အခန်း (၄၃၉-၄၄၀)
Vol. 22 Ch. 439-440
အပိုင်း (၄၃၉) အာကာသယာဉ်
ကောင်းကင်ယံ အမြင့် မီတာ တစ်သောင်းတွင် လော်ယွမ်သည် တင်ပျဉ်ခွေ ထိုင်နေသည်။
အောက်ဘက်တွင် ထူထဲပြီး ဖြူဖွေးနေသော တိမ်တိုက်များက မငြိမ်မသက် လှုပ်ရှားနေကြသည်။ မျက်စိရှေ့မှ ခမ်းနားထည်ဝါသော မြင်ကွင်းကို ကြည့်ရင်း လော်ယွမ်၏ စိတ်ထဲတွင် အနည်းငယ် လေးလံထိုင်းမှိုင်းနေရာမှ တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ရသေ့တစ်ပါး တရားမှတ်နေသကဲ့သို့ စိတ်ကို ရှင်းလင်းထားလိုက်သည်။
ပတ်ဝန်းကျင်မှ လေပြင်းများက တဝုန်းဝုန်း တိုက်ခတ်နေပြီး လေစီးကြောင်းများ ကမောက်ကမ ဖြစ်ကာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လေပွေများစွာ ဖြစ်ပေါ်လာသည်။
နာရီဝက်ခန့် ကြာသောအခါ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ စွမ်းအားများ ရရှိလာသည်နှင့်အမျှ ပေးဆပ်ရမည့် တန်ဖိုးရှိကြောင်း သူ ကောင်းကောင်း နားလည်ထားပြီး ဖြစ်သည်။ ထိုတန်ဖိုးမှာ လောကီသားများနှင့် တဖြည်းဖြည်း ကင်းကွာသွားခြင်း ဖြစ်သည်။ ယခု တိမ်တိုက်များကြားတွင် ရှိနေသော မိမိကိုယ်ကို ကြည့်လျှင် အမြင့်ဆုံးနေရာတွင် ရောက်ရှိနေသော်လည်း အဆုံးမရှိသော အထီးကျန်ဆန်မှုကို ခံစားနေရသည်။
သူသည် လက်လွတ်ဆုံးရှုံးတော့မည့် အရာများကို အစွမ်းကုန် ဖမ်းဆုပ်ထားချင်သော်လည်း အရာအားလုံးသည် မှန်ထဲမှ ပန်းပွင့်၊ ရေထဲမှ လမင်းကဲ့သို့ အဖတ်ဆယ်မရ၊ အချည်းနှီးသာ ဖြစ်နေသည်။
ဘေးဘက်မြင်အဖြစ်သို့ ပြောင်းလဲလာခြင်းက ဖြစ်စေ၊ အဆက်မပြတ် တိုးပွားလာသော ကြီးမားသည့် စွမ်းအားများက ဖြစ်စေ သူ့ကို သာမန်လူများနှင့် ရင်းနှီးစွာ နေထိုင်ရန် ခက်ခဲသွားစေသည်။
သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားရပြီး အနည်းငယ် ဝမ်းနည်းပက်လက် ဖြစ်မိသည်။ ခဏတာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် မျက်လုံးစည်းကို ဖြည်းညှင်းစွာ ဖြေလိုက်သည်။ မရေမတွက်နိုင်သော သတင်းအချက်အလက်များသည် ဒီရေအလား သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ဦးနှောက်က ချက်ချင်းပင် အသားကျသွားသည်။ သူသည် တိမ်တိုက်များကို ကျော်လွန်ကာ ဘေးဘက်မြင် အမြင်အာရုံဖြင့် မြေပြင်ကို ငုံ့ကြည့်လိုက်သည်။
ခဏချင်းမှာပင် အဆုံးမရှိ ကျယ်ပြန့်သော စိမ်းလန်းသည့် သစ်တောကြီးသည် သူ၏ အမြင်အာရုံကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။ အပေါ်ဆုံး သစ်ရွက်များကို မြင်ရရုံသာမက သစ်ပင်အောက်မှ အခြေအနေများကိုပါ တစ်ပြိုင်နက်တည်း မြင်တွေ့နေရသည်။ သုံးဘက်မြင်ကမ္ဘာမှ အတားအဆီးများသည် ဘေးဘက်မြင် အမြင်အာရုံအတွက် အရာမဝင်တော့ပေ။ သူသည် ဂူထဲတွင် အိပ်မောကျနေသော အဆင့်နိမ့် သားရဲတစ်ကောင်ကို ရှင်းလင်းစွာ မြင်နိုင်သလို သစ်ရွက်အနောက်တွင် ဖြည်းညှင်းစွာ တွားသွားနေသော ပိုးကောင်လေး တစ်ကောင်ကိုလည်း မြင်နိုင်သည်။
ကမ္ဘာလောကကြီး တစ်ခုလုံးသည် သူ့မျက်စိရှေ့တွင် လျှို့ဝှက်ချက် သိပ်မကျန်တော့ပေ။
ထို့အပြင် ကြီးမားသော သတ္တဝါကြီးများမှာမူ သူတို့၏ ခန္ဓာကိုယ်ကို လုံးဝ ဖုံးကွယ်ထား၍ မရတော့ပေ။
တောင်ကုန်းလေးများသဖွယ် ကြီးမားသော သတ္တဝါကြီးများသည် လော်ယွမ်၏ အမြင်အာရုံကို အဓိက ဖမ်းစားထားသည်။ ၎င်းတို့သည် အမှောင်ထဲမှ မီးတုတ်များကဲ့သို့ ထင်ရှားနေသည်။ သို့သော် ဝမ်းနည်းစရာမှာ ၎င်းတို့ အများစုသည် အဆင့် (၇) သားရဲများသာ ဖြစ်နေကြသည်။ အချို့သော သားရဲများသည် အဆင့် (၇) အထိ တိုးတက်ပြောင်းလဲလာကြပြီ ဖြစ်သော်လည်း အဆင့် (၈) သားရဲများမှာမူ အလွန် ရှားပါးနေဆဲ ဖြစ်သည်။
ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာတစ်ခုလုံးတွင် တစ်ကောင်တွေ့ဖို့ပင် ခဲယဉ်းလှသည်။
အဆင့် (၈) သက်ရှိများသည် ဂြိုဟ်ပေါ်တွင် အသန်မာဆုံး သက်ရှိများ ဖြစ်သည်။
နောက်ထပ် အဆင့်တစ်ခု တိုးတက်သွားပါက ၎င်းတို့သည် အလိုအလျောက်ပင် အာကာသထဲသို့ ပျံတက်သွားပြီး အာကာသ သက်ရှိများ ဖြစ်လာကြလိမ့်မည်။ ဤဖြစ်စဉ်သည် ကလေးငယ်တစ်ဦး သားအိမ်မှ ခွဲခွာထွက်သွားသကဲ့သို့ ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် ဆက်လက် မနေချင်၍ မဟုတ်ဘဲ နေ၍ မရတော့သောကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ခန္ဓာကိုယ် ပိုမို ကြီးမားလာသည်နှင့်အမျှ ကမ္ဘာမြေ၏ ဆွဲငင်အားက ၎င်းတို့ကို ပိုမို ကန့်သတ်လာသောကြောင့် ဖြစ်သည်။ အချိန်တိုင်း စက္ကန့်တိုင်းတွင် တန်ချိန် သန်းပေါင်းများစွာ၊ ကုဋေပေါင်းများစွာ လေးလံသော ဖိအားကြီးက ဖိနှိပ်ထားသဖြင့် မည်မျှပင် မာကျောသော မြေပြင်ဖြစ်ပါစေ ၎င်းတို့အတွက် ရွှံ့နွံကဲ့သို့ ဖြစ်နေသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးထဲ နစ်ဝင်သွားပြီး လမ်းလျှောက်ရန်ပင် ခက်ခဲလာသည်။ ခုန်လိုက်မိလျှင် ခြေထောက်ရိုး ကျိုးသွားသည်အထိ ဖြစ်နိုင်သည်။ ၎င်းတို့၏ ကြီးမားသော ခန္ဓာကိုယ်ကို ကမ္ဘာဂြိုဟ်ကြီး တစ်ခုလုံးက ငြင်းပယ်နေပြီ ဖြစ်ရာ ဆက်လက် ကြီးထွားချင်လျှင် ကမ္ဘာမြေမှ ထွက်ခွာခြင်းသည်သာ တစ်ခုတည်းသော လမ်းစဖြစ်သည်။
သိသာသည်က ဤအချက်သည် အကြွင်းမဲ့ မှန်ကန်သည်တော့ မဟုတ်ပေ။ ခြွင်းချက်များ ရှိတတ်သည်။ ဥပမာအားဖြင့် ဧရာမ မိုးကြိုးသစ်ပင်ကြီး ဆိုလျှင် အာကာသထဲသို့ ပျံတက်မည့် အရိပ်အယောင် လုံးဝ မပြပေ။ ဖြစ်နိုင်သည်မှာ အပင်အမျိုးအစား သက်ရှိ ဖြစ်သောကြောင့် ရွေ့လျားရန် ခက်ခဲသလို လှုပ်ရှားရသည်ကိုလည်း မနှစ်သက်သောကြောင့် ဖြစ်နိုင်သည်။ ၎င်းသည် ကမ္ဘာမြေပေါ်တွင် ဆက်လက် ကျန်ရှိနေပြီး အမြစ်များကို မြေလွှာအောက် နက်ရှိုင်းစွာ ထိုးဖောက်ကာ ကမ္ဘာမြေနှင့် အမှီသဟဲပြု နေထိုင်နေသည်။
နောက်တစ်မျိုးမှာ လော်ယွမ်ကဲ့သို့ ရှားပါးသော ခန္ဓာကိုယ် သေးငယ်သည့် သက်ရှိများ ဖြစ်သည်။ ဆွဲငင်အားကို ခံနိုင်ရည် ရှိမှု အပိုင်းတွင် ခန္ဓာကိုယ် သေးငယ်သော သက်ရှိများက သိသိသာသာ အားသာချက် ရှိနေသည်။
လော်ယွမ်သည် ပျံသန်းရင်း အဆင့် (၈) သက်ရှိ၏ ခြေရာလက်ရာကို ရှာဖွေနေသည်။
နာရီဝက်ခန့် အကြာတွင် သူ၏ အမဲလိုက်မည့် ပစ်မှတ်ကို ရှာတွေ့သွားသည်။
တောင်တစ်လုံးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ကြောင့် ၎င်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။ ၎င်းသည် နွားကြီးတစ်ကောင်နှင့် တူသော သတ္တဝါဖြစ်သော်လည်း ပုံပန်းသဏ္ဌာန် ဆင်တူရုံသာ ဖြစ်ပြီး လက်တွေ့တွင်မူ လုံးဝ ကွဲပြားခြားနားသော သက်ရှိမျိုးစိတ် ဖြစ်နေပြီ ဖြစ်သည်။ ၎င်း၏ မီးခိုးရင့်ရောင် အရေပြားပေါ်တွင် ငွေရောင် လျှို့ဝှက်ဆန်းကြယ်သော အဆင်းများ ပါရှိသည်။ တောက်ပသော အနီရောင် ကွေးကောက်ပြီး ဝက်အူရစ်ပုံစံ ဂျိုကြီးနှစ်ချောင်းသည် မိုးပေါ်သို့ ထောင်မတ်နေပြီး ဖန်သားပြင်တွင် အလင်းမြူများ ဖုံးလွှမ်းနေသည်။
၎င်း၏ ပါးစပ်သည် နွားပါးစပ်နှင့် လုံးဝ မတူတော့ဘဲ မိချောင်းပါးစပ်နှင့် ပိုတူနေသည်။ ငွေရောင် သွားစွယ်နှစ်တန်းသည် အထက်အောက် ယှက်နွယ်နေပြီး မျက်နှာထားမှာ ဆိုးရွားကြမ်းတမ်းလှရာ အသားစား သားရဲတစ်ကောင် ဖြစ်ကြောင်း သိသာလှသည်။
ယခုအချိန်တွင် ၎င်းသည် သားရဲကောင်ကြီး တစ်ကောင်၏ အလောင်းကို သွေးများ ဖိတ်စင်သည်အထိ အားရပါးရ ကိုက်ဝါး စားသောက်နေသည်။
ဤအလောင်းသည် အဆင့် (၇) သားရဲတစ်ကောင် ဖြစ်ကြောင်း သိသာသော်လည်း နွားဘီလူးကြီး၏ ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် အဆများစွာ သေးငယ်နေသည်။ အမဲလိုက်ခွေးနှင့် အိမ်မွေးကြောင် တွေ့သကဲ့သို့ပင် ဖြစ်နေသည်။ မိနစ်ပိုင်း အတွင်းမှာပင် ထိုအဆင့် (၇) သားရဲကြီးကို အရေခွံရော အရိုးပါ မကျန် စားသောက် ရှင်းလင်းလိုက်သည်။
၎င်းသည် လေတက်လိုက်ပြီး သွေးရောင်လွှမ်းနေသော သွားစွယ်များ ပေါ်လာသည်။ အေးစိမ့်ပြီး ရက်စက်သော မျက်လုံးများထဲတွင် မည်သည့် စိတ်ခံစားမှုမျှ မရှိပေ။
ထိုအချိန်တွင် ၎င်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားပြီး ကြွက်သားများ တင်းမာသွားသည်။ ပြင်းထန်သော အန္တရာယ် အငွေ့အသက် တစ်ခုသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ၎င်း၏ ကိုယ်ပေါ်မှ အလင်းမြူများ ပိုမို ထူထပ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး ရေလှိုင်းများကဲ့သို့ လှုပ်ခါသွားကာ ကမ္ဘာလောကကြီး တစ်ခုလုံး မှေးမှိန်သွားသကဲ့သို့ ဖြစ်သွားသည်။
ရုတ်တရက် ခေါင်းကို အနည်းငယ် စောင်းကာ ဘေးဘက်သို့ အလိုအလျောက် ကိုက်ချလိုက်သည်။
ဤကိုက်ချက်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်ပြီး အသံအရှိန် နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် မြန်ဆန်လှသော်လည်း လေကိုသာ ကိုက်မိလိုက်သည်။
၎င်းသည် စိတ်လှုပ်ရှားစွာ ဘယ်ညာ ဝေ့ကြည့်လိုက်ပြီး ခြေလေးချောင်းဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ သို့သော် ရန်သူ၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ပေ။ စောစောက ခံစားချက်သည် စိတ်ထင်ရုံသက်သက် ဖြစ်ပုံရသော်လည်း ရင်ထဲမှ အန္တရာယ် အာရုံခံစားမှုကမူ ရန်သူသည် အနီးအနားတွင် ရှိနေဆဲ ဖြစ်ပြီး ထွက်ခွာမသွားသေးကြောင်း သတိပေးနေသည်။
၎င်း၏ ပါးစပ်မှ အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး ခြေလှမ်းများကို တစ်လှမ်းချင်း နောက်ဆုတ်လိုက်သည်။
ထိုအချိန်မှာပင် ၎င်း၏ တည့်တည့် ရှေ့မလှမ်းမကမ်းတွင် သေးငယ်သော အရိပ်လေးတစ်ခု လေထဲ၌ ငြိမ်သက်စွာ ဝဲပျံနေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ ထိုအရာသည် ထိုနေရာတွင် ရှိနေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ၎င်း သတိမထားမိခဲ့ခြင်း ဖြစ်သည်။
ယခင်ကဆိုလျှင် ဤမျှ သေးငယ်သော သက်ရှိကို ၎င်း လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။ ကိုယ်ပေါ်သို့ ခုန်တက်လာလျှင်ပင် လှုပ်ရှားရန် ပျင်းနေဦးမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ၎င်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။ တစ်ကိုယ်လုံး အလင်းမြူများ ဖုံးလွှမ်းသွားပြီး ရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေသည်။
လော်ယွမ်သည် ကျန်းမာတောက်ဓား ကို ဘေးသို့ ပစ်လိုက်ရာ ဓားကြီးသည် လေထဲတွင် ဂျွမ်းထိုးသွားပြီး ဓားအိမ်နှင့်တကွ မြေကြီးပေါ်သို့ တည့်တည့် စိုက်ဝင်သွားသည်။
သူသည် လေပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူ၏ လှုပ်ရှားမှုများသည် အေးဆေးတည်ငြိမ်ပြီး လမ်းလျှောက်နေသကဲ့သို့ သက်သောင့်သက်သာ ရှိလှသည်။ ဤဘီလူးကြီး ရှိနေသည်ကို လုံးဝ ဂရုမစိုက်သည့်ပုံပင်။
သို့သော် ဘီလူးကြီးမှာမူ ပိုမို ဂနာမငြိမ် ဖြစ်လာသည်။ ၎င်းသည် မရပ်မနား ကျယ်လောင်စွာ ဟိန်းဟောက်နေပြီး ကြီးမားသော အသံလှိုင်းများကြောင့် လေထုထဲတွင် စစ်မှန်သော လှိုင်းလုံးများ ဖြစ်ပေါ်လာကာ အဆင့် ၈၊ အဆင့် ၉ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေသကဲ့သို့ ဖြစ်နေသည်။
လော်ယွမ်သည် စိတ်မရှည်စွာဖြင့် ခေါင်းကို ခါလိုက်သည်။ နားစည်များ တုန်ခါသွားသည်ဟု ခံစားလိုက်ရပြီးနောက် ခြေထောက်ကို အားပြုကာ မြေကြီးကို ဆောင့်နင်းလိုက်သည်။ ယမ်း တန်ပေါင်းများစွာ တစ်ပြိုင်နက် ပေါက်ကွဲသကဲ့သို့ မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး မီတာ တစ်ဒါဇင်ခန့် ကျယ်ဝန်းသော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာသည်။
ကြောက်မက်ဖွယ် ကောင်းသော လေလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများ အမှုန့်ဖြစ်သွားသည်။
လော်ယွမ်မှာမူ လျှပ်စီးတစ်စင်းအလား အဝေးသို့ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး မူလနေရာတွင် ကြီးမားသော ဖုန်တိမ်တိုက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
"ဝုန်း"
ခဏချင်းမှာပင် ရှေ့ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဤအရှိန်ကို ဧရာမ သတ္တဝါကြီး လုံးဝ မတုံ့ပြန်နိုင်လိုက်ပေ။ လေထုကို ခဲသွားစေလောက်သည့် လက်သီးတစ်လုံးသည် ၎င်း၏ ခြေထောက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်ရာ ၂၄ပေခန့် တုတ်ခိုင်သော ခြေထောက်ကြီးမှာ ချက်ချင်း ကျိုးပဲ့ပြတ်ထွက်သွားသည်။
ပြေးလာသော အရှိန်နှင့် လက်သီးအရှိန် ပေါင်းစပ်လိုက်ရာ လော်ယွမ်၏ လက်သီးချက်သည် အသံအရှိန်ထက် အဆ ၂၀ ကျော် မြန်ဆန်သွားသည်။ လက်သီး ဖြတ်သန်းသွားသော နေရာတွင် လေထုသည် ခေတ္တခဏ လေဟာနယ် ဖြစ်သွားသည်။ အကယ်၍ မြန်နှုန်းမြင့် ကင်မရာ ဖြင့် ကြည့်မည်ဆိုပါက...
လော်ယွမ်၏ လက်သီးသည် ၎င်း၏ ခြေထောက်နှင့် တိုက်ရိုက် မထိတွေ့မီမှာပင် အသံထက် အဆ ၂၀ ကျော် မြန်သော လေဖိအားကြောင့် ခြေထောက်မှာ လျင်မြန်စွာ ချိုင့်ဝင် ပုံပျက်သွားသည်။ ဦးစွာ မာကျောသော အသားအရေနှင့် ကြွက်သားများသည် အမှုန့်များကဲ့သို့ ကြေမွသွားပြီးနောက် မာကျောသော အရိုးများလည်း တာရှည်မခံနိုင်ဘဲ ချက်ချင်း ကွဲအက် ပြိုကွဲသွားသည်။ ဤအစိုင်အခဲဖြစ်လုနီးပါး လေစီးကြောင်းသည် အတားအဆီးမရှိ ထိုးဖောက်သွားရာ ခြေထောက်ဒဏ်ရာမှာ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး နောက်ဆုံးတွင် လုံးဝ ပြတ်ထွက်သွားသည်။ အစမှ အဆုံးထိ လော်ယွမ်၏ လက်သီးသည် တစ်ဖက်ရန်သူနှင့် တိုက်ရိုက် မထိတွေ့ခဲ့ပေ။ လေဖိအားသက်သက်ဖြင့်ပင် ခြေထောက်တစ်ချောင်းလုံးကို ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။
၎င်း ဒူးမထောက်နိုင်မီမှာပင် လော်ယွမ်က နောက်ထပ် လက်သီးတစ်လုံးဖြင့် အခြား ရှေ့ခြေထောက် တစ်ချောင်းကို ထပ်မံ ဖောက်ခွဲလိုက်သည်။
အင်အား ဤအဆင့်သို့ ရောက်လာသောအခါ သူသည် မည်သည့် ဟန်ဆောင်မှုမှ မလိုတော့ပေ။ အရှိန်နှင့် ခွန်အား သက်သက်ဖြင့်ပင် အဆင့် (၈) သက်ရှိကို အလွယ်တကူ ချေမှုန်းနိုင်ပြီ ဖြစ်သည်။
ဘီလူးကြီး၏ သနားစဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာသော်လည်း ခဏချင်းမှာပင် ရပ်တန့်သွားသည်။
ဤကဲ့သို့ လက်သီးနှင့် အသား တိုက်ရိုက်ထိတွေ့သော တိုက်ပွဲပုံစံက လော်ယွမ်၏ ရင်ထဲတွင် ဖိနှိပ်ထားသော အကြမ်းဖက်လိုစိတ်ကို နိုးကြားစေခဲ့ပုံရသည်။ သူ၏ တိုက်ခိုက်မှုများသည် ပိုမို ကြမ်းတမ်းလာပြီး ရူးသွပ်လာသည်။
တစ္ဆေကဲ့သို့ မြန်ဆန်သော လက်သီးများသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ဘီလူးကြီး၏ ကိုယ်ပေါ်သို့ ကျရောက်နေသည်။ လက်သီးတစ်ချက် ထိုးလိုက်တိုင်း သွေးမြူများ လွင့်ပျံလာပြီး လေထုသည် တဖြည်းဖြည်း သွေးရောင် သန်းလာသည်။ လျင်မြန်စွာ စီးဆင်းနေသော လေစီးကြောင်းနှင့်အတူ သွေးနံ့များသည် ကီလိုမီတာ အနည်းငယ် အကွာအဝေးထိ ပျံ့နှံ့သွားသည်။
သူသည် မကောင်းဆိုးဝါးနတ်ဘုရား ဆင်းသက်လာသကဲ့သို့ပင် မောပန်းခြင်း မရှိဘဲ လက်သီးတစ်ချက်ပြီး တစ်ချက် ဆက်တိုက် ထိုးနှက်နေသည်။ ပတ်ဝန်းကျင်မှ လေထုများ တုန်ခါနေပြီး မြေလွှာများ လန်ထွက်ကုန်သည်။ တန်ချိန်များစွာ လေးလံသော ကျောက်တုံးကြီးများပင် လေပြင်းကြောင့် လေထဲသို့ လွင့်ပါသွားပြီး ဥက္ကာခဲများကဲ့သို့ ပြန်လည် ပြုတ်ကျလာကြသည်။
ဧရိယာတစ်ခုလုံးသည် လော်ယွမ်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကြောင့် စွပ်ပြုတ်အိုး တစ်အိုးကဲ့သို့ မွှေနှောက်ခံလိုက်ရသည်။ သာမန်လူများဆိုလျှင် ၅ ကီလိုမီတာ အတွင်းသို့ပင် ကပ်နိုင်မည် မဟုတ်ပေ။ တိုက်ခိုက်စဉ် ထွက်ပေါ်လာသော အံ့မခန်း ကျယ်လောင်သည့် အသံများကို ကီလိုမီတာ ၁၀၀ ကျော် အကွာအဝေးကပင် ကြားနိုင်သည်။
၁၀ မိနစ်ကျော် ကြာပြီးနောက် လော်ယွမ် နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ ဤမျှကြာအောင် တိုက်ခိုက်ခဲ့သော်လည်း သူ၏ အသက်ရှူသံမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး မောဟိုက်ခြင်း လုံးဝ မရှိပေ။
သူ သတိပြန်ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ရာ ဝတ်ထားသော အဝတ်အစားများ အားလုံး အမှုန့်ဖြစ်သွားပြီး ကိုယ်လုံးတီး ဖြစ်နေသည်ကို ဝမ်းနည်းဖွယ် တွေ့လိုက်ရသည်။ ထို့အပြင် တစ်ကိုယ်လုံးတွင် သွေးများနှင့် အသားစများ ပေကျံနေပြီး အလွန် ပြင်းထန်သော ညှီစော်နံသည့် အနံ့ဆိုးများ ထွက်ပေါ်နေသည်။
သူ ခါးသက်သက် ပြုံးလိုက်မိသည်။ ဒီနေ့ ဝတ်ထားသည့် အဝတ်အစားမှာ သာမန် အဝတ်အစားများ ဖြစ်သည်ကို သူ မေ့နေခဲ့သည်။ မူလ တိုက်ပွဲဝင် ဝတ်စုံမှာ မနေ့ညကတည်းက သူ ဆွဲဆုတ်လိုက်၍ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဝတ်စုံ ဝတ်ထားလျှင်လည်း ဤကဲ့သို့ ကြမ်းတမ်းသော တိုက်ခိုက်မှုအောက်တွင် ကြာကြာခံနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် သွေးမိုးများ ရွာသွန်းနေဆဲ ဖြစ်သည်။ ကြေမွနေသော အသားစများနှင့် ကလီစာများ မကြာခဏ ပြုတ်ကျလာပြီး လေထုသည်ပင် ထူးဆန်းသော အနီရောင် သန်းနေသည်။ သူသည် ရှေ့မှ အလောင်းကို ကြည့်လိုက်သည်။
တိတိကျကျ ပြောရလျှင် ၎င်းကို အသားပုံကြီး တစ်ပုံဟုသာ ခေါ်၍ ရတော့မည်။
ခန္ဓာကိုယ်မှာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး အပိုင်းပိုင်း အစစ ကွဲကြေနေသည်။ ကြီးမားသော အသားတုံးများ၊ သေးငယ်သော အသားတုံးများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ အလောင်းမှာ ၁ ကီလိုမီတာ၊ ၂ ကီလိုမီတာ ပတ်လည်အထိ ပြန့်ကျဲနေပြီး မူလ ပုံပန်းသဏ္ဌာန်ကို လုံးဝ မမြင်ရတော့ပေ။
မြေပြင်ပေါ်တွင်လည်း တွင်းချိုင့်များ ပြည့်နှက်နေသည်။ အချို့တွင်းများမှာ အချင်း မီတာ အနည်းငယ်၊ အနက် ၁ မီတာ၊ ၂ မီတာ ရှိပြီး ကြီးမားသော တွင်းများမှာ အချင်း မီတာ ဆယ်ဂဏန်း၊ အနက် ၇ မီတာ၊ ၈ မီတာ အထိ ရှိကြသည်။ ကြည့်ရသည်မှာ လော်ယွမ် ရောက်ဖူးခဲ့သော လကမ္ဘာ ဖန်သားပြင်နှင့် တူနေသည်။
သူသည် စွမ်းအင်ကျောက်တုံး ကို ထုတ်ယူရန် စိတ်ကူးခဲ့သော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် နှလုံးသား မည်သည့်နေရာတွင် ရှိမှန်း ရှာမတွေ့တော့ပေ။ လုံးဝ ကြေမွသွားပြီဟု ယူဆရသဖြင့် လော်ယွမ် ကံဆိုးသည်ဟု တီးတိုး ရေရွတ်လိုက်ပြီး နောက်တစ်ခါဆိုလျှင် အားလျှော့ရမည်ဟု တွေးလိုက်သည်။
ကိုယ်ပေါ်မှ သွေးများကို ကြည့်ပြီး လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို အနည်းငယ် တုန်ခါလိုက်ရာ လေထုထဲတွင် "ဝီ" ခနဲ အသံ မြည်သွားပြီး သွေးများမှာ ကျည်ဆန်များကဲ့သို့ လွင့်စင်ထွက်သွားသည်။ ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်မှာ ဖုန်တစ်စက်မျှ မကျန် သန့်ရှင်းသွားတော့သည်။
စနစ်မှ ရရှိလာသော အတွေ့အကြုံမှတ်များ ကို ကြည့်ပြီး လော်ယွမ် စိတ်ထဲမှ ရေရွတ်လိုက်သည်။ 'နှစ်ကောင်ပဲ လိုတော့တယ်'
သူသည် ကျန်းမာတောက်ဓားကို ပြန်ကောက်ယူလိုက်ပြီး လေထဲသို့ ထပ်မံ ပျံတက်သွားကာ အဆင့် (၈) သက်ရှိများကို ဆက်လက် ရှာဖွေတော့သည်။
...
လူတစ်စုသည် ဖန်သားပြင်ကြီး ကို စိုက်ကြည့်နေကြသည်။ ဖန်သားပြင်ပေါ်တွင် လော်ယွမ်၏ ကိုယ်လုံးတီး ခန္ဓာကိုယ် လေထဲတွင် ဝဲပျံနေပုံ ပေါ်နေသည်။ အရေးကြီးသော အစိတ်အပိုင်းများကို ကာထားသော်လည်း ရုပ်တုတစ်ခုကဲ့သို့ တောင့်တင်းခိုင်မာသော ကြွက်သားများနှင့် ဖန်သားပြင်ကြီး၏ ပြင်းထန်သော ရုပ်ထွက် အာနိသင်ကြောင့် အမျိုးသမီး ဝန်ထမ်းအချို့၏ မျက်နှာများ ရဲသွားစေသည်။
"သူ အဆင့် (၈) သက်ရှိကို ရှာနေတုန်းပဲ ထင်တယ်... ကျွန်တော်တို့ဆီက အဆင့် (၈) သက်ရှိတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တကယ် ပို့ပေးစရာ မလိုဘူးလား" အရာရှိတစ်ဦးက ဖန်သားပြင်ပေါ်မှ လော်ယွမ်ကို ရိုသေခန့်ညားစွာ ကြည့်ရင်း မေးလိုက်သည်။
"မလိုဘူး... လိုအပ်ရင် သူကိုယ်တိုင် တောင်းလိမ့်မယ်... အဲဒီလိုဆိုရင် သူက ငါတို့ဆီက အကူအညီ တောင်းတာ ဖြစ်သွားမယ်... ငါတို့က သွားပို့ပေးလိုက်ရင် သဘောသဘာဝက ပြောင်းသွားပြီး ငါတို့က သူ့ကို အသနားခံသလို ဖြစ်သွားလိမ့်မယ်"
"ပေးဆပ်လိုက်ရင် ပြန်ရချင်တာ လူ့သဘာဝပဲ... ငါတို့က အမြဲတမ်း တစ်ခုခု လိုချင်နေပြီး ပြန်လည်တည်ဆောက်ရေးဇုန်က သူ့ကို ထိုက်တန်တဲ့ တုံ့ပြန်မှု မပေးနိုင်ရင် သူ့ရဲ့ သဘောထား ပြောင်းလဲသွားလိမ့်မယ်... အဲဒါက အထင်သေးတာပဲ ဖြစ်ဖြစ်... မကျေနပ်တာပဲ ဖြစ်ဖြစ် ဘယ်သူမှ ဒီတန်ဖိုးကို မရင်းနိုင်ဘူး... သူ့ရဲ့ အန္တရာယ်က အဆင့် (၈) သားရဲတွေထက် အဆတစ်ရာ ပိုကြောက်စရာ ကောင်းတယ်"
ဗိုလ်ချုပ်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် ပြန်လည်တည်ဆောက်ရေးဇုန်၏ သဘောထားတင်းမာသူ တစ်ဦးဖြစ်ပြီး ပြင်ပရန်သူများထက် အတွင်းမှ ထိန်းချုပ်မရသော အင်အားစုများကို ပိုမို စိုးရိမ်သူဖြစ်သည်။ အမှန်တကယ်တော့ ပြန်လည်တည်ဆောက်ရေးဇုန် အကြီးအကဲများထဲတွင် ထိုကဲ့သို့သော လူ အများအပြား ရှိသည်။ ဆင့်ကဲပြောင်းလဲသူများ၏ ကိုယ်ပိုင် စွမ်းအားများကို အထက်လူကြီးများက စိုးရိမ်နေကြသောကြောင့်သာ မဟုတ်လျှင် ပြန်လည်တည်ဆောက်ရေးဇုန်တွင် ဆင့်ကဲပြောင်းလဲသူ အများအပြား ကျန်ရှိနေတော့မည် မဟုတ်ပေ။
...
တစ်ချိန်တည်းမှာပင် မားစ်ဂြိုဟ် နှင့် ဂျူပီတာဂြိုဟ် ကြားရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား ရပ်ဝန်း အတွင်းတွင် ကြီးမားသော အာကာသယာဉ်ကြီး တစ်စင်း ငြိမ်သက်စွာ မျောပါနေသည်။
၎င်းသည် အချင်း ၁.၅ ကီလိုမီတာခန့် ရှိသော ပန်းကန်ပြားပုံစံ ယာဉ်ကြီး ဖြစ်သည်။ မီးခိုးရောင် သတ္တုဖန်သားပြင်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး နေရာအနှံ့တွင် ထိတ်လန့်ဖွယ်ရာ ခြစ်ရာများ ရှိနေသည်။ အချို့ခြစ်ရာများသည် မီလီမီတာ အနည်းငယ်သာ နက်သော်လည်း အချို့မှာမူ စင်တီမီတာ ၃၀၊ ၄၀ အထိ နက်သည်။ အချို့နေရာများတွင် ဥက္ကာခဲများ စိုက်ဝင်နေပြီး ရှေးကျသော အငွေ့အသက်များကို ဆောင်ကြဉ်းနေသည်။
အခြားတစ်ဖက်မှ ကြည့်လျှင် ဤယာဉ်ကြီး၏ သံချပ်ကာ ထူထဲမှုမှာ ယုံကြည်နိုင်စရာ မရှိအောင်ပင်။
အမှန်တကယ်တော့ ၎င်း၏ ဖန်သားပြင် သံချပ်ကာ သက်သက်ကပင် မီတာ ၃၀ ထူသည်။ ဤမျှ ကြီးမားသော ယာဉ်ကြီးပေါ်တွင် လူဦးရေ တစ်ထောင်ကျော်သာ ပါဝင်သည်။ ဤမျှ ကြီးမားရခြင်းမှာ အတွင်းပိုင်းတွင် စက်ရုံအများအပြား၊ အခြေခံပစ္စည်းများနှင့် လောင်စာ အမြောက်အမြား ပါဝင်သောကြောင့် ဖြစ်သည်။
'ဗိုရှင်းဂြိုဟ်သား' များ၏ ကြယ်စု အတွင်း အာကာသ ခရီးသွားလာမှုသည် ရင့်ကျက်နေပြီ ဖြစ်ပြီး ဂြိုဟ်အချင်းချင်း ပျံသန်းမှုမှာ ပုံမှန်ကိစ္စ ဖြစ်နေပြီ ဖြစ်သည်။ မိခင်ဂြိုဟ်မှ ထွက်ခွာပြီး ပတ်ဝန်းကျင် ဂြိုဟ်များကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ နေကြပြီ ဖြစ်သော်လည်း ဤကဲ့သို့ ဝေးကွာသော ကြယ်တာရာ ခရီးသွားလာမှု သည် ပထမဆုံးအကြိမ် ဖြစ်သည်။
ဤအာကာသယာဉ်သည် စမ်းသပ်မှု သဘော ပါဝင်ပြီး လက်ရှိ ခေတ်အမီဆုံး နည်းပညာ အားလုံးကို စုစည်းထားသည်။ ၎င်းသည် အာကာသထဲတွင် နှစ်ပေါင်း ၆၀ နီးပါး ခရီးနှင်ခဲ့ပြီး ယာဉ်တစ်ခုလုံး၏ အစိတ်အပိုင်း အများစုနှင့် အင်ဂျင်များကို အကြိမ်ကြိမ် လဲလှယ်ခဲ့ရသည်။ တစ်ကြိမ်တွင် ဂရမ်ရာပေါင်းများစွာ လေးသော ဥက္ကာခဲတစ်ခုက အလင်းအရှိန်နီးပါး ဖြင့် မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့သဖြင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး အကြီးစား ပြုပြင်ရန်အတွက် အာကာသထဲတွင် တစ်နှစ်ကြာ ရပ်နားခဲ့ရသည်။
နောက်ဆုံးတွင် လွန်ခဲ့သော ၅ နှစ်က ဤမရင်းနှီးသော နေအဖွဲ့အစည်း သို့ ရောက်ရှိ ရပ်နားခဲ့ခြင်း ဖြစ်သည်။
ဇီဝဓာတ်ခွဲခန်း တစ်ခုထဲတွင် မရေမတွက်နိုင်သော ဖန်ပြွန်များအတွင်း 'ဗိုရှင်းဂြိုဟ်သား' သန္ဓေသားလောင်းများ ဖြည်းညှင်းစွာ ကြီးထွားနေကြသည်။
'ဗိုရှင်းဂြိုဟ်သား' များ၏ မျိုးဗီဇ နည်းပညာ သည် လူသားများထက် များစွာ သာလွန်ပြီး နာနိုအဆင့် အရာဝတ္ထုများကိုပင် အဏုကြည့်မှန်ပြောင်းအောက်တွင် စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မျိုးဗီဇ နည်းပညာကို ၎င်းတို့ ကိုယ်တိုင်တွင်လည်း အသုံးပြုကြသည်။
ရှေးဦး 'ဗိုရှင်းဂြိုဟ်သား' များသည် ယခုထက် ပိုမို အားနည်းပြီး သက်တမ်းလည်း တိုတောင်းကာ ပျမ်းမျှအသက် ၅၀ အောက်သာ ရှိသည်။ ယခုအခါတွင်မူ သာမန် 'ဗိုရှင်းဂြိုဟ်သား' များသည် နှစ်ပေါင်း ၃၀၀ ခန့် အသက်ရှည်နေထိုင်နိုင်ကြပြီ ဖြစ်သည်။
မျိုးဗီဇ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ၎င်းတို့သည် သဘာဝ ဆင့်ကဲဖြစ်စဉ်၏ အချုပ်အနှောင်မှ လွတ်မြောက်ပြီး မိမိကိုယ်ကို ပြီးပြည့်စုံအောင် ဖန်တီးသော ခေတ်သို့ ရောက်ရှိလာကြသည်။
ဝမ်းနည်းစရာမှာ ဂြိုဟ်တစ်ခုတည်းမှ သဘာဝအလျောက် ဖြစ်ပေါ်လာသော မျိုးဗီဇနမူနာများမှာ အကန့်အသတ် ရှိနေသည်။ တစ်ခါတစ်ရံတွင် အဆင့်နိမ့် ခရုမျိုးနွယ် သတ္တဝါတစ်ခု၏ မျိုးဗီဇ အများစုသည် ဉာဏ်ရည်မြင့် သက်ရှိများနှင့် တူညီနေတတ်သည်။ မျိုးဗီဇကို လူလုပ် ပေါင်းစပ်ခြင်းသည် ပင်လယ်ထဲတွင် အပ်ရှာသကဲ့သို့ ကံတရားအပေါ် လုံးဝ မူတည်နေသည်။ သက်ရှိကို ဤအဆင့်အထိ ကောင်းမွန်အောင် ပြုပြင်ပြီးနောက် ကာလတိုအတွင်း တိုးတက်မှုမှာ အကန့်အသတ် ရှိလာပြီး အချိန်ကို စောင့်ဆိုင်းပြီးမှသာ တစ်ဆင့်ချင်း ထိုးဖောက်နိုင်တော့မည် ဖြစ်သည်။
အမှန်တကယ်တော့ 'ဗိုရှင်းဂြိုဟ်သား' များ၏ မူလအစီအစဉ်မှာ ဤနေရာတွင် ၃ နှစ်သာ နေထိုင်ပြီး ဖျက်ဆီးရေး စီမံကိန်းကို အကောင်အထည် ဖော်ရန် ဖြစ်သည်။
သို့သော် သော့ဖွင့်ဗိုင်းရပ်စ် ၏ ဗီဇပြောင်းလဲမှုက ယခင် အစီအစဉ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။ ဤဂေဟစနစ် ဂြိုဟ် (ကမ္ဘာ) ပေါ်ရှိ ကြီးမားသော ဗီဇပြောင်း မျိုးဗီဇ ဘဏ်တိုက်ကြီးသည် 'ဗိုရှင်းဂြိုဟ်သား' အားလုံး၊ အထူးသဖြင့် သုတေသီများကို စိတ်လှုပ်ရှားစေခဲ့သည်။ စွမ်းအားကြီးပြီး လျှို့ဝှက်ဆန်းကြယ်သော မျိုးဗီဇ အုပ်စုများကို ဆက်တိုက် ရှာဖွေတွေ့ရှိလာသည်နှင့်အမျှ ခေတ်သစ်တစ်ခု ရောက်ရှိလာတော့မည်ကို အားလုံးက ကြိုတင် ခံစားမိနေကြသည်။
နောက်မျိုးဆက်သစ် 'ဗိုရှင်းဂြိုဟ်သား' များသည် ပိုမို သန်မာလာမည်၊ ပိုမို ဉာဏ်ကောင်းလာမည် ဖြစ်ပြီး ထူးဆန်းအံ့ဩဖွယ် စွမ်းရည်များကို ပိုင်ဆိုင်လာကြလိမ့်မည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ နည်းပညာများလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ယဉ်ကျေးမှု ပိုမို ထွန်းကားလာကာ ၎င်းတို့ သက်ရှိထင်ရှား ရှိနေစဉ်မှာပင် ကြယ်တာရာ နယ်ချဲ့ခြင်းကို ပြီးမြောက်နိုင်ပေလိမ့်မည်။
၎င်းတို့ကဲ့သို့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသော အခြေအနေတွင် လူဦးရေ ဆိုသည်မှာ မက်ခရို ထိန်းချုပ်မှု အောက်ရှိ ကိန်းဂဏန်း တစ်ခုမျှသာ ဖြစ်သည်။ နေထိုင်စရာ နေရာနှင့် အရင်းအမြစ် လုံလောက်စွာ ရှိပါက ၎င်းတို့၏ အရေအတွက်သည် ဆယ်ဆ၊ အဆတရာ၊ အဆတထောင်မက တိုးပွားလာနိုင်သည်။ မကြာမီ ကာလတစ်ခုတွင် နောက်ထပ် 'ဗိုရှင်းဂြိုဟ်သား' အများအပြား ဤနေရာသို့ ရောက်ရှိလာကြပေလိမ့်မည်။
ဆက်ရန်...
အပိုင်း (၄၄၀) ကားလိပ်ဖွင့်ခြင်း
ယခုအချိန်တွင် အာကာသယာဉ်၏ ဗဟိုအစည်းအဝေးခန်းမ၌ အဆင့်မြင့်ခေါင်းဆောင် အနည်းစုသာ ပါဝင်သော အစည်းအဝေးတစ်ခု ကျင်းပနေသည်။
ရုပ်လုံးကြွ မျက်နှာပြင်ပေါ်တွင် ကြည်လင်ပြတ်သားသော ရုပ်ပုံများ ဆက်တိုက်ပေါ်ထွက်လာနေသည်။ အာရှအရှေ့ပိုင်းမှ ပြန်လည်တည်ဆောက်ရေးဇုန်၊ မြောက်အမေရိကရှိ ကနေဒါ-အမေရိက စုရပ်၊ ဥရောပမြောက်ပိုင်းမှ ရုရှား-ဥရောပဇုန် စသည့်နေရာများ ပါဝင်သည်။ မျက်နှာပြင်တွင် တခါတရံ ဧရာမ စက်ရုံကြီးများ ပေါ်လာပြီး မီးခိုးခေါင်းတိုင်များမှ မီးခိုးလုံးကြီးများ တလူလူ ထွက်နေသည်ကို တွေ့ရသည်။
တချို့ရုပ်ပုံများတွင် လူသားများနှင့် သန္ဓေပြောင်းသတ္တဝါများ၏ တိုက်ပွဲများကို ပြသထားပြီး လက်နက်မျိုးစုံကို တစ်ခုပြီးတစ်ခု မြင်တွေ့ရသည်။
ဗီဒီယိုဖိုင်များ ဆက်တိုက် ပြသနေပြီး နောက်ဆုံးတွင် ပုံရိပ်တစ်ခု၌ ရပ်တန့်သွားသည်။ အစည်းအဝေးခန်းမထဲတွင် အာမေဋိတ်သံ တီးတိုးထွက်ပေါ်လာပြီး စိတ်လှုပ်ရှားနေသော ဗိုရှင်းဂြိုဟ်သားတစ်ယောက်မှာ မသိစိတ်ဖြင့် မတ်တတ်ထရပ်လိုက်ရာ ခန်းမတစ်ခုလုံး ဆူညံသွားသည်။
မျက်နှာပြင်ပေါ်တွင် မြင်ရသည်မှာ အေးစက်တည်ငြိမ်သော ဒေသခံ ကမ္ဘာသားတစ်ဦး၏ ပုံရိပ်ဖြစ်သည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မပေါ်ပေ။ နောက်ခံမြင်ကွင်းကို ဖယ်လိုက်လျှင် ဤ ဂေဟစနစ်ဂြိုဟ်ပေါ်ရှိ အခြားဒေသခံများနှင့် ဘာမျှမကွာခြားပေ။ သို့သော် သူ့နောက်တွင် ကြီးမားသော ဂြိုဟ်ကြီးတစ်လုံးနှင့် မလှမ်းမကမ်းတွင် လကမ္ဘာဟု ခေါ်ကြသည့် ဂြိုဟ်ရံလကို တွေ့လိုက်ရသောအခါ ဗိုရှင်းဂြိုဟ်သားအားလုံး အလွန်အမင်း တုန်လှုပ်သွားကြသည်။
"အာကာသ သက်ရှိပါလား"
"ဒီလောက်စွမ်းအားကြီးတဲ့ ဒေသခံမျိုး ဘယ်လိုလုပ် ပေါ်လာရတာလဲ... ဗိုင်းရပ်စ်ကို လွှတ်ပေးလိုက်တုန်းက ဉာဏ်ပညာရှိ သက်ရှိတွေကို သက်ရောက်မှုမရှိအောင် လုပ်ထားတာ မဟုတ်ဘူးလား... ဒေသခံ စွမ်းအားရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုနှုန်းက ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သတ္တဝါတွေကို ဘယ်လိုလုပ် မီနေတာလဲ... ဒါမှမဟုတ် သူတို့ရဲ့ မျိုးဗီဇနည်းပညာက ငါတို့ကို ကျော်တက်သွားတာလား" စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးက ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
"အဏုကြည့် ရှုထောင့်ကနေကြည့်ရင် အရာရာတိုင်းဟာ ဖြစ်နိုင်ခြေလှိုင်းတွေနဲ့ ဖွဲ့စည်းထားတာပဲ... ဖြစ်နိုင်ခြေ ဘယ်လောက်နည်းနည်း တကယ်ဖြစ်လာပြီဆိုရင် ဒါဟာ ရာနှုန်းပြည့် ဖြစ်သွားတာပဲ... ဒါကြောင့် ဒီကိစ္စကို ငြင်းခုံနေတာ အဓိပ္ပာယ်မရှိဘူး" သုတေသန ကိုယ်စားလှယ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြန်ချေပသည်။ "ဒါက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တစ်ခု... အံ့ဖွယ်ရလဒ်တစ်ခု ဖြစ်သင့်တယ်... ငါတို့ကို ကျော်တက်ဖို့ကတော့ မဖြစ်နိုင်ဘူး... သူတို့ရဲ့ စက်မှုလုပ်ငန်းသာ နာနိုအဆင့်ထိ တကယ်ရောက်နေပြီဆိုရင် ဒီလောက် အကျပ်အတည်း ဖြစ်နေချိန်မှာ ဘာမှမလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။"
"တိတ်ကြစမ်း" ယာဉ်မှူးက စားပွဲကို မကျေမနပ် ခေါက်လိုက်သည်။ "ဆက်ကြည့်လိုက်"
ထို့နောက်တွင် ထိုဒေသခံနှင့် ပတ်သက်သော ဗီဒီယိုများ အားလုံး ဆက်တိုက် ပေါ်လာသည်။ အလွန်အမင်း မြန်ဆန်သော ပျံသန်းနှုန်း၊ ကြောက်မက်ဖွယ် ခွန်အား၊ အရိပ်ပမာ လှုပ်ရှားမှုများ ပါဝင်သည်။
သန္ဓေပြောင်းသတ္တဝါများနှင့် တိုက်ခိုက်ခန်းများတွင် ဗိုရှင်းဂြိုဟ်သားများအမြင်၌ ဧရာမဘီလူးကြီးတစ်ကောင်သဖွယ် ဖြစ်နေသော ဤဒေသခံသည် ဒဏ္ဍာရီထဲက နတ်ဘုရားတစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသကဲ့သို့ပင်။ လှုပ်ရှားလိုက်တိုင်း တောင်ပြိုမြေခမတတ် ဖြစ်နေသည်။ အစည်းအဝေး တက်ရောက်သူ ဗိုရှင်းဂြိုဟ်သားတိုင်း မျက်နှာထား လေးနက်သွားပြီး ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။
သတိပြုရမည်မှာ ဤနေရာသည် ဆွဲငင်အားနည်းသော မိခင်ကမ္ဘာမြေ ဖြစ်သည်။ ဤကဲ့သို့သော ဆွဲငင်အားအောက်တွင် သာမန် ဗိုရှင်းဂြိုဟ်သားများဆိုလျှင် မတ်တတ်ရပ်ဖို့ပင် ခက်ခဲနေမည် ဖြစ်သည်။
"ဒါက ကြောက်စရာကောင်းတဲ့ စူပါသက်ရှိတစ်မျိုးပဲ... နတ်ဘုရားလို့ ခေါ်ရင်တောင် လွန်မယ်မထင်ဘူး... သူ့ရဲ့ အမြင့်ဆုံးအမြန်နှုန်းက အလင်းအမြန်နှုန်းရဲ့ သောင်းပုံငါးပုံရှိတယ်... ခန္ဓာကိုယ် ခွန်အားက ငါတို့ ဗိုရှင်းဂြိုဟ်သားတွေထက် အဆ ၁၀၀၀၀ ကျော် သန်မာတယ်... ကွမ်တမ် ခုန်ကူးခြင်း သို့မဟုတ် နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ရှိတယ်... အန္တရာယ်ကို ကြိုတင်အာရုံခံနိုင်စွမ်းလည်း ရှိတဲ့ပုံပဲ... သူ့ရဲ့ ပုံစံတူမော်ဒယ်ကို တည်ဆောက်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်တာတော့ သူ့ရဲ့ အန္တရာယ်ပေးနိုင်စွမ်းက သာမန် အာကာသသတ္တဝါကြီးတွေထက် ဆယ်ဆလောက် ပိုများနေပါတယ်"
အန္တရာယ်ပေးနိုင်စွမ်း ဆိုသည်မှာ ဖျက်ဆီးနိုင်စွမ်းကို ဆိုလိုခြင်း မဟုတ်ဘဲ သတ်ဖြတ်ရန် ခက်ခဲမှုနှုန်းကို ဆိုလိုခြင်းဖြစ်သည်။ ခန္ဓာကိုယ်သေးငယ်ပြီး နေရာရွှေ့ပြောင်းနိုင်စွမ်းရှိသော လော်ယွမ်သည် ဧရာမ အာကာသသတ္တဝါကြီးများထက် ကိုင်တွယ်ရ ပိုခက်ခဲမည်မှာ အသေအချာပင်။
ဗိုရှင်းဂြိုဟ်သားအားလုံး အသက်ရှူမှားသွားကြသည်။ ပြင်ပအကူအညီ ကိရိယာမပါဘဲ သက်ရှိခန္ဓာကိုယ် သက်သက်ဖြင့် ဤအဆင့်ရောက်နေခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် ဒါမျိုးကို ဒဏ္ဍာရီ ပုံပြင်ဟုသာ ထင်ကြလိမ့်မည်။ သို့သော် မည်မျှပင် တုန်လှုပ်အံ့သြစေကာမူ ဒါက တစ်သီးပုဂ္ဂလ စွမ်းအားအပေါ် အံ့သြခြင်း၊ သက်ရှိတို့၏ ဆန်းကြယ်မှုကို အံ့သြခြင်းသာ ဖြစ်သည်။ ဗိုရှင်းဂြိုဟ်သား မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့၏ ကြယ်တာရာ အာကာသယာဉ်ကြီးကို ဤဒေသခံက ခြိမ်းခြောက်နိုင်လိမ့်မည်၊ ဖျက်ဆီးနိုင်လိမ့်မည်ဟု မယူဆကြပေ။ အဘယ်ကြောင့်ဆိုသော် အင်အားချင်း ယှဉ်ကြည့်လျှင် အဆင့်အတန်းချင်း လုံးဝ မတူညီသောကြောင့် ဖြစ်သည်။ နှိုင်းယှဉ်စရာပင် မလိုပေ။
"ကျွန်တော် ထင်တယ်... ကမ္ဘာမြေကို အရင်လွှတ်လိုက်တဲ့ သုတေသနအဖွဲ့ ထူးထူးဆန်းဆန်း သေဆုံးသွားတဲ့ ဖြစ်ရပ်ကို အားလုံး မှတ်မိကြဦးမယ် ထင်တယ်... အဲဒီတုန်းက ဒေသခံတွေ ပင်လယ်ကို မဖြတ်ကျော်နိုင်ဘူးလို့ ယူဆပြီး သူတို့ကို သံသယစာရင်းကနေ ပယ်ဖျက်ခဲ့ကြတယ်... အဲဒီသေဆုံးမှုဟာ မြေအောက်က လာတဲ့ ထူးဆန်းတဲ့ သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကောင် လက်ချက်လို့ပဲ ကောက်ချက်ချခဲ့ကြတယ်" ယာဉ်မှူးက ဆက်ပြောသည်။
"ခင်ဗျား ဆိုလိုတာက ဒေသခံတွေ လက်ချက်... ဒီလူရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ပြောချင်တာလား" ဗိုရှင်းဂြိုဟ်သားတစ်ဦးက ချက်ချင်း မေးလိုက်သည်။
"ဟုတ်တယ်... ဘာလို့လဲဆိုတော့ သူတို့က ဖြစ်နိုင်ချေ အရှိဆုံးပဲ... ဒီလိုသာ ကောက်ချက်ချလိုက်ရင် အဲဒီတုန်းက မရှင်းလင်းခဲ့တဲ့ အချက်တွေ အားလုံး အဖြေပေါ်သွားပြီ"
"အဲဒီ ယာဉ်ပျံထဲမှာ အလောင်း ၆ လောင်းပဲ ရှာတွေ့ခဲ့တယ်... နာမည်ကျော် ဗိုင်းရပ်စ်ပညာရှင် သွန်းသွန်း ရဲ့ အလောင်း ပျောက်နေတယ်... တစ်ချိန်တည်းမှာပဲ အဆင့် ၃ စစ်ဘက်ဆိုင်ရာ စက်ရုပ် တစ်ရုပ်လည်း ပျောက်ဆုံးသွားခဲ့တယ်"
"လူကြီးမင်းတို့... တကယ်တမ်း ပြောရရင် ကျွန်တော်တို့အကြောင်း ပေါက်ကြားသွားလောက်ပြီ... အခုဆို သူတို့က ကနဦး အနုမြူ ပေါင်းစပ်စွမ်းအင် နည်းပညာကို ပိုင်ဆိုင်နေပြီ... ပြီးတော့ ကျွန်တော်တို့ရဲ့ စစ်ဘက်ဆိုင်ရာ စက်ရုပ်ကိုလည်း ရရှိသွားဖို့ များနေတယ်... ဒီအတိုင်း လွှတ်ထားရင် အန္တရာယ်အရမ်းများတယ်... လုံခြုံရေးအရ ဖျက်ဆီးရေးစီမံကိန်းကို ချက်ချင်း စတင်ဖို့ ကျွန်တော် အကြံပြုလိုပါတယ်"
"ယာဉ်မှူး... ခင်ဗျား စိုးရိမ်လွန်နေတယ်လို့ ကျွန်တော် ထင်တယ်... ယဉ်ကျေးမှု ကွာခြားချက်ကို ဖယ်လိုက်ရင်တောင် ဒီဒေသခံတွေရဲ့ ဉာဏ်ရည်က ကျွန်တော်တို့ထက် မနိမ့်ပါဘူး... စစ်ပွဲတွေရဲ့ တွန်းအားကြောင့် သူတို့ရဲ့ နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတယ် ဆိုပေမယ့် နည်းပညာ ကွာဟချက်က အရမ်းကြီးလွန်းတယ်လေ... ကျွန်တော်တို့ရဲ့ နည်းပညာကို ကိုးကားစရာအဖြစ် ရရင်တောင်မှ အချိန်တိုအတွင်း အမီလိုက်နိုင်မှာ မဟုတ်ဘူး... အနည်းဆုံး နှစ် ၃၀ အတွင်း ကျွန်တော်တို့ ဒီလောက် စိုးရိမ်စရာ မလိုပါဘူး... အရင်အစီအစဉ်အတိုင်းပဲ ဆက်လုပ်သင့်တယ်လို့ ကျွန်တော် ထင်တယ်" သုတေသန ကိုယ်စားလှယ်တစ်ဦးက မာန်တက်သော လေသံဖြင့် ပြောသည်။
"ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ဆီးပစ်မယ့်အစား ဒီဒေသခံရဲ့ မျိုးဗီဇက ကျွန်တော်တို့ ဗိုရှင်းဂြိုဟ်သားတွေအတွက် ပိုတန်ဖိုးရှိတယ်... သူ့ရဲ့ မျိုးဗီဇ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက အဆင့်မြင့်မားသွားလိမ့်မယ်... ဒီက ဒေသခံတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ ကြောက်စရာ မလိုတော့ဘူး"
ဤ ကြယ်တာရာခရီးစဉ်တွင် အကျိုးအမြတ် အများဆုံး ရရှိသူမှာ သုတေသနဌာန ဖြစ်သည်။ မျိုးဗီဇနမူနာ အသစ်တွေရော၊ ကမ္ဘာမြေ နည်းပညာတွေဆီကနေ ရရှိတဲ့ အတွေးအမြင်သစ်တွေရော သူတို့အတွက် အလွန် အကျိုးရှိစေခဲ့သည်။ တန်ဖိုးမဖြတ်နိုင်အောင်ပင်။ ဗိုရှင်းဂြိုဟ်သားတွေထဲမှာ စစ်ပွဲစဖို့ အပြင်းထန်ဆုံး ကန့်ကွက်သူတွေကတော့ သုတေသနဌာနက လူတွေပင် ဖြစ်သည်။
"ဒီကို စရောက်တုန်းက ခင်ဗျားတို့ သုတေသနဌာနက လေ့လာဖို့ ၃ နှစ် အချိန်လိုတယ်ဆိုလို့ ကျွန်တော်တို့ ၃ နှစ် စောင့်ခဲ့တယ်လေ... ပြီးတော့ နောက်ထပ် ၆ လ ထပ်လိုတယ်ဆိုလို့ ထပ်စောင့်ပေးခဲ့တယ်... အချိန်တွေ ဆွဲလာလိုက်တာ အခုဆိုရင် ၅ နှစ်တောင် ပြည့်တော့မယ်... အချိန်ဆွဲတာ တော်လောက်ပြီလို့ ထင်တယ်... နောက်ထပ် ၅ နှစ် ထပ်စောင့်ရဦးမှာလား... ကျွန်တော်တို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့ဦး... ဒီယဉ်ကျေးမှုအဖွဲ့အစည်းကို ဖျက်ဆီးပစ်ဖို့က ကျွန်တော်တို့ရဲ့ အဓိက တာဝန်ပဲ" စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးက သုတေသန ကိုယ်စားလှယ်ကို မကျေမနပ် ကြည့်ပြီး ပြောလိုက်သည်။
အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့ မိခင်မြေမှ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီ။ အချိန်အများစုကို အိပ်စက်ခြင်းပြွန်များထဲတွင် ကုန်ဆုံးခဲ့ရပြီး ကွမ်တမ် ဆက်သွယ်ရေးစနစ်ဖြင့် မိခင်ကမ္ဘာနှင့် အချိန်မရွေး ဆက်သွယ်နိုင်သော်လည်း လွမ်းဆွတ်တမ်းတစိတ်ကိုတော့ မလျှော့ချနိုင်ခဲ့ပေ။ ရှည်လျားသော ခရီးလမ်းကြောင့် ဗိုရှင်းဂြိုဟ်သား အများစုသည် အိမ်ပြန်ချင်စိတ် စောနေကြပြီး တစ်ရက်လေးတောင် ပိုမနေချင်ကြတော့ပေ။
"ကျွန်တော်ကတော့ ဒီဒေသခံရဲ့ မျိုးဗီဇကို အရင်ရယူဖို့ ပြင်းပြင်းထန်ထန် အကြံပြုချင်တယ်... ဒီမျိုးဗီဇရဲ့ တန်ဖိုးက တိုင်းတာလို့ မရနိုင်ဘူး... ဒီအခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့အားလုံး ဗိုရှင်းဂြိုဟ်သားတွေရဲ့ သမိုင်းတရားခံ ဖြစ်သွားလိမ့်မယ်" သုတေသန ကိုယ်စားလှယ်က တင်းမာစွာ ပြောသည်။
ယာဉ်မှူး မျက်မှောင်ကြုတ်လိုက်သည်။ ဒီလို ကန့်ကွက်မှုမျိုး ရှိနေရင် အလွယ်တကူ ဆုံးဖြတ်လို့ မရပေ။ သူက စစ်သေနာပတိချုပ် ဖြစ်သော်လည်း မိခင်ကမ္ဘာနှင့် ဆက်သွယ်ရေး လွယ်ကူချောမွေ့နေသဖြင့် သူ့သဘောဆန္ဒအတိုင်း တစ်ဦးတည်း ဆုံးဖြတ်၍ မရနိုင်ပေ။ အထူးသဖြင့် သုတေသနဌာန၏ သဘောထား ဖြစ်နေသောကြောင့် ပို၍ သတိထားရသည်။ သူ ခဏ စဉ်းစားပြီးမှ ပြောလိုက်သည်။
"ကျွန်တော် ထင်တာတော့ တာဝန်ပြီးမြောက်ဖို့နဲ့ ဒီဒေသခံရဲ့ မျိုးဗီဇရယူဖို့ ဆိုတာက တစ်လမ်းစီမဖြစ်ဘူးလေ... ကျွန်တော်တို့အတွက် ဒါက စစ်ပွဲလို့တောင် ခေါ်လို့မရဘူး... မဲခွဲဆုံးဖြတ်ကြတာပေါ့"
"နောက်ပြီး ခင်ဗျားတို့ကို သတင်းကောင်းတစ်ခု ပြောပြရမယ်" ကျွန်တော်တို့ ထွက်လာပြီး နှစ် ၆၀ အတွင်းမှာ မိခင်ကမ္ဘာရဲ့ နည်းပညာတွေက ခုန်ပျံကျော်လွှား တိုးတက်သွားပြီ... မျိုးဆက်သစ် အာကာသယာဉ်တွေလည်း တည်ဆောက်ပြီးသွားပြီ... နောင်ကျရင် ခင်ဗျားတို့အားလုံး ဒီကို ပြန်လာခွင့် ရကြဦးမှာပါ"
...
ဥက္ကာခဲများပေါ်တွင် မီတာ ၂၀ ကျော် မြင့်မားသော စက်ရုပ်ကြီး ဆယ်ဂဏန်းခန့်သည် လက်တံပေါင်းများစွာကို ဝှေ့ယမ်းပြီး စက်ရုံကြီးများကို သေတ္တာပိတ်သကဲ့သို့ ခေါက်သိမ်းနေကြသည်။ ထို့နောက် အမြီးပိုင်းမှ မီးတောက်များ မှုတ်ထုတ်ကာ တန်ချိန်သောင်းချီ လေးလံသော စက်ရုံအစိတ်အပိုင်းများကို တွန်းပို့ပြီး အာကာသယာဉ်၏ အောက်ခြေရှိ ဂိုဒေါင်များဆီသို့ ပို့ဆောင်နေကြသည်။
ပတ်ဝန်းကျင်ရှိ ဥက္ကာခဲပေါင်း ၇၀၀ ကျော်ပေါ်တွင် စက်ရုံပေါင်း ၂၀၀၀ ကျော် တည်ရှိသည်။ ၎င်းတို့တွင် သယံဇာတ တူးဖော်ရေး၊ သတ္တုသန့်စင်ရေး၊ စက်ပစ္စည်း ထုတ်လုပ်ရေး၊ ဓာတုဗေဒ ပေါင်းစပ်ရေး စသည့် ယာဉ်ပျံအတွက် လိုအပ်သော အစိတ်အပိုင်းများကို ထုတ်လုပ်သည့် စက်ရုံများ ပါဝင်သည်။
စက်ရုံအားလုံးကို ပြန်လည်သိမ်းဆည်းလိုက်သည်နှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ရပ်ဝန်းတစ်ခုလုံး အလုပ်ရှုပ်သွားပြီး သယ်ယူပို့ဆောင်ရေးယာဉ် အမြောက်အမြား အာကာသထဲတွင် ပျံသန်းနေကြသည်။
ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ဤစက်ရုံများသည် ကုန်ကြမ်းပစ္စည်းများနှင့် ပေါင်းစပ်စွမ်းအင်လောင်စာ အမြောက်အမြားကို စုဆောင်းခဲ့ပြီး အပြန်ခရီးအတွက် အာကာသယာဉ် အပိုပစ္စည်း အများအပြားကိုလည်း ထုတ်လုပ်ခဲ့သည်။ အကယ်၍ အစိတ်အပိုင်းအားလုံးကို ပေါင်းစပ်လိုက်လျှင် အာကာသယာဉ် နှစ်စင်းစာပင် ပြန်လည် တပ်ဆင်နိုင်လောက်သည်။
သို့သော် လက်တွေ့တွင် ရာစုနှစ်ဝက်ကြာမည့် ခရီးရှည်ကြီး၌ စက်ပစ္စည်းများ ပွန်းစားမှုနှင့် အာကာသထဲတွင် ကြုံတွေ့ရနိုင်သော မတော်တဆမှုများ၊ အန္တရာယ်များကို ထည့်တွက်လိုက်လျှင် ဤအပိုပစ္စည်း အရေအတွက်သည် လုံလောက်သည်ဟု မဆိုနိုင်သေးပေ။ ခရီးရှည်ကြီးအတွင်း နောက်ထပ် အစိတ်အပိုင်းများစွာကို ထပ်မံထုတ်လုပ်သွားရဦးမည် ဖြစ်သည်။
ဆက်ရန်...