ထဲတွင် ထိတ်လန့်သွားသည်။ သို့သော် သူ ဘာမှ ပြန်မလုပ်နိုင်ခင်မှာပင်...

နောက်တစ်ခဏတွင် ထိုလူရိပ်သည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းဆိုသလို လေပြင်းများ တိုက်ခတ်လာပြီး လေထုမှာ ဆူပွက်လာသည်။ ထို့နောက် ဓားကို ဆွဲထုတ်လိုက်ရာ လျှပ်စီးကြောင်းကဲ့သို့ တောက်ပသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး၊ လေလှိုင်းတစ်ခု ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပြန့်နှံ့သွားကာ ဖုန်မှုန့်များ လွင့်စဉ်သွားသည်။

ငှက်ကြီး၏ ခန္ဓာကိုယ်သည် သတိပြုမိရန် ခက်ခဲလောက်အောင် အနည်းငယ် ရပ်တန့်သွားသည်။ အချိန်ကာလသည် တစ်ခဏတာ ရပ်တန့်သွားသကဲ့သို့ပင်။

၎င်း၏ ခန္ဓာကိုယ်သည် အရှိန်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်သွားနေသော်လည်း ရုတ်တရက် ဦးခေါင်း၏ တစ်စိတ်တစ်ပိုင်းသည် ခန္ဓာကိုယ်မှ ဖြည်းညှင်းစွာ လျောကျသွားသည်။ ဒဏ်ရာသည် မှန်ကဲ့သို့ ချောမွေ့နေပြီး မီးခိုးရောင် ဦးနှောက်သားများ ပေါ်လာသည်။ ခြေလှမ်းများ ရပ်တန့်သွားပြီး ခန္ဓာကိုယ် ယိမ်းထိုးသွားကာ နောက်ဆုံးတွင် ဧရာမ ခန္ဓာကိုယ်ကြီးသည် ဖြည်းညှင်းစွာ ပြိုလဲကျသွားသည်။

"ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

မြေကြီး၏ ပြင်းထန်သော တုန်ခါမှုကြောင့် အနီးနားရှိ အဆောက်အအုံများသည် တစ်လုံးပြီးတစ်လုံး ပြိုကျကုန်သည်။ အကယ်၍ ဤနေရာတွင် လူတစ်ယောက်ယောက် ရှိနေခဲ့လျှင် ထိုအဆောက်အအုံများ၏ ပြိုကျနေသော နေရာများနှင့် ငှက်ကြီး၏ ဦးခေါင်းဒဏ်ရာသည် အတူတူပင်ဖြစ်ပြီး မှန်ကဲ့သို့ ချောမွေ့နေသည်ကို ထိတ်လန့်ဖွယ် တွေ့မြင်ရပေလိမ့်မည်။

ထိုအချိန်တွင် ထိုလူရိပ်သည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကာကွယ်ရေးတပ်မ ကွပ်ကဲမှုဌာနချုပ်

တပ်မမှူးသည် စိတ်သောကရောက်နေသော မျက်နှာထားဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ စစ်မြေပြင် အခြေအနေနှင့် အထက်မှ ဖိအားများကြောင့် သူ အသက်ရှူရပင် ခက်ခဲနေသည်။

"ဗိုလ်မှူး... ဟိုငှက်ကြီး သေသွားပြီ" ဖန်သားပြင်ကို စောင့်ကြည့်နေသော စစ်သားတစ်ဦး ရုတ်တရက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ စိတ်လှုပ်ရှားလွန်း၍သော်လည်းကောင်း၊ ဤကိစ္စမှာ အလွန်ထူးဆန်း အံ့ဩဖွယ်ကောင်း၍သော်လည်းကောင်း၊ သူ မတ်တပ်ရပ်လိုက်သောအခါ နောက်မှ ထိုင်ခုံပင် လွင့်ထွက်သွားသည်။

"ဘာ" တပ်မမှူး ခြေလှမ်းတန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် ကျယ်လောင်စွာ မေးလိုက်သည်။

ထို့နောက် သူသည် စောင့်ကြည့်ရေး ဖန်သားပြင်ဆီသို့ အမြန်လျှောက်သွားသည်။ သူသာမက ကွပ်ကဲမှုဌာနချုပ်ရှိ လူအားလုံး ဝိုင်းအုံလာကြသည်။

သေပြီဟု ပြောရသည်မှာ သိပ်တော့ မတိကျသေးပေ။ ၎င်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ လှုပ်ရှားနေဆဲဖြစ်ပြီး မတ်တပ်ရပ်ရန် ရုန်းကန်နေသကဲ့သို့ ရှိသည်။ မာကျောသော ကွန်ကရစ်မြေပြင်သည် ၎င်း၏ ကြောက်မက်ဖွယ် ခွန်အားကြောင့် ကြီးမားသော တွင်းကြီး ဖြစ်နေပြီဖြစ်သည်။

သို့သော် ဒါသည် သေခါနီး အကြောဆွဲနေခြင်းဖြစ်ကြောင်း မည်သူမဆို သိနိုင်သည်။

စောင့်ကြည့်ရေး ဖန်သားပြင်မှတစ်ဆင့် လူအများသည် ၎င်း၏ ဦးခေါင်းတစ်စိတ်တစ်ပိုင်း ပျောက်ဆုံးနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သွေးများ စီးကျနေပြီး ပြင်းထန်စွာ ရုန်းကန်နေမှုကြောင့် ဦးနှောက်သားများ အများအပြား လွင့်စဉ်ထွက်ကာ နေရာအနှံ့ ပေကျံနေသည်။

"ဘာဖြစ်တာလဲ... စောစောက ဘာဖြစ်သွားတာလဲ" တပ်မမှူးက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

"ကျွန်... ကျွန်တော်လည်း သေချာမမြင်လိုက်ဘူး" ထိုစစ်သားက ထိတ်လန့်တကြား ဖြေသည်။ အမှန်တကယ်တွင် သူလည်း နားမလည်နိုင်အောင် ဖြစ်နေသည်။ ဗီဒီယိုထဲတွင် လေလှိုင်းတစ်ခု ပေါ်လာပြီး ပုံရိပ်များ ပြင်းထန်စွာ တုန်ခါသွားသည်ကိုသာ သတိထားမိလိုက်သည်။ ပြီးနောက် ငှက်ကြီးသည် ခြေလှမ်းအနည်းငယ် လှမ်းပြီး လဲကျသွားခြင်းဖြစ်သည်။

"ဗီဒီယိုကို အမြန် ပြန်ဖွင့်ပြစမ်း"

စစ်သားက အလျင်အမြန် ပြန်ဖွင့်ပြသော်လည်း လူအုပ်ကြီး မျက်လုံးပြူးကြည့်နေသည့်တိုင် မည်သည့်အရာက ဤသို့ ဖြစ်စေသည်ကို မတွေ့ရပေ။ ရုတ်တရက် တိုက်ခတ်လာသော လေပြင်းနှင့် တစ်ခဏတာ လက်ခနဲ ဖြစ်သွားသော လေလှိုင်းတစ်ခုသာလျှင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း သက်သေပြနေသည်။

မည်သူမျှ သတိပေးစရာမလိုဘဲ စစ်သားသည် ဗီဒီယိုကို အနှေးပြကွက်ဖြင့် စတင်ပြသလိုက်သည်။

တပ်မမှူးသည် ယခုမှပင် စိတ်လှုပ်ရှားမှု လျော့ကျသွားပြီး အနည်းငယ် တည်ငြိမ်လာသည်။ ဤကိစ္စမှာ အလွန်ထူးဆန်းလွန်းသဖြင့် ဝမ်းသာစရာရော စိုးရိမ်စရာပါ ဖြစ်နေသည်။

မိမိတို့ဘက်မှ အင်အားစုတစ်ခုခုက လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါက ဝမ်းသာစရာ ဖြစ်သော်လည်း၊ မဟုတ်ပါက ဤဧရာမ သားရဲနှစ်ကောင်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုကို ရင်ဆိုင်ရဖွယ် ရှိသည်။ ထိုအရာကသာ လူသားများကို ရန်သူဟု သတ်မှတ်ပြီး တိုက်ခိုက်လာပါက ပြန်လည်တည်ဆောက်ရေးဇုန် ဆက်လက်တည်ရှိနိုင်ဦးမည်လား ဆိုသည်မှာ မသေချာတော့ပေ။

ဗီဒီယိုကို အနှေးပြကွက်ဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် ပြသသည်။ (၃) ဆ... (၅) ဆ... (၁၀) ဆ အထိ ရောက်သောအခါ ပုံရိပ်တွင် အပြောင်းအလဲ စတင်ပေါ်လာသည်။

ဝါးတားတား အရိပ်တစ်ခုသည် ငှက်ကြီး၏ ဦးခေါင်းဘေးတွင် ရုတ်တရက် ပေါ်လာသည်။ ဖန်သားပြင်ပေါ်မှ ကြည့်ရသည်မှာ ထိုနှစ်ခုသည် ကပ်နေသလောက် နီးကပ်နေသည်။ ပေ၃၀ခန့် ကြီးသော ငှက်ကြီး၏ ဦးခေါင်းနှင့် ယှဉ်လိုက်လျှင် ထိုဝါးတားတား အရိပ်သည် အလွန်သေးငယ်လွန်းသဖြင့် သိသိသာသာ ကွာခြားနေသည်။

သို့သော် (၁၀) ဆ အနှေးပြကွက်ဖြင့် ကြည့်သည့်တိုင် ထိုအရိပ်သည် တစ်စက္ကန့်ဝက်အောက်သာ ပေါ်လာပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။ သတိမထားမိလျှင် လုံးဝ မြင်တွေ့ရမည် မဟုတ်ပေ။

"ဒီအရွယ်အစားကို ကြည့်ရတာ... အဲတာ လူများလား" စစ်ဦးစီးအရာရှိ တစ်ဦးက တစ်ခဏတာ ပေါ်လာသော ပုံရိပ်ကို ကြည့်ပြီး မရေမရာ ပြောလိုက်သည်။

လူအများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲတွင် မယုံကြည်နိုင်စရာ ခံစားချက်ကြီး ဖြစ်ပေါ်လာသည်။

"ထက်ပြီး နှေးလိုက်ဦး"

စစ်သားသည် အဆ (၅၀) အထိ တိုက်ရိုက် တိုးမြှင့်လိုက်သည်။

ကံကောင်းသည်မှာ ကမ္ဘာပျက်ပြီးနောက်ပိုင်း ထူးဆန်းအံ့ဩဖွယ် အခြေအနေမျိုးစုံကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စစ်ဘက်သုံး ဒရုန်းများတွင် မြန်နှုန်းမြင့် ကင်မရာအသေးစားများ တပ်ဆင်ထားခြင်း ဖြစ်သည်။ အဆ (၅၀) အထိ နှေးလိုက်သော်လည်း ဗီဒီယိုမှာ အလွန်ချောမွေ့ ရှင်းလင်းနေဆဲ ဖြစ်သည်။

ယခုအခါ တစ်ဖက်လူမှာ လူသားဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။ အနှေးပြကွက်ထဲတွင် ထိုသူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် ကိုယ်ခန္ဓာပုံစံမှာ ဝါးတားတား ဖြစ်နေဆဲပင်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လေစီးကြောင်းများ လှုပ်ရှားနေပြီး မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသဖြင့် သူ၏ မျက်နှာအစစ်အမှန်ကို လုံးဝ မမြင်ရပေ။

အထူးသဖြင့် သူ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည့် အချိန်တွင် ဗီဒီယို ပုံရိပ်မှာ တွန့်လိမ်တုန်ခါသွားသဖြင့် လုံးဝ ကြည့်မရတော့ပေ။

မျက်နှာကို မမြင်ရသော်လည်း ဤအနက်ရောင် ဝတ်စုံနှင့် အနက်ရောင် ဓားကို ကြည့်ပြီး တပ်မမှူး၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ သူ လှည့်ကြည့်ကာ ပြောလိုက်သည်။ "ကြည့်မနေနဲ့တော့... ငါတို့လူပဲ ဖြစ်လောက်တယ်... ဗီဒီယိုကို ကော်ပီကူးပြီး ထောက်လှမ်းရေးဌာနဆီ ပို့လိုက်"

ထိုစဉ် အဝေးမှ အမြောက်သံများ တရစပ် ထွက်ပေါ်လာသည်။ မြို့ရိုးပေါ်မှ အမြောက်စခန်းများ စတင်ပစ်ခတ်နေခြင်း ဖြစ်သည်။

တပ်မမှူး မျက်နှာပျက်သွားပြီး ဦးထုပ်ထဲတွင် တပ်ဆင်ထားသော ကြိုးမဲ့နားကြပ်ကို ဖိကာ ဆက်သွယ်ရေးလိုင်း ချိတ်ဆက်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ "ငါ တပ်မမှူး ချန်ကျွင်းထယ် ပြောနေတာ... လက်ရှိအမိန့်ကို ပယ်ဖျက်တယ်... အမြောက်တပ်ရင်း ပစ်ခတ်မှု ချက်ချင်းရပ်။ ပြန်ပြောမယ်... ပစ်ခတ်မှု ချက်ချင်းရပ်..."

လွန်ခဲ့သော မိနစ် (၃၀) အချိန်သို့ ပြန်သွားရလျှင်...

ထိုအချိန်က လော်ယွမ်သည် အာကာသထဲတွင် လှည့်လည်သွားလာနေဆဲ ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အလင်းရောင်ကို ဝေးကွာသော အာကာသထဲမှပင် သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သူ၏ အမြင်အာရုံသည် လူသားတို့၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်ပြီး ဂြိုဟ်တုများနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန် အတွင်းရှိ မြို့များ၊ စက်ရုံများနှင့် လမ်းမပေါ်ရှိ ကုန်တင်ကားများကိုပင် သူ ဝါးတားတား ခွဲခြားမြင်နိုင်သည်။

ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှုသည် ပြန်လည်တည်ဆောက်ရေးဇုန်နှင့် မဝေးလှကြောင်း တွေ့ရှိပြီးနောက် လော်ယွမ်၏ အကြည့်များသည် ထိုနေရာသို့ စူးစိုက်ရောက်ရှိသွားသည်။

ထို့နောက် အခြေအနေများ လျင်မြန်စွာ ဆိုးရွားလာသည်။ ဧရာမ သားရဲနှစ်ကောင်သည် အနုမြူ တိုက်ခိုက်မှုမှ လွတ်မြောက်ပြီး မျှော်လင့်ချက်မြို့တော် သို့ ကျရောက်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် စနစ်မှ မစ်ရှင်တစ်ခု ရောက်ရှိလာသည်။

ဒင်... စီ အဆင့် မစ်ရှင် - မျှော်လင့်ချက်မြို့တော်ကို ကယ်တင်ပါ။

မစ်ရှင်ကြာချိန် - တစ်ရက်။လက်ခံ/ငြင်းပယ်

သူ ထိတ်လန့်သွားပြီး တုံ့ဆိုင်းမနေဘဲ မစ်ရှင်ကို လက်ခံလိုက်သည်။

သူ၏ စွမ်းအားများ အဆမတန် တိုးတက်လာသဖြင့် လျှို့ဝှက်ဆန်းကြယ်သော အဆင့် (၈) သက်ရှိများကို စမ်းသပ်တိုက်ခိုက်ချင်နေသည်မှာ ပြောစရာ မလိုပေ။ မစ်ရှင်၏ အကြောင်းအရာ တစ်ခုတည်းကပင် သူ့ကို တုံ့ဆိုင်းမနေစေရန် တွန်းအားပေးနေသည်။

မျှော်လင့်ချက်မြို့တော်သည် သူ၏ အခြေစိုက်စခန်း ဖြစ်သည်။ ထိုနေရာတွင် လူဦးရေ တစ်သန်းကျော် ရှိပြီး သူ၏ အမျိုးသမီးများလည်း နေထိုင်ကြသည်။ အကယ်၍ အဆင့် (၈) သက်ရှိ နှစ်ကောင်ကို မျှော်လင့်ချက်မြို့တော်တွင် အချိန်ကြာမြင့်စွာ သောင်းကျန်းခွင့် ပြုထားပါက မြေအောက်မြို့တော်တွင် နေထိုင်ရလျှင်ပင် လုံးဝ လုံခြုံလိမ့်မည် မဟုတ်ပေ။

သူသည် ကမ္ဘာမြေသို့ ပြန်ရန် "ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း" ကို အလျင်အမြန် စတင်လိုက်သည်။

နေရာရွှေ့ပြောင်းခြင်းအစွမ်းက ပိုမြန်သော်လည်း အဆင့် (၉) သာ ရှိသေးသဖြင့် တစ်ကြိမ်လျှင် မိုင် (၂၀၀) ခန့်သာ ရောက်ရှိနိုင်သည်။ ထို့အပြင် တစ်ကြိမ် ရွှေ့ပြောင်းတိုင်း စိတ်စွမ်းအား ကုန်ဆုံးမှုမှာ အလွန်များပြားသည်။ သူ၏ စိတ်စွမ်းအား အပြည့်ရှိနေချိန်တွင်ပင် (၁၁-၁၂) ကြိမ်ခန့်သာ လုပ်ဆောင်နိုင်ပြီးနောက် လုံးဝ ကုန်ခမ်းသွားမည် ဖြစ်သည်။ သူနှင့် ကမ္ဘာမြေ အကွာအဝေးကို ထောက်ရှုလျှင် (၁၁-၁၂) ကြိမ် ရွှေ့ပြောင်းခြင်းသည် မိုင် (၂၅၀၀) ခန့်သာ ရှိမည်ဖြစ်ပြီး ခရီးစဉ်၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။

စိတ်စွမ်းအား အတိုင်းအတာတစ်ခုအထိ မသန်မာလာမချင်း နေရာရွှေ့ပြောင်းအစွမ်း သည် ဂြိုဟ်အတွင်း အမြန်သွားလာရေး စွမ်းရည်အဖြစ်သာ သုံးနိုင်သည်။ ကျယ်ပြောလှသော အာကာသနှင့် ယှဉ်လျှင် ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်းသည် အဓိက သွားလာရေး နည်းလမ်းအဖြစ် အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်ရှိနေဦးမည် ဖြစ်သည်။

လေထုအလွှာသို့ ရောက်ရှိမှသာ လော်ယွမ်သည် နေရာရွှေ့ပြောင်းခြင်း တစ်ချက်ဖြင့် ငှက်ကြီးအနီးသို့ ရောက်ရှိသွားပြီး ၎င်းကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ဤအဆင့် (၈) သက်ရှိသည် ဒဏ်ရာအပြင်းအထန် ရထားခြင်းကြောင့် သော်လည်းကောင်း၊ သူ ရုတ်တရက် ပေါ်လာခြင်းကြောင့် သော်လည်းကောင်း တိုက်ပွဲသည် လော်ယွမ် ထင်ထားသည်ထက် ပိုမိုလွယ်ကူခဲ့သည်။ မူလက သူသည် အသက်လု တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရမည်ဟု စိတ်ပြင်ဆင်ထားသော်လည်း ဓားတစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်နိုင်ခဲ့သည်။

ဓားကို ပြန်သိမ်းပြီးနောက် လော်ယွမ်သည် ကောင်းကင်ယံသို့ ချက်ချင်း နေရာရွှေ့ပြောင်း လုပ်လိုက်သည်။

အစွမ်းထက်သော အမြင်အာရုံကြောင့် မျှော်လင့်ချက်မြို့တော် တစ်ခုလုံးကို အသေးစိတ်ကအစ အကုန်မြင်နေရသည်။

ချက်ချင်းပင် နောက်ထပ် အဆင့် (၈) သက်ရှိ တစ်ကောင်ကို ရှာမတွေ့တော့ကြောင်း သူ သတိပြုမိလိုက်သည်။ ငှက်ကြီး မသေခင် အော်ဟစ်သံကြောင့် ထိုကောင်သည် ကြောက်လန့်ပြီး လုံးဝ ပုန်းအောင်းသွားပုံ ရသည်။ သူ အကြိမ်ကြိမ် ရှာဖွေပြီးနောက် မကြာမီ ခြေရာခံမိသွားသည်။

ဤမျှ ကြီးမားသော ခန္ဓာကိုယ်ရှိသည့် သက်ရှိသည် မည်မျှပင် ကောင်းမွန်စွာ ပုန်းအောင်းနေပါစေ၊ ကျန်ရစ်ခဲ့သော ခြေရာကြီးများနှင့် မတော်တဆ တိုက်မိပြီး ပြိုလဲသွားသော အဆောက်အအုံများက သူ့ကို ဖော်ထုတ်နေသည်။

သူ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ ပြိုကျနေသော တွင်းကြီးတစ်ခု၏ နှုတ်ခမ်းဝတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ဤတွင်းသည် ပေ (၃၀၀) ကျော် ကျယ်ဝန်းပြီး မြေအောက်ထပ် (၂) ထပ် ဆက်တိုက် ကြမ်းတမ်းသော အင်အားတစ်ခုဖြင့် ဖောက်ထွင်းခံထားရသည်။ ရေကန်ကဲ့သို့ ကြီးမားနက်ရှိုင်းသော ခြေရာကြီးများသည် ဤနေရာတွင် လုံးဝ ပြတ်တောက်သွားရာ တစ်ဖက်လူသည် ဤတွင်းပေါက်ထဲသို့ ဝင်ရောက်သွားကြောင်း ထင်ရှားသည်။

ထိုစဉ် တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ဟု လော်ယွမ် ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ ရင်းနှီးသော မိတ်ဆွေအချို့ ဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် ယခုအချိန်သည် စကားပြောရန်၊ နှုတ်ဆက်ရန် အချိန်မဟုတ်သဖြင့် သူသည် ခေါင်းအနည်းငယ်သာ ညိတ်ပြလိုက်ပြီးနောက် တွန့်ဆုတ်မနေဘဲ တွင်းပေါက်ထဲသို့ ခုန်ဆင်းသွားသည်။ အနာဂတ်ကြိုတင်သိမြင်နိုင်စွမ်း ရှိနေသဖြင့် တစ်ဖက်လူ အလစ်တိုက်ခိုက်မည်ကို သူ လုံးဝ မကြောက်ပေ။

"အဲဒီလူက ငါ့ဆရာနဲ့ တူလိုက်တာ" ကီလိုမီတာ အနည်းငယ်ဝေးသော ထောင့်တစ်နေရာမှ ဂရုတစိုက် စောင့်ကြည့်နေသော ဖန်ဖေ့ပင်က ရုတ်တရက် သံသယ မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်နော်... ကိုယ်လုံးကိုယ်ပေါက် တူတယ်... ပြီးတော့ ဓားကိုင်ထားတာလည်း ပါတယ်..." ရှုကျစ်ချန် က လေးနက်သော မျက်နှာထားဖြင့် ပြောသည်။ "ဒီဧရာမ သားရဲကို လိုက်သတ်ရဲတဲ့ သတ္တိနဲ့ စွမ်းရည်မျိုးဆိုလို့ ခေါင်းဆောင်ယွမ် တစ်ယောက်ပဲ ရှိလောက်တယ်"

လင်းဖေးရန်၏ မျက်နှာထားမှာ တည်ငြိမ်မှု မရှိဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ စိတ်ထဲတွင် ဂယက်ထနေပြီး တစ်ကိုယ်လုံးမှ အေးစက်သော အငွေ့အသက်များ မထိန်းချုပ်နိုင်ဘဲ ထွက်ပေါ်နေသည်။ ထို့နောက် သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ထဲမှ မွန်းကြပ်မှုများကို အတင်းဖိနှိပ်ထားလိုက်သည်။

သူမသည် တွင်းပေါက်ဝကို စိုက်ကြည့်နေပြီး မျက်လုံးများ တောက်ပနေကာ ဘာတွေ တွေးနေမှန်း မသိနိုင်ပေ။

အဖွဲ့ဝင်အချို့ တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မတော်တဆ ဘေးသင့်မည်ကို စိုးရိမ်သဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။

မိနစ်ဝက်ပင် မကြာလိုက်၊ ရုတ်တရက် "ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး မြေကြီး ပြင်းထန်စွာ တုန်ခါသွားသည်။

ခုနက မြေကြီးထဲသို့ ထူးဆန်းစွာ ဝင်ရောက်သွားသော ဤဧရာမ သားရဲကြီးသည် အတွင်းမှ ရုတ်တရက် ခုန်ထွက်လာပြီး လမ်းမအတိုင်း ဤနေရာသို့ ပြေးလာသည်။ ကြီးမားသော ခန္ဓာကိုယ်သည် လမ်းဘေးဝဲယာရှိ စက်ရုံများကို ကစားစရာ အရုပ်များကဲ့သို့ တိုက်ဖြိုပစ်လိုက်ရာ ကျောက်တုံးကြီးများ လွင့်စဉ်ပြီး ဖုန်မှုန့်များ ထသွားသည်။

ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပိုမို ပြင်းထန်လာသည်။ လမ်းဆုံတွင် ပုန်းနေသော အဖွဲ့ဝင် အနည်းငယ်သည် ကြောက်လန့်တကြား မျက်နှာဖြူဖပ်ဖြူရော် ဖြစ်ကာ နောက်လှည့်ပြီး အသက်လု ပြေးကြသည်။ ပေ (၁၅၀၀) ခန့် ပြေးပြီးနောက် ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ် လမ်းဆုံမှ လုံးဝ ပျောက်ကွယ်သွားမှသာ လူအများ တညီတညွတ်တည်း ရပ်တန့်လိုက်ကြသည်။

လူအများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ရင်တထိတ်ထိတ် ဖြစ်နေကြသလို မယုံကြည်နိုင်စွာလည်း ဖြစ်နေကြသည်။

လင်းဖေးရန် တစ်ယောက်တည်းသာ မျက်နှာမည်းမှောင်လျက် ရှေ့သို့ ဆက်လျှောက်သွားသည်။

"ခေါင်းဆောင် ဘယ်သွားတာလဲ" ဝူချင်းယုက သံသယဖြင့် တိုးတိုးလေး မေးလိုက်သော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။

လီတုန်းက အမောတကောဖြင့် အံ့ဩထိတ်လန့်စွာ ပြောလိုက်သည်။ "မင်း... မင်းတို့ ခုနက မြင်လိုက်လား"

"ဘာမြင်တာလဲ" ဝူချင်းယုက ကြောင်တောင်တောင်ဖြင့် မေးသည်။ ဧရာမ သားရဲကြီး ဒီဘက်ပြေးလာတာ မြင်လိုက်ရကတည်းက သူမ လုံးဝ ကြောင်သွားပြီး ပြေးဖို့ပဲ သိတော့သည်။

"ဒုခေါင်းဆောင်ယွမ်လေ... အဲဒီ သားရဲကြီးရဲ့ ခေါင်းပေါ်မှာ သူ မတ်တပ်ရပ်နေတာ နင်မမြင်လိုက်ဘူးလား" ရှဲ့ကျွင်းဟွေ သည် ကြောက်လို့လား၊ စိတ်လှုပ်ရှားလို့လား မသိ၊ တစ်ကိုယ်လုံး တုန်နေသည်။ လီတုန်း အမောဖြေနေသည်ကို မြင်သောအခါ မနေနိုင်ဘဲ ဝင်ဖြေလိုက်သည်။

"မင်းလည်း မြင်လိုက်တာလား... ငါက ငါ့မျက်စိမှားတယ် ထင်နေတာ... ဒါ ဘယ်လိုဖြစ်တာလဲ" ရှုကျစ်ချန်က ပြောသည်။

တကယ်တော့ ရှုကျစ်ချန်မှ မဟုတ်၊ လော်ယွမ်လည်း ဘာဖြစ်မှန်း မသိပေ။

သူ တွင်းပေါက်ထဲ ဝင်သွားသောအခါ နဂါးပုံသဏ္ဍာန်ရှိသော အဆင့် (၈) ဧရာမ သားရဲကြီးသည် ထောင့်တစ်နေရာတွင် မလှုပ်မယှက် ဝပ်နေသည်ကို တွေ့ရသည်။ လော်ယွမ် အနားကပ်သွားသောအခါ ၎င်းသည် ကြောက်လန့်တကြား တုန်ရီနေသည်။

မူလကဆိုလျှင် ဤ "အပြာရောင်နဂါး" ကြီးသည် ဤမျှအထိ အသုံးမကျ ဖြစ်မည်မဟုတ်ပေ။ သူသည် စွမ်းအားကြီးမားသော်လည်း တိုက်ခိုက်ချိန်တွင် မိမိ၏ အရှိန်အဝါကို ထိန်းသိမ်းလေ့ရှိသည်။ ထို့အပြင် ဤဧရာမ သားရဲကြီးနှင့် ယှဉ်လျှင် လူသားများ၏ ခန္ဓာကိုယ် အရွယ်အစားသည် တော်တော်လေး လှည့်စားနိုင်သည်။

သို့သော် ယခုလေးတင် သတ်ဖြတ်မှုတစ်ခု ပြုလုပ်ခဲ့သော လော်ယွမ်၏ ကိုယ်ပေါ်တွင် ငှက်ကြီး၏ သွေးစက်အချို့ ကျန်ရှိနေသေးသည်။ ငှက်ကြီး မသေခင် စူးရှစွာ အော်ဟစ်သံက အပြာရောင်နဂါးကြီး၏ စိတ်ထဲတွင် ကြောက်ရွံ့မှုကို ပိုမို နက်ရှိုင်းစေခဲ့သည်။

အထူးသဖြင့် "သေးငယ်သော သက်ရှိ" ဖြစ်သည့် တစ်ဖက်လူက မိမိကို ရင်ဆိုင်ရာတွင် လုံးဝ မကြောက်ရွံ့သည်ကို မြင်သောအခါ၊ ဉာဏ်ရည်မြင့် သက်ရှိတစ်ခုအနေဖြင့် အနည်းငယ် စဉ်းစားလိုက်ရုံဖြင့် သေလုမတတ် ကြောက်လန့်သွားစေသည်။ ထို့အပြင် သူသည် မူလကတည်းက သတ္တိမရှိသူ ဖြစ်သည်။

ထို့ကြောင့် လော်ယွမ် လက်မတင်ရသေးမီ စနစ်မှ သတင်းစကား ရောက်လာသည်။

"ခရမ်းနုရောင် အဆင့် သက်ရှိ "အပြာရောင်နဂါး" သည် သင့်အား လုံးဝ အညံ့ခံလိုက်ပါပြီ။ တိုက်ခိုက်ရေး သားရဲ အဖြစ် လက်ခံမလား။ ငြင်းပယ်/လက်ခံ

လော်ယွမ် အံ့ဩသွားသော်လည်း စိတ်ထဲတွင် အနည်းငယ် တုံ့ဆိုင်းပြီးနောက် ဤဧရာမ သားရဲကြီး၏ အညံ့ခံမှုကို လက်ခံလိုက်သည်။

အမှန်တကယ်တွင် သူ၏ လက်ရှိ စွမ်းအားအရ တိုက်ခိုက်ရေး သားရဲများသည် သိပ်အသုံးမဝင်တော့ပေ။ ဤခရမ်းနုရောင် (အဆင့် ၈) သက်ရှိ ဖြစ်လျှင်တောင်မှ အတူတူပင်။ သူ၏ အလွန်မြန်ဆန်သော ရွေ့လျားနိုင်စွမ်းနှင့် မြန်ဆန်သော တိုက်ခိုက်မှု ပုံစံကြောင့် တိုက်ခိုက်ရေး သားရဲများသည် သူ့ကို အကူအညီ ပေးနိုင်မည် မဟုတ်ပေ။

သူ စဉ်းစားသည်က အခြားတစ်ဖက် ဖြစ်သည်။ ဤကဲ့သို့သော "စူပါ သက်ရှိ" တစ်ကောင် ပြန်လည်တည်ဆောက်ရေးဇုန် အနီးတွင် ပေါ်လာခြင်းသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေပြီး ပြန်လည်တည်ဆောက်ရေးဇုန်ကို ပိုမို လုံခြုံစေနိုင်သည်။ တစ်ချိန်တည်းမှာပင် အထက်လူကြီးများ၏ မကောင်းသော အတွေးအကြံများကိုလည်း ဖျောက်ဖျက်ပစ်နိုင်ပြီး ကြိုတင်ကာကွယ်မှု တစ်ခုလည်း ဖြစ်စေသည်။

ယခုလေးတင် အညံ့ခံလိုက်သော အပြာရောင်နဂါးကြီး၏ သစ္စာရှိမှုသည် အလွန်နိမ့်ကျပြီး အောင်မှတ်ဖြစ်သော (၆၀) သာ ရှိသည်။

သို့သော် ဧရာမဖွတ်ကြီးနှင့် မျောက်ဝံ တို့ကို လေ့ကျင့်ပေးခဲ့ဖူးပြီး အတွေ့အကြုံ ကြွယ်ဝသော လော်ယွမ်က ဒါသည် ယာယီသာ ဖြစ်ကြောင်း ယုံကြည်ထားသည်။

လော်ယွမ်သည် အပြာရောင်နဂါးကြီး၏ ခေါင်းပေါ်တွင် ရပ်လျက် လမ်းမကြီးအတိုင်း တန်းတန်းမတ်မတ် ဖြတ်သန်းသွားသည်။ ဖြစ်နိုင်သည်မှာ စောင့်ကြည့်ရေး ကင်မရာများမှ သတင်းရရှိထားပြီး ဖြစ်သဖြင့် လမ်းတလျှောက် မည်သည့် တိုက်ခိုက်မှုကိုမျှ မကြုံရပေ။ စက္ကန့် (၃၀) ကြာသောအခါ အပြာရောင်နဂါးကြီးသည် ညင်သာစွာ ခုန်လိုက်ပြီး ပေ (၃၀၀၀) ကျော် ခုန်ကျော်ကာ မြို့ရိုးကို ကျော်လွန်သွားသည်။ ကြီးမားသော ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ ပေါ့ပါးသွက်လက်စွာဖြင့် မြို့ပြင်သို့ ဆင်းသက်လိုက်သည်။

ရှေ့မှ ကျယ်ပြောလှသော တောရိုင်းမြေပြင်ကို ကြည့်ပြီး အပြာရောင်နဂါးကြီးသည် စိတ်ပေါ့ပါးသွားကာ ကောင်းကင်ကို မော့ကြည့်ပြီး မနေနိုင်ဘဲ ဟိန်းဟောက်လိုက်တော့သည်။

ဆက်ရန်...

အပိုင်း (၄၂၉) ဉာဏ်ပညာသစ်ပင်နှင့် ထပ်မံဆုံတွေ့ခြင်း

ဝန်ခံရမည်ဆိုလျှင် ယခုအချိန်၌ ဤနဂါးကြီး၏ ပုံပန်းသဏ္ဌာန်မှာ အတော်လေး ကြည့်ရဆိုးပြီး သနားစရာ ကောင်းနေသည်။ ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အကြေးခွံများ မရှိသလောက် ဖြစ်နေပြီး ညစ်ပေနေသော သွေးများနှင့် မီးကျွမ်းထားသည့် အမည်းရောင် အရာများဖြင့် ပြည့်နှက်နေသည်။ အချို့သော ဒဏ်ရာများမှာ လုံးဝ မကျက်သေးဘဲ အချို့ဒဏ်ရာပေါက်များဆိုလျှင် လူအတော်များများ ဝင်နေ၍ ရလောက်အောင်ပင် ကြီးမားနေသည်။

လူသားတစ်ယောက်၏ အမြင်ဖြင့် ကြည့်မည်ဆိုပါက ဤကဲ့သို့ ဒဏ်ရာများမှာ တကယ့်ကို တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

ယခု အော်လိုက်သော ရှည်လျားသည့် အော်မြည်သံကြီးသည် ၎င်း၏ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှု အားလုံးကို ပေါက်ကွဲထွက်စေလိုက်သကဲ့သို့ ဖြစ်သည်။ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဆက်တိုက် ထွက်ပေါ်နေပြီး ကျယ်လောင်ကာ စူးရှလွန်းသဖြင့် အရပ်လေးမျက်နှာလုံး တုန်ခါသွားသည်။

ကီလိုမီတာ အနည်းငယ် ပတ်လည်အတွင်းရှိ သစ်ပင်ချုံနွယ် အားလုံး လဲပြိုကုန်ပြီး အနီးကပ် ရှိနေသော အရာဝတ္ထုများဆိုလျှင် အမှုန့်ဖြစ်သွားသည်။ ၎င်း၏ ခေါင်းပေါ်တွင် ရှိနေသော လော်ယွမ်ပင်လျှင် အရိုးထဲထိ စိမ့်အောင် တုန်ခါမှုကို ခံစားလိုက်ရပြီး နားများ အူကာ ဦးနှောက်တစ်ခုလုံး ဝီခနဲ ဖြစ်သွားသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အဆင့် (၈) သက်ရှိများသည် လော်ယွမ် ထင်ထားသကဲ့သို့ အသုံးမကျခြင်း မဟုတ်ကြောင်း သိသာလေသည်။

ကြီးမားသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ် ခွန်အားတို့ကြောင့် ၎င်းတို့ သတိမထားမိဘဲ ပြုလုပ်လိုက်သော လှုပ်ရှားမှု သေးသေးလေး တစ်ခုကပင် အံ့မခန်း ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။

လေမှုတ်ထုတ်လိုက်လျှင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်သကဲ့သို့ ဖြစ်ပြီး လေပြန်ရှူလိုက်လျှင် လေစီးကြောင်းများ ပြောင်းပြန် လည်သွားတတ်သည်။ ဤသည်မှာ ထိုကဲ့သို့သော "စူပါသက်ရှိ" များအတွက် ပုံမှန် အသက်ရှူခြင်း မျှသာ ဖြစ်သည်။

သန့်စင်သော ခွန်အားနှင့် ဖျက်ဆီးနိုင်စွမ်းကို ယှဉ်ပြောရလျှင် လော်ယွမ်သည် ၎င်း၏ အပုံတစ်ထောင်ပုံ တစ်ပုံပင် မရှိပေ။

သို့သော် တိုက်ပွဲဆိုသည်မှာ ခွန်အားချင်း သက်သက် ယှဉ်ပြိုင်ခြင်း မဟုတ်ပေ။ တကယ်တမ်း သတ်ဖြတ်ကြသည့်အခါ အခြေအနေက လုံးဝ ကွာခြားသွားသည်။ နေရာရွှေ့ပြောင်းခြင်းနှင့် အနာဂတ်ကြိုမြင်ခြင်း စွမ်းရည်နှစ်ခုကို ပိုင်ဆိုင်ထားသော လော်ယွမ်အတွက်မူ ဤနဂါးကြီး အပြည့်အဝ ပြန်ကောင်းလာလျှင်တောင် ရလဒ်က သိပ်ပြောင်းလဲမည် မဟုတ်ပေ။ ကွာခြားသွားမည့် အရာမှာ ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်မည်လား၊ သို့မဟုတ် ဓားချက်အများအပြား သုံးရမည်လား ဆိုသည်သာ ရှိသည်။

...

၎င်း၏ အဆုတ်အားမှာ အလွန်ကောင်းမွန်သဖြင့် စတင် အော်ဟစ်လိုက်သည်နှင့် မပြီးဆုံးနိုင်တော့ဘဲ တစ်မိနစ်ကြာသည်အထိ ရပ်တန့်မသွားပေ။ လော်ယွမ်သည် နားကိုကော်လိုက်ပြီး စိတ်မရှည်စွာဖြင့် တိုက်တစ်လုံးစာမျှ ကြီးမားသော ၎င်း၏ ဦးခေါင်းခွံကြီးကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထုချလိုက်သည်။

ခေါင်းပေါက်ထွက်သွားမည် စိုးသဖြင့် သူ သိပ်ပြီး အားမထည့်ရဲပေ။ နဂါးကြီးနှင့် ယှဉ်လျှင် သူ၏ ခွန်အားမှာ မပြောပလောက်သော်လည်း သူ၏ လက်သီးမှာ သေးငယ်သည့်အတွက် ဧရိယာအလိုက် သက်ရောက်သော ထိုးဖောက်အားမှာ အံ့မခန်း ဖြစ်နေသည်။

သူ၏ အစွမ်းကုန် ထိုးနှက်ချက် အရှိန်သည် လက်ရှိ ပြန်လည်တည်ဆောက်ရေးဇုန်မှ ပိုင်ဆိုင်ထားသော လျှပ်စစ်သံလိုက် အမြောက်ဆံများ၏ အရှိန်ထက်ပင် များစွာ သာလွန်သည်။ တကယ်တမ်းသာ အားကုန်သုံး၍ ထိုးလိုက်လျှင် ဦးခေါင်းခွံ ပေါက်ထွက်သွားရုံသာ ရှိတော့မည်။

အပြာရောင်နဂါးကြီးသည် ခေါင်းကို အပ်နှင့် ထိုးလိုက်သကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး အော်သံ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းသည် ဒေါသထွက်သွားပြီး မျက်နှာထား တင်းမာစွာဖြင့် ခေါင်းကို လှည့်၍ ကိုက်ရန် ပြင်လိုက်သော်လည်း ပတ်ဝန်းကျင်တွင် မည်သည့်အရာကိုမျှ မတွေ့ရပေ။ ဘာက သူ့ကို လာထိုးသွားမှန်း မသိသဖြင့် သံသယ ဖြစ်နေစဉ် နောက်တစ်ကြိမ် ပိုမိုပြင်းထန်သော နာကျင်မှုကို ခေါင်းပေါ်တွင် ထပ်မံ ခံစားလိုက်ရသည်။ ထိုအခါမှသာ ၎င်း၏ ခေါင်းပေါ်တွင် "လူသတ်ကောင်" တစ်ကောင် ရှိနေသေးသည်ကို ထိတ်လန့်စွာ သတိရသွားသည်။

အမှန်တကယ်တော့ ၎င်း မေ့နေခဲ့ခြင်း ဖြစ်သည်။

အဓိက အကြောင်းအရင်းမှာ ထို "လူသတ်ကောင်" သည် သေးငယ်လွန်းပြီး ပေါ့ပါးလွန်းသောကြောင့် ဖြစ်သည်။ ၎င်းအတွက်မူ လော်ယွမ်၏ အလေးချိန်သည် အလေးချိန် မရှိသလောက်ပင် ဖြစ်ရာ ခေါင်းပေါ်မှ နာကျင်မှုသာ မရှိလျှင် ထိုလူ ထွက်သွားပြီဟု ထင်မှတ်နေမိမည် ဖြစ်သည်။

၎င်းသည် ယခုလေးတင် ထွက်ပြေးလွတ်မြောက်လာခဲ့သော မြို့တော်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ၎င်းကို ချိန်ရွယ်ထားသည့် "သေးငယ်သော" ပြွန်ချောင်းမည်းမည်း အများအပြား (အမြောက်ပြောင်းများ) ကို မြင်လိုက်ရသဖြင့် အန္တရာယ်ကို အာရုံခံမိပြီး ထိုနေရာတွင် ကြာကြာ မနေရဲတော့ပေ။ ကြီးမားသော နှာခေါင်းကြီးကို ရှုံ့ပွရှုံ့ပွ လုပ်ကာ အနံ့ခံပြီး လမ်းကြောင်း ရှာဖွေလိုက်သည်။ ထို့နောက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

မြေပြင်ပေါ်တွင် ကြီးမားသော ခြေရာကြီးများ တစ်ခုပြီးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။ ပေ (၃၀၀) ကျော် ရှည်လျားသော ၎င်း၏ ခန္ဓာကိုယ်ကြီးသည် တွန့်လိမ်ကာ ရွေ့လျားသွားသည်။ ကြည့်ရသည်မှာ သိပ်မမြန်သလို ထင်ရသော်လည်း လက်တွေ့တွင် အရှိန်မှာ အံ့မခန်း ဖြစ်သည်။ ၁၀ စက္ကန့်ကျော်အတွင်းမှာပင် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်နေကြသော လူအားလုံးမှာ ထိုအခါမှသာ သက်ပြင်းချနိုင်ကြတော့သည်။

...

လော်ယွမ်သည် ၎င်း၏ ခေါင်းပေါ်တွင် ထိုင်လိုက်ပြီး ခရီးဆက်လာခဲ့သည်။

သူသည် လက်ဖြင့် ရံဖန်ရံခါ ပုတ်လိုက်တိုင်း အသံအရှိန်ထက် မြန်သော လေတိုးသံများ ထွက်ပေါ်လာသဖြင့် အပြာရောင်နဂါးကြီးမှာ နောက်ထပ် အရိုက်ခံရမည်ကို ကြောက်ပြီး တုန်လှုပ်ချောက်ချားနေရသည်။

အပြာရောင်နဂါး၏ ဦးခေါင်းမှာ ပြားကပ်မနေပေ။ မျက်နှာပြင်ပေါ်တွင် ဇလုံခန့် အရွယ်အစားရှိသော ရွှေရောင် အရိုးဖုများ စီတန်းနေပြီး ထိုအရိုးဖုများပေါ်တွင် သေးငယ်သော လွှသွားစိတ်လေးများ ပြည့်နှက်နေသဖြင့် ကြည့်ရသည်မှာ အလွန် ကြမ်းတမ်းသည်။ ဤကဲ့သို့သော ဦးခေါင်းခွံမျိုးသည် အလွန်ထူထဲပြီး ကာကွယ်မှု ကောင်းမွန်မှန်း ကြည့်ရုံနှင့် သိနိုင်သည်။ ထို့အပြင် ၎င်း၏ အပေါ်တွင် တစ်ပေခွဲခန့် ထူထဲသော ပျော့ပျောင်းသည့် ကာကွယ်ရေး စွမ်းအင်စက်ကွင်းတစ်ခု ရှိနေသေးသည်။

လက်တွေ့တွင် လော်ယွမ်သည် အပြာရောင်နဂါး၏ ခေါင်းပေါ်တွင် ထိုင်နေသည်ဟု ထင်ရသော်လည်း ခန္ဓာကိုယ်ချင်း တိုက်ရိုက် ထိတွေ့ခြင်း မရှိပေ။ သူသည် စိတ်စွမ်းအင်ဖြင့် လေပေါ်တွင် ဝဲနေသည့် အနေအထားမျိုး ဖြစ်သည်။

ထို့ကြောင့်လည်း သူ ရှိနေမှန်း အပြာရောင်နဂါးကြီး မသိလိုက်ခြင်းကို အပြစ်တင်၍ မရပေ။ အကြောင်းမှာ ၎င်းသည် အလေးချိန်ကို သိပ်မခံစားရသောကြောင့် ဖြစ်သည်။

လော်ယွမ် စမ်းသပ်ကြည့်သလောက် ဤကာကွယ်ရေး စက်ကွင်း၏ စွမ်းဆောင်ရည်မှာ အံ့မခန်းပင်။ လက်ဖဝါးလောက် ဧရိယာလေး တစ်ခုကပင် ၅ တန်၊ ၆ တန်ခန့် အလေးချိန်ကို ခံနိုင်ရည်ရှိသည်။ ထို့အပြင် စက်ကွင်းမှာ ချောမွေ့ပြီး ပျော့ပျောင်းသဖြင့် အားသက်ရောက်ရန် ခက်ခဲသည်။ ဖြည်းဖြည်းချင်း ဖိချလိုက်မည်ဆိုပါက ၁၀ ပုံ ပုံလျှင် ၂ ပုံ၊ ၃ ပုံလောက်သာ အားသက်ရောက်နိုင်သည်။

တကယ်တမ်း ထိရောက်စေချင်လျှင် အသံအရှိန်ထက် ၄ ဆ၊ ၅ ဆ လောက် မြန်မှသာ ထိုစွမ်းအင်စက်ကွင်း၏ အားလျှော့ချပေးနိုင်စွမ်းကို ကျော်လွှားနိုင်မည် ဖြစ်သည်။

ဒါက လော်ယွမ်အတွက် ပြောခြင်းဖြစ်သည်။ လူသားစစ်တပ်များသာ ဤသတ္တဝါနှင့် ရင်ဆိုင်ရလျှင် သာမန်လက်နက်များဖြင့် ဒဏ်ရာရအောင် လုပ်နိုင်ရန် မဖြစ်နိုင်ပေ။ ပိုကြောက်စရာကောင်းသည်မှာ ယခုမြင်နေရသည်က ၎င်း ဒဏ်ရာရနေသော အခြေအနေ ဖြစ်သည်။

၎င်း၏ ပြန်လည်သက်သာလာမှု နှုန်းမှာ အလွန်မြန်ဆန်သည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ မျက်စိရှေ့တွင်ပင် ပြန်လည် ကောင်းမွန်လာနေသည်။ ဒဏ်ရာများ ကျက်သွားပြီး သွေးခဲများနှင့် မီးကျွမ်းထားသော အစအနများ ကွာကျလာသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများသည်လည်း ပိုမို ပြင်းထန်လာသည်။

ပထမဆုံးအကြိမ် တွေ့လိုက်ရစဉ်က ဤအပြာရောင်နဂါးသည် သာမန် သက်ရှိကြီး တစ်ကောင်ဟုသာ ထင်ရသော်လည်း ယခုအခါ နေရောင်အောက်တွင် တောက်ပသော အရှိန်အဝါများ ထွက်ပေါ်လာပြီ ဖြစ်သည်။

ပြန်လည်တည်ဆောက်ရေးဇုန် ရှေ့တန်းစစ်မျက်နှာပြင်သည် သတင်းကြိုရထားပုံရပြီး ဤနေရာမှ ယာယီ ဆုတ်ခွာသွားကြသည်။ ဖြတ်သန်းသွားစဉ် လမ်းတစ်လျှောက်တွင် စစ်သားတစ်ယောက်မှ မတွေ့ရဘဲ လူတစ်ယောက်နှင့် နဂါးတစ်ကောင် ဝင်ထွက်သွားလာခွင့် ရနေသည်။ ကောင်းကင်ယံတွင် ပျံဝဲနေသော မောင်းသူမဲ့ လေယာဉ် (ဒရုန်း) ၇ စီး၊ ၈ စီးခန့်ကို လှမ်းမြင်လိုက်ရသော်လည်း လော်ယွမ် ဂရုမစိုက်ပေ။

...

အပြာရောင်နဂါးကြီးသည် သစ်တောထဲသို့ ဝင်ရောက်လိုက်သည်နှင့် သိသိသာသာ စိတ်လှုပ်ရှားလာသည်။ ခန္ဓာကိုယ်ကို ခါလိုက်သော်လည်း လည်ဆံမွှေးများ မရှိတော့သဖြင့် ယခင်ကကဲ့သို့ ခန့်ညားထည်ဝါသော ပုံစံမျိုးကို လော်ယွမ် မမြင်ရတော့ပေ။

နောက်တစ်ခဏတွင် ၎င်းသည် လေပေါ်သို့ ခုန်တက်လိုက်သည်။ ရှည်လျားတွန့်လိမ်သော ခန္ဓာကိုယ်ကြီးသည် လေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ရေးဆွဲကာ ကီလိုမီတာ အနည်းငယ် ဝေးသော တောင်ထိပ်တစ်ခုပေါ်သို့ ပေါ့ပါးစွာ ကျရောက်သွားသည်။

ထိုအချိန်တွင် လော်ယွမ် အာမေဋိတ်သံ "ဟင်" ခနဲ ပြုလိုက်မိသည်။ သာမန်လူသာ မြင်လိုက်ရပါက ၎င်း၏ ခုန်နိုင်စွမ်း ကောင်းသည်ဟုသာ ထင်မှတ်ကြမည် ဖြစ်ပြီး မြေကြီးပေါ် ပြန်ကျချိန်တွင် အရှိန်ထိန်းလိုက်သည်ဟုသာ ထင်ကြမည်။ သို့သော် လော်ယွမ်၏ မျက်လုံးများကမူ အတွင်းသဘောသဘာဝကို ဖောက်ထွင်းမြင်နိုင်သည်။

ပထမတစ်ကြိမ် ခုန်တုန်းက သူ သတိမထားမိလိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဒါက သာမန် ခုန်ပျံခြင်း မဟုတ်ပေ။ ၎င်း ခုန်တက်ခါနီးအချိန်တွင် ခန္ဓာကိုယ် ပတ်လည်ရှိ ဆွဲငင်အားမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားသည်။ ဤဖြစ်စဉ်သည် သူ၏ "စိတ်စွမ်းအင်ဖြင့် ပျံသန်းခြင်း" နှင့် ဆင်တူသည်။ သူ၏ စိတ်စွမ်းအင်က ဆွဲငင်အားကို လုံးဝ မလွန်ဆန်နိုင်ခင် အချိန်တုန်းက သူသည်လည်း ဤအပြာရောင်နဂါးကြီးကဲ့သို့ပင် စိတ်စွမ်းအင်ကို အသုံးပြုပြီး လေထဲတွင် ခေတ္တ ဝဲပျံလေ့ရှိသည်။

လော်ယွမ်သည် အတွေးပေါက်သွားပြီး စနစ်မှ ၎င်း၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။

တိုက်ခိုက်ရေးသားရဲ - အပြာရောင်နဂါး

အဆင့် - ၀ (ခရမ်းနုရောင်)

အရည်အသွေးများ

-----------------

ခွန်အား - ၆၃ (၆၅)

လျင်မြန်မှု - ၁၆ (၁၇)

ကြံ့ခိုင်မှု - ၆၅ (၆၈)

ဉာဏ်ရည် - ၁၄ (၁၄)

အာရုံခံနိုင်စွမ်း - ၄၅ (၄၅)

စိတ်စွမ်းအား - ၁၆ (၁၆)

အတွေ့အကြုံမှတ် - ဝ/၂၄၀၀

ကျွမ်းကျင်မှုများ

---------------

ကိုက်ဖြတ်ခြင်းကျွမ်းကျင်မှု - ၁၉

ဆွဲဖြဲခြင်း - ၁၅

ရစ်ပတ်ခြင်း - ၁၇

အမြီးရိုက်ချက် - ၁၅

တောတွင်းရှင်သန်ရေး - ၁၉

ပလာစမာ မှုတ်ထုတ်ခြင်း - ၅

လေဟုန်စီးခြင်း - ၁၈

ပင်ကိုယ်စွမ်းရည် - အကျိုးရှိရာကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်တိမ်းခြင်း

အခြေအနေ - အားနည်းနေသည်

သစ္စာစောင့်သိမှု - ၆၀ (၅၀ အောက်ရောက်လျှင် အချိန်မရွေး သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်း ပြုလုပ်နိုင်သည်၊ အများဆုံး ၁၀၀)

လက်ကျန်အရည်အသွေးမှတ် - ဝ

လက်ကျန်ကျွမ်းကျင်မှတ် - ဝ

၎င်း၏ ကြောက်မက်ဖွယ် ကိန်းဂဏန်းများက လော်ယွမ်ကို မျက်လုံးပြူးသွားစေသည်။ ခွန်အား ၆၅ မှတ် ဆိုသည်မှာ လော်ယွမ်ထက် အဆ ၆၀၀ ကျော် သာလွန်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုဆိုလျှင် ၆၈ မှတ်အထိ ရှိနေသည်။

လော်ယွမ် ဂုဏ်ယူလေ့ရှိသော လျင်မြန်ဖျတ်လတ်မှုတွင်ပင် ဤအပြာရောင်နဂါးက သူ့ထက် တစ်မှတ် သာနေသေးသည်။ ၎င်း အင်အားအပြည့် ရှိနေချိန်တွင် သတ်ဖြတ်ချင်ပါက လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။

ဒုတိယတန်းစား စွမ်းရည်များကို ကြည့်မှသာ လော်ယွမ် ယုံကြည်မှု အနည်းငယ် ပြန်ရလာသည်။ သို့သော် အာရုံခံနိုင်စွမ်း ၃၀ ကျော်နေခြင်းက အံ့သြစရာပင်။ အဆင့် (၈) သက်ရှိများသည် ဘက်စုံ ပြောင်းလဲလာပြီ ဖြစ်သဖြင့် သေစေနိုင်လောက်သည့် အားနည်းချက်ဟူ၍ သိပ်မရှိတော့ပေ။ ရွှံ့နွံထဲတွင် လူးလှိမ့်နေရဆဲ ဖြစ်သော အဆင့် (၇) သက်ရှိများနှင့် ယှဉ်လျှင် အဆင့် (၈) သက်ရှိများသည် တိမ်တိုက်ပေါ်တွင် ရပ်နေသကဲ့သို့ မိုးနှင့်မြေလို ကွာခြားသွားပြီ ဖြစ်သည်။

၎င်း၏ အားကောင်းလှသော အာရုံခံနိုင်စွမ်းကို ကြည့်ပြီး လော်ယွမ် အတွေးနက်သွားသည်။

အဆင့် (၈) သက်ရှိများ၏ သွေးနှင့် အသားစိုင်တိုင်းတွင် စိတ်စွမ်းအား အမှတ်အသားများ ပါဝင်နေသည်။ ထို့ကြောင့်လည်း ဤသက်ရှိများ၏ မျိုးဗီဇ ကျူးကျော်မှု စွမ်းရည်မှာ အလွန်ပြင်းထန်ရခြင်း ဖြစ်သည်။ ၎င်းတို့၏ သွေးကျခဲ့သော နေရာများတွင် မြက်ပင်များပင် မပေါက်နိုင်တော့ဘဲ အသားစိုင်များသည်လည်း အချိန်ကြာမြင့်စွာ မပုပ်မသိုး ရှိနေတတ်သည်။

သို့သော် လော်ယွမ် နားမလည်နိုင်သော အချက်တစ်ချက် ရှိသည်။ သူ၏ မျိုးဗီဇတွင်လည်း စိတ်စွမ်းအား အမှတ်အသားများ ပါရှိသော်လည်း အဘယ်ကြောင့် ဤကဲ့သို့ ကျူးကျော်ဖျက်ဆီးလိုသော သဘောသဘာဝ မရှိရသနည်း။ ယခု ၎င်း၏ ကြီးမားသော အာရုံခံနိုင်စွမ်း ပမာဏကို မြင်လိုက်ရမှသာ သူ သဘောပေါက်သွားသည်။

စိတ်စွမ်းအားနှင့် အာရုံခံနိုင်စွမ်း သည် စိတ်ဝိညာဉ်စွမ်းအား၏ တစ်သားတည်း ဖြစ်သော အသွင်နှစ်မျိုး ဖြစ်သည်။ စိတ်စွမ်းအားသည် အရည်အသွေးကို ကိုယ်စားပြုပြီး အာရုံခံနိုင်စွမ်းသည် ပမာဏကို ကိုယ်စားပြုသည်။ သူ၏ စိတ်စွမ်းအားမှာ ကြီးမားသော်လည်း အာရုံခံနိုင်စွမ်းမှာမူ ဤအဆင့် (၈) သက်ရှိနှင့် ယှဉ်လျှင် များစွာ လျော့နည်းနေသေးသည်။ သွေးနှင့် အသားတွင် ကျန်ရစ်ခဲ့သော စိတ်စွမ်းအား အမှတ်အသား ပမာဏမှာ ကျူးကျော်မှု ဖြစ်ပေါ်စေနိုင်လောက်အောင် မလုံလောက်သေးခြင်း ဖြစ်သည်။

...

ကျန်ရှိနေသော စွမ်းရည်များကို လော်ယွမ် အကြမ်းဖျင်းသာ ကြည့်လိုက်သည်။ "ပလာစမာ မှုတ်ထုတ်ခြင်း" နှင့် "လေဟုန်စီးခြင်း" စွမ်းရည်နှစ်ခုကိုသာ အနည်းငယ် ဂရုစိုက်လိုက်သည်။

"ပလာစမာ မှုတ်ထုတ်ခြင်း" စွမ်းရည်သည် ၅ မှတ်သာ ရှိသည်ကို တွေ့ရသဖြင့် ဤစွမ်းရည်သည် အသုံးမဝင်သော စွမ်းရည် ဖြစ်လျှင်ဖြစ်၊ သို့မဟုတ်လျှင် ဝှက်ဖဲ အနေဖြင့် သုံးသော သေမင်းတမန် စွမ်းရည် ဖြစ်လျှင်ဖြစ်မည်ဟု လော်ယွမ် နားလည်လိုက်သည်။ ဖြစ်နိုင်ချေ အများဆုံးမှာ ဒုတိယ အချက်ဖြစ်ပြီး အသုံးပြုလိုက်တိုင်း ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများ ရှိနိုင်ပေသည်။

လော်ယွမ်သည် တာဝန်ပြီးဆုံးကြောင်း အသိပေးချက်ကို တစ်ချက်ကြည့်ပြီး စနစ်ကို ပိတ်လိုက်သည်။

မစ်ရှင်၏ လိုအပ်ချက်မှာ မျှော်လင့်ချက်မြို့တော်ကို ကယ်တင်ရန်သာ ဖြစ်ပြီး အဆင့် (၈) သားရဲနှစ်ကောင်ကို သတ်ရမည်ဟု အတိအကျ မပါရှိပေ။ ထို့ကြောင့် ယခုကဲ့သို့ မောင်းထုတ်လိုက်ခြင်းသည်လည်း တာဝန်ပြီးမြောက်သည်ဟု သတ်မှတ်နိုင်သည်။

သို့သော် ယခုတစ်ခေါက် အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံမှတ်များ မှာ ပိုမို များပြားလာသဖြင့် စနစ်မှတစ်ဆင့် အရည်အသွေးမှတ် တစ်မှတ် ရယူရန်အတွက် မစ်ရှင်တစ်ခုတည်းနှင့် မလုံလောက်တော့ပေ။

မကြာခင်မှာ ပြန်လည်တည်ဆောက်ရေးဇုန် အနီးရှိ အဆင့် (၈) သားရဲများကို လိုက်လံ သတ်ဖြတ်ကြည့်ရမည်ဟု လော်ယွမ် စိတ်ကူးယဉ်လိုက်သည်။ အရည်အသွေးမှတ် များနေသည်ကို မည်သူမျှ မငြင်းပယ်ကြပေ။ အထူးသဖြင့် သူ၏ လက်ရှိ အရည်အသွေးမှတ် များမှာ ညီမျှမှု မရှိ ဖြစ်နေသည်။ လျင်မြန်ဖျတ်လတ်မှု ဖြစ်စေ၊ ဉာဏ်ရည် ဖြစ်စေ၊ စိတ်စွမ်းအား ဖြစ်စေ တစ်မှတ် တိုးလိုက်ရုံနှင့်ပင် စွမ်းဆောင်ရည် အပြောင်းအလဲက အံ့မခန်း ဖြစ်လာမည် ဖြစ်သည်။

...

သူ အတွေးနယ်ချဲ့နေစဉ်မှာပင် အပြာရောင်နဂါးကြီးသည် ကီလိုမီတာ တစ်ရာကျော် ခရီးကို ရောက်ရှိနေပြီ ဖြစ်သည်။

၎င်း၏ သွားလာပုံမှာ ထူးခြားပြီး သာမန်လမ်းကြောင်းအတိုင်း မသွားဘဲ တောင်ထိပ်များ တစ်ခုပြီးတစ်ခုကြား ခုန်ပျံကျော်လွှား သွားလာသည်။ ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာသည်နှင့်အမျှ အရှိန်မှာ ပိုမို မြန်ဆန်လာပြီး လေဟုန်စီးသော အကွာအဝေးမှာလည်း ပိုဝေးလာသည်။

နောက်ပိုင်းတွင် တောင်ထိပ် ၃၊ ၄ လုံးကို တစ်ခါတည်း ကျော်ပျံပြီး ကီလိုမီတာ ၂၀၊ ၃၀ ခန့်ကို ခုန်ပျံကျော်လွှား နိုင်လာသည်။

ယခုအခါ ၎င်း၏ အကြေးခွံများ ပြန်လည် ပေါက်ရောက်လာပြီ ဖြစ်သည်။ အသစ်ပေါက်လာသော အကြေးခွံများမှာ နုနယ်ပြီး အပြာနုရောင်၊ အဖြူရောင် သန်းနေသော်လည်း မိနစ်အနည်းငယ် ကြာသောအခါ အရောင်ရင့်သွားပြီး ကြည်လင်သော ကောင်းကင်ပြာရောင် စစ်စစ် အဖြစ် ပြောင်းလဲသွားသည်။

အကြေးခွံတိုင်းတွင် ရှုပ်ထွေးသော ရွှေရောင် ပန်းခက်ပုံစံ အဆင်းများ ပါရှိသည်။ နေရောင်အောက်တွင် စွမ်းအင် အလင်းရောင်များ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေပြီး တစ်ကိုယ်လုံး ရောင်စုံ ဖြာထွက်နေသည်။ လေထဲသို့ ခုန်တက်လိုက်တိုင်း အသစ်ပြန်ပေါက်လာသော မီးနီရောင် လည်ဆံမွှေးများက လေတိုး၍ လွင့်ပျံနေပြီး ရှည်လျားသော ကိုယ်ခန္ဓာနှင့် ခြေသည်းလက်သည်းများ လှုပ်ရှားနေပုံမှာ ပေါ့ပါးသွက်လက်လှသည်။ အဝေးက လှမ်းကြည့်လျှင် လော်ယွမ့်ကို ဒဏ္ဍာရီလာ ကမ္ဘာထဲသို့ ရောက်ရှိသွားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေသည်။

မိနစ် ၂၀ ခန့် ကြာသောအခါ ၎င်းသည် မိမိ၏ နေထိုင်ရာ အသိုက်သို့ ပြန်လည် ရောက်ရှိလာသည်။ ရင်းနှီးနေသော နေရာများကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာ တစ်ကိုယ်လုံး တုန်ခါသွားသည်။ နောက်ဆုံးတွင် တောင်ထိပ်တစ်ခုပေါ်၌ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ နေရာယူလိုက်ပြီး နေမင်းကို မော့ကြည့်၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထပ်မံ ဟိန်းဟောက်လိုက်သည်။

ဒီတစ်ခါတော့ လော်ယွမ် ၎င်း၏ ပျော်ရွှင်မှုကို နှောင့်ယှက် မဖျက်ဆီးတော့ပေ။

တကယ်တော့ သူကိုယ်တိုင်လည်း ပတ်ဝန်းကျင်ရှိ ရင်းနှီးသော ရှုခင်းများကို ကြည့်ပြီး အလွန် စိတ်လှုပ်ရှားနေမိသည်။

မူလက သူ ထင်မှတ်မထားခဲ့ပေ။ ယခင်က သူ့ကို သေလုမတတ် ထိတ်လန့်စေခဲ့ပြီး ရွှံ့နွံအောက်တွင် ပုန်းအောင်းကာ အသက်လု ထွက်ပြေးခဲ့ရစေသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် သတ္တဝါကြီးမှာ ဤအပြာရောင်နဂါးကြီး ဖြစ်နေသည်ကိုး။

သို့သော် လော်ယွမ် ဤမျှ စိတ်လှုပ်ရှားနေရခြင်းမှာ ကလဲ့စား ပြန်ချေချင်၍ မဟုတ်ပေ။

သူသည် ရုတ်တရက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ရာ နောက်တစ်ခဏတွင် တောင်ကြားအောက်ခြေရှိ ရေတံခွန်တစ်ခု အနီးသို့ ရောက်ရှိသွားသည်။ အနီးရှိ မြင့်မားသော အရိုးတောင်ကြီး တစ်ခုပေါ်တွင် မီတာ ၆၀၊ ၇၀ ခန့် မြင့်မားသော ထူးဆန်းသည့် အပင်ကြီးတစ်ပင် လေတိုက်၍ ယိမ်းနွဲ့နေသည်ကို လှမ်းကြည့်လိုက်သည်။

ဒါက ဉာဏ်ပညာသစ်ပင် ပါလား။

လော်ယွမ် တစ်ခါက ဤအပင်ကို ခုတ်လှဲခဲ့ဖူးသော်လည်း ယခုအခါ ပြန်ပေါက်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ဖြစ်နိုင်တာက ထိုစဉ်တုန်းက သူသည် "ဉာဏ်ပညာ နှလုံးသား" ကို ထုတ်ယူရာတွင် လောကြီးခဲ့သဖြင့် အပင်မှ အာဟာရဓာတ် အားလုံး နှလုံးသားထဲသို့ ပြန်လည် မစုစည်းရသေးခင် ယူဆောင်မိခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကျန်ရှိနေသော အာဟာရဓာတ်များက ဉာဏ်ပညာ နှလုံးသား အသစ်တစ်ခု ဖြစ်တည်လာစေပြီး ပြန်လည် အပင်ပေါက်လာခြင်း ဖြစ်ပေလိမ့်မည်။

ဤအပြာရောင်နဂါးကြီး၏ အထူးတလည် ဂရုစိုက် ပြုစုပျိုးထောင်မှုကြောင့် ယခုပေါက်လာသော ဉာဏ်ပညာသစ်ပင်သည် ယခင်မျိုးဆက်က အပင်ထက်ပင် ပိုမို မြင့်မားနေလေပြီ။

ထိုအချိန်တွင် လော်ယွမ်သည် အပြာရောင်နဂါး၏ "အကျိုးရှိရာကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်တိမ်းခြင်း" ပင်ကိုယ်စွမ်းရည်ကို ရုတ်တရက် သတိရလိုက်သည်။

အန္တရာယ် ရှောင်တိမ်းခြင်းကို လော်ယွမ် မတွေ့ရသေးသော်လည်း အကျိုးရှိရာ ရှာဖွေခြင်း (ရတနာရှာဖွေခြင်း) ကိုတော့ ယခု လက်တွေ့ မြင်လိုက်ရပြီ ဖြစ်သည်။ ဤအပြာရောင်နဂါးကြီးသည် မွေးရာပါ ရတနာရှာဖွေနိုင်စွမ်း ရှိပုံရသည်။

ဆက်ရန်...

All Chapters