အခန်း (၁၂၁)
Vol. 13 Ch. 121
ထျန်းကျုံးမြို့တော်အတွင်းရှိ လူအပေါင်းတို့မှာ တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲနေကြပြီ ဖြစ်သည်။ ထိပ်တန်း သူတော်စင်အဆင့် ပညာရှင်များ၏ တိုက်ပွဲရှေ့မှောက်တွင် မြင့်မြတ်သော နယ်မြေမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ လှိုင်းထန်နေသော သမုဒ္ဒရာပြင်ထက်ရှိ လှေငယ်တစ်စင်းပမာ ဖြစ်နေကြ၏။ ယင်းတို့သည် အခြေအနေကို ထိန်းချုပ်နိုင်စွမ်း လုံးဝ မရှိကြပေ။ အခြေအနေကို ထိန်းချုပ်ရန် မဆိုထားနှင့် မိမိတို့၏ အသက်ရှင်သန်ခွင့်ကပင် တစ်ပါးသူ၏ လက်ထဲတွင် ရောက်ရှိနေ၏။
“ဟူး... ကြောက်... ကြောက်စရာကောင်းလိုက်တာ...”
"ဟွမ်ရှားမျိုးနွယ်စုရဲ့ နတ်ဘုရားကိုယ်ပွား ဖိနှိပ်ခံလိုက်ရပြီ..."
“ဒီမိစ္ဆာသူတော်စင်တွေက ငါတို့ရဲ့ တည်ထောင်သူ ဘိုးဘေးက လွှတ်လိုက်တဲ့ အကူအညီတွေလား”
“ဘိုးဘေး စောင်မလို့သာပဲ... ဘိုးဘေးစောင်မလို့သာပဲ...”
ထျန်းကျုံးမြို့အတွင်းရှိ လူအပေါင်းမှာ ရင်တမမဖြင့် ရှိနေကြသော်လည်း ယခုအခါတွင်မူ တင်းမာနေသော အာရုံကြောများမှာ အနည်းငယ် ပြေလျော့သွားကြသည်။
မြို့ပြင်ရှိ လေးတိုင်စင် နတ်ဘုရားတံဆိပ်ကြီးမှာ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ မြေပြင်ပေါ်သို့ ပေတစ်ထောင်ခန့် နစ်ဝင်သွားသည့်တိုင် အရပ်လေးမျက်နှာကို ခိုင်မြဲစွာ ပိတ်ဆို့ထားဆဲ ဖြစ်ကာ ကျူးကျီနှင့် အမည်းကြီးတို့မှာ မျက်လုံးများကို တင်းတင်းမှိတ်ထားကြပြီး မျက်နှာထားများမှာ လေးနက်တည်ကြည်နေဆဲ ဖြစ်၏။
ရုတ်တရက် တည်ငြိမ်နေသော တံဆိပ်တုံးကြီးမှာ တုန်ခါလာသည်။
“ဂျိ... ဂျိ...”
တံဆိပ်တုံးကြီးမှာ တဖြည်းဖြည်းပြန်လည် မြင့်တက်လာကာ တစ်လက်မချင်းစီမှသည် တစ်တောင်ချင်းစီအထိ အရှိန်ရလာကာ အထက်သို့ တိုးထွက်လာပြီ ဖြစ်သည်။ နှေးကွေးသော်လည်း မဆုတ်မနစ်ခိုင်မြဲသော အားတစ်ခုကအောက်မှ တွန်းတင်နေခြင်းပင် ဖြစ်သည်။
“တောက်... ဒီမိန်းမက တကယ့်ကို လက်ပေါက်ကပ်တာပဲ”
“လေးတိုင်စင် နတ်ဘုရားတံဆိပ်ကိုတောင် သူက ပြန်မတင်နိုင်နေတာလား”
“ဒါက နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ စစ်မှန်တဲ့ စွမ်းအားပေါ့”
ကျူးကျီသည် ခက်ခဲစွာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် လေးတိုင်စင်တံဆိပ်ကြီးကို ရှုက အပြည့်အဝ မတင်ထားပြီး သူမ၏ ဒူးသည် အနည်းငယ် ကွေးထားကာအစွမ်းကုန် အားစိုက်နေပုံရသည်။
ထိုအခိုက် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီးအဝေးတစ်နေရာမှ ဆူနာမီလှိုင်းလုံးကြီးများအလားကျယ်လောင်သော မြင်းခွာသံများ ထွက်ပေါ်လာ၏။ ရွှေရောင်သံချပ်ကာများကို ဝတ်ဆင်ထားပြီး အနီရောင်ကျားများကို စီးနင်းထားသော သန်းနှင့်ချီသည့် ရွှေရောင်သံချပ်ကာ ကျားစီးတပ်ဖွဲ့တစ်ဖွဲ့ အရှိန်အဟုန်ဖြင့် ရောက်လာလေသည်။ သူတို့၏ရှေ့ဆုံးတွင် နန်တျန်အင်မော်တယ်မင်းဆက်ကို ကိုယ်စားပြုသည့် နန် ဟူသောစာလုံးပါ နဂါးအလံတော်မှာ လေထဲတွင် တလွင့်လွင့် လှုပ်ရှားနေ၏။
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက မိတ်ဆွေများ... မပူပန်ကြနဲ့"
“တောင်ဘက်ကောင်းကင် အင်ပါယာရဲ့ ၉၇ ဆက်မြောက် ဧကရာဇ် နန်မင်... ကူညီဖို့ ရောက်လာပါပြီ”
ကျားစီးတပ်ဖွဲ့မှ အလွန်ဩဇာပြည့်ဝသော အသံတစ်သံ ထွက်ပေါ်လာရာ ကျူးကျီနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။
ထိုအသံကြောင့် ဂိုဏ်းချုပ် ချီထျန်းနှင့် အဖွဲ့သားများ ဝမ်းသာအားရ ဖြစ်သွားကြ၏။
“ဒါက တောင်ဘက်ကောင်းကင် အင်ပါယာရဲ့ အနားယူသွားတဲ့ ဧကရာဇ်ပဲ... သူ တံခါးပိတ်ကျင့်ကြံနေတာ နှစ်ပေါင်း ၇ သောင်းတောင် ရှိပြီ...... အနားမယူခင်ကတည်းက သူတော်စင်အဆင့် ၃ ရှိခဲ့တာဆိုတော့...အခုဆို သူ့စွမ်းအားက ခန့်မှန်းလို့တောင် မရနိုင်တော့ဘူးပဲ"
“အဲ့ဒီ ရွှေချပ်ဝတ် ကျားနီတပ်ဖွဲ့တွေကလည်း အင်ပါယာရဲ့ အထူးစစ်သည်တော်တွေပဲ... သူတို့စီးထားတဲ့ ကျားတွေကလည်း မိစ္ဆာမျိုးစိတ်တွေ... စစ်သည်တစ်ယောက်ချင်းစီရဲ့ စွမ်းအားကလည်း နိယာမနယ်ပယ်အောက် မနိမ့်ကျကြဘူး”
"သူတို့က ရွှေရောင်ကျား ကမ္ဘာမြေဝါးမြိုခြင်း အစီအရင်ကိုပါ ခင်းကျင်းနိုင်တယ်... အဲ့ဒါက လူအများကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ပေးနိုင်တဲ့ အစွမ်းထက် စစ်ဗျူဟာပဲ"
ဂိုဏ်းချုပ် ချီထျန်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ အရေးကြီးသည့်အချိန်တွင် စွမ်းအားကြီးသော စစ်ကူများ ရောက်ရှိလာခြင်းထက် ပို၍ ဝမ်းသာစရာ မရှိတော့ပေ။
ရွှေရောင်နဂါးကွန့်မြူးနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခံ့ညားသော ပုံရိပ်တစ်ခုသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားသည်။ ထို့နောက် လေးတိုင်စင် နတ်ဘုရားတံဆိပ်ကြီးပေါ်သို့ရောက်သွားကာ အပေါ်မှ နင်းချလိုက်လျှင် သူ၏ ခန္ဓာကိုယ်ထဲမှ နဂါးဝိညာဉ် လေးကောင် ဟိန်းဟောက်ထွက်ပေါ်လာပြီး သံကြိုးများအသွင်ပြောင်းကာ လေးတိုင်စင် တံဆိပ်ကြီးကို ရစ်ပတ်နှောင်ဖွဲ့လိုက်လေသည်။ အင်မော်တယ်မင်းဆက်၏ ဧကရာဇ်များသည် အများအားဖြင့် ကောင်းကင်သားတော် နဂါးဝိညာဉ်နည်းစနစ်များကို ကျင့်ကြံလေ့ရှိကြသည်။ နဂါးဝိညာဉ်သည် စစ်မှန်သောဝိညာဉ်ဖြစ်ပြီး ဧကရာဇ်တစ်ပါး၏ ဝိညာဉ်လည်း ဖြစ်သည်။
နဂါးဝိညာဉ်သံကြိုးများ၏ အားဖြည့်ပေးမှုကြောင့် တံဆိပ်တုံးကြီးပေါ်ရှိ အရပ်လေးမျက်နှာ နတ်ဘုရားပုံရိပ်များ၏ မျက်လုံးများ ပွင့်လာကြသည်။ ခမ်းနားထည်ဝါသော အကြည့်များမှာ ရှုဆီသို့ ကျရောက်သွားပြီး ပြင်းထန်သောနတ်ဘုရားအလိုဆန္ဒများဖြင့် သူမကို အပြီးတိုင် ဖိနှိပ်ရန် ပြင်လိုက်သည်။ တံဆိပ်တုံးကြီးတစ်ခုလုံးမှာ ရွှေရောင်အလင်းများ တောက်ပလာပြီး ပိုမိုလေးလံသွားကာ ရှုကို မြေပြင်ထဲသို့ ဖိချလိုက်ပြန်၏။ ဤသို့ဖြင့် နှစ်ဖက်စလုံးမှာ အပြန်အလှန် အင်အားပြိုင်ဆိုင်လျက် ရှိနေရာ အခြေအနေက မလှုပ်မယှက် တင်းမာသွားလေသည်။
....
ရှီးရွှယ် ငရဲဘုံ။
ကမ္ဘာ့မူလဇစ်မြစ်၏ ကမ္ဘာဦးအမြုတေရှိရာနယ်မြေ။
ကျုံးရှန်သည် ဟင်းလင်းပြင်အတွင်း တရားထိုင်နေသည်။ နတ်ဘုရားသန္ဓေသားမျိုးစေ့ကိန်းဝပ်နေသော ရှီးရွှယ်ငရဲကမ္ဘာပုံစံငယ်မှာ ကမ္ဘာဦးအမြုတေ၏ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ မရေမတွက်နိုင်သော အမြစ်တွယ်မှုများသည် ထိုနေရာမှတစ်ဆင့် ပျံ့နှံ့သွားပြီး တစ်ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးကို သိမ်းပိုက်လိုက်လေသည်။ ထိုအခါ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ လင်းလက်နေသော ဒုတိယမြောက် စစ်မှန်သောအတ္တအမှုန်အမွှား နှင့် ငရဲဘုံအူတိုင်တို့အကြား ဆန်းကြယ်သော ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ အသက်ရှူသွင်းလိုက်တိုင်း ရှီးရွှယ်ငရဲ၏ မူလစွမ်းအားများသည် မြူမှုန်လေးအတွင်းမှတစ်ဆင့် စီးဆင်းလာပြီး သန့်စင်သော စွမ်းအင်များအဖြစ် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးနေသည်။
“ဝုန်း...”
ကျုံးရှန်၏ မျက်လုံးများ ပွင့်လာပြီး မတ်တပ်ထရပ်လိုက်သည်။ သူ၏ နောက်ကျောဘက်တွင် ရှီးရွှယ်ငရဲဘုံ၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာ၏။ ထိုသည်မှာ သူတော်စင်အဆင့် ၉ ရောက်ရှိပြီးမှ ရရှိနိုင်သည့် သူတော်စင်ဘုံ သို့ မြင့်မြတ်သော တိုင်းပြည် ၏ အစွမ်းထက်မှုမျိုးပင် ဖြစ်သည်။
"ပထမဆုံး မူလနတ်ဘုရားသန္ဓေသားကို... အောင်မြင်စွာ ကိန်းဝပ်အမြစ်တွယ်စေနိုင်ခဲ့ပြီ”
"ဒီနတ်ဘုရားသန္ဓေသားကို အမှီပြုပြီး ငါ့ရဲ့ စွမ်းအားတွေက ကြောက်ခမန်းလိလိ တိုးတက်လာတော့မယ်"
“အခုဆိုရင် နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် ရှိတဲ့သူတွေတောင် ငါ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ဘူးပဲ”
“တစ်နေ့မှာ ငါဟာ မရေမတွက်နိုင်တဲ့ မူလနတ်ဘုရားသန္ဓေတွေကို ကိန်းဝပ်အမြစ်တွယ်စေပြီးရင်... ကောင်းကင်တာအိုကို ကျော်လွန်တဲ့ အမြင့်ဆုံး နတ်ဘုရားတွေကိုတောင် ငါ့ခြေဖဝါးအောက်မှာ နင်းခြေပစ်မယ်”
ကျုံးရှန်သည် သူ၏ လက်ရှိ စွမ်းအားကို ဆန်းစစ်ကြည့်လိုက်သည်။
ယခုအခါ ငရဲကမ္ဘာတစ်ခု၏ထောက်ပံ့မှုအောက်တွင် သူ၏ စွမ်းအားဖြင့် တတိယအဆင့်အောက် နတ်ဘုရားများကို အလွယ်တကူ အနိုင်ယူနိုင်ပြီး ယုံကြည်ခြင်းစွမ်းအား မသန့်စင်သော နတ်ဘုရားငယ်လေးများကိုလည်း ခြေမှုန်းနိုင်ပြီ ဖြစ်သည်။တတိယအဆင့် စစ်မှန်သော နတ်ဘုရားနှင့် ရင်ဆိုင်ရလျှင်ပင် တည်ငြိမ်စွာ တိုက်ခိုက်နိုင်ပြီး တည်ငြိမ်စွာ ဆုတ်ခွာနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သာမန် သူတော်စင်အဆင့် ကျင့်ကြံခြင်းဖြင့် ဤမျှ စွမ်းအားမျိုး ရရှိနိုင်ခြင်းသည် ရှေးယခင်ကတည်းက ယနေ့ ခေတ်တိုင်အောင်မရေမတွက်နိုင်သော ကမ္ဘာများနှင့် မရေမတွက်နိုင်သော အချိန်ကာလများ၌ သူတစ်ယောက်တည်းသာ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"အကယ်၍ နေ့စဥ်မှတ်တမ်းတင်တဲ့စနစ်ကနေ... မဟာတာအိုအဆင့် ခန္ဓာကိုယ်မျိုးသာ ရခဲ့မယ်ဆိုရင်..."
"အဲ့ဒီအချိန်ကျရင် တတိယအဆင့် စစ်မှန်သော နတ်ဘုရားတွေတောင် ငါ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး"
"ဒီ ကောင်းကင်တာအိုကျိန်စာ ဆိုတာကိုလည်း လက်တစ်ဖက်လှန်ရုံနဲ့တင် ဖြေရှင်းပစ်နိုင်လိမ့်မယ်"
အဝေးမှ ရှီးရွှယ်ငရဲအရှင်သခင် ရှီမင် သည် မျက်လုံးများ တောက်ပသွားကာ ပျံသန်းလာလေသည်။
“သခင်ရဲ့ နတ်ဘုရားကျင့်စဉ်က အနှိုင်းမဲ့ပါပဲ... ဂုဏ်ယူပါတယ်ခင်ဗျာ”
"မူလဇစ်မြစ် အမြုတေကတောင် သခင့်ကို ဘာမှမလုပ်နိုင်ဘူး"
“ဒါပေမဲ့ ဒီအစေခံမှာ နားမလည်တာ တစ်ခုရှိပါတယ်... သခင်ရဲ့ စွမ်းအားနဲ့ဆိုရင် ဒီပင်မအမြုတေ တစ်ခုလုံးကို တိုက်ရိုက် စုပ်ယူသန့်စင်ပစ်တာက ပိုအဆင်မပြေဘူးလား”
ကျုံးရှန်က ငရဲသခင်ကို လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ချောင်းငယ်လေးတစ်ခုကို မြစ်တွေ ပင်လယ်တွေထဲ စီးဝင်ခွင့်ပေးလိုက်ရင် တဖြည်းဖြည်းနဲ့ ကြီးထွားလာနိုင်တယ်”
“ဒါပေမဲ့ ပင်လယ်ပြင်ကြီး တစ်ခုလုံးကို အဲ့ဒီ ချောင်းငယ်လေးထဲ တိုက်ရိုက် သွန်ချလိုက်ရင် ဘာဖြစ်သွားမလဲ..."
" အဲ့ဒါကြောင့်လည်း မင်းဟာ နှစ်ပေါင်း သန်းချီ အသက်ရှင်ခဲ့ပေမဲ့ နတ်ဘုရားနယ်ပယ် ပထမအဆင့်မှာပဲ တန့်နေတာပေါ့”
ကျုံးရှန်က ခပ်ပေါ့ပေါ့ပင် ဆူပူလိုက်ပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။
“ကဲ... ရှီးရွှယ်ငရဲရဲ့ အလုပ်တွေ ပြီးပြီဆိုတော့... ဒီငရဲနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တခြားငရဲတွေရဲ့ တည်နေရာကို ငါ့ကို ပြောပြဦး”
ကျုံးရှန်သည် သူ၏ နတ်ဘုရားသန္ဓေကို အမြုတေအတွင်း ကိန်းဝပ်အမြစ်တွယ်စေပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အခြားကမ္ဘာ၏ အငွေ့အသက်များမှာ လုံးဝ ပျောက်ကွယ်သွားလေသည်။ သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ငရဲအရှိန်အဝါမှာ ရှီမင်ထက်ပင် ပိုမို သန့်စင်နေပြီဖြစ်၏။
“သခင်... ဒီနေရာနဲ့ ထိစပ်နေတဲ့ ငရဲသုံးခု ရှိတယ်... ပျက်သုဉ်းခြင်းငရဲ၊ ကပ်ဘေးငရဲ နဲ့ အပြစ်ငရဲ တို့ပါ”
“အဲ့ဒီထဲမှာ အပြစ်ငရဲက အကျယ်ဆုံးဖြစ်ပြီး အလယ်အလတ်အရွယ်အစားရှိတဲ့ ကမ္ဘာတစ်ခုနီးပါး ရှိပါတယ်”
“ငရဲအရှင်သခင်ဖြစ်တဲ့ ပြစ်မှုမိစ္ဆာဘုရင် ရဲ့ စွမ်းအားက ကျွန်တော့်ထက် အနည်းငယ် သာပေမဲ့... သခင်ရဲ့ ရှေ့မှာတော့ ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပါဘူး”
ပြောပြောဆိုဆိုဖြင့် ရှီမင်သည် တည်နေရာ အချက်အလက်များကို ကျုံးရှန်ထံသို့ ရိုသေစွာ ဆက်သလိုက်သည်။ ကျုံးရှန်သည် ထိုအချက်အလက်များကို သိမ်းဆည်းလိုက်ပြီးနောက် ရှီမင်ကိုခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွာခဲ့လေတော့သည်။