← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

🌹Chapter 28

ဦးနှောက်အနည်းငယ် ကြောင်သွားသည့် ထောင်ထျဲသားရဲက ယန်ရုန်ရုန်အနားမှ တဖဝါးမှမခွာဘဲ ဘယ်သွားသွား တကောက်ကောက်လိုက်နေခဲ့သည်။

၎င်း၏ အသွင်အစစ်အမှန်ကို လူတွေမြင်သွားမှာမျိုး ယန်ရုန်ရုန် မလိုလားပါ။ တစ်ဖက်မှာ လူတွေကြောက်လန့် တကြား ဖြစ်ကုန်မှာ စိုးရိမ်ခြင်းကြောင့်ဖြစ်သလို နောက်တစ်ဖက်မှာတော့ ထောင်ထျဲသားရဲကြောင့် သူမ ရှိနေသည့်နေရာကို သူများတွေ သိသွားကြမှာစိုးရိမ်ခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် ထောင်ထျဲသားရဲက အသွင်ပြောင်းခြင်းအတတ်ကို အလွန်ကျွမ်းကျင်ပြီး လူသားအသွင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ သို့သော် ခန္ဓာကိုယ်က အလွန်အားနည်းနေသဖြင့် အသွင်ပြောင်းပြီးနောက် ၄ နှစ် ၅ နှစ်သားအရွယ် ကလေးတစ်ယောက် ဖြစ်သွားခဲ့ပါသည်။

ယခင်တုန်းက သူ့ကိုယ်သူ လျို့လန်ဟု မိတ်ဆက်ခဲ့သဖြင့် ယန်ရုန်ရုန်လည်း လျို့လန်ဟု အမည်ပေးခဲ့သည်။

သို့သော် အသွင်ပြောင်းလိုက်ရုံနှင့် မလုံလောက်သေးပေ။ ရှေးဟောင်းသားရဲများတွင် ထူးခြားသည့် အရှိန်အဝါများ ရှိနေတတ်သည်။ ထို့ကြောင့် ဝမ်ပေါင်မျှော်စင်ထံသွားပြီး လျို့လန်၏ အရှိန်အဝါကို ဖိနှိပ်ပေးနိုင်မည့် ဝိညာဉ်ပစ္စည်းတစ်ခုကို ယန်ရုန်ရုန် ဝယ်ယူဖို့ စီစဉ်ထားသည်။

ဝမ်ပေါင်မျှော်စင်များက အချက်အချာကျသည့် မြို့ကြီးတွေမှာသာ ရှိတတ်ပါသည်။ ၎င်းမျှော်စင်များက မှော်လက်နက်များ၊ ဝိညာဉ်ပစ္စည်းများ အထူးရောင်းချပေးသည့် စတိုးဆိုင်များဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့်ပဲ ထောင်ထျဲသားရဲနှင့် ငှက်ပေါက်လေးတို့ကို ကျင်းချွီမြို့သို့ ယန်ရုန်ရုန် ခေါ်ဆောင်လာခဲ့ရခြင်းဖြစ်သည်။

ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်က အလွန်ကြီးမားလွန်းသဖြင့် မြို့ထဲမဝင်နိုင်ခြင်းကြောင့် အခြားတစ်နေရာရာကိုသာ ယန်ရုန်ရုန် စေလွှတ်ထားခဲ့သည်။

ကျင်းချွီမြို့က အချက်အချာကျသည့် မြို့တစ်မြို့ဟု ခေါ်ဝေါ်ထိုက်ပါသည်။ ရင်းမြစ်တွေကြွယ်ဝပြီး လူတွေလည်း စည်ကားသိုက်မြိုက်လှသည်။ ကျင့်ကြံသူတွေကော၊ သာမန်လူတွေကိုပါ ဒီမြို့ကြီးမှာ မြင်နိုင်ပါသည်။

လျို့လန်၏ လက်ကိုဆွဲရင်း ယန်ရုန်ရုန် လမ်းလျှောက်လာခဲ့သည်။ ဖြတ်သွားဖြတ်လာလူတွေကို ကြည့်ရင်း လျို့လန် စိတ်လှုပ်ရှားလွန်းသဖြင့် ပါးစပ်ထဲမှ သွားရည်တွေ ထိန်းမနိုင်သိမ်းမရ ကျလာခဲ့ပါသည်။

‘လတ်လတ်ဆတ်ဆတ် ခြေနှစ်ချောင်းသိုးတွေ အများကြီးပါလား!’

လျို့လန်အကျင့်ဆိုးတွေ ပြန်ပေါ်လာပြီဖြစ်မှန်း ယန်ရုန်ရုန်သတိထားမိသဖြင့် သူ့ခေါင်းပေါ်က ဆံစုတစ်စုကို ဆွဲကာ သတိပေးလိုက်သည်။ “လူတွေကို သွားဖြဲပြဖို့ မကြံနဲ့နော်၊ ပြီးတော့ သွားရည်တွေကျမနေစမ်းနဲ့!”

လျို့လန်လည်း ရွေးချယ်စရာမရှိတော့ဘဲ ပါးစပ်ကိုစိတ်ပျက်လက်ပျက် ပိတ်လိုက်ကာ နှုတ်ခမ်းပေါ်က သွားရည်များအား အင်္ကျီလက်ဖြင့် သုတ်လိုက်ပါသည်။

ထို့နောက် သနားစရာကောင်းစွာ သူပြောလိုက်သည်။

“မေမေ ဗိုက်ဆာတယ်”

ထိုခေါ်သံကို အကြိမ်ကြိမ် ကြားဖူးခဲ့ပြီဖြစ်သော်လည်း ‘မေမေ’ဟူသည့် စကားလုံးကို ကြားတိုင်း ယန်ရုန်ရုန် ခေါင်းကျိန်းနေဆဲဖြ်သည်။

သူမ သတိထပ်ပေးလိုက်ပါသည်။

“ငါနင့်ကို ဘယ်နှခါပြောရမလဲ၊ ငါ့ကို မေမေလို့ မခေါ်နဲ့၊ ငါနင့်အမေ မဟုတ်ဘူးလို့!”

လျို့လန် ပိုဝမ်းနည်းသွားသည်။

“ဒါဆို ဘယ်လိုခေါ်ရမလဲ”

“သခင်လို့ ခေါ်စမ်း”

လျို့လန် စိတ်မပါစွာ ခေါ်လိုက်ပါသည်။

“သခင်မေမေ”

ယန်ရုန်ရုန်သေချာ ပြင်ပေးလိုက်သည်။

“သခင်တစ်လုံးတည်းခေါ်၊ ‘မေမေ’မပါရဘူး”

“ဟုတ်ကဲ့ မေမေ”

ယန်ရုန်ရုန်: “ငါ့ကို မေမေလို့မခေါ်နဲ့လို့ ပြောနေတယ်လေ!”

“ဟုတ်ကဲ့ မေမေ”

ယန်ရုန်ရုန်: “…”

သူမ အလွန်ပင်ပန်းနေပါပြီ။ စကားဆက်မပြောချင်တော့ပါ။

ယန်ရုန်ရုန်ခေါင်းပေါ်က ငှက်ပေါက်လေးလည်း တကျိကျိနှင့် ရယ်မောနေသည်။

ဗိုက်ဖြည့်ဖို့အတွက် မြို့ထဲက အကြီးမားဆုံး စားသောက် ဆိုင်ကြီးဖြစ်သော ‘ယွင်ခယ့်လိုင်’သို့ လျို့လန်ကိုယန်ရုန်ရုန် ခေါ်သွားခဲ့သည်။

ထောင်ထျဲသားရဲက အစားကြီးမှန်းသိသဖြင့် ယန်ရုန်ရုန်အာရုံအနောက်ခံပြီး ရွေးမနေတော့ဘဲ ရှိသမျှ ဟင်းလျာတွေအကုန်လုံးကို မှာလိုက်ပါသည်။

စားပွဲထိုးလေးက ဟင်းလျာများစွာကို တစ်ပွဲပြီးတစ်ပွဲ တည်ခင်းပေးခဲ့သည်။ စားပွဲတစ်လုံးတည်းနှင့် မဆံ့တော့သဖြင့် မန်နေဂျာက စားပွဲတွေအများကြီး ရွှေ့ပေးခဲ့ရသည်။ ပထမက ကျယ်ဝန်းလှသည့် အခန်းလေးထဲ အချိန်တိုအတွင်း စားပွဲ ရှစ်လုံးနှင့် ပြည့်ကြပ်သွားခဲ့ပါသည်။

မန်နေဂျာက အားရဝမ်းသာပြောလိုက်သည်။

“ဧည့်သည်တွေ ထပ်လာဦးမှာမလား၊ ကျွန်တော်တို့ အောက်ဆင်းပြီး စောင့်ကြိုပေးလိုက်ပါ့မယ်”

ယန်ရုန်ရုန် လက်ရမ်းပြကာ ငြင်းလိုက်သည်။

“ရတယ်၊ အားလုံးသွားလို့ရပြီ၊ ကျွန်မလိုအပ်ရင် ခေါ်လိုက်မယ်”

“နားလည်ပါပြီ”

မန်နေဂျာကြီးနှင့် စားပွဲထိုးများ ပြန်ထွက်သွားခဲ့ကြသည်။

အခန်းထဲ သူစိမ်းတွေ မရှိတော့ခါမှ ယန်ရုန်ရုန်တူကိုကိုင်ပြီး စတင်စားသောက်လေသည်။ ငှက်ပေါက်လေးလည်း စားပွဲပေါ် ခုန်ဆင်းကာ ပန်းကန်ထဲက ထမင်းလုံးများကို စားသောက်နေလိုက်ပါသည်။

ထိုထမင်းကို ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် ဆန်စေ့မှ ချက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သာမန်ထမင်းထက် အများကြီး ပိုချိုမြိန်ပြီး စားလိုက်သည့်အခါ ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝသွားသလို ခံစားရပါသည်။

ထမင်းသာမကဘဲ စားပွဲပေါ်ရှိ အစားအသောက်အားလုံးက ဝိညာဉ်စွမ်းအင်ပါဝင်သည့် ဟင်းသီးဟင်းရွက်များ၊ ဝိညာဉ်သားရဲများကို အသုံးပြုကာ ဖန်တီးထားခြင်းဖြစ်သဖြင့် အလွန်အရသာ ရှိလှပါသည်။

လျို့လန်က တူကို အသုံးမပြုပေ။ ရှေ့က ပန်းကန်ကို ကိုင်လိုက်ပြီး မယုံကြည်နိုင်လောက်အောင် ကျယ်သွားသည့် သူ့ပါးစပ်ထဲ လောင်းချလိုက်ပါသည်။

ဒီလိုနဲ့ တစ်ပန်းကန်ပြီးတစ်ပန်းကန် ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အချိန်အတွင်း လျို့လန်ကြောင့် စားပွဲတစ်လုံးစာ အစားအသောက်တွေ အကုန်လုံး ပြောင်ရှင်းသွားခဲ့ပါသည်။ ဒါတောင် မကျေနပ်သေးဘဲ စားပွဲနောက်တစ်လုံးဆီ ထပ်ရွှေ့သွားခဲ့သည်။

ယန်ရုန်ရုန် သတိထားလိုက်မိချိန်တွင် လျို့လန်လက်ချက်ဖြင့်ျ စားပွဲ ၈ လုံးစာ စားစရာတွေအကုန် ပြောင်စင်သွားခဲ့ပါပြီ။ သို့သော် ဗိုက်ဝသေးပုံမပေါ်ဘဲ နှုတ်ခမ်းကို လျှာဖြင့်လျက်နေပြီး အဖြူရောင် ကြွေပန်းကန်တစ်လုံးကို လှမ်းယူလိုက်သည်။ ထို့နောက် ပါးစပ်ကျယ်ကျယ်ဟကာ ဂျွတ်ခနဲမြည်အောင် ဝါးစားလိုက်ရာ ပန်းကန်တစ်ဝက်လောက် ပဲ့ပါသွားခဲ့ပါသည်။

ဘီစကွတ်ဝါးနေသကဲ့သို့ နှစ်ချက်လောက် တဂျွတ်ဂျွတ် ဝါးနေလိုက်သေးသည်။

ထိုမြင်ကွင်းကို မြင်ပြီး ယန်ရုန်ရုန် ထိတ်လန့်တကြား ပြေးတားလိုက်ပါသည်။

“ပန်းကန်တွေ မစားရဘူး!”

ထို့နောက် လျို့လန်ခေါင်းငုံ့လိုက်ပြီး စားပွဲကို ကိုက်ဝါးပစ်လိုက်သည်။

ယန်ရုန်ရုန် မတတ်နိုင်တော့ဘဲ သူ့ကို ပွေ့ချီလိုက်ရပါသည်။

“စားပွဲကိုလည်း စားလို့မရဘူး! အစားအသောက်တွေ၊ လက်ဘက်ရည်တွေကလွဲပြီး ကျန်တာ ဘာမှမစားရဘူး ကြားလား!”

ပန်းကန်တွေ၊ တူတွေ၊ စားပွဲတွေကို စားလိုက်လျှင် ယန်ရုန်ရုန် ပြန်လျော်ပေးရလိမ့်မည်။

လျို့လန် ဗိုက်မဝသေးသော်လည်း သူ့ ‘မေမေ’ဒေါသမထွက်စေဖို့အတွက် ပါးစပ်ပိတ်ထားလိုက်ရသည်။

ယန်ရုန်ရုန်နှင့် ကလေးတစ်ယောက် အစားအသောက်တွေ အားလုံးကို ကုန်အောင် စားနိုင်မှာမဟုတ်ဟု စားသောက် ဆိုင် မန်နေဂျာ ထင်ထားခဲ့သည်။ ထို့ကြောင့် ကျန်နေသေးသည့် အစားအသောက်တွေကို ပါဆယ်ထုပ်ပေးဖို့ အသင့်ပြင်ထားပြီးပါပြီ။

သို့သော် စားပွဲထိုးများကိုခေါ်ပြီး အခန်းထဲဝင်လာသောအခါ ပြောင်စင်နေသည့် စားပွဲ ၈ လုံးကို မန်နေဂျာကြီး မြင်လိုက်ရလေသည်။

ပန်းကန်တိုင်းက ဆေးစရာပင် မလိုလောက်အောင် ဖြူဖွေး သန့်စင်နေပါသည်။

ပန်းကန်အလွတ်တွေကို ကြည့်ရင်း မန်နေဂျာကြီး တံတွေးမျိုချလိုက်ကာ မဝံ့မရဲမေးလိုက်ပါသည်။

“ဧည့်သည်တို့… အကုန်လုံး စားလိုက်တာလား”

ယန်ရုန်ရုန် ပြုံးကာ ပြောလိုက်သည်။

“အရမ်းစားကောင်းလို့ပါ၊ ရှင်းရအောင်လေ”

မန်နေဂျာကြီးလည်း ရင်ထဲက ဇဝေဇဝါဖြစ်မှုကိုချုပ်တည်းရင်း ပေသီးတွက်ခုံတစ်ခုံကို ထုတ်ကာ တွက်ချက်ပေးလိုက်ပါသည်။

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၈ တုံး ကျပါတယ်၊ ဒီတစ်ခေါက် အများကြီးအားပေးသွားတာဆိုတော့ လျှော့ ဈေးအနေနဲ့ ၃၀၀ အတိပဲ ပေးပါနော်”

ယန်ရုန်ရုန် ရင်နာသွားခဲ့သည်။ တစ်နပ်စာအတွက် ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်အများကြီး သုံးလိုက်ရခြင်းက အမှန်တကယ် ရင်နာဖို့ကောင်းပါသည်။ သူမလက်ထဲ ဝိညာဉ်ကျောက်တုံးတွေ အများကြီးစုမိဆောင်းမိထားလျှင်ပင် ရေရှည် ဒီလိုဖြုန်းတီးလို့ မဖြစ်ပါ။

ကျောက်တုံးများကို ရှင်းပြီးနောက် ယန်ရုန်ရုန် မေးလိုက်သည်။

“တဆိတ်လောက်ရှင့်၊ ဝမ်ပေါင်မျှော်စင်က ဘယ်နားမှာလဲမသိဘူး”

မန်နေဂျာ: “သိပ်မဝေးဘူး၊ အပြင်ရောက်ရင် ဘယ်ဘက်ချိုးပြီး လမ်းဆုံးရောက်အောင် လျှောက်သွားလိုက် အဲ့ဒီမှာ တွေ့ရလိမ့်မယ်၊ ဆိုင်က အကြီးကြီးမို့လို့ မလွဲနိုင်ပါဘူး”

“ကျေးဇူးတင်ပါတယ်”

လျို့လန်ကိုခေါ်ပြီး ယန်ရုန်ရုန် အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ ထိုစဉ် အချို့ ဧည့်သည်တော်များ၏ တီးတိုးပြောသံများကို ယန်ရုန်ရုန်ကြားလိုက်ရပါသည်။

“ဟေ့ မင်းကြားပြီးပြီလား၊ ရှမ့်ယွင်ဂိုဏ်းက စန်းချွမ်ကို ဆုကြေးထုတ်ထားတယ်၊ သူဘယ်မှာရှိနေသလဲဆိုတာကို သတင်းပေးနိုင်တဲ့လူတိုင်း ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀ ရမှာတဲ့”

ယန်ရုန်ရုန် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

လောလောဆယ် သူမ ပိုင်ဆိုင်မှုတွေ အားလုံးကို ပေါင်းလိုက်လျှင်တောင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀ ပင် မရှိနိုင်ပေ။ ရှမ့်ယွင်ဂိုဏ်းကတော့ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀ ကို အလွယ်တကူ ထုတ်ပေးနေသည်။

ထို့နောက် အခြားတစ်ယောက်က ပြောလိုက်ပြန်သည်။

“ရှမ့်ယွင်ဂိုဏ်းပဲမဟုတ်ဘူး၊ မိစ္ဆာမျိုးနွယ်စု၊ နတ်ဆိုးလောကနဲ့ ဝိညာဉ်လောကတွေကလည်း ဆုကြေးတွေ ထုတ်ထားကြတယ်။ မိစ္ဆာမျိုးနွယ်စုက ကျူးကျူးဆိုတဲ့လူကို ရှာနေတာ၊ နတ်ဆိုးလောကက ကျုံးရှောင်းရှောင်းဆိုတဲ့လူကို ရှာနေတာ၊ ဝိညာဉ်လောကက ယောင်ယောင်ဆိုတဲ့ လူကို ရှာနေတယ်၊ ဒါပေမယ့် မသိတဲ့လူ ရှိလို့လား၊ သူတို့ လေးယောက်ရှာနေတဲ့လူက တစ်ယောက်တည်းပဲဥစ္စာ!”

ထိုစကားကြောင့် ဧည့်သည်တော်တွေ ရယ်မောကုန်ကြသည်။ သို့သော် ပြဿနာတက်မည်စိုးသဖြင့် တိုးတိုးတိတ် တိတ်သာ ရယ်မောနိုင်ကြပါသည်။

“ငါ့ကိုလာမေးရင်တော့ သူတို့ ရှာမတွေ့ဖို့က ၈၀ - ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ပြောမှာ”

“ဘာလို့တုန်း”

“မင်း မသိဘူးလား၊ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ချင်းရှားလျှို့ဝှက်နယ်မြေထဲမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင် ပေါ်လာခဲ့တာ၊ ကောင်းကင်ဘုံက လူသားစား သားရဲကြီးကို မိုးကြိုးနဲ့ ဒဏ်ခတ်တော့ စန်းချွမ်ပါ ပါသွားတဲ့ပုံပဲ၊ အလောင်းတွေတောင် မကျန်ခဲ့ဘူး”

“ဘုရားရေ! အဲ့လို တကယ်ဖြစ်ခဲ့တာလား!”

“သူတကယ်သေသွားပြီဆိုရင် ရှမ့်ယွင်ဂိုဏ်းရယ်၊ မိစ္ဆာမျိုးနွယ်စုရယ်၊ နတ်ဆိုးလောကရယ်၊ ဝိညာဉ်လောကရယ်က ဘာလို့ ရှာဖွေနေကြသေးတာလဲ”

“သူတို့ မစွန့်လွှတ်နိုင်သေးလို့ပေါ့ကွာ၊ အဲ့ဒီလေးယောက်က သာမန်လူတွေမို့လို့လား၊ သာမန်မိန်းကလေးတစ်ယောက် လှည့်စားတာကို ခံခဲ့ရတော့ ဒေါသမီးတွေ တောက်လောင်နေကြမှာသေချာတယ်၊ ငါသာဆိုလည်း နှလုံးသားထဲက ဒေါသကို ဖြေဖျောက်ဖို့အတွက် အဲ့ဒီစုန်းမကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပစ်ရမှာ ကျေနပ်မှာပဲလေ”

“အမှန်ပဲ၊ အဲ့ဒီမိန်းမ ရုတ်တရက် သေသွားတော့ ကလဲ့စားချေစရာလူမရှိတော့လို့ သူတို့တွေ အရမ်းမွန်းကြပ်နေကြတာနေမှာ!”

All Chapters