← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

🌹Chapter 26

ယန်ရုန်ရုန် ထောင်ထျဲသားရဲ၏ ပါးစပ်ထဲ ရောက်သွားသည်နှင့်တစ်ပြိုင်တည်း လက်ဖဝါးထဲ အသင့်ကိုင်ဆောင်ထားသည့် ကောင်းကင်ဘုံ မိုးကြိုးအဆောင်ကို ဆုတ်ဖြဲပစ်လိုက်လေသည်။

အဆောင်စက္ကူပြဲသွားသည်နှင့် နားပင်းလောက်စရာ မိုးချုန်းသံများ မြည်ဟည်းလာခဲ့သည်။

ပါးစပ်ထဲရောက်လာသည့် ‘ခြေနှစ်ချောင်းသိုးလေး’ကို ထောင်ထျဲ အရသာမခံနိုင်စဉ် ကောင်းကင်ပေါ်မှ ကျဆင်းလာသော မိုးကြိုးကြောင့် တစ်ကိုယ်လုံး ပူထူသွားပြီး အာရုံတွေပြာသွားခဲ့ရသည်။ မီးလောင်ကျွမ်းသွားသည့် သူ့အသားနံ့သူပင် ပြန်ရနေပါပြီ။

သို့သော် ထိုမိုးကြိုးက အစပထမသာ ရှိသေးသည်။

မိုးကြိုးတွေ တစ်ချက်ပြီးတစ်ချက် မရပ်မနား ဆက်လက်ပစ်ချခဲ့သည်။

ယခင်တုန်းကသာဆို ထောင်ထျဲ ဒီလို အရေးမပါသည့် မိုးကြိုးတွေကို ဂရုပင်စိုက်မှာ မဟုတ်ပေ။ သို့သော် ယခု သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေပြီး ကျင့်ကြံခြင်းအဆင့်ကလည်း အမြင့်ဆုံးရောက်ဖို့ အလှမ်းဝေးနေသေးသဖြင့် အားကောင်းပြင်းထန်သည့် ကောင်းကင်ဘုံမိုးကြိုးများကို ခံနိုင်ရည်မရှိတော့ဘဲ အသည်းအသန် ရှောင်ရှားရလေတော့သည်။

သို့သော် ဘာကြောင့်မှန်းမသိဘဲ မိုးကြိုးမှာ မျက်လုံးတွေရှိနေသကဲ့သို့ ထောင်ထျဲသားရဲကိုသာ တိတိကျကျ ပစ်မှတ်ထားနေပါသည်။ ဘယ်မှာပဲပုန်းနေပါစေ ကွက်တိမှန်အောင် ပစ်ချနိုင်သည်။

ကောင်းကင်ဘုံမိုးကြိုးချက်များကြောင့် နဂိုကတည်းက ဟောင်းနွမ်းနေသည့် ရတနာမျှော်စင်ကြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေတော့သည်။

ယွင်ကျဲနှင့် ကျောက်ရှုတို့အားလုံး တရွတ်တိုက် တွားသွားကာ ဘေးလွတ်ရာသို့ အမြန်ရှောင်ကြရသည်။ အနောက်သို့ ပြန်လှည့်ကြည့်ရာ စူးရှလင်းထိန်နေသော မိုးကြိုးအလင်းရောင်များမှအပ ဘာကိုမှ မမြင်နိုင်သိလို ထောင်ထျဲသားရဲကြီး၏ နာနာကျင်ကျင် အော်သံများမှအပ ဘာကိုမှ မကြားနိုင်ကြပေ။

ယွင်ကျဲတို့ အသက်ကို ဝအောင်မရှူနိုင်ခင် မိုးပေါ်မှ ရင်းနှီးနေသည့် ငှက်အော်သံကို ကြားလိုက်ရပါသည်။ ခေါင်းမော့ကြည့်လိုက်ကြသောအခါ ကောင်းကင်ဘုံနန်းတော်ကြီးကို ဖုံးလွှမ်းထားသည့် ရေခဲပြင်ထူကြီးများ မိုးကြိုးကြောင့် တစ်စစီပျက်စီးသွားပြီဖြစ်မှန်း မြင်လိုက်ရသည်။

ထို့ကြောင့် မိုးပေါ်မှ ရေခဲဆူးချွန်များစွာနှင့်အတူ ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီးကပါ ဆင်းသက်လာခဲ့လေပြီ။

၎င်း၏ အဖိုးတန်ငှက်ပေါက်လေးကို ရှာဖွေဖို့ ဆင်းသက်လာခြင်းဖြစ်သော်လည်း သူ့ငှက်ပေါက်ကလေးကို အနိုင်ကျင့်ခဲ့သည့် ယွင်ကျဲနှင့် အခြားသူတွေကို မမေ့သေးပါ။ ထို့ကြောင့် ယွင်ကျဲကို မြင်လိုက်သည်နှင့်တစ်ပြိုင်တည်း စူးစူးဝါးဝါး အော်ဟစ်ကာ ခြေသည်းများဖြင့် ကုတ်ဆွဲဖို့ ပြင်လိုက်သည်။

ယွင်ကျဲလည်း ကယောင်ချောက်ချားဖြစ်စွာ အမြန်ရှောင်လိုက်ပါသည်။ ဒီနေရာကြီးမှာ ဆက်နေလို့ မဖြစ်တော့မှန်း နားလည်လိုက်သဖြင့် ယွင်ကျဲနှင့် ရှမ့်ယွင်ဂိုဏ်းသားများအားလုံး ဓားပျံသိုင်းကို သုံးပြီး ထွက်ပေါက်သို့ ပျံတက်သွားခဲ့ကြပါသည်။ လျှို့ဝှက်နယ်မြေအတွင်းမှ အမြန်ထွက်ခွာကာ ရှမ့်ယွင်ဂိုဏ်းကို အမြန်ဆုံး အကူအညီတောင်းရပါလိမ့်မည်။

ကောင်းကင်ကြီးတစ်ခုလုံးကို ထူထဲသော တိမ်နက်များက ဖုံးလွှမ်းနေပြီး ချင်းရှားလျှို့ဝှက်နယ်မြေအပေါ်သို့ နဂါးကြီးတစ်ကောင်ပမာ ရစ်ခွေဆင်းသက်လာခဲ့သည်။ မိုးကြိုးတွေလည်း တစ်ချက်ပြီးတစ်ချက် ပစ်ချနေဆဲပင်။

မူလက မချိုးဖျက်နိုင်အောင် ခိုင်မာလှသော နယ်မြေအကာအရံကြီးလည်း ကောင်းကင်ဘုံမိုးကြိုးဒဏ်ကြောင့် စတင် အက်ကွဲသွားခဲ့လေပြီ။ လျှို့ဝှက်နယ်မြေအတွင်း ကျက်စားကြသည့် ဝိညာဉ်သားရဲများလည်း အန္တရာယ်ကို အာရုံရကာ ထွက်ပြေးပုန်းခိုနေကြပါသည်။ အရည်အချင်းစစ်ပြိုင်ပွဲ ဝင်ပြိုင်နေကြသည့် တပည့်သားများလည်း ပြိုင်ပွဲမပြီးခင် နယ်မြေအတွင်းမှ အမြန်ဆုံးထွက်ခွာကြရပါသည်။

ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့နှင့် ရှုယင်တို့ အခွင့်အရေးကို အရယူပြီး နယ်မြေအကာအရံကို ချိုးဖျက်ကာ လျှို့ဝှက်နယ်မြေထဲ အမြန်ဝင်လာခဲ့ကြသည်။ ထို့နောက် ကောင်းကင်ဘုံနန်းတော်ကြီးထံ တန်းတန်းမတ်တတ် ဦးတည်လာခဲ့ကြပါသည်။ ကောင်းကင်ဘုံနန်းတော်ကြီးနှင့် နီးကပ်လာလေလေ မိုးကြိုးသံတွေက ပိုမိုကျယ်လောင်လာလေလေပင်။

အရှင်လေးပါးစလုံး ရင်ထဲမှာ စက္ကန့်နှင့်အမျှ လေးလံလာခဲ့သည်။ လမ်းတွင် ယွင်ကျဲတို့အဖွဲ့နှင့် သူတို့ ဆုံခဲ့ရပါသည်။

ရှန်းဝမ်ချင်းကို ယွင်ကျဲ မြင်လိုက်ရသည်နှင့် ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသကဲ့သို့ အော်ဟစ်အကူအညီ တောင်းလိုက်ပါသည်။

“ဦးလေးရှန်း! ရှစ်ကျဲစန်းချွမ်… သူ… သူကျွန်တော်တို့ကို ကယ်ပေးခဲ့လို့… သားရဲကြီးစားတာ ခံလိုက်ရပြီ!”

ရှန်းဝမ်ချင်းမျက်နှာ တည်ငြိမ်နေဆဲပင်။

“မင်းတို့အားလုံး အပြင်အရင်ထွက်နှင့်ကြ၊ ကျန်တာ ငါ့တာဝန်ထား”

ယွင်ကျဲ စိတ်မတည်မငြိမ်ဖြစ်နေသဖြင့် ဒဏ်ရာတွေပြန်ပွင့်လာပြီး သွေးတွေ အန်ထွက်လာခဲ့ပါသည်။ သို့သော် ဂရုမစိုက်အားဘဲ ရှန်းဝမ်ချင်းအား ခါးခါးသီးသီး ဆက်တောင်းဆိုလိုက်ပါသည်။

“ရှစ်ကျဲကို ကယ်တင်ပေးပါ ဦးလေးရှန်း! သူတကယ်ကံဆိုးသွားခဲ့တာဆိုရင်လည်း အလောင်းကိုတော့ ကျေးဇူးပြုပြီး ပြန်သယ်လာပေးပါ၊ အဲ့ဒီထဲမှာ သူ့ကိုတစ်ယောက်တည်း ထားခဲ့လို့မဖြစ်ဘူး”

ယွင်ကျဲ စကားဆုံးအောင် မပြောနိုင်ခင် ရှန်းဝမ်ချင်း၊ ဟမ်ယဲ့၊ လင်းယွမ်နှင့် ရှုယင်တို့အားလုံး ပျံသန်းထွက်ခွာသွားကြလေပြီ။ ယန်ရုန်ရုန်ကို အလောတကြီး ရှာဖွေဖို့သာစိတ်ရောက်နေကြသဖြင့် အချိန်တစ်စက္ကန့်ပင် ဖြုန်းလို့မဖြစ်ပါ။

ကောင်းကင်ဘုံနန်းတော်နားသို့ အရှင်လေးပါး အလင်းလိုအမြန်နှုန်းနှင့် ရောက်ရှိလာကြချိန်တွင် ကောင်းကင်ဘုံမိုးကြိုးများက အဆုံးမသတ်သေးပေ။ ကောင်းကင်ဘုံနန်းတော်အထက်ရှိ ရေခဲပြင်များ အရည်ပျော်သွားပြီး မိုးပေါ်မှ ဆင်းသက်လာသည့် တိမ်နက်များနှင့် ပေါင်းစည်းကာ လေဆင်နှာမောင်းကြီးသဖွယ် အသွင်ပြောင်းသွားခဲ့သည်။ ကောင်းကင်ဘုံနန်းတော်ကြီး၏ အပျက်အစီးများလည်း အပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါပြီ။

လေဆင်နှာမောင်းကြီးက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို တံတားကြီးတစ်ခုသဖွယ် ဆက်နွယ်ပေးထားပြီး မိုးကြိုးသံများ၊ ငှက်အော်သံများနှင့် နားပင်းလောက်အောင် ဆူညံနေခဲ့ပါသည်။

သို့သော် ယန်ရုန်ရုန်အရိပ်အယောင်ကိုတော့ ဘယ်သူမှ မမြင်နိုင်သေးပေ။

ယန်ရုန်ရုန်က အခြေခံအုတ်မြစ်အဆင့်သာ ရှိသေးသဖြင့် ဒီလိုအခြေအနေမျိုးမှ လွတ်မြောက်နိုင်မှာမဟုတ်မှန်း သေချာသလောက် ရှိသည်။ သို့သော် အမှန်တရားကို အရှင်လေးပါးစလုံး လက်မခံနိုင်ကြပါ။

ဟမ်ယဲ့ သွေးချင်းနီနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။

“ကျူးကျူး!”

ထို့နောက် ရှေးဟောင်းဧရာမသားရဲကြီးအသွင်ပြောင်းကာ လေဆင်းနှမောင်းကြီးထံ ပြေးသွားခဲ့သည်။ ရှေ့မှာ အန္တရာယ်တွေ ဘယ်လောက်ပဲ များနေပါစေ သူ ကျူးကျူးကို ရအောင်ရှာရမည်။

ကျူးကျူး သေဆုံးသွားပြီဆိုလျှင်တောင် အလောင်းကို ရအောင်ရှာဖွေရပါမည်။ ထို့နောက် သားရဲမျိုးနွယ်စုထံ ပြန်ခေါ်သွားပြီး အသက်ပြန်သွင်းဖို့ နည်းလမ်းပေါင်းစုံ ရှာဖွေရမည်။

လေပြင်းမုန်တိုင်းကြောင့် ရှန်းဝမ်ချင်း၏ ရင်းနက်ဆံထိုး လွင့်ထွက်သွားကာ သူ့ဆံနွယ်ရှည်များ လေထဲမှာ ဖရိုဖရဲဖြစ်စွာ ဝဲပျံနေခဲ့သည်။ ဝတ်ရုံတွေကလည်း တလှပ်လှပ်လွင့်ပျံနေပြီး ဝူနျန်ဓားကို ကိုင်ထားသည့် သူ့လက်များ တုန်ယင်သွားခဲ့သည်။ သူ့မိစ္ဆာစိတ်တွေကို မထိန်းချုပ်နိုင်တော့ချေ။

ယခု သူ့ခေါင်းထဲ အတွေးတစ်ခုသာ ရှိသည်။ စန်းချွမ်ကို ရအောင်ရှာရမည်။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ရအောင်ရှာရမည်။ ထိုအတွေးဖြင့် ရှန်းဝမ်ချင်း ဓားကို ဝှေ့ရမ်းလိုက်ပြီး လေဆင်နှာမောင်းကြီးထဲ ဝင်ပေါက်တစ်ခုဖွင့်ကာ တွန့်ဆုတ်မှုမရှိ ပြေးဝင်သွားခဲ့ပါသည်။

ကျုံးရှောင်းရှောင်းကို ဖောက်ထွင်းမြင်နေရသကဲ့သို့ လေဆင်နှာမောင်းကြီးကို လင်းယွမ် စိုက်ကြည့်နေခဲ့သည်။ တစ်ချိန်တုန်းက သူမ ပြောခဲ့ဖူးသည့် နှလုံးသားမဲ့ စကားလုံးများကို ပြန်ကြားယောင်ရင်း လင်းယွမ်ဒေါသဖြင့် ရယ်မောလိုက်ပါသည်။

“ဟား… သေသွားရုံနဲ့ ငါ့လက်ကလွတ်မယ်ထင်နေလား၊ ဒီလိုလုပ်လိုက်လို့ မင်းကို ငါမရှာနိုင်တော့ဘူးလို့ ထင်နေလား၊ စိတ်ကူးယဉ်မနေနဲ့! မင်းသေသွားပြီဆိုရင်တောင် တမလွန်ကနေ ပြန်ဆွဲခေါ်လာမှာ၊ ငါ့ကိုမေ့ဖို့ လုံးဝ စိတ်မကူးနဲ့! ငါခွင့်မပြုဘူးကွ!!”

ရယ်မောရင်းနဲ့ လင်းယွမ် မျက်ရည်များစီးကျလာသည်။ သွေးနီရောင် နတ်ဆိုးချီစွမ်းအင်များ ဖြာထွက်လာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် လေဆင် နှာမောင်းကြီးထဲ တန်းတန်းမတ်မတ်ပြေးဝင်သွားလေတော့သည်။

ရှုယင် ဘာမှမပြောခဲ့ပေ။ သူခေါင်းပေါ်က ဝတ်ရုံခေါင်းဆောင်းလည်း လေပြင်းမုန်တိုင်းကြောင့် ကျွတ်သွားခဲ့တာ ကြာပါပြီ။ သူ့ဧရာမဝတ်ရုံကြီးက အနက်ရောင်အတောင်ပံနှစ်ဖက်လို လေထဲမှာ တဖျပ်ဖျပ် လွင့်ခါနေခခဲ့သည်။ သူ့မျက်နှာပေါ် ရေအေးများ လာပက်စင်သော်လည်း မသုတ်ခဲ့ဘဲ ရှေ့က ဧရာမလေဆင်နှာမောင်းကြီးကိုသာ စိုက်ကြည့်နေခဲ့သည်။ သူ့အနက်ရောင် မျက်ဝန်းတွေထဲ အလင်းမဲ့နေကာ မှောင်မိုက်လွန်းပါသည်။

ယောင်ယောင် တကယ်သေသွားပြီလား…

သေသွားလည်း အရေးမကြီးပါ။ သူမ ဝိညာဉ်ရှိနေသေးသရွေ့ တစ္ဆေကောင်တစ်ကောင်ဖြစ်သွားအောင် သူဖန်တီးနိုင်သည်။ ထိုအခါ ယောင်ယောင်ကို သူ့နားမှာ တစ်သက်လုံး ခေါ်ထားနိုင်ပါလိမ့်မည်။

ထိုအတွေးဖြင့် ရှုယင်တစ်ကိုယ်လုံး မီးခိုးရောင် တစ္ဆေအရိပ်အဖြစ် ပြောင်းလဲသွားပြီး လေဆင်နှာမောင်းကြီးထဲသို့ တိတ်တဆိတ် တိုးဝင်ပျောက်ကွယ်သွားလေတော့ သည်။

နဂိုကတည်းက အားကောင်းနေခဲ့သည့် လေဆင်းနှာမောင်းကြီးထဲ အရှင်လေးပါး ဝင်ရောက်သွားသောအခါ ပို၍ပင် ကြောက်စရာကောင်းသွားခဲ့သည်။ အနီးနားမှာရှိနေသည့် ဝိညာဉ်သားရဲများလည်း ထွက်ပြေးသွားခဲ့တာ ကြာပါပြီ။ အပြင်ဘက်မှ ကျင့်ကြံသူများလည်း အနားသို့ မကပ်ရဲကြဘဲ အဝေးမှသာ စောင့်ကြည့်နိုင်ကြသည်။

ကြောက်စရာလေဆင်နှာမောင်းကြီးကို ကြည့်ရင်း အားလုံး တုန်လှုပ်ချောက်ချားနေခဲ့ကြပါသည်။ ထိုမြင်ကွင်းကို မြင်ပြီး လွန်ခဲ့သည့် နှစ်တစ်ရာဝန်းကျင်တုန်းက အဖြစ်တစ်ခုကို သူတို့ပြန်အမှတ်ရသွားခဲ့သည်။

ပါရမီရှင် အမျိုးသမီးကျင့်ကြံသူတစ်ဦးက နှစ် ၈၀ အတွင်း နတ်ဝိညာဉ်အဆင့်ကို ရောက်ရှိသွားခဲ့သည်။ ယခင်တုန်းက ဘယ်သူမှ မကြုံတွေ့ခဲ့ရဖူးသည့် အောင်မြင်မှုတစ်ခုဖြစ်ပါသည်။

ထို့နောက် သူမ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိသည့်နေ့တွင် ကောင်းကင်ဘုံက မိုးကြိုးဖြင့် ဒဏ်ခတ်ခဲ့သည်။ ကျင့်ကြံသူတိုင်းလိုလို ကောင်းကင် ဘုံ၏ ဒဏ်ခတ်မှုကို ခံခဲ့ရဖူးသော်လည်း သူမလောက်ထိတော့ ကြောက်စရာမကောင်းခဲ့ပေ။ ထိုမြင်ကွင်းကို မြင်ခဲ့ရသူတိုင်း အလွန်တုန်လှုပ်ချောက်ချားခဲ့ရပြီး နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မမေ့နိုင်ခဲ့ကြပါ။

ယနေ့ မြင်ခဲ့ရသည့် မိုးကြိုးတွေကလည်း ထိုအချိန်တုန်းက မိုးကြိုးတွေနှင့် ဆင်တူလွန်းလှသည်။ ဒီနေ့လည်း တစ်စုံ တစ်ယောက် ကောင်းကင်ဘုံ၏ဒဏ်ခတ်မှုကို ခံခဲ့ရတာဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။

သို့သော် အရည်အချင်းစစ်ပြိုင်ပွဲတွင် ပါဝင်ကြသည့် တပည့်သားများက အခြေခံအုတ်မြစ်ချအဆင့်မှာသာ ရှိကြသေးသည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင် ဒီလောက်ထိ ကြီးမားသည့် ဒဏ်ခတ်မှုကို ခံစားရမှာ မဟုတ်လောက်ပါ။ ထို့ကြောင့် အလွန်ထူးဆန်းနေပါသည်။

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်ကြီးလည်း ပြန်လည် ကြည်လင်လာခဲ့ပြီဖြစ်သည်။

မိုးကြိုးသံတွေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ တိမ်နက်များ အဝေးသို့ လွင့်စင်သွားခဲ့ပါသည်။ ရေကန်ကြီး ပြန်လည်ငြိမ်သက်သွားပြီး ကောင်းကင်ဘုံနန်းတော်ကြီး၏အပျက် အစီးများ နေရာအနှံ့ ပြန့်ကြဲနေခဲ့သည်။

ဟမ်ယဲ့၊ ရှန်းဝမ်ချင်း၊ လင်းယွမ်နှင့် ရှုယင်တို့အားလုံး လျှို့ဝှက်နယ်မြေအတွင်းက နေရာတိုင်းကို ရှာဖွေခဲ့ကြသည်။ မြေပေါ်သာမက မြေအောက်ထဲ သုံးပေလောက်အထိ တူး၍ပင် ရှာဖွေခဲ့ကြသည်။ သို့သော် ယန်ရုန်ရုန်၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ကြပေ။ ထောင်ထျဲသားရဲနှင့် ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးတို့လည်း ပျောက်ကွယ်နေကြလေသည်။

All Chapters