အခန်း (၁၄)
Vol. 2 Ch. 14
🌹Chapter 14
ငှက်ပေါက်လေး၏ အော်သံကို ကြားသောအခါ ယွင်ကျဲ ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့သည်။ အဆိုးရွားဆုံး အခြေ အနေတွေ ရောက်ရှိလာတော့မှာကို သူသိနေခြင်းကြောင့်ပင်။
ယန်ရုန်ရုန်ထံသို့ ယွင်ကျဲ အရှိန်အဟုန်ဖြင့် ပြန်ပြေးလာခဲ့ပြီး အဝါရောင်ငှက်ပေါက်လေးကို ဆတ်ခနဲ ဆွဲယူကာ နှုတ်သီးကို ဆွဲပိတ်ထားလိုက်သည်။
ထိုအခါ အော်သံတွေလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။ သို့သော် ယွင်ကျဲ ခြေတစ်လှမ်း နောက်ကျသွားခဲ့ချေပြီ။ ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီးက ငှက်ပေါက်လေး၏ အော်သံကို ကြားသွားပြီး သူတို့ရှိရာထံ ဦးတည်လာခဲ့ပါပြီ။
ဧရာမအတောင်ပံကြီးများကို ရိုက်ခတ်ရင်း ရွှမ်နျောင်ငှက်ကြီး အမြင့်ဆုံးတစ်နေရာမှ ပျံသန်းလာခဲ့သည်။ သူ့ ‘ရတနာလေး’ကို ယွင်ကျဲက ဖမ်းချုပ်ထားပြီး နှုတ်သီးကို လက်ဖြင့်ပိတ်ထားမှန်း မြင်သောအခါ ရွှမ်နျောင်ငှက်။ကြီး၏ ဒေါသများ မီးတောင်လို ပေါက်ကွဲသွားခဲ့သည်။
မျက်လုံးတွေထဲမှာလည်း သတ်ချင်ဖြတ်ချင်သည့် အရိပ်အယောင်များ ဖုံးလွှမ်းသွားခဲ့ပါသည်။
‘ခွေးသား! ငါတို့ကလေးလေးကို အနိုင်ကျင့်ရဲတယ်! နင့်အသက်နဲ့ ပြန်ပေးဆပ်ရမယ်!’
ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီးက ယွင်ကျဲကိုသာ ပစ်မှတ်ထားလိုက်ပြီး သူ့ထံ တဟုန်ထိုး ဆင်းလာခဲ့ပါသည်။
ထိုကဲ့သို့ သားရဲမျိုးကို ယှဉ်နိုင်စွမ်းမရှိမှန်း ယွင်ကျဲ နားလည်သဖြင့် ယန်ရုန်ရုန်ကို ဆွဲခေါ်ပြီး ထွက်ပြေးလေတော့သည်။ အခြားဂိုဏ်းသားများကိုလည်း သူအော်ပြောလိုက်သည်။
“အားလုံး ကောင်းကင်ဘုံနန်းတော်ထဲ ဆင်းကြစမ်း!”
သေရေးရှင်ရေးအခြေအနေဖြစ်သဖြင့် မည်သူမှ မတွန့် ဆုတ်ရဲကြပေ။ ရေနွေးပူပူထဲ ဖက်ထုပ်တွေပစ်ထည့်သကဲ့သို့ သူတို့အားလုံး ရေခဲတွင်းပေါက်ကြီးထဲ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလာခဲ့ကြသည်။
ရေခဲဂူကြီးတစ်လျှောက် လျှောဆင်းသွားကြပြီး နောက်ဆုံးတော့ ကောင်းကင်ဘုံနန်းတော်ကြီးရှေ့ရှိ မြေကွက်လပ်ပေါ် ဒလိမ့်ခေါက်ကွေး ရောက်ရှိသွားခဲ့ကြပါသည်။
ယန်ရုန်ရုန်က ယွင်ကျဲအပေါ်တည့်တည့်သို့ ပြုတ်ကျလာခြင်းဖြစ်သဖြင့် နာကျင်မှုမရှိဘဲ ခံသာသွားခဲ့သည်။ ယန်ရုန်ရုန် ပြန်ထဖို့ ပြင်လိုက်စဉ်မှာပင် ယွင်ကျဲ စိတ်မရှည်စွာ တွန်းချလိုက်ပါသည်။
သူမကို ဒေါသမီးတောက်လောင်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူငေါက်လိုက်သည်။
“အဲ့ဒီရွှမ်နျောင်ငှက်ကို မင်းတမင်တကာ မျှားခေါ်လိုက်တာ!”
ယန်ရုန်ရုန် မသိနားမလည်သည့် ပုံစံလေးဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ မေးလိုက်ပါသည်။
“အဲ့လို လုပ်လိုက်မိတာလား”
ယွင်ကျဲ သူ့လည်ပင်းကို ဆွဲကိုင်လိုက်ပြီး အံကြိတ်ရင်း ခြိမ်းခြောက်လိုက်သည်။
“ငါတို့ကို မင်းလှည့်စားပေါင်းများပြီနော်! မင်းကို ငါမသတ်ရဲဘူး မထင်နဲ့!”
ယန်ရုန်ရုန်ကတော့ နည်းနည်းလေးမှ ကြောက်ရွံ့ပုံမပေါ်ဘဲ ရယ်မောလိုက်သည်။
“အိုး… ကြောက်လိုက်တာဟယ်”
ယွင်ကျဲ သိက္ခာမထိန်းနိုင်တော့ပါ။ ဒီမိန်းမကို တမလွန်သို့ ပို့ဆောင်ပေးဖို့ကလွဲပြီး အခြားဘာမှမစဉ်းစားနိုင်တော့ပေ။
ထိုမြင်ကွင်းကိုမြင်သောအခါ ယွင်ကျဲစိတ်လိုက်မာန်ပါ လုပ်လိုက်မှာကို စိုးရိမ်သဖြင့် အခြားရှမ့်ယွင်ဂိုဏ်းသားများ အပြေးရောက်လာကြပြီး ဝင်ဆွဲလိုက်ရသည်။
ရောင်းရင်းများ၏တားဆီးမှုကြောင့် ယွင်ကျဲ အသက်ဝဝရှူကာ စိတ်လျှော့လိုက်ရသည်။
စန်းချွမ်က ရှန်းဝမ်ချင်း၏တပည့်ရင်းဖြစ်သည်။ သူမကို ကွပ်မျက်ပစ်ရမည်ဆိုလျှင်တောင် ရှန်းဝမ်ချင်းကိုယ်တိုင် ကွပ်မျက်သင့်ပါသည်။ သူ့လို တပည့်သားတစ်ဦးက စည်းမကျော်သင့်ပေ။
သူ့ကို ဆွဲထားသည့် ရောင်းရင်းများ၏လက်ကို ခါထုတ်လိုက်ပြီး ယွင်ကျဲ အသက်ကိုမှန်မှန် ရှူလိုက်သည်။
အပေါ်မှ ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီး၏အော်သံများကိုလည်း သူတို့ ကြားနေရဆဲပင်။
အားလုံးအပေါ်ကို မော့ကြည့်လိုက်ကြပါသည်။ ရေခဲပြင်ဝင်ပေါက်က သေးငယ်လွန်းသဖြင့် ၎င်းဧရာမခန္ဓာကိုယ်ကြီးနှင့် ဝင်မဆံ့နိုင် ဖြစ်နေလေသည်။
သို့သော် ငှက်ကြီးက အရှုံးမပေးသေးပါ။ သံမဏိပမာ မာကျောသည့် သူနှုတ်သီးကိုအသုံးပြုလျက် ရေခဲပြင်ကို ထိုးခွင်းနေလေသည်။ ထို့ကြောင့် အပေါ်ဘက်မှ ရေခဲဆူးချွန်တွေ မိုးရွာသလို ကျဆင်းလာခဲ့ပါသည်။
ယွင်ကျဲ အမြန်အမိန့်ပေးလိုက်သည်။
“မြန်မြန်ပြေးကြတော့!”
ရှမ့်ယွင်ဂိုဏ်းသားများ ကောင်းကင်ဘုံနန်းတော်ကြီး၏ ဂိတ်တံခါးကို အမြန်တွန်းဖွင့်လိုက်ကြသည်။ ထို့နောက် ယွင်ကျဲ၏ ဦးဆောင်မှုနောက်ကို လိုက်ရင်း အထဲသို့ ပြေးဝင်သွားခဲ့ကြသည်။
အပြင်ဘက်မှကြည့်လျှင်တော့ ကောင်းကင်ဘုံနန်းတော်ကြီးက ရေခဲဖြင့် ထွင်းထုထားသည့် နန်းတော်ကြီးတစ်ခု ဖြစ်မည်ဟု ထင်ရပြီး အေးစိမ့်နေသော အရှိန်အဝါများ ဖြာထွက်နေခဲ့သည်။
ထို့ကြောင့်အတွင်းပိုင်းမှာလည်း အရိုးထဲထိစိမ့်အောင် အေးလိမ့်မည်ဟု အားလုံး ထင်ထားခဲ့ကြပါသည်။ သို့သော် အထဲသို့ ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်တည်း နွေးထွေးသောအရှိန်အဝါတစ်ခုက အားလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဂိတ်တံခါးကြီး၏ အလွန်တွင် အလွန်ခမ်းနားသည့် ခန်းမကြီးတစ်ခု ရှိနေပါသည်။ မီးလင်းဖိုတွေထဲမှာလည်း မီးသွေးမီးတွေ အဆက်မပြတ်တောက်လောင်နေကာ ခန်းမကြီးတစ်ခုလုံးကို အနွေးဓာတ် ပေးစွမ်းနေသည်။
ခန်းမကြီး၏ အလယ်တွင် အလွန်ရှည်လျားသည့် စားပွဲကြီးတစ်လုံးရှိနေပြီး ထိုစားပွဲပေါ်တွင် ရနံ့သင်းပျံ့သည့် သေရည်များ၊ စားကောင်းသောက်ဖွယ်များစွာ တည်ခင်းပေးထားလေသည်။
သွားရည်ကျစရာ မွှေးရနံ့က နှာခေါင်းထဲတိုးဝင်လာသဖြင့် အားလုံး တံတွေးမျိုချလိုက်မိကြသည်။ နွေးထွေးသည့် မီးရောင်တွေကြားထဲ စားကောင်းသောက်ဖွယ်ရာများက သူတို့ကို ဖြားယောင်းသွေးဆောင်နေသလိုပင်။
ရက်ပေါင်းများစွာ ပြေးလွှားခဲ့ရသဖြင့် ရှမ့်ယွင်ဂိုဏ်း တပည့်သားများအားလုံး ပင်ပန်းနွမ်းနယ်နေကြပါပြီ။ ရုတ်တရက် ခံစားလိုက်ရသည့် အနွေးဓာတ်နှင့် အစား အသောက်များ၏ မွှေးရနံ့များကြောင့် ခန္ဓာကိုယ်များက အလိုလို သတိမဲ့သွားခဲ့ကြသည်။
စိတ်ပျော့သည့် တပည့်သားတစ်ဦးဖြစ်သော ကျောက်ရှုက စိတ်မထိန်းနိုင်တော့ဘဲ စားပွဲဆီ လျှောက်သွားခဲ့လေသည်။
သို့သော် ယွင်ကျဲ အမြန်လှုပ်ရှားခဲ့ပြီး ကျောက်ရှုကို လက်မောင်းမှ အမြန်ပြန်ဆွဲခေါ်ကာ ငေါက်လိုက်ပါသည်။
“ကျောက်ရှု မင်းဘာလုပ်မလို့လဲ!”
ကျောက်ရှုလည်း အသိစိတ်ပြန်ကပ်သွားပြီး ခြေလှမ်းတွေ ပျာပျာယာယာ နောက်ဆုတ်သွားခဲ့သည်။ ယွင်ကျဲ၏ ခက်ထန်သည့် မျက်လုံးတွေကို မြင်သောအခါ လိပ်ပြာမလုံစွာ ဖြေလိုက်ပါသည်။
“ငါ… ငါဒီတိုင်း သွားကြည့်ချင်လို့ပါ၊ တခြားဘာစိတ်ကူးမှမရှိဘူး”
လက်ရှိအခြေအနေတွေကြောင့် ကျောက်ရှုကို သေသေ ချာချာ မေးမြန်းဆုံးမဖို့ ယွင်ကျဲ အချိန်မရှိပေ။ ထို့ကြောင့် ကျောက်ရှုကို သတိပေးသည့်အကြည့်မျိုးဖြင့်သာ စိုက်ကြည့်ခဲ့သည်။ ကျောက်ရှုလည်း ထိုအကြည့်ကြောင့် ခေါင်းတိုသွားခဲ့ပါသည်။
ထို့နောက် ရှမ့်ယွင်ဂိုဏ်း တပည့်သားများကို ယွင်ကျဲသတိပေးလိုက်သည်။
“ဒီနေရာကြီးက ထူးဆန်းတယ်… ပုန်းကွယ်နေတဲ့ အန္တရာယ်တွေ ရှိနေနိုင်လို့ ငါ့အမိန့်မပါဘဲ ဘယ်သူမှ မလှုပ်ရှားကြနဲ့ ကြားလား”
အားလုံး ခေါင်းညိတ်နာခံလိုက်ကြသည်။
ထို့နောက် ယန်ရုန်ရုန်ကို ကြည့်ကာ ယွင်ကျဲ သတိပေးလိုက်သည်။ “အထူးသဖြင့် မင်းပေါ့၊ ဒီနေရာက မင်းလှည့် ကွက်တွေ ထုတ်သုံးလို့ကောင်းတဲ့ နေရာမဟုတ်ဘူး၊ လိမ်လိမ်မာမာနေပြီး ဘယ်သူ့ကိုမှ လှည့်စားဖို့ မကြိုးစားနဲ့ နားလည်လား!”
ယန်ရုန်ရုန် လိမ်လိမ်မာမာ ပြန်ဖြေလိုက်ပါသည်။
“ဟုတ်ကဲ့ပါ~”
ယန်ရုန်ရုန်ကို မယုံကြည်သေးသဖြင့် ကြိုးဆက်တုပ်ထားဆဲဖြစ်ကာ ကြိုးအစွန်းကို သူ့လက်ထဲ ကိုင်ထားခဲ့သည်။
အဝါရောင် ငှက်ပေါက်လေးကိုပင် ယွင်ကျဲ ကြိုးတုပ်ထားခဲ့ပါသည်။ အသံမထွက်နိုင်အောင် နှုတ်သီးကိုလည်း အပ်ချည်ကြိုးလေးဖြင့် တုပ်ထားသေးသည်။ ထို့ကြောင့် ငှက်ပေါက်လေးက ယန်ရုန်ရုန့်ခေါင်းပေါ်မှာ အလှထား အရုပ်လေးတစ်ရုပ်လိုသာ ထိုင်နေနိုင်လေသည်။
ယွင်ကျဲ စိတ်အားတင်းပြီး အစားအသောက်များကို မျက်နှာလွှဲကာ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
ခန်းမကြီးထဲမှ ထွက်လာသောအခါ ရှည်လျားလှသည့် လျှောက်လမ်းကြီးတစ်ခုထံ ရောက်ရှိသွားခဲ့ကြသည်။ ဘေးတစ်ဖက်တစ်ချက်စီမှာ နတ်ဘုံနတ်နန်းဟု ထင်ရလောက်သော ခြံဝန်းကြီးများ ရှိနေခဲ့ပါသည်။
ထိုခြံဝန်းကြီးတွေထဲမှာ ငှက်ကလေးများ၏ တေးဆိုသံများ၊ ပန်းကလေးများ၏ မွှေးရနံ့များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ရှားပါး ဝိညာဉ်သားရဲတွေကလည်း မြူခိုးမြူငွေ့တွေကြားထဲ တည်ငြိမ်အေးချမ်းစွာ နားခိုနေကြသည်။ ထိုမြင်ကွင်းက တပည့်သားများအတွက် အလွန်ရင်သက်ရှုမောဖွယ် ကောင်းခဲ့ပါသည်။
ကျောက်ရှုအာရုံထဲ အတွေးတစ်ခုပေါ်လာခဲ့သည်။
‘အဲ့ဒီသားရဲတစ်ကောင်လောက်ကို ယဉ်ပါးအောင်လုပ်နိုင်ရင် ငါ့ကျင့်ကြံခြင်းအဆင့်တွေ ထိုးတက်သွားမှာပဲ။ ယဉ် ပါးအောင် မလုပ်နိုင်ဘူးဆိုရင်တောင် နှစ်ကောင်လောက်ဖမ်းပြီး ရောင်းစားလိုက်လို့ကတော့ ဝိညာဉ်ကျောက်တုံးတွေ အချီကြီး ထောသွားမှာ!’
ထိုအတွေးမျိုးဝင်လာသည်က ကျောက်ရှုတစ်ဦးတည်း မဟုတ်ပေ။ အခြားသူတွေ မျက်လုံးထဲမှာလည်း လောဘအရိပ်အယောင်များ ထင်ဟပ်လာခဲ့ပါသည်။
ကံကောင်းစွာဖြင့် ယွင်ကျဲတစ်ယောက် သတိအလွန်ကပ်နေဆဲဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကိုမှ သွားမထိဖို့ တပည့်သားများကို အမိန့်ပေးလိုက်ပြီး အလျှင်အမြန် ဆက်ချီတက်လာခဲ့ပါသည်။
လျှောက်လမ်းကြီး၏ အဆုံးတွင် စာကြည့်တိုက်ဆောင်တစ်ခု ရှိနေခဲ့သည်။ ထိုစာကြည့်တိုက်အတွင်း မရေမတွက်နိုင်အောင် များပြားသည့် အဖိုးတန်လျှို့ဝှက်ကျမ်းစာများစွာ ရှိနေပါသည်။
ထိုစာအုပ်တစ်အုပ်လောက် ဆိုလျှင်တောင် ကျင့်ကြံသူပေါင်းများစွာ ယှဉ်ပြိုင်တိုက်ခိုက်ပြီး လုယူရမည့် ရတနာမျိုးဖြစ်သည်။ ဒီတစ်ခါတော့ ယွင်ကျဲကိုယ်တိုင်ပင် စိတ်ယိမ်းယိုင်သွားခဲ့သည်။ စာအုပ်စင်ပေါ်မှ ကျမ်းစာတစ်အုပ်ကို သူဆွဲထုတ်လိုက်ပါသည်။
ထိုကျမ်းစာစာအုပ်ကို ဖွင့်ဖတ်ခါနီးဆဲဆဲအချိန်တွင် ယွင်ကျဲရုတ်ရက် အသိစိတ်ပြန်ဝင်လာခဲ့သည်။ စာအုပ်ကို အဝေးသို့ လွှင့်ပစ်လိုက်ပြီး အဆိပ်ရှိမြွေတစ်ကောင်ကိုက်သည်ကိုခံလိုက်ရသကဲ့သို့ ခြေလှမ်းတွေ နောက်ဆုတ် သွားခဲ့သည်။ သူ့မျက်နှာတစ်ခုလုံးလည်း စိတ်ချောက်ချားမှုဖြင့် ဖြူရော်သွားခဲ့ပါသည်။
ယွင်ကျဲ အနောက်သို့လှည့်ကြည့်လိုက်ရာ ရောင်းရင်းတွေအကုန်လုံး ဝိညာဉ်နှုတ်ယူခံထားရသကဲ့သို့ စာအုပ်တွေကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရပါသည်။
တစ်ဖွဲ့လုံးတွင် ယန်ရုန်ရုန်တစ်ဦးတည်း သာမန်အတိုင်း ကျန်ရှိနေခြင်းဖြစ်သည်။ သူမက အရာရာကို စပ်စုသည့် မျက်လုံးများဖြင့်သာ လိုက်ကြည့်နေခဲ့ပါသည်။
ယွင်ကျဲခေါင်းထဲ သတိပေးသံများ မြည်လာခဲ့ပါပြီ။ ဒီနေရာကြီးက သူထင်မှတ်ထားသည်ထက် အန္တရာယ်ပိုများနေသည်။
“ဒါတွေက အစစ်အမှန်မဟုတ်ဘူး! မြန်မြန်သွားကြ!”
ရှမ့်ယွင်ဂိုဏ်းသားတွေအကုန် စာအုပ်များထံမှ တွန့်ဆုတ်စွာ မျက်နှာလွှဲလိုက်ရပြီး ယွင်ကျဲနောက်သို့ လိုက်သွားခဲ့ရပါသည်။
အားလုံး၏နောက်ဆုံးတွင် လိုက်ပါလာခဲ့သည့် ကျောက်ရှုတစ်ယောက် ကျမ်းစာစာအုပ်တွေကို မျှော်လင့်တကြီး လှည့်ကြည့်မိပါသေးသည်။
နောက်ဆုံးမှာတော့ ရင်ဘတ်ထဲက လောဘစိတ်ကို မထိန်းချုပ်နိုင်တော့သဖြင့် မည်သူမှ စောင့်ကြည့်မနေသည့် အချိန်အထိစောင့်ရင်း ခါးအမြန်ကုန်းကာ ယွင်ကျဲလွှင့်ပစ်ခဲ့သည့် ကျမ်းစာစာအုပ်ကို ကောက်ယူလိုက်ပြီး ချန့်ခွင်းအိတ်ထဲ ထည့်ခဲ့လိုက်ပါသည်။
စာကြည့်တိုက်ဆောင်ထဲမှ ထွက်လာသောအခါ ကျောက်ရှု ချန့်ခွင်းအိတ်ကို ပွတ်ရင်း ရင်ထဲမှာလည်း မျှော်လင့်ချက်များဖြင့် ပြည့်ဝသွားခဲ့သည်။
စာအုပ်ထဲမှ ပညာတွေကို သင်ယူပြီးသည်နှင့်တစ်ပြိုင် တည်း သူ့ကျင့်ကြံခြင်းတွေ အဆမတန် ထိုးတက်သွားပြီး နတ်ဘုရားလောကသို့ပင် တက်လှမ်းနိုင်စွမ်းရှိလာနိုင် သည်။
သို့သော် ချန့်ခွင်းအိတ်ထဲမှ အနက်ရောင်ချီစွမ်းအင်များ တိတ်တဆိတ်ဖြာထွက်နေသည်ကိုတော့ ကျောက်ရှု သတိမပြုမိခဲ့ချေ။
ထိုအနက်ရောင် ချီစွမ်းအင်များ ကျောက်ရှု၏ လက် ကောက်ဝတ်မှတဆင့် ရစ်ပတ်နွယ်တက်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။