အခန်း (၁၉၆)
Vol. 18 Ch. 196
"ညီအစ်ကိုချန်... ညီအစ်ကိုချန်"
ကျင့်စဉ်လေ့ကျင့်ခန်း တစ်ခုအပြီးတွင် ချန်ဆန်းရှီသည် လှံရှည်ကို ချကာ ခေတ္တအနားယူနေစဉ် ယန်ချန်းချင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူ့နောက်တွင်လည်း စစ်သည်တော် အများအပြားမှာ ထပ်တူညီသော မျက်နှာပေးများဖြင့် လိုက်ပါလာကြသည်။
"မယုံနိုင်စရာပဲ... ဒါ တကယ်ကို မယုံနိုင်စရာပဲ"
ယန်ချန်းချင်းက အံ့သြတကြီး လက်ခုပ်တီးရင်း"ညီအစ်ကိုချန်ကတော့ ငါတို့အားလုံးအတွက် စံပြပုဂ္ဂိုလ်ပဲဗျာ"
"ဘာအတွက် စံပြဖြစ်ရတာလဲ"
ချန်ဆန်းရှီမှာ ဘာဖြစ်မှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ကြည့်စမ်းပါဦး... ဟန်ဆောင်မနေပါနဲ့ ညီအစ်ကိုရာ ပျော်စရာမကောင်းဘူး"
ယန်ချန်းချင်းက နောက်ပြောင်သော အပြုံးဖြင့် ပြန်ဖြေသည်"သတင်းတွေက တစ်မြို့လုံး ပျံ့နေပြီ အခုဆိုရင် လျန်ကျိုးမြို့တစ်မြို့လုံးက နင်ရှန့်နဲ့ ခင်ဗျားရဲ့ ရိုမန့်တစ်ဆန်တဲ့ ဇာတ်လမ်းအကြောင်း သိနေကြပြီ"
"အဲဒါပဲလေ"
ရှဲ့စူးရှု က ဝင်ဖြည့်သည်"ဗိုလ်ချုပ်ချန်... ခင်ဗျားရဲ့ ဝရဇိန်ခန္ဓာ က သိုင်းကွင်းကိုပဲ ပြိုကျစေတာ မဟုတ်ဘူး၊ ခုတင်ကိုပါ ပြိုကျပျက်စီးစေခဲ့တာပဲ။ ဒီနေ့မနက် ကျွန်တော် ထွက်လာတော့ အစေခံမလေးတွေက အပေါ်ထပ် ခြောက်ထပ်ကနေ ခုတင်အပျက်ကြီးကို ထမ်းချလာတာ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့တာ"
"ရှူးးး~"
"တပ်မှူးက သိုင်းကွင်းထဲမှာတင် ကြမ်းတာမဟုတ်ဘူး၊ ခုတင်ပေါ်မှာလည်း တကယ်ကို ရက်စက်တာပဲ..."
"..."
ချန်ဆန်းရှီသည် သူဖျက်ဆီးခဲ့သော ခုတင်အပျက်ကြီးအတွက် ဘယ်လိုမှ ရှင်းပြ၍ မရနိုင်တော့သဖြင့်၊ သူ၏ အထောက်အထား မပေါ်ပေါက်စေရန်အတွက် ထိုသတင်းကိုသာ အရှက်မရှိ လက်ခံလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
"ပြီးတော့ ခင်ဗျား ရေးခဲ့တဲ့ ကဗျာတစ်ပိုင်းတစ်စလေး... 'တောက်ပတဲ့ အနီရောင်အကိုင်းအခက်လေးက နှင်းစက်ရနံ့ကို ဆောင်ထားတယ်၊ ဝူရှန်းတောင်ပေါ်က တိမ်နဲ့မိုးဟာလည်း အလွမ်းသမားအတွက်တော့ အချည်းနှီးပါပဲ' တဲ့"
ယန်ချန်းချင်းက လျှာသပ်ရင်း"ခင်ဗျားပဲ ကဗျာမရေးတတ်ဘူးဆို"
ဒီကမ္ဘာမှာ ဝူရှန်းတောင် မရှိသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် နာမည်တူတောင် တစ်ခုရှိနေသည်။ ချန်ဆန်းရှီသည် ရေးသားစဉ်က တိတ်တဆိတ် ပြောင်းလဲရေးသားခဲ့ခြင်း ဖြစ်သည်။
"ဒုတိယပိုင်းကရော ဘာလဲဗျ"
"ဟုတ်တယ် ညီအစ်ကိုချန်... ကဗျာကို တစ်ပိုင်းတစ်စနဲ့ ချန်ထားခဲ့တာက မကောင်းတဲ့ အလေ့အထပဲ"
ဒီအရာရှိသားသမီးတွေနဲ့ သူဌေးသားတွေဟာ သိုင်းပညာ လေ့ကျင့်ကြသူတွေ ဖြစ်ပေမယ့် ငယ်စဉ်ကတည်းက ပညာသင်ကြားခဲ့ကြသူများ ဖြစ်သည်။ အချို့ဆိုလျှင် စာပေပညာရှင်များထက်ပင် မနိမ့်ကျကြပေ။ သို့သော် သူတို့က အာဏာနှင့် စွမ်းအားကို ပိုမို တန်ဖိုးထားကြသူများ ဖြစ်သည်။
"ညီအစ်ကိုချန်ရဲ့ ကဗျာအစွမ်းနဲ့သာ အစိုးရဝန်ထမ်းစာမေးပွဲ ဖြေမယ်ဆိုရင် သေချာပေါက် ထိပ်တန်းက အောင်မှာပဲ"
"..."
ချန်ဆန်းရှီသည် သူသာ စာဖတ်စာရေးခြင်းကိုပဲ အာရုံစိုက်ခဲ့လျှင် သေချာပေါက် အောင်မြင်မှု ရလိမ့်မည်ဟု ခံစားရသည်။ မြို့တော်ကဲ့သို့ နေရာမျိုးမှာ ကဗျာအချို့ကို ခိုးချရေးရုံဖြင့် တစ်ကမ္ဘာလုံး ကျော်ကြားနိုင်မည် ဖြစ်သော်လည်း ၎င်းမှာ အသုံးမဝင်ပေ။ ကျော်ကြားမှု ရရှိခဲ့လျှင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အဆင့်မြင့်သိုင်းသမားတွေကို ငှားရမ်းရဦးမည် မဟုတ်ပါလား။ ဒီကမ္ဘာမှာ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံနိုင်တာကမှ တကယ့် အနှစ်သာရဖြစ်သည်။
"ဒါပေမဲ့ ညီအစ်ကိုချန်... ခင်ဗျားမှာ မကောင်းတဲ့ အကျင့်တစ်ခုတော့ ရှိတယ်"
ယန်ချန်းချင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်"ခင်ဗျားက ဘယ်လိုလုပ်... သူမကို ပိုက်ဆံမပေးဘဲ နေခဲ့ရတာလဲ"
"အဲဒါပဲလေ"
"သတင်းတွေ ထွက်နေတာက ခင်ဗျား မထွက်ခွာခင်မှာ နင်ရှန့်ဆီက ငွေစင် ငါးထောင်တောင် ယူသွားသေးတယ်ဆိုပဲ။ ခင်ဗျားက အမြတ်တောင် ထွက်လိုက်သေးတယ်"
"တကယ့်ကို စံပြပုဂ္ဂိုလ်ပဲ"
"ဘာစံပြလဲဗျာ၊ ဗိုလ်ချုပ်ချန် လုပ်တာက မသင့်တော်ပါဘူး။ အဲဒီပိုက်ဆံတွေက ပင်ပင်ပန်းပန်း ရှာထားရတာကို၊ ဘယ်လိုလုပ် အလကားစားပြီး ပြန်လာရတာလဲ"
"..."
ချန်ဆန်းရှီသည် သူတို့ တတွတ်တွတ် ပြောနေကြစဉ်မှာပင် အချိန်မဖြုန်းလိုသဖြင့် ထိုနေရာမှ လစ်ထွက်လာခဲ့သည်။ မထွက်ခွာမီ စာကြည့်တိုက်မှ မဟာရှန်မင်းဆက်၏ မြေပုံလိပ်အချို့ကိုပါ ယူဆောင်လာခဲ့သည်။
နေရာအနှံ့မှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေသည်။ အပြင်ရန်သူတွေကို နှိမ်နင်းပြီးတာနဲ့ အတွင်းပဋိပက္ခတွေ ပေါ်လာတော့သည်။ မကြာခင်မှာ နောက်ထပ် စစ်ပွဲတစ်ခု ဖြစ်လာနိုင်ပြီး အရံတပ်စခန်းက စစ်သည်တော်တွေလည်း စစ်မြေပြင်ကို ထွက်ရဖွယ် ရှိသည်။ စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် အခြေအနေကို အချိန်မရွေး ခွဲခြမ်းစိတ်ဖြာနိုင်ရန် မြေပုံများကို လက်ဝယ်ထားရှိခြင်းမှာ သဘာဝပင်ဖြစ်သည်။
သူ၏ မြင်းဖြူကို စီးနင်းကာ အိမ်မပြန်မီ လူစည်ကားသော လုဟွာလမ်း သို့ ဝင်ခဲ့သည်။ ထိုလမ်းသည် အမျိုးသမီး အဆင်တန်ဆာများ၊ နှုတ်ခမ်းနီနှင့် အလှကုန်ပစ္စည်းများ ရောင်းချသော ဆိုင်များဖြင့် ပြည့်နှက်နေသည်။ သူသည် အစည်ကားဆုံးဆိုင်ထဲသို့ ဝင်ကာ ငွေစင်ရာဂဏန်း အကုန်အကျခံပြီး လက်ဝတ်ရတနာအချို့ကို ဝယ်ယူကာ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်သို့ မရောက်မီမှာပင် အိမ်ရှေ့တွင် တာအိုဝတ်စုံဝတ်ထားသော တာအိုလူငယ်လေး တစ်ဦး ရပ်နေသည်ကို အဝေးကပင် မြင်လိုက်ရသည်။
စီယွင်ဘုရားကျောင်း က ထပ်ရောက်လာပြန်ပြီ။
"ဒကာ"
တာအိုလူငယ်လေးက ဦးညွှတ်ကာ"ဘာလို့ လွန်ခဲ့တဲ့ ရက်ပိုင်းက တရားပွဲကို မလာခဲ့တာလဲခင်ဗျာ"
ချန်ဆန်းရှီ မြင်းပေါ်ကဆင်းကာ "ဆရာငယ်လေး... ဆရာကြီး ချိုးမင်ကျစ် ကို ပြန်ပြောပေးပါ။ ကျွန်တော် အခုတလော စစ်ဘက်ရေးရာတွေနဲ့ အရမ်းအလုပ်များနေလို့ပါ။ အချိန်ရတာနဲ့ သေချာပေါက် လာခဲ့ပါ့မယ်။ ကောင်းကင်ဘုံအရှင်ကိုလည်း ပူဇော်ကန်တော့ပြီး အလှူငွေတွေလည်း ထည့်ပါ့မယ်" ဟု ပြောလိုက်သည်။
"ဒါဆို နောက်တစ်ခါတော့ မမေ့ပါနဲ့ဦး ဗိုလ်ချုပ်ချန်။ ကျွန်တော့်ဆရာက ပြောပါတယ်၊ ခင်ဗျားမှာ တာအိုတရားနဲ့ ရေစက်ရှိတယ်တဲ့။ တရားပွဲတွေကို ဆက်တိုက်တက်မယ်ဆိုရင် တာအိုအမွေအနှစ်တွေကို သေချာပေါက် နားလည်သဘောပေါက်နိုင်ပါလိမ့်မယ်။ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရမှာ နှမြောဖို့ ကောင်းပါတယ်"
နောက်တစ်ကြိမ် ဦးညွှတ်ပြီးနောက် တာအိုလူငယ်လေး ထွက်ခွာသွားသည်။
'ငါ တကယ်ပဲ သူတို့ရဲ့ အာရုံစိုက်မှုကို ခံနေရတာလား'
ချန်ဆန်းရှီ၏ အကြည့်များမှာ နက်ရှိုင်းသွားသည်။
သူ စုံစမ်းကြည့်ထားပြီးဖြစ်သည်။ စစ်တပ်ထဲမှာ စီယွင်ဘုရားကျောင်းကို သွားတဲ့ အဆင့်မြင့်ဗိုလ်ချုပ်ဆိုတာ မရှိသလောက်ပင်။ တစ်ဖက်မှာလည်း စစ်သည်တော်တွေက သူ့လိုပဲ ဒီလိုအရာတွေကို မယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ နောက်တစ်ချက်က ဘုရင်ခံ ကိုယ်တိုင်ကလည်း ဒီဘုရားကျောင်းကို မနှစ်သက်သဖြင့် သူ့လက်အောက်ငယ်သားတွေကလည်း အလိုအလျောက် ရှောင်ကြဉ်ကြခြင်း ဖြစ်သည်။
'ဆရာကရော ဒီကိစ္စရဲ့ အနက်အဓိပ္ပာယ်ကို သိရဲ့လား'
'တကယ်လို့ သိတယ်ဆိုရင် ဘာလို့ အခုထိ မဖြေရှင်းသေးတာလဲ...'
ဟွာကျင်းအဆင့် အဆေးစားအောင်မြင်မှု..
ချန်ဆန်းရှီ မှတ်မိသလောက်ဆိုရင် ချိုးမင်ကျစ်ဆိုတာ ဟွာကျင်အဆင့်အသေးစားအောင်မြင်မှုလောက်ပဲ ရှိတဲ့သူ ဖြစ်သည်။ သူ၏ ကိုယ်ပေါ်မှာ ချင်းရွှမ်းစွမ်းအင် ဒါမှမဟုတ် ခရမ်းရောင်စွမ်းအင်တွေကို သူ မတွေ့ရှိခဲ့ပေ။ သို့သော် ထိုထူးဆန်းသော အမွှေးနံ့သာတွေနဲ့ ပတ်သက်နေတာကြောင့် သူ့မှာ ဘယ်လို လျှို့ဝှက်လက်နက်တွေ ရှိနေဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
သူ အခြေအနေကို ကြည့်ပြီး တစ်လှမ်းချင်း သွားရမည်။ တကယ်လို့ သူတို့က အတင်းအကျပ် လာခေါ်နေမယ်ဆိုရင်တော့ သူ စွန့်စားပြီး တိုက်ခိုက်ရပေလိမ့်မည်။
လောလောဆယ် အရေးကြီးဆုံးကတော့ ဟွာကျင်းအဆင့်ကို အမြန်ဆုံး ဖောက်ထွက်နိုင်ဖို့နဲ့ ဓားချီမန္တာန်ကို တစ်ပြိုင်တည်း ကျင့်ကြံနိုင်ဖို့ပဲ ဖြစ်သည်။
"သခင်ကြီးပြန်လာပြီ~"
စီချင် နှင့် မိုဟွာ တို့နှစ်ဦးစလုံး အိမ်ရှေ့မှာ စောင့်နေကြသည်။
မိုဟွာက ဗိုင်ဟူမြင်းကို အထဲသို့ ခေါ်သွားစဉ် စီချင်က တိုးတိုးလေး ကပ်ပြောသည်"သခင်ကြီး... သခင်မစိတ်ဆိုးနေတယ်"
"နီရောင်လက်မျှော်စင်ကိစ္စကြောင့်လား"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"
စီချင်က ခေါင်းကို တရစပ် ညိတ်ပြသည်"ဒီနေ့ ကျွန်မ ဈေးသွားတုန်းက လက်ဖက်ရည်ဆိုင် ရှေ့က ဖြတ်တော့ တစ်လမ်းလုံး ဒီသတင်းတွေပဲ ပြောနေကြတာ။ တစ်ပြည်လုံး ကျော်ကြားတဲ့ ဘုရင်ခံရဲ့ တပည့်၊ သိုင်းစွမ်းရည်ပြည့်ဝတဲ့ ဗိုလ်ချုပ်ကြီးဟာ ပြည့်တန်ဆာအိမ်သွားပြီး ပိုက်ဆံမပေးဘဲ ပြန်လာတယ်တဲ့။ အိုရန်ကလည်း ရှင့်ကို ရှာဖို့ လူတွေကို လမ်းပေါ်လွှတ်ထားတယ်တဲ့ရှင်"
"ဘာမှ စိတ်မပူနဲ့၊ ငါ ရှင်းပြလိုက်ပါ့မယ်"
ချန်ဆန်းရှီသည် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
အစ်မလန်သည် ထုံးစံအတိုင်း စားပွဲတွင် ထိုင်နေပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ပန်းထိုးနေသည်။ အပြင်ပန်းတွင်တော့ စိတ်ဆိုးနေသည့် အရိပ်အယောင် လုံးဝမရှိပေ။
သူမက ဒီလောက်အထိ တည်ငြိမ်နေလေ၊ သူက ပိုပြီး အပြစ်မကင်းသလို ခံစားရလေ ဖြစ်နေပြီး စကားကို ဘယ်ကနေ စပြောရမှန်း မသိဖြစ်နေသည်။
"မောင်လေး ပြန်လာပြီလား"
နောက်ဆုံးတွင် ဂူရှင်းလန် ကပဲ စကားစတင်လိုက်သည်။
"ဟုတ်ကဲ့"
ချန်ဆန်းရှီက သူမရှေ့မှာ ထိုင်လိုက်ပြီး ဘူးအချို့ကို ထုတ်ပြလိုက်သည် "ပြန်လာတဲ့လမ်းမှာ အစ်မအတွက် လက်ဝတ်ရတနာလေးတွေ ရွေးလာခဲ့တယ်။ ကြိုက်ရဲ့လား ကြည့်ပါဦး။ တကယ်လို့ မကြိုက်ရင် အသစ် ပြန်လဲပေးပါ့မယ်"