← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

🌹Chapter 20

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်၊ တချို့နေရာတွေမှာတော့ သူတာဝန်မမဲ့ပါဘူး၊ ဥပမာ ငါသူနဲ့ လင်မယားလုပ်တန်း ဆက်မကစားတော့ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သူ့တာဝန်သိစိတ်တွေ ချက်ချင်းပြန်ပေါ်လာတော့တာပဲ၊ သူနဲ့အတူတူ ဇာတ်လမ်းဆင်ပေးမယ်လို့ ကတိပေးထားလို့ နောက်ဆုံးအချိန်အထိ ဟန်ဆောင်ပေးရမယ်လို့ ပြောခဲ့တယ်လေ၊ အခုငါ့ကို ပြန်ဆွဲခေါ်ချင်နေတာက သူ့ချစ်ဆိပ်ပြေအောင် အစားထိုးပစ္စည်း တစ်ခုအနေနဲ့ ထားချင်နေလို့ပဲ”

သူတစ်ချိန်က ကိုးကွယ်ခဲ့ရဖူးသည့် သိုင်းဦးလေးရှန်းမှာ ဒီလိုလူမျိုးဖြစ်နေလိမ့်မည်ဟု ယွင်ကျဲ မယုံကြည်နိုင်ပေ။ ထို့ကြောင့် မျက်မှောင် တင်းတင်းကြုတ်လျက် သူပြောလိုက်သည်။

“တစ်ခုခုတော့ နားလည်မှုလွဲနေပြီထင်တယ်”

“ငါက သူ့ဘေးမှာ နှစ် ၃၀ လောက် နေခဲ့ရတဲ့လူပါ”

ယန်ရုန်ရုန် ပြန်လည်ချေပလိုက်သည်။

“သူ့အကြောင်း ငါနင့်ထက် အများကြီး ပိုနားလည်တယ်၊ နင်ကမှ နားလည်မှုလွဲနေတဲ့လူ”

ယွင်ကျဲ ခေါင်းခါလိုက်သည်။

“ဦးလေးရှန်းက မင်းပြောသလိုလူမျိုး လုံးဝ မဟုတ်ဘူး၊ သူက ဖြောင့်မတ်တယ်၊ ခေါင်းဆောင်ကောင်းပီသတယ်၊ ဘယ်တော့မှ အရှုံးမပေးတတ်ဘူး၊ သူက စကားနည်းတဲ့လူဆိုပေမယ့် ကမ္ဘာကြီးတစ်ခုလုံးကို သူ့နှလုံးသားထဲမှာ သယ်ဆောင်ထားတာ၊ စစ်မှန်တဲ့ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ပဲ!”

ယန်ရုန်ရုန် မျက်စပစ်လိုက်သည်။ ဒီကောင်က ရှန်းဝမ်ချင်း၏ ‘အစွန်းရောက် အမာခံပရိတ်သတ်’တစ်ယောက်ဖြစ်သည်။

ရှန်းဝမ်ချင်းအပေါ်ထားသည့် သူ့ယုံကြည်မှုက မြို့တော်တံတိုင်းကြီးတစ်ခုထက်ပင် ပိုမို ခိုင်မာသေးသည်။ ရှန်းဝမ်ချင်းကိုယ်တိုင် ဝန်မခံသေးသရွေ့ သူမ ပြောသည့်စကား လုံးတွေကို ယွင်ကျဲတစ်လုံးမှ ယုံကြည်မှာမဟုတ်ကြောင်း သိလိုက်ရပါသည်။

ငြင်းခုံနေလို့ မထူးမှန်းသိသဖြင့် ယန်ရုန်ရုန် စကားလမ်း ကြောင်းလွှဲလိုက်ပါသည်။

“အဲ့တာတွေ ပြောမနေပါနဲ့တော့၊ဗဟိုချက်ကို အရင်ရှာကြရအောင်”

စည်းဝိုင်းတွေအကြောင်း ယွင်ကျဲ ဘာမှမသိသဖြင့် ယန်ရုန်ရုန်ကိုသာ အားကိုးနိုင်သည်။

“ပြီးတာပဲ… ဘာလုပ်ရမှာလဲ ပြော”

"ဗဟိုချက်တစ်ခုဆိုတော့…”

ယန်ရုန်ရုန် သုံးသပ်လိုက်သည်။ “အလွယ်တကူ ထိတွေ့လို့မရတဲ့အရာပဲဖြစ်မယ်”

ဘေးပတ်လည်ကို ယန်ရုန်ရုန်အကဲခတ်လိုက်သည်။ ကျောက်ရှုနှင့် အခြားသူတွေက ရတနာမျှော်စင်တစ်ခုလုံးကိုမြေလှန်ပြီးနေပါပြီ။ ရှာဖွေနိုင်သည့် ရတနာနှင့်ဆေးလုံး မှန်သမျှကိုလည်း သိမ်းယူခဲ့ကြပြီဖြစ်သည်။ သို့သော် ဗဟိုချက်ဟု ထင်ရလောက်သည့် ပစ္စည်းမျိုးမရှိခဲ့ပါ။

ယန်ရုန်ရုန် ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး မျက်နှာကြက်ကို မော့ကြည့်လိုက်ပါသည်။

ရတနာမျှော်စင်ကြီး၏မျက်နှာကြက်က အဌဂံပုံစံဖြစ်ကာ ရက်မကြီးလေးခုက ထောက်မထားပြီး ရှုပ်ထွေးသည့် ရုပ်ပုံများကို ထွင်းထုထားသည်။ သေသေချာချာ စစ်ဆေးကြည့်လိုက်သောအခါ ထိုထွင်းထုထားသည့် ရုပ်ပုံများက အိပ်စက်နေသည့် သားရဲကြီးတစ်ကောင်ပုံသဏ္ဌာန်မျိုးဖြစ်နေသည်။

မျက်စိအမြင်မှားတာလား မပြောနိုင်သော်လည်း ထိုသားရဲကြီး၏ နားရွက်လှုပ်ခါသွားသလို ယန်ရုန်ရုန် ခံစားလိုက်ရသည်။

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး သေသေ ချာချာ စိုက်ကြည့်လိုက်သည်။ သားရဲကြီးက လှုပ်ရှားမှု မရှိသဖြင့် သူမ အမြင်မှားခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

ယန်ရုန်ရုန်အကြည့်နောက်ကိုလိုက်ပြီး ယွင်ကျဲ မေးလိုက်သည်။

“စည်းဗဟိုချက်က ထုပ်တန်းတွေပေါ်မှာ ရှိတယ်လို့ ထင်နေတာလား”

“ဖြစ်နိုင်ချေတော့ရှိတယ်” ယန်ရုန်ရုန်ပြောလိုက်သည်။

“တက်ကြည့်လိုက်စမ်း”

အလှည့်စားခံရမည်စိုးသဖြင့် ယွင်ကျဲ မယုံသင်္ကာမေးလိုက်သည်။

“မင်းဖာသာမင်း တက်ကြည့်ပါလား”

ယန်ရုန်ရုန် မျက်နှာလိုမျက်နှာရလုပ်ကာ ပြောလိုက်ပါသည်။

“နင်က အရမ်းယောကျ်ားပီသတာကိုး! အဲ့ဒီ မျက်နှာကြက်ပေါ် တက်ဖို့က နင့်လို အစွမ်းအစရှိတဲ့လူမျိုးအတွက် လွယ်ကူလွန်းတယ်လေ”

ယွင်ကျဲ လှောင်ပြုံးပြုံးလိုက်သည်။ “သောက်ပိုတွေ လာပြောမနေနဲ့၊ နင့်စကား ငါလုံးဝ မယုံဘူး”

ယန်ရုန်ရုန် စိတ်ရင်းဖြင့် ပြောလိုက်ပါသည်။ “ငါအတည်ပြောနေတာ! ရုပ်ဆိုးတဲ့လူတွေက အရမ်းပါရမီရှိတတ်တယ်လို့ ပြောကြတယ်၊ အဲ့တာကြောင့် နင်က အစွမ်းအထက်ဆုံးဖြစ်မယ်လို့ ငါယုံကြည်တယ်၊ သွားစမ်းပါ၊ စည်းဗဟိုချက်ကို သွားရှာလိုက်!”

ယွင်ကျဲ ခံစားချက်မဲ့စွာ မေးလိုက်သည်။ “ငါ့ကို ရုပ်ဆိုးတယ်လို့ ပြောလိုက်တာလား”

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ “အဲ့လိုစကားမျိုး ပြောမိလို့လား၊ မပြောမိပါဘူး”

“အဲ့လိုစကားမျိုး မပြောပေမယ့် အဲ့လိုအဓိပ္ပာယ်မျိုး ပြောလိုက်တာလေ!”

ယန်ရုန်ရုန် စိတ်ပျက်လက်ပျက် ပခုံးတွန့်လိုက်သည်။

“အဲ့လိုတွေးချင်သပါ့ဆိုရင်လည်း တွေးပေါ့၊ ငါဘာမှမတတ်နိုင်ဘူး၊ နင်စိတ်ချမ်းသာရင် ပြီးတာပဲ’

ယွင်ကျဲ: “…”’

ငှက်ပေါက်လေးလည်း ယန်ရုန်ရုန်၏ အင်္ကျီလက်ခွံထဲ ဝင်ပုန်းနေလိုက်ပါသည်။

“သူ့မျက်လုံးတွေ နီရဲနေပြီ၊ ကြောက်စရာကြီးနော်”

ယန်ရုန်ရုန် နှစ်သိမ့်ပေးလိုက်သည်။

“မကြောက်ပါနဲ့၊ သူမျက်စိနာရောဂါဖြစ်နေတာ၊ ငါတို့ဘက်က သဘောထားကြီးပေးရတာပေါ့၊ လူမမာတစ်ယောက်ကို ခွဲခြားဆက်ဆံလို့ဘယ်ဖြစ်ပါ့မလဲ”

ယွင်ကျဲ ပြင်းထန်စွာ အံကြိတ်လိုက်သည်။

“ဘယ်သူ့ကို လူမမာလို့ လာခေါ်နေတာလဲ!”

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ လူမမာမဟုတ်ဘူး၊ လူကောင်းလေးပါနော်”

ယန်ရုန်ရုန်၏ လေသံက သုံးနှစ်သားကလေးကို စနောက်ပြီး ချော့မြူနေသလိုဖြစ်နေပါသည်။

ယွင်ကျဲ: ‘ဒေါသထွက်လိုက်တာ!!!”

ယွင်ကျဲ ဒေါသဖြင့် စိတ်လွတ်သွားမည်စိုးသဖြင့် ယန်ရုန်ရုန် အမြန်သတိပေးလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ သတိရဦးနော်၊ နင်က ရှမ့်ယွင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်သားတစ်ယောက်၊ ကျင့်ကြံခြင်းလောကမှာ မကြာခင်ထွန်းလင်းတောက်ပလာတော့မယ့် ကြယ်ပွင့်လေး၊ သက်ရှိသတ္တဝါတွေ အားလုံးကို ကယ်တင်ပေးရမယ့် သူတော်စင်လေး၊ စိတ်လိုက်မာန်ပါလုပ်ပြီး ဂိုဏ်းသားအချင်းချင်း ဒုက္ခမပေးရဘူးနော်”

ယွင်ကျဲ ဟိန်းဟောက်လိုက်သည်။ “အဲ့တာဆို ငါ့ကို ဘာလို့ ရည်ရွယ်ချက်ရှိရှိ ရန်စနေတာလဲ!”

ယန်ရုန်ရုန် တခစ်ခစ် ရယ်မောလိုက်သည်။

“နင့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်နေတာပါ! ကျင့်ကြံခြင်းခရီးစဉ်ဆိုတာ အခက်အခဲ အတားအဆီးတွေ အများကြီးနဲ့ ပြည့်နှက်နေတာ၊ ငါ့လို အခက်အခဲကိုတောင် နင်မကျော်လွှားနိုင်ဘူးဆိုရင် နတ်ဘုရားလောကကို ဘယ်လို တက်လှမ်းနိုင်မှာလဲ”

ယွင်ကျဲ ဒေါသဖြင့် ရယ်မောလိုက်သည်။

“အဲ့တာဆိုနင့်ကို ကျေးဇူးတောင်တင်သင့်တာပေါ့ ဟုတ်လား”

ယန်ရုန်ရုန် ရှက်ကိုးရှက်ကန်းဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

“မလိုပါဘူး မလိုပါဘူး၊ အားလုံးက တစ်ဂိုဏ်းတည်းသားချင်းတွေပဲ၊ ကျေးဇူးတင်ဖို့ မလိုဘူး၊ နင်တကယ် လိပ်ပြာမလုံဖြစ်နေသလို ခံစားနေရရင် ဝိညာဉ်ကျောက်တုံး တစ်ရာလောက် လက်ဆောင်ပေးရင်လည်း မဆိုးပါဘူး”

“ဆု!!!တောင်း!!!လိုက်!!!”

အော်ဟစ်ပြီးနောက် ယွင်ကျဲ အမှန်တကယ် စိတ်ပြန်တည်ငြိမ်သွားဟန်ရှိသည်။

ယခုက ငြင်းခုံနေရမည့်အချိန် မဟုတ်ပေ။ ဒီနေရာကြီးမှ ထွက်သွားနိုင်ဖို့က အရေးအကြီးဆုံးဖြစ်သည်။ စန်းချွမ်နှင့် နောက်မှ စာရင်းရှင်းလို့ရပါသည်။

ယွင်ကျဲ အသက်ဝဝ ရှူလိုက်ပြီး ယန်ရုန်ရုန်အား လျစ်လျူ ရှုကာ ဓားပျံပေါ်ခုန်တက်လျက် ထုပ်တန်းတွေဆီ ချက်ချင်း တက်သွားခဲ့သည်။

ထိုစဉ် ထူးဆန်းသည့်ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါသည်။

ရတနာတွေကို အသည်းအသန်လုယက်တိုက်ခိုက်နေကြသည့် ကျောက်ရှုနှင့် အခြားတပည့်သားများ ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့ကြသည်။ ထို့နောက် တစ်ခုခု ပူးကပ်ထားခံရသကဲ့သို့ မျက်နှာကြက်ပေါ်ကို ပြိုင်တူ မော့ကြည့်လိုက်ကြသည်။ တချို့က ငိုယိုနေပြီး တချို့က ရယ်မောနေကာ တချို့ကတော့ တစ်စုံတစ်ခုကို တီးတိုး ရေရွတ်နေသဖြင့် အတော်လေး ကျောချမ်းစရာကောင်းပါသည်။

ငှက်ပေါက်လေးလည်း ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားခဲ့သည်။

“ကြောက်လိုက်တာ~”

“နင့်လို စနစ်က ဘာကြောက်စရာရှိလို့လဲ”

ယန်ရုန်ရုန် မေးလိုက်သည်။

“ကျွန်ုပ်က အခု စနစ်မဟုတ်တော့ဘူးလေ! သနားစရာ ခွန်အားချည့်နဲ့ပြီး အားကိုးရာမဲ့နေတဲ့ ငှက်ကလေးတစ်ကောင်ပါ”

ယန်ရုန်ရုန်မှာ ကြက်သီးများပင် ထသွားရသည်။

“ငါသတိပေးထားမယ်နော် စကားကို ပုံမှန်ပြောစမ်း! ရွံစရာကောင်းလိုက်တာ!”

ငှက်ပေါက်လေး အတောင်တဖျပ်ဖျပ်ခတ်ရင်း သူမရင်ဘတ်ကို ရိုက်နှက်လိုက်သည်။

“ရက်စက်လိုက်တာ! အရင်တုန်းက စနစ်ပိုင်ရှင်ကို အေးတိ အေးစက် ဆက်ဆံခဲ့တုန်းကျတော့ ဝတ်ကျေတန်းကျေနိုင်တယ်ဆိုပြီး Bad Review ပေးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ အခုလို နွေးနွေးထွေးထွေး ဆက်ဆံပြတော့လည်း ရွံစရာကြီးတဲ့၊ စနစ်ပိုင်ရှင် ဘာဖြစ်ချင်နေတာလဲ!”

ယန်ရုန်ရုန် ပထမဆုံး ကူးပြောင်းလာစဉ်က ထူးဆန်းသည့် နယ်မြေတစ်ခုမှာ သူစိမ်းတစ်ယောက်လို ဖြစ်နေခဲ့သည်။ သူမ စကားပြောတိုင်ပင်နိုင်သူဟူ၍ စနစ်သာ ရှိခဲ့ပါသည်။

စနစ်နှင့် စကားပြောကြည့်ဖို့ ကြိုးစားပြီး စနစ်စတိုးဆိုင်ထဲ လျှော့ဈေးလေးဘာလေးပေးဖို့ တောင်းဆိုခဲ့သော်လည်း စနစ်က အလွန်အေးစက်ကာ ပရော်ဖက်ရှင်နယ်ဆန်ဆန်သာ ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် သူမ အလွန်ဒေါသထွက်ခဲ့ရသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုဖြစ်ရပ်ကို စနစ်က မှတ်မိနေလိမ့်မည်ဟု ယန်ရုန်ရုန် မထင်ခဲ့မိပေ။

ယန်ရုန်ရုန် ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

“အရင်တုန်းက မာနကြီးတဲ့ နင့်ပုံစံကိုပဲ ပိုသဘောကျတယ်ထင်တယ်”

ငှက်ပေါက်လေး တီးတိုးရေရွတ်လိုက်သည်။

“အနာခံရတာ တော်တော်ကြိုက်တဲ့လူ”

ယန်ရုန်ရုန် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

“နင်ဘာပြောလိုက်တယ်”

ငှက်ပေါက်လေး လေသံချက်ချင်း ပြောင်းလိုက်ပါသည်။

“ရပါတယ် ကိစ္စမရှိပါဘူးလို့ ပြောတာပါ”

ထုပ်တန်းတွေပေါ်ကို ရောက်ရှိပြီဖြစ်သည့် ယွင်ကျဲအားကြည့်ကာ ယန်ရုန်ရုန် ကြောင်စီစီဖြစ်သွားခဲ့သည်။

“သူအဲ့မှာ ကျောက်ရုပ်ကြီးလို ရပ်ပြီး ဘာလုပ်နေတာလဲ၊ ဗိုက်ဆာနေတာလား”

ငှက်ပေါက်လေး အသိပေးလိုက်သည်။ “သူက ကျင့်ကြံသူလေ၊ မစားမသောက်ဘဲ ရက်သတ္တပတ်ပေါင်းများစွာ နေနိုင်တယ်”

ယန်ရုန်ရုန် မကျေမနပ်ဖြစ်သွားပါသည်။

“ငါလည်း ကျင့်ကြံသူပါနော်၊ ဒါပေမယ့် တစ်ရက်ကို သုံးနပ်မဖြစ်မနေစားရတယ်!”

“အဲ့တာကြောင့် ကျင့်ကြံခြင်းကမ္ဘာထဲ နှစ် ၂၀၀ လောက် ရောက်နေတာတောင် အခြေခံအုတ်မြစ်အဆင့်မှာပဲ ရှိနေသေးတာပေါ့”

အရှိုက်ကို ထိသွားသဖြင့် ယန်ရုန်ရုန် ချက်ချင်း ပြန်ငေါက်လိုက်ပါသည်။

“ဒီကမ္ဘာထဲ ကူးပြောင်းလာပြီး သိပ်မကြာလိုက်ဘဲ ချီစုပ်ယူခြင်းအဆင့်ကို ငါအောင်မြင်သွားခဲ့တာနော်၊ အဲ့ဒီနောက် အခြေခံအုတ်မြစ်အဆင့်၊ ရွှေအမြုတေဆင့်၊ နတ်ဝိညာဉ်အဆင့်နဲ့ နောက်ဆုံး ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကိုပါ ရောက်သွားခဲ့တာ၊ အားလုံး နှစ် ၈၀ အတွင်းမှာပဲ အောင်မြင်ခဲ့တာနော်! လောက ကိုးပါးမှာ ငါက အငယ်ဆုံး ဝိညာဉ်အသွင်ပြောင်းလဲခြင်း ကျင့်ကြံသူပဲ၊ ငါ့ကိုယ်ငါ ကံကြမ္မာရဲ့သမီးတော်လို့ ခေါ်ခဲ့တာ ချဲ့ကားနေတာ မဟုတ်ဘူး!”

“အဲ့ဒီခွေးကောင် လင်းယွမ်ကို ကယ်တင်ပေးခဲ့ရတာကြောင့်သာ ငါ့ကျင့်ကြံခြင်းအဆင့်တွေ အကုန်လုံး ဆုံးရှုံးခဲ့ရပြီး ဝိညာဉ်ရင်းမြစ်ပါ ထိခိုက်သွားခဲ့ရတာ၊ အဲ့တာကြောင့် အခုထိ အခြေခံအုတ်မြစ်အဆင့်မှာပဲ ရှိနေသေးတာပေါ့!”

“နောက်ဆုံးကျတော့လည်း နင်ပေးထားတဲ့ သောက်အစုတ်ပလုတ် မစ်ရှင်တွေကြောင့် ဒီလိုဖြစ်ခဲ့ရတာပဲ! ဒါတောင် ငါ့ကို ကျင့်ကြံမှုနှေးတယ်ဆိုပြီး အပြစ်လာတင်ရဲသေးတယ်ပေါ့!”

All Chapters