အခန်း (၄၃၃-၄၃၅)
Vol. 22 Ch. 433-435
အပိုင်း (၄၃၃) နောက်ယောင်ခံလိုက်ခြင်း
ထိုအချိန်တွင် အာကာသ သားရဲကြီးသည် ဤနေရာနှင့် အတော်လေး နီးကပ်နေပြီ ဖြစ်သည်။ ကီလိုမီတာ ထောင်ဂဏန်း အနည်းငယ်သာ ကွာဝေးတော့သဖြင့် လော်ယွမ်၏ မြင်ကွင်းထဲတွင် ၎င်း၏ ခန္ဓာကိုယ်ကြီးသည် စက္ကန့်တိုင်း လျင်မြန်စွာ ကြီးထွားလာနေပြီး ပုံရိပ်မှာလည်း ပိုမို ရှင်းလင်းလာသည်။
လော်ယွမ်က ၎င်းကို အာကာသယာဉ်တစ်စင်းဟု အစောပိုင်းက ထင်ခဲ့မိသည်မှာ မမှားပေ။ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းများထဲမှ အာကာသယာဉ်နှင့် တကယ်ကို တူလွန်းနေသည်။
၎င်းတွင် ဗိုင်းငင်တံကဲ့သို့ (ရှေ့ချွန် နောက်ချွန်) ပုံသဏ္ဌာန်ရှိပြီး ခြေလက်များ မပါရှိပေ။ ခန္ဓာကိုယ် ဘေးတစ်ဖက်စီတွင် တောင်ပံကဲ့သို့ ပြားကပ်နေသော အသားဖတ် (ဆူးတောင်) တစ်စုံ ပါရှိပြီး ပျံသန်းနေစဉ် အနည်းငယ် လှုပ်ခါနေသည်။ ကျဉ်းမြောင်းပြီး ချွန်ထက်သော ပါးစပ်ကို တင်းတင်းစေ့ထားပြီး အစွယ်နှစ်တန်းမှာ တစ်ခုနှင့်တစ်ခု ယှက်လျက် ရှိနေသည်။ ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းပြီး သဘောကောင်းမည့်ပုံ မပေါ်ပေ။
ဤ အာကာသ ပတ်ဝန်းကျင်ကိုသာ ဖယ်လိုက်မည်ဆိုလျှင် ၎င်း၏ ပုံသဏ္ဌာန်သည် ငါးတစ်ကောင်နှင့် လုံးဝ တူနေသည်။ မူလက ပင်လယ်ထဲမှ မွေးဖွားလာခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
၎င်း တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အကွာအဝေးကြောင့် မှိန်ဖျဖျ ဖြစ်နေခဲ့သော အလင်းရောင်သည် ပိုမို တောက်ပလာသည်။ တစ်ကိုယ်လုံးမှ စွမ်းအင် အလင်းရောင်များ ထွက်ပေါ်နေပြီး တစ်ချိန်တည်းမှာပင် အလွန် ဖိစီးစေသော အရှိန်အဝါ တစ်ခုသည်လည်း တဖြည်းဖြည်း ပျံ့နှံ့လာသည်။
ဂြိုဟ်သား၏ အိပ်မက်ထဲတွင် တစ်ချက်မြင်လိုက်ရဖူးသည်ကို ထားလိုက်လျှင် ဤသည်မှာ လော်ယွမ်အတွက် အာကာသ သက်ရှိတစ်ကောင်ကို ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ အဆင့် (၈) သက်ရှိနှင့် ယှဉ်လျှင် ဤသတ္တဝါက အဆတစ်ရာမက ပိုကြောက်စရာ ကောင်းသည်။ ၎င်း၏ ကိုယ်ပေါ်ရှိ စွမ်းအင် အလင်းရောင် သက်သက်ကပင် လော်ယွမ်ကို တုန်လှုပ်စေသည်။
အကယ်၍ အဆင့် (၈) သက်ရှိ၏ စွမ်းအင် အဆင့်အတန်းသည် ပါးလွှာသော ပုဝါပါးလေး တစ်စကဲ့သို့ ရှိသည်၊ မရှိသည် မသဲကွဲ ဖြစ်နေလျှင် အာကာသ သက်ရှိ၏ စွမ်းအင်မှာမူ ဒြပ်ထုတစ်ခု အဖြစ်သို့ လုံးဝ ပြောင်းလဲနေပြီ ဖြစ်သည်။ ၎င်း နီးကပ်လာသည်နှင့်အမျှ လကမ္ဘာ၏ အားနည်းသော သံလိုက်စက်ကွင်းသည် လုံးဝ ကမောက်ကမ ဖြစ်သွားပြီး ပရမ်းပတာ ဖြစ်ကုန်သည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဟင်းလင်းပြင်သည်ပင် ပုံမှန်မဟုတ်သော တုန်ခါမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် ခေါင်းစည်းကြိုး စည်းမထားသော်လည်း လေးဘက်မြင် အာရုံ အောက်တွင် အဝေးမှ ဖြာထွက်လာသော ဟင်းလင်းပြင် လှိုင်းဂယက်ငယ်လေးများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
နွေရာသီ ရေမျက်နှာပြင်ပေါ်တွင် ပိုးကောင်လေးများ သွားလာသကဲ့သို့ ဤလှိုင်းဂယက်များသည် အလွန် သိမ်မွေ့ပြီး သတိမထားမိလျှင် သိနိုင်မည် မဟုတ်ပေ။ ခန္ဓာကိုယ်ကို ထိခိုက်မှု မရှိသလောက် ဖြစ်သော်လည်း ဤသို့ ဟင်းလင်းပြင်ကို တုန်ခါစေနိုင်သည့် အချက်က လော်ယွမ်ကို ပို၍ သတိထားစေသည်။
ဒီလို သတ္တဝါမျိုးက ကိုင်တွယ်ရ လွယ်မည် မဟုတ်ပေ။
လော်ယွမ် စိတ်ထဲတွင် တွေးလိုက်သည်။
ဟင်းလင်းပြင် စွမ်းရည်ပိုင်ဆိုင်သော သန္ဓေပြောင်းသတ္တဝါတိုင်းသည် ခြွင်းချက်မရှိ အလွန် စွမ်းအားကြီးကြသည်။ ထွက်ပြေးနိုင်စွမ်း တစ်ခုတည်းသာ ရှိသော "အရူးဝမ်" ပင်လျှင် သူ ထွက်ပြေးချင်စိတ် ရှိနေသရွေ့ ဘယ်သူမှ သူ့ကို မသတ်နိုင်ခဲ့ပေ။
သို့သော်လည်း အဆင့် (၉) ဟု သံသယရှိရသော ဤ သန္ဓေပြောင်းသတ္တဝါနှင့် ရင်ဆိုင်ရချိန်တွင် လော်ယွမ်၏ စိတ်ထဲ၌ စမ်းသပ် တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ ကြိုတင်သိမြင်နိုင်စွမ်းနှင့် နေရာရွှေ့ပြောင်းခြင်း စွမ်းရည် နှစ်ခုလုံး ရှိနေသဖြင့် မနိုင်လျှင်တောင် အဆိုးဆုံး အနေအထားတွင် သူ ထွက်ပြေးနိုင်သေးသည်။
မအောင်မြင်လျှင် ပေးဆပ်ရမည့် တန်ကြေးက မရှိသလောက်ပင်။ သို့သော် အကယ်၍ အဆင့် (၉) သားရဲတစ်ကောင်ကို အောင်မြင်စွာ သတ်နိုင်ခဲ့လျှင် ရရှိမည့် ကြီးမားသော အတွေ့အကြုံမှတ် အပြင် ၎င်း၏ ခန္ဓာကိုယ်မှ ရရှိမည့် အဖိုးတန် ပစ္စည်းများအတွက်နှင့်ပင် စွန့်စားရကျိုး နပ်သည်။ ထို့ပြင် ယခု အခြေအနေက စွန့်စားသည်ဟုပင် မဆိုသာပေ။
သို့ဖြစ်ရာ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမည်။
ဆယ်မိနစ်ခန့် ကြာသောအခါ ၎င်းသည် မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာပြီး ပို၍ ကြီးမားလာသည်။ အာကာသ နောက်ခံကားချပ်တွင် ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားသည် နောက်ခံတွင် မြင်ရသော ကမ္ဘာမြေထက်ပင် ပိုကြီးနေသည်။ နှိုင်းယှဉ်ကြည့်လိုက်လျှင် ရင်ထဲ၌ တုန်လှုပ်မှုကို အလိုအလျောက် ဖြစ်ပေါ်စေသည်။
၎င်းသည် စိတ်ကူး၍ပင် မရနိုင်အောင် ကြီးမားသော သတ္တဝါကြီး ဖြစ်သည်။ ပင်လယ်ထဲမှ လာသောကြောင့်သော်လည်းကောင်း၊ သုညဆွဲအားရှိသော အာကာသ ပတ်ဝန်းကျင်ကြောင့် သော်လည်းကောင်း ဤသတ္တဝါ၏ အရွယ်အစားသည် ကန့်သတ်ချက် မရှိ ကြီးထွားနေခြင်း ဖြစ်နိုင်သည်။ အဆင့် (၈) ရှိသော အပြာရောင်နဂါးသည် ၎င်းနှင့် ယှဉ်လိုက်လျှင် ငါးရှဉ့်ပေါက်စလေး သဖွယ် ဖြစ်နေပြီး ပြောပလောက်စရာ မရှိတော့ပေ။ ၎င်း၏ ခန္ဓာကိုယ် အလျား တစ်ခုတည်းပင် ပေ၁၈၀၀ကျော် ရှိပြီး အလေးချိန်မှာ တန်ချိန် ၁၀ သန်း အထက်တွင် ရှိနေမည်မှာ သေချာသည်။
၎င်း၏ ကိုယ်ပေါ်တွင် အကြေးခွံ တစ်ခုမှ ရှာမတွေ့သလို အမွေးအမျှင်လည်း မရှိပေ။ အစိမ်းရင့်ရောင် အလင်းတန်းများ ဖြာထွက်နေသော ကျောဘက် အရေပြားပေါ်တွင် ရွှေရောင်အလင်းကွင်းများ ဝိုင်းရစ်နေပြီး ဝမ်းဗိုက်အောက်ပိုင်းမှာမူ ခရမ်းရောင် သက်သက် ဖြစ်သည်။
တစ်ကိုယ်လုံးမှ စူးရှသော အလင်းရောင်များ ထွက်ပေါ်နေသည်မှာ ကြည့်ရသူအဖို့ ကြောက်ရွံ့ဖွယ်ရာပင်။
ထိုအချိန်တွင် စနစ်မှ မစ်ရှင်နှင့် ပတ်သက်သော အချက်ပေးသံ ပေါ်လာသည်။
"ဒင်... (စီ) အဆင့် မစ်ရှင် - အာကာသ သားရဲကြီး ဂလက် ကို သတ်ပါ။ အချိန်ကန့်သတ်ချက် - မရှိ၊ လက်ခံ / ငြင်းပယ်"
(စီ) အဆင့် မစ်ရှင် ဖြစ်နေခြင်းမှာ သူ ခန့်မှန်းထားသည့် အတိုင်းပင်။ သို့သော် ဒီတစ်ခါ မစ်ရှင် အချက်ပေးမှုက နည်းနည်း ထူးဆန်းနေသည်။ သန္ဓေပြောင်းသတ္တဝါ၏ နာမည် ပါလာခြင်းမှာ ဒါ ပထမဆုံး အကြိမ်ပင်။
နာမည်ကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အမေရိကန် လူနေအိမ်ရာများဆီမှ လာခြင်း ဖြစ်ပုံရသည်။
(ဂလက် ဆိုတာ ghetto မှာနေထိုင်တဲ့သူကိုပြောတာတဲ့။ ghetto ဆိုတာက အမေရိကန်က အာဖရီကန်တွေနေတဲ့ ဆင်းရဲသားရပ်ကွက်ကိုပြောတာ)
လော်ယွမ်၏ အတွေးများ ဖြတ်ပြေးသွားပြီးနောက် အသေးအဖွဲများကို ဆက်မတွေးတော့ပေ။ သို့သော် အာကာသ သားရဲများ၏ ရှားပါးမှုနှင့် ကြောက်မက်ဖွယ် စွမ်းအားတို့ကြောင့် လူသားများက နာမည်ပေးထားခြင်း ဖြစ်တန်ရာသည်။
ထိုအချိန်တွင် အာကာသ သားရဲကြီးသည် နောက်ဆုံး၌ အောက်သို့ ဆင်းသက်လာသည်။ သာမန်ငါးတစ်ကောင်ကဲ့သို့ပင် အမြီးကို ဖြည်းညှင်းစွာ ယမ်းခါရင်း မြေပြင်အထက် ပေ ၂၄၀၀ ခန့် အမြင့်မှ လျင်မြန်စွာ ကူးခတ်သွားသည်။ ၎င်း၏ ရွေ့လျားနှုန်းမှာ တစ်စက္ကန့်လျှင် မိုင်ဝက်ခန့် ရှိသည်။ အာကာသထဲတွင် ဤနှုန်းသည် အတော်လေး နှေးကွေးသည်ဟု ဆိုရမည်။ ဥက္ကာခဲ အများစုကပင် ၎င်းထက် ပိုမြန်သည်။
သို့သော် ဒါက ပြဿနာ မဟုတ်ပေ။ လမ်းလျှောက်တာနှင့် အသက်လု ပြေးတာ မတူသကဲ့သို့ပင်။ ရွေ့လျားနှုန်း အမြန်နှင့် အနှေးသည် စိတ်အခြေအနေနှင့် အရေးပေါ် အခြေအနေတို့အပေါ် မူတည်လေ့ ရှိသည်။
၎င်း ဝေးသွားသည်ကို မြင်သောအခါ လော်ယွမ်သည် အလျင်အမြန် ပျံတက်လိုက်ပြီး နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
ဝန်ခံရလျှင် ဤသတ္တဝါကို မြင်ပြီးနောက် လော်ယွမ် ခေါင်းကိုက်သွားသည်။ ၎င်း၏ အရွယ်အစားမှာ လော်ယွမ် မျှော်လင့်ထားသည်ထက် လွန်စွာ ကြီးမားနေသည်။ ထို့ပြင် ဤ လေဟာနယ် ပတ်ဝန်းကျင်တွင် တိုက်ခိုက်ရာ၌ လေထု ခုခံအား မရှိသလို တိုက်ခိုက်မှု အားအရှိန်ကို လက်ဆင့်ကမ်း သယ်ဆောင်ပေးမည့် ကြားခံနယ် (လေထု) လည်း မရှိသဖြင့် အားသက်ရောက်မှု ပြတ်တောက်သွားသည်။
ကမ္ဘာမြေပေါ်တွင် ဆိုလျှင် အားကုန်သုံး၍ ဓားဖြင့် ခုတ်လိုက်ပါက ထွက်ပေါ်လာသော ဓားလှိုင်း သည် ပေ ၃၀ အကွာအဝေးအတွင်း မူလစွမ်းအား၏ ၆၀၊ ၇၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေဦးမည် ဖြစ်ပြီး အဆင့် (၈) သားရဲ၏ ဒဏ်ရာကို အဆများစွာ ပိုကျယ်သွားစေနိုင်သည်။ သို့သော် လေဟာနယ်ထဲတွင်မူ ထိုသို့ မဖြစ်နိုင်ပေ။
သူ့ဓားချက်က ဤအကောင်ကြီး၏ အရေပြားကို ဖောက်နိုင်ပါ့မလားဟုပင် သံသယ ဝင်မိသည်။
၎င်းသည် အလျား ပေ ၁၈၀၀ ကျော်၊ အကျယ်ဆုံးနေရာတွင် ပေ ၁၂၀၀၊ အမြင့် ပေ ၃၀၀ခန့် ရှိပြီး ဘေးတိုက် ပြားချပ်သော ပုံသဏ္ဌာန် ရှိသည်။ သာမန် ဇီဝဗေဒ ရှုထောင့်မှ ကြည့်လျှင် ၎င်း၏ အရေပြားသည် အနည်းဆုံး ၁၅ပေလောက် ထူလိမ့်မည်။ အာကာသ သက်ရှိများ၏ ထူးခြားမှုကို ထည့်စဉ်းစားလျှင် ထို့ထက်ပင် ပိုထူနိုင်သည်။
ဤအခြေအနေမျိုးတွင် လော်ယွမ်က ၎င်းကို သတ်ချင်သည် ဆိုခြင်းမှာ ကြွက်က လိပ်ကို ကိုက်ချင်သော်လည်း ကိုက်စရာ နေရာမရှိ ဖြစ်နေသည်နှင့် တူနေသည်။
သို့သော် လော်ယွမ် လက်မလျှော့ပေ။ ၎င်း လကမ္ဘာ ပေါ်သို့ ဆင်းသက်မည့် အချိန်ကို စောင့်နေသည်။
လကမ္ဘာသည် ကမ္ဘာမြေထက် များစွာ သေးငယ်သော်လည်း လော်ယွမ် ခြေချလိုက်သည်နှင့် အံ့သြစရာ တစ်ခုကို တွေ့လိုက်ရသည်။ လကမ္ဘာပေါ်တွင်လည်း ကမ္ဘာမြေပေါ်ကဲ့သို့ပင် 'မြေကြီးစွမ်းအား' အထောက်အပံ့ ရရှိနေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ 'မြေလှိုင်းကြိမ်နှုန်း' ၏ ဆင့်ကဲပြောင်းလဲ စွမ်းရည်သည် လကမ္ဘာပေါ်တွင်လည်း အကျုံးဝင်သည်။
ခန္ဓာကိုယ်ကို 'ပေါင်းစပ်ခန္ဓာကိုယ်' အဖြစ် ပြောင်းလဲပြီးနောက် သူ့ခွန်အားများ ရုတ်တရက် တိုးတက်လာခဲ့သည်။ ယခု သူ့ခွန်အားသည် တန်ချိန် နှစ်ရာကျော် ရှိနေပြီ ဖြစ်သည်။ သူ့ စွမ်းရည်အားလုံးတွင် အပြင်းထန်ဆုံး စွမ်းရည်ကို ပြပါဆိုလျှင် ခွန်အားနှင့်အတူ အချိုးကျ တိုးတက်လာသော 'မြေလှိုင်းရေပန်း' စွမ်းရည်ပင် ဖြစ်သည်။
'မြေလှိုင်းရေပန်း' နှင့် ယှဉ်လိုက်လျှင် သာမန် ခွန်အားသက်သက်ဖြင့် ဖြစ်ပေါ်စေသော ဖျက်ဆီးအားသည် နှိုင်းယှဉ်၍ပင် မရပေ။ တစ်ခုက ဂြိုဟ်၏ သဘာဝ စွမ်းအင်ကို အသုံးပြုခြင်း ဖြစ်ပြီး ကျန်တစ်ခုက မိမိ ကိုယ်ပိုင်အားကို သုံးခြင်း ဖြစ်ရာ ၎င်းတို့ နှစ်ခုသည် ရှေးဟောင်း လက်နက်နှင့် သေနတ် ကွာခြားသကဲ့သို့ ကွာခြားလှသည်။
...
ထိုသတ္တဝါကြီးသည် လကမ္ဘာ မျက်နှာပြင်ပေါ်တွင် ဆက်လက် ကူးခတ်နေပြီး အောက်သို့ မဆင်းသေးဘဲ တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။
သို့သော် အမဲလိုက်ရာတွင် လော်ယွမ်သည် အမြဲတမ်း စိတ်ရှည်သည်းခံလေ့ ရှိသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နှစ်ဦးစလုံး၏ ရွေ့လျားနှုန်းမှာ အလွန် မြန်ဆန်သဖြင့် မကြာမီ လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းသို့ ရောက်ရှိသွားကြသည်။
ဤနေရာတွင် မီးတောင်ဝ များသည် ရုတ်တရက် ဆယ်ဆခန့် ပိုမို စိပ်လာသည်။ ကြီးမားသော မီးတောင်ဝ အများအပြားသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး မြင်ရသူအဖို့ တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
လကမ္ဘာတွင် အလင်းဘက်ခြမ်းနှင့် အမှောင်ဘက်ခြမ်း ဟူ၍ ခွဲခြားထားသည်။ လ၏ လည်ပတ်ချိန်နှင့် ကမ္ဘာကို ပတ်သော လှည့်ပတ်ချိန်သည် လုံးဝ တူညီနေသောကြောင့် ၎င်း၏ မျက်နှာပြင် တစ်ဖက်သည် ကမ္ဘာမြေဘက်သို့ အမြဲတမ်း မျက်နှာမူနေပြီး ကျန်တစ်ဖက်သည် ကမ္ဘာနှင့် ဝေးရာဘက်သို့ အမြဲတမ်း လှည့်နေသည်။ ထိုဘက်ခြမ်းကို အမှောင်ဘက်ခြမ်းဟု ခေါ်သည်။ ဤဘက်ခြမ်းသည် အာကာသဘက်သို့ မျက်နှာမူထားပြီး လေထု အကာအကွယ် မရှိသဖြင့် အချိန်တိုင်း ဥက္ကာခဲများ ဝင်တိုက်နေလေ့ ရှိသည်။ ထို့ကြောင့် ဤနေရာတွင် ချိုင့်ခွက်များ ဤမျှ များပြားနေခြင်း ဖြစ်သည်။
ကမ္ဘာမှ ကြည့်လျှင် ဤဘက်ခြမ်းကို မမြင်ရသော်လည်း နေရောင်ခြည် မရဟု မဆိုလိုပေ။ ဤနေရာတွင်လည်း နေ့နှင့်ည ရှိပြီး လကမ္ဘာ၏ အခြားနေရာများနှင့် မခြားနားပေ။ ကမ္ဘာမြေမှ မမြင်ရသောကြောင့်သာ လျှို့ဝှက်ဆန်းကြယ်သလို ဖြစ်နေခြင်း ဖြစ်သည်။
...
နေလုံးကြီးသည် မိုးကုတ်စက်ဝိုင်း အောက်သို့ ရောက်လုနီးပါး ဖြစ်နေပြီး ညရောက်တော့မည်ကို လော်ယွမ် သတိထားမိလိုက်သည်။ ကမ္ဘာဂြိုဟ်၏ အလင်းပြန်မှု မရှိသောကြောင့် ဤနေရာ၏ ညတာသည် ပိုမို မှောင်မိုက်လိမ့်မည်ဟု ခန့်မှန်းရသည်။
ကံကောင်းသည်မှာ နောက်ထပ် ဆယ်မိနစ်ခန့် ပျံသန်းပြီးနောက် အာကာသ သားရဲကြီးသည် မီးတောင်ဝ တစ်ခု အပေါ်တွင် ရပ်တန့်လိုက်သည်။
၎င်းမှာ ဤပတ်ဝန်းကျင် တစ်ဝိုက်တွင် အကြီးဆုံး မီးတောင်ဝ တစ်ခု ဖြစ်သည်။ အမြင့် မီတာ ခြောက်ရာကျော် ရှိပြီး အချင်း ကီလိုမီတာ နှစ်ရာ၊ သုံးရာ ကြားတွင် ရှိသည်။
လကမ္ဘာကဲ့သို့ သေးငယ်သော ဂြိုဟ်တစ်ခုပေါ်တွင် ဤအရွယ်အစားသည် အလွန် ကြီးမားသည်ဟု ဆိုရမည်။ အာကာသ သားရဲကြီးသည် ထို မီးတောင်ဝကို ပတ်လျက် ဖြည်းဖြည်းချင်း တစ်ပတ် ပျံဝဲလိုက်သည်။ အာကာသထဲတွင် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် ရေထဲတွင် ကူးခတ်နေသကဲ့သို့ ပေါ့ပါးသွက်လက်နေသည်။
လော်ယွမ် နားမလည်နိုင် ဖြစ်နေသည်။ ၎င်း ဘာလုပ်ချင်နေတာလဲ၊ ဒီကိုလာတာ ဘာရည်ရွယ်ချက်လဲ ဆိုသည်ကို စဉ်းစားမရပေ။
လော်ယွမ် တွေးနေစဉ်မှာပင် ၎င်းသည် ရုတ်တရက် အောက်သို့ ထိုးဆင်းလိုက်ပြီး ကြီးမားသော ခန္ဓာကိုယ်ဖြင့် မီးတောင်ဝ တောင်ရိုးကို ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
မီးတောင်ဝ တောင်ရိုးကြီးသည် လော်ယွမ်ကဲ့သို့ လူသားတစ်ယောက်အတွက် ကြီးမားသော်လည်း ဤသားရဲကြီးအတွက်မူ တောင်ကုန်းလေး တစ်ခုလောက်သာ ရှိသည်။ အမြင့်ကို နှိုင်းယှဉ်ကြည့်လျှင် ၎င်း၏ ကိုယ်လုံး အလျားလောက်ပင် မရှိပေ။
တိုက်လိုက်သည့် တစ်ခဏချင်းတွင် စူးရှသော အလင်းတန်းတစ်ခု အာကာသထဲ၌ လက်သွားပြီး မီးတောင်ဝကြီးသည် မြေပျော့စာပုံ တစ်ပုံကဲ့သို့ ပြိုကျသွားကာ ကြီးမားသော ကွက်လပ်ကြီး ဖြစ်ပေါ်လာသည်။
ဤသည်မှာ ခွန်အားချင်း ထိပ်တိုက်တွေ့ခြင်း ဖြစ်သည်။ တန်ချိန် သောင်းချီသော ကျောက်တုံးကြီးများသည် အရပ်လေးမျက်နှာသို့ လွင့်စင်ကုန်ပြီး လကမ္ဘာ ဆွဲအားကို ဖောက်ထွက်ကာ အာကာသထဲသို့ လွင့်ပါသွားကြသည်။ လတစ်စင်းလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
ဤ တိုက်ခိုက်မှု ရလဒ်ကို အာကာသ သားရဲကြီး ကျေနပ်ပုံ မရပေ။ ၎င်းသည် အနည်းငယ် ဝေးရာသို့ ဆုတ်ခွာလိုက်ပြီး အမြီးကို ပြင်းထန်စွာ ယမ်းခါလိုက်ရာ ဟင်းလင်းပြင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ထို့နောက် မီးတောင်ဝ တောင်ရိုးဆီသို့ နောက်တစ်ကြိမ် အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်ပြန်သည်။ ဤတစ်ခါ ၎င်း၏ အရှိန်သည် ပိုမြန်ပြီး ဝင်တိုက်ခါနီးတွင် တစ်စက္ကန့်လျှင် သုံးကီလိုမီတာနှုန်းထိ ရောက်ရှိသွားသည်။
လော်ယွမ် လေကို တစ်ချက် ရှိုက်လိုက်မိပြီး အနောက်သို့ အမြန် ဆုတ်ခွာလိုက်သည်။
ထိုမျှ မြန်သော အရှိန်နှင့် တန်ချိန် (၁၀) သန်း ရှိသော ကိုယ်ခန္ဓာ အလေးချိန်တို့ ပေါင်းစပ်လိုက်သည့်အခါ ထွက်ပေါ်လာမည့် စွမ်းအင်ကို အမှတ် (၁၆) ရှိသော သူ့ဉာဏ်ရည်ဖြင့် ချက်ချင်း တွက်ချက်လိုက်သည်။ တိုက်ခိုက်မှုမှ ထွက်ပေါ်လာမည့် အရွေ့စွမ်းအင်သည် ယမ်း တန်ချိန် သန်း ၁၀၀နှင့် ညီမျှပြီး ဟီရိုရှီးမားတွင် ကျဲချခဲ့သော အဏုမြူဗုံး အလုံးပေါင်း ငါးထောင်ကျော်နှင့် ညီမျှသည်။
နှိုင်းယှဉ်ကြည့်ရလျှင် သူ အားကုန်သုံးပြီး ထိုးလိုက်သော လက်သီးတစ်ချက်သည် ယမ် ဝ.၀၂ တန်ခန့်သာ ရှိရာ ကွာခြားချက်မှာ မိုးနှင့် မြေကဲ့သို့ပင်။
နောက်တစ်ခဏတွင် ကမ္ဘာပျက်မတတ် တိုက်မိသံကြီး ပေါ်ထွက်လာပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခု မြေပြင်ကို ဝင်တိုက်သကဲ့သို့ ဖြစ်သွားသည်။ ယခင်ကထက် အဆတစ်ရာ ပိုမို စူးရှသော အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် အပူရှိန်များသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။
လော်ယွမ်သည် စမ်းသပ်ကြည့်ချင်စိတ်ဖြင့် ခံရပ်ကြည့်သော်လည်း ခဏလေးသာ တောင့်ခံနိုင်လိုက်သည်။ ခန္ဓာကိုယ်မှ 'စိတ်စွမ်းအား အလွှာပါး' အလိုအလျောက် ပေါ်လာပြီး ချက်ချင်း ပြန်ကွဲသွားသည်။ ကံကောင်းသည်မှာ အလွှာပါး ကွဲသွားသည်နှင့် တစ်ပြိုင်နက် သူသည် 'နေရာရွှေ့ပြောင်းအစွမ်း' သုံးပြီး ကီလိုမီတာ တစ်ရာအကွာသို့ ရှောင်တိမ်းလိုက်နိုင်ခြင်း ဖြစ်သည်။ သို့တိုင်အောင် သူ့ခန္ဓာကိုယ်တွင် ပူလောင်မှုကို ခံစားနေရဆဲ။
လကမ္ဘာတွင် လေထု မရှိသဖြင့် အပူရှိန် ဖြာထွက်မှုမှလွဲ၍ ပေါက်ကွဲမှု လေဖိအားလှိုင်း မရှိပေ။ ထို့ကြောင့် ထိခိုက်မှု ဧရိယာသည် ထက်ဝက်ကျော် သက်သာသွားသည်။
လော်ယွမ် အပေါ်စီးမှ ငုံ့ကြည့်လိုက်ရာ မီးတောင်ဝ တစ်ခုလုံးသည် အပူရှိန်ကြောင့် အငွေ့ပျံလုနီးပါး ဖြစ်သွားပြီး ကျန်ရှိနေသော အပိုင်းများသည်လည်း ကီလိုမီတာ ရာချီ ကျယ်ဝန်းသော ကျောက်ချော်ရည်ပူ ပင်လယ်အိုင်ကြီး အဖြစ် ပြောင်းလဲသွားသည်။ ရေနွေးအိုး ပွက်ပွက်ဆူနေသကဲ့သို့ ဆူပွက်နေသည်။
လကမ္ဘာသည် လုံလောက်အောင် မာကျောသဖြင့် ကျောက်ချော်ရည်ပူအိုင် ဖြစ်ပေါ်ခြင်းနှင့် ပြင်းထန်သော ငလျင်လှုပ်ခြင်းမှလွဲ၍ ပိုမို ကြီးမားသော ပျက်စီးမှု မဖြစ်ပေါ်ခဲ့ပေ။
စဉ်းစားကြည့်လျှင် လကမ္ဘာပေါ်ရှိ မီးတောင်ဝ အများစုသည် ဥက္ကာပျံများ အမြောက်အမြား ဝင်တိုက်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ရာ နှစ်သန်းပေါင်းများစွာ အတွင်း ဤမျှလောက် တိုက်ခိုက်မှုမျိုးသည် ထမင်းစား ရေသောက် ကိစ္စလောက်သာ ရှိပေလိမ့်မည်။
အာကာသ သားရဲကြီးသည် ဝေဟင်တွင် ယိမ်းထိုးနေပြီး မူးဝေနေပုံ ရသည်။ မူလက တောက်ပနေသော အလင်းရောင်များလည်း မှိန်ဖျဖျ ဖြစ်သွားသည်။ စောစောက တိုက်လိုက်သည့် ဒဏ်ကြောင့် သူလည်း သက်သာပုံ မရပေ။ မိနစ်အနည်းငယ် ကြာမှသာ သတိပြန်ဝင်လာပြီး ခန္ဓာကိုယ် ငြိမ်သွားသည်။
၎င်းသည် အောက်ဘက်ရှိ ကျောက်ချော်ရည်ပူအိုင်ကို ကြည့်လိုက်ပြီးနောက် ခေါင်းစိုက်ကာ တိုးဝင်သွားသည်။ ကျောက်ချော်ရည်ပူများ မိုးပေါ်သို့ ပန်းထွက်လာပြီးနောက် သားရဲကြီး ပျောက်ကွယ်သွားသည်။
လော်ယွမ် မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း နေရာရွှေ့ပြောင်းကာ လမျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
လတစ်စင်းလုံးသည် ကြိမ်နှုန်းမြင့်စွာဖြင့် ပြင်းထန်စွာ တုန်ခါနေဆဲ ဖြစ်သဖြင့် သူ မတ်တပ်ရပ်ရန်ပင် ခဲယဉ်းနေသည်။
လကမ္ဘာသည် အတွင်း၌ အခေါင်းပေါက် ဖြစ်သည်ဟူသော ကောလာဟလကို လော်ယွမ် ကြားဖူးသည်။ မူလက ကောလာဟလ တစ်ခုဟုသာ ထင်ထားသော်လည်း ယခု အခြေအနေကို ကြည့်ရသည်မှာ အမှန်တကယ် ဖြစ်နိုင်ချေ ရှိနေသည်။
သို့သော် ဤကိစ္စကို နောက်မှ စူးစမ်းတော့မည်။ သူသည် ချက်ချင်းပင် စိတ်ကို ရှင်းထုတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရာ နှလုံးခုန်နှုန်း လျင်မြန်စွာ ငြိမ်ကျသွားတော့သည်။
ဆက်ရန်...
အပိုင်း (၄၃၄) ပထမဆုံးအကြိမ် ထိတွေ့ခြင်း
တစ်ချိန်တည်းမှာပင် သူသည် လကမ္ဘာ၏ တုန်ခါမှုကို အလျင်အမြန် အာရုံခံလိုက်သည်။
လကမ္ဘာ၏ တုန်ခါမှုနှင့် ကမ္ဘာမြေ၏ တုန်ခါမှုမှာ အခြေခံအားဖြင့် ကွာခြားလှသည်။ ကမ္ဘာမြေ၏ တုန်ခါမှုသည် ကြီးမားသော ခေါင်းလောင်းကြီးကို ထိုးလိုက်သကဲ့သို့ နက်ရှိုင်းပြီး လေးလံသော်လည်း၊ လကမ္ဘာ၏ တုန်ခါမှုမှာမူ ဗုံသေးသေးလေးကို တီးခတ်လိုက်သကဲ့သို့ ပေါ့ပါးပြီး သွက်လက်နေသည်။
ထို့အပြင် လကမ္ဘာ၏ အတွင်းပိုင်းသည် အခေါင်းပေါက် ဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။ ၎င်း၏ တုန်ခါမှုသည် ပိုမိုရှင်းလင်းပြီး ဆူညံသံ အနည်းငယ်သာ ပါရှိကာ ကမ္ဘာမြေ၏ တုန်ခါမှုထက် ဖမ်းယူရ ပိုလွယ်ကူသည်။
စက္ကန့်အနည်းငယ် ကြာသောအခါ သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး နှလုံးခုန်နှုန်းသည် လကမ္ဘာ၏ တုန်ခါမှုနှင့် လုံးဝ တစ်သားတည်း ဖြစ်သွားသည်။
ကြီးမားသော စွမ်းအင်များသည် ခြေဖဝါးအောက်မှ အဆက်မပြတ် တက်လာပြီး ခန္ဓာကိုယ်သည် ကုန်ခမ်းခြင်းမရှိသော အင်အားများနှင့် ပြည့်နှက်သွားသကဲ့သို့ ဖြစ်နေသည်။ ပိုလျှံနေသော စိတ်ခံစားမှုများ တဖြည်းဖြည်း လျော့ပါးသွားသည်နှင့်အမျှ လော်ယွမ်၏ ဦးနှောက်သည် ကြည်လင်ပြတ်သားလာသည်။ သူသည် အဝေးရှိ ကျောက်ချော်ရည်ပူကန်ကို မော့ကြည့်လိုက်ပြီး စိတ်အာရုံ စူးစိုက်လိုက်ရာ ခန္ဓာကိုယ်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ သူ၏ ခြေထောက်များသည် ကျောက်ချော်ရည် ပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် သစ်ပင်တစ်ပင်ကဲ့သို့ ကျောက်ချော်ရည် ပေါ်တွင် တန်းတန်းမတ်မတ် ရပ်နေသည်။ ကျောက်ချော်ရည် လှိုင်းများ လှုပ်ရှားမှုနှင့်အတူ သူ့ခန္ဓာကိုယ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ဤနေရာရှိ ဆွဲငင်အားသည် အလွန်နည်းပါးပြီး ကျောက်ချော်ရည် ၏ ပင့်တင်အားသည် ခန္ဓာကိုယ် အလေးချိန်ကို ကောင်းစွာ ထောက်ပံ့ပေးနိုင်သည်။ အကယ်၍ ကမ္ဘာမြေပေါ်တွင်သာဆိုလျှင် ဤကဲ့သို့ သက်တောင့်သက်သာ ရပ်နိုင်မည် မဟုတ်ပေ။
ယခုအချိန်တွင် ကျောက်ချော်ရည် များသည် ရေနွေးပွက်သကဲ့သို့ ပြင်းထန်စွာ ဆူပွက်နေဆဲဖြစ်ပြီး ရံဖန်ရံခါ အပူချိန်မြင့်မားသော အငွေ့အသက်များကို မှုတ်ထုတ်နေသည်။ ဤနေရာရှိ အပူချိန်သည် အနည်းဆုံး စင်တီဂရိတ် ဒီဂရီ တစ်ထောင်ကျော်ရှိပြီး သံမဏိပင်လျှင် ချက်ချင်း အရည်ပျော်သွားနိုင်သည်။
ခြေထောက်တွင် ဝတ်ဆင်ထားသော ဖိနပ်များ တဖြည်းဖြည်း အရည်ပျော်လာသည်။ အဆင့် (၇) ပစ္စည်းများဖြင့် ပေါင်းစပ်ပြုလုပ်ထားသော ဤစစ်ဘက်သုံး ဖိနပ်များသည် ဤကဲ့သို့သော အပူချိန်ကို ခံနိုင်ရည်မရှိဘဲ လျင်မြန်စွာ တွန့်လိမ်ပျက်စီးသွားသည်။
သူသည် ပျက်စီးသွားပြီဖြစ်သော ဖိနပ်များကို ခံစားချက်မရှိဘဲ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခြေထောက်ကို မ,ကာ လက်ဖြင့် အားကုန်ဆွဲဖြုတ်လိုက်ရာ ဖိနပ်တစ်ဖက် ကျွတ်ထွက်သွားပြီး ကျောက်ချော်ရည်ပူ ထဲသို့ လွှင့်ပစ်လိုက်သည်။ နောက်တစ်ဖက်ကိုလည်း ထိုနည်းတူ ပြုလုပ်လိုက်သည်။
သူသည် ကျောက်ချော်ရည်ပူ ထဲတွင် ခြေဗလာသက်သက်ဖြင့် ရပ်နေသည်။ အပူချိန် ပြင်းပြင်းထန်ထန် ရှိနေသော်လည်း သူ့မျက်နှာထားမှာ တည်ငြိမ်နေပြီး မည်သည့်အရာကိုမျှ မခံစားရသကဲ့သို့ပင်။
လော်ယွမ်၏ "ပေါင်းစပ်ခန္ဓာကိုယ်"သည် အပူကူးပြောင်းမှုနှုန်း ကြောက်စရာကောင်းလောက်အောင် နိမ့်ကျသည်။ အပူချိန်သာမက အခြားသော စွမ်းအင်များ ထိုးဖောက်ဝင်ရောက်မှုကိုလည်း ကောင်းစွာ ကာကွယ်ပေးနိုင်သည်။ ၎င်းသည် အာကာသ သက်ရှိတိုင်း၏ အခြေခံစွမ်းရည်ဖြစ်သည်။ မိမိကိုယ်ကိုယ် ထောက်ပံ့နိုင်စွမ်း ရှိရုံသာမက အာကာသ၏ ပြင်းထန်သော ပတ်ဝန်းကျင် အခြေအနေများကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည်။
သို့မဟုတ်ပါက အာကာသ၏ အခြေခံ ပတ်ဝန်းကျင်ကိုပင် လိုက်လျောညီထွေ မနေနိုင်လျှင် အာကာသ သက်ရှိဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။
အာရုံခံနိုင်စွမ်းကို အစွမ်းကုန် ဖြန့်ကျက်လိုက်ပြီး လော်ယွမ်သည် အာကာသ ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ်ကို ရှာဖွေရန် ကြိုးစားရင်း နေရာအနှံ့ ရွှေ့လျားနေသည်။
ကျောက်ချော်ရည်ပြင်သည် အလွန်ကျယ်ဝန်းပြီး စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာ ရှိရာ ကမ္ဘာမပျက်ခင်က ရှန်ဟိုင်းမြို့၏ အရွယ်အစားခန့် ရှိသည်။ တစ်လက်မချင်း ရှာဖွေမည်ဆိုပါက လော်ယွမ်၏ အလွန်မြန်ဆန်သော ရွေ့လျားနှုန်းဖြင့်ပင် အချိန်တိုအတွင်း ပြီးစီးနိုင်မည် မဟုတ်ပေ။
သို့သော် လက်တွေ့တွင် ထိုမျှလောက် ဒုက္ခခံစရာ မလိုပေ။ တစ်လက်မချင်း ရှာဖွေစရာလည်း မလိုဘဲ လော်ယွမ်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းရှိနေသော နေရာနှင့် ရွေ့လျားနေသော လမ်းကြောင်းကို ခန့်မှန်းနိုင်သည်။
အမှန်တကယ်တွင် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ အလွန်ကြီးမားလွန်းသဖြင့် တောင်ငယ်လေးတစ်လုံး ပမာ ရှိသည်။ မြေအောက်နက်ရှိုင်းသော နေရာတွင် ရှိနေလျှင်ပင် ၎င်း၏ လှုပ်ရှားမှုတိုင်းသည် မြေပြင်ကို ပြင်းထန်စွာ ပြောင်းလဲစေနိုင်သည်။ ယခု သူရပ်နေသော နေရာတစ်ဝိုက်သည် ပင်လယ်လှိုင်းများကဲ့သို့ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေပြီး လျင်မြန်စွာ ရွေ့လျားနေသည်။
ဤအာကာသ ဧရာမ သားရဲကြီးသည် အလွန်နက်ရှိုင်းစွာ ငုပ်လျှိုးနေပုံရပြီး လတ်တလောတွင် အာရုံခံ၍ မရနိုင်သေးပေ။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ကျောက်ချော်ရည်ပူ များ စတင်အေးခဲလာကာ ခြေဖြင့် နင်းလိုက်သောအခါ အနည်းငယ် မာကျောသော ခံစားမှုကို ရရှိလာသည်။
လေထုမရှိသော ဂြိုဟ်အများစုကဲ့သို့ပင် လကမ္ဘာ၏ နေ့နှင့်ည အပူချိန် ကွာခြားချက်မှာ အလွန်ကြီးမားသည်။ နေ့ဘက် နေရောင်တိုက်ရိုက်ကျရောက်သော နေရာများတွင် ဒီဂရီ ၁၀၀ ကျော်အထိ ရှိနိုင်သော်လည်း ညဘက်တွင် အနုတ် ၁၈၀ ကျော်အထိ ကျဆင်းနိုင်သည်။
ယခုအခါ နေလုံးသည် မိုးကုတ်စက်ဝိုင်းအောက်သို့ လုံးဝ ဝင်ရောက်သွားပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်တိကျသွားသည်။ အပူချိန်သည် အနိမ့်ဆုံးသို့ မရောက်သေးသော်လည်း အနုတ် ၂၀၊ ၃၀ ခန့် ရှိနေပြီဖြစ်သည်။ ဤကဲ့သို့ အေးစက်သော ပတ်ဝန်းကျင်တွင် ကျောက်ချော်ရည်ပူ အေးခဲသွားသော နှုန်းမှာ အလွန်မြန်ဆန်သည်။
ဤအာကာသ သားရဲကြီးသည် ဘာရှာနေမှန်းမသိဘဲ မြေအောက်တွင်သာ အချိန်ကြာမြင့်စွာ နေနေသည်။ လော်ယွမ် ၁၀ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက်မှ အခြေအနေ ပြောင်းလဲသွားသည်။
ကြိုတင်နိမိတ် လုံးဝမပြဘဲ မြေပြင်တွင် ရုတ်တရက် ပြင်းထန်သော အပြောင်းအလဲ ဖြစ်ပေါ်လာသည်။ ခြေအောက်ရှိ မြေကြီးသည် ရုတ်တရက် ဖောင်းကြွလာပြီး စက္ကန့်အနည်းငယ် အကြာတွင် ကြီးမားသော တောင်ကုန်းတစ်ခု မြေကြီးထဲမှ ထိုးထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အရွေ့စွမ်းအင်ကြောင့် မြေကြီးသည် လျင်မြန်စွာ နီရဲလာသည်။ တစ်ချိန်တည်းမှာပင် မြေပြင်၏ ပြင်းထန်သော တုန်ခါမှုကြောင့် နီရဲနေသော ကျောက်တုံးအများအပြား လေထဲသို့ လွင့်စဉ်တက်လာရာ ကမ္ဘာပျက်သကဲ့သို့ပင် ဖြစ်နေသည်။
လော်ယွမ်ပင်လျှင် ခန္ဓာကိုယ် တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။ သူသည် ကိုယ်ကို အနည်းငယ် ကြွလိုက်ပြီး တောင်တန်း မြင့်တက်လာမှုနှင့်အတူ လိုက်ပါ မြင့်တက်သွားသည်။
ဖြစ်စဉ်တစ်ခုလုံးသည် ၁၀ စက္ကန့်ပင် မကြာလိုက်ပေ။ မူလက လုံးဝန်းနေသော တောင်ကုန်းပေါ်တွင် ရုတ်တရက် အက်ကြောင်းများ ပေါ်လာသည်။ ပေါ်လာသည်နှင့် တပြိုင်နက် လျင်မြန်စွာ ကျယ်ပြန့်သွားပြီး အတွင်းမှ ဆူပွက်နေသော ကျောက်ချော်ရည် များကို တွေ့လိုက်ရသည်။
"ထွက်လာပြီ" လော်ယွမ် စိတ်ထဲမှ ရေရွတ်လိုက်ပြီး မျက်နှာထား တည်သွားသည်။
သူ၏ အာရုံခံနိုင်စွမ်းသည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို နောက်ဆုံးတွင် အာရုံခံမိလိုက်သည်။ ၎င်းသည် မြေအောက်မှနေ၍ တစ်စက္ကန့်လျှင် မီတာ ရာပေါင်းများစွာသော အရှိန်ဖြင့် မြေပြင်ပေါ်သို့ တိုးထွက်လာနေသည်။ ၎င်းခန္ဓာကိုယ် ပတ်လည်ရှိ ကျောက်ချော်ရည်ပူ များသည် အပူလွန်ကဲပြီး အဖြူရောင် ပြောင်းသွားသည်အထိ ဖြစ်နေသည်။
လော်ယွမ် အာရုံခံမိလိုက်သော အချိန်တွင် ၎င်းသည် မြေပြင်နားသို့ ရောက်ရှိနေပြီဖြစ်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အက်ကြောင်းမှ မီးတောင် ပေါက်ကွဲသကဲ့သို့ ဖြစ်ပေါ်လာပြီး တန်ချိန်သောင်းချီသော ကျောက်ချော်ရည် များသည် ကောင်းကင်ယံသို့ ပန်းထွက်လာကာ အာကာသထဲသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။ ထို့အတူ ဤအာကာသ သားရဲကြီးသည်လည်း မြေပြင်ကို ကြမ်းတမ်းစွာ ဖောက်ထွက်လာပြီး ကြီးမားသော ခန္ဓာကိုယ်ဖြင့် မီးတောင်ဝတစ်ခုလုံးကို လွင့်စဉ်သွားစေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော အင်အားသည် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။
သို့သော် မြေလှိုင်းကြိမ်နှုန်း အခြေအနေတွင် ရှိနေသော လော်ယွမ်မှာမူ မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိပေ။
၎င်းမြေကြီးနှင့် ကွာသွားသော ခဏတာ အချိန်လေးအတွင်း လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် လော်ယွမ်သည် အခွင့်ကောင်းကို ဖမ်းဆုပ်ကာ မြေလှိုင်းရေပန်း တိုက်ကွက်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
နောက်တစ်ခဏတွင် တုန်ခါမှုနှုန်း အလွန်မြင့်မားသော ကျောက်ချော်ရည် စမ်းကြောင်းတစ်ခုသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ပျံတက်ရန် ပြင်နေသော အာကာသ သားရဲကြီးကို ဝင်တိုက်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်မှ အလင်းရောင် ဖျော့ဖျော့ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ပါးစပ်ကြီးကို ဖြဲကာ အသံမထွက်သော နာကျင်မှုဖြင့် အော်ဟစ်လိုက်သည်။
အာကာသထဲတွင် မည်သည့်အသံမျှ မကြားရသော်လည်း ပတ်ဝန်းကျင်ရှိ သံလိုက်စက်ကွင်းနှင့် ဆွဲငင်အားစက်ကွင်းများမှာမူ အလွန်အမင်း ကမောက်ကမ ဖြစ်သွားသည်။
၎င်း၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်သည်။ လော်ယွမ်ကို ရုတ်တရက် လှမ်းကြည့်လိုက်ရာ အေးစက်သော အကြည့်နှင့်အတူ ပါလာသည့် ဖိအားကြောင့် လော်ယွမ်မှာ "မြေလှိုင်းကြိမ်နှုန်း" အခြေအနေမှ အလိုအလျောက် ထွက်သွားရသည်။ သူ စိတ်အနည်းငယ် လွတ်သွားသော်လည်း ချက်ချင်း ပြန်လည် သတိဝင်လာသည်။
မျက်စိရှေ့မှောက် ရောက်နေသော အာကာသ သားရဲကြီးကို ရင်ဆိုင်ရသောအခါ အကြောင်းရင်းမရှိသော ပြင်းထန်သည့် ကြောက်ရွံ့မှုတစ်ခု ရင်ထဲမှ ထွက်ပေါ်လာသည်။ သူ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့သလို၊ တဒင်္ဂအတွင်း ပြန်လည်ခုခံလိုစိတ်ပင် ပျောက်ဆုံးသွားသည်။
သို့သော် လော်ယွမ်သည် သာမန်လူမဟုတ်ပေ။ စိတ်စွမ်းအားကို မြင့်မားစွာ စုစည်းလိုက်ပြီး ဖိအားကြောင့် ဖြစ်ပေါ်လာသော မကောင်းသည့် စိတ်ခံစားမှုများကို လွယ်ကူစွာ ဖယ်ရှားပစ်လိုက်သည်။
သူသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ထိုသားရဲကြီးကို တည်ငြိမ်စွာ ပြန်လည် စိုက်ကြည့်လိုက်သည်။
အချိန်ကာလ ရပ်တန့်သွားသကဲ့သို့ လူနှင့် သားရဲသည် မလှုပ်မယှက်ဖြင့် အပြန်အလှန် အကဲခတ်နေကြသည်။
အာကာသ သားရဲကြီးသည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုပေ။ တောင်ထိပ်တစ်ခုပမာ ကြီးမားသော ကိုယ်ခန္ဓာကြီးဖြင့် ငြိမ်သက်စွာ ဝဲပျံနေသည်။ ၎င်းသည် လော်ယွမ်ကို စိတ်ဝင်တစား ကြည့်နေပုံရပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားကာ ကြောက်မက်ဖွယ် အစွယ်များကို ထုတ်ပြလိုက်သည်။
၎င်း၏ အေးစက်သော မျက်လုံးကြီးများထဲတွင် လှောင်ပြောင်သော အရိပ်အယောင်များကို လော်ယွမ် မြင်လိုက်ရသည်။
အာကာသ သားရဲကြီး "ဂလက်" သည် သာမန်လူထက် သာလွန်သော ဉာဏ်ရည်ရှိသည်။ သေးငယ်သော သက်ရှိလေးက အကြောင်းမဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် ရယ်စရာကောင်းသလို ဒေါသလည်း ထွက်မိသည်။ ခန္ဓာကိုယ်မှ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ဤပိုးကောင်လေးကို ပြာကျသွားအောင် မီးရှို့ပစ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
နောက်တစ်ခဏတွင် ၎င်းသည် ပါးစပ်ကို ဖွင့်လိုက်သည်။ လည်ချောင်း အတွင်းပိုင်းမှ အလင်းရောင် ထွက်ပေါ်လာသည်။ စစချင်းတွင် မှိန်ဖျဖျသာ ဖြစ်သော်လည်း ချက်ချင်းပင် မျက်စိဖြင့် မကြည့်နိုင်လောက်အောင် လင်းထိန်လာသည်။ မှောင်မိုက်နေသော လကမ္ဘာတွင် နေတစ်စင်း ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံး နေ့လယ်ခင်းပမာ လင်းထိန်သွားသည်။
လော်ယွမ် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။ ပြင်းထန်သော ထိတ်လန့်မှုကြောင့် နှလုံးခုန်ပင် ရပ်တန့်လုမတတ် ဖြစ်သွားသည်။
ကြိုတင်အနာဂတ်မြင်ကွင်းကို မြင်လိုက်ရသဖြင့် လော်ယွမ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ ပျောက်ကွယ်သွားသည့် ခဏတာအတွင်း မျက်စိကျိန်းစရာကောင်းသော "ပလာစမာ" လျှပ်စီးတန်းတစ်ခုသည် လော်ယွမ် ရှိခဲ့သည့် နေရာကို ဝင်ရောက်ရိုက်ခတ်လိုက်ရာ တစ်ကီလိုမီတာ ပတ်လည်ရှိ ဧရိယာတစ်ခုလုံး အငွေ့ပျံသွားသည်။
ထိုအချိန်တွင် လော်ယွမ်သည် သားရဲကြီး၏ ခေါင်းပေါ်သို့ နေရာရွှေ့ပြောင်း လုပ်ပြီး ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ဝမ်းနည်းစရာမှာ ဤအဆင့် (၉) သက်ရှိသည် သူထင်ထားသည်ထက် ပိုမို စွမ်းအားကြီးမားနေသည်။ ဂြိုဟ်ပေါ်ရှိ သက်ရှိစံနှုန်းဖြင့် အာကာသ သက်ရှိကို တိုင်းတာခြင်းသည် လယ်သမားတစ်ယောက်က ဧကရာဇ်မင်းသည် ရွှေထမ်းပိုးဖြင့် ထမ်းသည်ဟု ထင်ကြေးပေးသကဲ့သို့ ရယ်စရာကောင်းလှသည်။ ၎င်းတို့သည် လုံးဝမတူညီသော အဆင့်အတန်းများ ဖြစ်ကြသည်။ တိုက်ခိုက်ရန် မပြင်ဆင်ရသေးမီ ၎င်းခန္ဓာကိုယ် မျက်နှာပြင်မှ ကြောက်မက်ဖွယ် စွမ်းအင်စက်ကွင်းက သူ့ကို အဝေးသို့ လွင့်စဉ်သွားအောင် တွန်းထုတ်လိုက်သည်။ သူသည် လေထဲတွင် ခန္ဓာကိုယ်ကို ချက်ချင်း တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
ခန္ဓာကိုယ်တစ်ခုလုံး မီးစွဲနေသကဲ့သို့ ပူလောင်နာကျင်နေပြီး အရေပြားတစ်လွှာ ကွာကျလုမတတ် ခံစားရသည်။ ဤစွမ်းအင်သည် တွန်းကန်အား ပါဝင်ရုံသာမက ဖျက်ဆီးနိုင်စွမ်းပါ ပါဝင်နေသည်။ တစ်စက္ကန့်ဝက်အောက်သာ ထိတွေ့လိုက်ရသော်လည်း တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်နေပြီဖြစ်သည်။
ကံကောင်းသည်မှာ သူ၏ ကာကွယ်နိုင်စွမ်း မြင့်မားသောကြောင့်သာ ဖြစ်သည်။ သာမန်သက်ရှိသာဆိုလျှင် ပြာကျသွားလောက်ပြီ ဖြစ်သည်။
လော်ယွမ်၏ မျက်နှာထား မည်းမှောင်သွားသည်။ သူ၏ ဒြပ်ထုမှာ ပေါ့ပါးလွန်းသဖြင့် ၎င်း၏ မျက်နှာပြင် ကာကွယ်ရေးစနစ်က သူ့ကို အလွယ်တကူ တွန်းထုတ်ပစ်နိုင်သည်။ နေရာရွှေ့ပြောင်းအစွမ်း ကို အသုံးပြုပြီး ဝင်ရောက်ရန် မဖြစ်နိုင်တော့ပေ။ အနားကပ်လိုလျှင် အလွန်မြန်ဆန်သော အရှိန်ဖြင့် အတင်းဝင်တိုက်မှသာ ရတော့မည်။
လော်ယွမ် ထိုနေရာတွင် တစ်ခဏသာ ရပ်တန့်လိုက်ရသေးသည်၊ သားရဲကြီးက ချက်ချင်း လှည့်လာပြီး သူ့ကို ဝါးမျိုပစ်ရန် ဟန်ပြင်ကာ ကိုက်ခဲလိုက်သည်။ သို့သော် ၎င်း၏ အရှိန်မှာ နှေးကွေးလွန်းလှသည်။ လော်ယွမ်က စိတ်စွမ်းအားဖြင့် ပျံသန်းလျှင်တောင် ၎င်းက လိုက်မီမည် မဟုတ်ပေ။
လော်ယွမ် စိတ်ဆုံးဖြတ်လိုက်ပြီး ၎င်းနှင့် ရှုပ်မနေတော့ဘဲ ကီလိုမီတာ ဆယ်ချီဝေးသော နေရာသို့ နေရာရွှေ့ပြောင်း လုပ်လိုက်သည်။ ထို့နောက် ၎င်းဆီသို့ ဦးတည်ကာ အရှိန်အဆက်မပြတ် မြှင့်တင်လိုက်သည်။ အာကာသ သားရဲကြီး တောင်ကုန်းကို တိုက်ခိုက်စဉ်က အရှိန်နှင့် ယှဉ်လျှင် ယခု လော်ယွမ်၏ အရှိန်မှာ ပိုမိုအံ့မခန်းဖြစ်ပြီး တစ်စက္ကန့်လျှင် (၁၀) ကီလိုမီတာကျော်အထိ အလွယ်တကူ ရောက်ရှိသွားသည်။
သို့သော် သူသည် ဤအရှိန်ဖြင့် သားရဲကြီးကို တိုက်ရိုက်ဝင်တိုက်ရန် မရဲပေ။ သားရဲကြီး သေမသေ မသိနိုင်သော်လည်း သူကတော့ သေချာပေါက် အရိုးကြေမွသွားပေလိမ့်မည်။
လော်ယွမ်သည် ကျန်းမာတောက်ကို ပြောင်းပြန်ကိုင်ကာ ကျောနောက်တွင် ထားလိုက်သည်။ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုပမာ သားရဲကြီး၏ မျက်လုံးရှေ့မှ ကပ်ပြီး ဖြတ်သန်းသွားသည်။ ဤအရှိန်မျိုးတွင် လေထုကပင် သံမဏိကို ပဲပြားကဲ့သို့ လှီးဖြတ်နိုင်ရာ ဓားဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
၎င်း၏ မျက်လုံးရှေ့မှ ဖြတ်ကျော်သွားသည်နှင့် တစ်ပြိုင်နက် နောက်ကျောဘက်မှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ဆက်ရန်...
အပိုင်း (၄၃၅) ဆန်းကြယ်သော အရေပြား
လော်ယွမ် နောက်ထပ် ကီလိုမီတာ ၂၀ လောက် ဆက်ပျံသန်းပြီးမှ ရပ်တန့်လိုက်ကာ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် အာကာသသားရဲကြီးသည် ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ ရုန်းကန်နေသည်။
၎င်း စတင်ရူးသွပ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ပလာစမာစီးကြောင်းများကို အရပ်လေးမျက်နှာသို့ အဆက်မပြတ် မှုတ်ထုတ်နေသဖြင့် အမှောင်ကျနေသော လကမ္ဘာကိုပင် လင်းထိန်သွားစေသည်။ ၎င်းရှိနေသော နေရာတစ်ဝိုက်ရှိ လမျက်နှာပြင်သည် တစ်ဖန်ပြန်လည် နီရဲလာသည်။
လော်ယွမ်၏ အမြင်အာရုံ စူးရှလှသဖြင့် ရေကန်ကြီးတစ်ကန်ပမာ ကြီးမားလှသော မျက်လုံးကြီးထဲတွင် သွေးကြောမျှင်များ ပေါ်လာသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သွေးများ အများအပြား စီးကျလာပြီး မကြာမီ မျက်လုံးတစ်ခုလုံး နီရဲသွားသည်။
၎င်း အသံတိတ် ဟိန်းဟောက်လိုက်သည်။ မျက်လုံးတစ်ဖက် ဒဏ်ရာရသွားခြင်းက ၎င်းကို အလွန် ထိတ်လန့်သွားစေသည်။ ရည်ရွယ်ချက်မရှိဘဲ ခေတ္တမျှ ရမ်းကားပြီးနောက် အမြီးကို ပြင်းထန်စွာ ခါရမ်းကာ အာကာသထဲသို့ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
လော်ယွမ်ကဲ့သို့ သေးငယ်သော သတ္တဝါကြောင့် ဤမျှကြီးမားသော အာကာသသားရဲကြီး ကြောက်လန့်တကြား ထွက်ပြေးသွားသည်မှာ ယုတ္တိမရှိသလို ရယ်စရာကောင်းနေသော်လည်း တကယ်တမ်းတွင်မူ အလွန် သဘာဝကျသည်။
လူသားများ ပျားတူနှင့် တွေ့သောအခါ ပထမဆုံး တုံ့ပြန်မှုမှာ ထွက်ပြေးခြင်း ဖြစ်သကဲ့သို့ပင်။ တိုက်ခိုက်ရတာ မတန်ပေ။
ဉာဏ်ရည်ရှိသော သက်ရှိများသည် အခြေအနေကို သုံးသပ်တတ်ကြသည်။
ဤမျှ သေးငယ်သော သတ္တဝါကို လိုက်လို့လည်း မမီ၊ တိုက်ခိုက်လို့လည်း မထိဘဲ ဆက်တိုက်နေပါက ကိုယ်သာ နာစရာရှိသည်ကို သိလိုက်သောအခါ ပြတ်သားစွာ ထွက်ပြေးခြင်းမှာ အကောင်းဆုံး ဖြစ်သည်။
လော်ယွမ် လိုက်မဖမ်းတော့ဘဲ ထွက်သွားခွင့် ပြုလိုက်သည်။ ဒါက သူ လုပ်နိုင်သမျှ အကုန်ပင် ဖြစ်သည်။
စောစောက ဓားချက်သည် ကြောက်စရာကောင်းပုံ ရသော်လည်း အမှန်တကယ်တွင် ကြီးမားသော ဒဏ်ရာ မရရှိခဲ့ပေ။
မျက်လုံး၏ အပေါ်ယံလွှာ ကွဲသွားရုံသာ ရှိသည်။ ယခင်က မြေလှိုင်းရေပန်းနှင့် တိုက်ခိုက်မှုလောက် ဒဏ်ရာမပြင်းထန်ပေ။
သို့သော် မျက်လုံးသည် သက်ရှိတို့၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သဖြင့် အနည်းငယ် ဒဏ်ရာရရုံဖြင့် ထိတ်လန့်သွားစေနိုင်သည်။
သူ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဤကဲ့သို့သော အာကာသသားရဲမျိုးနှင့် ရင်ဆိုင်ရသောအခါ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်မိသည်။
အတိုင်းအတာ တစ်ခုအရ သူသည်လည်း အာကာသသက်ရှိ ဖြစ်သော်လည်း စွမ်းအင်အဆင့်အတန်းနှင့် ခန္ဓာကိုယ် အရွယ်အစား ကွာခြားချက် ကြီးမားလွန်းသဖြင့် ထိရောက်သော သတ်ဖြတ်နိုင်စွမ်း မရှိခဲ့ပေ။
အရွယ်အစားသာ သိပ်မကွာခြားပါက သူ၏ လျင်မြန်သော ခန္ဓာကိုယ်နှင့် လေးဖက်မြင် ဦးနှောက်၏ ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြုပြီး အလွယ်တကူ သတ်ဖြတ်နိုင်သည်။
သို့သော် ပမာဏပြောင်းလဲမှုသည် အရည်အသွေး ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ အာကာသသားရဲကြီးကဲ့သို့ အရွယ်အစား ကြီးမားလာသောအခါ ပုရွက်ဆိတ်က လူကို ကိုက်သတ်ရန် ကြိုးစားသကဲ့သို့ ဖြစ်နေပြီး မည်သို့မှ မတတ်နိုင်တော့ပေ။
သို့သော် တစ်ဖက်က ပြန်ကြည့်လျှင်လည်း အာကာသသားရဲကြီးအနေဖြင့် သူ့ကို သတ်ဖြတ်ရန်မှာလည်း လွယ်ကူသော ကိစ္စ မဟုတ်ပေ။
တိုက်ပွဲကာလအတွင်း ဟင်းလင်းပြင်ကွေးညွှတ်ပျံသန်းခြင်းကို အသုံးပြုပြီး ၎င်း၏ ဝမ်းဗိုက်ထဲသို့ ဝင်ကာ အတွင်းမှ တိုက်ခိုက်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် သေချာလေ့လာကြည့်သောအခါ မဖြစ်နိုင်ကြောင်း တွေ့ရသည်။
ဟင်းလင်းပြင်ကွေးညွှတ်ပျံသန်းခြင်းသည် အာကာသ တည်ငြိမ်မှု လိုအပ်သည်။ ဟင်းလင်းပြင်စက်ဝန်း သည် အလွန် နုနယ်ပြီး လှိုင်းဂယက် အနည်းငယ် ထရုံဖြင့် ပျက်စီးသွားနိုင်သည်။
စောစောက အာကာသသားရဲကြီး၏ ဘေးပတ်လည်တွင် ဖြစ်ပေါ်နေသော ထူပြောသည့် အာကာသလှိုင်းဂယက်များကြောင့် လော်ယွမ် အနားကပ်၍ မရနိုင်ပေ။
ဆွဲငင်အားကြီးမားသော အရာဝတ္ထုများ အနီးတွင်လည်း ထိုနည်းလည်းကောင်းပင်။ နောင်တစ်ချိန် စိတ်ဆန္ဒစွမ်းအား အဆင့်တစ်ခုထိ မြင့်တက်လာလျှင် ထိုလှိုင်းဂယက်များကို ခုခံနိုင်ကောင်း ခုခံနိုင်မည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ မဖြစ်နိုင်သေးပေ။
ကံကောင်းသည်မှာ စောစောက မစ်ရှင်ကို လက်မခံခဲ့မိခြင်း ဖြစ်သည်။ မဟုတ်လျှင် မစ်ရှင် ကျရှုံးသွားပေလိမ့်မည်။
ဒါက သူ စမ်းသပ်တွေ့ရှိထားသော နည်းလမ်းလေး ဖြစ်သည်။ စနစ် ဆိုသည်မှာ အထောက်အကူပြု ကိရိယာ သက်သက်သာ ဖြစ်ပြီး ဉာဏ်ကစားစရာ အပေါက်အလမ်းများ ရှိသည်။ မစ်ရှင် ပေါ်လာသောအခါ ချက်ချင်း လက်ခံစရာ မလိုပေ။
မစ်ရှင် ပစ်မှတ် ပြီးမြောက်ခြင်း မရှိသေးသရွေ့ မစ်ရှင်က ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် မိမိဘက်က ဘယ်လောက် နိုင်ချေရှိလဲ ဆိုသည်ကို အရင် စမ်းသပ်ကြည့်ပြီးမှ လက်ခံနိုင်သည်။ သို့မှသာ မနိုင်နိုင်သော ရန်သူနှင့် တွေ့သည့်အခါ အတွေ့အကြုံမှတ်များ အနှုတ်ခံရမည့် ဘေးမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။
လော်ယွမ်သည် ခြေဗလာဖြင့် လေထဲတွင် ဝဲပျံနေရင်း လက်ပတ်နာရီကို ကြည့်လိုက်ရာ ကမ္ဘာမြေစံတော်ချိန် နေ့လယ်ခင်းပင် ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ၏ လက်ပတ်နာရီသည် သာမန် ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ မှန်သားပြင်ကို ယခင်က သတ်ဖြတ်ခဲ့သော ငှက်ကြီး၏ ခြေသည်းဖြင့် ပြုလုပ်ထားသည်။ ထိုခြေသည်းသည် ကြည်လင်တောက်ပပြီး မှန်ပြုလုပ်ရန် အကောင်းဆုံး ပစ္စည်း ဖြစ်သည်။ သတ္တုအစိတ်အပိုင်းများကိုမူ နှုတ်သီးဖြင့် ပြုလုပ်ထားရာ အလွန် မာကျောခိုင်ခံ့သည်။
တကယ်တမ်းတွင် ပေါင်းစပ်ခန္ဓာကိုယ် အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း သာမန်ပစ္စည်းများကို ကိုယ်နှင့်မကွာ သယ်ဆောင်ထား၍ မရတော့ပေ။
လက်သီး တစ်ချက် ဝှေ့လိုက်ရုံဖြင့် နာရီကအစ တစစီ ကြေမွသွားနိုင်သည်။ အဆင့် ၇ အောက် ပေါင်းစပ်ပစ္စည်းများပင် ကြာရှည်မခံပေ။ သူ၏ ဖိနပ်သည် သူပိုင်ဆိုင်သော ပစ္စည်းများထဲတွင် အဆင့် ၈ အောက်ရှိသည့် တစ်ခုတည်းသော ပစ္စည်းဖြစ်ပြီး ယနေ့တွင်တော့ ပျက်စီးသွားပြီ ဖြစ်သည်။
လကမ္ဘာတွင် ညရောက်သွားသောအခါ လုံးဝ မှောင်မိုက်သွားသည်။ လော်ယွမ်၏ အစွမ်းထက်သော အမြင် အာရုံ ပင်လျှင် မြင်ရခက်ခဲလာသည်။ အချိန်အတော်ကြာ နေပြီးပြီ ဖြစ်သဖြင့် လကမ္ဘာအပေါ် စိတ်ဝင်စားမှုလည်း ကုန်ခမ်းသွားပြီ ဖြစ်သည်။
ဤရက်ပိုင်း ဉာဏ်ပညာသစ်ပင် အဆင့်တက်တော့မည် ဖြစ်သဖြင့် ခဏနေ သွားကြည့်ပြီးလျှင် ဤနေရာမှ ပြန်တော့မည်ဟု စိတ်ကူးလိုက်သည်။
ထွက်ခွာရန် ပြင်လိုက်စဉ် မလှမ်းမကမ်းတွင် အစက်ကလေး တစ်စက် ဝဲပျံနေသည်ကို မျက်လုံးထောင့်မှ ရိပ်ခနဲ မြင်လိုက်ရသည်။
အစပိုင်းတွင် သူ ဂရုမစိုက်မိပေ။ လကမ္ဘာ၏ ဆွဲငင်အား နည်းပါးခြင်း၊ မီးတောင်ပေါက်ကွဲခြင်းနှင့် တိုက်ပွဲ ဖြစ်ပွားခြင်းတို့ကြောင့် ကျောက်ခဲအစအနများနှင့် ဖုန်မှုန့်များ အာကာသထဲ လွင့်စင်သွားပြီး ယခုမှ ပြန်လည် ကျဆင်းလာခြင်း ဖြစ်မည်ဟု ယူဆလိုက်သည်။
သို့သော် မကြာမီ ထိုအရာသည် လေထဲတွင် မလှုပ်မယှက် ရပ်တန့်နေကြောင်း လော်ယွမ် အံ့သြစွာ တွေ့လိုက်ရသည်။
သူ စူးစိုက်ကြည့်လိုက်သော်လည်း ပတ်ဝန်းကျင်က မှောင်လွန်းသဖြင့် ဝါးတားတားသာ မြင်ရသည်။ ထိုစဉ် စိတ်ထဲတွင် တစ်ခုခုကို သတိရသွားပြီး ပစ်မှတ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။
အမှောင်ထဲတွင် သိပ်မဝေးဟု ထင်ရသော်လည်း တကယ်တမ်းတွင် ၇၊ ၈ ကီလိုမီတာခန့် ကွာဝေးသည်။ ထိုအရာသည်လည်း အတော်လေး ကြီးမားသည်။
၎င်းသည် ပုံသဏ္ဍာန် မမှန်သော အနက်ရောင် အရာဝတ္ထုတစ်ခု ဖြစ်သည်။ အကျယ်ဆုံးနေရာတွင် ၁.၅ မီတာ၊ အကျဉ်းဆုံးနေရာတွင် ၁ မီတာခန့် ရှိပြီး အထူ ဝ.၅ မီတာခန့် ရှိသည်။ အတွင်းထဲတွင် သေးငယ်သော အပေါက်များစွာ ပါရှိပြီး ဆန်းကြယ်သော ပုံစံ ရှိသည်။
၎င်း၏ အရောင်နှင့် ထူးခြားသော ပုံစံကို ကြည့်ရုံဖြင့် သေချာစူးစမ်းစရာမလို ဘဲနှင့်ပင် ဘာလဲဆိုတာ လော်ယွမ် သိလိုက်သည်။
၎င်းသည် စောစောက ထွက်ပြေးသွားသော အာကာသသားရဲကြီး၏ အရေပြား ဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်စရာ မလိုပေ။ မြေလှိုင်းရေပန်း ထိမှန်စဉ်က ဝမ်းဗိုက်မှ စုတ်ပြဲကျန်ရစ်ခဲ့ခြင်း ဖြစ်ရမည်။
၎င်း၏ အထူနှင့် အရွယ်အစားကို ကြည့်လျှင် အရေပြား အစအန မျှသာ ဖြစ်သည်။
သို့သော် အပိုင်းအစ ဖြစ်သည့်တိုင် အဆင့် ၉ သတ္တဝါ၏ အစိတ်အပိုင်း ဖြစ်သည်။ တန်ဖိုး ဖြတ်မရနိုင်ပေ။ လော်ယွမ်၏ မျက်လုံးထဲတွင် ငွေမည်မျှ ပေးပေး လဲလှယ်နိုင်မည် မဟုတ်ပေ။
လော်ယွမ် ရှေ့တိုးပြီး ထိုအရေပြားကို ကောက်ယူလိုက်ရာ အလွန် ကြမ်းတမ်းပြီး မာကျောကြောင်း ခံစားလိုက်ရသည်။
ထို့နောက် သူသည် အရေပြား၏ အစွန်းနှစ်ဖက်ကို ကိုင်ပြီး အားကုန်သုံးကာ ကွေးလိုက်သည်။ ကြီးမားသော အားအောက်တွင် အရေပြား ပုံပျက်သွားသော်လည်း အနည်းငယ်သာ ကွေးသွားခြင်း ဖြစ်သည်။
လော်ယွမ် အံ့သြသွားသည်။ သံမဏိသည်ပင် သူ့လက်ထဲတွင် ရွှံ့စေးကဲ့သို့ ပျော့ပျောင်းသွားတတ်သည်။ သို့သော် ဤအရေပြားမှာမူ အနည်းငယ်သာ ပုံပျက်သွားသည်။
လော်ယွမ် စိတ်ဝင်တစားဖြင့် သေချာ လေ့လာကြည့်လိုက်သည်။ အာကာသသားရဲကြီးထံမှ ကွာကျလာသော ဤအရေပြားသည် အလွန်အမင်း မာကျောသည်က တစ်ကြောင်း၊ အတွင်းပိုင်းတွင် အလွှာလိုက် ဖြစ်နေပြီး အရွယ်အစား အမျိုးမျိုးသော အပေါက်ငယ်များ ပါရှိနေသည်က တစ်ကြောင်း ဖြစ်သည်။
ဤအလွှာများ ပေါင်းစပ်ထားမှုသည် ကွန်ပေါင်းသံချပ်ကာ ကဲ့သို့ ဖြစ်နေပြီး အလွန်ကောင်းမွန်သော ကာကွယ်မှုကို ပေးစွမ်းသည်။
ပို၍ အံ့သြစရာ ကောင်းသည်မှာ ၎င်းက လေထဲတွင် ဝဲပျံနေခြင်း ဖြစ်သည်။
သူ၏ မျက်လုံးသည် သာမန်မျက်လုံး မဟုတ်ပေ။ စကြဝဠာအတွင်းရှိ စွမ်းအင်စက်ကွင်း များကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သို့သော် ဤအရေပြားပေါ်တွင် မည်သည့် စွမ်းအင်မျှ ထွက်ပေါ်နေခြင်း မရှိပေ။
ထိုစဉ် သူသည် အရေပြားကို အားကုန် လွှတ်ပစ်လိုက်သည်။ လက်ထဲတွင် ရှိနေစဉ် လက်နှင့်အတူ ရွေ့လျားသော်လည်း လက်မှလွတ်သည်နှင့် ချက်ချင်း ရပ်တန့်သွားသည်။
ရွေ့လျားမှု အရှိန်သည် ဤအရာဝတ္ထုပေါ်တွင် လုံးဝ ပျောက်ဆုံးနေသည်။
ဤအရေပြား၏ ဆန်းကြယ်သော ဖြစ်တည်မှုကြောင့် လော်ယွမ် မျက်လုံးပြူးသွားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ဒါက သဘာဝနိယာမနှင့် လုံးဝ ဆန့်ကျင်နေသည်။
သူ ချက်ချင်းပင် အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။
အမည် - အာကာသသားရဲ ဂလက် ၏ အရေပြား
ရှားပါးမှုအဆင့် - ခရမ်းရောင်
အလေးချိန် - ၃၀၀ ကီလိုဂရမ်
အပိုစွမ်းရည် - အာကာသ ကျောက်ဆူးချခြင်း
မှတ်ချက် - အာကာသသားရဲ ဂလက်သည် မွေးရာပါ အာကာသ စွမ်းရည် ပါရှိပြီး အာကာသကို ရေကဲ့သို့ သဘောထားကာ လွတ်လပ်စွာ ကူးခတ်သွားလာနိုင်သည်။ ထိုစွမ်းရည်များသည် ၎င်း၏ အရေပြားမှ ရရှိခြင်း ဖြစ်သည်။
ဆက်ရန်...