← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

🌹Chapter 22

ယွင်ကျဲ ဆုံးအောင်မမေးနိုင်ခင် ယန်ရုန်ရုန် အသည်းအသန်ခေါင်းခါလိုက်ပါသည်။

“ငါမဟုတ်ဘူး! ငါလုပ်တာ မဟုတ်ဘူး!”

ယွင်ကျဲကတော့ သေချာနေပါသည်။

“မင်းလက်ချက်ဆိုတာ ကျိန်းသေပါတယ်”

ယန်ရုန်ရုန်က အပြစ်လုပ်ထားသူဖြစ်သော်လည်း ဖြောင့်မတ်မှန်ကန်သူတစ်ဦး၏ ယုံကြည်ချက်မျိုးရှိနေသည်။ ထို့ကြောင့် ခါးထောက်လျက် ပြန်ချေပလိုက်ပါသည်။

“ဘာကိုကြည့်ပြီး ငါ့လက်ချက်လို့ ပြောတာလဲ၊ နင့်မှာ သက်သေရှိလို့လား”

ယွင်ကျဲမှာ သက်သေမရှိပါ။

သူဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဲ့လောက် အသည်းအသန် ငြင်းမနေပါနဲ့၊ ငါမင်းကို အပြစ်တင်မလို့မဟုတ်ဘူး… ကျေးဇူးတင်မလို့ပါ”

ယန်ရုန်ရုန့်ခေါင်းပေါ်မှာ ဧရာမ မေးခွန်းသင်္ကေတကြီး ပေါ်လာခဲ့ပါသည်။

“ငါ့ကို ကျေးဇူးတင်မလို့ ဟုတ်လား၊ အပေါ်က ပြန်ပြုတ်ကျလာတုန်းက ဦးနှောက်ထိသွားသေးလား”

ယွင်ကျဲ ရှင်းပြလိုက်သည်။

“ခုနက ‘ဦးလေးရှန်း’ကို ငါမြင်ခဲ့ရတယ်၊ သူငါ့ကို ဖြားယောင်းပြီး မင်းကို သတ်ခိုင်းခဲ့တာ… ငါလည်း စိတ်တွေလွတ်ပြီး သူခိုင်းတဲ့အတိုင်း လုပ်မိတော့မလို့၊ ကံကောင်းစွာနဲ့ မင်းအချိန်မီ တားဆီးနိုင်ခဲ့တယ်၊ မဟုတ်ရင် ငါအမှားကြီးတစ်ခု ကျူးလွန်မိခဲ့မှာ…”

ထိုပုံရိပ်ယောင်က အထင်သေးစရာမဟုတ်ပေ။ သူ့နှလုံးသားထဲက အကြီးမားဆုံး ဆန္ဒကို အသုံးချပြီး ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်သည်။

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပါသည်။ “ရှန်းဝမ်ချင်းကို ပြောတာလား၊ သူ့ပုံရိပ်ယောင်တစ်ခုကို မြင်ခဲ့ရတယ်ပေါ့”

ယွင်ကျဲ ခေါင်းညိတ်ကာ ဆုံးမလိုက်ပါသည်။

“မင်းသူ့ကို ဆရာလို့ခေါ်သင့်တယ်”

“နင်လည်း ငါ့ကို ရှစ်ကျဲလို့ ခေါ်သင့်တယ်”

ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။

“နင်ကျတော့ ငါ့ကို တရိုတသေ ရှစ်ကျဲလို့ မခေါ်ဘဲနဲ့”

ယန်ရုန်ရုန့်စကားကြောင့် ယွင်ကျဲ ဆွံ့သွားခဲ့သည်။ ယွင်ကျဲက ရှမ့်ယွင်ဂိုဏ်းမှာ ကြီးပြင်းလာသူဖြစ်သော်လည်း ယန်ရုန်ရုန်က သူ့ထက်တစ်လှမ်းစောကာ ဆရာ့ထံ၌ တပည့်အဖြစ် ခံယူခဲ့သူဖြစ်သည်။ ထိုခြေလှမ်းတစ်လှမ်းတည်းကြောင့် ရှစ်ကျဲဟူသည့် ဘွဲ့ကို ယန်ရုန်ရုန် ရရှိခဲ့တာဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာကြာသည့်တိုင် ယန်ရုန်ရုန်အား ယွင်ကျဲ ထိုသို့ တစ်ခါမှ မခေါ်ဖူးခဲ့ချေ။

ကံကောင်းစွာဖြင့် ယန်ရုန်ရုန်က အသေးအဖွဲကိစ္စများကို စိတ်ထဲထားတတ်သူမဟုတ်ပေ။ ထို့ကြောင့် တစ်ချက်သာ သတိပေးလိုက်ပြီး အရေးကြီးကိစ္စကို ပြန်ပြောလိုက်ပါသည်။

“အဲ့ဒီစည်းဗဟိုချက်က မျက်နှာကြက်ပေါ်မှာရှိနေတာ သေချာတယ်၊ နင်နောက်တစ်ခေါက် ထပ်တက်ရလိမ့်မယ်”

“ဟုတ်ပြီ”

ယွင်ကျဲ ခက်ခက်ခဲခဲဖြင့် မတ်တပ်ပြန်ရပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် နာကျင်မှုကြောင့် ဇောချွေးများ စိုရွှဲလာပြီး နောက်ဆုံးတော့ မတ်တပ်ပြန်ရပ်ဖို့ မအောင်မြင်ခဲ့ပါ။

ယန်ရုန်ရုန်လည်း မကြည့်ရက်တော့သဖြင့် ညာဘက်လက်ကို ဖြန့်လိုက်ပါသည်။

“ငါ့ကို ဝူဝမ့်ဓား ပြန်ပေး၊ နင့်ကိုယ်စား ငါပဲ တက်လိုက်မယ်”

ယန်ရုန်ရုန် ဓားကိုယူပြီးထွက်ပြေးမှာ ယွင်ကျဲ စိတ်ပူမိပါသည်။ သို့သော် ဒီလိုအခြေအနေမျိုးမှာ ယွင်ကျဲ ရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် ချန့်ခွင်းအိတ်ထဲမှ ဝူဝမ့်ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပါသည်။

ယန်ရုန်ရုန် ဓားကို လှမ်းယူလိုက်သော်လည်း ယွင်ကျဲက လွှတ်မပေးသေးဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ယန်ရုန်ရုန် နှစ်ချက်လောက် ဆောင့်ဆွဲလိုက်သည်။ သို့သော် အသုံးမဝင်သဖြင့် သူမ မေးလိုက်ပါသည်။

“ဘာဖြစ်ပြန်ပြီလဲ”

ယန်ရုန်ရုန်ကို စိုက်ကြည့်ရင်း ယွင်ကျဲ သတိပေးလိုက်သည်။

“ဒီကိစ္စပြီးတာနဲ့ ငါ့ဆီ ဓားပြန်ပေးမယ်လို့ ကတိပေးပါ၊ ငါ့ကို ထပ်မလိမ်နဲ့နော်”

ယန်ရုန်ရုန်ချက်ချင်း သဘောတူလိုက်ပါသည်။

“ဟုတ်ပြီလေ”

“တာအိုနှလုံးသားကို တိုင်တည်ပြီး သစ္စာဆို”

ယန်ရုန်ရုန် ရယ်မောလိုက်သည်။

“မဆိုဘူးဆိုရင်ကော၊ သေတဲ့အထိ ဒီမှာအတူတူ ထိုင်စောင့်ကြမှာလား”

ယွင်ကျဲ ဆွံ့အသွားခဲ့ပြန်သည်။

ယန်ရုန်ရုန် ဓားကို လက်လွှတ်လိုက်ပါသည်။

“ကောင်းပြီလေ၊ ငါမတက်တော့ဘူး၊ ဒီမှာပဲ သေတဲ့အထိ အတူတူ ထိုင်စောင့်ကြတာပေါ့”

ယွင်ကျဲ ဘာမှ မတတ်နိုင်တော့ပါ။ သူဒဏ်ရာအပြင်းအ ထန် ရရှိထားသဖြင့် မလှုပ်မရှားနိုင်ဖြစ်နေသည်။ အခြားတပည့်သားတွေ အားလုံးကလည်း ပုံရိပ်ယောင်များကြောင့် စိတ်ဝိညာဉ် ညှို့ယူခံထားရသည်။

ယခု လူကောင်းအတိုင်း လှုပ်ရှားနိုင်သေးသူဟူ၍ ယန်ရုန်ရုန်တစ်ဦးတည်းသာ ရှိသည်။ ထို့ကြောင့် စည်းဗဟိုချက်ကို ရှာဖွေရမည့် တာဝန်ကို သူမ ယူရမှာ သေချာသည်။

နောက်ဆုံးတော့လည်း ယွင်ကျဲ လိုက်လျောပေးဖို့ ဆုံးဖြတ်ကာ ယန်ရုန်ရုန့်လက်ထဲ ဝူဝမ့်ဓားပြန်အပ်လိုက်ပါသည်။

သူမလက်ထဲ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝူဝမ့်ဓားမှ နွေးထွေးသည့် ရောင်ဝါများ ထွက်ပေါ်လာခဲ့ပါသည်။ ဝူဝမ့်ဓား အလွန်ပျော်ရွှင်နေမှန်း ယန်ရုန်ရုန် ခံစားမိသည်။

သူမလည်း ပျော်ရွှင်ပါသည်။ ဒီဓားက ဓားကောင်းတစ်လက်ဖြစ်သည်။ မုန်လာဥအခွံနွှာဖို့ကော၊ ငါးအကြေးခွံချွတ်ဖို့အတွက်ကော အလွန်အသုံးဝင်ပါသည်။

ထို့နောက် ယန်ရုန်ရုန် လက်ထပ်ဖြန့်လိုက်ပြန်သည်။

“ငါ့ချန့်ခွင်းအိတ်ကော”

ယွင်ကျဲ မယုံသင်္ကာဖြစ်သွားသည်။ “ချန့်ခွင်းအိတ်က ဘာလုပ်ဖို့ လိုတာလဲ”

“အပေါ်မှာ အန္တရာယ်တစ်ခုခု ကြုံလာရင် အထဲက ရတနာတွေ၊ အဆောင်တွေ လိုလာနိုင်လို့ပေါ့ဟဲ့”

ယွင်ကျဲ ခေတ္တတွန့်ဆုတ်သွားပြီးနောက် အိတ်ကို ပြန်ပေးလိုက်ပါသည်။ ယန်ရုန်ရုန်လည်း ချန့်ခွင်းအိတ်ကို ပျော်ပျော်ကြီး ပြန်ယူကာ စိတ်ပိုရွှင်သွားခဲ့သည်။

ယွင်ကျဲ သတိပေးလိုက်ပါသည်။

“စည်းဗဟိုချက်နဲ့ နီးကပ်လာလေလေ အန္တရာယ်ပိုများလာလေလေပဲ၊ သတိကြီးကြီးထားပါ၊ ဘာတွေပဲ မြင်ရမြင်ရ မယုံကြည်နဲ့နော်၊ စိတ်ကို လွှမ်းမိုးခွင့်မပြုနဲ့”

ယန်ရုန်ရုန် သွားပေါ်အောင် ပြုံးလိုက်သည်။ “စိတ်မပူစမ်းပါနဲ့၊ အပေါ်မှာ ဘာကောင်ပဲမြင်မြင် ဓားနဲ့ပြေးထိုးပစ်မယ်”

ယွင်ကျဲဆွံ့အသွားသည်။

‘ငါလည်း အဲ့လောက်ရိုးရှင်းပြီး ထိရောက်တဲ့နည်းလမ်းမျိုး ဘာလို့မစဉ်းစားမိခဲ့ပါလိမ့်…’

“ရှစ်တိလေး ဒီမှာစောင့်နေဦးနော်၊ အစ်မကြီးစန်း အပေါ်တက်လိုက်ဦးမယ်!”

ထိုနောက် ယန်ရုန်ရုန် ဓားပေါ်ခုန်တက်ပြီး ထုပ်တန်းတွေပေါ်သို့ ပျံတက်သွားလေတော့သည်။

ယွင်ကျဲ မကျေမနပ် တီးတိုးရေရွတ်ရင်း ကျန်ခဲ့လေသည်။

“ဘယ်သူ့ကို ‘ရှစ်တိ’လို့ လာခေါ်နေတာလဲ…”

-

ယန်ရုန်ရုန် ထုပ်တန်းတစ်တန်းပေါ် ခုန်တက်လိုက်ပြီးနောက် ဝူဝမ့်ဓားကို လက်ထဲမှာ ဆုပ်ကိုင်လိုက်ပါသည်။

အနီးကပ်ကြည့်လိုက်သောအခါ မျက်နှာကြက်ပေါ်မှာ ထွင်းထုထားသည့် သားရဲရုပ်ပုံကြီးက ပိုလို့တောင် အသက်ဝင်နေပါသေးသည်။ ကြမ်းကြုတ်သည့် မျက်နှာထားကြီးက အချိန်မရွေး ခုန်အုပ်တော့မည့် ပုံစံမျိုးဖြစ်နေသည်။

ယန်ရုန်ရုန် ဝူဝမ့်ဓားကို မြှောက်ကာ ထိုသားရဲရုပ်ပုံအား ထိုးစိုက်ဖို့ ပြင်လိုက်ပါသည်။ ထိုစဉ် ယန်ရုန်ရုန် အမြင်အာရုံတွေ ဝေဝါးသွားခဲ့ပြီး သူမရှေ့မှောက်တွင် လူလေးဦးပေါ်လာခဲ့သည်။

ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့နှင့် ရှုယင်တို့ လေးဦးပင်။

သို့သော် ထိုလေးဦး၏ ခေါင်းတွေကိုသာ ထင်ထင်ရှားရှား မြင်ရပြီး လည်ပင်းမှစ၍ ခြေဖျားအဆုံးအထိ ဆင်ဆာဖြတ်ခံထားရသကဲ့သို့ အဖြူရောင်တွေလင်းကာ အစက်အပြောက်များဖြင့် မှုန်ဝါးနေခဲ့ဿည်။

ယန်ရုန်ရုန် ဘာမှမမြင်ရပေ။

သို့သော် ထိုမြင်ကွင်းမျိုးကို သူမ အသားကျနေပါပြီ။ စနစ်မှာ ပါဝင်သည့် ဆင်ဆာဖြတ်လုပ်ဆောင်ချက်ကြောင့် လည်ပင်းအောက်ပိုင်းမှ မည်သည့်အရာကိုမျှ ကြည့်ခွင့်မရှိသလို အလွန် ကြမ်းကြုတ်သည့် သို့မဟုတ် သွေးထွက်သံယို များသည့် မြင်ကွင်းတွေကလည်း အကုန်မှုန်ဝါးနေတတ်သည်။

စနစ်က ငှက်ပေါက်ကလေးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ထိုလုပ်ဆောင်ချက်မှာ ယခုအချိန်အထိ အာနိသင်ရှိနေဆဲပင်။

“စန်းချွမ်…”

“ရှောင်းရှောင်း…”

“ကျူးကျူး…”

“ယောင်ယောင်…”

ထိုလေးဦး အမည်တွေအသီးသီးခေါ်ဆိုရင်း ယန်ရုန်ရုန်နား ချဉ်းကပ်လာခဲ့သည်။ လေးဦးစလုံး၏ မျက်ဝန်းများက မေတ္တာတရားများဖြင့် ပြည့်နှက်နေပြီး ရုတ်တရက်ကြည့်လိုက်လျှင် ယန်ရုန်ရုန်မရှိပါက အသက်ဆက်မရှင်နိုင်တော့မည့် ပုံစံမျိုးပင်…

ယန်ရုန်ရုန် တစ်စက္ကန့်လေးတောင် မတွန့်ဆုတ်ခဲ့ဘဲ ဓားကိုတစ်ချက်ဝှေ့ရမ်းလိုက်ပြီး လူလေးယောက်စလုံးကို အစက်အပြောက်များဖြစ်သွားအောင် ခုတ်ထစ်ပစ်လိုက်ပါသည်။ လေးယောက်စလုံး ပျောက်ကွယ်မသွားခင် ယန်ရုန်ရုန် နှလုံးသားမဲ့လွန်းတာကို မယုံကြည်နိုင်သည့် အကြည့်မျိုးဖြင့် ကြည့်သွားခဲ့ကြသေးသည်။

ယန်ရုန်ရုန်ကတော့ မတုန်လှုပ်ခဲ့ပေ။ နှလုံးသားကို ဘိလပ်မြေဖြင့် အလုံပိတ်ထားသကဲ့သို့ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့ပါသည်။

ယန်ရုန်ရုန်ရှေ့ရှိ ‘အစက်အပြောက်များ’ မကျေနပ်စွာဖြင့် ပျောက်ကွယ်သွားခဲ့ကြသည်။ သို့သော် သိပ်မကြာလိုက်ဘဲ အသားဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းသည့် ကလေးလေးတစ်ယောက် ပေါ်လာခဲ့ပြန်သည်။

ထိုကောင်လေးက ဝမ်းနည်းပက်လက်ငိုကြွေးနေခဲ့ပြီး ယန်ရုန်ရုန်အား မျက်ရည်အပြည့်ဖြင့် တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။

“အစ်မကြီး… သားလမ်းပျောက်နေလို့… သားကို အိမ်ပြန်ခေါ်သွားပေးပါလားဟင်”

သနားစရာကောင်းသည့် မျက်နှာလေးကို မြင်ပြီး ငြင်းရက်သူရှိနိုင်မည်မထင်ပေ။

ထို့ကြောင့် ယန်ရုန်ရုန်လည်း ချက်ချင်း သဘောတူလိုက်ပါသည်။

“ကောင်းပြီလေ၊ အစ်မကြီးက မောင်လေးရဲ့ ဘိုးဘေးတွေဆီ ရောက်အောင် ပြန်ပို့ပေးမှာပေါ့”

ဝှစ်!

ယန်ရုန်ရုန် ဓားဖြင့် နောက်တစ်ချက် ခုတ်ချလိုက်သည်။ ငိုသံတွေ ချက်ချင်းပျောက်ကွယ်သွားပြီး ကလေးလေးလည်း အစက်အပြာက်များအဖြစ် အသွင်ပြန်ပြောင်းသွားခဲ့ပါသည်။

ပုံရိပ်ယောင် အရှင်သခင်လည်း နားလည်သွားပုံရသည်။ ဒီမိန်းမက နှလုံးသားအတော်မဲ့သဖြင့် ချစ်မေတ္တာ၊ ဂုဏ်သိ က္ခာများဖြင့် သူမကို ဖြားယောင်းနိုင်မှာ မဟုတ်ပေ။ အနုနည်းဖြင့် မအောင်မြင်သဖြင့် အကြမ်းနည်းကိုသာ ထုတ်သုံးရပါတော့မည်။

ယန်ရုန်ရုန် ဘေးပတ်လည်ရှိ အပူရှိန်များ ထိုးကျသွားခဲ့သည်။ အေးစက်သည့် ယင်စွမ်းအင်များ ဝန်းရံလာကာ အရပ်မျက်နှာ ပေါင်းစုံမှ တစ္ဆေသရဲတွေ ထွက်လာခဲ့ပါသည်။ အံ့အားသင့်ဖို့ကောင်းစွာဖြင့် ထိုတစ္ဆေသရဲများ၏ မျက်နှာများက ယန်ရုန်ရုန့် မျက်နှာတွေပဲ ဖြစ်နေလေသည်။။ လက်သည်းကြီးတွေကို ထုတ်လျက် သူမကို ဟိန်းဟောက်နေပြီး အရှင်လတ်လတ် ဝါးမျိုတော့မည့် ပုံစံမျိုးပင်။

သာမန်လူတစ်ယောက်ဆိုလျှင်တော့ ထိုမြင်ကွင်းကြောင့် သွေးပျက်မတတ်ထိတ်လန့်သွားနိုင်သည်။ သို့သော် ယန်ရုန်ရုန်ကတော့ ဂရုမစိုက်ပေ။

သတ္တိရှိလွန်းလို့ မဟုတ်သော်လည်း သူမ မျက်လုံးထဲ အစက်အပြောက်တွေကိုသာ မြင်နေရခြင်းကြောင့်ဖြစ်သည်။

အစက်အပြောက်ပေါင်းများစွာ လေထဲမှာ ဝဲပျံနေခဲ့သည်။ ထိုအစက်အပြောက်များကို အချိန်အတော်အောင် ကြည့်မိလျှင် ကြောက်ဖို့နေနေသာသာ ခေါင်းမူးစရာပင် ကောင်းလှပါသည်။

ထို့ကြောင့် ယန်ရုန်ရုန် မကြောက်ခဲ့ပါ။

ပုံရိပ်ယောင်မှန်သမျှကို ယန်ရုန်ရုန် ဓားဖြင့် ခုတ်ပိုင်းခဲ့သည်။ သူမနားသို့ ကပ်လာသည့် ‘အစက်အပြောက်’မှန်သမျှ အဆုံးသတ် မလှခဲ့ပေ။

သိပ်မကြာလိုက်ဘဲ ပုံရိပ်ယောင်တွေအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ကြမ်းပြင်ပေါ်မှာလည်း အစက်အပြောက်တွေ ပုံလာခဲ့ပါသည်။

ထိုအစက်အပြောက်တွေကြားထဲ ယန်ရုန်ရုန် ခိုင်ခိုင်မြဲမြဲ ရပ်တည်နေခဲ့သည်။ သူမလက်ထဲရှိ ဝူဝမ့်ဓားကလည်း အေးစက်သည့် အရှိန်အဝါများ ထုတ်လွှင့်နေသည်။

ခုတ်ရထစ်ရတာကို သဘောကျသဖြင့် ယန်ရုန်ရုန် ခုတ်လို့ မဝသေးပေ။

“ဒီလောက်ပဲလား၊ ဘာလို့ ထပ်မလာကြတော့တာလဲ”

All Chapters