အခန်း (၂၅)
Vol. 3 Ch. 25
🌹Chapter 25
ယန်ရုန်ရုန် နတ်ဝိညာဉ်အဆင့်မှ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ဖို့အတွက် ကောင်းကင်ဘုံ၏ မိုးကြိုးဒဏ်ခတ်မှုကို ခံစားခဲ့ရသည်။
သူမ၏ ကျင့်ကြံမှုနှုန်းက မြန်ဆန်လွန်းပြီး ချောမွေ့လွန်းသဖြင့် ကောင်းကင်ဘုံက သူမကို မျက်စိစပါးမွေးစူးစရာဟု သတ်မှတ်ပြီး အလွန်တရာ အားကောင်းပြင်းထန်သည့် မိုးကြိုးများဖြင့် ဒဏ်ခတ်ခဲ့ဖူးသည်။ ၎င်းမိုးကြိုး၏ အားကောင်းမှုက မဟာာအောင်မြင်ခြင်း အဆင့်နှင့်ပင် နှိုင်းယှဉ်ထိုက်ပါသည်။
ထိုမိုးကြိုးက ၃၃ ရက်တိုင်တိုင် ကြန့်ကြာခဲ့ပြီး ယန်ရုန်ရုန်ကို သေလုမျောပါးဖြစ်သည်အထိ ဒဏ်ခတ်ခဲ့သည်။ နောက်ဆုံးမှာတော့ ထိုကောင်းကင်ဘုံ မိုးကြိုး၏ တစ်စိတ်တစ်ပိုင်းကို အဆောင်စက္ကူတစ်ရွက်ထဲ ယန်ရုန်ရုန် ခိုးထည့်ခဲ့ပြီး ကောင်းကင်ဘုံ မိုးကြိုးအဆောင်ကို ဖန်တီးခဲ့လေသည်။
ကောင်းကင်ဘုံမိုးကြိုးအဆောင်က အလွန်ထူးခြားပြီး ဒီလိုအဆောင်မျိုး တစ်ခုတည်းသာ ရှိနိုင်သည်။ ၎င်း၏ သတ်ဖြတ်နိုင်စွမ်းကလည်း အလွန်ကြီးမားလွန်းပါသည်။
ပြဿနာက တစ်ခုသာ ရှိသည်။ ဆင့်ခေါ်လိုက်သည့် ကောင်းကင်ဘုံမိုးကြိုးက ယန်ရုန်ရုန်အပေါ်ကိုသာ ကျရောက်လာလိမ့်မည်။ သူမ ကျော်ဖြတ်ရမည့် ဒဏ်ခတ်မှုဖြစ်သဖြင့် သူမတစ်ဦးတည်းကိုသာ ပစ်မှတ်ထားပါလိမ့်မည်။
ပထမတော့ ယန်ရုန်ရုန် မစ်ရှင်အောင်မြင်သည့််အချိန်အထိစောင့်ပြီး ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်ကာ သေချင်ယောင် ဆောင်လျက် သူမ၏ ကမ္ဘာအစစ်အမှန်သို့ ပြန်သွားဖို့ ကြံရွယ်ထားခဲ့သည်။
သို့သော် စနစ်က ရုတ်တရက် error တက်ပြီး သူမ ကြံရွယ်ထားခဲ့သမျှ အစီအစဉ်တွေ အကုန်ပျက်စီးသွားခဲ့ပါသည်။ ထို့ကြောင့် သူမထံမှာ ထိုကောင်းကင်ဘုံအဆောင် ယခုအထိ ရှိနေဆဲဖြစ်သည်။
ငှက်ပေါက်လေးက သတိပေးလိုက်သည်။
“အဲ့ဒီသားရဲကြီးရဲ့ ကျင့်ကြံမှုအဆင့်က မဟာအောင်မြင်ခြင်းအဆင့်လောက်ထိ ရှိလိမ့်မယ်ထင်တယ်၊ ကောင်းကင်ဘုံ မိုးကြိုးက သူ့ကို ဒဏ်ရာနည်းနည်း ရစေနိုင်မယ်ဆိုပေမယ့် အသက်သေလောက်တဲ့အထိတော့ လုပ်နိုင်မှာမဟုတ်ဘူး”
ယန်ရုန်ရုန်လည်း ဒါကိုနားလည်ပါသည်။ သူမရှေ့က သားရဲကြီးကို ကောင်းကင်ဘုံမိုးကြိုးအဆောင်တစ်ခုတည်းနဲ့ သုတ်သင်နိုင်လိမ့်မည်ဟု ထင်မထားပါ။ ကောင်းကင်ဘုံမိုးကြိုးကို အသုံးပြုရခြင်းက ချင်းရှားလျှို့ဝှက်နယ်မြေ၏ အကာအရံများကို ချိုးဖောက်ဖို့သာ…
ထိုအကာအရံများ ပျက်စီးသွားသည်နှင့် နယ်မြေအပြင်ဘက်မှာ စောင့်ကြပ်နေကြသည့် ကျင့်ကြံသူများ အထဲဝင်ရောက်လာနိုင်လိမ့်မည်။ သားရဲကြီးက စွမ်းအားအလွန်ကြီးမားသော်လည်း ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့နှင့် ရှုယင်တို့က ပေါ့သေးသေး မဟုတ်ကြပေ။ နှစ်ဖက်အဖွဲ့ တိုက်ပွဲပြင်းထန်နေချိန် သူမ ထွက်ပြေးလို့ ရနိုင်သည်။
ထိုအစီအစဉ်က အလွန်အန္တရာယ်များသော်လည်း ယန်ရုန်ရုန်အတွက် တစ်ခုတည်းသော လွတ်လမ်းဖြစ်သည်။ အနာခံမှ အသာစံရလိမ့်မည်။ ယန်ရုန်ရုန် အံကြိတ်ရင်း သားရဲကြီးရှေ့သို့ ပြေးသွားကာ လျှာထုတ်လျက် အော်ဟစ်လှောင်ပြောင်လိုက်သည်။ လှောင်ပြောင်မှုက သားရဲကြီး၏ ခေါင်းပေါ် ချေးတက်မပါရုံတမယ်သာ ရှိသည်။
သားရဲကြီးလည်း ယန်ရုန်ရုန်ထံ အာရုံအမြန်ရောက်ရှိသွားခဲ့သည်။
“လာစမ်းပါ! ငါ့ကိုလာစားလေ! နင်မလာရင် ငါထွက်ပြေးတော့မှာနော်!”
ယန်ရုန်ရုန် အော်ဟစ်နေရင်း ယွင်ကျဲ၊ ကျောက်ရှုနှင့် တပည့်သားများအားလုံးကို လက်ဟန်ခြေဟန်များပြနေသည်။ မိုးကြိုးစာမမိအောင် အဝေးသို့ အမြန်ပြေးကြဖို့ အချက်ပြနေခြင်းပင်။
ယွင်ကျဲ အလွန်အံ့အားသင့်သွားခဲ့ပါသည်။ သူ့အမြင်မှာတော့ စန်းချွမ်က အလွန်ကောက်ကျစ် လှည့်ဖျားတတ်ပြီး နှလုံးသားမဲ့သော လူလိမ်တစ်ယောက်ဖြစ်သည်။ ဒီလိုအန္တရာယ်များသည့် အချိန်မျိုးမှာ ရဲရဲဝံ့ဝံ့ရပ်တည်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
‘ငါထင်တာတွေ မှားသွားပြီလား…’
ထိုအတွေးဖြင့် ယွင်ကျဲရင်ထဲ အပြစ်ရှိစိတ်များ တဖွားဖွားပေါ်လာခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် ချင်းရှားလျှို့ဝှက်နယ်မြေ အပြင်ဘက်၌ ဝိညာဉ်မျက်လုံးစည်းဝိုင်းက ချင်းရှားလျှို့ဝှက်နယ်မြေတစ်ခုလုံးကို ရှာဖွေပြီးနောက် ကောင်းကင်ဘုံ နန်းတော်ကြီးကို ရှာတွေ့သွားခဲ့ပါသည်။ ကောင်းကင်ဘုံနန်းတော်ကြီးကို ကြည့်ရင်း ဟမ်ယဲ့ တီးတိုး ရေရွတ်လိုက်သည်။
“ဒါဆို ကောင်းကင်ဘုံနန်းတော်ကြီးက တကယ်ရှိနေတာပေါ့၊ ကောလဟာလတွေ အမှန်ပဲလား”
ယောင်ယောင် ကောင်းကင်ဘုံနန်းတော်ထဲမှာ ရှိနေလိမ့်မည်ဟူသော အတွေးဖြင့် ရှုယင် စည်းဝိုင်းကို ချက်ချင်း ရွှေ့ပြောင်းလိုက်သည်။ ထိုအခါ ဝိညာဉ်မျက်လုံးစည်းဝိုင်းထဲမှ မြင်ကွင်းက ကောင်းကင်ဘုံနန်းတော်ကြီး၏ အတွင်းဘက်သို့ ရောက်ရှိသွားသည်။
ခန်းမကြီးမှတစ်ဆင့် စာကြည့်တိုက်၊ ရှည်လျားသော လျှောက်လမ်းများနှင့် ခြံဝန်းများ၊ နောက်ဆုံးတော့ ရတနာမျှော်စင်ကြီးအထိ မြင်ကွင်း ရောက်ရှိသွားခဲ့ပါသည်။
မျှော်စင်ကြီး၏ အတွင်းပိုင်းမှာ အလင်းရောင်မှေးမှိန်နေပြီး စုတ်ပြတ်သပ်နေကာ နေရာတိုင်းမှာ အပျက်အစီးတွေ ရှိနေခဲ့သည်။
ယွင်ကျဲနှင့် ရှမ့်ယွင်ဂိုဏ်းတပည့်သားအချို့ ကြမ်းပြင်ပေါ်မှာ လဲနေကြသည်။ သူတို့ နည်းလမ်းပေါင်းစုံ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြသော်လည်း သားရဲကြီးကို မယှဉ်နိုင်ခဲ့ကြပေ။ သားရဲကြီး အမြှီးတစ်ချက်ဝှေ့လိုက်သည်နှင့် အားလုံး လွင့်ထွက်ကုန်ကြသည်။ ကြမ်းပြင်ပေါ် အရှိန်နှင့်ကျကာ အချို့က ဒဏ်ရာအပြင်းအထန်ရရှိပြီး သွေးတွေပင် အန်ထွက်ကုန်ကြပါသည်။
သားရဲကြီးက သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ငွေရောင်အကြေးခွံများရှိနေပြီး အမြှီးတစ်ခုတည်းကသာ အမွေးပွနေခြင်းဖြစ်သည်။ သန်မာအားကောင်းသည့် ခြေထောက်ကြီးများက ကြမ်းပြင်ထဲပင် စိုက်ဝင်နေပြီး စူးရှသည့် အစွယ်ကြီးများက သွေးဆာလောင်မှုဖြင့် အရောင်တောက်ပနေပါသည်။ ဦးခေါင်းပေါ်တွင်လည်း ခပ်တိုတို ရွှေရောင်ဦးချိုများ ပေါက်နေသည်။
ဝိညာဉ်မျက်လုံးစည်းဝိုင်းမှတစ်ဆင့် ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ရှန်းဝမ်ချင်း၊ ဟမ်ယဲ့၊ လင်းယွမ်နှင့် ရှုယင်တို့အားလုံး မျက်နှာတွေချက်ချင်း ပျက်ကုန်ကြပါသည်။
ဒါ… ထောင်ထျဲသားရဲပဲ!
ဟမ်ယဲ့ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
“အဲ့ဒီသားရဲတွေ မျိုးသုဉ်းသွားတာကြာပြီမဟုတ်ဘူးလား၊ ဘာလို့ ကောင်းကင်ဘုံနန်းတော်ထဲ ရောက်နေတာလဲ!”
အခြားသုံးယောက် ရင်ထဲမှာလည်း သံသယများရှိနေခဲ့ပါသည်။ ထောင်ထျဲလို ရှေးဟောင်း သားရဲမိစ္ဆာမျိုးတွေက မျိုးသုဉ်းသွာခဲ့တာ ကြာလေပြီ။ ထို့ကြောင့် ဒီကမ္ဘာထဲ ပြန်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိပါသည်။ မျက်လုံးနှင့်သာ တပ်အပ်မမြင်လိုက်ရလျှင် သူတို့အားလုံး ယုံကြည်နိုင်မှာ မဟုတ်ပေ။
ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
“အရွယ်အစားတော့ တော်တော်သေးသွားတဲ့ပုံပဲ”
ရှေးဟောင်းသားရဲများ၏ အရွယ်အစားများက အလွန်ကြောက်စရာကောင်းနိုင်သည်။ တောင်တွေကို ပိပြားသွားအောင် လုပ်နိုင်သလို ပင်လယ်တွေကိုပါ လှန်မှောက်ပစ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဒီလို ရတနာမျှော်စင်လေးထဲ ဒီလိုသားရဲမျိုးကို ပိတ်လှောင်ထားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
လင်းယွမ်လည်း တစ်ခုခု မူမမှန်တာကို သတိထားမိပါသည်။
“ဒီကောင် အရမ်းအားနည်းနေတယ်၊ သူ့ခွန်အားက အရင်တုန်းကနဲ့ အကွာကြီးပဲ”
သို့သော် ထောင်ထျဲသားရဲ ဘယ်လောက်ပဲ အားနည်းသွားပါစေ ယွင်ကျဲတို့လို့ လူမျိုးတွေထက်တော့ အများကြီး ပိုသာလွန်ပါသေးသည်။ ရှုယင်က ထိုသားရဲကြီးကို စိတ်မဝင်စားပေ။ သူ့အကြည့်က ယန်ရုန်ရုန်ပေါ်မှာသာ ရှိနေပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ယောင်ယောင် အန္တရာယ်ရှိနေပြီ”
ထိုအချိန်တွင် ယန်ရုန်ရုန်တစ်ယောက်တော့ သူမရှေ့တွင်ရှိနေသည့် အစားကြီးသတ္တဝါက ထောင်ထျဲသားရဲတစ်ကောင်ဖြစ်နေမှန်း မသိရှာသေးပေ။ သားရဲကြီးကို ရန်စဖို့ ကြိုးစားနေဆဲဖြစ်သည်။
“ငါ့ကို ဘာလို့မစားတာလဲ၊ နင်အသက်ကြီးနေလို့ သွားတွေ ကျွတ်ထွက်ကုန်ပြီး မဝါးနိုင်တော့လို့လား၊ အဲ့လောက် သုံးစားမရတာတော့ မဟုတ်လောက်ပါဘူးနော်”
ထောင်ထျဲသားရဲ၏ ရွှေရောင်မျက်လုံးများက ယန်ရုန်ရုန်ကို စူးစူးဝါးဝါးစိုက်ကြည့်နေပြီး လည်ချောင်းထဲမှ အေးစက်သည့် ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဟင်း… မင်းအဲ့လောက် သေချင်နေတယ်ဆိုမှတော့လည်း မင်းဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့”
ထို့နောက် ၎င်း၏ ဧရာမပါးစပ်ကြီးကို ဟရင်း ယန်ရုန်ရုန်အား ခုန်အုပ်လိုက်သည်။ အကွာအဝေးက အလွန်နီးကပ်ပြီး ထောင်ထျဲသားရဲ၏ အမြန်နှုန်းက အလွန်မြန်ဆန်သဖြင့် ယန်ရုန်ရုန် ရှောင်နိုင်မှာ မဟုတ်ပေ။
သို့သော် ယန်ရုန်ရုန် ရှောင်ဖို့အစီအစဉ်မရှိပါ။ သူမ ခါးကုန်းကာ ဘောလုံးတစ်လုံးကို ကွေးလိုက်ပြီးနောက် ထောင်ထျဲ သားရဲ၏ အစွယ်များကို ရှောင်ရင်း လျှာမှတစ်ဆင့် ပါးစပ်ထဲ ဝင်ရောက်သွားလေတော့သည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ယွင်ကျဲ ဒဏ်ရာရနေတာကိုပင် မေ့လျော့သွားခဲ့ပြီး ခြေတွေလက်တွေကို အသုံးပြုကာ တွားသွားရင်း လည်ချောင်းထဲမှာသွေးတွေ ပြည့်နေသကဲ့သို့ အော်ဟစ်လိုက်ပါသည်။
“စန်းချွမ်! ရှစ်ကျဲ!!”
သူမကို ရှစ်ကျဲဟု ပထမဆုံးအကြိမ်အဖြစ် ခေါ်ဖူးခြင်းဖြစ်သည်။ သို့သော် သူမ မကြားနိုင်တော့ပေ။
လျှို့ဝှက်နယ်မြေ အပြင်ဘက်မှာလည်း ရှုယင်ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ ထို့ကြောင့် ဝိညာဉ်မျက်လုံးစည်းလည်း ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲသွားခဲ့ပါသည်။
ရှန်းဝမ်ချင်း၊ လင်းယွမ်နှင့် ဟမ်ယဲ့တို့လည်း စိတ်ရူးပေါက်လုနီးပါးဖြစ်သွားခဲ့ကြသည်။ သူတို့အားလုံး ယန်ရုန်ရုန်ကို ကယ်တင်ချင်ကြသည်။ သို့သော် လျှို့ဝှက်နယ်မြေ၏ အကာအရံများက အလွန် အားကောင်းလွန်းသဖြင့် ဘာမှ မတတ်နိုင်ခဲ့ကြပေ။ အကာအရံကိုဖျက်ဆီးဖို့ သူတို့ ဘယ်လောက်ပဲ ကြိုးစားပါစေ လျှို့ဝှက်နယ်မြေအတွင်း ခြေတစ်လှမ်းပင် မလှမ်းနိုင်ခဲ့ပါ။
အရှင်သခင်လေးပါး စိတ်လွတ်သွားတာကြောင့် ဓားချီ၊ နတ်ဆိုးချီနှင့် ဝိညာဉ်ချီများအားလုံး နေရာအနှံ့အပြားသို့ လွင်ပျံသွားပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးမိလုနီးပါး ဖြစ်သွားခဲ့သည်။ ကျင့်ကြံသူတွေလည်း ကြောက်လန့်ကာ ထွက်ပြေးကုန်ကြပါသည်။
ရှန်းဝမ်ချင်းကို လင်းယွမ် စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေထဲ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး သူ့ဘေးပတ်လည်မှာ နတ်ဆိုးချီများ မရပ်မနား တောက်လောင်နေခဲ့ပါသည်။
“ဒီလျှို့ဝှက်နယ်မြေကို မင်းတို့ ရှမ့်ယွင်ဂိုဏ်းက ကြီးကြပ်ထားတာ မဟုတ်ဘူးလား၊ အကာအရံကို ဘယ်လိုချိုးဖျက်ရမလဲ မင်း မသိတာ မဖြစ်နိုင်ဘူး!”
ဒီကမ္ဘာပေါ်မှာ ချိုးဖောက်၍ မရနိုင်သည့် အကာအရံဟူ၍ မရှိနိုင်ဟု လင်းယွမ်ယုံကြသည်။
ရှန်းဝမ်ချင်း ရင်ထဲက မိစ္ဆာစိတ်များလည်း ကြမ်းတမ်းခက်ထန်လာခဲ့ပြီး ထိန်းချုပ်ရခက်လာခဲ့သည်။ ရှန်းဝမ်ချင်း အက်ကွဲနေသော လေသံဖြင့် ပြန်ဖြေလိုက်ပါသည်။
“ဒီအကာအရံတွေကို ချမှတ်ခဲ့တဲ့လူက လျှို့ဝှက်နယ်မြေကို အပြင်လူတွေလက်ထဲကနေ ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်မယ်၊ အဲ့တာကြောင့် အကာအရံကို အပြင်ကနေချိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လင်းယွမ် ချက်ချင်း နားလည်သွားခဲ့သည်။
“ဆိုလိုတာက အကာအရံကို အတွင်းဘက်ကနေ ချိုးဖောက်နိုင်တယ်ပေါ့”
သို့သော် ရှန်းဝမ်ချင်း၏ စကားကြောင့် သူ့မျှော်လင့်ချက်များ ပျက်သုဉ်းသွားခဲ့ရသည်။
“အတွင်းဘက်ကနေ အကာအရံကို ချိုးဖျက်ဖို့ဆိုရင် အနည်းဆုံး ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်မှာ ရှိရမယ်”
သို့သော်လည်း ချင်းရှားလျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်နိုင်သည့် ကျင့်ကြံသူများက အမြင့်ဆုံး အခြေခံအုတ်မြင့်အဆင့်သာ ရှိကြသည်။ ၎င်းတို့၏ စွမ်းအားများဖြင့် အကာအရံကို ချိုးဖောက်ဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် လမ်းဆုံးတစ်ခုကို ရောက်နေသည်နှင့် မကွာခြားလှပါ။
ထိုစဉ် မိုးကုပ်စက်ဝိုင်းအလွန်မှ မိုးချုန်းသံများ ရုတ်တ ရက် ထွက်ပေါ်လာလေသည်။ အားလုံး အသံလာရာဘက်ကို မော့ကြည့်လိုက်ပါသည်။
မကြာသေးခင်က စုစည်းနေခဲ့သည့် တိမ်နက်များ လျှို့ဝှက်နယ်မြေအပေါ် ဆင်းသက်လာသည်ကို အားလုံး မြင်လိုက်ရသည်။ ထူထပ်သည့် တိမ်လွှာနက်များအကြား မိုးကြိုးလျှပ်စီးများ တလက်လက် ဝင်းလက်နေခဲ့သည်။
နောက်ဆုံးမှာတော့ မိုးကြီးလျှပ်စီးများက လျှို့ဝှက်နယ်မြေအတွင်းထဲသို့ အမျက်ဒေါသကြီးမားနေသော နဂါးကြီးတစ်ကောင်ပမာ ပြင်းထန်အားကောင်းစွာ ပစ်ချလိုက်လေတော့သည်။
ကမ္ဘာမြေကြီး တုန်ခါသွားသလို တောင်တန်းတွေပါ ယိမ်းယိုင်သွားခဲ့သည်။ လေထုနှင့် တိမ်တိုက်များ အရောင်တွေ ပြောင်းလဲသွားခဲ့သည်။
အရှင်လေးပါး၏မျက်နှာတွေလည်း ချက်ချင်း ပြောင်းလဲသွားခဲ့ပါသည်။
ဒါ… ကောင်းကင်ဘုံမိုးကြိုးရဲ့ ဒဏ်ခတ်မှုပဲ!