အခန်း (၁၂)
Vol. 2 Ch. 12
🌹Chapter 12
လေထဲလွင့်နေသည့် ဆံနွယ်တွေကို ယန်ရုန်ရုန် လက်ဖြင့် သိမ်းလိုက်ပြီး အော်သံ ထွက်လာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
အတောင်ပံတွေကို အရှိန်အဟုန်ဖြင့်ခတ်ရင်း ဧရာမငှက် ကြီးတစ်ကောင် သူမထံ တန်းတန်းမတ်မတ် ပျံသန်းလာသည်ကို မြင်လိုက်ရပါသည်။
ထိုငှက်ကြီးတစ်ကိုယ်လုံး အနက်ရောင် ငှက်မွေးများဖြင့် ဖုံးလွှမ်းနေပြီး အမြီးပိုင်းမှာတော့ အရောင်အသွေးစုံလင်သည့် အမွေးများစွာ ရှိနေသည်။ ၎င်း၏ ခြေသည်းများကလည်း ဓားမြောင်ဓားသွားတွေလို ထက်ရှလွန်းပါသည်။
အထင်ရှားဆုံးကတော့ ၎င်း၏ခေါင်းနှစ်လုံးပင်…
ယန်ရုန်ရုန် ယခင်တုန်းက တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း ဒီငှက်ကြီးပုံစံကို ကြည့်လိုက်ရုံနဲ့ သမိုင်းဝင် ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ဖြစ်မှန်း သေချာသွားခဲ့ပါသည်။
ဒီလိုရုတ်တရက်ကြီး ပေါ်လာလိမ့်မည်ဟု ယန်ရုန်ရုန် ထင်မထားခဲ့ပါ။ ရှာတုန်းကမတွေ့ဘဲ အမှတ်မထင်မှလာတွေ့ သည်ဆိုတာ ဒါကိုဆိုလိုခြင်းဖြစ်မည်။
ယန်ရုန်ရုန် အပျော်လွန်သွားခဲ့ပါသည်။
သို့သော် ထိုအပျော်က စက္ကန့်ပိုင်းလောက်သာခံလိုက်ပြီး အပျော်မှ ချောက်ချားမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ယန်ရုန်ရုန်ကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီးက လေဟုန်စီးပြီး သူမထံ တဟုန်ထိုးဆင်းသက်လာခဲ့လေသည်။ ၎င်း၏ မျက်လုံးလေးလုံးစလုံးမှာ ဒေါသမီးတွေတောက်လောင်နေခဲ့သည်။
ပုံစံကို ကြည့်ရသလောက်တော့ ငှက်ကြီးက သူမကို တစ်စစီဆုတ်ဖြဲပစ်တော့မည့် ပုံစံပင်။
ယန်ရုန်ရုန်ခေါင်းထဲ သတိပေးသံတွေ မြည်ဟည်းလာပြီး ပျာပျာယာယာ ရှောင်လိုက်ပါသည်။ သို့သော် သူမ ဘယ်မှာပဲ ဝင်ပုန်းပုန်း ရွှမ်နျောင်ငှက်ကြီးက အလွတ်မပေးဘဲ အနောက်မှ တောက်လျှောက် လိုက်လာခဲ့လေသည်။
ထိုငှက်ကြီးမှာ နတ်ဝိညာဉ်အဆင့်နှင့်ညီသော ကျင့်ကြံခြင်းစွမ်းအားမျိုး ရှိသည်။ ယန်ရုန်ရုန်လို အခြေခံအုတ်မြစ် အဆင့်က လုံးဝယှဉ်နိုင်ဖွယ်မရှိပေ။
ထိပ်တိုက်ရင်ဆိုင်ရလျှင် သေဖို့သာရှိသဖြင့် အသက်လုပြီး ထွက်ပြေးခဲ့ရသည်။
ထိုစဉ် ယန်ရုန်ရုန်၏အင်္ကျီလည်ခွံထဲမှ အဝါရောင် ငှက်ပေါက်လေး ခေါင်းပြူထွက်လာပြီး ငှက်ကြီးကို ပုတီးလုံးသဖွယ် မျက်လုံးလေးများဖြင့် စိုက်ကြည့်လိုက်ပါသည်။
ငှက်ပေါက်လေးကို မြင်သောအခါ ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီး ဒေါသပိုကြီးမားသွားခဲ့သည်။
ခေါင်းတွေကို ကောင်းကင်ပေါ်မော့လိုက်ရင်း စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အမြန်နှုန်းကလည်း နှစ်ဆ တိုးလာခဲ့ပါသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ယန်ရုန်ရုန် နောက်သို့ ရွှမ်နျောင်ငှက်ကြီး ရောက်ရှိသွားခဲ့ပြီး ခြေသည်းများဖြင့် သူမကို ဖမ်းချုပ်ဖို့ ပြင်နေပါပြီ။
ငှက်ပေါက်လေးက ရွှမ်နျောင်ငှက်ကြီးကို တိုးညှင်းသော အသံလေးဖြင့် ချက်ချင်း အော်လိုက်သည်။
‘ကျိ ကျိ!’
ရွှမ်နျောင်ငှက်ကြီး ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။
ယန်ရုန်ရုန်လည်း အခွင့်အရေးကို အရယူပြီး ငှက်ကြီးနဲ့ ခပ်ဝေးဝေးသို့ရောက်အောင် ပြေးသွားလိုက်သည်။
ထို့နောက် အနောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ရွှမ်နျောင်ငှက်ကြီးက သူမလက်ထဲမှ ငှက်ပေါက်လေးကို စိုက်ကြည့်နေမှန်းမြင်လိုက်ရပါသည်။ ငှက်ပေါက်လေးကလည်း ပြန်စိုက်ကြည့်နေလေသည်။
ယန်ရုန်ရုန် မေးလိုက်သည်။
“စနစ်… နင်ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်နဲ့ သိတာလား”
ငှက်ပေါက်လေးက တွန့်ဆုတ်စွာ ပြန်ဖြေလိုက်ပါသည်။ “ပုံစံကြည့်ရတာတော့… ကျွန်ုပ်ရဲ့ မိဘတွေထင်တယ်”
ယန်ရုန်ရုန် နားမလည်နိုင်ဖြစ်သွားခဲ့သည်။
“မိဘတွေဟုတ်လား ‘ပုံစံကြည့်ရတာ’ဆိုတာက ဘာစကားလဲ"
“ကျွန်ုပ်လည်း ဒီငှက်ပေါက်လေးရဲ့ ခန္ဓာကိုယ်ထဲ ဝင်လာတာ မကြာသေးဘူးလေ”
ငှက်ပေါက်လေး ရှင်းပြလိုက်သည်။
“ကျွန်ုပ်မိဘတွေကို မတွေ့ဖူးသေးဘူး၊ ဒါပေမယ့် အဲ့ဒီငှက်ကြီးရဲ့ အငွေ့အသက်တွေက အရမ်းရင်းနှီးနေသလို ခံစားရတယ်၊ ကျွန်ုပ်ရဲ့မသိစိတ်ကလည်း သူ့နားကိုပြန် သွားချင်နေတယ်”
အံ့ဖွယ်ပိုးအိတ်က သူမကို ငှက်ပေါက်တစ်ကောင် ဘာကြောင့်ပေးခဲ့မှန်း ယန်ရုန်ရုန် နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။
အံ့ဖွယ်ပိုးအိတ်က သူများကလေးကိုခိုးပြီး သူမကို ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီး ထိုမျှလောက် ဒေါသထွက်နေခြင်းဖြစ်လိမ့်မည်။ ဘယ်လိုမိဘမျိုးက ကိုယ့်ကလေးကို ပြန်ပေးဆွဲသွားသည့် ‘ပြန်ပေးသမား’အား ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ဒါတွေအားလုံးက ထို‘ကျိန်စာသင့်’ပိုးအိတ်အစုတ်ပလုတ် ၏လက်ချက်သာ…သနားစရာ ယန်ရုန်ရုန်ကတော့ ကံစီမံရာအတိုင်း လက်ခံရတော့မည့် သားကောင်ဖြစ်နေလေပြီ။
ရွှမ်နျောင်ငှက်ကြီး ဒေါသပြေလျော့စေဖို့အတွက် ယန်ရုန်ရုန် ငှက်ပေါက်လေးကို ပြန်အပ်ဖို့ပြင်နေစဉ် နောက်ထပ် ပြဿနာတစ်ခု ရောက်လာခဲ့ပြန်သည်။
ယွင်ကျဲနှင့် ရှမ့်ယွင်ဂိုဏ်းသားများ ရောက်ရှိလာကြပါပြီ။
သူတို့အားလုံး ဝူဝမ့်ဓားနောက်သို့လိုက်ခဲ့ကြပြီး လျှို့ဝှက်နယ်မြေတစ်ခွင်လုံးကို မရပ်မနားဖြတ်သန်းခဲ့ကြသည်။
နောက်ဆုံး ယန်ရုန်ရုန်အား ရှာတွေ့ခဲ့ကြသည်။
ယွင်ကျဲ မျက်မှောင်ကြုတ်သွားပြီး ဓားထုတ်လျက် ယန်ရုန်ရုန်ထံ ရွယ်လိုက်သည်။
“ရှမ့်ယွင်ဂိုဏ်းရဲ့သစ္စာဖောက် စန်းချွမ်! ငါ့ဆရာရဲ့ အမိန့်အရ မင်းကို ဖမ်းဆီးဖို့ ငါရောက်လာခဲ့ပြီ! အခုချက်ချင်း အညံ့ခံလိုက်ပါ!”
တပည့်သားတွေကလည်း သူမကိုဝန်းရံကာ ဓားတွေထုတ်လိုက်ကြပါသည်။
သူ့နောက်ကို ဒီလူတွေ ဘယ်လိုလိုက်လာကြသလဲ ယန်ရုန်ရုန် နားမလည်ပါ။
ရှေ့မှာ ‘ဝံပုလွေ’၊ နောက်မှာ ‘ကျား’တို့က အသီးသီးစောင့်နေကြသဖြင့် ယန်ရုန်ရုန် စဉ်စားချိန်မရှိတော့ပေ။ ယခု အရေးအကြီးဆုံးက သူတို့လက်ထဲမှ ထွက်ပြေးလွတ် မြောက်နိုင်ဖို့သာ။
ရန်လိုနေသည့် ဂိုဏ်းသားများကိုတစ်လှည့်၊ သူမနောက်က သားရဲငှက်ကြီးကိုတစ်လှည့် ယန်ရုန်ရုန်ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူ့အကြည့်တို့မှာ အဝါရောင်ငှက်ပေါက်လေးထံ ရောက်သွားခဲ့ပါသည်။
အကြောင်းအရင်းမရှိဘဲ ငှက်ပေါက်လေး ကြက်သီးမွေးညှင်းများထသွားခဲ့ပြီး ဂုတ်တိုဝင်သွားခဲ့သည်။
“ကျွန်… ကျွန်ုပ်ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ”
ယန်ရုန်ရုန် ‘ကြင်ကြင်နာနာ’ ပြုံးပြလိုက်ပါသည်။
“နင်ငါ့ကို ကတိပေးထားတာ မေ့သွားပြီလား ? အခုချိန်ကစပြီး နင်ငါ့စကား နားထောင်ရတော့မှာလေ”
ငှက်ပေါက်လေး ခံစားချက်နိမိတ်တွေ မကောင်းတော့ပါ။ “ကောင်းပြီလေ ကျွန်ုပ်ကို ဘာလုပ်စေချင်လို့လဲ”
ယန်ရုန်ရုန် တီးတိုး ရှင်းပြလိုက်ပါသည်။ ငှက်ပေါက်လေး စိတ်မပါသော်လည်း ယန်ရုန်ရုန်ပြောသည့်အတိုင်း နာခံရုံသာရှိသည်။
ယွင်ကျဲတို့အဖွဲ့လည်း ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီးကို မြင်ပါသည်။ ထိုငှက်ကြီးက ကောင်းကင်ဘုံနန်းတော်ကို စောင့်ရှောက်နေသည့် ငှက်ကြီးဖြစ်သည်ဟု ကောလဟာလကြားဖူးခဲ့သည်။
သို့သော် ယခုအချိန်မှာ သူတို့အတွက် ပိုအရေးကြီးသည့် တာဝန်တစ်ခု ရှိနေသည်။ သစ္စာဖောက် စန်းချွမ်ကို ဖမ်းဆီးဖို့က နံပါတ်တစ် ဦးစားပေးတာဝန်ဖြစ်သည်။
စန်းချွမ် မလှုပ်ရားသေးတာကိုမြင်ပြီး သူမ ခုခံဖို့ ရည်ရွယ်ထားခြင်းဖြစ်မည်ဟု ကောက်ချက်ချလျက် ရှမ့်ယွင်ဂိုဏ်းသားများ တိုက်ခိုက်ဖို့အသင့်ပြင်လိုက်သည်။
သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ စန်းချွမ် ရုတ်တရက် လက်ကောက်ဝတ်ကိုခါလျက် သူတို့ထံ အဝါရောင်ဘော လုံးတစ်လုံး ပစ်လွှတ်လိုက်သည်ကို အားလုံး မြင်လိုက်ကြရသည်။
လျှို့ဝှက်လက်နက်ဟု ထင်သွားပြီး ယွင်ကျဲ ဓားကိုမြှောက်လျက် ကာကွယ်လိုက်ပါသည်။
အဝါရောင်ဘောလုံးလေးက ဓားသွားနဲ့ ရိုက်မိပြီး ဝှစ်ခနဲမြည်အောင် လွင့်ထွက်သွားကာ အနီးနားရှိ နှင်းပုံထဲပြုတ်ကျသွားခဲ့သည်။ နှင်းပုံတွေထဲမှာ အပေါက်လေးတစ်ပေါက်ပင် ဖြစ်သွားခဲ့ရသည်။
အတန်ကြာတော့ အပေါက်ကလေးထဲမှ ငှက်ပေါက်လေး ခက်ခက်ခဲခဲပြန်ထွက်လာပြီး အာခေါင်ခြစ်ကာ အော်ဟစ်လေတော့သည်။
ဒါကိုမြင်တော့ ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးလည်း ဒီတိုင်း ရပ်တန့်မနေနိုင်တော့ပေ။ အတောင်တွေကို ခတ်ရင်း ငှက်ပေါက်လေးထံ အလျှင်အမြန်ပျံသန်းလာခဲ့သည်။ ထို့နောက် နှင်းပုံထဲမှ ငှက်ပေါက်လေးကို ပြန်ထုတ်ကာ ၎င်းရင်ခွင်ထဲ ထည့်ထားလိုက်သည်။
ရွှမ်နျောင်ငှက်ကြီး၏ ရင်ခွင်ထဲရောက်သောအခါ ငှက်ပေါက်လေး ဝမ်းနည်းပက်လက် ညည်းညူလိုက်ပြီး ယွင်ကျဲထံ အတောင်ထိုးပြလိုက်ကာ တိုင်ကြားလိုက်သည်။
ယွင်ကျဲရင်ထဲ နိမိတ်မကောင်းသည့် ခံစားချက်ကြီးဝင်လာခဲ့တော့သည်။
သူ့ခံစားချက် မှန်ကန်ပါသည်။ ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီးမှာ သူ့ရင်သွေးများအပေါ် အလွန်ကာကွယ်ပေးတတ်သည်။
သူ့ရင်သွေးလေးကို ယွင်ကျဲက ဓားဖြင့် ရိုက်ထုတ်လိုက်သည့်မြင်ကွင်းအား မျက်လုံးနှင့်တပ်အပ်မြင်ခဲ့ရသည်။ သူ့ရင်သွေးလေး အလွန်နာကျင်လွန်းသဖြင့် အော်ငိုနေတာဖြစ်ပါလိမ့်မည်။
‘အောက်တန်းစား လူသား ဓားသမားတွေ!’
ယွင်ကျဲထံ ရွှမ်နျောင်ငှက်ကြီး ဒေါသတကြီးပျံသန်းလာခဲ့ပါသည်။
ထိုငှက်ကြီးကို ယွင်ကျဲ ယှဉ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့်နှစ်ခါ ပြန်မစဉ်းစားဘဲ တပည့်သားများကို ခေါ်ဆောင်ပြီး သုတ်သုတ်ပျာပျာ ထွက်ပြေးခဲ့ရလေသည်။
သို့သော်လည်း သူ့ရင်သွေးကိုအနိုင်ကျင့်သည့် လူယုတ်မာများဖြစ်သည်ဟု ယုံကြည်နေသဖြင့် ရွှမ်နျောင်ငှက်ကြီးကလည်း ၎င်းတို့ကို အလွတ်မပေးဘဲ မရပ်မနားဆက်လိုက်ခဲ့လေသည်။
ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့အတွက် ယွင်ကျဲတို့အုပ်စု အဝေးဆုံးရောက်အောင် ထွက်ပြေးခဲ့ရပါသည်။
လူတွေကော၊ ငှက်တွေကော မရှိတော့သည့်အခါ နှင်းပြင်ကြီးထဲ ယန်ရုန်ရုန်တစ်ဦးတည်းသာ ကျန်ခဲ့သည်။ သူမ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး အဝတ်အစားပေါ်တင်နေသည့် နှင်းတွေကို ခါချရင်း တစ်ယောက်တည်း ထွက်လာခဲ့လေတော့သည်။
-
ယွင်ကျဲနှင့် ရှမ့်ယွင်တပည့်သားများ သိက္ခာပင်မဆယ်နိုင်တော့ဘဲ အသည်းအသန် ခက်ခက်ခဲခဲထွက်ပြေးခဲ့ရပြီးမှ ရွှမ်နျောင်ငှက်ကြီးလက်မှ လွတ်မြောက်လာခဲ့သည်။
အစက စနစ်တကျ သေသေသပ်သပ် ဝတ်စားဆင်ယင်ထားသည့် တပည့်သားများ အခုတော့ စုတ်ပြတ်သပ်ကာ ချွေးတွေ စိုရွှဲနေကြပါပြီ။ တပည့်သားနှစ်ဦးကလည်း ဒဏ်ရာဒဏ်ချက်တွေ အပြည့်ရခဲ့ရပြီး အတော်လေး သနားစရာကောင်းနေလေသည်။
ဘေးကင်းလုံခြုံသည့်နေရာတစ်ခုကို ရှာတွေ့ခါမှ အားလုံး ထိုင်အနားယူကာ အသက်ကို ဝဝရှူနိုင်ကြသည်။ မျက်နှာတွေကလည်း သေလုမျောပါးကြုံတွေခဲ့ရသည့် ဖြစ်ရပ်ကြောင့် ဖြူဖပ်နေကြဆဲပင်။
အားလုံးထဲမှာ ယွင်ကျဲတစ်ယောက်တည်း မျက်နှာတွေ မှောင်မိုက်နေခဲ့ပါသည်။ မျက်မှောင်တွေ အလွန်ကြုတ်နေခဲ့ပြီး မျက်လုံးထဲမှာလည်း ဒေါသမီးတွေတောက်လောင်နေခဲ့သည်။
ပိုင်ရှင်ကိုဖောက်ထွင်းမြင်နေရသကဲ့သို့ သူ့လက်ထဲက ဝူဝမ့်ဓားကို စူးစူးစိုက်စိုက်ကြည့်နေခဲ့ပါသည်။
ဒီလူလိမ်မကတော့…!
ရွှမ်နျောင်ငှက်ပေါက်ကို သူမခိုးခဲ့ခြင်းဖြစ်ပြီး သူတို့အပေါ် အပြစ်ပုံချခဲ့မှန်းသိသာသည်။ ထို့ကြောင့် ရွှမ်နျောင်ငှက်ကြီးက သူတို့နောက် အသည်းအသန်အမဲလိုက်ခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ယွင်ကျဲ ဝူဝမ့်ဓားကို နှင်းတွေထဲ ထိုးစိုက်ပစ်လိုက်ပြီး အံကြိတ်လျက် စူးစူးဝါးဝါးအော်ဟစ်လိုက်တော့သည်။
“စန်းချွမ်!!!’