အခန်း (၁၉)
Vol. 2 Ch. 19
🌹Chapter 19
ယွင်ကျဲ အနည်းငယ် မယုံသင်္ကာဖြစ်နေသေးသည်။
“မင်းငါ့ကို ထပ်လှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်”
သူယခုလို သံသယဝင်နေသည်ကို အပြစ်တင်လို့ မရနိုင်ပေ။ ဒီမိန်းမ၏ ပြစ်မှုမှတ်တမ်းက ရှည်လျားလွန်းပါသည်။ ဒီမိန်းမကြောင့် အလှည့်စားခံရပေါင်း များပြီဖြစ်သဖြင့် ယွင်ကျဲ အတော်လေး ကြောက်ရွံ့နေပါပြီ။
ယန်ရုန်ရုန် အေးစက်စွာ ရယ်မောလိုက်သည်။
“ရတယ်လေ၊ အဲ့တာဆိုလည်း မယုံနဲ့ပေါ့၊ အဆိုးဆုံးဖြစ်နိုင်တာဆိုလို့ ငါတို့ ဒီကောင်းကင်ဘုံနန်းတော်ကြီးထဲ အတူတူ ပိတ်မိပြီး သေသွားကြရုံပဲ ရှိမှာ၊ အနည်းဆုံးတော့ နင့်လို ‘ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခြင်းကို ခံရတဲ့သားတော်’နဲ့ အတူတူ မြှုပ်နှံခွင့် ရတာပေါ့၊ ငါ့ဘက်က အရှုံးမရှိပါဘူး”
ထိုသို့ ပြောပြီးနောက် ယန်ရုန်ရုန် မျက်လုံးများ မှိတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲကာ ဘဝကို အရှုံးပေးလိုက်သော ‘ငါးဆားနယ်’တစ်ဦးသဖွယ် ပြုမူလိုက်သည်။
သူမ အာရုံထဲတွင်တော့ စတင်ရေတွက်လိုက်ပါသည်။ ‘သုံး… နှစ်… တစ်…'
“ကောင်းပြီလေ! ယာယီမဟာမိတ် ဖွဲ့မယ်!”
ယန်ရုန်ရုန် စိတ်ထဲမှ ကြိတ်ပြုံးလိုက်သည်။ ‘ငါထင်သားပဲ!’
ယွင်ကျဲ ဆက်ပြောလိုက်ပါသည်။
“ဒါပေမယ့် ငါ့ကို ထပ်မလိမ်ပါဘူးလို့ တာအိုနှလုံးသားကို တိုင်တည်ပြီး သစ္စာဆိုရမယ်”
ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။
“အဲ့တာဆိုနင်လည်း ငါ့ကို ရှမ့်ယွင်ဂိုဏ်းဆီ ပြန်ခေါ်မသွားပါဘူးလို့ တာအိုနှလုံးသားကို တိုင်တည်ပြီး သစ္စာဆိုရမယ်”
ယွင်ကျဲ ချက်ချင်း ငြင်းဆန်လိုက်ပါသည်။
“အဲ့လိုလုပ်လို့ဖြစ်မလား! မင်းကိုဖမ်းဆီးဖို့ ဂိုဏ်းခေါင်း ဆောင်ကြီးနဲ့ ဦးလေးရှန်းတို့ အမိန့်ထုတ်ပြန်ထားကြတာ! ငါအမိန့်ဖီဆန်လို့ မရဘူး”
ယန်ရုန်ရုန်လည်း ပြန်ငေါက်လိုက်သည်။
“နင်သစ္စာမဆိုနိုင်ဘူးဆိုရင် ငါလည်း သစ္စာမဆိုနိုင်ဘူး”
ယွင်ကျဲ မကျေမနပ်ဖြစ်သွားကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ယန်ရုန်ရုန် ပြုံးလိုက်ပါသည်။
“နင်ဘယ်လမ်းကို ရွေးမှာလဲ၊ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် ငါ့ကို ကြိုးမြန်မြန်ဖြည်ပေးလိုက်၊ မဖွဲ့ချင်ဘူးဆိုရင်တော့ ထားလိုက်တော့၊ ဒီမှာ အချိန်ဖြုန်းမနေနဲ့၊ တွန့်ဆုတ်နေတာ ယောက်ျားမဟုတ်တဲ့အတိုင်းပဲ!”
ယခင်တုန်းကဆို ဒီလို ကပ်သီးကပ်ဖဲ့နိုင်သည့် ရန်စမှုများကို ယွင်ကျဲ အရေးတယူလုပ်ပြီး ဒေါသထွက်မှာ မဟုတ်ပေ။ သို့သော် ယခုတော့ ယွင်ကျဲ မသိစိတ်မှ ဒေါသတွေ အလိုလိုထွက်လာခဲ့ပါသည်။
သူ ‘ယောက်ျား’ပီသကြောင်း ပြသဖို့အတွက် ဓားကိုထုတ်ကာ ယန်ရုန်ရုန်၏ ကြိုးများအား တစ်ချက်တည်းဖြင့် ပြတ်အောင် ပိုင်းဖြတ်ပစ်လိုက်ပြီး ငေါက်လိုက်ပါသည်။
“လူကို အထင်မသေးနဲ့!”
အကြံအစည်အောင်မြင်သွားပြီဖြစ်သဖြင့် ယန်ရုန်ရုန် မျက်နှာထား ချက်ချင်းပြောင်းသွားခဲ့ပြီး ယွင်ကျဲအား နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ပြောလိုက်ပါသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ နင်က အားလုံးထဲမှာ ယောက်ျားအပီသဆုံးပါ!”
ယွင်ကျဲမျက်နှာ အကြောင်းအရင်းမရှိ ပူနွေးသွားခဲ့သည်။ ထို့နောက် ယန်ရုန်ရုန်ကို မျက်စောင်းထိုးလိုက်ပါသည်။
“မင်းသိရင် ပြီးတာပဲ”
ထုံကျင်နေသည့် လက်ဖဝါးနှစ်ဖက်ကို ပွတ်ရင်း ယန်ရုန်ရုန် ကြမ်းပြင်ပေါ်မှ ပြန်ထလိုက်ပါသည်။ ထို့နောက် သူမ ခေါင်းပေါ်ရှိ ငှက်ပေါက်လေးကို ယူပြီး ကြိုးဖြည်ပေးလိုက်သည်။
လွတ်လပ်သွားသည်နှင့်တစ်ပြိုင်တည်း ငှက်ပေါက်လေး အတောင်ခတ်ကာ ယန်ရုန်ရုန်နား နှစ်ပတ်လောက် ပျံသန်းလိုက်ပြီး တကျိကျိ အော်နေခဲ့သည်။
အခြားသူတွေအတွက်တော့ ငှက်အော်သံဖြစ်သော်ငြား ယန်ရုန်ရုန်အတွက််တော့ စနစ်၏အသံအဖြစ် အလိုလျောက် ဘာသာပြန်ပြီးသား ဖြစ်ခဲ့သည်။
“စနစ်ပိုင်ရှင် မြန်မြန်ပြေးတော့! ဒီနေရာကြီးက အန္တရာယ်များတယ်!”
ယန်ရုန်ရုန်လည်း ဒီနန်းတော်ကြီးထဲ စတင်ဝင်ရောက်လာစဉ်ကတည်းက အန္တရာယ်ကို ခံစားမိခဲ့ပါသည်။ နန်းတော်ကြီးထဲ လျှို့ဝှက်ရတနာများစွာ ရှိနေသည်မှာ မှန်သော် လည်း အန္တရာယ်သိမြင်စိတ်ကတော့ လုံးဝ ပျောက်ကွယ်မသွားခဲ့ဘဲ အမြဲတမ်းလိုလို ကျောချမ်းနေခဲ့ရသည်။
ပထမတော့ ကောင်းကင်ဘုံနန်းတော်ကြီးအတွင်း ယန်ရုန်ရုန် ထွက်ပေါက်တစ်ခု ရှာဖွေချင်ခဲ့သော်လည်း ယခုတော့ ထွက်ပေါက်မရှိဘဲ လမ်းဆုံးတစ်ခုသာ ရှိသည့်ပုံစံပင်။
ယန်ရုန်ရုန် စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
“ငါလည်း ထွက်ပြေးချင်ပါတယ်၊ ဒါပေမယ့် မပြေးနိုင်ဘူး၊ ရတနာမျှော်စင်ရဲ့ လှေကားထစ်တွေက တစ္ဆေနံရံတွေလိုပဲ၊ ဘယ်လောက်ပဲပြေးပြေး ဒီကိုပဲ ပြန်ရောက်လာတယ်”
ငှက်ပေါက်လေး အတောင်ပံကို အသည်းအသန်ခတ်ရင်း ချောက်ချားစွာ မေးလိုက်သည်။ “ဒါဆို ဘယ်လိုလုပ်ကြမလဲ၊ ကျွန်ုပ်တို့ ဒီမှာပဲ သေရတော့မှာလား”
ငှက်ပေါက်လေး လည်ဂုတ်ကို ယန်ရုန်ရုန် ဆွဲထားလိုက်သည်။
“စိတ်အေးအေးထားစမ်း”
ယန်ရုန်ရုန်၏ နက်ရှိုင်းသော မျက်လုံးများကို မြင်လိုက်ရသောအခါ ငှက်ပေါက်လေးလည်း ခေါင်းပေါ် ရေခဲရေ လောင်းချခံလိုက်ရသကဲ့သို့ စိတ်တွေချက်ချင်း ကြည်လင်သွားခဲ့ပါသည်။
ရူးသွပ်သွားရလောက်သည့်အထိ ရတနာများကို စွဲလမ်းနေကြသော ကျောက်ရှုနှင့် အခြားသူများအား ငှက်ပေါက်လေး လှမ်းကြည့်လိုက်ပြီး နားလည်သွားခဲ့သည်။
“ဒီနေရာကြီးက လူတွေရဲ့နှလုံးသားထဲမှာရှိတဲ့ မကောင်းတဲ့စိတ်တွေကို နှိုးဆွပေးတာပဲ’
ယန်ရုန်ရုန် ခေါင်းညိတ်ထောက်ခံလိုက်သည်။
“အင်း”
စိတ်ခံစားချက် ၇ ပါးနှင့် ရမ္မက် ၆ ပါးတို့က ထူးဆန်းသည့်အရာတွေ မဟုတ်ကြပေ။ လူမှန်လျှင် လောဘ၊ ဒေါသ၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် အကြောက်တရားများကို ရှောင်လွှဲနိုင်မည် မဟုတ်ပါ။
သို့သော် ကောင်းကင်ဘုံနန်းတော်ကြီးက ထိုစိတ်ခံစားချက်များကို အဆပေါင်းများစွာ နှိုးဆွပေးပြီး နောက်ဆုံးမှာတော့ ဆင်ခြင်တုံတရားများပါ ပျောက်ကွယ်လျက် လူတွေကို ရူးသွပ်သွားစေခဲ့သည်။
ယန်ရုန်ရုန်နှင့် ယွင်ကျဲတို့ကိုတစ်လှည့်စီ ကြည့်ရင်း ငှက်ပေါက်လေး မယုံသင်္ကာမေးမြန်းလိုက်ပါသည်။
“စနစ်ပိုင်ရှင်တို့နှစ်ယောက်ကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ”
“ငါ့ကိုယ်ငါတော့ မသိဘူး၊ ဒါပေမယ့် သူကတော့…”
ဘေးမှာရှိနေသည့် ယွင်ကျဲကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“သူတကယ် ဘာမှမဖြစ်ဘူးလို့ ထင်နေတာလား”
သူသာ ဒီနန်းတော်ကြီး၏ လွှမ်းမိုးမှုကို ခံမထားရလျှင် သူမနှင့်ပူးပေါင်းဖို့ သဘောတူခဲ့မှာမဟုတ်ပါ။ သူမကို လွှတ်ပေးဖို့ဆို ပိုဝေးပါသေးသည်။
အမှန်တကယ်တော့ ယွင်ကျဲလည်း ဆင်ခြင်စဉ်းစားနိုင်စွမ်း သိပ်မရှိတော့သဖြင့် စိတ်လိုက်မာန်ပါ လုပ်မိနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ယွင်ကျဲက အားလုံးထက် သတိဝီရိယကြီးသဖြင့် ကျောက်ရှုနှင့် အခြားရောင်းရင်းများကဲ့သို့ အကြွင်းမဲ့ ရူးသွပ်မသွားခြင်း ဖြစ်နိုင်သည်။
ငှက်တစ်ကောင်နှင့် စကားပြောနေသည့် ယန်ရုန်ရုန်ကို ကြည့်ရင်း ယွင်ကျဲ ထူးဆန်းနေခဲ့သည်။
‘သူ ဘယ်တုန်းက ငှက်စကားပြောတတ်သွားတာလဲ’
ထို့နောက် ယန်ရုန်ရုန် သူ့ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သောအခါ ယွင်ကျဲ ကြက်သီးထသွားခဲ့ပါသည်။
ယွင်ကျဲ ခြေလှမ်းများ နောက်ဆုတ်သွားခဲ့ပြီး သတိကြီးစွာ မေးလိုက်သည်။
“အဲ့တာဘာကို ဆိုလိုတာလဲ”
ယန်ရုန်ရုန် စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
“ဒီနေရာကြီးကနေ ဘယ်လိုထွက်သွားရမလဲ စဉ်းစားနေတာပါ”
ယန်ရုန်ရုန် စကားလမ်းကြောင်းလွှဲနေမှန်း ယွင်ကျဲ သိနေသော်လည်း စိတ်ဝင်စားသွားခဲ့သည်။
“တစ်ခုခုစဉ်းစားမိလို့လား”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“အင်း… သီအိုရီတစ်ခုတော့ ရှိတယ်”
ယွင်ကျဲ စိတ်မရှည်တော့ပေ။
“မြန်မြန်ပြောလေ”
“ခုနက ငါအောက်ထပ်ကို ပြေးဆင်းသွားပေမယ့် ဒီကိုပဲ ပြန်ရောက်လာတယ်၊ ဒါပေမယ့် ငါတို့ ဒီကို ပထမဆုံး ရောက်လာတုန်းက လမ်းကတစ်လမ်းပဲရှိတာ၊ အဲ့ဒီတော့ နင်ဘယ်လိုထင်လဲ”
ယွင်ကျဲ စိတ်ဝင်တစား နားထောင်နေပါသည်။
“ငါတို့အပေါ်တက်လာပြီးတော့ မျှော်စင်တစ်ခုလုံး တည်ဆောက်ပုံ ပြောင်းလဲသွားတာလား”
“ဘယ်လိုနည်းလမ်းမျိုးနဲ့ လှေကားထစ်တွေကို အသံမထွက်ဘဲ ဦးတည်ချက်ပြောင်းနိုင်မှာလဲ”
ယန်ရုန်ရုန် လက်တစ်ချောင်း ထောင်ကာ ဆက်ပြောလိုက်သည်။
“နည်းလမ်းက တစ်ခုပဲရှိတယ်၊ စည်းဝိုင်းတစ်ခုပဲ၊ ငါတို့ ရတနာမျှော်စင်ထဲ ခြေလှမ်းလိုက်ကတည်းက စည်းဝိုင်းတစ်ခုထဲ ခြေလှမ်းပြီး ဝင်လာခဲ့ကြတာ၊ ငါတို့မြင်သမျှ၊ ကြားသမျှ၊ ထိတွေ့သမျှ အရာအားလုံးက အဲ့ဒီစည်းရဲ့ ဖန်တီးမှုတွေချည့်ပဲ”
ယွင်ကျဲ နားလည်သွားခဲ့သည်။ ယခုသေချာပြန်စဉ်းစားကြည့်မှ အရာအားလုံးအဓိပ္ပာယ်ရှိလာခဲ့ပါသည်။
သို့သော် ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် ယွင်ကျဲ စည်းဝိုင်းတွေအကြောင်း တစ်ခါမှ မသင်ယူခဲ့ဖူးပေ။ စည်းတစ်ခု ရှိနေမှန်း သိနေလျှင်တောင် ဘယ်က စရှာဖွေရမှန်း သိမှာ မဟုတ်ပါ။ ထို့ကြောင့် သူ့ရှေ့က မိန်းကလေးကိုသာ အားကိုးရတော့မည်။
“အဲ့ဒီစည်းဝိုင်းကို ဘယ်လိုချိုးဖျက်ရမှာလဲ’
ယန်ရုန်ရုန် သုံးသပ်ပြလိုက်သည်။
“စည်းဝိုင်းအများစုက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမတွေအပေါ်မှာ အခြေခံထားတာ၊ အဲ့ဒီထဲမှာ ‘ရှင်သန်ခြင်းတံခါး’နဲ့ ‘သေဆုံးခြင်းတံခါး’ဆိုပြီး နှစ်မျိုးရှိတယ်၊ ငါတို့က ရှင်သန်ခြင်းတံခါးကို ရှာဖွေရမှာ၊ တစ်နည်းအားဖြင့် စည်းဗဟိုချက်လို့လည်း ခေါ်ကြတယ်၊ အဲ့ဒီ စည်းဗဟို ချက်ကို ရောက်တာနဲ့ ဒီနေရာကနေ လွတ်မြောက်နိုင်ပြီ”
ယုံကြည်ချက်အပြည့်ဖြင့် သုံးသပ်ပြနေသည့် ယန်ရုန်ရုန်ကို ကြည့်ရင်း ယွင်ကျဲ စိတ်ဝင်စားသွားခဲ့သည်။
“မင်း စည်းဝိုင်းတွေအကြောင်း ဘာလို့ အဲ့လောက် သိနေတာလဲ”
ယန်ရုန်ရုန် ပြန်ဖြေလိုက်ပါသည်။
“ရှမ့်ယွင်ဂိုဏ်းစာကြည့် တိုက်မှာ စည်းဝိုင်းတွေနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ အများကြီးရှိတယ်၊ အဲ့တာတွေ အကုန်လုံး ဖတ်ဖူးလို့ အခြေခံကို နားလည်နေတာလေ”
ကျောက်ရှုကို ယန်ရုန်ရုန် ပြောခဲ့သည့်စကားများအား ယွင်ကျဲ အမှတ်ရသွားခဲ့သည်။ သူမက နှစ် ၃၀ တိုင်ဦးလေးရှန်းတပည့်ရင်းဖြစ်ခဲ့ပါသော်လည်း ဦးလေးရှန်းက ပညာသင်ကြားပေးခြင်းမရှိသဖြင့် ကိုယ်တိုင်လေ့လာသင်ယူခဲ့ရသည်ဟု ယန်ရုန်ရုန် ဆိုခဲ့သည်။
“ဦးလေးရှန်းက မင်းကို တကယ် ဘာမှ သင်မပေးခဲ့ဘူးလား”
ယန်ရုန်ရုန် ဖြေလိုက်သည်။
“တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ပြခဲ့ပြီးပြီလေ၊ အခုထိ မယုံသေးဘူးလား”
ယွင်ကျဲ အမှန်တကယ် ယုံရခက်နေပါသည်။
“ဦးလေးရှန်းက မင်းကို တပည့်အဖြစ် လက်ခံခဲ့တာဆိုတော့ အဲ့လို ဆက်ဆံစရာအကြောင်း လုံးဝ မရှိဘူး”
ယန်ရုန်ရုန် ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။
“နင့် ဦးလေးရှန်းရဲ့ ရင်ထဲမှာ သူ့ဓားအပြင် သူပိုင်ဆိုင်ခွင့်မရတဲ့ ချစ်လှစွာသော ‘ရှစ်ကျဲ’တစ်ယောက်ပဲ ရှိတယ်၊ သူ့အမြင်မှာ ငါ့လို တပည့်မျိုးက လမ်းဘေးကျောက်တုံးသာသာအဆင့်ပဲရှိတာ၊ အဲ့လိုကျောက်တုံးအပေါ်ကို သူက ဆရာသံယောဇဉ် ထားနိုင်မယ်လို့ ထင်နေတာလား”
ယွင်ကျဲ နှုတ်ခမ်းများ စည်းတင်းသွားခဲ့သည်။
“ဦးလေးရှန်းက တာဝန်မဲ့တတ်တဲ့လူမျိုး မဟုတ်ဘူး”