← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

🌹Chapter 15

စာကြည့်တိုက်မှ ထွက်လာပြီးနောက် ရတနာမျှော်စင်ကြီးတစ်ခုထံသို့ သူတို့ ရောက်ရှိလာခဲ့ကြသည်။

မျှော်စင်ကြီးက အထပ်သုံးထပ်မြင့်မားပြီး အထပ်တိုင်းတွင် လူ့လောက၌ မြင်ရခဲသည့် ရှားပါး မှော်ရတနာများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုရတနာများအနက် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်းတိုးမြှင့်ပေးနိုင်သည့် ထိပ်တန်းအဆင့် ဆေးလုံးများပင် ရှိနေပါသည်။ ကျင့်ကြံသူတစ်ဦးအတွက် ထိုကဲ့သို့ ရတနာများက သေလောက်အောင် မက်မောဖွယ် ကောင်းလှသည်။

ရှမ့်ယွင်ဂိုဏ်းတပည့်သားများအားလုံး စိတ်ယိမ်းယိုင်သွားခဲ့ကြပါသည်။ ယွင်ကျဲပင် စိတ်မထိန်းနိုင်တော့ဘဲ အဖိုးတန် ဓားတစ်လက်ကို ယူကြည့်လိုက်မိသည်။

ထိုဓားသွားမှ ပြင်းထန် အားကောင်းသည့် ဝိညာဉ်စွမ်းအင်များ ဖြာထွက်နေပါသည်။ လက်ထဲမှာ လေးလံနေသော် လည်း နွေးထွေးသည့်ရောင်ဝါတစ်ခု ရှိနေသည်။

မီးဓာတ်ရှိသည့် အဆင့်မြင့်ဝိညာဉ်ဓားတစ်လက်ဖြစ်ကာ မီးဓာတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားသည့် ယွင်ကျဲအတွက် အလွန် လိုက်ဖက်ညီ သင့်တော်လွန်းပါသည်။ ဤဓားကိုသာ သူ့ဝိညာဉ်နှင့် ချိတ်ဆက်နိုင်ပါက စွမ်းအားတွေ အဆမတန် တိုးမြင့်သွားလိမ့်မည်ဟု ယွင်ကျဲ ယုံကြည်သည်။

သို့သော်လည်း ယွင်ကျဲစိတ်တွေ အလျှင်အမြန်ကြည်လင်သွားခဲ့သည်။ သူ့မှာ အဖေဖြစ်သူပေးအပ်ထားသည့် ဝိညာဉ်ဓားတစ်လက် ရှိနေပြီးသားပင်။ ထို့ကြောင့် လောဘတက်ကာ အခြားဓားတစ်လက်ကို ယူစရာမလိုပါ။

နှလုံးသားထဲက နာကျင်မှုကို ချုပ်တည်းရင်း ယွင်ကျဲဓားကို ပြန်ချထားလိုက်ပြိး နောက်ပြန်လှည့်ကြည့်လိုက်ပါသည်။

ထိုအခါ ရတနာတွေကြောင့် စိတ်ရူးပေါက်ကုန်ကြပြီး ချန့်ခွင်းအိတ်တွေထဲ ရတနာတွေ အသည်းအသန်ထိုးထည့်နေကြသည့် ရောင်းရင်းများအား ယွင်ကျဲ မြင်လိုက်ရလေသည်။

ယွင်ကျဲ မျက်နှာဖြူရော်သွားခဲ့ပြီး ချက်ချင်းအမိန့်ပေး လိုက်သည်။

“အားလုံး ရပ်ကြစမ်း!!”

သို့သော် မည်သူမှ နားမထောင်ခဲ့ကြပေ။ ယန်ရုန်ရုန်မှအပ ကျန်သောသူအားလုံး တစ္ဆေသရဲပူးကပ်ခဲ့ထားရသကဲ့သို့ ဖြစ်နေကြသည်။ မျက်လုံးတွေထဲမှာလည်း ရတနာကို မက်မောသည့် လောဘစိတ်ကလွဲပြီး အခြားဘာမှ မရှိကြတော့ပေ။

တပည့်သားနှစ်ယောက်ဆို ရတနာတစ်ခုအတွက် စတင်လုံးထွေးသတ်ပုတ်နေကြပြီဖြစ်သည်။ ၎င်းတို့၏ သွေးချင်နီနေသည့် မျက်လုံးများ၊ စိတ္တဇလိုမျက်နှာများကို ကြည့်ရင်း ဆင်ခြင်တုံတရား ကင်းမဲ့သွားကြပြီဖြစ်မှန်း ယွင်ကျဲ နားလည်လိုက်သည်။

ရန်ဖြစ်နေသည့် တပည့်သားနှစ်ဦးကို ယွင်ကျဲ အမြန်ဝင်တားပြီး အခြားတပည့်သားတွေကိုပါ အတင်းအကြပ် ဆွဲခေါ်ကာ ဤနေရာကြီးမှ ထွက်သွားဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော် ယွင်ကျဲ မည်မျှအော်ဟစ်ဆွဲတားနေပါစေ အား လုံးက ရတနာတွေကို လက်မလွှတ်နိုင်ဖြစ်ခဲ့ကြသည်။

ကျောက်ရှုဆို ဓားပင်ထုတ်ပြီး ယွင်ကျဲအားခြိမ်းခြောက်ခဲ့လေသည်။

“နောက်ဆုတ်စမ်း! ဒီရတနာတွေအကုန် ငါ့အပိုင်ပဲ! လာလုဖို့ မကြိုးစားနဲ့!”

မျက်စိရှေ့က ဓားထိပ်ကို ယွင်ကျဲ စိုက်ကြည့်ရင်း မယုံ ကြည်နိုင်ဖြစ်သွားခဲ့သည်။

“ကျောက်ရှု! မင်းရူးသွားပြီလား! မင်းကိုယ် မင်း ဘာလုပ်နေမှန်းတောင် သတိထားမိရဲ့လား”

ပုံမှန်ဆို ကျောက်ရှုက အလွန်အနေအေးပြီး လူကြောက်တတ်သူတစ်ဦးဖြစ်သည်။ ပါရမီသိပ်မထူးချွန်သော်လည်း နူးညံ့သိမ်မွေ့ပြီး အလုပ်ကြိုးစားသူဖြစ်သည်။

တစ်ချိန်တုန်းက ကျောက်ရှုနှင့် ယွင်ကျဲ အတူတူ တောင်အောက်ဆင်းကာ ဂိုဏ်းမှပေးအပ်သည့် တာဝန်တွေကို အတူတူ ထမ်းဆောင်ခဲ့ကြဖူးသည်။ ထိုသံယောဇဉ်ကြောင့် ယွင်ကျဲ သူ့ကို မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့ပါသည်။ သို့သော် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ထိုမိတ်ဆွေက သူ့ကို ဓားဖြင့် ရွယ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဓားကိုင်ထားသည့် ကျောက်ရှုလက်တွေ တဆတ်ဆတ် တုန်ယင်နေခဲ့ပါသည်။ သူမျက်ဝန်းတွေ သွေးချင်းနီနေသော်လည်း မျက်လုံးသူငယ်အိမ်ကတော့ ပိန်းပိတ်အောင် မှောင်မိုက်နေသည်။

ပျော်ရွှင်မှု၊ စိုးရွံ့မှုများဖြင့် သူ့စိတ်တွေ အလွန်ဖောက်ပြားနေမှန်း သိသာလှသည်။

“ငါမရူးဘူး! မူးလည်းမမူးဘူး! ဒီလိုနေ့မျိုးရောက်လာဖို့ စောင့်နေခဲ့တာကြာပြီ၊ လက်တစ်ကမ်းအလို ရောက်လာတဲ့ ဒီလိုအခွင့်အရေးမျိုး လုံးဝ လက်မလွှတ်နိုင်ဘူးကွ!”

ပြောပြောဆိုဆိုနှင့် အားလပ်နေသည့် ဘယ်ဘက်လက်ကို အသုံးပြုကာ ဆေးလုံးများတစ်ဆုပ်စာလောက်ကို ကျောက်ရှု ကောက်ယူလိုက်သည်။

“ငါက မင်းလို ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ သားမဟုတ်ဘူး! မွေးရာပါ မီးဓာတ်ဝိညာဉ်ရင်းမြစ်ပါလာပြီး လူတစ်ထောင်မှာ တစ်ယောက်ပဲ ရှိတတ်တဲ့ ကောင်းကင်ဘုံရဲ့ မျက်နှာ သာပေးမှုကို ခံရတဲ့ သားတော်လည်း မဟုတ်ဘူး! ငါက သာမန်လူတစ်ယောက်ပဲ၊ ဂိုဏ်းတစ်ခုထဲ အပြင်စည်းကျင့် ကြံသူအဖြစ်နဲ့ ဝင်လာနိုင်တာတောင် ကံကောင်းလှပြီ”

“ချီစုပ်ယူခြင်းအဆင့် ရောက်လာဖို့တောင် နေ့နေ့ညည သူများထက် နှစ်ဆကြိုးစားခဲ့ရတာ၊ အခြေခံအုတ်မြစ်အဆင့်ကို တက်လှမ်းချင်ပေယ့် ငါ့မှာ အခြေခံအုတ်မြစ်ဆေးလုံးလေး တစ်လုံးတောင် မရှိဘူး! တောင်အောက်ဆင်းပြီး ဂိုဏ်းအတွက် အန္တရာယ်များတဲ့ တာဝန်တွေ ထမ်းဆောင်ပေးခဲ့ရတယ်၊ အသက်လုပြီး တာဝန်ထမ်းဆောင်ပေးခဲ့ရတာတောင် အကြီးအကဲတွေဆီက ဆေးလုံးသေးသေးလေး တစ်လုံးပဲရပြီး အတွင်းစည်းကျင့်ကြံသူ ဖြစ်လာတယ်ဆိုရုံလောက်ပဲ ရှိခဲ့တာ!”

ထိုတာဝန်ထမ်းဆောင်နေစဉ်အချိန်အတွင်း ယွင်ကျဲနှင့် ကျောက်ရှုတို့ ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တုန်းက ကျောက်ရှုလည်း သူ့လိုပဲ ကိုယ့်ပညာကိုယ် စမ်းသပ်ချင် ခြင်းကြောင့် ထိုကဲ့သို့ အန္တရာယ်များသည့် တာဝန်တွေထမ်းဆောင်ခဲ့ရခြင်းဖြစ်မည်ဟု ယွင်ကျဲ ထင်ထားခဲ့တာဖြစ်သည်။

သို့သော် ကျောက်ရှုအတွက်ကတော့ ဆေးလုံးလေးတစ် လုံးရဖို့အတွက် အသည်းအသန် ကြိုးစားနေခဲ့ရခြင်းဖြစ်မှန်း သူ မသိခဲ့ပေ။

ယွင်ကျဲ မျက်မှောင်ကြုတ်လိုက်သည်။

“မင်းအခြေခံအုတ် မြစ်ဆေးလုံး လိုချင်တာဆိုလည်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့လို့ ရတာပဲ၊ ငါမင်းကိုပေးမှာပေါ့”

အခြေခံအုတ်မြစ်ဆေးလုံးက သာမန်ကျင့်ကြံသူတစ်ဦးအဖို့ အလွန်အဖိုးတန်သော်လည်း ယွင်ကျဲအတွက်တော့ သာမန်ဆေးလုံး တစ်လုံးလိုပင်။

ယွင်ကျဲအတွက် အဖေဖြစ်သူက ထိုဆေးလုံးများစွာကို ကြိုတင်ပြင်ဆင်ပေးထားခဲ့သည်။ သို့သော် ယွင်ကျဲကမူ ထိုဆေးလုံးတွေကို အားမကိုးဘဲ ကိုယ့်အစွမ်းအစကိုယ်သာ အားကိုးပြီး ကျင့်ကြံခြင်းအဆင့်များ တက်လှမ်းခဲ့ပါသည်။

ကျောက်ရှုမျက်နှာ အလွန်အကျည်းတန်သွားပြီး ရုတ်တ ရက် ဟိန်းဟောက်လိုက်သည်။

“မင်း ငါ့ကို ပေးကမ်းစွန့်ကြဲဖို့ မလိုဘူးကွ! ငါ မယူဘူး!”

ယွင်ကျဲ ရှင်းပြဖို့ ကြိုးစားသည်။

“ပေးကမ်းစွန့်ကြဲတာ မဟုတ်ဘူး၊ အတွေးလွန်မနေနဲ့၊ ငါဆိုလိုတာက…”

ကျောက်ရှု အငြှိုးတရားကြီးစွာ စကားဖြတ်ပြောလိုက်ပါသည်။

“မင်းလို ပါရမီရှင်မျိုးက ငါ့လို သာမန်လူတစ်ယောက်ကို ဘယ်နားလည်နိုင်ပါ့မလဲ၊ ငါ့အသက်နဲ့ရင်းပြီး လေ့ကျင့်ရင်တောင် မင်းဆေးလုံးတစ်လုံးနှစ်လုံးလောက်သောက်ပြီး ရလာတဲ့ စွမ်းအားကို မှီမှာမဟုတ်ဘူး၊ ဒါပေမယ့် အရေးမကြီးတော့ပါဘူး၊ ဒီမှာကြည့်! ငါ့မှာ ဆေးလုံးတွေ အများကြီး ရှိနေပြီ မြင်လား! ဒါတွေအကုန်လုံးက အပြင်မှာ ဝိညာဉ်ကျောက်တုံးရှိရင်တောင် ဝယ်လို့မရတဲ့ ထိပ်တန်းအဆင့် ဆေးလုံးတွေချည့်ပဲ! ဒါတွေကို သောက်လိုက်တာနဲ့ မင်းတို့အကုန်လုံးထက် ချက်ချင်း သာလွန်သွားတော့မှာ!”

ထို့နောက် ကျောက်ရှုပါးစပ်ဟကာ လက်တစ်ဆုပ်စာ ဆေးလုံးတွေအကုန် ပါးစပ်ထဲ ထိုးထည့်ပစ်လိုက်တော့ သည်။

“မလုပ်နဲ့!”

ယွင်ကျဲ တားဆီးဖို့ ကြိုးစားသော်လည်း သူလှုပ်လိုက်သည်နှင့် ကျောက်ရှု၏ ဓားထိပ်က သူ့နှလုံးသားတည့်တည့်ကို ရွယ်ထားပြီးသား ဖြစ်နေပါသည်။ ထို့ကြောင့် ကျောက်ရှုဆေးလုံးတွေ အငမ်းမရ အကုန်မျိုချနေသည်ကို ယွင်ကျဲ ဒီအတိုင်း ရပ်ကြည့်နေခဲ့ရသည်။

ဆေးလုံး၏အာနိသင်ကြောင့်ပဲလား၊ အခြားအရာတစ်ခုခုကြောင့်လား မသိနိုင်သော်လည်း ကျောက်ရှု၏ မျက်နှာတစ်ခုလုံး ကြက်သွေးရောင်ကဲ့သို့ နီရဲလာခဲ့သည်။ မျက်လုံးတွေလည်း ပြူးထွက်လာပြီး အသားအရည်က ခရမ်းစိမ်းရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ကိုယ်လုံး အလွန်နာကျင်နေပုံရသော်လည်း ကျောက်ရှု စိတ္တဇဆန်စွာ ပြုံးကာ ရယ်မောလေတော့သည်။

“ဟားဟားဟားဟား! ငါ့စွမ်းအားတွေ တက်လာပြီ…! မကြာခင် ရွှေအမြုတေဖြစ်တည်လာတော့မယ်!”

ထိုမြင်ကွင်းကို မြင်သောအခါ အခြားရှမ့်ယွင်ဂိုဏ်း တပည့်သားများလည်း ဆေးလုံးတွေကို အလုအယက် ကောက်ယူပြီး ပါးစပ်ထဲ ထိုးထည့်ကုန်ကြသည်။ နည်းနည်းလောက် နောက်ကျသွားသည်နှင့် အဆင့်တက်နိုင်မည့်အခွင့်အရေးကို ဆုံးရှုံးရတော့မည့်အလား ရူးသွပ်နေကြပါပြီ။

ရောင်းရင်းများ၏ အဓိပ္ပာယ်မဲ့သောလုပ်ရပ်များကို ယွင်ကျဲ တားဆီးချင်သော်လည်း ကျောက်ရှုက သူ့လမ်းမှာ ပိတ်ရပ်နေပါသည်။ ယွဲကျဲကို ကျောက်ရှု ချောက်ချားစရာမျက်လုံးများဖြင့် ကြည့်ရင်း အငြှိုးအတေးကြီးစွာ စွပ်စွဲလိုက်သည်။

“ငါတို့ကို ဆေးလုံးတွေ မသောက်စေချင်တာ… မင်းထက် ကျင့်ကြံခြင်းအဆင့် သာလွန်သွားမှာ စိုးရိမ်လို့မလား”

ဒီရူးသွပ်မှုကို ယွင်ကျဲ ဆက်ပြီးသည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူ့ဓားကိုဆွဲထုတ်လိုက်ပြီး ကျောက်ရှု၏ဓားကို ရိုက်ချပစ်လိုက်သည်။

“ဒီနေရာကြီးက အစစ်အမှန်မဟုတ်ဘူး! အားလုံး သတိကပ်ကြစမ်း!!”

ကျောက်ရှုက စူးစူးဝါးဝါး အော်ပြောလိုက်သည်။

“အစစ်အမှန် မဟုတ်ဘူးတဲ့လား…! ငါကတော့ ဒီနေရာကို ကောင်းကင်ဘုံလို့ထင်နေတာ! ဒီနေရာကို သဘောကျတယ်၊ ဒီနေရာမှာပဲ တစ်သက်လုံး နေသွားချင်တယ်!!”

ရောင်းရင်းဖြစ်သူကို မထိခိုက်စေချင်သဖြင့် ယွင်ကျဲ ခွန်အားကိုထိန်းချုပ်ပြီး တိုက်ခိုက်ခဲ့ပါသည်။ သို့သော် ကျောက်ရှုကတော့ မတူပေ။

သူ့တိုက်ကွက်တိုင်းက အန္တရာယ်များပြီး ယွင်ကျဲအား သတ်ဖြတ်ပစ်ဖို့ ရည်ရွယ်ထားမှန်း သိသာပါသည်။ ထို့ကြောင့် ယွင်ကျဲ ခြေလှမ်းတွေ နောက်ဆုတ်သွားခဲ့ရသည်။

ကျောက်ရှု စူးစူးဝါးဝါး ရယ်မောလိုက်ပါသည်။

“မင်းအစွမ်းအစက အဲ့လောက်ပဲလား”

ခွန်အားကို ဆက်ပြီး ထိန်းချုပ်ထား၍ မဖြစ်တောာ့မှန်း ယွင်ကျဲ နားလည်ပါသည်။ သို့သော် ဒါက သူ့မိတ်ဆွေရောင်း ရင်းဖြစ်သည်။ မိစ္ဆာတွေကို အတူတူ ပခုံးချင်းယှဉ်ကာ သက်စွန့်ဆံဖြား တိုက်ခိုက်ခဲ့ဖူးသူဖြစ်သည်။

ဒီလိုမိတ်ဆွေမျိုးကို ယွင်ကျဲ သတ်ဖြတ်ဖို့လက်တွန့်နေခဲ့ပါသည်။

ထိုစဉ် ‘ဂျွတ်’ခနဲ မြည်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အသံက မကျယ်လောင်သော်လည်း ရတနာမျှော် စင်ကြီး၏ တိတ်ဆိတ်မှုကြောင့် အလွန်ရှင်းလင်းပြတ် သားနေခဲ့လေသည်။

အသံလာရာဘက်သို့ ကျောက်ရှု လှည့်ကြည့်လိုက်ရာ လှေကားထစ်ထိပ်တွင် ခြေထောက်တစ်ဖက်မပြီး တိတ်တိတ်ကလေး ဆင်းဖို့ ပြင်နေသည့် ယန်ရုန်ရုန်အား မြင်လိုက်ရလေသည်။

ပထမတော့ ရှမ့်ယွင်ဂိုဏ်းသားတွေ အားလုံးအာရုံလွဲနေကြစဉ် ယန်ရုန်ရုန် လစ်ထွက်လာဖို့ ကြံစည်ထားခဲ့ခြင်းဖြစ် သည်။ သို့သော် မျှော်စင်လှေကားထစ်တွေက စုတ်ပဲ့လွန်းသဖြင့် တစ်ချက်လောက် နင်းလိုက်သည်နှင့် အသံပေါင်းစုံထွက်နေပါပြီ။

ယခုမူ လူတိုင်း၏အကြည့်က သူမထံ ရောက်ရှိလာလေပြီ။

ယန်ရုန်ရုန် နှုတ်ခမ်းများတွန့်သွားပြီး အားနာပါးနာ ပြုံးပြလိုက်ပါသည်။

“အားလုံး အလုပ်ရှုပ်နေကြတာပဲ၊ ငါ့ကို အရေးမစိုက်ပါနဲ့၊ မရှိဘူးလို့သာ သဘောထားလိုက်နော်”

ယန်ရုန်ရုန်ဆီသို့ ကျောက်ရှု လျှောက်လှမ်းလာခဲ့သည်။ သူ့မျက်လုံးတွေ မှောင်မိုက်နေပြီး မိစ္ဆာစိတ်များဖုံးလွှမ်းနေမှန်း သိသာပါသည်။

ယန်ရုန်ရုန်လည်း ခြေမတွန့်တော့ဘဲ အောက်ထပ်သို့ အမြန်ပြေးဆင်းလာခဲ့ပါသည်။ ဒီမျှော်စင်ကြီးမှာ အထပ်သုံးထပ်သာ ရှိမှန်း သူမ မှတ်မိသည်။ ထို့ကြောင့် အောက်ဆုံးသို့ အမြန်ဆင်းနိုင်ဖို့ လွယ်ကူပါလိမ့်မည်။

ယန်ရုန်ရုန် အသက်ရှူအောင့်လိုက်ပြီး လှေကားအဆုံးထိရောက်အောင် ပြေးဆင်းလာခဲ့သည်။ ထွက်ပေါက်ဟုထင်ရသည့် အပေါက်ထဲ ပြေးထွက်သွားလိုက်ရာ ရတနာမျှော် စင်ကြီး၏ တတိယထပ်သို့ပြန်ရောက်ရှိသွားခဲ့သည်။

ထိုအထပ်တွင် ကျောက်ရှု၊ ယွင်ကျဲနှင့် အခြားတပည့်သားများအားလုံး ရှိနေကြဆဲဖြစ်သည်။ အားလုံး၏အကြည့်ကလည်း သူမထံမှာသာ ရှိနေပါသည်။

ကျောက်ရှုက သူမကို ကျောချမ်းဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်ကာ ကျိန်စာဆန်သော စကားလုံးများကို ဆိုလိုက်သည်။

“မင်းထွက်ပြေးလို့ မလွတ်ဘူး…”

All Chapters