အခန်း (၁၈)
Vol. 2 Ch. 18
🌹Chapter 18
ကျောက်ရှု အဆိပ်လူးဓားတစ်လက်လို စူးရှသည့်အကြည့်မျိုးဖြင့် ယန်ရုန်ရုန်အား စိုက်ကြည့်နေသည်။
“မင်းက ဘာလို့ အပြစ်မရှိရမှာလဲ၊ မင်းလည်း ငါ့လိုပဲ ဖြစ်သင့်တာလေ၊ သာမန်မိသားစုကလာပြီး မထူးခြားတဲ့ ပါရမီတွေနဲ့… ဒါပေမယ့် ငါဂိုဏ်းထဲကို ရောက်လာတုန်းက အပြင်စည်းတပည့်သားတစ်ယောက်အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ… မင်းကတော့ ဂိုဏ်းထဲ ဝင်လာကတည်းက ရွှမ်ယွဲ့ဓားသခင်ရဲ့ တပည့်ရင်းဖြစ်သွားခဲ့တယ်…! အဲ့တာ ဘာလို့လဲ!”
နောက်ဆုံး စကားလုံးတွေကို မနာလိုခြင်း၊ အငြှိုးတရားများစွာဖြင့် ကျောက်ရှု အံကြိတ်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
ယန်ရုန်ရုန်လည်း ဆင်ခြေအမြန်ပေးလိုက်ပါသည်။
“ရွှမ်ယွဲ့ဓားသခင်က မျက်ကန်းဖြစ်နေလို့ပေါ့! အဲ့တာကြောင့် နင့်ကို မရွေးဘဲ ငါ့ကိုပဲ ရွေးခဲ့တာ! အဲ့တာသူ့အပြစ်ပဲ သေသင့်တာက သူလေ!”
ယွင်ကျဲ ဒေါသတကြီး လှမ်းငေါက်လိုက်သည်။
“ဦးလေးရှန်းကို မစော်ကားနဲ့!”
ယန်ရုန်ရုန် သူ့ကို မသိချင်ယောင် ဆောင်လိုက်ပြီး စိတ်ရင်းဖြင့် ဆက်ပြောလိုက်ပါသည်။
“နင်အဲ့လောာက် သူ့တပည့်ဖြစ်ချင်နေမှန်း ငါသိခဲ့ရင် နေရာချင်းလဲခဲ့ပါတယ်! နင်မသိဘူးနော်… အဲ့ဒီလူက အပြင်ပန်းမှာ သူတော်စင်လို့ ထင်ရပေမယ့် စိတ်ဓာတ်က အမှိုက်သရိုက်ဆန်တယ်! ငါ့မှာ သူ့တပည့်အဖြစ် နှစ်ပေါင်းများစွာ ခွေးတစ်ကောင်လို အလုပ် လုပ်ပေးခဲ့ရတာ၊ ဒါပေမယ့် ငါ့ကို ဘာတစ်ခုမှ သင်မပေးခဲ့ဘူး”
“ငါ့အခုတတ်ထားတဲ့ ပညာတွေအကုန်လုံး ကိုယ့်ဖာသာကိုယ် လေ့ကျင့်ထားတာချည့်ပဲ! ဒါတင်မကသေးဘူး သူငါ့ခံစားချက်တွေကို ကစားပြီး သူ့ကိုလက်ထပ်အောင်လို့ လှည့်စားခဲ့တာ၊ ဒါပေမယ့် သူ့နှလုံးသားက အခြားတစ်ယောက်ဆီမှာ ရှိနေတာ၊ သူက တကယ့်လူလိမ်အကြီးစားပဲ! အီးဟီးဟီး… အဲ့ဒီကောင် ငါ့ကို ဆိုးဆိုးရွားရွား လှည့်စားခဲ့တာ!”
ကျောက်ရှု ကြက်သေသေသွားသည်။
“မင်း… မင်းပြောနေတာတွေ အမှန်ပဲလား”
ယန်ရုန်ရုန် ခါးသီးစွာ ပြောလိုက်သည်။
“တာအိုနှလုံးသားကိုတိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်! ငါပြောတဲ့အထဲ အလိမ်အညာတစ်ခုလောက်ပဲပါရင် ကောင်း ကင်ဘုံက မိုးကြိုးပစ်ပြီး ချက်ချင်းအပြစ်ပေးပါစေ!”
တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုရဲသဖြင့် သူမ လိမ်ညာနေခြင်းမဟုတ်မှန်း သေချာသွားသည်။
ယွင်ကျဲမျက်နှာလည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
‘ဧကန္တ ဦးလေးရှန်းက သူပြောသလိုပဲ လူယုတ်မာတစ်ယောက်များလား…’
ယန်ရုန်ရုန်ကို ကျောက်ရှု ကိုယ်ချင်းစာစွာကြည့်လိုက်သည်။
“မင်းလည်း သနားဖို့ကောင်းတာပဲ၊ ငါ့ထက်တောင် ပိုကံဆိုးသေးတယ်”
ယန်ရုန်ရုန်ထောက်ခံလိုက်ပါသည်။
“အီးဟီးဟီး… ဟုတ်တယ်နော်၊ ငါဒီလောက် သနားစရာကောင်းနေတာ ဒီတိုင်း လွှတ်ပေးလိုက်ပါလားဟင်”
“ဒီနေရာကိုရောက်လာပြီမှတော့ ဘယ်မှသွားလို့မရတော့ဘူး”
ကျောက်ရှု ဆေးလုံးတစ်လုံးကိုထုတ်ကာ သူမထံ ကမ်းပေးလိုက်သည်။
“ဒီဆေးလုံးကို သောက်လိုက်၊ မင်းကိုသင်ပေးမယ့်ဆရာ မရှိရင်တောင် ကျင့်ကြံခြင်းအဆင့်တွေ ထိုးတက်သွားလိမ့်မယ်၊ အခုချိန်ကစပြီး ငါတို့ ရောင်းရင်းတွေဖြစ်သွားကြလိမ့်မယ်၊ ငါမင်းကို ဒုက္ခမပေးတော့ဘူး”
ယွင်ကျဲရင်တုန်သွားခဲ့သည်။ ကျောက်ရှုတို့ ဆေးလုံးတွေသောက်ပြီး ဖြစ်ပျက်သွားကြသည့် ပုံစံများအား ကြည့်ခြင်းအားဖြင့် ထိုဆေးလုံးတွေက ကောင်းမွန်သည့်အရာတွေမဟုတ်မှန်း သေချာပါသည်။
စန်းချွမ်သာ ထိုဆေးလုံးတွေကို သောက်လိုက်ပါက ကျောက်ရှုတို့လိုပဲ ကြောက်စရာကောင်းသွားလိမ့်မည်။ သို့သော် သူမ ငြင်းပြန်လျှင်လည်း ကျောက်ရှုက သတ်ပစ်ပါလိမ့်မည်။
စန်းချွမ်သေသွားလျှင် ဦးလေးရှန်းကို သူဘယ်လို ရှင်းပြရမှန်း သိမှာမဟုတ်တော့ပေ။ ထို့အပြင် အားလုံးကတစ်ဂိုဏ်းတည်းသားချင်းတွေဖြစ်သဖြင့် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခွင့် မပေးသင့်ပါ။
ယွင်ကျဲ နည်းလမ်းတစ်ခုခု အသည်းအသန်စဉ်းစားနေစဉ် ယန်ရုန်ရုန်မျက်လုံးများ ပျော်ရွှင်မှုဖြင့် ပြူးကျယ်သွားသည်ကို မြင်လိုက်ရပါသည်။
ယန်ရုန်ရုန် မယုံကြည်နိုင်စွာ မေးလိုက်သည်။
“နင်…နင်ငါ့ကို အဲ့လောက်အဖိုးတန်တဲ့ ဆေးလုံး တကယ်ပေးမလို့လား”
ကျောက်ရှုက ဆေးလုံးကို အသုံးပြုပြီး ယန်ရုန်ရုန် စိတ်ကို စမ်းသပ်နေခြင်းဖြစ်သည်။
သူမ တွန့်ဆုတ်ပြီး ငြင်းဆန်လိမ့်မည်ဟု ထင်ထားခဲ့သော် လည်း ဒီလောက် ပျော်ရွှင်နေသည်ကို မြင်ရသောအခါ ကျောက်ရှုကိုယ်တိုင် တွန့်ဆုတ်သွားခဲ့ရသည်။
ကျောက်ရှုစိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား ယန်ရုန်ရုန် အပြေးရောက်လာပြီး ပြောလိုက်ပါသည်။
“မြန်မြန် မြန်မြန်! ငါ့ကို မြန်မြန်ပေး! အဲ့ဒီဆေးကို သောက်လိုက်တာနဲ့ ငါ့ကျင့်ကြံခြင်းအဆင့်တွေ ထိုးတက်သွားတော့မှာ! နင်တို့ထဲက ဘယ်သူမှ ငါ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး!”
ထိုစကားလုံးများကြောင့် ကျောက်ရှု အမြင်ကျယ်သွားခဲ့သည်။
‘သူများတွေကို ဒီဆေးလုံးတွေ တိုက်လိုက်ရင် ငါ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သွားကြမှာပဲ!!’
ကျောက်ရှု ဒီလိုဖြစ်ခွင့် မပေးနိုင်ပေ။
ကျောက်ရှု ဆေးလုံးကို ပြန်ရုတ်သိမ်းလိုက်သည်။
“ထားလိုက်တော့ ငါ မင်းကို မပေးနိုင်တော့ဘူး”
ယန်ရုန်ရုန် အလွန်စိတ်ပျက်အားလျော့သွားခဲ့ပါသည်။
“ဘာဖြစ်လို့လဲ! ဟိုမှာကြည့်ဦး! အဲ့ဒီဆေးလုံးတွေကို အကုန်လုံးသောက်ပြီးကြပြီ၊ ငါ့တစ်ယောက်တည်းကို ဘာလို့ မတိုက်ချင်ရတာလဲ! တစ်ဂိုဏ်းတည်းသားတွေအချင်းချင်း ကောင်းတာရှိရင် ဝေမျှသင့်တာပေါ့!”
ကျောက်ရှု သူ့ရောင်းရင်းများအား လှမ်းကြည့်လိုက်သည်။ ယန်ရုန်ရုန်ပြောသလိုပဲ အခြားသူတွေလည်း ဆေးလုံးတွေ အသည်းအသန်သောက်နေကြသည်ကို ကျောက်ရှုမြင်လိုက်ရပါသည်။
သူတို့ ကျင့်ကြံခြင်းအဆင့်တွေ မယုံကြည်နိုင်လောက်အောင် မြင့်တက်သွားလောက်လေပြီ။
ယန်ရုန်ရုန် နှုတ်ခမ်းစူလျက် တီးတိုး ရေရွတ်လိုက်ပါသည်။
“ပြီးတာပဲ၊ မပေးချင်လည်း နေပါစေပေါ့ ငါနားလည်ပါတယ်၊ အဲ့လောက် အဖိုးတန်တဲ့ဆေးလုံးတွေကို တစ် ယောက်တည်း အပိုင်မသိမ်းချင်တဲ့လူဆိုတာ ရှိပါ့မလား၊ ငါသာဆိုလည်း ဘယ်သူမှ လုမယူနိုင်အောင် တစ်လုံးမကျန် အကုန်အပိုင်သိမ်းပစ်မှာ!”
ထိုစကားလုံးတွေကို ကျောက်ရှုကြားပြီးနောက် အမြင်ထပ်ကျယ်သွားခဲ့ပြန်သည်?
‘အမှန်ပဲ! အဲ့လောက်အဖိုးတန်တဲ့ဆေးလုံးတွေ ငါတစ် ယောက်တည်း ပိုင်ဆိုင်သင့်တာ! တခြားသူတွေလက်ထဲ ရောက်သွားလို့ မဖြစ်ဘူး!’
ယန်ရုန်ရုန် ကျောက်ရှုနားကပ်ကာ တောင်းတောင်းပန်ပန်ပြောလိုက်ပါသည်။
“နင့်မှာ ဆေးလုံးတွေ ဒီလောက်အများကြီးရှိနေတာ၊ ငါ့ကို တစ်လုံးလောက်ပေးလိုက်လို့ အရှုံးမရှိပါဘူးး၊ လုပ်ပါနော်၊ တစ်လုံးလောက်ပဲ ပေးစမ်းပါ”
ကျောက်ရှု သူမကို တွန်းထုတ်ပစ်လိုက်သည်။
“ငါ့ကို အာရုံလာမနောက်နဲ့!”
နတ်ဘုရားလောကသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ကျောက်ရှု မည်သူနှင့်မှ မျှဝေမှာ မဟုတ်ပါ။
ယန်ရုန်ရုန် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ကျောက်ရှု သူမကို လှည့်ပင်မကြည့်တော့ဘဲ အနီးနားမှာရှိနေသည့် ရတနာများ၊ ဆေးလုံးများအားလုံးကို စုစည်းကာ ချန့်ခွင်းအိတ်ထဲ အသည်းအသန်ထိုးထည့်လေတော့သည်။
‘ငါ့ဟာတွေ! အကုန်လုံး ငါ့ဟာတွေ!’
ဒါကိုမြင်တော့ အခြားရှမ့်ယွင်ဂိုဏ်းသားတွေလည်း ကျောက်ရှုအကုန်အပိုင်သိမ်းသွားမည်ကို စိုးရိမ်သဖြင့် ရတနာများကို တိုက်ခိုက်လုယက်ကြလေသည်။
ဒီလိုဖြင့် ယွင်ကျဲနှင့် ယန်ရုန်ရုန်တို့နှစ်ဦး လျစ်လျူရှုခံလိုက်ရလေသည်။
ဒီလောက် အန္တရာယ်များသည့် ပြဿနာတစ်ခုကို စန့်ချွမ် စကားတစ်ခွန်းနှစ်ခွန်းတည်းနှင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ယွင်ကျဲ ထင်မထားခဲ့ပေ။ သူမျှော်လင့်ထားသည့်အတိုင်းပဲ စန်းချွမ်က စကားပြောကောင်း၊ ဉာဏ်နီဉာဏ်နက်များပြီး အလွန်ယုံကြည်ရခက်သူတစ်ယောက်ပင်။
ယန်ရုန်ရုန်လက်တွေကို ကြိုးတုပ်ခံထားရဆဲဖြစ်သဖြင့် မတ်တပ်ပြန်ရပ်ဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း မရပ်နိုင်ခဲ့ပေ။
အခြားရွေးချယ်စရာမရှိတော့သဖြင့် လက်မောင်းနှင့် ခြေထောက်များကို အသုံးပြုပြီး ကြမ်းပြင်ပေါ်မှာ တရွတ်တိုက် တွားသွားရတော့သည်။
ယွင်ကျဲထံသို့ ဧရာမပိုးတုံးလုံးကောင်ကြီးလို ယန်ရုန်ရုန် တရွတ်တိုက်လာခဲ့လေသည်။
ထိုထူးထူးဆန်းဆန်းမြင်ကွင်းကြောင့် ယွင်ကျဲ အထိတ်တလန့်ဖြစ်ကာ ကြက်သီးမွေးညှင်းများထသွားခဲ့ပါသည်။
“ငါ့နား မလာနဲ့!”
ယန်ရုန်ရုန် ခက်ခက်ခဲခဲ ခေါင်းမော့ကာ ပြောလိုက်သည်။
“နင်အဲ့မှာ ငတုံးတစ်ကောင်လို ဘာရပ်လုပ်နေတာလဲ! ငါ့ကို မြန်မြန်ကြိုးဖြည်ပေးစမ်း!”
မိန်းကလေးကျင့်ကြံသူများစွာကို ယွင်ကျဲ မြင်ခဲ့ဖူးသည်။ စိတ်ဓာတ်အမျိုးမျိုးအဖုံဖုံ ရှိတတ်ကြသော်လည်း လူအများရှေ့မှာတော့ အားလုံးနီးပါး ဣန္ဒြေရရ လှလှပပ နေပြတတ်ကြသည်။ စန်းချွမ်လို လူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
စန်းချွမ်က… သူက…
ယွင်ကျဲ အချိန်အတော်ကြာအောင် စဉ်းစားခဲ့သော်လည်း သင့်တော်ရာ နာမဝိသေသနကို ရှာမရခဲ့ပေ။ အတိုချုန်းအားဖြင့် သူမ၏ လက်ရှိ ပုံစံက အမျိုးသမီးကျင့်ကြံခြင်းလောကအတွက် ‘တစ်မူထူး’သည်ဟု ဆိုနိုင်ပါသည်။
ယွင်ကျဲ အပြစ်ဆိုလိုက်သည်။
“မင်း ဦးလေးရှန်းရဲ့ တပည့်ရင်းမဟုတ်ဘူးလား၊ သိက္ခာလေးဘာလေး နည်းနည်းထိန်းပါဦးလား”
ယန်ရုန်ရုန်က အကူအညီလိုအပ်နေသူဖြစ်သဖြင့် ပြန်ငေါက်နေလို့ မရပေ။ ထို့ကြောင့် သူမ၏ ခပ်ပြည့်ပြည့်မျက်နှာကို တောင့်တောင့်တင်းတင်း ပြုံးကာ မျက်တောင်များ တဖျပ်ဖျပ် ခတ်ပြလျက် ချိုချိုမြိန်မြိန် စူးစူးဝါးဝါးအသံဖြင့် အကူအညီ ထပ်တောင်းလိုက်ပါသည်။
“ရှစ်တိယွင်ကျဲ၊ ဒီကြိုးလေးတွေ ကူဖြည်ပေးပါနော်~ ဒီလိုပုံစံကြီးနဲ့ဆိုတော့ ရှစ်ကျဲနေလို့မကောင်းဘူး အဟင့်~”
ယွင်ကျဲ: “…”
ယွင်ကျဲ ကြက်သီးထသွားပြီး အန်ချင်စိတ်လည်း ဖြစ်သွားမိသည်။ သူတကယ် ခံနိုင်ရည်မရှိပေ။
“ဒီတိုင်း… ရိုးရိုးတန်းတန်းပြောစမ်းပါ”
ယန်ရုန်ရုန်မျက်နှာ ချက်ချင်းဆိုသလို ပြန်ရှုံ့မဲ့သွားပြီး ကြမ်းကြမ်းတမ်းတမ်း ငေါက်လိုက်ပါသည်။
“ကြိုးမြန်မြန်ဖြည်ပေးလို့ပြောနေတယ်! အခုချက်ချင်း မဖြည်ပေးရင် ငါတံတွေးနဲ့ လှမ်းထွေးမှာနော်!”
ယန်ရုန်ရုန် အော်သံကြောင့် ယွင်ကျဲ ခေါင်းထဲစီစီညံသွားခဲ့သည်။ စိတ်ကိုတည်ငြိမ်အောင်ထားဖို့ ကြိုးစားလိုက်ပြီး ယွင်ကျဲ မေးလိုက်သည်။
“မင်းထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”
ယန်ရုန်ရုန် ဆွံ့အသွားခဲ့သည်။
“ငါလည်းထွက်ပြေးချင်ပါတယ် ယုံစမ်းပါ၊ ဒါပေမယ့် နင့်ဘေးနားတစ်ဝိုက်ကို ကြည့်လိုက်ပါဦး၊ ငါထွက်ပြေးလို့တောင် ရရဲ့လား! ဒီကောင်းကင်ဘုံနန်းတော်ကြီးက အရမ်းထူးဆန်းလွန်းတယ်၊ ငါတို့ မသေချင်သေးဘူးဆိုရင် ယာယီ မဟာမိတ်ဖွဲ့မှ ဖြစ်မှာနော်”