← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

🌹Chapter 17

သုံးယောက်စလုံးက ရင်ဆိုင်ဖို့ လွယ်ကူသူတွေ မဟုတ်ကြပေ။

သူတို့သာ မဟာမိတ်ဖွဲ့လိုက်လျှင် ရှမ့်ယွင်ဂိုဏ်းတစ်ဂိုဏ်းတည်း အန္တရာယ်ကျရောက်မှာ မဟုတ်ဘဲ ကျင့်ကြံခြင်းလောကတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားနိုင်ပါသည်။

ရှန်းဝမ်ချင်း ဒီလိုဖြစ်ခွင့်ပြုမှာ မဟုတ်ပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ အလျှော့ပေးလိုက်ရသည်။

“သူ ချင်းရှားလျှို့ဝှက်နယ်မြေထဲမှာ”

ထိုစကားလုံးတွေ နှုတ်မှထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့ မသိစိတ်ထဲတွင် ဖိနှိပ်ထားသည့် မိစ္ဆာစိတ်များ နိုးထဖို့ လက္ခဏာ ပြလာသည်ကို ရှန်းဝမ်ချင်း ခံစားမိသည်။

ထို့ကြောင့် ရှန်းဝမ်ချင်း မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်သည်။

‘စန်းချွမ်ရှိနေတဲ့နေရာကို သူတို့သိသွားလည်း ဘာဖြစ်လဲ…’

လျှို့ဝှက်နယ်မြေအတွင်းသို့ မည်သူမှ ဝင်နိုင်မှာမဟုတ်ပေ။ သူ့နည်းတူ အပြင်မှာသာ ရပ်စောင့်နေနိုင်ကြမှာ ဖြစ်သည်။ ထို့ကြောင့် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရပါမည်။

အဖြေအတိအကျရပြီးနောက် လျှို့ဝှက်နယ်မြေကို စိုက်ကြည့်နေသည့် လင်းယွမ်၊ ဟမ်ယဲ့နှင့် ရှုယင်တို့၏ အကြည့်များ ပိုမို တောက်လောင်ပြင်းပြလာခဲ့ပါသည်။

တစ်ဦးချင်းစီ၏ ရင်ထဲ၌ ဘယ်လိုနည်းနှင့်ဖြစ်စေ သူမကို အရယူမည်ဟူသည့် ပြင်းပြသည့် ဆန္ဒတို့ ကိန်းအောင်းနေခဲ့ပါသည်။

စိတ်မြန်လက်မြန်ရှိသည့် ဟမ်ယဲ့က မူလသားရဲအသွင်ကို ပြန်ပြောင်းလိုက်ပါသည်။ ထို့နောက် ရှေးဟောင်းသားရဲမိစ္ဆာအသွင်ဖြင့် လျှို့ဝှက်နယ်မြေ၏ အကာအရံကို ချိုးဖောက်ဖို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

သို့သော် မမြင်နိုင်သည့် စွမ်းအင်တစ်ခုက သူ့ကို တားဆီးထားခဲ့ပါသည်။ ဟမ်ယဲ့ မည်မျှကြိုးစားပါစေ ကမ္ဘာကြီးမြေကြီးနှင့် တောင်တန်းတွေသာ လှုပ်ခါသွားနိုင်သော်လည်း လျှို့ဝှက်နယ်မြေ၏ အတားအဆီးကတော့ မလှုပ်မယှက် ခိုင်မြဲနေဆဲပင်။

ရှုယင်ကလည်း တစ္ဆေလက်ပါးစေများကို ဆင့်ခေါ်ပြီး နယ်မြေအကာအရံကို ဆုတ်ဖြဲပစ်ဖို့ ကြိုးစားပါသည်။ သို့သော် သူလည်း မအောင်မြင်ခဲ့ပေ။

ချင်းရှားလျှို့ဝှက်နယ်မြေကြီးတစ်ခုလုံးက အံ့အားသင့်ဖွယ်ကောင်းသော်လည်း ၎င်း၏ အကာအရံများက ပိုအံ့အားသင့်ဖို့ ကောင်းပါသည်။ ဟမ်ယဲ့နှင့် ရှုယင်တို့ကဲ့သို့ အဖျက်စွမ်း အားကြီးကြသော အရှင်သခင်များပင် လက်ဖျားနှင့် မတို့နိုင်ခဲ့ကြပေ။

လင်းယွမ် အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။

“အဲ့ဒီချင်းရှားလျှို့ဝှက်နယ်မြေကို ဘယ်သူချန်ထားခဲ့တာလဲ၊ အကာအရံက တော်တော်အားကောင်းတာပဲ…”

ဝင်ပေါက်ရှိ အကာအရံကို ရှန်းဝမ်ချင်း တည်ငြိမ်စွာ ကြည့်လျက် ပြန်ဖြေလိုက်ပါသည်။

“မသိဘူး…”

အထဲဝင်မရသဖြင့် ဟမ်ယဲ့ ဒေါသတကြီး ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့ပြီး သူ့အမွေးပွပွ အမြီးကြီးဖြင့်လည်း မြေကြီးကို တဖုန်းဖုန်း ရိုက်ခတ်ကာ လည်ချောင်းအတွင်းမှ မာန်ဖီသံများ ထွက်ပေါ်နေပါသည်။

ရှုယင်လည်း တစ္ဆေလက်ပါးစေများကို ပြန်ရုတ်သိမ်းလိုက်သည်။ သို့သော် လက်မလျှော့သေးဘဲ နည်းလမ်းတစ်ခုခု ထပ်စဉ်းစားလိုက်ပါသည်။

ထိုစဉ် အကြီးအကဲချီယောင် ရုတ်တရက် ထအော်လိုက်လေသည်။

“ဟိုမှာကြည့်ကြစမ်း! အဲ့တာဘာကြီးလဲ!”

အကြီးအကဲချီယောင် လက်ညှိုးညွှန်ပြရာသို့ အားလုံး ကြည့်လိုက်ကြရာ လျှို့ဝှက်နယ်မြေအပေါ် စုစည်းလာသည့် တိမ်တိုက်မည်းများအား မြင်လိုက်ကြရလေသည်။

မကြာသေးခင်ကမှ ကြည်လင်နေခဲ့သော ကောင်းကင်ကြီးတစ်ခုလုံးကို ထူထဲသော တိမ်နက်များက စက္ကန့်ပိုင်းအတွင်း ဖုံးလွှမ်းသွားခဲ့သည်။

‘ကောင်းကင်ဘုံရဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာပဲ! အထဲမှာ ဘေးဒုက္ခကြီးကြီးမားမား ရင်ဆိုင်နေကြရပြီထင်တယ်!’

ကျင့်ကြံသူများအားလုံး စိုးရိမ်ထိတ်လန့်သွားကြကာ တီးတိုးပြောသံများ ထွက်လာခဲ့ပါသည်။

“ဧကန္တ နယ်မြေထဲမှာ သာမန်မဟုတ်တာတစ်ခုခု ဖြစ်နေပြီလား”

“မြန်မြန်လုပ်ကြစမ်း! ငါတို့ တပည့်သားတွေကို ဆက်သွယ်ရေးအဆောင်နဲ့ အမြန်ဆက်သွယ်လိုက်! အထဲမှာ ဘာတွေဖြစ်နေသလဲ မေးကြည့်ကြစမ်း!”

ရှန်းဝမ်ချင်းလည်း အကြီးအကဲလျို့ယန်နှင့် အကြီးအကဲချီယောင်တို့ကို လှည့်ပြောလိုက်သည်။

“ယွင်ကျဲကို ဆက်သွယ်လိုက်”

“ဟုတ်ကဲ့!”

အကြီးအကဲနှစ်ယောက် ချက်ချင်းပဲ ဆက်သွယ်ရေးအဆောင်အတွင်းသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ ထိုအခါ အဆောင်စက္ကူက အဖြူရောင်ခပ်ဖျော့ဖျော့ လင်းလာခဲ့ပါသည်။ အဆောင်အာနိသင် ရှိလာသည့် သဘောပင်။

သို့သော်လည်း ယွင်ကျဲထံမှ အကြောင်းပြန်မလာခဲ့ပေ။

ပထမအဆောင် အာနိသင်ကုန်သွားသောအခါ အကြီးအကဲနှစ်ဦးက နောက်ထပ် အဆောင်နှစ်ခုခန့် ဆက်အသုံးပြုခဲ့သည်။ သို့သော် ရလဒ်ကတော့ မပြောင်းလဲခဲ့ပေ။

ထို့နောက် ရှန်းဝင်ချင်းအား အခြေအနေကို အစီရင်ခံခဲ့ကြပါသည်။

ရှန်းဝမ်ချင်း ရင်တုန်သွားခဲ့သည်။ ယွင်ကျဲက အမြဲလိုလို စည်းစနစ်ရှိသူဖြစ်ရာ ဂိုဏ်းမှ ဆက်သွယ်လာလျှင် ချက်ချင်း အကြောင်းပြန်မှာ သေချာပါသည်။

ယခုကဲ့သို့ တိတ်ဆိတ်နေရခြင်းက ဖြစ်နိုင်ချေ အကြောင်းအရင်းနှစ်ခုသာ ရှိနိုင်ပါသည်။

ဆက်သွယ်ရေးအဆောင်၏ အာနိသင် မရောက်ရှိနိုင်သည့် အထူးနေရာတစ်ခုသို့ ယွင်ကျဲ ရောက်ရှိနေခြင်း သို့မဟုတ် မတော်တဆမှုတစ်ခုနှင့် ကြုံနေရကာ အကြောင်းမပြန်နိုင်ခြင်း စသည်တို့သာ ဖြစ်နိုင်သည်။ နှစ်ခုစလုံး နိမိတ်မကောင်းလှချေ။

လင်းယွမ် ပျင်းရိပျင်းတွဲ ပုံစံဖြင့် ဆက်ရှိနေဆဲဖြစ်သော် လည်း သူ့မျက်ဝန်းန်းများက အနည်းငယ် ရီဝေသွားခဲ့သည်။

“ဒီနယ်မြေက ထင်သလောက် မရိုးရှင်းဘူးထင်တယ်၊ သူအသက်ရှင်လျက် ထွက်လာနိုင်ပါ့မလလား”

နဂိုကတည်းက စိတ်ဖိစီးနေသည့် ဟမ်ယဲ့တစ်ယောက် ထိုစကားလုံးများကြောင့် စိတ်ရူးပေါက်သွားခဲ့သည်။ သူ့လက်သည်းများဖြင့် လင်းယွမ်ကို ခုန်အုပ်လိုက်ပါသည်။

“မင်းသူ့ကို ကျိန်စာမတိုက်နဲ့!”

လင်းယွမ်ကလည်း အမြန်ရှောင်ရှားလိုက်ပြီး လှောင်ပြောင်သရော်လိုက်လေသည်။

“မင်းပြောတော့ သူ့ကို သေစေချင်တာပါဆို၊ ဘာလို့ အဲ့လောက် စိတ်ပူနေတာလဲ”

ဟမ်ယဲ့ ကြက်သေသေသွားပြီး ခက်ခက်ခဲခဲ ပြန်ချေပလိုက်ပါသည်။

“စိတ်ပူနေတာလို့ ဘယ်သူပြောလဲ၊ မင်းကို ကြည့်မရလို့ တမင်သက်သက် တိုက်ခိုက်တာကွာ! အဲ့တာ ဘာဖြစ်လဲ!”

လင်းယွမ် မျက်စပစ်လိုက်သည်။

“မင်းပါးစပ်ကတော့ တော်တော်မယုံကြည်ရတာပဲ"

ဟမ်ယဲ့ စိုးရိမ်စိတ်ဖြင့် ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် ဆက်လျှောက်နေလိုက်ပါသည်။ အဆိုးဆုံး အခြေအနေတွေကို စိတ်ကူးထဲမှ တွေးနေမိကာ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ သူမေးလိုက်ပါသည်။

“အကယ်၍… ငါစကားအဖြစ် ပြောတာနော်၊ အကယ်၍ များ… သူအထဲမှာ တကယ်သေသွားခဲ့ရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”

အားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ ကျန်သုံးယောက်စလုံးလည်း နှလုံးသားတွေ လေးလံသွားခဲ့ကြပါသည်။

လင်းယွမ် အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

“လူယုတ်မာတွေဆိုတာ သက်ဆိုးရှည်တယ်လို့ ပြောတတ်ကြတယ် မဟုတ်ဘူးလား၊ သူ့လို လူယုတ်မာမျိုးက အလွယ်တ ကူသေမှာ မဟုတ်ဘူး”

ရှန်းဝမ်ချင်း ရုတ်တရက် ထမေးလိုက်သည်။

“မင်းဘာလုပ်မလို့လဲ”

ရှန်းဝမ်ချင်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ မြေကြီးပေါ်တွင် စည်းဝိုင်းတစ်ခု ဆွဲသားနေသည့် ရှုယင်အား မြင်လိုက်ကြရသည်။

ထို့နောက် ရှုယင် အနက်ရောင် ဝိညာဉ်အလံတစ်ခုကို ထုတ်လိုက်သည်။ ထိုအလံပေါ်တွင် တစ္ဆေတစ်ကောင်၏ မျက်နှာတစ်ခု ရိပ်ပြေးသွားပြီး ကျောချမ်းစရာ နိမိတ်မကောင်းသည့် ချီစွမ်းအင်များဖြင့် ဝန်းရံလာခဲ့ပါသည်။

အနီးနားတွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး ရင်တုန်သွားခဲ့ကြသည်။ ဝိညာဉ်ဧကရာဇ်ကြီး ယုတ်ညံ့သည့်အရာတစ်ခုကို ဆင့်ခေါ်ဖို့ ကြိုးစားနေတာဖြစ်မည်ဟု အားလုံးထင်သွားခဲ့ကြသည်။

လင်းယွမ် အနားတိုးလာပြီး ထိုစည်းဝိုင်းကို သေချာစစ်ကြည့်လိုက်ရာ သဘောပေါက် နားလည်သွားခဲ့ပါသည်။

“ဒါဝိညာဉ်မျက်လုံးစည်းဝိုင်း”

ဝိညာဉ်မျက်လုံးစည်းဝိုင်းမှာ ဝိညာဉ်ကျင့်စဉ်၏ ထူးခြား သော ပညာရပ်တစ်ခုဖြစ်သည်။ အသုံးပြုသူကို ဆန္ဒရှိသည့် နေရာတစ်ခုအား ပြသပေးနိုင်စွမ်းရှိသည်။ အချို့အကာအရံအဟန့်အတားများစွာကိုပင် ဖြတ်ကျော်နိုင်စွမ်း ရှိပါသည်။

သို့သော် ထိုစည်းဝိုင်းကို ခင်းကျင်းဖို့အတွက် ချီစွမ်းအင် အလွန်ကုန်ဆုံးပြီး အကြွင်းမဲ့ အာရုံစူးစိုက်ထားဖို့လည်း လိုအပ်သည်။ အနှောင့်အယှက်အနည်းငယ် ပေါ်လာသည်နှင့် အသုံးပြုသူအပေါ် အကြီးအကျယ် ဒုက္ခပြန်ပေးနိုင်ပါသည်။

အဖျက်စွမ်းအားမရှိသော်လည်း ပေးဆပ်ရမည့်တန်ဖိုးက ကြီးမားသဖြင့် ထိုစည်းဝိုင်းကို ဝိညာဉ်ကျင့်ကြံသူအနည်းစုသာ အသုံးပြုလေ့ရှိသည်။

ရှုယင် အလံကို ကိုင်ရင်း စည်းဝိုင်းကြီး၏ အလယ်သို့ လျှောက်သွားခဲ့သည်။ ထို့နောက် ထိတ်လန့်နေကြသည့် ‘သူတော်စင်’ ကျင့်ကြံသူများကို အတွေးများဖောက်ထွင်းမြင်နိုင်သကဲ့သို့ အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်ပါသည်။

ရှုယင် စည်းဝိုင်းကို စတင်အသုံးပြုသည်နှင့် ထိုကျင့်ကြံသူများက အခွင့်အရေးကို အရယူပြီး သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားကြမှာ သေချာသလောက်ရှိသည်။

လင်းယွမ်၊ ရှန်းဝမ်ချင်းနှင့် ဟမ်ယဲ့တို့ကို ရှုယင် ရုတ်တရက် ပြောလိုက်ပါသည်။

“ငါစည်းဝိုင်းကို ခင်းကျင်းနေချိန်မှာ မင်းတို့ ငါ့ကို ကာကွယ်ပေးထားရမယ်”

လင်းယွမ်လှောင်ပြုံးပြုံးလိုက်သည်။

“ငါတို့က ဘာလို့ ကာကွယ်ပေးရမှာလဲ”

ရှုယင် ပြန်ဖြေလိုက်ပါသည်။

“မင်းတို့လည်း ယောင်ယောင်ရဲ့ အခြေအနေကို မြင်ချင်နေကြလို့လေ…”

သုံးယောက်လုံး တိတ်ဆိတ်သွားခဲ့ကြသည်။ လျှို့ဝှက်နယ်မြေအထက် မိုးကောင်းကင်ပေါ်ရှိ တိမ်နက်များကို သူတို့ မော့ကြည့်လိုက်ကြသည်။

ထိုမိန်းကလေး၏သေခြင်း၊ ရှင်ခြင်းကို သူတို့ အလွန်သိချင်နေကြပါသည်။

ဟမ်ယဲ့က အရင်ဆုံးဖြတ်လိုက်သည်။

“ငါကာကွယ်ပေးမယ်၊ ဒါပေမယ့် ကျူးကျူးကို ငါအရင်ကြည့်မှာနော်!”

ရှုယင် ခေါင်းညိတ်လိုက်သည်။ လင်းယွမ်နှင့် ရှန်းဝမ်ချင်းတို့လည်း အပေးအယူကို လက်ခံလိုက်ကြပါသည်။

သူတို့သုံးယောက် ကာကွယ်ပေးထားသဖြင့် ရှုယင် စိတ်ပူစရာမလိုတော့ပေ။

ရှုယင် လေထဲတွင် တင်ပလ္လင်ခွေကာ ထိုင်လိုက်သည်။ ဝိညာဉ်အလံက ရုတ်တရက် ကြီးမားသွားခဲ့ပြီး စည်းဝိုင်းအလယ်တည့်တည့်တွင် စိုက်ဝင်သွားခဲ့သည်။

ဝိညာဉ်မျက်လုံးအစီအရင် စတင်အလုပ်လုပ်ပြီး စည်းဝိုင်းအစွန်းဖျားမှ အနက်ရောင်ချီစွမ်းအင်များ မြင့်တက်လာခဲ့ပါသည်။

ချီစွမ်းအင်များ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ကြောက်မက်ဖွယ်ရာ တစ္ဆေလက်များအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ထိုတစ္ဆေလက်များ တစ်ခုနှင့်တစ်ခု လေပွေသဖွယ် ရစ်ပတ်လိမ်ယှက်ရင်း လေထုကို ပိုင်းဖြတ်လိုက်ကာ အနက်ရောင် ဟင်းလင်းနယ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အချိန်အတန်ကြာသောအခါ ထိုဟင်းလင်းနယ်ထဲတွင် ပုံရိပ်များ စတင်ပေါ်လာခဲ့ပါသည်။ ရှန်းဝမ်ချင်း အာရုံစိုက်ပြီး ကြည့်ရှုလိုက်ရာ ထိုပုံရိပ်များက အမှန်တကယ် ချင်းရှားလျှို့ဝှက်နယ်မြေအတွင်းမှ ပုံရိပ်များဖြစ်နေမှန်း မြင်လိုက်ရလေသည်။

-

ရတနာမျှော်စင်ကြီးအတွင်း…

ယန်ရုန်ရုန်ထံ ယုတ်ညံ့သော မျက်နှာထားမျိုးဖြင့် ကျောက်ရှု တစ်လှမ်းချင်း လှမ်းလာခဲ့သည်။

ယန်ရုန်ရုန်၏ လက်တွေကို နောက်ပစ်ကာ ကြိုးတုပ်ခံထားရသည်။ သူမ အနောက်မှာလည်း လှေကားထစ်သာရှိသည်။

ရှေ့တိုးလို့လည်းမရသလို နောက်ဆုတ်လို့လည်းမရဘဲ စဉ့်တီတုံးတစ်တုံးပေါ်မှ ငါးတစ်ကောင်သဖွယ် လမ်းပျောက်နေခဲ့သည်။

သူ့ ခေါင်းပေါ်မှ ကြက်ပေါက်ကလေးလည်း ဘောလုံးလေးလို လုံးနေခဲ့ပြီး တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပါသည်။

ထိုစဉ် ယွင်ကျဲ ရုတ်တရက် အော်ပြောလိုက်သည်။

“ကျောက်ရှု! မင်း မကျေနပ်တာရှိရင် ငါနဲ့လာရှင်း! အပြစ်မရှိတဲ့လူကို ထိခိုက်အောင်မလုပ်နဲ့!”

ယန်ရုန်ရုန် သစ်တောက်ငှက်တစ်ကောင်လို ခေါင်းတွေဆက် တိုက် ညိတ်ပစ်လိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်! ငါက အပြစ်မရှိတဲ့လူ! နင်တိုက် ခိုက်ချင်ရင် ယွင်ကျဲဆီသွားလိုက်! သူက အရေထူတော့ အထိအခိုက် ခံနိုင်တယ်!”

ယွင်ကျဲ: “…”

‘ငါ့ပါးစပ်ကို မဟခဲ့သင့်ဘူး!’

All Chapters