← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

🌹Chapter 21

ကြက်ပေါက်လေး ဂုတ်တိုသွားခဲ့သည်။ ဒီကိစ္စမှာ သူ့အမှားပါမှန်း သူ့ကိုယ်သူသိပါသည်။

သို့သော် အပြစ်လွှဲချဖို့တော့ ကြိုးစားလိုက်သေးသည်။

“ကျွန်ုပ်ကိုပဲ အပြစ်ပုံချလို့မရဘူးလေ၊ ကျွန်ုပ်က ပရိုဂရမ်ဆွဲထားတဲ့အတိုင်း မစ်ရှင်တွေ ပေးအပ်ခဲ့တာ၊ ပြီးတော့ လင်းယွမ်မှာလည်း အပြစ်ရှိတယ်၊ သူသာ စနစ်ပိုင်ရှင်ကို သေသေချာချာ ကူညီပေးခဲ့ရင် စနစ်ပိုင်ရှင်ရဲ့ ဝိညာဉ်ရင်းမြစ်တွေ ပြန်ကောင်းသွားနိုင်ချေ ရှိတာပဲ”

ထိုခွေးတိရိစ္ဆာန်၏အမည်ကို ယန်ရုန်ရုန် ထပ်မရွတ်ချင်တော့သဖြင့် အရေးမပါသည့်စကားတွေ ရပ်တန့်လိုက်သည်။

ထို့နောက် မျက်နှာကြက်ပေါ်သို့ မော့ကြည့်ကာ သူမ အော်မေးလိုက်ပါသည်။

“ယွင်ကျဲ! နင်မပြီးသေးဘူးလား!”

ယွင်ကျဲ အကြောင်းမပြန်ဘဲ ငြိမ်သက်နေဆဲပင်…။

တစ်ခုခု မူမမှန်တာကို ယန်ရုန်ရုန် သတိပြုမိသွားခဲ့သည်။ သူမ အပေါ်တက်ပြီး သွားကြည့်ချင်သော်လည်း ကံမကောင်းစွာဖြင့် ဝူဝမ့်ဓားက ယွင်ကျဲထံမှာ ရှိနေဆဲပင်။

ယန်ရုန်ရုန် ဓားပျံစွမ်းရည်ကို အသုံးမပြုနိုင်သဖြင့် ခြေနှစ်ဖက်လက်နှစ်ဖက်ကိုသာ အားကိုးရပါတော့မည်။

-

ယွင်ကျဲ ထုပ်တန်းတွေပေါ် ရောက်သည်နှင့်တစ်ပြိုင်နက် အမြင်အာရုံများ ဝေဝါးသွားခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရသည်။

“အာ့ကျဲ”

ယွင်ကျဲ ထိတ်လန့်သွားခဲ့သည်။

‘ဒါဦးလေးရှန်းရဲ့ အသံပဲ!’

အသံလာရာဘက်သို့ ယွင်ကျဲ လှည့်ကြည့်လိုက်သည်။ သေချာပါသည်။ ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ရှန်းဝမ်ချင်းကို ယွင်ကျဲ မြင်လိုက်ရလေသည်။

“ဦးလေးရှန်း ဘာလို့ ဒီကိုရောက်နေတာလဲ!”

ရှန်းဝမ်ချင်း တည်ငြိမ်စွာ ဖြေလိုက်သည်။

“ကောင်းကင်ပေါ်က အတိတ်နိမိတ်ကို မြင်ပြီး လျှို့ဝှက်နယ်မြေမှာ ပြဿနာတစ်ခုခု ရှိနေနိုင်တယ်လို့ ခံစားမိလို့လေ၊ မင်းတစ်ခုခု ဖြစ်မှာစိတ်ပူလို့ လျှို့ဝှက်နည်းလမ်းတစ်ခုကို သုံးပြီး ခိုးဝင်လာခဲ့တာ”

ယွင်ကျဲ ခေါင်းငုံ့သွားခဲ့ပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။

“ဦးလေးကို စိတ်ပူအောင် လုပ်မိပြီ… ကျွန်တော် တော်တော် အသုံးမကျတာပဲ”

ရှန်းဝမ်ချင်း လက်တစ်ဖက်မြှောက်ကာ ယွင်ကျဲ၏ ခေါင်းကို သိမ်သိမ်မွေ့မွေ့ပုတ်လျက် နှစ်သိမ့်လိုက်ပါသည်။

“အဲ့လိုမပြောပါနဲ့၊ မင်းလုပ်ခဲ့တာတွေအားလုံး ပြီးပြည့်စုံပြီးသားပါ”

ဦးလေးရှန်း၏ နူးညံ့သိမ်မွေ့သည့်အသွင်အား ယွင်ကျဲ ပထမဆုံးအကြိမ် မြင်လိုက်ရသဖြင့် ယာယီ မှင်သက်သွားခဲ့သည်။

“ဦးလေးရှန်း… ကျွန်တော့်ကို ချီးကျူးဖူးတာ ဒါပထမဆုံးပဲနော်”

ရှန်းဝမ်ချင်း လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

“ငါမင်းကို ချီးကျူးသင့်တာ ချီးကျူးတယ်ဆိုပေမယ့် ဝေဖန်သင့်တာလည်း ဝေဖန်ရမယ်၊ စန်းချွမ်က ငါတို့ရှမ့်ယွင်ဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်ပဲ၊ မင်းဘာလို့ သူ့ကို သက်ညှာပေးနေတာလဲ၊ ဧကန္တ… သူ့အပေါ် မထားသင့်တဲ့ ခံစားချက်တွေ ထားမိနေပြီလား”

အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်သဖွယ် ယွင်ကျဲ ကြက်သီးမွေးညှင်းများထသွားကာ အသည်းအ သန် ငြင်းဆန်လိုက်ပါသည်။

“မဟုတ်ပါဘူး! ဒီလောကကြီးထဲမှာ တခြား မိန်းကလေးကျင့်ကြံသူတွေ တစ်ယောက်မှမရှိတော့ဘူးဆိုရင်တောင် စန်းချွမ်ကို ကျွန်တော် ရွေးမှာမဟုတ်ဘူး!”

ရှန်းဝမ်ချင်း မျက်နှာ မှောင်မိုက်သွားခဲ့ပြီး လေသံတွေလည်း အေးစက်သွားခဲ့သည်။

“ဒါဖြင့်ရင် သူ့ကိုအခုထိ ဘာလို့ မသတ်သေးတာလဲ”

ယွင်ကျဲ ရီဝေသွားခဲ့သည်။

“ဒါပေမယ့်… ဦးလေးရှန်းပြောတော့ သူ့ကို အရှင် ဖမ်းဆီးခဲ့ရမယ်ဆို”

“အဲ့တာ အရင်က၊ အခုငါစိတ်ပြောင်းလိုက်ပြီ၊ သူ့ကို သေစေချင်တယ်”

ယွင်ကျဲ တွန့်ဆုတ်သွားပါသည်။

“ဒါ… ဒါ မဟုတ်သေးဘူး… သူက ဦးလေးရှန်းရဲ့ တပည့်ရင်းလေ…”

ရှန်းဝမ်ချင်း၏ မျက်နှာထားက ယခင်တုန်းကထက်ပင် နှလုံးသား ပိုမဲ့သွားခဲ့ပါသည်။

“ဒီလောက်ယုတ်ညံ့တဲ့ ပြစ်မှုတွေကျူးလွန်ခဲ့တဲ့ သူ့ကို ငါ့တပည့်အဖြစ်က စွန့်လွှတ်လိုက်တာ ကြာပြီ၊ ငါ့ကို မင်းရဲ့ ဦးလေးအဖြစ် အသိအမှတ်ပြုသေးတယ်ဆိုရင် အခုချက်ချင်း သူ့ကို သွားသတ်လိုက်ပါ”

-

ယန်ရုန်ရုန်ကို တုပ်နှောင်ထားခဲ့သည့် ကြိုးအပိုင်းအစက ကြမ်းပြင်ပေါ်မှာ ရှိနေဆဲပင်။ ထိုကြိုးတွေကို ယန်ရုန်ရုန် ကောက်ယူလိုက်ပြီး ရတနာပုံကြီးထဲမှ သံတူလုံးကြီးတစ်လုံးကို ရွေးချယ်လိုက်သည်။

ထို့နောက် သံတူလုံးကြီးကို ကြိုးအစွန်းတစ်ဖက်တွင် ချည်နှောင်လျက် လေထဲမှာ စတင်ဝှေ့ရမ်းလိုက်ပါသည်။

ငှက်ပေါက်လေး မနေနိုင်ဘဲ မေးကြည့်လိုက်သည်။

“အဲ့ဒီသံလုံးကြီးနဲ့ ယွင်ကျဲကို ထုသတ်မလို့လား”

ယန်ရုန်ရုန်: “ငါ့ရုပ်က အဲ့လိုအကြမ်းပတမ်းရုပ်မျိုးနဲ့ တူနေလို့လား”

ငှက်ပေါက်ကလေး စိတ်ရင်းနှင့် ခေါင်းခါလိုက်ပါသည်။

“မတူပါဘူး”

ယန်ရုန်ရုန် ပြုံးပြလိုက်ပါသည်။

“ဒီလိုမှပေါ့”

ငှက်ပေါက်လေး: “ကိုယ်တိုင်က တကယ့်အကြမ်းပတမ်းဖြစ်နေမှတော့ တူစရာလိုပါ့မလား”

ယန်ရုန်ရုန်: “…”

ငှက်ပေါက်လေးကို ယန်ရုန်ရုန် ဂုတ်မှဆွဲပြီး သံတူလုံးပေါ်မှာ ကြိုးဖြင့် ချည်နှောင်လိုက်ပါသည်။

ငှက်ပေါက်လေး အော်ဟစ်လိုက်သည်။

“စနစ်ပိုင်ရှင် ဘာလုပ်နေတာလဲ!”

ယန်ရုန်ရုန် အေးစက်စွာ ရယ်မောလိုက်သည်။

“ငါ့ကို အကြမ်းပတမ်းနဲ့တူတယ်ဆိုမှတော့ အကြမ်းပတမ်းဆိုတာဘာလဲ နင့်ကို သိအောင် ပြရသေးတာပေါ့”

ထို့နောက် သံတူလုံးကြီးကို အားပါပါ ထပ်ဝှေ့ရမ်းလိုက်ပြီး လေထဲသို့ ပစ်လွှတ်လိုက်ပါသည်။

ငှက်ပေါက်လေး ချောက်ချားလွန်းသဖြင့် လိပ်ပြာလွင့်မတတ်ဖြစ်သွားပြီး လင်းပိုင်လို စူးစူးဝါးဝါး အော်ဟစ်လိုက်လေတော့သည်။

အား!!!!!

ငှက်ပေါက်လေး၏ အော်သံက ကျယ်လောင်လွန်းတာကြောင့်ပဲလား မသိသော်လည်း မျက်နှာကြက်ပေါ်ရှိ သားရဲရုပ်ပုံ၏ နားရွက်များ ထပ်မံလှုပ်ခါသွားတာကို ယန်ရုန်ရုန် သတိထားမိလိုက်သည်။

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။ နှစ်ကြိမ်နှစ်ခါရှိပြီ ဖြစ်သဖြင့် အမြင်မှားခြင်း မဟုတ်နိုင်တော့ပေ။ ထိုသားရဲကြီး တစ်ခုခု မူမမှန်သည်မှာ သေချာသလောက်ရှိနေပါပြီ။

ယန်ရုန်ရုန်၏ မူလရည်ရွယ်ချက်မှာ သံတူလုံးကြီး၏ အရှိန်ဖြင့် မျက်နှာကြက်ထုပ်တန်းတစ်ခုကို ကြိုးဖြင့်ရစ်ပတ်ကာ တက်ဖို့ ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယန်ရုန်ရုန် လက်ချော်သွားခဲ့ပါသည်။

ထို့ကြောင့် သံတူလုံးကြီးလည်း လမ်းကြောင်းလွဲသွားပြီး ယွင်ကျဲထံ တန်းတန်းမတ်မတ် ပျံသန်းသွားလေတော့သည်။

ဒါကိုမြင်တော့ ငှက်ပေါက်လေး၏ အော်သံ ပိုမို စူးဝါးသွားခဲ့သည်။

“အား!!! ငါသေတော့မယ်!!! ငါသေရတော့မယ်!!!”

ယန်ရုန်ရုန်လည်း ဆက်မကြည့်ရဲတော့ဘဲ မျက်လုံးတွေကို လက်ဖြင့် အုပ်ထားလိုက်သည်။ စိတ်ထဲမှာလည်း အကြိမ်ကြိမ် တောင်းပန်နေလိုက်ပါသည်။

‘တောာင်းပန်ပါတယ်! တောင်းပန်ပါတယ်! မရည်ရွယ်ပါဘူး!’

-

ယွင်ကျဲ တွန့်ဆုတ်နေဆဲဖြစ်သည်။ ထိုစဉ် သူ့နားသို့ ရှန်းဝမ်ချင်း ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ညှို့အားပြင်းသော အသံဖြင့် ပြောလိုက်ပါသည်။

“စန်းချွမ်သေပြီဆိုတာနဲ့ သူ့နေရာမှာ မင်းအစားဝင်လို့ရပြီ၊ မင်း ငါ့တပည့်အရင်းဖြစ်လာစေရမယ်”

ယွင်ကျဲ၏ ရင်ခုန်သံများ ပိုပိုမြန်ဆန်လာပါပြီ။ သူ့ဘဝတွင် အကြီးမားဆုံးအိပ်မက်မှာ ရှန်းဝမ်ချင်း၏ တပည့်အရင်း ဖြစ်လာရန်ပင် ဖြစ်သည်။

ယခု ထိုအိပ်မက်ကို အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးက လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီဖြစ်သဖြင့် ယွင်ကျဲ စိတ်မယိမ်းယိုင်ဘဲ မနေနိုင်တော့ပေ။

ရှန်းဝမ်ချင်းက ဆိုသည်။ “လူဆိုတာ ကိုယ့်အတွက်ကိုယ် ရှင်သန်ရတယ်၊ အဲ့လိုမှမဟုတ်ရင်တော့ ကောင်းကင်ဘုံရဲ့ ဖျက်ဆီးခြင်းကို ခေါင်းငုံ့ငြိမ်ခံနေလိုက်ပေတော့၊ သူသေသွားမှ မင်းအိပ်မက်တွေ အကောင်အထည်ပေါ်လာနိုင်မှာနော်၊ ဘာတွေ စောင့်နေသေးတာလဲ၊ သွားသတ်လိုက်လေ!”

စကားလုံးတိုင်းက မှော်ဝင်နေသကဲ့သို့ ယွင်ကျဲ၏ နားစည်များမှတဆင့် ဦးနှောက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လျက် အကြိမ်ကြိမ်အခါခါ ပဲ့တင်သံ ထပ်နေခဲ့ပါသည်။ ယွင်ကျဲ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ဘဲ မျက်လုံးသူငယ်အိမ်တွေလည်း ရီဝေသွားခဲ့ပါသည်။

ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ယွင်ကျဲ တတွတ်တွတ် ရေရွတ်လိုက်သည်။

“လူဆိုတာ… ကိုယ့်အတွက်ကိုယ် ရှင်သန်ရမယ်… ငါ စန်းချွမ်ကို သတ်…”

ယွင်ကျဲ စကားမဆုံးခင် လေပြင်းတစ်ချက်တိုးဝှေ့လာတာကို ခံစားလိုက်ရပြီး သူ့ကျောပြင်တစ်ခုလုံး စူးစူးရှရှ နာကျင်သွားခဲ့လေသည်။

သံတူလုံးကြီး သူ့ကျောပြင်ကို တည့်တည့် လာထိမှန်ခြင်းပင်။

သူ့ရှေ့က ‘ရှန်းဝမ်ချင်း’လည်း ထိတ်လန့်တုန်လှုပ်သွားပုံရပြီး လေထုထဲ တိုးဝင်ပျောက်သွားခဲ့တော့သည်။

ယွင်ကျဲ ထုပ်တန်းတွေပေါ်မှ ပြန်ကျလာခဲ့သည်။ ကြမ်းပြင်ပေါ် ‘ဘုန်း’ခနဲမြည်အောင် ပြုတ်ကျသဖြင့် ကြမ်းပြင်တစ်ခုလုံး လှုပ်ခါသွားခဲ့ပါသည်။

ကျင့်ကြံသူတစ်ဦးဖြစ်နေသဖြင့် ယွင်ကျဲ သက်သာသွားခဲ့သည်။ သာမန်လူတစ်ယောက်သာဆို ကျောရိုးတွေ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားလောက်ပါပြီ။

ကြမ်းပြင်ပေါ်မှာ သံတူလုံးကြီးပိလျက် ယွင်ကျဲ မှောက်လျက်သား လဲနေပါသည်။ သူ့ကျောပြင်နှင့် သံတူလုံးကြီးတို့အကြား ပြားလုနီးပါး ဖြစ်နေသည့် ငှက်ပေါက်လေးလည်း ရှိနေသည်။

ယန်ရုန်ရုန် အပြေးရောက်လာပြီး သံတူလုံးကြီးကို အမြန်ဖယ်ပေးလိုက်ပါသည်။

“စနစ်! နင်အဆင်ပြေရဲ့လား!”

ငှက်ပေါက်ကလေး နောက်ဆုံးထွက်သက်ကို ရှူရိုက်နေရသကဲ့သို့ အတောင်တစ်ဖက်တုန်တုန်ယင်ယင် ဆန့်ကာ ပြောလိုက်သည်။

“ရက်…စက်…လိုက်တာ…”

ယန်ရုန်ရုန် ငှက်မွေးလေးများကို ပွတ်သပ်ပေးရင်း ချော့လိုက်ပါသည်။

“အဲ့လိုမပြောစမ်းပါနဲ့၊ ငါနင့်ကို တောင်းပန်ပြီးပြီပဲဥစ္စာ”

ငှက်ပေါက်လေး မယုံကြည်ပါ။

“ဘယ်တုန်းကလဲ! ငါဘာမှ မကြားလိုက်ဘူး!”

ယန်ရုန်ရုန်: “ငါ့ခေါင်းထဲမှာ တောင်းပန်လိုက်တာ၊ စာဖတ်သူတွေ သိတယ်”

ယန်ရုန်ရုန်၏ ရူးကြောင်ကြောင်စကားများကို ငှက်ပေါက်လေး နားမလည်ပေ။ သေလုံမျောပါး ခံစားခဲ့ရသည့် ထိတ်လန့်မှုကြောင့် ငိုနေရုံသာ ရှိတော့သည်။

ယန်ရုန်ရုန် ဆက်ချော့လိုက်ပါသည်။

“ငိုမနေစမ်းပါနဲ့၊ ခဏနေရင် ငါငှက်ဥကြော်ကျွေးပါ့ပမယ်”

ငှက်ပေါက်လေး ငိုသံပိုကျယ်လောင်သွားခဲ့သည်။

“ဘာငှက်ဥကို ကြော်မှာလဲ!”

ယန်ရုန်ရုန်: “အဲ့တာဆို နင်ဘာစားချင်လို့လဲ’

ငှက်ပေါက်လေး ရှိုက်ကြီးတငင်ပြောလိုက်သည်။

“ပေါက်ပေါက်ဆုပ်…”

ထိုပေါက်ပေါက်ဆုပ်ဆိုတာ အလွန်အရသာရှိသည်ဟု ကြားဖူးသော်လည်း စနစ်အနေဖြင့် တစ်ခါမှ မစားခဲ့ဖူးပေ။ ယခု သူ့မှာ ခန္ဓာကိုယ်တစ်ခု ရှိလာပြီဖြစ်သဖြင့် မြည်းစမ်းကြည့်ချင်မိပါသည်။

ယန်ရုန်ရုန် ချက်ချင်း သဘောတူလိုက်သည်။

“ကိစ္စမရှိဘူး!”

ထိုအခါမှ ငှက်ပေါက်လေး အငိုတိတ်သွားခဲ့သည်။

ယွင်ကျဲလည်း ခက်ခခက်ခဲခဲ ထထိုင်ဖို့ ကြိုးစားလိုက်ပါသည်။ ကျောပြင်ပေါ်က နာကျင်မှုကြောင့် သူညည်းတွားမိသည်။ သို့သော် ထိုနာကျင့်မှုကြောင့်ပဲ သူအသိစိတ် ပြန်ကပ်ခဲ့ရပါသည်။

ထို ‘သိုင်းဦးလေးရှန်း’ဟူသည့် ပုံရိပ်ယောင်က စန်းချွမ်ကို သတ်ပစ်ဖို့အတွက် သူ့ကို လှည့်စားခဲ့သည်။

နာကျင်မှုကိုသည်းခံရင်း ယွင်ကျဲ ခေါ်ဆိုလိုက်သည်။

“စန်းချွမ်”

နောက်ဆုံးတော့ ယွင်ကျဲရှိနေသေးမှန်း ယန်ရုန်ရုန် သတိပြန်ရသွားပြီး ထူးလိုက်ပါသည်။

“ဒီမှာ ရှိတယ်”

ယွင်ကျဲ: “ခုနက သံတူလုံးက… မင်းလက်ချက်လား…”

All Chapters