အခန်း (၁၉၄)
Vol. 18 Ch. 194
နင်ရှန့်က အေးဆေးဆက်ပြောပြသည် "မဟုတ်ရင် ကျွန်မတို့ရဲ့ မသေမျိုးရှာဖွေရေးမျှော်စင်မှာ မသေမျိုးပညာရပ်တွေ ဘယ်လိုလုပ် ရှိနေပါ့မလဲ။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကစပြီး သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်တွေ ခမ်းခြောက်လာခဲ့တာပဲ။ မသေမျိုးပညာရပ်တွေ ရှိနေပေမဲ့လည်း အောင်မြင်အောင် ကျင့်ကြံဖို့ကတော့ အလွန်ခက်ခဲလှပါတယ်"
ဝိညာဉ်စွမ်းအင် ခမ်းခြောက်မှု။
ချန်ဆန်းရှီသည် ထိုအကြောင်းကို သိရှိပြီးသားဖြစ်ရာ သူက မေးလိုက်သည် "ဒါဆိုရင် ခင်ဗျားတို့က ကျွန်တော့်ဆီက ဘာကို လိုချင်နေတာလဲ"
အခုလက်ရှိ လောကကြီးမှာဆိုရင် ဧကရာဇ်မင်းမြတ်၊ ဘုရင်ခံနဲ့
မိစ္စာဂိုဏ်းချုပ်... ဒီသုံးယောက်ပဲ မသေမျိုးလမ်းစဉ်မှာ အောင်မြင်မှု တစ်စုံတစ်ရာ ရထားတာပါ"
နင်ရှန့်က ပြောပြသည် "အဲဒီထဲမှာမှ ဘုရင်ခံဆွန်က မသေမျိုးတွေနဲ့ အဆက်အသွယ် အရှိဆုံးပဲ။ ခင်ဗျားက သူ့ရဲ့ တပည့်ရင်း ဖြစ်နေတာဆိုတော့..."
"ရှင်ဒီကို ရဲရဲဝံ့ဝံ့ လာရဲတယ်ဆိုကတည်းက ဒါဟာ ဘုရင်ခံရဲ့ ခွင့်ပြုချက်ပါမှာ သေချာတယ်။ ဒါက ဘာကို သက်သေပြနေသလဲဆိုရင် ရှင်ကဘုရင်ခံရဲ့ မသေမျိုးပညာရပ်တွေကို ဆက်ခံနိုင်မယ့် တစ်ဦးတည်းသောလူ ဖြစ်သလို၊ မသေမျိုးပညာရပ်တွေ၊ မသေမျိုးတွေနဲ့ မသေမျိုးနယ်ပယ်ရဲ့ တံခါးပေါက်ကိုပါ ထိတွေ့ခွင့်ရမယ့်လူ ဖြစ်နေလို့ပဲ"
သူမက ဆက်ပြောသည်"ကျွန်မ ရှင့်ကို ဒီကို ဖိတ်ခေါ်ရတဲ့ တောင်းဆိုချက်က တစ်ခုတည်းပါ။ တကယ်လို့ တစ်နေ့မှာ ရှင်တကယ့်မသေမျိုးနယ်ပယ်ထဲကို ဝင်ခွင့်ရခဲ့မယ်ဆိုရင် ကျွန်မနဲ့ ကျွန်မရဲ့ တပည့်တွေကိုပါ ခေါ်သွားပေးဖို့ပါပဲ"
ချန်ဆန်းရှီက သက်ပြင်းချရင်း"နတ်သမီးရှန့်... ကျွန်တော်လို အတွင်းအားသန့်စင်မှုအဆင့် ရှိတဲ့ သိုင်းသမားလေးတစ်ယောက်နဲ့ ဒီလိုကိစ္စတွေကို ဆွေးနွေးနေတာက နောက်ပြောင်နေသလို ဖြစ်မနေဘူးလား"ဟု မေးလိုက်သည်။
"သိုင်းပညာက သိုင်းပညာပဲ၊ မသေမျိုးလမ်းစဉ်က မသေမျိုးလမ်းစဉ်ပဲ။ ဒီနှစ်ခုကို တစ်တန်းတည်း ထားလို့ မရပါဘူး"
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ရှင်းပြသည် "သိုင်းပညာအရဆိုရင် ကျွန်မက အတွင်းအားသန့်စင်မှု အထွတ်အထိပ်အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မဟာသွေးကြောအဆင့်ရှိတဲ့သူ တစ်ယောက်က ကျွန်မရှေ့မှာ ရပ်နေရင်တောင် ကျွန်မ သူ့ကို အလွယ်တကူ သတ်နိုင်ပါတယ်"
"ဒါပေမဲ့ ဘုရင်ခံဆွန်ကတော့ မတူဘူး။ သူက သိုင်းပညာကနေတစ်ဆင့် မသေမျိုးလမ်းစဉ်ထဲကို ဝင်ခဲ့တာ။ ဒါက အခက်ခဲဆုံး လမ်းစဉ်ပဲ။ ရှင်ကရော..."
"ကျွန်မ ခဏလောက် ခံစားကြည့်လို့ ရမလား"သူမက မေးသည်။
အတွင်းအားသန့်စင်မှုအဆင့်ကနေ မသေမျိုးဖြစ်အောင် ကျင့်ကြံလို့ ရတာလား..
ချန်ဆန်းရှီသည် သူ၏ အစ်ကိုကြီးက သူ့ကို လမ်းစဉ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်းခဲ့တာကို သတိရသွားသည်။ ဒါဆိုရင် သူလည်း အခုကတည်းက မသေမျိုးလမ်းစဉ်ကို ကျင့်ကြံလို့ ရနေပြီပေါ့နှမြောဖို့ကောင်းတာက သူ့လက်ထဲမှာ မသေမျိုးလမ်းစဉ် ကျင့်စဉ် မရှိခြင်းပင်။ ဆရာ့မှာ ရှိခဲ့ရင် သေချာပေါက် ပေးခဲ့မှာပါ။ အခု သူ့လက်ထဲမှာ ကျင့်လို့မရသေးတဲ့ ဂါထာမန္တန် တစ်ခုပဲ ရှိသေးသည်။
"ဗိုလ်ချုပ်... အထင်မမှားပါနဲ့။ ကျွန်မက ရှင်တခြားလမ်းစဉ်ကို ရွေးချယ်နိုင်မလားဆိုတာကို ကြည့်ချင်ရုံတင်ပါ"
နင်ရှန့်က သူ့အနားကို တိုးကပ်လာပြီး"ဖြစ်နိုင်မယ်ဆိုရင် ရှင်ခေါင်းညိတ်ရုံနဲ့ မသေမျိုးရှာဖွေရေးမျှော်စင်ထဲကို ဝင်ပြီး သွေးသစ္စာဆိုလိုက်ရုံပဲ။ ဒါဆိုရင် ကျွန်မ မျှော်စင်သခင်ဆီမှာ ခွင့်တောင်းပြီး ရှင့်ကို ကျင့်စဉ်တွေ သင်ပေးပါ့မယ်"
"မလိုအပ်ပါဘူး" ချန်ဆန်းရှီက ငြင်းလိုက်သည်။
သူသည် တခြားအဖွဲ့အစည်းတစ်ခုထဲကို ဝင်ဖို့ စိတ်မဝင်စားသလို၊ သွေးသစ္စာဆိုရတာမျိုးကိုလည်း ပိုလို့တောင် မနှစ်သက်ပေ။
"နတ်သမီးရှန့် ခင်ဗျားက ကျွန်တော့်ကို ဘာမှမပေးဘဲ အလကား ခိုင်းဖို့ စိတ်ကူးထားတာလား"
"သေချာပေါက် မဟုတ်ပါဘူး" နင်ရှန့်က သူမ၏ ရင်ဘတ်ထဲကနေ အိတ်လေးတစ်အိတ် ထုတ်လိုက်သည်"ကျွန်မကို အဲဒီလို မကြည့်ပါနဲ့ဦး။ ဒီလို အရေးကြီးတဲ့အရာကို စိတ်ချရအောင် ကိုယ်နဲ့မကွာ ထားရတာပေါ့၊ ဟုတ်တယ်မလား"
"ဆရာမ"
ကျောက်ကျောက်က ဝမ်းနည်းစွာ ပြောသည်"ကျွန်မတို့ဆီမှာ ဝိညာဉ်သဲ နည်းနည်းပဲ ကျန်တော့တာလေ။ ဒါကို တကယ်ပဲ ဒီလူယုတ်မာကို ပေးမှာလား"
"ကျောက်ကျောက်... ယဉ်ကျေးစမ်း"
နင်ရှန့်က အေးဆေးစွာပင်"စီးပွားရေးလုပ်ရင် ရိုးသားမှုကို ပြရမယ်လေ"
"ဝိညာဉ်သဲ"
ချန်ဆန်းရှီက လှမ်းယူရန် လက်ဆန့်လိုက်သော်လည်း နင်ရှန့်က သူမ၏လက်ကို ပြန်ရုတ်လိုက်သည်။
"ဗိုလ်ချုပ်"
နင်ရှန့်က ခေါင်းငုံ့ပြီး သနားစဖွယ် ပုံစံမျိုးလုပ်ကာ "ဒီအရာကို ယူလိုက်ရင် နောက်ကျရင်ရှင့်ရဲ့ ကတိအတိုင်း တည်ရမယ်နော်။ ကျွန်မဆီက အကုန်ညှစ်ယူပြီးမှ ပစ်မထားခဲ့ပါနဲ့ဦး"
"ကျွန်တော် ကတိပေးပါတယ်" ချန်ဆန်းရှီက တွေဝေမနေဘဲ ပြောလိုက်သည်။
မသေမျိုးနယ်ပယ်ဆိုတာက အလှမ်းဝေးသေးသော်လည်း၊ လက်ရှိမှာတော့ ထိုအိတ်လေးထဲကနေ ချင်ရွှမ်စွမ်းအင် တွေ အားကောင်းစွာ ထွက်ပေါ်နေတာကို သူ မြင်နေရသည်။ အထဲက အရာတွေနဲ့ဆိုရင် သူမန္တန်ကို သေချာပေါက် ကျင့်ကြံနိုင်တော့မည်..
သူ့ဆီက ကတိရသွားတော့မှ နင်ရှန်က စိတ်ချလက်ချ အိတ်ကို ပေးလိုက်သည်။ ချန်ဆန်းရှီ အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ပိုးစုန်းကြူးရောင် တောက်နေသည့် ကျောက်သလင်းမှုန့်လေးများကဲ့သို့ သဲများကို တွေ့လိုက်ရသည်။
"ဒါကို ဝိညာဉ်သဲလို့ ခေါ်ပါတယ်" ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ရှင်းပြသည်"ရှေးဦးကမ္ဘာဦးကာလတုန်းက ဝိညာဉ်စွမ်းအင်တွေ အရမ်းပေါများခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်လဲမသိဘဲ နှစ်ပေါင်း ထောင်ချီအတွင်းမှာ အလျင်အမြန် ခမ်းခြောက်သွားခဲ့တယ်။ အခုဆိုရင် လူတွေက သိုင်းပညာကိုပဲ ရောထွေးနေတဲ့ ချီတွေနဲ့ ကျင့်ကြံနေကြရတယ်။ ဒါပေမဲ့ မသေမျိုးလမ်းစဉ်ကို ကျင့်ဖို့ကတော့ ဝိညာဉ်စွမ်းအင် ရှိမှ ဖြစ်မှာ။ ဒါကြောင့် ရှေးဦးကာလက ကျန်ခဲ့တဲ့ အရာတွေဆီကနေ ဝိညာဉ်စွမ်းအင်ကို ရယူကြရတယ်။ ဝိညာဉ်သဲဆိုတာ အဲဒီထဲက တစ်ခုပဲ"
"နားလည်ပါပြီ" ချန်ဆန်းရှီက အိတ်ကို သိမ်းလိုက်သည်။
"ဒါနဲ့..."
နင်ရှန့်က စကားလမ်းကြောင်း ပြောင်းလိုက်သည်"လျန်ကျိုးမှာ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်"
"မိစ္စာဂိုဏ်းအကြောင်း ပြောတာလား"
"ဟုတ်တယ်... ဒါပေမဲ့ သူတို့တင် မဟုတ်ဘူး" နင်ရှန့်က ပြတင်းပေါက်ကို ဖွင့်ပြီး လော့ထျန်းတောင်တန်းဘက်ကို ကြည့်လိုက်သည်"တောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့နေရာမှာ အမှောင်ချီတစ်ခု ရှိနေတယ်"
"အမှောင်အရှိန်ဝါ"
ချန်ဆန်းရှီသည် တောင်နက်ထဲမှာ တစ်ခါက မြင်ခဲ့ရတဲ့ ကောင်းကင်အထိ မြင့်တက်နေတဲ့ နက်မှောင်တဲ့ စွမ်းအင်ကြီးကို သတိရသွားသည်။ အဲဒါကို အမှောင်ချီလို့ ခေါ်တာလား"
သူက မေးလိုက်သည်"အဲဒီအမှောင်ချီနဲ့ ဝိညာဉ်စွမ်းအင်က ဘာကွာခြားလို့လဲ"
"နှစ်ခုလုံးက မသေမျိုးနယ်ပယ်ကနေ လာတာပဲ။ ဒါပေမဲ့ အမှောင်ချီကတော့ အရမ်းကြမ်းတမ်းပြီး ဖျက်ဆီးလိုတဲ့စိတ် ရှိတယ်၊ ကျင့်ကြံဖို့ မသင့်တော်ဘူး။ ပုံမှန်ဆိုရင် အလိုအလျောက် ပေါ်မလာတတ်
ဘူး။ လော့ထျန်းတောင်တန်းမှာ ဘာဖြစ်နေတာလဲဆိုတာ ကျွန်မတို့လည်း မသိဘူး။ အဲဒီချီက တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာပြီး သက်ရှိတစ်ခုလို ဖြစ်နေပြီ"
နင်ရှန့်၏ မျက်လုံးများထဲတွင် စိုးရိမ်ရိပ်များ ရှိနေသည်"အခုတလော မိစ္စာဂိုဏ်းက တခြားဂိုဏ်းဝင်တွေကို အလွန်အမင်း သတ်ဖြတ်နေတာဟာ ဒါနဲ့ ပတ်သက်နေမလား မသိဘူး။ တကယ်လို့ ပတ်သက်နေရင် ဘယ်လို ပရမ်းပတာတွေ ဖြစ်လာဦးမလဲဆိုတာ မတွေးရဲစရာပဲ"
"ခင်ဗျားတို့ ဒီလောက်အထိ စိုးရိမ်နေရင် ဘာလို့ သွားမကြည့်ကြတာလဲ"
"ကျွန်မလည်း သွားချင်တာပေါ့ အဲဒီလောက် အားကောင်းတဲ့ ချီရှိရင် အထဲမှာ မသေမျိုးနယ်ပယ်ရဲ့ လျှို့ဝှက်ချက်တွေ ရှိနေနိုင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ခွန်အားက မလုံလောက်ဘူး" သူမက သက်ပြင်းချရင်း ပြောသည် "တောင်ထဲက အဲဒီအမှောင်ချီကြောင့် သောင်းကျန်းနေတဲ့ အဆိပ်သားရဲတွေက အရမ်းကြောက်စရာ ကောင်းတယ်။ ကျွန်မရဲ့ စွမ်းအားတွေက အဲဒီဒဏ်ကို မခံနိုင်ဘူး။ အဆင့်မြင့် သိုင်းပညာရှင်တွေဆိုရင်တော့ ဖြစ်နိုင်လောက်တယ်"
အဆင့်မြင့် သိုင်းပညာရှင်..
ဒါကို နားထောင်ပြီး ချန်ဆန်းရှီကတော့ မသေမျိုးလမ်းစဉ်ကို လိုက်တာထက် သိုင်းပညာ ကျင့်တာက ပိုထိရောက်သလို ခံစားလိုက်ရသည်။
"ကျွန်မက မသေမျိုးလမ်းစဉ်ပေါ်ကို ခြေချရုံပဲ ရှိသေးတယ်၊ တကယ့်မသေမျိုးဖြစ်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်" နင်ရှန့်က သူတွေးနေတာကို သိနေဟန်ဖြင့် ရှင်းပြသည်"ဒါ့အပြင် ဒီနေရာမှာ ဝိညာဉ်စွမ်းအင်ကလည်း ရှားပါးလှတာမို့ အဆင့်တက်ဖို့က မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့် ဗိုလ်ချုပ်... ဒီဝိညာဉ်သဲရဲ့ တန်ဖိုးကို သိထားပါ။ နောက်ကျရင် ကျွန်မကို မမေ့ပါနဲ့ဦး"