← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

🌹Chapter 16

ချင်းရှားလျှို့ဝှက်နယ်မြေ အပြင်ဘက်တွင် ဂိုဏ်းပေါင်းစုံ၏ ကျင့်ကြံသူများအားလုံး ဆောင်းခိုနေသည့် ပုစဉ်းရင်ကွဲများပမာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ရွှမ်ယွဲ့ဓားသခင် ရှန်းဝမ်ချင်း၊ မိစ္ဆာဘုရင် ဟမ်ယဲ့၊ နတ်ဆိုးအရှင်သခင် လင်းယွမ်နှင့် ဝိညာဉ်ဧကရာဇ် ရှုယင်တို့ကို အားလုံး တစ်လှည့်စီ မဝံ့မရဲကြည့်လိုက်ကြသည်။ အင်အားစုကြီးလေးစု ရုတ်တရက် ရောက်ရှိလာမှုကြောင့် ကျင့်ကြံသူများအားလုံး အထိတ်တလန့် ဖြစ်နေရသည်။

မကြာမီ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတုန်လှုပ်သွားစေမည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ဟု ယူဆကာ ဆက်သွယ်ရေးအဆောင်တွေကို အသုံးပြုပြီး စစ်ကူခေါ်ဖို့ အသင့်ပြင်ကုန်ကြပါပြီ။

သို့သော် အရှင်သခင်လေးဦးကတော့ အချင်းချင်း တိုက်ခိုက်ဖို့ အစီအစဉ်ရှိပုံမပေါ်သေးပေ။ လျှို့ဝှက်နယ်မြေ ဝင်ပေါက်မှာ ထိုင်သူကထိုင် ထသူကထနှင့် စောင့်နေကြသည်။

လေးဦးစလုံး တည်ငြိမ်နေသည့်ပုံစံပေါက်သော်လည်း သူတို့အကြားက လေထုမှာ အလွန်တင်းမာနေပုံရသည်။

ယွင်ကျဲ၏ ဆက်သွယ်ရေးအဆောင်မှတဆင့် ရှန်းဝမ်ချင်း သတင်းတစ်ခု ရရှိလိုက်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်မှုများ အဆုံးသတ်သွားခဲ့ရသည်။ ယန်ရုန်ရုန်ကို ဖမ်းဆီးထားပြီးပြီဖြစ်မှန်း ရှန်းဝမ်ချင်းထံ ယွင်ကျဲ သတင်းပေးပို့ခဲ့သည်။

အားလုံးထဲမှာ စိတ်အဆတ်ဆုံးဖြစ်သည့် ဟမ်ယဲ့က အမြန်မေးလိုက်သည်။

“ကျူးကျူးကို ရှာတွေ့ပြီလား၊ သူတကယ်လျှို့ဝှက်နယ်မြေထဲ ရောက်နေတာလား၊ ဘယ်တော့ထွက်လာမှာလဲ”

ထိုမေးခွန်းတွေကို ရှန်းဝမ်ချင်း လျစ်လျူရှုလိုက်ပြီး ပြန်ဖြေဖို့ စိတ်ကူးမရှိပေ။

ဟမ်ယဲ့ မျက်မှောင်ကြုတ်လိုက်လျက် အစွယ်ပြကာ ခြိမ်းခြောက်လိုက်ပါသည်။

“ပြောစမ်း!”

လင်းယွမ် ယင်တောင်တဖျပ်ဖျပ်ခတ်ရင်း ဇာမဏီလိုမျက်ဝန်းများဖြင့် ပြုံးကာ မေးလိုက်သည်။

“မင်းနားမလည်သေးဘူးလား၊ ရွှမ်ယွဲ့ဓားသခင်က မင်းမေးတာဖြေဖို့ စိတ်ကူးမရှိဘူး၊ ရှောင်းရှောင်းကို သူတစ်ယောက်တည်း အပိုင်သိမ်းချင်နေတာ”

ဟမ်ယဲ့ မြေကြီးပေါ် အမြီးဖြင့် ထုရိုက်ကာ စူးစူးဝါးဝါး သတိပေးလိုက်ပါသည်။

“ငါနောက်ဆုံးတစ်ခေါက် သတိပေးမယ်နော်! သူ့နာမည်က ကျူးကျူးလို့ ငါပြောနေတယ်!”

လင်းယွမ် အထင်အမြင်သေးစွာ လှောင်ရယ်လိုက်သည်။

“သူကိုယ်တိုင် ဝန်ခံထားတယ်လေ၊ ကျူးကျူးဖြစ်ဖြစ်၊ ရှောင်းရှောင်းဖြစ်ဖြစ်၊ စန်းချွမ်ဖြစ်ဖြစ်၊ ယောင်ယောင်ဖြစ်ဖြစ် အကုန် နာမည်အတုတွေချည့်ပဲ”

ဟမ်ယဲ့ ငေါက်ငမ်းလိုက်ပါသည်။

“ငါ့ဖာသာ ငါ ခေါ်ချင်သလိုခေါ်မယ်! မင်း အပူပါလား!”

ရှုယင်လည်း ရှန်းဝမ်ချင်းကို သူ့အနက်ရောင်ဝတ်ရုံအောက်မှ ရေခဲတမျှ အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

“သူ ဘယ်မှာလဲ”

ရှန်းဝမ်ချင်းကမူ တိတ်ဆိတ်နေဆဲပင်။

ရှုယင် သတိပေးလိုက်သည်။

“မင်းမပြောဘူးဆိုရင် ရှမ့်ယွင်ဂိုဏ်းမှာရှိသမျှလူတွေ အကုန်လုံးကို ငါသတ်ပစ်မယ်”

နောက်ဆုံးတော့ ရှန်းဝမ်ချင်း လေးလံသော အသံဖြင့် စကားပြန်ပြောခဲ့ပါသည်။

“စမ်းကြည့်လိုက်လေ”

ရှုယင် လက်တစ်ချက် ဝှေ့ရမ်းလိုက်ပြီး သူ့ဝတ်ရုံအတွင်းမှ တစ္ဆေတစ်ကောင်ကို စေလွှတ်လိုက်သည်။ ထိုတစ္ဆေ စူးစူး ဝါးဝါး အော်ဟစ်ရင်း အကြီးအကဲလျို့ယန်နှင့် အကြီးအ ကဲချီယောင်တို့ထံ ပြေးလာခဲ့သည်။

အကြီးအကဲနှစ်ယောက်စလုံး သွေးပျက်သွားကြသည်။ နှစ်ယောက်စလုံးက ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိနေကြပြီဖြစ်သဖြင့် စွမ်းအားနိမ့်သူတွေ မဟုတ်ကြပေ။ သို့သော် သမိုင်းဝင် တစ္ဆေဧကရာဇ်ကြီး၏ ရှေ့မှောက်တွင်တော့ ပုရွက်ဆိတ်ပမာ သေးငယ်ကြသည်။

တစ္ဆေဧကရာဇ် လက်ချောင်းလေးတစ်ချက် မြှောက်လိုက်ရုံဖြင့် သူတို့အသက်တွေကို အဆုံးသတ်ပစ်လိုက်လို့ရသည်။

ကံကောင်းစွာဖြင့် ရှန်းဝမ်ချင်း အချိန်မီ တုန့်ပြန်ခဲ့ပါသည်။ လက်ထဲကဓားဖြင့် တစ်ချက် ဝှေ့ရမ်းလိုက်ရာ ချီဓားခြမ်းတစ်ခုက တစ္ဆေကောင်ကို နှစ်ပိုင်းပိုင်းဖြတ်လိုက်လေသည်။

သို့သော် နှစ်ပိုင်းပြတ်သွားသည့် တစ္ဆေကောင် ခန္ဓာကိုယ်ပြန်ချိတ်ဆက်သွားပြီး နားကွဲလောက်သည့် စူးစူးဝါးဝါးအော်သံမျိုး အော်ဟစ်လိုက်သည်။ ထိုအသံက အလွန်ကျယ်လောင်လွန်းသဖြင့် ကျင့်ကြံသူတွေအားလုံး နားစည်ကွဲမတတ် နာကျင်သွားခဲ့ကြသည်။

အဆင့်နိမ့် ကျင့်ကြံသူအချို့ဆို သွေးအန်ပြီး နေရာမှာပင် သတိလစ်သွားခဲ့ကြပါသည်။

ထိုမြင်ကွင်းကိုမြင်ပြီး လင်းယွမ် ဝင့်ကြွားစွာ ရယ်မောလိုက်သည်။ ထို့နောက် ရှန်းဝမ်ချင်းကို သူပြောလိုက်ပါသည်။

“သူဘယ်မှာရှိနေလဲ ထုတ်မပြောဘူးဆိုရဲ့ အဲ့ဒီတစ္ဆေလေးကြောင့် ကျင့်ကြံသူတွေအကုန် နာနာကျင်ကျင်သေသွားရလိမ့်မယ်နော်”

လင်းယွမ်ကို ရှုယင် အေးစက်စွာ ကြည့်လိုက်သည်။ ‘တစ္ဆေလေး’ဟူသည့် အခေါ်အဝေါ်ကို သူသဘောမကျပေ။

ရှန်းဝမ်ချင်းလည်း လင်းယွမ်ကိုလျစ်လျူရှုလိုက်ပြီး ဓားကို ထပ်ဝှေ့ရမ်းလိုက်သည်။ ဓား ချီစွမ်းအင် ပိုမိုကျယ်ပြန့်သွားခဲ့ပြီး တစ္ဆေကောင်ကို အမှုန့်ဖြစ်သည်အထိ ခြေမှုန်းပစ်ခဲ့သည်။

စူးစူးဝါးဝါးအော်သံကြီးလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပါပြီ။ ဒီတစ်ခါတော့ တစ္ဆေကောင်ပြန်မလာနိုင်တော့ပေ။

သို့သော် ရှုယင်မှာ တစ္ဆေတစ်ကောင်တည်းရှိခြင်း မဟုတ်ပေ။ လက်တစ်ချက် ထပ်ဝှေ့ရမ်းလိုက်ရာ တစ္ဆေ ၁၀ ကောင်ကျော်လောက် ထပ်ထွက်လာပြီး လူတိုင်းကို ဆာ လောင်ငတ်မွတ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ပါသည်။

ဟမ်ယဲ့လည်း ရှန်းဝမ်ချင်းကို စိုက်ကြည့်လိုက်ပါသည်။ သူ့ရွှေရောင် မျက်စိသူငယ်အိမ်များ မျဉ်းဖြောင့်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လည်ချောင်းအတွင်းမှ ခပ်တိုးတိုး မာန်ဖီသံထွက်ပေါ်လာခဲ့သည်။

“ငါသတင်းပို့လိုက်ပြီ၊ မကြာခင် ဒီကို သားရဲမျိုးနွယ်စု ရောက်လာတော့မယ်၊ ကျူးကျူးကို အခုချက်ချင်းထုတ်မပေးဘူးဆိုရင် သားရဲမျိုးနွယ်စုကို ဦးဆောင်ပြီး ရှမ့်ယွင်တစ်ဂိုဏ်းလုံးကို မြေအောက်လောကဆီပို့ပေးမယ်!”

လင်းယွမ်လည်း ပျင်းရိပျင်းတွဲ ဝင်ပြောလိုက်သည်။

“တိုက်ဆိုင်လိုက်တာ၊ ငါလည်း ငါ့လက်အောက်ငယ်သားတွေကို သတင်းပို့ပြီးသွားပြီ၊ သူတို့ တပ်ဖွဲ့တွေစုစည်းပြီး မကြာခင် ရောက်လာကြလိမ့်မယ်၊ ရွှမ်ယွဲ့ဓားသခင်… မင်းဘယ်လောက်ပဲ သန်မာနေပါစေ သားရဲစစ်တပ်၊ နတ်ဆိုးစစ်တပ်နဲ့ တစ္ဆေစစ်တပ်တို့လက်ထဲကနေ ရှမ့်ယွင်ဂိုဏ်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး၊ ဒါမှမဟုတ် သစ္စာဖောက်တစ်ယောက်အတွက်နဲ့ တစ်ဂိုဏ်းလုံးကို စတေးဖို့ ကြံထားတာလား”

ရှန်းဝမ်ချင်းဘာမှ ပြန်မပြောခဲ့ပေ။ ရှမ့်ယွင်ဂိုဏ်းကို သူစတေးမှာ မဟုတ်သလို စန်းချွမ်ကိုလည်း စတေးဖို့ရာ အစီအစဉ်မရှိပါ။

လင်းယွမ်ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

“ငါတကယ်နားမလည်နိုင်ဘူး၊ အဲ့ဒီမိန်းမက မင်းကို အရူးလုပ်သွားခဲ့တာ၊ ဒါတောင် သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေတုန်းပဲလား၊ မင်းနေရာမှာ ငါသာဆို အဲ့ဒီမိန်းမကို ဂိုဏ်းကနေ နှင်ထုတ်ပစ်လိုက်တာ ကြာပြီပေါ့”

လင်းယွမ်ကို ရှန်းဝမ်ချင်း အေးစက်စွာကြည့်လိုက်သည်။

“သူက ရှမ့်ယွင်ဂိုဏ်းသားတစ်ဦးပဲ၊ အဲ့တာကြောင့် သူ့ကို အပြစ်ပေးဖို့ ဂိုဏ်းဆီပြန်ခေါ်သွားရမယ်”

ဟမ်ယဲ့က မညှာမတာ စွပ်စွဲလိုက်ပါသည်။

“လူလိမ်ကောင်! မင်းသူ့ကို မစွန့်လွှတ်နိုင်သေးလို့ အဲ့ဒီစကားပြောနေတာ!”

လင်းယွမ် ဂရုဏာသက်စွာ ကျွတ်သပ်ရင်းပြောလိုက်သည်။

“အရှိန်အဝါကြီးမားတဲ့ ဓားသခင်ဖြစ်နေပါလျက်နဲ့ ကိုယ့်ကို လှည့်စားခဲ့တဲ့ လူလိမ်မကို ဘဝပျက်ခံပြီး ကူညီပေးနေရတယ်လို့၊ သနားစရာ ကောင်းလိုက်တာ”

ရှန်းဝမ်ချင်း ပြန်ချေပလိုက်သည်။

“မင်းတို့သူ့ကို တကယ်ဂရုမစိုက်ဘူးဆိုရင် ဘာလို့ အသည်းအသန် လိုက်ရှာနေကြတာလဲ”

လင်းယွမ် မျက်နှာမပျက် ပြန်ဖြေလိုက်သည်။

“ငါ့လက်နဲ့ သူ့ကို ကိုယ်တိုင် သတ်ချင်လို့ပေါ့၊ ငါ့ကို အရူးလာလုပ်ရဲတဲ့ အဲ့ဒီမိန်းမကို အစိတ်အပိုင်းတစ်ထောင်လောက် ဖြစ်သွားအောင် ခုတ်ထစ်ပြီး အငြှိုးတရားကို ဖြေဖျောက်ချင်တာ”

ဟမ်ယဲ့လည်း လည်ချောင်းရှင်းကာ ကြွေးကြော်လိုက်သည်။

“အမှန်ပဲ! ငါလည်း သူ့ကို ကိုယ်တိုင် သတ်ချင်တာ!”

ရှုယင် သုန်မှုန်စွာ ဝင်ပြောလိုက်ပါသည်။

“သူ့ကို ငါ့ရုပ်သေးရုပ်ဖြစ်အောင် လုပ်ပစ်မှာ… မင်းတို့ တစ်ယောက်မှ မထိနိုင်စေရဘူး”

လင်းယွမ် လှောင်ပြုံးပြုံးလိုက်ပြီး ဇာမဏီလိုမျက်လုံးများဖြင့် ပြောလိုက်သည်။

“ငါတို့ သုံးယောက်စလုံးက အဲ့ဒီမိန်းမကို သတ်ချင်နေတာ၊ ရွှမ်ယွဲ့ဓားသခင်ဆိုတဲ့ မင်းတစ်ယောက်တည်းပဲ သူ့ကို ကာကွယ်ပေးချင်နေတယ်၊ ကြည့်ရတာ ငါတို့သုံးယောက်က တစ်ဖွဲ့တည်းသားချင်းတွေပဲထင်တယ်နော်”

ထို့နောက် ဟမ်ယဲ့နှင့် ရှုယင်တို့ကို သူလှမ်းကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပါသည်။

“ငါတို့သုံးယောက် မဟာမိတ် ဖွဲ့ကြရင်ကောင်းမလား”

ထိုစကားကြားသောအခါ ရှန်းဝမ်ချင်း ရင်ထဲ အနည်းငယ် လေးလံသွားခဲ့သည်။ ထိုသုံးယောက် စန်းချွမ်ကို သတ်ဖို့ အမှန်တကယ် ရည်ရွယ်ထားသည်ဟု ရှန်းဝမ်ချင်း စိုးစင်းလေးမျှ မယုံကြည်ပါ။ အားလုံး အပြောသာရှိကြသည်။

သို့သော် သူတို့ သုံးဦး အမှန်တကယ် ပူးပေါင်းလိုက်လျှင် ရှန်းဝမ်ချင်းဟူသည့် သူက အဓိကပစ်မှတ်ဖြစ်သွားလိမ့် မည်။ ဒီလိုသာဆို သူ့အတွက် အလွန်အရေးနိမ့်ပါလိမ့်မည်။

ရှန်းဝမ်ချင်း အေးစက်စွာ ပြောလိုက်သည်။

“စန်းချွမ်က ရှမ့်ယွင်ဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်ပဲ၊ ငါက ဘာလို့ ကာကွယ်ပေးရမှာလဲ”

‘အကုန်လုံး သရုပ်ဆောင်ချင်ကြတယ်ပေါ့၊ ဒါဆို အတူတူသရုပ်ဆောင်ကြမယ်လေ၊ နောက်ဆုံး ဘယ်သူရယ်ခွင့်ရမလဲ ကြည့်ရသေးတာပေါ့’

လင်းယွမ် မယုံသင်္ကာ မေးလိုက်သည်။

“ဧကန္တ ဓားသခင်က သူ့ရဲ့ ချစ်လှစွာသော တပည့်လေးကို တကယ်သတ်ချင်နေတာများလား”

ရှန်းဝမ်ချင်း မျက်လုံးများ ရေခဲတမျှအေးစက်သွားသည်။

“သူငါ့ကို အကြိမ်ကြိမ် လှည့်စားသွားခဲ့တာ၊ အဲ့တာကြောင့် သက်ညှာပေးစရာအကြောင်း လုံးဝမရှိဘူး”

လင်းယွမ် ဖိအားပေးကာ ထပ်မေးလိုက်သည်။

“အဲ့တာဆို ငါတို့ကိုပြောလေ၊ အဲ့ဒီမိန်းမ ဘယ်မှာလဲ”

ဟမ်ယဲ့လည်း အစွယ်ထုတ်ပြကာ တိုက်ခိုက်ဖို့ အသင့်အနေအထားဖြင့် မေးမြန်းလိုက်သည်။

“မင်းမပြောဘူးဆိုရင် ငါတို့သုံးယောက် ပူးပေါင်းပြီး မင်းတို့ ရှမ့်ယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်မှာနော်!”

မဟာမိတ်ကို သဘောတူညီကြောင်း ရှုယင် တိတ်ဆိတ်မှုဖြင့် ထောက်ခံလိုက်ပါသည်။

All Chapters