အခန်း (၂၄)
Vol. 3 Ch. 24
🌹Chapter 24
ထိုသတ္တဝါကို လှည့်ဖျားပြီး ဝိညာဉ်သားရဲတစ်ကောင်အဖြစ် သိမ်းပိုက်ရန် ယန်ရုန်ရုန် ကြံရွယ်ထားခဲ့သော်လည်း ၎င်းမှာ လူသားစား မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေမှန်း သိလိုက်ရသောအခါ အကြံကို ချက်ချင်း မေ့ပစ်လိုက်ပါသည်။
သူမ ၎င်း၏ညစာ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် ထိုသတ္တဝါ ထာဝရ ချိတ်ပိတ်ခံထားရခြင်းက ပိုကောင်းပါလိမ့်မည်။
လျို့လန်: “ငါ့ကို ပိတ်လှောင်ထားတဲ့ အချုပ်အနှောင်တွေကို ကူညီပြီး ချိုးဖျက်ပေးပါ၊ အဲ့တာဆို မင်းရဲ့ လိုအပ်ဆန္ဒမှန်သမျှကို ငါဖြည့်ဆည်းပေးမယ်”
ယန်ရုန်ရုန်: “ဪ… ဘယ်လို ချိုးဖျက်ပေးရမှာလဲ”
“ငါ… မင်းကို စားဖို့ပဲလိုတာ”
စကားဆုံးသည်နှင့် လျို့လန် သွေးအလိမ်းလမ်းပေကျံနေပြီး အစွယ်များဖြင့် ပြည့်နှက်နေသည့် ပါးစပ်ကြီးတစ်ခုကို ရုတ်တရက်ဟကာ ယန်ရုန်ရုန်ထံ ခုန်အုပ်လိုက်ပါသည်။
ယန်ရုန်ရုန်လည်း ချက်ချင်းဆိုသလို ‘စနစ်’ကို အော်ခေါ်လိုက်သည်။ ထို့နောက် သူမလက်ချောင်းပေါ် စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပါသည်။
ထိုနာကျင်မှုကြောင့်ပဲ ယန်ရုန်ရုန် အသိစိတ်ပြန်ကပ်သွားခဲ့ပြီး သူမရှေ့ရှိ ပုံရိပ်ယောင်ကြီးလည်း ပျောက်ကွယ်သွားခဲ့ပါသည်။
ယန်ရုန်ရုန် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ လက်ညှိုးကို ငှက်ပေါက်လေး ဆိတ်လိုက်ခြင်းဖြစ်မှန်း မြင်လိုက်ရပါသည်။ ထို့ကြောင့် လက်ညှိုးထိပ်မှာ သွေးထွက်နေလေသည်။
ယန်ရုန်ရုန့်လက်ညှိုးပေါ်မှ သွေးတစ်စက် ထုပ်တန်းပေါ်သို့ စီးကျသွားခဲ့သည်။ ထုပ်တန်းက သွေးကို ချက်ချင်း စုပ်ယူပစ်လိုက်ပါသည်။
ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ သွေးတိတ်ဆေးမှုန့်များကို ထုတ်လိုက်ပြီး ဒဏ်ရာပေါ် ဖြူးလိုက်သည်။ မျက်စိတ်တစ်မှိတ် အချိန်အတွင်း ဒဏ်ရာချက်ချင်း ပျောက်ကွယ်သွားခဲ့ပါသည်။
ထို့နောက် ငှက်ပေါက်လေးကို သူမ ပြောလိုက်သည်။
“နောက်တစ်ခါ ညင်ညင်သာသာ လုပ်စမ်းပါဟ!”
ငှက်ပေါက်လေး သူမ ပခုံးပေါ်ပျံတက်လာခဲ့ပြီး တကျိကျိ ပြန်ချေပလိုက်သည်။
“စနစ်ပိုင်ရှင်ပဲ အားပါပါလုပ်ခိုင်းခဲ့တာ မဟုတ်ဘူးလား!”
လိုရမယ်ရ ဘေးကင်းစေဖို့အတွက် ငှက်ပေါက်ကလေးနှင့် ယန်ရုန်ရုန် ညှိနှိုင်းထားခဲ့သည်။ ပုံရိပ်ယောင်တစ်ခုကြောင့် သူမ စိတ်မှောက်မှားသွားခဲ့လျှင် စနစ်၏ အမည်ကို ခေါ်ဆိုလိုက်သည်နှင့် သူမလက်ကို နှုတ်သီးဖြင့်ဆိတ်ကာ သတိပေးဖို့ဖြစ်ပါသည်။
လက်ရှိရင်ဆိုင်နေရသည့် ပြဿနာက ပိုအရေးကြီးသဖြင့် ယန်ရုန်ရုန် ငှက်ပေါက်လေးနှင့် ဆက်ငြင်းခုံမနေတော့ပေ။
မျက်နှာကြက်ပေါ်မှ သားရဲရုပ်ပုံကြီးကို ယန်ရုန်ရုန် မော့ကြည့်လိုက်သည်။ နဂိုက မျက်လုံးများမှိတ်ထားသည့် သားရဲကြီး ၎င်း၏ သွေးချင်းနီနေသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လာခဲ့သည်။
ယန်ရုန်ရုန် ကယောင်ကတမ်းတွေမြင်နေသည်ဟု ထင်ပြီး မျက်လုံးများကို ပွတ်ကြည့်လိုက်ပါသည်။ သို့သော် သားရဲကြီး မျက်လုံးတွေ ပွင့်နေမှန်း အတည်ပြုလိုက်သလို ဖြစ်သွားခဲ့သည်။
ယန်ရုန်ရုန် ရေရွတ်လိုက်မိသည်။
“လခွမ်း! ငါသရဲတွေတကယ်မြင်နေရတာပဲ!”
သားရဲရုပ်ပုံကြီးကို ဖျက်ဆီးပစ်ဖို့အတွက် ယန်ရုန်ရုန်ဓားကို ဝှေ့ရမ်းလိုက်သည်။ သို့သော် သားရဲကြီးက ရုပ်ပုံအတွင်းမှ ခုန်ထွက်လာပြီး ၎င်း၏ အစွယ်ချွန်ချွန်များဖြင့် ဝူဝမ့်ဓားကို ကိုက်ခဲပစ်လိုက်ပါသည်။
ထိုအခါ ယန်ရုန်ရုန်ခြေထောက်အောက်ရှိ ထုပ်တန်းများ အက်ကွဲသွားပြီး တုန်ခါလာခဲ့သည်။
ငှက်ပေါက်လေး အော်ဟစ် သတိပေးလိုက်လေသည်။
“ပြိုကျတော့မယ် ပြေး!!”
ယန်ရုန်ရုန် အားကုန်ထုတ်သုံးပြီး ဝမ်ဝမ့်ဓားကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဓားဆုံးရှုံးရတော့မည့် နှမြောတသစိတ်ကို အောင့်အီးသည်းခံရင်း အောက်သို့ ခုန်ချပစ်လိုက်တော့သည်။
မျက်နှာကြက်နှင့်ကြမ်းပြင် အလွန်ကွာဝေးသဖြင့် သာမန်လူတစ်ဦးသာဆို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားနိုင်သော်လည်း ကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် ယန်ရုန်ရုန် ခြေထောက်ကျဉ်သွားရုံသာ ရှိပါသည်။
ထို့နောက် ရတနာမျှော်စင်အတွင်းရှိ မြင်ကွင်းများ အလွန်ပြောင်းလဲသွားခဲ့သည်။ တောင်လိုပုံနေသည့် ရတနာများ ပျောက်ကွယ်သွားပြီး ဖုန်ထူနေသော သံတိုသံစများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဆေးလုံးများကလည်း တွားသွားနေသော ပိုးကောင်သေးသေးလေးများအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။
ကျောက်ရှုနှင့် တပည့်သားများလည်း အသိစိတ်ပြန်ကပ်လာခဲ့ကြသည်။ လက်ထဲက ပိုးကောင်တွေကို ကြည့်ရင်း သူတို့ သောက်သုံးခဲ့သည့် ဆေးလုံးများကို ပြန်အမှတ်ရကာ ဗိုက်တွေရစ်နာပြီး အကုန် အော့အန်ကြလေတော့သည်။
ယွင်ကျဲ အော်ပြောလိုက်သည်။
“ပုံရိပ်ယောင်တွေ ပျောက်သွားပြီ!”
ယွင်ကျဲ အောင်ပွဲမခံနိုင်ခင် အလွန်ကြီးမားသည့် ဖိအားကြီးတစ်ခု ကျရောက်လာခဲ့သည်။ စွမ်းအား အလွန်ကြီးမားသည့် ဖြစ်တည်မှုတစ်ခု၏ အရှိန်အဝါမျိုးပင်။
ယွင်ကျဲ ကြက်သေသေသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ ထိုကြောက်စရာ စွမ်းအားကြီးကြောင့် ယန်ရုန်ရုန်နှင့် အခြားသူများလည်း ထို့နည်းတူ မလှုပ်ရှားနိုင်ကြတော့ပါ။
သားရဲကြီး မျက်နှာကြက်ပေါ်မှ အောက်သို့ ခုန်ဆင်းလာခဲ့ပါပြီ။ ပါးစပ်ထဲမှာ ကိုက်ခဲထားသည့် ဝူဝမ့်ဓားကို တစ်စစီကြေမွသွားအောင် ဝါးစားပြီး မျိုချပစ်လိုက်သည်။
ယန်ရုန်ရုန် ဓားအတွက် ပူဆွေးသောကရောက်ချိန် မရှိပေ။ သူမထံ တစ်လှမ်းချင်း ချဉ်းကပ်လာသည့် သားရဲကြီးကို ကြည့်ရင်း ဇောချွေးများပြန်ကာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ပါသည်။
အရှိန်အဝါကို အကဲခတ်ကြည့်ခြင်းအားဖြင့် ဒီသားရဲကြီးက အနည်းဆုံး မဟာအောင်မြင်ခြင်းအဆင့်ထိ ရှိနိုင်သည်။
သူမတို့အကြား စွမ်းအား ကွာခြားမှုက ကြီးမားလွန်းပါသည်။ တပည့်သားများ အားလုံးပူးပေါင်းလိုက်လျှင်တောင် ယှဉ်နိုင်ဖွယ် မရှိသလို ထိုသားရဲကြီး လက်ချောင်း တစ်ချောင်း လှုပ်လိုက်ရုံဖြင့် သူတို့အားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ငှက်ပေါက်လေး တစ်ကိုယ်လုံး အမွေးများထောင်သွားပြီး အော်ဟစ်လိုက်ပါသည်။
“ကယ်ကြပါဦး!!!”
သားရဲကြီး ယန်ရုန်ရုန့်ရှေ့သို့ ရောက်လာပြီး အစွယ်ဖြဲပြကာ ပြုံးလိုက်သည်။ သူမကို စားတော့မည်အထင်နှင့် ယန်ရုန်ရုန် နှလုံးရပ်မတတ်ဖြစ်သွားခဲ့ပါသည်။
သို့သော် သားရဲကြီးက လူသားအသံဖြင့် ပြောလိုက်သည်။
“အချုပ်အနှောင်ကို ဖျက်ဆီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။ ထိုအသံကို သူမ အလွန်ရင်းနှီးနေပါသည်။ သူမ မြင်ခဲ့ရသည့် လူရိပ်ကြီး၏ အသံနှင့် တူညီလှသည်။
“နင်က လျို့လန်လား”
သားရဲကြီး ရယ်မောကာ ပြန်ဖြေလိုက်သည်။
“အမှန်ပဲ”
“နင်လွတ်မြောက်အောင် ငါဘယ်လိုကူညီခဲ့တာလဲ၊ ငါ့ကိုယ်ငါ ကူညီပေးခဲ့မှန်းတောင် မသိဘူး”
သားရဲကြီး၏ ရှည်လျားပါးလွှာသော အမြီးက စိတ်ရွှင်နေသကဲ့သို့ လှုပ်ခါသွားသည်။ စိတ်ရွှင်နေသဖြင့် သူအေးအေးဆေးဆေး စကားပြောချင်စိတ် ရှိပါသည်။
“အပေါ်က ထုပ်တန်းတွေကို တွေ့လာ၊ အဲ့တာတွေက ငါ့ကိုချိတ်ပိတ်ချုပ်နှောင်ထားတဲ့ စည်းဝိုင်းတွေပဲ၊ မင်းအဲ့တာတွေကို ဖျက်ဆီးပစ်လိုက်လို့ ငါလွတ်မြောက်သွားခဲ့တာပေါ့”
ထုပ်တန်းပေါ် မတော်တဆ စီးကျသွားသည့် သွေးစက်အား ယန်ရုန်ရုန် ရုတ်တရက် အမှတ်ရသွားခဲ့သည်။
‘ဧကန္တ ငါ့သွေးတစ်စက်ကြောင့် စည်းဝိုင်းပျက်သွားခဲ့တာလား၊ စည်းဝိုင်းရဲ့ အရည်အသွေးက အဲ့လောက်ညံ့တယ်လား၊ ဟာသပဲ!’
ယန်ရုန်ရုန် စိတ်တည်ငြိမ်အောင်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
“ငါ့ကြောင့် နင်လွတ်မြောက်သွားတာဆိုတော့ ငါက နင့်ကျေးဇူးရှင်ဖြစ်သွားပြီ၊ ကျေးဇူးရှင်ကို ကျေးဇူးဆပ်သင့်တယ် မဟုတ်လား”
သားရဲကြီးက အေးအေးလူလူ ပြောလိုက်ပါသည်။
“ဆုချတဲ့အနေနဲ့ မင်းကို နောက်ဆုံးအထိ ချန်ထားပြီးမှ ဖြည်းဖြည်းချင်း အရသာခံပစ်မယ်၊ လောလောဆယ်တော့ တခြား ခြေနှစ်ချောင်းသိုးတွေကို အရင်စားပစ်လိုက်ဦးမယ်”
ယန်ရုန်ရုန်: “အဲ့ဒီဆုကို ငြင်းလို့မရဘူးလားဟင်”
သားရဲကြီး: “ရတယ်လေ၊ အဲ့တာဆို ငါမင်းကို အရင်ဆုံးစားမယ်”
ယန်ရုန်ရုန်: “နေပါစေတော့ ဆုကို လက်ခံလိုက်မယ်နော်၊ တခြားသူတွေကို အရင်စားနှင့်ပါ”
‘ကျန်တဲ့သူတွေ ဘယ်လောက်သေသေ ငါမသေရင် ပြီးတာပဲ! ငါ့အတွက်ငါ ရသလောက် အချိန်ဆွဲထားရမယ်၊ စိတ်မကောင်းပါဘူး ရောင်းရင်းတို့!’
သတ္တိကြောင်သည့် ယန်ရုန်ရုန်ကို ယွင်ကျဲ မဆဲနိုင်ခင် သားရဲကြီး၏ ဆာလောင်နေသော မျက်လုံးများကို မြင်လိုက်ရလေသည်။ သူ့ဝိညာဉ်ဓားကို မြဲမြဲ ဆုပ်ကိုင်ရင်း ကျောက်ရှုတို့ကို လှမ်းအော်လိုက်ပါသည်။
“ငါထိန်းထားလိုက်မယ်၊ မင်းတို့အကုန် ပြေးကြ!”
ကျောက်ရှု အသိစိတ်ပြန်ကပ်သွားခဲ့ပြီဖြစ်သည်။ စိတ်ညှို့ခံထားရစဉ်က ယွင်ကျဲကို သူမနာလိုဖြစ်ပြီး ဓားဖြင့်ပင် ရွယ်ခဲ့မိသေးသည်။ ယခုတော့ ယွင်ကျဲက သူတို့ကို ကာကွယ်ပေးဖို့အတွက် ကိုယ့်အသက်ကိုယ်စတေးဖို့ အသင့်ဖြစ်နေပါသည်။
ကျောက်ရှု ရင်ထဲ လိပ်ပြာမလုံစိတ်များ၊ ဝမ်းနည်းစိတ်များ ဝင်ရောက်လာပြီး မျက်လုံးများ နီမြန်းသွားခဲ့သည်။
ကျောက်ရှု ဓားကို ဆင့်ခေါ်လိုက်သည်။
“သေရမယ်ဆိုရင် အားလုံးအတူတူ သေကြမယ်! ငါ့အသက်ငါကယ်တင်ဖို့အတွက် ရောင်းရင်းတစ်ယောက်ကို မစတေးနိုင်ဘူး!”
ရှမ့်ယွင်ဂိုဏ်း တပည့်သားများအားလုံးလည်း လက်နက်အသီးသီးတို့ကို ဆင့်ခေါ်လိုက်ကြသည်။
“အတူတူပဲ!”
ယွင်ကျဲလည်း မျက်လုံးများ နီမြန်းသွားခဲ့ပြီး အံကြိတ်လျက် ပြောလိုက်သည်။
“ဒီမှာ အကုန်ရှိနေလို့ ဘာမှမထူးဘူး! မင်းတို့ ကိုယ့်အသက်ကိုယ် အလကားစတေးလိုက်သလိုပဲ ဖြစ်မှာ! ဂိုဏ်းကို သွားအကြောင်းကြားလိုက်! ဒီလူသားစားမကောင်းဆိုးဝါးကောင် အပြင်လောကကိုထွက်မသွားနိုင်အောင် လျှို့ဝှက်နယ်မြေကို ချက်ချင်းပိတ်ချလိုက်ဖို့ အမြန်အသိပေးလိုက်!”
ကျောက်ရှုတို့ လုံးဝ မလှုပ်ကြဘဲ သေအတူ ရှင်မကွာ တိုက်ခိုက်ကြမည်ဟု သစ္စာဆိုနေဆဲဖြစ်သည်။
ထိုညီအစ်ကိုစိတ်ဓာတ်များကို မြင်ပြီး ငှက်ပေါက်လေး အလွန်လေးစားသွားကာ ယန်ရုန်ရုန့်အား ငေါက်လိုက်ပါသည်။
“စနစ်ပိုင်ရှင် သူတို့ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်စမ်းပါ! မရှက်ဘူးလား!”
ယန်ရုန်ရုန့်ထံမှ အသံမကြားသဖြင့် ငှက်ပေါက်လေး ငုံ့ကြည့်လိုက်သည်။ ယန်ရုန်ရုန်တစ်ယောက် ချန့်ခွင်းအိတ်ထဲ တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေခဲ့ပါသည်။
“ဘာတွေရှာနေတာလဲ’
ယန်ရုန်ရုန်: “ငါ့အသက်ကိုကယ်ပေးမယ့် နောက်ဆုံးမျှော်လင့်ချက်ကို ရှာနေတာ”
ခဏအကြာတွင် တွန့်ကြေနေသည့် စက္ကူအဆောင်လေးတစ်ခုကို ယန်ရုန်ရုန် ဆွဲထုတ်လိုက်ပါသည်။ ထိုအဆောင်ကို စိုက်ကြည့်ရင်း ငှက်ပေါက်လေး အံ့အားသင့်စွာရေရွတ်လိုက်သည်။
“အဲ့တာ ကောင်းကင်ဘုံမိုးကြိုးအဆောင်လား!”
အဆောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ယန်ရုန်ရုန် ပြုံးလိုက်ပါသည်။
“ဒီအကောင်က ‘ကြက်ကြော်’စားချင်တယ်ပေါ့ ဟုတ်လား၊ ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်ပြီး ဒင်းကိုပဲ ကြော်ပစ်လိုက်မယ်! အပြင်က ကြွပ်ရွပြီး အတွင်းက နူးညံ့ပျော့အိသွားအောင် သေသေချာချာကို ကြော်ပေးဦးမှာ!”