← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

🌹Chapter 13

အစေခံစာချုပ်ကျေးဇူးကြောင့် အဝါရောင်ငှက်ပေါက်လေး၏တည်နေရာကို ယန်ရုန်ရုန် အမြန်ဆုံး ခြေရာခံ ရှာဖွေနိုင်ခဲ့ပါသည်။

ရေခဲလှိုဏ်ဂူကြီးတစ်ခုထံ သူမ ရောက်ရှိသွားခဲ့သည်။ ငှက်ပေါက်လေး အထဲမှာ ရှိနေလိမ့်မည်ဟု ကျောက်စိမ်းပြားစာချုပ်ကအချက်ပြနေသည်။

ယန်ရုန်ရုန် လှိုဏ်ဂူထဲသို့ ချောင်းကြည့်လိုက်သော်လည်း အထဲမှာ ပိန်းပိတ်အောင် မှောင်နေသဖြင့် ဘာမှမမြင်ရပေ။

အထဲဝင်ရကောင်း မဝင်ရကောင်း ဆုံးဖြတ်ရခက်နေစဉ် အဝါရောင် အမွေးပွဘောလုံးလေးတစ်လုံး လှိုဏ်ဂူထဲမှ သုတ်သုတ်ပျာပျာ ထွက်လာခဲ့ပါသည်။ ယန်ရုန်ရုန်ကို မြင်သောအခါ ငှက်ပေါက်လေး အတောင်ခတ်ရင်း ပျံတက်လာခဲ့ပြီး ခေါင်းလေးစောင်းလျက် အပြစ်တင်လိုက်သည်။

“ဘာလို့ အဲ့လောက်ကြာနေတာလဲ ကျွန်ုပ်စောင့်နေတာ ကြာလှပြီ!”

ခေါင်းနှလုံးရွှမ်နျောင်ငှက်ကြီး သူ့ကို အသိုက်ဆီပြန်ခေါ်လာစဉ်တုန်းက သူအလွန်ထိတ်လန့်နေခဲ့သည်။ ငှက်ပေါက်လေးထဲ အခြားဝိညာဉ်တစ်ခု ဝင်ရောက်နေသည်ကို ရွှမ်နျောင်ငှက်ကြီးသိသွားမှာ စနစ်အလွန်စိုးရိမ်နေခဲ့ရသည်။

ထို့ကြောင့် နည်းနည်းလေးမှ မလှုပ်ရဲခဲ့ဘဲ ဘောလုံးတစ် လုံးသဖွယ် ကွေးနေခဲ့ကာ ခေါင်းနှလုံးရွှမ်နျောင်ငှက်ကြီး တယုတယ လျက်ပေးတာကို အငြိမ်သားငြိမ်ခံနေခဲ့ရသည်။

ရွှမ်နျောင်ငှက်ကြီး အိပ်ပျော်သွားသည့်အချိန်အထိ သည်း ခံစောင့်ပြီးမှ သူ လစ်ထွက်လာနိုင်ခဲ့သည်။

ယန်ရုန်ရုန် ငှက်ပေါက်လေးကို ကောက်လိုက်ပြီး ပခုံးပေါ်တင်ကာ မေးလိုက်သည်။

“နင့် ‘မိဘ’တွေ ဘယ်မှာလဲ”

‘မိဘ’ဟူသည့် အသုံးအနှုန်းကြောင့် ငှက်ပေါက်လေး အနည်းငယ် နေရခက်သွားသည်။ သို့သော် ယခုက အသေးအဖွဲ ကိစ္စများအတွက် ငြင်းခုံနေရမည့်အချိန် မဟုတ်ပေ။

“သူတို့ လှိုဏ်ဂူထဲမှာ အိပ်နေကြတယ်၊ ဒီကနေ မြန်မြန်ထွက်သွားရအောင်!”

သို့သော် ယန်ရုန်ရုန်ကတော့ အလျင်မလိုသေးပေ။

“မလောစမ်းပါနဲ့၊ ဒီနေရာကို ရှာတွေ့ဖို့ လွယ်တယ်ထင်လို့လား၊ ဒီတိုင်း ပြန်သွားလို့ ဘယ်ဖြစ်မလဲ”

“စနစ်ပိုင်ရှင်က ဘာလုပ်ချင်သေးလို့လဲ”

ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။

“ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်က ကောင်းကင်ဘုံနန်းတော်နဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ကြားဖူးတယ်၊ ဒါက သူ့အသိုက်ဆိုတော့ ကောင်းကင်ဘုံနန်းတော်လည်း ဒီအနီးနားမှာပဲ ရှိနေလိမ့်မယ်၊ သေချာရှာလိုက်ရင် တွေ့နိုင်မှာပါ”

အဝါရောင်ငှက်ပေါက်လေး မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ပြန်ပြောလိုက်ပါသည်။

“ကောင်းကင်ဘုံနန်းတော်ထဲမှာ ချင်းရှားလျှို့ဝှက်နယ်မြေထဲကနေ ထွက်နိုင်မယ့်နည်းလမ်းရှိနေမယ် ထင်လို့လား”

“လျှို့ဝှက်နယ်မြေရဲ့ထွက်ပေါက်တွေ အကုန်လုံးကို ဂိုဏ်းကြီးလေးခုက တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားကြတာ၊ ငါတို့ အဲ့ဒီထွက်ပေါက်တွေကနေထွက်လို့ မရနိုင်ဘူး၊ အဲ့တာကြောင့် ကောင်းကင်ဘုံနန်းတော်ကနေတဆင့် ထွက်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မထွက်နိုင်ဘူးဆိုရင် တောင် အနည်းဆုံးတော့ အထဲမှာ နတ်ရတနာတွေ ရှာတွေ့နိုင်လောက်တယ်၊ အဲ့လို နတ်ရတနာတွေ ငါ့လက်ထဲရှိနေရင် ရှင်သန်နိုင်ချေ ပိုမြင့်လိမ့်မယ်”

ငှက်ပေါက်လေး ခေါင်းညိတ်လျက် ထောက်ခံလိုက်သည်။

ရေခဲလှိုဏ်ဂူကြီး၏ အနီးနားပတ်ဝန်းကျင်တစ်ဝိုက်ကို လူတစ်ယောက်နှင့် ငှက်လေးတစ်ကောင် အတူတူရှာဖွေခဲ့ကြသည်။ အံ့ဩဖွယ်ကောင်းစွာဖြင့် ကောင်းကင်ဘုံနန်းတော်ကြီ၏တည်နေရာကို အမှန်တကယ် ရှာတွေ့ခဲ့ကြပါသည်။

အေးခဲနေသည့် ရေကန်ကြီးတစ်ကန်အပေါ်မှာ ယန်ရုန်ရုန် လှဲလျောင်းလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ရေခဲပြင်ထူများ၏ အောက်တွင် ကောင်းကင်ဘုံနန်းတော်ပုံရိပ်ကို ခပ်ရေးရေးလေးမြင်နေရလေသည်။

ရှမ့်ယွင်ဂိုဏ်း စာကြည့်တိုက်ထဲမှာ သူမ ဖတ်ရှုဖူးခဲ့သည့် မှတ်တမ်းတွေကို ယန်ရုန်ရုန် ပြန်စဉ်းစားလိုက်သည်။

ရှမ့်ယွင်ဂိုဏ်းသားတစ်ဦးက ကောင်းကင်ဘုံနန်းတော်ကြီးကို ကောင်းကင်ပေါ်မှာ လွင့်ဝဲနေသည့် နတ်နန်းကြီးတစ်ခုဟု ဖော်ပြခဲ့ပါသည်။ သို့သော် ယခုသေချာစဉ်းစားကြည့်သောအခါ ထိုတပည့်သားမြင်တွေ့ခဲ့ရသည်က အလင်း ပြန် ပုံရိပ်ယောင်တစ်ခုသာဖြစ်နိုင်သည်။

ထို့ကြောင့်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မည်သူမှရှာမတွေ့ခဲ့ခြင်းပင်။

အားလုံးက ထိုတပည့်သား၏စကားလုံးများကို အတိအ ကျ အဓိပ္ပာယ်ကောက်ပြီး ကောင်းကင်ပေါ်မှာ နန်းတော်ကြီးကို ရှာဖွေနေခဲ့ကြသည်။

အမှန်တကယ်မှာတော့ ကောင်းကင်ဘုံနန်းတော်ကြီးက သူတို့ခြေဖျားအောက်တည့်တည့်မှာ တည်ရှိနေခြင်းသာ။

“အောက်ကို ဘယ်လိုဆင်းကြမလဲ”

ငှက်ပေါက်လေး မေးမြန်းလိုက်သည်။

ရေခဲပြင်ထူကြီးကို ထုခွဲပစ်ဖို့က လူတစ်ဦးတစ်ယောက် တည်းအတွက် အလွန်ခက်ခဲသည့် တာဝန်တစ်ခုဖြစ်သည်။

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ကို ဖွင့်လိုက်ပြီး ပစ္စည်းကိရိယာတစ်ခုခုကို ရှာဖွေနေစဉ် ရင်နှီးနေသည့် မျက်နှာများကို တစ်ဖန် မြင်တွေ့လိုက်ရပြန်သည်။

ထိုလူတွေကို ဦးဆောင်လာသူက ယွင်ကျဲပင်။

ရှမ့်ယွင်ဂိုဏ်းသားများ ဓားပျံစီးပြီး ရောက်ရှိလာကြကာ ယန်ရုန်ရုန်ကို ဝန်းရံလိုက်ကြပါသည်။ အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် ယွင်ကျမ့် မျက်ခုံးပေါ်တွင် နှင်းပွင့်များ နားခိုနေသဖြင့် သူ့မျက်နှာထားက ယခင်ကထက်ပင် ပိုအေးစက်နေခဲ့သည်။

ယန်ရုန်ရုန်ကို ယွင်ကျဲ စူးစူးရှရှ စိုက်ကြည့်လိုက်ပြီး အေးစက်လေးလံသော အသံဖြင့် ပြောလိုက်သည်။

“မင်းဒီတစ်ခေါက် မလွတ်စေရဘူး စန်းချွမ်”

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီးနားမလည်နိုင်စွာ မေးလိုက်ပါသည်။

“ငါ့ကို ဘယ်လိုရှာတွေ့ကြတာလဲ”

ယခင်တစ်ခေါက်က တိုက်ဆိုင်မှုဖြစ်နိုင်သော်လည်း ဒီတစ်ခေါက်ကတော့ တိုက်ဆိုင်မှုမဟုတ်နိုင်တော့ပေ။ သူတို့မှာ အထူးနည်းလမ်းတစ်ခုခု ရှိနေတာ သေချာပါသည်။

ယွင်ကျဲလည်း အမှန်တရားကို ထုတ်ပြောဖို့ အစီအစဉ်မရှိပေ။

“ငါတို့ကို လှည့်စားခဲ့တဲ့ အပြစ်ကို ယာယီလျစ်လျူရှုပေး လိုက်မယ်၊ ရှမ့်ယွင်ဂိုဏ်းကို ပြန်ရောက်တာနဲ့ မင်းကို ဦးလေးရှန်း ပြင်းပြင်းထန်ထန်အပြစ်ပေးအောင် ငါကျိန်းသေပေါက် တိုက်တွန်းပေးမယ်!”

ယန်ရုန်ရုန် အပြုံးတုဖြင့် ပြုံးပြလိုက်သည်။

“ဪ နင်တို့တွေကလည်း၊ ယောက်ျားတစ်ယောက်ဆိုတာ သဘောထားကြီးပေးတတ်ရတယ်တဲ့၊ နင်ကတော့ တော် တော် သဘောထား သေးသိမ်တာပဲ၊ ပြီးခဲ့တာတွေကို ဒီတိုင်းပြီးပါစေပေါ့၊ ဘာလို့ အစွဲကြီးနေတာလဲ”

ယွင်ကျဲ အာညောင်းမခံတော့ဘဲ ယန်ရုန်ရုန်အား ချက်ချင်း ဖမ်းဆီးဖို့ သူ့လူတွေကို အမိန့်ပေးလိုက်သည်။

ယန်ရုန်ရုန် အမြန်အော်ပြောလိုက်ပါသည်။

“ငါဒီကို ဘာလို့ရောက်နေလဲ နင်တို့မသိချင်ဘူးလား”

ယွင်ကျဲ ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။

“မသိချင်ဘူး”

ယန်ရုန်ရုန် ဆက်ပြောလိုက်သည်။

“အဲ့လောက်အေးတိအေးစက် မနိုင်စမ်းပါနဲ့! ကောင်းကင် ဘုံနန်းတော်ကြီးကို ရှာတွေ့ခဲ့လို့ ငါဒီကိုရောက်နေတာ၊ ငါပြောတာ မယုံရင် အောက်ငုံ့ကြည့်လိုက်ကြ”

ယွင်ကျဲနှင့် တပည့်သားများ မယုံသင်္ကာဖြင့် အောက်ငုံ့ကြည့်လိုက်ကြသည်။

သေချာပါသည်။ ရေခဲမြစ်၏ နက်ရှိုင်းသည့်နေရာတစ်ခုတွင် မြှုပ်နှံခံထားရသည့် နန်းတော်ကြီး၏ဝေဝေဝါးဝါး ပုံရိပ်ကို အားလုံးမြင်လိုက်ကြရသည်။

တစ်ဖွဲ့လုံး မှင်သက်သွားခဲ့ကြသည်။ သမိုင်းဝင်ကောင်း ကင်ဘုံနန်းတော်ကြီး ဒီလိုနေရာမျိုးမှာ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

ယန်ရုန်ရုန် လက်ဖဝါးနှစ်ဖက်ကို ပွတ်ရင်း သွားဖြီးလိုက်လေသည်။

“နင်တို့ငါ့ကို ရှာတွေ့သွားကြပြီပဲ၊ ငါ တစ်ယောက်တည်းမို့လို့ အင်အားချင်းလည်းမမျှ ထွက်လည်း မပြေးနိုင်ဘူး၊ အရည်အချင်းစစ်ပြိုင်ပွဲမှာ ကျန်နေတဲ့အချိန်တွေကို ကောင်းကောင်းအသုံးချပြီး ကောင်းကင်ဘုံနန်းတော်ကြီးဆီသွားဖို့ လမ်းဖွင့်လိုက်ကြပါလား၊ အဲ့ထဲက ရတနာတွေကို ရှမ့်ယွင်ဂိုဏ်းဆီ ပြန်ယူသွားလို့ရတယ်နော်၊ အဲ့တာဆို တခြားဂိုဏ်းတွေရှေ့မှာ အရမ်းဂုဏ်ယူရမှာ၊ ဘယ်လိုလဲ ငါပြောတာ မကောင်းဘူးလား”

ယန်ရုန်ရုန်၏ မျက်နှာလိုမျက်နှာရပုံစံကို ကြည့်ရင်း ငှက်ပေါက်လေး ဝေဖန်လိုက်သည်။

“စနစ်ပိုင်ရှင်ရဲ့ပုံစံက ဉာဏ်ရည်မပြည့်ဝတဲ့ ဧကရာဇ်ကို ကုန်းတိုက်နေတဲ့ လူယုတ်မာ ဝန်ကြီးမှူးမတ်တစ်ယောက်နဲ့ တူတယ်”

ငှက်ပေါက်လေးစကားကို လျစ်လျူရှုလိုက်ပြီး ယွင်ကျဲကိုသာ ယန်ရုန်ရုန် မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့ပါသည်။

ယွင်ချဲ သေသေချာချာ သုံးသပ်လိုက်သည်။ လျှို့ဝှက်နယ်မြေထဲ သူတို့ဝင်ရောက်လာခဲ့ရသည့် မူလရည်ရွယ် ချက်က ကောင်းကင်ဘုံ နန်းတော်ကိုရှာဖွေဖို့ပင်။

စန်းချွမ်ကိုသာမက ရတနာတွေကိုပါ ပြန်လည်ယူဆောင်သွားနိုင်လျှင် နှစ်ခါအနိုင်ရပါလိမ့်မည်။ သူ့ဆရာကော၊ ဂိုဏ်းခေါင်းဆောင်ကြီးကော၊ ဦးလေးရှန်းတို့ကော အား လုံးကျေနပ်သွားကြပါလိမ့်မည်။

ထိုသို့ကောက်ချက်ချပြီးနောက် ကောင်းကင်ဘုံနန်းတော်ကြီးထဲ ဝင်ရောက်ဖို့ ယွင်ကျဲ ဆုံးဖြတ်လိုက်သည်။ အခြား တပည့်သားများကလည်း ကောင်းကင်ဘုံနန်းတော်ကြီးကို မြင်ရဖို့ စိတ်အားထက်သန်နေကြပြီး လက်နက်ကိရိယာတွေ ထုတ်ရင်း ရေခဲပြင်ကြီးကို ထုခွင်းနေကြပါပြီ။

သို့သော် ယွင်ကျဲကတော့ စိတ်ပျော်ရွှင်မှုကို ဦးစားမပေးခဲ့ချေ။ ယန်ရုန်ရုန်ကို သူစိတ်မချသေးပါ။ ထို့ကြောင့် သူကိုယ်တိုင် တင်းတင်းကြပ်ကြပ် ကြိုးတုပ်ထားခဲ့ပြီး ထွက်မပြေးနိုင်အောင် ချန့်ခွင်းအိတ်ကိုပါ သိမ်းယူထားလိုက်ပါသည်။

ယန်ရုန်ရုန် ရေခဲပြင်ပေါ် တင်ပလ္လင်ခွေကာ ထိုင်နေခဲ့သည်။ ငှက်ပေါက်လေးကတော့ သူမခေါင်းပေါ်မှာ ရပ်နေသည်။ အလုပ်များနေသည့် ရှမ့်ယွင်ဂိုဏ်းသားများကို သူတို့ အေးအေးလူလူ ထိုင်ကြည့်နေကြသည်။

ငှက်ပေါက်လေး: “ဘာလို့ သူတို့ကို နေရာပြောပြလိုက်တာလဲ”

အကျဉ်းသားတစ်ဦးမှာရှိသင့်သည့် ပူပင်သောကမျိုး ယန်ရုန်ရုန်မှာ လုံးဝမရှိပေ။

“အခမဲ့ လုပ်အားလာပေးနေကြတာ လက်မခံစရာလား”

ငှက်ပေါက်လေး: “သူတို့ စနစ်ပိုင်ရှင်ကို အထဲခေါ်မသွားကြရင်ကော၊ အားလုံး သဲထဲရေသွန်ဖြစ်မသွားနိုင်ဘူးလား”

ယန်ရုန်ရုန် ဉာဏ်နီဉာဏ်နက်များစွာ ပြုံးလိုက်သည်။

“ခေါ်သွားကြမှာပါ”

ယန်ရုန်ရုန် အဘယ်ကြောင့် ထိုမျှလောက် ယုံကြည်ချက်ပြည့်ဝနေမှန်း ငှက်ပေါက်လေး နားမလည်ခဲ့ပါ။

သိပ်မကြာလိုက်ဘဲ ရေခဲပြင်ကြီး ကွဲအက်သွားခဲ့သည်။ ယွင်ကျဲက တပည့်သားများကို နှစ်ဖွဲ့ခွဲဖို့ ဆုံးဖြတ်ခဲ့ပါသည်။

တစ်ဖွဲ့က သူနှင့်အတူတူ နန်းတော်ထဲ လိုက်ခဲ့ရမည်ဖြစ်ပြီး နောက်တစ်ဖွဲ့ကတော့ အနောက်မှာ အရံတပ်ကူအဖြစ် နေခဲ့ရလိမ့်မည်။

ငှက်ပေါက်လေး ခန့်မှန်းထားတာ မှန်ပါသည်။ ယွင်ကျဲက ယန်ရုန်ရုန်ကို အထဲသို့ ခေါ်သွားဖို့ အစီအစဉ်မရှိခဲ့ပေ။ အေးခဲနေသည့် ရေခဲပြင်ပေါ်မှာသာ ယန်ရုန်ရုန် ကျန်ရစ်ခဲ့ပါသည်။

ထိုရလဒ်ကို ယန်ရုန်ရုန်လည်း မျှော်လင့်ထားပြီးသားဖြစ်သဖြင့် စိတ်မလှုပ်ရှားခဲ့ပါ။

ယွင်ကျဲ နန်းတော်ထဲ ဆင်းဖို့ ပြင်လိုက်စဉ် ငှက်ပေါက်လေးအား ယန်ရုန်ရုန် တီးတိုး ပြောလိုက်ပါသည်။

“မြန်မြန် အော်စမ်း!”

ငှက်ပေါက်လေးလည်း ပါးစပ်ကို ချက်ချင်းဖြဲလိုက်ပြီး ကျယ်လောင်စွာ အော်မြည်လိုက်ပါသည်။ သူ့အော်သံက ရေခဲမြစ်ပေါ်မှာ ပဲ့တင်သံထပ်သွားပြီး လှိုဏ်ဂူထဲ အိပ်စက်နေသည့် ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီး၏ နားတွေထံ ရောက်ရှိသွားခဲ့သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေခဲ့သည့် ရွှမ်နျောင်ငှက်ကြီး ချက်ချင်းဆိုသလို နိုးကြားသွားခဲ့လေသည်။

‘ငါတို့ကလေးလေး အော်ငိုနေပြီ! ငါတို့ကလေးလေး အနိုင်ကျင့်ခံနေရပြီ!’

All Chapters