အခန်း (၁၉၇)
Vol. 18 Ch. 197
"အမလန်... စကားမပြောဘဲ မနေပါနဲ့ဦး"
"မဟုတ်ရင် မောင်လေးကိုယ်တိုင် အဖိုးတန်ဆေးဘက်ဝင်အပင်တွေနဲ့ နှုတ်ခမ်းနီ ဖော်စပ်ပေးမယ်လေ။ အဲဒါဆို ကလေးကိုလည်း မထိခိုက်သလို အသားအရေကိုလည်း ကာကွယ်ပေးနိုင်တယ်"
"အဲဒါမှမဟုတ်ရင်လည်း အစ်မက..."
"ဖတ်~"
နားထောင်နေရင်းနှင့် ဂူရှင်းလန် က ရုတ်တရက် မျက်နှာကို လက်နှင့်အုပ်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။ ချန်ဆန်းရှီမှာတော့ ပို၍ပင် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
"ကဲပါ... မောင်လေးကို စနောက်နေတာပါ"
ဂူရှင်းလန်က စိတ်ဆိုးဟန်ဆောင်ရင်း ပြောသည် "ပြီးခဲ့တဲ့တစ်ခေါက်က မောင်လေး အရေးကြီးကိစ္စတွေ ရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ မောင်လေးကို တကယ်ကြီး စိတ်ဆိုးနေတယ်လို့ ထင်နေတာလား"
"အဲဒါက..."
ချန်ဆန်းရှီမှာ စီချင်နှင့် မိုဟွာတို့ကတောင် သူမ စိတ်ဆိုးနေသည်ဟု ဘာကြောင့် ပြောနေကြသလဲဆိုသည်ကို ဝေခွဲမရ ဖြစ်နေသည်။
"ဒါက အပြင်လူတွေ မြင်အောင် လုပ်ပြရတာလေ"
သူ့အတွေးကို ရိပ်မိဟန်ဖြင့် ဂူရှင်းလန်က ရှင်းပြသည်"ပြည့်တန်ဆာအိမ်မှာ အဲဒီလောက် ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့မှတော့ အပြင်လူတွေ အထင်မှားအောင် လုပ်နေတာ မဟုတ်လားဇနီးဖြစ်တဲ့သူက ဘာမှ မတုံ့ပြန်ဘူးဆိုရင် ပိုပြီးတော့ ထူးဆန်းနေဦးမယ်။ အစ်မက သိုင်းပညာလည်း မတတ်တဲ့ မိန်းမသားတစ်ယောက်ဆိုတော့ အပြင်ကိစ္စတွေမှာ မကူညီနိုင်ရင်တောင် အိမ်ထဲမှာ မောင်လေးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူးလေ"
"ငါ့ရဲ့ အစ်မလန်က ဒီလောက်တောင် ထက်မြက်တာလား"
ချန်ဆန်းရှီမှာ အံ့သြသွားပြီး သူမကို နောက်ကနေ ဖက်လိုက်သည်။
"တော်တော့... လျှောက်မလုပ်နဲ့ဦး၊ ကလေး ထိခိုက်ဦးမယ်"
ဂူရှင်းလန်က သူ့လက်တွေကို ပုတ်ထုတ်ကာ တည်ကြည်စွာ ပြောသည် "မောင်လေး... အစ်မကတော့ ဘာမှ မဖြစ်ပေမယ့်၊ ဒီနေ့မနက် ဆွန်လီလာတုန်းကတော့ စိတ်ကြည်ပုံမရဘူးနော်"
"တကယ်ကြီးလား"
"မောင်လေးက တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆွန်လီက နေ့တိုင်း ဒီကိုလာနေတာ၊ အစ်မကို ပြုစုဖို့ သက်သက်ပဲ လာတယ်လို့ ထင်နေတာလား"
"တစ်ဝက်ကတော့ ဟုတ်မယ်ထင်တယ်၊ ကျန်တဲ့တစ်ဝက်ကတော့...။ ကျွန်တော် အဲဒီအကြောင်းတွေကို သိပ်မစဉ်းစားမိသေးဘူး။ တကယ်လို့ ဆွန်လီက သဘောတူရင်တောင်မှ သူမရဲ့ ဂုဏ်သိက္ခာက ဘယ်မှာ ရှိမလဲ"
သူ့ဆရာရဲ့ သမီးကို မယားငယ် အဖြစ် ဘယ်လိုလုပ် ထားလို့ ရပါ့မလဲ။ သူ့ဆရာက အခုချိန်မှာ ဘာမှ မပြောသေးသော်လည်း ဒီကိစ္စကြောင့် အနည်းငယ်တော့ စိတ်ဆိုးနေနိုင်ပေသည်။
"မောင်လေး... အစ်မက..."
"မပြောပါနဲ့တော့"
ချန်ဆန်းရှီက သူမ၏ ပါးစပ်ကို ပိတ်လိုက်သည်"ဒီကိစ္စက အစ်မအပေါ် ဘာမှ သက်ရောက်မှု မရှိစေရဘူး။ ဆရာက သဘောထားကြီးတဲ့သူမို့ တကယ်ကြီး စိတ်ဆိုးမှာ မဟုတ်ပါဘူး။ အနားယူလိုက်ပါဦး၊ ကျွန်တော် သွားလေ့ကျင့်တော့မယ်"
သူသည် နောက်ဖေးခြံထဲသို့ သွားကာ ခြံတံခါးကို သော့ခတ်လိုက်သည်။ ထို့နောက် ဝိညာဉ်ဖျက်လှံ နှင့် ဘုရင်ခံရုံးက ပေးထားသော အဖိုးတန်ဆေးဝါးများကို ယူကာ စတင်လေ့ကျင့်တော့သည်။
ဒါကတော့ တပည့်ရင်း ဖြစ်ရခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးပင်။ အဆင့်တိုင်းမှာ လုံလောက်တဲ့ ဆေးဝါးတွေ ရရှိထားသဖြင့် အရင်းအမြစ် မလုံလောက်မှာကို စိုးရိမ်စရာ မလိုပေ။ ဝိညာဉ်စပါးရဲ့ အစွမ်းကလည်း အံ့မခန်းလှသဖြင့် သူ၏ ကျင့်စဉ်တိုးတက်မှုနှုန်းမှာ အလွန် မြန်ဆန်လှသည်။
သူသည် နေ့တိုင်း မနက် ၅ နာရီမှာ တပ်စခန်းကို သတင်းပို့ပြီး၊ ကင်းလှည့်တာကလွဲရင် ကျန်တဲ့အချိန်တွေကို ကျင့်စဉ်အတွက်ပဲ အသုံးချသည်။
ချန်ဆန်းရှီသည် တိုင်းပြည်စောင့်နဂါးလှံသိုင်း ၏ အကွက်များကို ပိုမို ကျွမ်းကျင်လာပြီး တဖြည်းဖြည်းနှင့် ထိပ်တန်းအဆင့်သို့ ရောက်ရှိလာသည်။
သွေးပေါက်ကွဲမှုအခြေအနေ ကို ထိန်းသိမ်းထားရင်း သူသည် ရူးသွပ်မတတ် ဖြစ်နေသည်။ ကိုယ်တွင်းရှိ သွေးစွမ်းအင်များ၏ ပြင်းထန်သော လှုပ်ရှားမှုကြောင့် သူသည် တခြားအရာတွေကို မတွေးတောနိုင်တော့ပေ။ သူ၏ အာရုံထဲတွင် ထူးဆန်းသောအရှိန်အဝါများ ထွက်ပေါ်နေသည့် ဧရာမ မြွေကြီးတစ်ကောင်က နဂါးအဖြစ်သို့ အသွင်ပြောင်းလဲတော့မည့် ပုံရိပ်ကိုသာ မြင်ယောင်နေသည်။
အချီပေါင်း နှစ်ရာ..
သွေးပေါက်ကွဲမှုအခြေအနေကို အချီပေါင်း နှစ်ရာအထိ ထိန်းထားနိုင်ခဲ့သည်။
ချန်ဆန်းရှီ၏ နက်နဲသော ကိုယ်တွင်းအင်္ဂါငါးပါးမှာပင် စတင်အားနည်းလာသည်။ သွေးတွေ အကုန်ခန်းခြောက်သွားပြီးနောက် အရိုးထဲက ရင်တွင်းခြင်ဆီတွေကိုပါ ထုတ်သုံးပြီး ခန္ဓာကိုယ်ရဲ့ နောက်ဆုံးစွမ်းအားတွေကို ညှစ်ထုတ်နေရသလို ခံစားရသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် အတွင်းအားရဲ့ တည်ရှိမှုကို စတင်ခံစားမိလာသည်။
"နောက်ထပ် နည်းနည်းလေးပဲ"
"နည်းနည်းလေးပဲ လိုတော့တာ"
"ဟွာကျင်း"
ချန်ဆန်းရှီသည် ခန္ဓာကိုယ်ထဲမှာ သွေးစွမ်းအင် တစ်စက်မှ မကျန်တော့ဘဲ ခြောက်ကပ်သွားပြီဟု ခံစားရသည့် အချိန်မှာပင်၊ သူ၏ သွေးစွမ်းအင်များထဲမှ ထူးခြားသော အင်အားတစ်ရပ် ပေါ်ပေါက်လာသည်။ ထိုအင်အားသည် သူ၏ ကြွက်သားများနှင့် အကြောများထဲသို့ စီးဝင်သွားပြီးနောက် နောက်ဆုံးတွင် လှံရှည်ဆီသို့ စုစည်းသွားကာ၊ သူ လှံကို ရှေ့သို့ ထိုးလိုက်
သည့်အခါ နဂါးဟိန်းသံကဲ့သို့သော အသံကြီး ထွက်ပေါ်လာတော့သည်။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံသိုင်း (အခြေခံအဆင့်)]
[တိုးတက်မှု့ - ၀/၅၀၀]
[စွမ်းဆောင်ရည် - စွမ်းအားတည်တံ့ခြင်း၊ အရှိန်အဝါဖြင့် မြေကမ္ဘာနှင့် မြစ်ချောင်းများကို ဖိနှိပ်ခြင်း၊ အဆင့်မြင့်အောင်မြင်မှု ရရှိပါက စွမ်းအားသည် နဂါးအစစ်အဖြစ် အသွင်ပြောင်းလဲမည်]
ဟွာကျင်း အခြေခံအဆင့်..
ဟွာကျင်းအဆင့်သည် သွေးသန့်စင်မှုအဆင့်နှင့် အတော်လေး ဆင်တူသည်။ ပထမဆုံး အတွင်းအားတစ်မျှင်ကို ကျင့်ကြံရပြီးနောက်၊ ထိုအတွင်းအားကို တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေကာ အပြင်ဘက်အားအဖြစ် ပြောင်းလဲရသည်။ အပြင်ဘက်စွမ်းအား ရရှိပြီးနောက်တွင်မူ လက်နက်ပေါ်သို့ စွမ်းအားကို တင်နိုင်ပြီ ဖြစ်သည်။ ထိုအချိန်မှာ အံ့ဖွယ်လက်နက်တွေရဲ့ အစွမ်းက စတင်ပေါ်ထွက်လာတော့သည်။
ဟွာကျင်းအဆင့်ကို အဆင့်မြင့်အောင်မြင်ပြီးနောက်တွင်မူ စွမ်းအားကို ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်လွှတ်နိုင်ပြီး လက်နက်ကို ဝန်းရံထားသော မမြင်ရသည့် အင်အားစုတစ်ခုအဖြစ် ပုံဖော်နိုင်မည်ဖြစ်သည်။
[စွမ်းအားတည်တံ့ခြင်း၊ အရှိန်အဝါဖြင့် မြေကမ္ဘာနှင့် မြစ်ချောင်းများကို ဖိနှိပ်ခြင်း]
ချန်ဆန်းရှီသည် လှံရှည်ကို ချကာ ခြံထဲရှိ သိုင်းလေ့ကျင့်ရန် ထားရှိသော ကျောက်တုံးကြီးပေါ်တွင် လက်သီးသိုင်းကို စမ်းသပ်လေ့ကျင့်ကြည့်သည်။ သူ၏ ကိုယ်တွင်းရှိ စွမ်းအားများသည် တိုက်ခိုက်မှုအပြီးတွင် ချက်ချင်းပျောက်ကွယ်မသွားဘဲ အချိန်အတော်ကြာ တည်ရှိနေသည်ကို တွေ့ရသည်။ ဒါဟာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမှာ အလွန် ထိရောက်လှသည်။
အရှိန်အဝါဖြင့် ဖိနှိပ်ခြင်း။
ဒါကတော့ တိုင်းပြည်စောင့်နဂါးလှံသိုင်းရဲ့ ထူးခြားချက်ဖြစ်ပြီး၊ မူလကရှိတဲ့ "ရူးသွပ်ခြင်း" ကို "ဖိနှိပ်ခြင်း" အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်သည်။ ပြိုင်ဘက်ကို ခြောက်လှန့်ရုံတင် မဟုတ်ဘဲ တကယ့်အရှိန်အဝါဖြင့် ဖိနှိပ်ချုပ်ကိုင်နိုင်သည့် လှံသိုင်းဖြစ်လာသည်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ [နဂါးအစစ်အင်အား] ရဲ့ အစွမ်းကိုတော့ အဆင့်မြင့်အောင်မြင်မှု ရမှသာ ကိုယ်တိုင်ခံစားနိုင်မည်ဖြစ်သည်။
"နောက်ဆုံးတော့ ဟွာကျင်းအဆင့်ကို ရောက်ပြီ"
သူ့ရဲ့ ရည်မှန်းချက်တစ်ခု အောင်မြင်သွားသဖြင့် ချန်ဆန်းရှီသည် သက်ပြင်းတစ်ချက်ကို လွှတ်ထုတ်လိုက်သည်။
သူ စီစဉ်ထားတာက နှစ်လဖြစ်သော်လည်း အခုတော့ တစ်လစောပြီး အောင်မြင်ခဲ့သည်။ အခုဆိုရင် နွေဦးရာသီသို့ ရောက်ရှိလာပြီဖြစ်သည်။ တစ်လအတွင်းမှာတင် သွေးသန့်စင်မှုအဆင့်ကနေ ဟွာကျင်းအဆင့်ကို တက်လှမ်းနိုင်တာဟာ ပါရမီရှင် လုရှူဟွာတို့တောင် မလုပ်နိုင်တဲ့အရာ ဖြစ်သည်။ ဒါဟာ ဝိညာဉ်စပါးရဲ့ အစွမ်းကြောင့်သာ ဖြစ်သည်။
ဒါပေမဲ့ ဒီဆေးယိုက သိပ်မခံပေ။ အကုန်သုံးပြီးရင် ထပ်ဖော်ရဦးမည်။ နောက်ကျရင် တောင်ထဲကိုသွားပြီး ဆေးဖော်ဖို့ အချိန်ရှာရဦးမည်။ မူလကရှိတဲ့ အံ့ဖွယ်သံမဏိဆေးအိုး ကလည်း လုံးဝ ပျက်စီးသွားပြီဖြစ်လို့ အသစ်လဲရဦးမည်။ ဒီလိုကြည့်မယ်ဆိုရင် ဝိညာဉ်စပါးက အလကားရသလို ဖြစ်နေပေမယ့်၊ ဆေးဖော်ဖို့ တစ်ခါသုံးတိုင်း ငွေစင်ထောင်ချီ ကုန်ကျနေခြင်း ဖြစ်သည်။
သူ့မှာ မူလက ဆုငွေ ငါးသောင်းရှိသော်လည်း အခုတော့ တစ်ဝက်လောက်ပဲ ကျန်တော့သည်။ ထို့ပြင် ရှောင်ရှင်းကလည်း နေ့တိုင်း အစာစားဖို့ တောင်းဆိုနေသေးသည်။
"သိုလှောင်တဲ့ အရာတစ်ခုရှိရင် ပိုကောင်းမှာပဲ"
"ငါ့ရဲ့ သိုင်းအဆင့်ကတော့ ခဏအတွင်းမှာ ထပ်တက်ဖို့ မလွယ်သေးဘူး။ အဲဒီတော့ နောက်ရက်တွေမှာ မန္တန်ကျင့်ဖို့ပဲ အာရုံစိုက်တော့မယ်"
ချန်ဆန်းရှီသည် ခြံတံခါးကို သော့ခတ်ကာ အခန်းလွတ်တစ်ခုထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ မသေမျိုးရှာဖွေရေးမျှော်စင် က ပေးလိုက်တဲ့ အိတ်ကို ထုတ်ကာ ဝိညာဉ်သဲများကို လက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် စာလိပ်ဟောင်းမှာ ရေးထားတဲ့ နည်းလမ်းအတိုင်း သူ၏ စွမ်းအင်လမ်းကြောင်းများကို လှုံ့ဆော်ကာ မန္တန်ကို စတင်ကျင့်ကြံတော့သည်။