← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

🌹Chapter 30

ပေါက်စီဆိုင်တစ်ဆိုင်ဘေးမှ ယန်ရုန်ရုန် ဖြတ်သွားစဉ် အလွန်သင်းပျံ့သည့် မွှေးရနံ့တစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။

ယခင်တစ်ခေါက်က ချန့်ခွင်းအိတ်ထဲ သိုလှောင်ထားသမျှ ပေါက်စီတွေအားလုံးကို ထောင်ထျဲအား ကျွေးခဲ့ရသဖြင့် အနည်းငယ် ထပ်ဝယ်ချင်မိပါသည်။ ထို့ကြောင့် ပေါက်စီဆိုင်ရှေ့သို့ သွားပြီး အမျိုးအစားစုံလင်လှသည့် ပေါက်စီများကို ကြည့်ကာ ဆုံးဖြတ်ရခက်သွားခဲ့သည်။

လျို့လန်ကို ဘာအရသာ စားချင်သလဲဟု ယန်ရုန်ရုန် မေးဖို့ ကြံခဲ့သည်။

သို့သော် အောက်ငုံ့ကြည့်လိုက်သောအခါ သူမဘေးမှာ ဗလာကျင်းဖြစ်နေခဲ့ပါသည်။

‘လျို့လန် ဘယ်ရောက်သွားလဲ!’

ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။

‘ဒီလောက်အကောင်ကြီးတဲ့ ငါ့အိမ်မွေးတိရိစ္ဆာန်က ဘယ်လိုပျောက်သွားတာလဲ!’

ယန်ရုန်ရုန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း လမ်းသွားလမ်းလာတိုင်းကို သေသေချာချာ ကြည့်ရှုလိုက်သည်။ သို့သော် လျို့လန်၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။

ယန်ရုန်ရုန် သုတ်သုတ်ပျာပျာ မေးလိုက်သည်။

“စနစ်၊ ထောင်ထျဲ ဘယ်ရောက်သွားတာလဲ နင်မြင်လိုက်လား”

ငှက်ပေါက်လေးလည်း ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။

“ခုနက အစာတွေ အများကြီးစားလိုက်မိလို့ ဗိုက်ပြည့်အင့်ပြီး စနစ်ပိုင်ရှင်ရဲ့ ခေါင်းပေါ်မှာ မှေးခနဲ အိပ်ပျော်သွားမိတာ… ထောင်ထျဲ ဘယ်အချိန်တုန်းက ပျောက်သွားမှန်းတောင် မသိလိုက်ဘူး”

ယန်ရုန်ရုန် လာရာလမ်းအတိုင်း ပြန်ပတ်ပြီး လိုက်ရှာကြည့်ပါသေးသည်။ သို့သော် လျို့လန်ကို မတွေ့မိပေ။

သူမနောက် အရိပ်လို တကောက်ကောက် လိုက်တတ်သည့် လျို့လန်၏ အကျင့်ကြောင့် သူ့စိတ်နဲ့သူ ထွက်သွားခြင်းတော့ မဖြစ်နိုင်ပေ။ တစ်စုံတစ်ယောက်က အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်းသာ ဖြစ်ပါလိမ့်မည်။

ဆိုင်အကူဝန်ထမ်း၏ သတိပေးစကားကို ပြန်ကြားယောင်ပြီး ယန်ရုန်ရုန် ရေရွတ်လိုက်သည်။

“ငါတို့ ပြန်ပေးသမားတွေကို တွေ့ပြီထင်တယ်”

ငှက်ပေါက်လေး စိတ်ပူသွားသည်။

“အဲ့တာဆို အဲ့ဒီပြန်ပေးသမားတွေ ဒုက္ခအကြီးအကျယ်ရောက်တော့မှာပေါ့နော်”

ယန်ရုန်ရုန် ထောက်ခံလိုက်ပါသည်။

“အမှန်ပဲ”

ကောင်းကင်ဘုံမိုးကြိုးကြောင့် ထောင်ထျဲသားရဲ အနည်း ငယ် ဦးနှောက်ပျက်သွားခဲ့သော်လည်း ခွန်အားများကမူ လျော့မသွားသေးပေ။ ထို့အပြင် သူက လူသားစားရတာကို နှစ်သက်သည်။ အထူးသဖြင့် လောဘစိတ်မိုးမွှန်နေသည့် ဝိညာဉ်များက သူ့အတွက်တော့ နတ်သုဓာပင်။

သူ့ကို ဖမ်းဆီးသွားသည့် ပြန်ပေးသမားများကတော့ ကျားရှေ့မှောက်လျက်လဲသွားကြလေပြီ။

ငှက်ပေါက်လေး: “သူတို့ကို သွားကယ်သင့်လား”

ယန်ရုန်ရုန် မေးပွတ်ရင်း ခေတ္တစဉ်းစားလိုက်ပါသည်။

“မလောပါနဲ့ဦး၊ မပင့်သင့်တဲ့အရာကို ပင့်မိရင် ဘယ်လောက်တောင် နှင်ထုတ်ရခက်သလဲဆိုတာ ဒီပြန်ပေးသမားတွေ နားလည်သွားအောင် ခဏပစ်ထားလိုက်၊ သူများကလေးကို ထပ်ခိုးရဲဦးမလား ကြည့်ကြသေးတာပေါ့၊ ငါတို့ကတော့ တခြား လုပ်စရာတွေ ရှိသေးတယ်”

ငှက်ပေါက်လေး စိတ်ဝင်တစား မေးလိုက်သည်။

“ဘာလုပ်ဖို့လဲ”

“ငွေရှာဖို့လေ”

-

လူအုပ်ကြီးထဲ ယန်ရုန်ရုန် တိုးဝင်လာပြီး ကြော်ငြာဆိုင်းဘုတ်ကြီးရှေ့သို့ သွားကာ ဆုကြေးငွေထုတ်ထားသည့် ကလေးပျောက် ကြော်ငြာများအား ဆွဲခွာပစ်လိုက်သည်။

ကြော်ငြာဆိုင်းဘုတ်နား စောင့်နေသည့် အစောင့်က ချက်ချင်း မေးလိုက်ပါသည်။

“မင်းဘာလုပ်နေတာလဲ”

ယန်ရုန်ရုန် ကြော်ငြာစက္ကူကို လှုပ်ခါပြရင်း ဖြေလိုက်သည်။

“ဒီပြန်ပေးသမားတွေကို ရှာနေတာမလား၊ သူတို့ ဘယ်မှာရှိလဲ ငါသိတယ်”

လျို့လန်နှင့် သူမ သခင်-အစေခံစာချုပ် ချုပ်ထားသည်။ ထို့ကြောင့် လျို့လန်ဘယ်ကိုပဲ ရောက်သွားပါစေ ယန်ရုန်ရုန် နတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ရှာဖွေနိုင်စွမ်းရှိသည်။ လျို့လန်ကို ရှာတွေ့သည်နှင့် ပြန်ပေးသမားတွေကိုလည်း ကျိန်းသေ ရှာတွေ့နိုင်ပါလိမ့်မည်။

ယန်ရုန်ရုန်ကို အစောင့်က အကဲခတ်လိုက်သည်။ သူမ၏ အဝတ်အစားများက ရိုးရှင်းသော်လည်း အသားအရည် ကြည်လင်ပြီး မျက်လုံးတွေတောက်ပနေကာ ဝိညာဉ်စွမ်းအင်အနည်းငယ် ဖြာထွက်နေတာကို သတိထားမိသည်။ ထို့ကြောင့် ကျင့်ကြံသူတစ်ဦး ဖြစ်မည်ဟု အစောင့်က ကောက်ချက်ချလိုက်ပါသည်။

အစောင့်က တလေးတစား မေးမြန်းလိုက်သည်။

“အမည် ဘယ်လိုခေါ်လဲ”

“မျိုးရိုးအမည်က ယန်ပါ”

“ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ မိန်းကလေးယန်”

ထိုအစောင့်က ယန်ရုန်ရုန်ကို မြို့စားကြီးစံအိမ်ထံသို့ ခေါ်ဆောင်သွားပေးခဲ့သည်။ ယန်ရုန်ရုန် ဧည့်ခန်းထဲမှာ ထိုင်စောင့်နေခဲ့ရပြီး လက်ဘက်ရည်တစ်ခွက် သောက်ကုန်ခါနီးမှ မြို့စားကြီး ရောက်ရှိလာခဲ့ပါသည်။

ကျင်းချွီမြို့စားကြီးအမည်က ချန့်ထုံရှန်းဟုခေါ်သည်။ နာမည်ကို ကြည့်လိုက်ရုံနှင့် အလွန်ချမ်းသာသည့်လူဖြစ်မှန်း သိနိုင်ပါသည်။

အမှန်တကယ်လည််း ချမ်းသာပါသည်။ မြို့စားဖြစ်ရုံတင်မကဘဲ ကျင်းဝူကုန်သည်များအသင်း၏ ဥက္ကဌလည်းဖြစ်သည်။ သူတည်ထောင်ထားသည့် ကျင်းဝူဘဏ်က ကုန်းမြေတိုက်ကြီး ကိုးခုစလုံးတွင် ဘဏ်ခွဲတွေ ဖွင့်လှစ်ထားပြီး နေ့စဉ်ဝင်ငွေက သုံးမကုန်နိုင်အောင် ကောင်းအောင် များပြားလှသည်။

ထို့အပြင် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူလည်းဖြစ်သည်။ အသက်အရွယ်အတိအကျ မသိရသော်လည်း သက်လတ်ပိုင်းလောက် ရှိမည်ဟု ထင်ရသည်။ သူဌေးကြီးဟု ဆိုသော်လည်း အသားအရည်ဖြူဖျော့ကာ နှုတ်ခမ်းတွေလည်း သွေးမဲ့နေပြီး မျက်လုံးများအောက် ညိုမဲလျက် တစ်ကိုယ်လုံး ပိန်လှီပြီး အတော်လေး မကျန်းမာသည့်ပုံစံပေါက်နေပါသည်။

ယန်ရုန်ရုန် မတ်တပ်ရပ်ကာ ဦးညွှတ်ဂါဝရပြုလိုက်သည်။

“မြို့စားကြီးချမ့်”

အစေခံတစ်ဦး၏ အကူအညီဖြင့် ချမ့်ထုံရှန်း အမြင့်ဆုံးထိုင်ခုံသို့သွားကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပါသည်။

နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်သဖြင့် ယန်ရုန်ရုန် ရုပ်ပြောင်းရုပ်လွှဲပညာဖြင့် ရုပ်ဖျက်ထားသည်ကို ချမ့်ထုံရှန်း ချက်ချင်း မြင်နိုင်သည်။ သို့သော် သူဘာမှ မပြောခဲ့ပါ။

ထို့အစား သူမေးမြန်းလိုက်သည်။

“မိန်းကလေးယန်က ဘယ်ဂိုဏ်းကများ လာခဲ့တာလဲ သိခွင့်ရှိမလား၊ ကျုပ်ရဲ့ ကျင်းချွီမြို့ကို ဘာအရေးကိစ္စနဲ့ လာခဲ့တာလဲ”

ပထမတော့ ဂိုဏ်းမဲ့ကျင့်ကြံသူဟု ယန်ရုန်ရုန် ပြောချင်ခဲ့သည်။ သို့သော် သူမ ပြန်စဉ်းစားခဲ့ပါသည်။ ကုန်းမြေတိုက်ကိုးခုမှာ ဂိုဏ်းမဲ့ကျင့်ကြံသူများက အထင်အမြင်သေးခံရပြီး အနိုင်ကျင့်ဖို့ အလွန်လွယ်ကူကြသူများဖြစ်သည်။

အထင်သေး မခံရစေဖို့အတွက် သူမတစ်ခုခု ကြံဖန်မှဖြစ်ပါလိမ့်မည်။

ယန်ရုန်ရုန် အကြံရသွားပြီး ဖြေလိုက်သည်။

“ကျွန်မက ဟွေ့လုံဂိုဏ်းကပါ၊ ခရီးသွားရင်းနဲ့ ကြီးပွားတိုးတက်လှတဲ့ ကျင်းချွီမြို့ကြီးထဲ လမ်းကြုံဝင်လာခဲ့တာပါ”

ချမ့်ထုံရှန်း သေသေချာချာစဉ်းစားကြည့်လိုက်သည်။ သို့သော် ‘ဟွေ့လုံဂိုဏ်း’ဟူသည့် ဂိုဏ်းနှင့်သတ်သတ်သည့် အချက်အလက်များ သူ့ဦးနှောက်ထဲ ရှာမရခဲ့ပေ။ ထို့ကြောင့် သူမေးလိုက်သည်။

“အဲ့ဒီဂိုဏ်းအကြောင်း ကျုပ်တစ်ခါမှ မကြားဖူးပါလား”

ယန်ရုန်ရုန် ဆက်လိမ်ညာလိုက်ပါသည်။

“ဟွေ့လုံဂိုဏ်းက ဝေးလံခေါင်သီတဲ့ နေရာတစ်ခုမှာ ရှိတာပါ၊ ပြီးတော့ ဂိုဏ်းသားတွေကလည်း အပြင်လောက အရေးကိစ္စတွေထဲ ဝင်စွက်ဖက်လေ့ မရှိဘူး၊ အဲ့တာကြောင့် မြို့စားကြီး မကြားဖူးတာ မထူးဆန်းပါဘူး”

ချမ့်ထုံရှန်း သဘောပေါက်သွားခဲ့ပါသည်။

“ဪ လျှို့ဝှက်ဂိုဏ်းတစ်ခုကိုး”

ယန်ရုန်ရုန် လိုရင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။

“ပြန်ပေးသမားတွေကိစ္စနဲ့ ကျွန်မလာခဲ့တာပါ”

ချမ့်ထုံရှန်း ခေါင်းညိတ်လိုက်သည်။

“ကျုပ်ကြားပြီးပါပြီ၊ ကလေးတွေရှိနိုင်မယ့်နေရာကို ကူရှာပေးနိုင်ရင် ကျုပ်တို့ဘက်က ဝိညာဉ်ကျောက်တုံးတွေ၊ မှော်ဝင်ရတနာတွေ ရက်ရက်ရောရော ဆုချသွားမှာပါ”

ယန်ရုန်ရုန် စိတ်မရှည်စွာ ပြောလိုက်သည်။

“အချိန်ဖြုန်းလို့မဖြစ်ဘူး၊ ခုချက်ချင်းသွားကြရအောင်၊ ပြန်ပေးသမားတွေ ရှိတဲ့နေရာကို ကျွန်မ ဦးဆောင်ပြီး လိုက်ပို့ပေးမယ်”

“မိန်းကလေးယန် အပင်ပန်းခံစရာမလိုဘူး၊ ကလေးတွေဘယ်မှာရှိနေသလဲဆိုတာသာ ကျုပ်ကိုပြောလိုက်၊ ကျုပ်လူတွေလွှတ်ပြီး ရှာခိုင်းလိုက်မယ်၊ မိန်းကလေးယန်က ဒီမှာပဲ စောင့်နေလို့ရတယ်”

ယန်ရုန်ရုန် အမြန်ငြင်းလိုက်သည်။

“ဘာမှမပင်ပန်းပါဘူး၊ ကျွန်မကိုယ်တိုင်သွားတာ ပိုကောင်းမယ်ထင်တယ်”

ထောင်ထျဲသားရဲသာ စတင်သောင်းကျန်းလျှင် ဘယ်သူမှ ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် စာချုပ်၏တန်ခိုးဖြင့် သူ့ကို ထိန်းချုပ်ဖို့ သူမကိုယ်တိုင်ရှိနေမှဖြစ်လိမ့်မည်။

ချမ့်ထုံရှန်း မှင်သက်သွားခဲ့သည်။

“ဘာကြောင့်လဲ”

ဝမ်းနည်းစရာအကြောင်းအရာတစ်ခုကို မှတ်မိသွားဟန်ဖြင့် ယန်ရုန်ရုန် ခေါင်းငုံ့သွားပြီး မျက်နှာကိုလက်ဖြင့်အုပ်ကာ နှစ်ချက်လောက် ရှိုက်ငင်လိုက်ပြီး မျက်လုံးတွေကို လက်ဖြင့် ကြမ်းကြမ်းတမ်းတမ်း ပွတ်ပစ်လိုက်ပါသည်။ သူမ ခေါင်းပြန်မော့လာသောအခါ မျက်လုံးတွေ နီရဲနေပြီး မျက်ရည်တွေလည်း ဝဲနေခဲ့သည်။

“အမှန်အတိုင်းပြောရရင် ကျွန်မကလေးလည်း အခိုးခံလိုက်ရတယ်၊ သူ့အတွက် စိတ်ပူလွန်းလို့ အမြန်ဆုံး သွားရှာချင်နေတာပါ”

ချမ့်ထုံရှန်း သူမကို နှစ်သိမ့်ပေးလိုက်သည်။

“သိပ်ပြီး စိတ်မပူနဲ့၊ ကျုပ်တို့အခုချက်ချင်း သွားရှာပါ့မယ်၊ မိန်းကလေးယန်ရဲ့ ကလေးကိုလည်း မကြာခင်တွေ့မှာပါ”

ထို့နောက် အိမ်တော်ထိန်းကို ဆင့်ခေါ်ပြီး ချမ့်ထုံရှန်း အမိန့်ပေးလိုက်သည်။

“ကလေးတွေကိုရှာဖို့ တပ်သားတွေအမြန် စီစဉ်လိုက်”

“ဟုတ်ကဲ့ပါ”

အိမ်တော်ထိန်း အမိန့်အမြန်နာခံလိုက်ပါသည်။

ချမ့်ထုံရှန်း ခေါင်းငုံ့ကာ ချောင်းဆိုးလိုက်သည်။ ထိုအခါ အစေခံတစ်ယောက်က ဆေးလုံးတစ်လုံး ချက်ချင်းလာပေးခဲ့ပါသည်။ ချမ့်ထုံရှန်းလည်း ထိုဆေးကို အမြန်သောက်လိုက်သည်။ ဆေးသောက်ပြီးနောက် အနည်းငယ် သက်သာသွားပုံရသည်။

သူ့ကို စိုက်ကြည့်နေသည့် ယန်ရုန်ရုန်အား မြင်သောအခါ ချမ့်ထုရှန်း ရှင်းပြလိုက်ပါသည်။

“အသက်ကြီးပြီဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးလေ”

ယန်ရုန်ရုန် ယဉ်ကျေးမှုဖြင့် ပြန်ပြောလိုက်ပါသည်။

“မြို့စားကြီးက နာမကျန်းဖြစ်နေတာတောင် မြို့တော်အရေးကိစ္စတွေအတွက် စိတ်ပူနေရတုန်းပဲနော်၊ အရမ်းပင်ပန်းမှာပဲ”

ချမ့်ထုံရှန်း လက်ဘက်ရည်တစ်ငုံလောက်သောက်ပြီး လည်ချောင်းရှင်းကာ မေးလိုက်သည်။

“ဒါနဲ့ ပျောက်ဆုံးနေတဲ့ကလေးတွေကို မိန်းကလေးယန် ဘယ်လိုရှာတွေ့ခဲ့တာလဲ၊ အသေးစိတ် ရှင်းပြလို့ရမလား”

ယန်ရုန်ရုန်: “ကျွန်မတို့ ဟွေ့လုံဂိုဏ်းမှာ မိခင်နဲ့ ကလေးတွေကို နှလုံးသားခြင်း ချိတ်ဆက်ပေးနိုင်တဲ့ လျှို့ဝှက်နည်းပညာတစ်ခု ရှိတယ်၊ ကလေးတွေ ဘယ်နေရာပဲ ရောက်နေပါစေ မိခင်က နတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ရှာဖွေနိုင်တဲ့ စွမ်းရည်မျိုးလေ”

ချမ့်ထုံရှန်း နားလည်သွားပါသည်။

“အဲ့လိုကိုး… သိပ်ကောင်းတယ်၊ ဒါဆို ကလေးတွေအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့”

ယန်ရုန်ရုန်၏ လက်ဘက်ရည်ခွက်ထဲ ဗလာကျင်းဖြစ်နေတာကိုမြင်ပြီး အသစ်တစ်ခွက် ထပ်ယူလာပေးဖို့ ချမ့်ထုံရှန်း အမိန့်ပေးလိုက်သည်။

ယန်ရုန်ရုန်ကတော့ တံခါးဝကိုကြည့်ရင်း စိတ်မရှည်စွာ မေးလိုက်ပါသည်။

“မြို့စားကြီးရဲ့လူတွေ ရောက်မလာသေးဘူးလား”

ချမ့်ထုံရှန်း: “မကြာခင်ရောက်လာပါလိမ့်မယ်၊ လက်ဘက်ရည်သောက်ရင်း ခဏ နားပါဦး”

အသစ်ရောက်လာသည့် လက်ဘက်ရည်က အတော်လေး မွှေးပျံ့တာကို ယန်ရုန်ရုန်သတိထားမိသည်။ မသောက်ရသေးသော်လည်း ရနံ့တစ်ခုတည်းနှင့်ပင် ယန်ရုန်ရုန် အနည်းငယ် မူးဝေသွားခဲ့ပါသည်။ ထို့ကြောင့်ခေါင်းကို ခါရင်း သူမ မေးလိုက်သည်။

“ဒီလက်ဘက်ရည်က ဘာလို့အဲ့လောက် မွှေးရတာလဲဟင်”

ချမ့်ထုံရှန်း ခပ်ပါးပါး ပြုံးလိုက်ပါသည်။

“အဲ့တာကို ရက်တစ်ရာမူးယစ်ဆေးလို့ ခေါ်တယ်၊ မင်းအတွက်သီးသန့်ပြင်ဆင်ပေးထားတဲ့ လက်ဘက်ရည်ပေါ့၊ မင်းလို အဆင့်နဲ့ ကျင့်ကြံသူမျိုးတွေကို တစ်ချက်လောက် ရှူလိုက်မိရုံနဲ့ သုံးရက်သုံးညလောက် အိပ်စက်သွားအောင် လုပ်နိုင်စွမ်း ရှိတယ်”

“ရှင်… ရှင်…”

ယန်ရုန်ရုန် စကားဆုံးအောင် မပြောနိုင်ခင် အမြင်အာရုံများ အမှောင်ကျသွားပြီး ထိုင်ခုံနောက်သို့ မှီလျက်သားကျကာ သတိလစ်မေ့မျောသွားခဲ့တော့သည်။

All Chapters