အခန်း (၁၁)
Vol. 2 Ch. 11
🌹Chapter 11
သူ့ရှေ့က လက်သီးဆုပ်အရွယ် အဝါရောင်ငှက်ပေါက်လေးကို ကြည့်ရင်း ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။
ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကို ရှာဖွေနိုင်ဖို့ ဆုတောင်းခဲ့သော်လည်း အံ့ဖွယ်ပိုးအိတ်က ငှက်ပေါက်လေးတစ်ကောင် ပေးလာခဲ့သည်။
‘ဒီငှက်ပေါက်ကို ကင်လိုက်ပြီး အနံ့နဲ့ မျှားရမှာလား…’
ငှက်ပေါက်လေးက အတောင်ကို တဖျပ်ဖျပ်ခတ်ပြီး ပိုးအိတ်ထဲမှ ထွက်လာဖို့ကြိုးစားနေသည်။
သို့သော် အကောင်သေးလွန်းသဖြင့် ကောင်းကောင်းမပျံတတ်သေးဘဲ လေထဲမှာ နှစ်စက္ကန့်လောက် ဆန့်တငင်ငင်ဖြစ်သွားပြီး ယန်ရုန်ရုန်လက်ဖဝါးပေါ် တုန်တုန်ယင်ယင် ရောက်ရှိလာခဲ့သည်။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်လိုက်ပြီး ငှက်ပေါက်ကို သေချာ စစ်ဆေးကြည့်လိုက်သည်။
ဒီလောက်သေးငယ်သည့် ငှက်ပေါက်ကလေးကတော့ ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်အတွက် အစာမဖြစ်နိုင်တာ သေချာပါသည်။
ငှက်ပေါက်လေးက ခေါင်းမော့ကြီး စူးစူးဝါးဝါး အသံလေးဖြင့် အော်ဟစ်နေသည်။
ထိုအသံလေးတွေ ယန်ရုန်ရုန်နားထဲ ရောက်ရှိလာသောအ ခါထူးထူးဆန်းဆန်း အီလက်ထရွန်းနစ် စက်ရုပ်သံများအဖြစ် အလိုလျောက် ပြောင်းလဲသွားခဲ့ပါသည်။
“စနစ်ပိုင်ရှင် ကျွန်ုပ်ပါ!”
ယန်ရုန်ရုန် ကြက်သေသေသွားပြီး မျက်လုံးများ မယုံ ကြည်နိုင်အောင် ပြူးကျယ်သွားခဲ့သည်။
“စနစ်လား!!”
ယန်ရုန်ရုန်လည်း စူးစူးဝါးဝါး ပြန်မေးလိုက်ပါသည်။
ငှက်ပေါက်လေးကမူ ခေါင်းကိုအသည်းအသန်ညိတ်ရင်း ဝမ်းသာအားရပြန်ဖြေလိုက်ပါသည်။
“ဟုတ်တယ် ဟုတ်တယ်! ကျွန်ုပ်ပဲ! နောက်ဆုံးတော့ စနစ်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပြီ!”
ဒီစနစ်နဲ့ ယန်ရုန်ရုန် ရင်းနှီးခဲ့သည့်နှစ်ပေါင်းများစွာအတွင်း စနစ်က အမြဲတမ်းလိုလို တည်ငြိမ်အေးစက်ခဲ့ခြင်းဖြစ် သည်။ အမြဲတမ်း အမှားမလုပ်တတ်သည့် စက်ရုပ်ကြီးတစ်ရုပ်လိုဖြစ်ခဲ့ဖူးသည်။
အခုလို ပျာယာခတ်နေသည့်ပုံစံမျိုးနဲ့ စနစ်ကို သူမ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။
သို့သော် လောလောဆယ် ဒါတွေကို ယန်ရုန်ရုန် ဂရုမစိုက်အားသေးပေ။
ငှက်ပေါက်ကို ဆတ်ခနဲ ဆုပ်ကိုင်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ပါသည်။
“မစ်ရှင်တွေ အောင်မြင်သွားတာနဲ့ ငါ့ကို အိမ်ပြန်ပို့ပေးမယ်ဆို!!! နင် ငါ့ကို ဘာလို့လိမ်တာလဲ!”
ငှက်ပေါက်လေး ကြောက်ရွံ့မှုဖြင့် အမွေးများပွသွားခဲ့ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြလိုက်သည်။
“ကျွန်…ကျွန်ုပ် မလိမ်ပါဘူး! စနစ်ထဲကို ဗိုင်းရပ်စ်တစ်ကောင်ဝင်လာပြီး ပရိုဂရမ်မင်း အမှားအယွင်းဖြစ်သွားခဲ့တာ၊ အထက်က အဲ့ဒီပြဿနာကို ဖြေရှင်းဖို့ ဆွေးနွေးနေကြပါပြီ။ မကြာခင် အဖြေတစ်ခုရလိမ့်မယ်”
ယန်ရုန်ရုန် စူးစူးဝါးဝါး စိုက်ကြည့်ပြီး ဖိအားပေးကာ ဆက်မေးလိုက်သည်။
“ငါ အိမ်ပြန်ရမယ့်အချိန်ကျမှ ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် error တက်သွားရတာလဲ၊ တိုက်ဆိုင်တာလို့တော့ လာမပြောနဲ့နော်၊ အဲ့လောက်ထိ တိုက်ဆိုင်တဲ့ တိုက်ဆိုင်မှုမျိုးကို ငါအယုံအကြည်မရှိဘူး!”
ယန်ရုန်ရုန် အကြည့်ကြောင့် ငှက်ပေါက်ထိတ်လန့်သွားပြီး ဘောလုံးလေးတစ်လုံးလို ကွေးလျက် တုန်ယင်စွာ ဖြေလိုက်ပါသည်။
“နောက်ကွယ်မှာ သံသယဖြစ်စရာကောင်းတာတွေ ရှိနေနိုင်တယ်လို့ ဌာနချုပ်က ပြောပါတယ်၊ အကြောင်းအရင်းကို ရှာတွေ့မှ စနစ်ပိုင်ရှင်ကို သေသေချာချာ ရှင်းပြပါလိမ့်မယ်”
ယန်ရုန်ရုန် မယုံသင်္ကာဖြစ်နေသေးသည်။
“နင်တို့တွေ ငါ့ကို တမင်တကာ ချောက်ချတာ မဟုတ်မှန်းသေချာရဲ့လား”
“မဟုတ်တာ!”
ငှက်ပေါက်က အသည်းအသန် ငြင်းဆန်လိုက်သည်။
“စနစ်ပိုင်ရှင်က ကျွန်ုပ်ရဲ့ ပိုင်ရှင်ပဲလေ! တစ်ကိုင်းတည်းနားတဲ့ နှံကောင်တွေလိုပဲ၊ စနစ်ပိုင်ရှင်သာ တစ်ခုခု ဖြစ်သွားရင် ကျွန်ုပ်လည်း ပြဿနာတက်မှာ! အဲ့တာကြောင့် စနစ်ပိုင်ရှင်ကို ဒုက္ခရောက်အောင် ကျွန်ုပ်မလုပ်ပါဘူး!”
ယန်ရုန်ရုန် တိတ်ဆိတ်သွားခဲ့သည်။ သူမ မျက်နှာက ခန့်မှန်းရခက်နေပါသည်။
ငှက်ပေါက်က ဆက်ပြောလိုက်သည်။
“သေချာစဉ်းစားကြည့်စမ်းပါ၊ စနစ်ပိုင်ရှင်ကိုသာ ကျွန်ုပ်ထိခိုက်အောင်လုပ်ဖို့ စိတ်ကူးရှိခဲ့ရင် အခုလို ပြန်လာရှာပါ့မလား၊ အဲ့လိုဆို သိသိလျက်နဲ့ ထောင်ချောက်ထဲ ဝင်လာသလိုဖြစ်မသွားဘူးလား”
ထိုရှင်းပြချက်က အဓိပ္ပာယ်တော့ ရှိပါသည်။
ယန်ရုန်ရုန်မျက်နှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။ “နင့်ကို ဒီတစ်ခါနောက်ဆုံး ယုံပေးလိုက်မယ်နော်”
ငှက်ပေါက်လေးလည်း တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိလိုက်သကဲ့သို့ စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် အခြေအနေကို အမြန်ရှင်းပြလိုက်ပါသည်။
“အဲ့ဒီဗိုင်းရပ်စ်က အရမ်းထူးဆန်းတယ်၊ ကျွန်ုပ်တောင် သူ့လက်က မလွတ်နိုင်ဘဲ လွှမ်းမိုးခံလိုက်ရတယ်၊ ကံကောင်းစွာနဲ့ အထက်က အမြန်ဆုံးတုန့်ပြန်ခဲ့ပြီး ကျွန်ုပ်ကို offline ပိတ်ချလိုက်ပြီးတော့ ကယ်တင်ပေးခဲ့တာ၊ စနစ်ရဲ့ လုပ်ပိုင် ခွင့်တွေကို ကျွန်ုပ်အသုံးမပြုနိုင်တော့ဘူး၊ အဲ့တာကြောင့် ဒီငှက်ပေါက်လေးရဲ့ ခန္ဓာကိုယ်ကိုသုံးပြီး စနစ်ပိုင်ရှင်ကို ဆက်သွယ်နေရတာပါ”
“အဲ့တာဆို ငါအခု ဘာလုပ်ရမှာလဲ”
ယန်ရုန်ရုန်မေးလိုက်သည်။
“အိမ်ပြန်လို့ကော ရသေးရဲ့လား”
ငှက်ပေါက်လေးက အာမခံလိုက်ပါသည်။
“စိတ်မပူပါနဲ့ စနစ်ပိုင်ရှင်၊ ဌာနချုပ်က ဗိုင်းရပ်စ်ကို မပြန့်အောင် တားဆီးထားပါတယ်၊ စနစ်ပိုင်ရှင်ကိုလည်း မကြာခင် အိမ်ပြန်ပို့ပေးပါလိမ့်မယ်”
“မကြာခင် ဟုတ်လား၊ မကြာခင်ဆိုတာ ဘယ်လောက်ကြာမှာလဲ”
ယန်ရုန်ရုန် မေးလိုက်သည်။
“ဆယ်ရက်လား၊ ရက် နှစ်ဆယ်လား၊ တစ်နှစ်၊ နှစ်နှစ်လောက်တော့ မဟုတ်ဘူးလား”
ငှက်ပေါက်လေး အဖြေတိတိကျကျ မပေးနိုင်သဖြင့် ခြောက်ခြောက်ကပ်ကပ် ရယ်ပြလိုက်ပါသည်။
ယန်ရုန်ရုန် ဒေါသထွက်သွားခဲ့သည်။
“နင်ဘာရယ်နေတာလဲ! နင့်ကြောင့် ငါဘယ်လောက်ထိ ပြဿနာတက်သွားလဲ သိရဲ့လား၊ အခု ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ရှုယင်နဲ့ ဟမ်ယဲ့တို့အားလုံး ငါဒီလျှို့ဝှက်နယ်မြေထဲမှာရှိနေမှန်း သိသွားကြပြီ၊ သူတို့ ထွက်ပေါက်မှာ စုပြုံစောင့်နေကြမှာ၊ ငါဒီထဲကနေ ခြေတစ်လှမ်းထွက်လိုက်တာနဲ့ တစ်စစီဖြစ်အောင် ဆုပ်ဖြဲကြတော့မှာ!”
ငှက်ပေါက်လေးက မဝံ့မရဲ ရယ်မောလိုက်ပါသည်။
“မဟုတ်လောက်ပါဘူး… သူတို့အားလုံးက စနစ်ပိုင်ရှင်ကို အရမ်းချစ်ကြတာပဲဥစ္စာ၊ စနစ်ပိုင်ရှင်ကို သတ်တဲ့အထိတော့ မလုပ်လောက်ပါဘူး…”
“သတ်တဲ့အထိတော့ မလုပ်လောက်ဘူးဟုတ်လား”
ယန်ရုန်ရုန် အဓိပ္ပာယ်မဲ့သည့် ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ လှောင်ရယ်ရယ်လိုက်သည်။
“ရှန်းဝမ်ချင်းအတွက် ရတနာတွေကို ရှာဖွေပေးရင်း လျှို့ဝှက်နယ်မြေတစ်ခုထဲမှာ ငါသေလုမျောပါး ဖြစ်ခဲ့တုန်းက ရှန်းဝမ်ချင်း စိုးရိမ်ပူပန်တဲ့ စကားလေးတစ်ခွန်းတောင် ပြောခဲ့ဖူးလို့လား ? အဲ့တာက ချစ်တာလား၊ ဟမ်ယဲ့ အမဲလိုက်ခံနေရတုန်းက ငါ့အသက်နဲ့ ရင်းပြီး သူ့ကို ကာကွယ်ပေးခဲ့တယ်၊ သူအာဏာရလာတော့ ငါက သူ့အတွက် အဆင့်နိမ့်ပါးလွန်းတယ်တဲ့လေ၊ သူ့ဆွေမျိုးတွေကလည်း ငါ့ကို ကပ်ပါးကောင်တစ်ကောင်လို သဘောထားပြီး အရှက်ခွဲခဲ့ကြတာ၊ အဲ့တာက ချစ်တာလား၊ ပြီးတော့ လင်းယွမ်နဲ့ ရှုယင်ကော ဘာထူးလို့လဲ၊ သေသွားတာကမှ ပိုကောင်းဦးမယ်လို့ တွေးရလောက်တဲ့အထိ ငါ့ကို နှိပ်စက်ခဲ့ကြတာ၊ အဲ့တာက ချစ်တာလား”
ငှက်ပေါက်လေး ဆွံ့အသွားခဲ့သည်။
ယန်ရုန်ရုန် ဆက်ပြောလိုက်သည်။
“အဲ့ဒီလေးယောက်စလုံး လူကောင်းမဟုတ်ဘူး၊ သူတို့အပေါ် မျှော်လင့်ချက် ထားမယ့်အစား ငါ့ဖာသာငါပဲ လွတ်လမ်းရှာလိုက်မယ်၊ တစ်ခုခုကို အကောင်းဆုံးဖြစ်စေချင်ရင် ကိုယ်တိုင်လုပ်ရမယ်ဆိုတဲ့ ဆိုရိုးစကားလိုပေါ့”
“အဲ့တာဆို အစီအစဉ်ကဘာလဲ စနစ်ပိုင်ရှင်”
ငှက်ပေါက်လေး မေးလိုက်သည်။
ယန်ရုန်ရုန် ပြန်ငေါက်လိုက်ပါသည်။
“အဲ့ဒီစကား နင့်ကို မေးရမှာ!! နင့် အစုတ်ပလုတ်စနစ်ကြောင့်သာ မဟုတ်ရင် ငါ ဒီပြဿနာထဲ ရောက်နေစရာအကြောင်းမရှိဘူး၊ နင်တို့ဘက်က တာဝန်အပြည့်အဝယူပေးရမှာ!”
ငှက်ပေါက်လေးလည်း သူ့အမှားသူသိပုံပေါ်ပြီး ဂုတ်တိုသွားခဲ့ပါသည်။
“ဌာနချုပ်ကတော့ စနစ်ပိုင်ရှင်ကို ခဏလောက် စောင့်ခိုင်းထားပါတယ်”
ငှက်ပေါက်လေး မဝံ့မရဲပြောလိုက်သည်။
“ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းပြီးတာနဲ့ အိမ်ပြန်ပို့ပေးပါ့မယ်တဲ့”
“အဲ့တာဆို တိတိကျကျပြောစမ်းပါ၊ ဘယ်လောက်ကြာကြာ စောင့်ရမှာလဲလို့!”
ငှက်ပေါက်လေး ဆွံ့အသွားပြန်သည်။
သနားစရာကောင်းသည့် ငှက်ပေါက်လေး၏ အခြေအနေကိုကြည့်ရင်း သူ့ကို အားကိုးလို့ရမှာမဟုတ်တော့မှန်း ယန်ရုန်ရုန် နားလည်လိုက်ပါသည်။ နောက်ဆုံးကျတော့လည်း ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့မည်။
ငှက်ပေါက်လေးကို ဂုတ်မှဆွဲပြီး ယန်ရုန်ရုန် ခက်ထန်စွာ ပြောလိုက်သည်။
“ငါနင့်ကို လောလောဆယ်တော့ ယုံထားလိုက်မယ်နော်။ ဒါပေမယ့် အခုချိန်ကစပြီး ငါ့စကားကို တသွေမတိမ်း နားထောင်ရမယ်၊ ငါပြောတဲ့အတိုင်း လိုက်လုပ်ရမယ်၊ သတင်းထူးရတာနဲ့ ငါ့ကို ချက်ချင်းပြောရမယ် နားလည်လား”
ငှက်ပေါက်လေးလည်း သစ်တောက်ငှက်လို ခေါင်းတညိတ်ညိတ် နာခံလိုက်ပါသည်။
“နားလည်ပါပြီ နားလည်ပါပြီ!”
ယန်ရုန်ရုန် ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်လိုက်သည်။
“စာချုပ် ချုပ်ကြရအောင်”
ငှက်ပေါက်လေး သူမကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“ဘာစာချုပ်လဲ”
“သခင်နဲ့ အစေခံ စာချုပ်ပေါ့! လက်မှတ်ထိုးပြီးတာနဲ့ ငါက နင့်သခင်ဖြစ်သွားပြီ၊ ရှေ့လျှောက် နင် ဘယ်ကိုပဲသွားသွား ငါ ရှာတွေ့လိမ့်မယ်”
ယန်ရုန်ရုန် ညာဘက်လက်ကို ကမ်းလိုက်သည်။
“နင့်အတောင်ပံ ပေးစမ်း”
ငှက်ပေါက်လေးလည်း အတောင်တစ်ဖက် ဖြည်းညှင်းစွာ မြှောက်ပေးလိုက်ပါသည်။ ယန်ရုန်ရုန်က ဓားငယ်တစ်ချောင်းကို အသုံးပြုပြီး အပေါက်သေးသေးလေးတစ်ပေါက် ဖောက်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားထဲ သွေးတစ်စက် ညှစ်ချလိုက်ပါသည်။
ထို့နောက် သူမ လက်ချောင်းကိုလည်း ဓားဖြင့်ဖောက်ကာ သွေးတစ်စက် ညှစ်ချလိုက်သည်။
နဂိုက ဖြူနေသည့် ကျောက်စိမ်းပြားလည်း ရုတ်တရက် အနီရောင်သန်းသွားခဲ့ပါသည်။
ယန်ရုန်ရုန် ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး ငှက်ပေါက်လေးကို ခင်မင်ရင်းနှီးမှုဖြင့် ကြည့်လိုက်ပါသည်။
ငှက်ပေါက်လေးလည်း စိတ်ဓာတ်ကျသွားပြီး ခေါင်းသာ ငုံ့ထားနိုင်တော့သည်။ နဂိုက စနစ်တစ်ခုအနေဖြင့် မစ်ရှင်တွေပေးပြီး၊ စနစ်ပိုင်ရှင်ကို အကြံပေးရသဖြင့် သူက ဘော့စ်တစ်ယောက်ဟု ဆိုနိုင်ပါသည်။
သို့သော် ယခုမူ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပါပြီ။ သူက စနစ်ပိုင်ရှင်၏ကျေးကျွန်ဖြစ်သွားခဲ့လေပြီ။
ထိုစဉ် အဝေးတစ်နေရာမှာ စူးစူးဝါးဝါး ငှက်အော်သံတစ်သံကို ကြားလိုက်ကြရသည်။
ထို့နောက် လေပြင်းကြီးတစ်ချက် တိုးဝှေ့လာပြီး မြေပေါ် နားခိုနေသည့် နှင်းစက်တွေပင် လေထဲပြန်မြောက်တက်သွားခဲ့သည်။
ငှက်ပေါက်လေးလည်း လေနှင့်အတူ ပါမသွားစေဖို့အတွက် ယန်ရုန်ရုန့်လက်ချောင်းကို အသည်းအသန် ပွေ့ဖက်ထားလိုက်ရလေသည်။