← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

🌹Chapter 23

မြေပေါ်ပြန့်ကြဲနေသည့် အစက်အပြောက်များ လှုပ်ခါသွားပြီး အတူတူစုစည်းသွားခဲ့ကာ ဝေဝါးသော လူရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ထိုလူရိပ်မှာ မျက်နှာမပါသော်လည်း လူသားတစ်ဦး၏အသံဖြင့် စကားပြောလာခဲ့သည်။

“မင်းဘာလိုချင်တာလဲ’

ယန်ရုန်ရုန်ကလည်း မေးခွန်းပြန်ထုတ်လိုက်ပါသည်။

“နင်က လူတွေရဲ့ နှလုံးသားထဲက တပ်မက်မှုဆန္ဒတွေကို ဖောက်ထွင်းမြင်နိုင်တယ်ဆို၊ ငါဘာကို လိုချင်သလဲ နင်မမြင်နိုင်ဘူးလား”

ထိုလူရိပ်ကြီး အမှန်တကယ်မမြင်နိုင်ပါ။ ဒီမိန်းမမှာ တပ်မက်မှုတွေ ရှိနေမှန်း သူခံစားနိုင်သည်။ လူရိပ်ကြီး၏ အကြီးမားဆုံး စွမ်းအင်ကလည်း ထိုဆန္ဒများကို ဆွဲထုတ်ပြီး အဆမတန် ကြီးထွားလာအောင် လုပ်ဆောင်ပေးခြင်းပင်။

သို့သော် ဒီမိန်းမ၏ဆန္ဒများကို ကြည့်ရသည်မှာ မြူနှင်းများကြားမှ ပန်းတွေကို ကြည့်နေရသကဲ့သို့ ဝေဝါးလွန်းသည်။ ထို့ကြောင့် လူရိပ်ကြီး ဆုံးဖြတ်ရခက်နေပါသည်။

ယန်ရုန်ရုန် ဆက်ပြောလိုက်သည်။

“တကယ်တော့ ငါလိုချင်တာက ရိုးရိုးရှင်းရှင်းလေးပါ၊ တစ်သက်လုံး ထိုင်သုံးလို့ မကုန်တဲ့ ဝိညာဉ်ကျောက်တုံးတွေ လိုချင်တယ်”

လူရိပ်ကြီး ရယ်မောလိုက်သည်။

“လွယ်ပါတယ်!”

ထို့နောက် ယန်ရုန်ရုန် ရှေ့မှောက်တွင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများ တောင်လို ပုံသွားခဲ့သည်။

လူရိပ်ကြီးက ဆိုသည်။

“မင်းကြိုက်သလောက်သုံးစမ်း၊ ကုန်သွားတိုင်း ထပ်ပေါ်လာစေရမယ်”

ယန်ရုန်ရုန် လက်ချောင်းတစ်ချောင်း ထောင်ပြလိုက်သည်။ “ပြီးတော့ အဆုံးမရှိတဲ့ စားကောင်းသောက်ဖွယ်ရာတွေလည်း စားချင်တယ်”

ချက်ချင်းဆိုသလို သူမရှေ့သို့ အလွန်မွှေးပျံ့ကာ လက်ရာမြောက်လှသည့် စားကောင်းသောက်ဖွယ်များ ရောက်ရှိလာပါသည်။

ယန်ရုန်ရုန် ဆက်ပြောလိုက်သည်။

“ပြီးတော့ ထာဝရငယ်ရွယ်နုပျိုပြီး မသေဆုံးနိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကိုလည်း လိုချင်တယ်”

လူရိပ်ကြီးက လက်ဖဝါးနှစ်ဖက် ပွတ်သပ်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ဒီနေရာမှာ ရှိနေသရွေ့ မင်းမသေဆုံးနိုင်ဘူး”

“နောက်ဆုံးတစ်ခုက…”

ယန်ရုန်ရုန် ပြောလိုက်သည်။

“ငါ လွတ်လပ်မှုလိုချင်တယ်၊ အကြွင်းမဲ့ လွတ်လပ်မှုမျိုးနော်”

လူရိပ်ကြီး တိတ်ဆိတ်သွားခဲ့သည်။ သူကမ်းလှမ်းခဲ့သည့်အရာအားလုံးက သူမကို ဒီမှာ ပိတ်လှောင်ထားချင်ခြင်းကြောင့်သာ။

ထို့ကြောင့် ဒီနန်းတော်အတွင်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ကျောက်တုံးတွေ၊ စားကောင်း သောက်ဖွယ်တွေ အားလုံး အငွေ့လိုပျောက်ကွယ်သွားပါလိမ့်မည်။

အချိန်အတော်ကြာအောင် ရပ်တန့်သွားပြီးနောက် လူရိပ်ကြီး ပြောလိုက်သည်။

“မင်းတော်တော် လောဘကြီးတာပဲ”

ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။

“လောဘကြီးတာ မကောင်းတဲ့အရာလား”

လူရိပ်ကြီး ရယ်မောလိုက်သည်။

“ကောင်းပါတယ်၊ လောဘကြီးလေလေ မင်းရဲ့ဝိညာဉ်က အရသာပိုရှိလေလေပဲ”

“နင်က ငါ့ကို စားချင်တာလား”

လူရိပ်ကြီး လောဘကြီးစွာ ဝန်ခံလိုက်သည်။

“အမှန်ပဲ… ငါငတ်မွတ်နေခဲ့တာ အတော်ကြာပြီ၊ မင်းတို့အားလုံး ရောက်လာတာ ငါ့အတွက် ကံကောင်းတာပဲ၊ အခု မင်းတို့အားလုံး ငါ့အစာ ဖြစ်တော့မယ်၊ မင်းတို့အားလုံးကို စားပြီးတာနဲ့ ဒီနေရာကြီးကနေ ငါလွတ်မြောက်နိုင်ပြီကွ!

သူ့ရှေ့က မိန်းမကြောက်ရွံသွားလိမ့်မည်ဟု လူရိပ်ကြီးထင်ထားခဲ့သည်။ သို့သော် ယန်ရုန်ရုန်ကတော့ လက်နှစ်ဖက်ကို ဆန့်တန်းကာ စိန်ခေါ်လိုက်ပါသည်။

“ဒါဆိုလည်း စားကြည့်လိုက်လေ”

လူရိပ်ကြီး မလှုပ်ရှားခဲ့ပေ။ ယန်ရုန်ရုန်အား စူးရှစွာ စိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်ပါသည်။

“ငါမစားရဲဘူးလို့ ထင်နေတာလား”

ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။

“မစားရဲဘူးလို့ မထင်ပါဘူး၊ မစားနိုင်တာလို့ပဲ ထင်တာ”

လူရိပ်ကြီး လှောင်ရယ်ရယ်လိုက်သည်။

“ယုံကြည်မှုမလွန်ကဲစမ်းပါနဲ့၊ ရေမြောင်းထဲမှာလည်း လှေမှောက်သွားနိုင်တယ်နော်”

“ငါတို့ကို နင်တစ်ခါတည်း စားပစ်လိုက်လို့ရရင် အခုလောက်ထိ ဒုက္ခခံနေစရာလိုပါ့မလား”

ယန်ရုန်ရုန် သုံးသပ်ပြလိုက်သည်။

“ပုံရိပ်ယောင်တွေ ဖန်တီးပြတာ၊ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်သတ်ပုတ်ဖို့ ဖြားယောင်းတာ… အဲ့တာတွေ အကုန်လုံး လိုက်လုပ်နေရတာ အလုပ်မရှုပ်ဘူးလား၊ အကုန်လုံးကို တစ်ချက်တည်းနဲ့ ဝါးမျိုလိုက်တာက နင့်အတွက် ပိုပြီး မသက်သာဘူးလား”

လူရိပ်ကြီး ပြန်မချေပနိုင်ခဲ့ပေ။ ယန်ရုန်ရုန်ပြောသည့် စကားများက အမှန်တရားတွေဖြစ်နေခြင်းကြောင့်ပင်။

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ပူပူနွေးနွေး ပေါက်စီနှစ်လုံးကို ထုတ်လိုက်ပါသည်။

“နင်ငတ်နေတာကြာပြီဆိုတော့ ဗိုက်တော်တော် ဆာနေလောက်ရောပေါ့၊ ဒီပေါက်စီနှစ်လုံး အစာပြေစားလိုက်လေ”

လူရုပ်ကြီး စက်ဆုပ်စွာ ပြောလိုက်သည်။

“ငါ့လို အဆင့်အ တန်းမျိုးနဲ့ အဲ့လိုအပေါစားအစားအ သောက်တွေ စားရမှာတဲ့လား!”

ယန်ရုန်ရုန်ကလည်း မတိုက်တွန်းပါ။

“မစားချင် မစားနဲ့လေ၊ ငါ့ဖာသာငါပဲ စားတော့မယ်”

ပေါက်စီတစ်လုံးကို ဖြဲလိုက်ရာ အတွင်းမှာ အစာသွပ်ထားသည့် အမဲသားများ ထင်းခနဲ ပေါ်လာပါသည်။ အမဲသားကို စားချင်စဖွယ် ဟင်းအနှစ်များဖြင့် အရည်ရွှမ်းအောင် ဆမ်းထားပြီး ဖြူဖွေးအိစက်နေသော မုန့်သားဖြင့် ပတ်ရံထားသည်။ ယန်ရုန်ရုန် ချက်ချင်း ဗိုက်စာသွားခဲ့ပါသည်။

ဂလု…

လူရိပ်ကြီးထံမှ တံတွေးမျိုချသံ ထွက်ပေါ်လာခဲ့ပြီး ခက်ခက်ခဲခဲ ပြောလိုက်ပါသည်။

“အပေါစား အစားအသောက်တွေ ဆိုပေမယ့် မင်းက ငါ့ကို စိတ်ရင်းနဲ့ ဆက်သချင်နေတာ ဆိုတော့လည်း သည်းခံပြီး မြည်းစမ်းပေးရမှာပေါ့”

ယန်ရုန်ရုန် ပေါက်စီတစ်လုံးကို ပစ်ပေးလိုက်သည်။ ကြမ်းပေါ်မကျခင် လူရိပ်ကြီး၏ လျှာထွက်ပေါ်လာပြီး ပေါက်စီကိုဖမ်းကာ ပါးစပ်ထဲ ဆွဲထည့်လိုက်ပါသည်။ နှစ်ချက်လောက်ဝါးပြီးနောက် မျိုချလိုက်သည်။ မရှိသည့် နှုတ် ခမ်းများကို လျှာဖြင့်သပ်ရင်း သူတွေးလိုက်သည်။

‘ကောင်းလိုက်တာ!’

ယန်ရုန်ရုန် မေးလိုက်သည်။

“စားဦးမလား”

လူရိပ်ကြီး တွန့်ဆုတ်မှုမရှိ ခေါင်းညိတ်လိုက်သည်။

“အေး အကုန်ပေးစမ်း”

ယန်ရုန်ရုန်လည်း ရက်ရောစွာဖြင့် ချန့်ခွင်းအိတ်ထဲ သိုလှောင်ထားသမျှ ပေါက်စီမျိုးစုံကို ထုတ်ကာ ပစ်ကျွေးလိုက်ပါသည်။ ပေါက်စီများကိုစားရင်း လူရိပ်ကြီး စိတ်ရွှင်သွားပုံရသည်။

ထိုအခွင့်အရေးကို အရယူပြီး ယန်ရုန်ရုန် မေးလိုက်ပါသည်။

“နင့်ကို ဘယ်လိုခေါ်ရမလဲ”

အသားပေါက်စီမျက်နှာကြောင့် လူရိပ်ကြီး ပြန်ဖြေလိုက်သည်။

“ငါက ငါ့မိသားစုထဲမှာ ဆဌမမြောက်ပဲ၊ ငါ့မျိုးနွယ်က ငါ့ကို လျို့လန်(ဆဌမမြောက်သား)လို့ ခေါ်ကြတယ်”

ယန်ရုန်ရုန် ဆက်မေးလိုက်သည်။

“လျို့လန် အဲ့ဒါတွေထက် အရသာပိုရှိတဲ့ အစားအသောက်တွေ စားချင်လား”

လျို့လန်: “ဘယ်လောက်အရသာရှိတာလဲ၊ မင်းထက်အရသာပိုရှိနိုင်မှာတဲ့လား”

ယန်ရုန်ရုန် စကားနင်သွားခဲ့သည်။

“ငါ့ပုံစံက အဲ့လောက် အရသာရှိမယ့်ပုံစံပေါက်နေလို့လား”

လျို့လန် ခေါင်းကို အသည်းအသန်ညိတ်လိုက်ပါသည်။

“အရမ်း အရမ်း အရမ်းကို အရသာရှိမယ့်ပုံစံပေါက်တယ်! မင်းလောက် အရသာရှိမယ့်ပုံစံနဲ့ ‘ခြေနှစ်ချောင်းသိုး’မျိုးကို မမြင်ဖူးဘူး၊ ကြည့်နေရုံနဲ့ ဗိုက်တွေတောင် ဆာလာတယ်”

ထိုစကားကို ချီးကျူးစကားဟု ယန်ရုန်ရုန် ကျောချမ်းစွာ မှတ်ယူလိုက်ပြီး ခြောက်ခြောက်ကပ်ကပ် ရယ်မောလိုက်ပါသည်။

“ပိုကောင်းတဲ့ အစားအသောက်တွေ မစားဖူးသေးလို့ ဒီစကား ပြောထွက်တာပါ၊ ရိုးရိုးသားသား ပြောရရင် ငါလည်း ငယ်ငယ်လေးကတည်းက အမှိုက်စာတွေပဲ စားလာခဲ့တာ၊ ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေပြီ၊ အပြင်ပန်းမှာ ကြည့်လို့လှပေမယ့် လက်တွေ့မှာတော့ တစ်ကိုယ်လုံး ကြမ်းတမ်းပြီး အရသာလည်း ဆိုးတယ်”

လျို့လန် စိတ်ဝင်စားသွားခဲ့သည်။

“အမှိုက်စာဆိုတာ ဘာလဲ”

“ကြက်ကြော်၊ ဟမ်ဘာဂါ၊ ကိုလာ၊ အာလူးချောင်းကြော်”

စားသောက်နိုင်သည့်အရာမှန်သမျှကို လျို့လန် စိတ်ဝင်စားပါသည်။

“အဲ့တာတွေက စားလို့ကောင်းလား၊ ငါတစ်ခါမှ မစားဖူးဘူး”

ယန်ရုန်ရုန် ကွင်းကွင်းကွက်ကွက် မြင်သာအောင် ရှင်းပြလိုက်လေသည်။

“အာဟာရမဖြစ်ပေမယ့် အရသာကတော့ အရမ်းရှိတာ၊ ကြက်ကြော်ဆိုတာ ကြက်သားကို ဂျုံတွေ၊ ကြက်ဥတွေ၊ အကြော်မှုန့်တွေနဲ့ လူးပြီးတော့ ဆူပူပူမှာ အပြင်ပန်း ရွှေအိုရောင်လေးသန်းပြီး ကြွပ်ရွနေအောင် ကြော်လိုက်တာ၊ အတွင်းသားကတော့ နူးညံ့ ပျော့အိနေတာပေါ့၊ အဲ့တာကို ချိုချိုစပ်စပ် ဆော့စ်လေးနဲ့ တွဲစားရတာ၊ တစ်ချက်လောက် ကိုက်စားလိုက်ရင် တဂျွတ်ဂျွတ်နဲ့ မွှေးပျံ့ပြီး ကြွပ်ဆပ်နေတာပဲ…”

လျို့လန် ထွက်ကျလုနီးပါးဖြစ်နေသည့် သွားရည်များကို ပြန်ဆွဲစုပ်လိုက်သည်။

“ငါကြက်ကြော်စားချင်တယ်!”

“အဲ့တာတွေက အပြင်လောကမှာပဲရှိတဲ့ စားဖွယ်ရာတွေလေ၊ ငါနဲ့အတူတူ လိုက်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအသောက်တွေ လိုက်ကျွေးမယ်လို့ ကတိပေးတယ်၊ ငါပြောတာယုံစမ်းပါ၊ အပြင်လောကက အစားအသောက်တွေက အရောင်မရှိ အရသာမရှိတဲ့ လူသားတွေထက် ပိုအရသာရှိတယ်”

ယန်ရုန်ရုန် ရင်ဘတ်ကို လက်ဖြင့်ထုကာ အာမခံလိုက်သည်။ မျက်နှာက ကြင်နာမှုတွေနှင့် ပြည့်နှက်နေသော် လည်း သူမပုံစံမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေသည့် ထူးထူးဆန်းဆန်း အဒေါ်ကြီးတစ်ယောက်လိုပင်။

ယန်ရုန်ရုန် ပြောပြသည့် အပြင်လောကအကြောင်းကို လျို့လန် စိတ်ဝင်စားသွားသော်လည်း ခေါင်းခါလိုက်ပါသည်။

“မရဘူး၊ ငါထွက်သွားလို့ မရဘူး”

“ဘာလို့ မရတာလဲ”

လျို့လန် မဖြေချင်ဘဲ တွန့်ဆုတ်သွားခဲ့သည်။

ထို့ကြောင့် ယန်ရုန်ရုန် လမ်းကြောင်းထပ်သွယ်ပေးလိုက်ပါသည်။

“ပြောပြစမ်းပါ၊ ငါနင့်ကို ကူညီချင်ကူညီနိုင်မှာပေါ့၊ နောက်ပိုင်း ဒီနေရာကြီးကနေ ထွက်သွားပြီး အရသာရှိတာတွေ အတူတူ စားနိုင်မှာနော်”

အချိန်အတော်ကြာအောင် တွန့်ဆုတ်သွားပြီးနောက် အစားအသောက်၏ ဆွဲဆောင်မှုကြောင့် လျို့လန် အလျှော့ပေးလိုက်ပါသည်။

“ငါဒီမှာ ချိတ်ပိတ်ခံထားရတာ၊ အဲ့ဒီ ချိတ်ပိတ်မှုကို မချိုးဖျက်နိုင်သေးသရွေ့ ငါဘယ်မှသွားလို့ရမှာ မဟုတ်ဘူး”

“ချိတ်ပိတ်ထားတာဆိုရင် ငါတို့က ဒီထဲကို ဘာလို့ဝင်လာနိုင်ခဲ့တာလဲ”

လျို့လန် ရှင်းပြလိုက်သည်။

“သိပ်မကြာသေးခင်တုန်းက လူတစ်ယောက် ရောက်လာခဲ့တယ်၊ အဲ့ဒီလူက ကောင်းကင်ဘုံ နန်းတော်ကြီးကို ဖုံးကွယ်ထားတဲ့ ပုံရိပ်ယောင်တွေကို ပယ်ဖျက်ပစ်လိုက်ပြီး မကြာခင် ‘ခြေနှစ်ချောင်းသိုး’တစ်ကောင် ရောက်လာလိမ့်မယ်လို့ ပြောတယ်၊ အဲ့ဒီသိုးကို ငါစားလိုက်မယ်ဆိုရင် ချိတ်ပိတ်ထားတာကို ချိုးဖျက်နိုင်ပြီး လွတ်လပ်ခွင့် ပြန်ရမယ်တဲ့”

ယန်ရုန်ရုန် သဘောပေါက် နားလည်သွားခဲ့သည်။ ဒါကြောင့်လည်း ကောင်းကင်ဘုံနန်းတော်ကြီးကို သူမ အလွယ်တကူ ရှာတွေ့ခဲ့ခြင်းဖြစ်ပါလိမ့်မည်။ သူမထက်အရင် တစ်စုံတစ်ယောက်က ရောက်ရှိလာပြီး ပြောင်းလဲထားခဲ့ခြင်းကြောင့်ပင်။

“အဲ့ဒီလူက ဘယ်သူလဲ”

ယန်ရုန်ရုန်မေးလိုက်သည်။

လျို့လန် ခေါင်းခါလိုက်သည်။ သူတကယ် မသိပါ။

မည်သူပဲဖြစ်ပါစေ ရည်ရွယ်ချက်ကောင်းရှိသူ မဟုတ်နိုင်ဟု ယန်ရုန်ရုန် တွေးလိုက်ပါသည်။

“နင်က ဒီမှာဘာလို့ ချိတ်ပိတ်ခံခဲ့ရတာလဲ”

လျို့လန် နောက်ဆုံးလက်ကျန် ပေါက်စီကို စားလိုက်ပြီး ဗိုက်မဝသေးသော လေသံဖြင့် ဖြေလိုက်သည်။

“မစားသင့်တဲ့အရာတွေကို စားခဲ့မိလို့”

ယန်ရုန်ရုန် စိတ်ဝင်စားသွားသည်။

“ဘာတွေစားလိုက်မိလို့လဲ”

လောဘတက်နေသည့် လျို့လန်၏ မျက်လုံးများ ယန်ရုန်ရုန်ထံ ရောက်ရှိသွားခဲ့ပြန်သည်။

“ခြေနှစ်ချောင်းသိုးတွေ”

ယန်ရုန်ရုန် စိတ်ထဲရှိရာအတိုင်း ဝေဖန်ပြစ်တင်လိုက်ပါသည်။

“နည်းတောင်နည်းသေးတယ်!”

All Chapters